Sunday, August 10, 2014

ဖူးရာမှ ငုံ...

သားလေးက ဒီနေ့ မနက်စောစော ခါတိုင်းလိုနှိုးမနေရပဲ သူ့ဟာသူ အိပ်ယာ ထလာတယ်။ ပြီးတော့ သား ဆံပင်သွားညှပ်မလို့ မေမေ တဲ့။ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲ နို့တစ်ခွက်သောက်ပြီး ဆံပင်ညှပ်ဆိုင် သွားတော့မဲ့ သားလေးကို မသိမသာ လိုက်ကြည့်နေမိတယ်။ သား သွားတော့ အိမ်တံခါး လိုက်ပိတ်ပေးရင်း သားလေးက လူကြီးဖြစ်လာပြီဆိုတော့ ပါပါတို့ မေမေတို့က ဆံပင်ညှပ်ဆိုင် လိုက်ပို့စရာ မလိုတော့ဘူးပေါ့နော်လို့ ပြောလိုက်တော့ သားက ဖိနပ်စီးရင်း ခေါင်းညိတ်ပြရင်း ရယ်နေတယ်။ အိမ်တံခါး ပိတ်ပြီးတော့ကိုယ် တစ်ယောက်တည်း အတွေးတစ်ချို့နဲ့ ကျန်ခဲ့တယ်။


ငယ်ငယ်လေးတုန်းက ခေါင်းလျှော်တိုင်း ဆံပင်ညှပ်တိုင်း အသံကုန် အော်ငိုတတ်တဲ့ သား၊ သူ့ခေါင်းကို သူများကိုင်ရင် နည်းနည်းမှ မကြိုက်တတ်တဲ့ သား၊ သားကို  ကိုယ့်အပေါ်မှာ ပေးထိုင်ထားပြီး သားလည်း အဝတ်ဖြူစခြုံ၊ ကိုယ်လည်း ခြုံ၊ ပြီးမှ ဆံပင်ညှပ်တဲ့ ဘဘက သားလေး ဆံပင်ကိုလည်း ညှပ်တယ် မေမေ့ဆံပင်ကိုလည်း ညှပ်တယ်လို့ ပြောပြီး အယောင်ဆောင်ပြရတဲ့ သား၊ ကြမ်းပေါ်ကျလာတဲ့ ဆံပင်ညှပ်စလေးတွေဆီ အာရုံလွှဲ၊ ဒါက သားလေးဆံပင် ဒါက မေမေ့ဆံပင်နဲ့ အတိုအရှည်ပြိုင်ကြရင်း စကားအပိုတွေ အများကြီးပြောပြီးမှ ဆံပင်ညှပ်ရတဲ့ သား၊ နည်းနည်းသိတတ်လာတဲ့ အရွယ်မှာတောင် ဆံပင်ညှပ်ဆိုင်က ခုံမှာ တစ်ယောက်တည်း ထိုင်ပြီး ဆံပင်ညှပ်ပါမဲ့အရေး ပြောရဆိုရတာ ချော့ရ ခြောက်ရတာ အာပေါက်မတတ်၊ နောက်တော့ သူ့ပါပါကပါ ဆံပင် ရှည်ရှည် မရှည်ရှည် ဘေးက တစ်ခုံမှာ ထိုင်ညှပ်ပဲ။ ဒါမှ နည်းနည်း အဆင်ပြေတယ်။

တစ်ခါကတော့ သားလေး ခြောက်နှစ်သားလောက်မှာ ရန်ကုန်ကို အလည်ပြန်တုန်း ကိုယ့်ဆံပင်ညှပ်ဖို့ ဖူဂျီကို (လို့ ထင်တာပဲ၊ မေ့ချင်ချင်…) ဆိုင်ကို ရောက်သွားတယ်။ အမှန်ကတော့ သားကိုလည်း ဆံပင်ညှပ်စေချင်တာ။ သူနဲ့ ညှိလို့မရတာနဲ့ ကိုယ် အရင် ညှပ်နေတုန်း ဒင်းကလေးက ဆိုင်က ကလေးမလေးတွေနဲ့ အဖွဲ့ကျ ဟိုကမြန်မာလိုပြော၊ သူက အင်္ဂလိပ်လိုတွေ ပြန်ပြောနဲ့ ဟေးလား ဝါးလားတွေ ဖြစ်နေတာ မျက်လုံးထောင့်ကနေ တွေ့နေ ကြားနေရတယ်။ နောက်တော့ ကလေးမလေးတွေ ဘယ်လို စည်းရုံးရေး ဆင်းလိုက်တယ် မသိ၊ သားက သူ့ဟာသူခုံမှာ တစ်ယောက်တည်း ထိုင်ပြီး ဆံပင်ညှပ်ဖို့ သဘောတူလိုက်တယ်။ သားက ဆံပင်ညှပ်စတွေ သူ့အသားပေါ်ကို ကျလာ ထိလာတာကို မကြိုက်တာမှန်း သတိထားမိတဲ့ ကိုယ်က ကလေးမလေးတွေကို သူ့လက်တွေကို အဝတ်နဲ့ လုံအောင် အုပ်ပေးဖို့ တိုးတိုးပြောရတယ်။ အဲဒီနောက်တော့ ကလေးမလေး လေးယောက်လောက် သားအနားမှာ ဝိုင်းလို့ ပြောပြောဆိုဆိုနဲ့ ဆံပင်ညှပ်လို့ ပြီးသွားတယ်။ ကိုယ့်မှာဖြင့် အံ့တွေ သြလို့။

အဲဒီ့ဆိုင်က ကလေးမတွေ ကျေးဇူးနဲ့ ဒီကိုပြန်ရောက်တော့လည်း ဆံပင်ညှပ်ဆိုင်မှာ သားက တစ်ယောက်တည်း ထိုင်ညှပ်တတ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Terms & Conditions အရ ပါပါ ဒါမှမဟုတ် မေမေ တစ်ယောက်ယောက်တော့ သူ့အနားမှာ ဒါမှမဟုတ် ဆိုင်ထဲမှာ ရှိနေဖို့ တော့ လိုအပ်တာပေါ့။ တချို့ရက်တွေမှာ သူဆံပင်တစ်ခါ ညှပ်ဖို့ အချိန်တော်တော်ကုန်တယ်။ သူက သားဆံပင် မရှည်သေးပါဘူး ဘာညာပြောပြီး နေ့ရွှေ့ ညရွှေ့နဲ့ ဈေးဆစ်နေတာက တစ်မျိုး၊ ဆိုင်တွေက ရုံးပိတ်ရက်ဆို လူပြည့်နေလို့ အကြာကြီးစောင့်ရတာက တစ်မျိုးနဲ့ဆိုတော့။

နောက်တော့ တစ်ခါညှပ် တစ်ဆယ်၊ ဆယ်မိနစ်နဲ့ အပြီးညှပ်တဲ့ EC တို့ QB တို့လို အမြန် ဆိုင်လေးတွေ ပေါ်လာတယ်။ ပုံ အကောင်းကြီး ဟုတ်ချင်မှ ဟုတ်မယ် ဒါပေမဲ့ သားတို့လို Student K လေးတွေအတွက်တော့ တိုသွားဖို့ လိုရင်းမို့ အဆင်ပြေလောက်တယ်လို့ ယူဆပြီး အချိန်ကုန်သက်သာဖို့ အဲဒီဆိုင်ကို ချီတက်ကြတယ်။

ဆိုင်လေးက ကိုယ်ထင်ထားတာထက် ပိုပြီး သပ်သပ်ရပ်ရပ် ညှပ်တတ်ပါတယ်။ ညှပ်တဲ့လူ လိုက်လို့ပေါ့။ တစ်ခေါင်း ဆယ်မိနစ်ဆိုတော့ လူများလည်း အချိန်သိပ်မကုန်ပဲ  မြန်မြန်ပြီးတယ်။ ဒါပေမဲ့ အဲဒီဆိုင်မှာ ညှပ်တဲ့အခါ ပြဿနာတစ်ခုတော့ ရှိနေပြန်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဆိုင်ထဲကို လူကြီးလိုက်ဝင်လို့ မရတာပါ။ ဆံပင်ညှပ်မဲ့သူဟာ ပိုက်ဆံတစ်ဆယ်ကို စက်ကလေးထဲ ထည့်ပြီး ထွက်လာတဲ့ တိုကင်ပြားလေးကို ယူ၊ ကိုယ့်အလှည့်ရောက်ဖို့ ခုံတန်းရှည်လေးမှာ အစဉ်လိုက် တန်းစီ ထိုင်စောင့်ရတာဆိုတော့ နောက်ထပ် လူပိုတစ်ယောက် ထိုင်စောင့်စရာ နေရာ မရှိပါဘူး။ ထိုင်စောင့်ခွင့်လည်း မရှိပါဘူး။ ဆိုင်လေးက အီကော်နော်မီဖြစ်အောင် လုပ်ထားတဲ့ သက်သာဆိုင် ဆိုတော့ ဆိုင်ခန်းကလည်း ကျဉ်းပါတယ်။ အဲဒီမှာ ပြဿနာက ပေါ်ပြန်ပါတယ်။ သားက ဆိုင်ထဲမှာ တစ်ယောက်တည်း မနေလိုတဲ့ ပြဿနာပါ။ ကိုယ်တို့က ဆိုင်ထဲလိုက်ဝင်၊ ပိုက်ဆံပေး၊ တိုကင်ယူပြီး သားကိုပေး၊ပြီးတာနဲ့ ပြန်ထွက်ရတာလေ။ သားက ငိုမဲ့မဲ့နဲ့ အထဲမှာ ထိုင်၊ ကိုယ်တွေက မှန်တံခါးအပြင်ကနေ ပြူးပြ ပြောင်ပြ၊ ပြုံးပြ ရယ်ပြနဲ့ပေါ့။ တကယ်မောရတာပါ။

သူ့အလှည့်ရောက်ရင် ကို်ယ်က လူကြီးမဝင်ရ ဆိုတဲ့ စည်းကမ်းကို အသာလေး မသိချင်ယောင်ဆောင်ပြီး ရှေ့မျက်နှာ နောက်ထားလို့ လှစ်ကနဲ ဝင်၊ သူ့ကို ညှပ်ပေးမဲ့သူကို မျက်နှာချိုသွေးပြီး Student K ပါ လို့ ပြောရင်း သားလေးကို စကားတစ်ခွန်းနှစ်ခွန်း (များသောအားဖြင့်တော့ သားလေး ဆံပင်ညှပ်ပြီးရင် ဘယ်သွားကြမယ်၊ ဘာစားကြမယ်၊ သားလေး လိုချင်တာ တစ်ခုခု ဝယ်ပေးမယ်… အဲဒါမျိုးတွေပေါ့) ပြောပြီး ပြန်ထွက်လာခဲ့ရပါတယ်။ ပြီးတော့ မှန်တံခါး အပြင်ဖက်ကနေ မျက်တောင်မခတ် ကြည့်၊ သူ့ဆံပင်ညှပ်ခုံ ကိုယ့်ဖက်ကိုလည်တဲ့အခါမှာ ပြုံးပြ ရယ်ပြရ၊ Bravo တို့ Good Boy တို့ ဆိုတဲ့ အဓိပ္ဗါယ်နဲ့ လက်မတွေကလည်း ဘယ်ရော ညာရော တစ်ချိန်လုံး အဆက်မပြတ် ထောင်ပြရ၊ အဲဒီလိုနည်းနဲ့ သားလေးရဲ့ ဆံပင်ညှပ်ချိန်တွေကို ကျော်ဖြတ်ခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ အဲဒီဆိုင်က သားကို သိနေတော့ သကြားလုံးလေးတွေ၊ ဂျယ်လီလေးတွေ၊ ဘီးကလေးတွေ လက်ဆောင်ပေးပါတယ်။ နည်းနည်းတော့ ပိုအဆင်ပြေလာပေမဲ့ သူ့ကို ဆိုင်ထဲမှာ ဒီတိုင်းထားခဲ့လို့ မရပဲ ကိုယ်တွေက အပြင်မှာ ကြောင်စီစီနဲ့ ရပ်စောင့်နေရတုန်းပါပဲ။ နောက်တော့ အဲဒီဆိုင်ကို သိပ်မသွားဖြစ်တော့ပဲ သူ့ ပါပါနဲ့ အတူတူ ညှပ်လို့ရတဲ့ အိမ်နားက ဆိုင်ကို သွားကြပါတော့တယ်။ အဲဒီတော့မှ ကိုယ်နည်းနည်း အသက်ရှူချောင်ရပါတယ်။ ဒါတောင် သားအဖနှစ်ယောက်က သူတို့ ဆံပင်ညှပ်နေတုန်း ကိုယ့်ကို လိုက်စောင့်စေချင်သေးတာမျိုး။ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေမှာပေါ့ လိုက်ခဲ့ပါ၊ အဲဒီဆံပင်ညှပ်ဆိုင်နားမှာ Dim Sum ကောင်းတယ်… ကော်ဖီကောင်းတယ်… မြန်မာဆိုင်ရှိတယ် မုန့်ဟင်းခါးလိုက်စားလေ…ဘာညာနဲ့ ဆွယ်ကြသေးတာ။ ဆိုင်ထဲမှာ အဲကွန်းရှိပါတယ် လိုက်ထိုင်နေပါ ဆိုတာမျိုးက ပါသေး။ တစ်ခါ တစ်ခါတော့လည်း ပျင်းရင် သို့မဟုတ် မပျင်းရင် လိုက်သွားပါတယ်။ သူတို့က ဆံပင်ညှပ် ကိုယ်က ဂိမ်း ဆော့ပေါ့။

အဲဒီလို အဲဒီလို အနေအထားတွေကနေ အခုတော့ ကိုယ့်သားကလေးက သူ့ဟာသူ ဆံပင်ညှပ်စရာ လိုအပ်တဲ့အချိန်ကို သတ်မှတ်ပြီး သူ့ဟာသူ သွားညှပ်တတ်တဲ့ အရွယ်ကို ရောက်လာပြီလေ။ အချိန်တွေ ကုန်တာ သိပ်မြန်ပါလားလို့ တွေးရင်း အမျိုးအမည် မဖေါ်ပြတတ်တဲ့ ခံစားမှုတစ်ချို့နဲ့…။ အဲဒီအတွေးတွေနောက်မှာ ကိုယ် ထပ်တွေးမိတာတွေ အများကြီး ရှိနေပါသေးတယ်။ စာ သိပ်ရှည်သွားမှာစိုးတာရယ်၊ နောက်ထပ် တစ်ပုဒ်မှာ ထည့်ရေးဖို့ လျာထားပြီးဖြစ်လို့ရယ် ဒီနေ့အတွေးကို ဒီမှာပဲ ဖြတ်လိုက်ပါတယ်။

ကိုယ် ဒီစာကို ရေးနေတုန်းမှာ သားလေး ဆံပင်ညှပ်ပြီးလို့ ပြန်လာပြီ။ ပြုံးစစနဲ့ ကိုယ့်ကို လာပြောတယ်။ သား ဆံပင်ညှပ်တာကို ပါပါနဲ့ မေမေ လိုက်မပို့ရတော့ပေမဲ့ ဒီတစ်ပတ် မုန့်ဖိုးပေးရင် သားကို တစ်ဆယ်တော့ ပိုပေးနော် တဲ့။ ရယ်လိုက်ရတာ… သိလား… တကယ်တော့ သားရဲ့ ဆံပင်ညှပ်ခက ရှစ်ကျပ်လေ။ ဒါကို သူက တစ်ဆယ်တောင်းတာ။ ဒီလိုဆိုပြန်တော့လည်း ကိုယ့်သားကလေးဟာ ကိုယ့်ဆီက မုန့်ဖိုး ပို/ ညာ တောင်းနေဆဲ ဘေဘီလေး ပြန်ဖြစ်သွားတာပါပဲ။

7 comments:

  1. အသက်ဘယ်လောက်ပဲကြီးသွားကြီးသွား ကိုယ့်သားသမီးတွေကို အမြဲတမ်းကလေးလို့ပဲမြင်တတ်ကြတယ်လေ မိဘတွေက..း)

    ReplyDelete
  2. မိ ဘ ေ မ တၱ ာ
    အ ထူ း သ ျဖ င့္ အ ေ မ့ ေ မ တၱ ာ ေ ပါ့
    ဖ တ် ရ တာ ကြ ည် နှုး စ ရာ ပါ
ေ ကျး ဇူး တ င် ပါ တ ယ်

    ReplyDelete
  3. Hi sis., very touched to read this. My boy is in now the stage of sitting on me and let the hairdresser cut for him. 😊 I will feel like you when he grows up. ☺️

    ReplyDelete
  4. Nice to read Ma Thet !
    Now, I noted that why you reached lever over 400 in Candy crush :P

    ReplyDelete
  5. သမီးလေးကို ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ဆံပင်သွားညှပ်ပေးတယ်.မိန်းကလေးဆိုတော့ လှချင်စိတ်ရှိတယ်ထင်တယ်..မှန်ကို မျက်တောင်မခတ် ကြည့်နေတာ...သူ့ဆံပင် တမွေးနှစ်မွေးလေး ညှပ်ပြီးတဲ့အထိ ငြိမ်နေတာပဲ....ဒီနေ့အစ်မပို့စ်လေး ဖတ်ရတယ်..တိုက်ဆိုင်လိုက်တာ..

    အမည် မဖော်လိုသူ စင်စင့် ခမည်းခမက်.....

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...