Monday, November 3, 2008

သတင်းစကား

စိတ်မအား လူမအားနဲ့ ဒီရက်တွေမှာ ကိုယ့် ဘလော့ဂ်လေးနဲ့  ဝေးနေခဲ့တာ ရက်တွေ တော်တော်တောင် ကြာလှပေါ့လို့  တွေးနေမိတုန်း ချစ်ရတဲ့ မမခင်ဦးမေက C Box လေးမှာ လာအော်သွားတယ်။ သက်ဝေ စာမရေးတာ ၁၆ ရက်ရှိပြီဆိုဘဲ…။ ချစ်သူငယ်ချင်း တန်ခူးကလဲ လွမ်းလို့  လာငေးသွားပါတယ်တဲ့…။ မြတ်နိုးလေးကတော့ Get Up လို့  အကျယ်ကြီး လာအော်သွားသေးတာ…။ မသီတာကတော့ လာချောင်းလိုက် ပြန်သွားလိုက် တဲ့…။ ချိုသင်းကတော့ သူ့ ဆီကို အလည်မရောက်တာ ကြာသွားလို့ ထင်ပါ့... သက်ဝေ သူ့ ကို မခင်တော့ဘူးလား ထင်ပြီး စိတ်မကောင်းဖြစ်နေတာတဲ့...။ တခြားသူငယ်ချင်းတွေကလဲ ကြိုကြား ကြိုကြား လာလာလည်ကြပါတယ်…။ ဒါပေမယ့် ဘာအသစ်မှ မရှိတော့လဲ… အင်း… အားနာစရာတော့ တော်တော်ကောင်းတာပါ။

တကယ်တော့ လူနဲ့  ဘလော့ဂ်နဲ့  ဝေးနေတယ်ဆိုတာထက် ဘလော့ဂ်မှာတင်စရာ စာအသစ် မရေးနိုင်တာက ပိုများနေတာပါ။ သူငယ်ချင်းတွေရဲ့  ဘလော့ဂ်တွေကိုတော့ အချိန်ရရင်ရသလို စာဝင်ဝင်ဖတ်ဖြစ်ပါတယ်။ စာဖတ်ရင်း အချိန်လေး နဲနဲပိုရရင် Comment လေးတွေရေး.. အချိန်မရရင်တော့ ဒီအတိုင်းလေး လှည့်ပြန်…။ ဒီလိုနဲ့ ဘဲ ရက်တွေ တော်တော်လေး ကြာသွားပါလား လို့  ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတော့… အဲ.. ဘာမှ အသစ် တင်စရာမရှိရင်တောင် အနဲဆုံးတော့ လာလည်ကြတဲ့ သူငယ်ချင်းတွေအတွက် နှုတ်ဆက် သတင်းစကားလေးဖြစ်ဖြစ် ရေးနိုင်ရင် မဆိုးဘူးလေ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ…။

ဒီရက်တွေမှာ ရုံးအလုပ် တစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့  တော်တော်ကို အလုပ်များနေတာ အမှန်ပါ။ နှစ်ဖက်မိသားစုရဲ့  မောင်နှမတွေထဲမှာ ကိုယ်တို့နှစ်ယောက်က အကြီးဆုံးတွေ ဖြစ်နေကြတာမို့  ကိုယ့်မိဘတွေရဲ့  ဝေယျာဝစ္စတွေ အပြင် ကိုယ့်ထက် အငယ် မောင်တွေ ညီမတွေရဲ ကိစ္စအဝဝကိုလဲ တတ်အားသ၍ ကူညီ လုပ်ကိုင်ကြရသေးတယ်လေ…။ ဒီ ၂၀၀၈ ထဲမှာ ဘယ်က ဘယ်လို ဓါတ်ကျတယ်မသိ… နှစ်ဖက်စလုံးက မောင်တွေ ညီမတွေက မိသားစုလိုက် တစ်ခေါက်ခြင်းစီ အလှည့်ကျ လာလည် နေကြတယ်လေ…။ ဒီတော့ ကိုယ်တွေက အကြီးတွေပီပီ သူတို့ လေးတွေရဲ့  နေရေးထိုင်ရေး၊ စားရေးသောက်ရေး တွေအပြင် စင်္ကာပူ ရွှေမြို့ တော်ကြီးရဲ့  အထင်ကရ နေရာတွေ၊ ရောက်သင့် ရောက်ထိုက်တဲ့ နေရာတွေကိုလဲ ရုံးက ခွင့်တွေယူပြီး Tourist Guide တစ်ယောက်လို မမောနိုင် မပန်းနိုင် လိုက်လံပို့ ဆောင် ရပြန်ပါတယ်။

Singapore Zoo, Jurong Bird Park, Night Safari နဲ့  Esplanade တို့ ၊ East Coast နဲ့ Singapore River တို့ ၊ Sentosa ထဲက Merlion နဲ့  Underwater World, Dolphin Lagoon တို့  ဆိုရင် မရောက်ချင်မှ အဆုံး၊ Sentosa ရဲ့  ညဖက်တွေမှာ ပြလေ့ရှိတဲ့ Songs of the Sea ဆိုရင် ရေပန်းတွေကြားထဲက ပေါ်လာမယ့် အရုပ်တွေနဲ့ သူတို့တွေ ရွတ်ဆို ကပြသမျှ ကိုယ်က အလွတ်တွေကို ရလို့ ။ Singapore Zoo ထဲက ကောင်ကောင်လေးတွေ အခုလောက်ဆို ကိုယ့်ကို မှတ်တောင် မှတ်မိနေလောက်ပြီ ထင်ရဲ့ ၊ သူတို့ လေးတွေ စကားသာ ပြောတတ်လို့ ကတော့ ကိုယ့်ကိုတွေ့ တာနဲ့  ဟော… ဟိုအစ်မကြီး လာပြန်ပဟေ့ လို့ များ သူတို့ အချင်းချင်း ပြောနေကြမလား မသိဘူး လို့ တောင် ပေါက်ပေါက်ရှာရှာ တွေးနေမိသေး…။

Takashimaya တို့  Robinson တို့  OG တို Paragon တို့ စတဲ့ Shopping Center တွေကိုလဲ ချောင်းပေါက်မတတ် အခေါက်ခေါက်၊ ဆိုင်တွေက တချို့  အရောင်း စာရေးမလေးတွေနဲ့ ဆို အသိ မိတ်ဆွေတွေတောင် ဖြစ်လုလု၊ ဘာပစ္စည်း ၀ယ်လို့  ဘယ်လောက်ဖိုး ပြည့်ရင် ဘယ်လို လက်ဆောင်၊ ဘယ်လို Promotion တွေရှိတယ် ဆိုတာမျိုးကအစ သူတို့ လေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ သတင်းတွေလဲ ပေးတတ်ကြသေးတယ်။ တစ်ရှည်တစ်လျား Orchard လမ်းမကြီးပေါ်ဆိုလဲ နေ့ နေ့  ညည လူတွေ တစ်သီကြီးနဲ့ ခဏ ခဏ သွားလိုက်ရတာ ဆိုတာ ဘုရားပွဲများ လှည့်နေသည့်အတိုင်း၊ ဒီကိုရောက်ရင် မဖြစ်မနေ စားကို စားရမှဖြစ်မယ် ဆိုတဲ့ ဒါးလှီး ရေခဲမုန့် ကို ဝေဖါချပ် (သို့ ) ပေါင်မုန့် ထဲမှာ ညှပ်ထားတဲ့ဟာ ကိုလဲ ရှာရှာဖွေဖွေ ၀ယ်ကျွေးရသေး (ကြံကြံဖန်ဖန်... သူတို့ ဘဲ သိ သိနိုင်လွန်း...)၊ Mc Donald, KFC နဲ့  Burger King တို့ တွေဆိုလဲ အနံ့တောင် မခံချင်တော့တဲ့ အထိ၊ ကိုယ်တိုင်က ငရဲကြီးမှာ ကြောက်လို့  ဘယ်တော့မှ မှာ မစားရဲတဲ့ (မှန်ပုံးထဲက အရှင်တွေကို လက်ညှိုးထိုးပြီး အလေးချိန် ကီလို နဲ့ ချက်ချင်း ၀ယ်ချက်ခိုင်းရတဲ့) နာမယ်ကြီး Chilli Crab လေးများလဲ စားချင်ကြသေးသတဲ့ (လုပ်ချလိုက်ကြပုံ များကတော့...)၊ အချိန်တိုင်းမှာ လားလားတွေ များလွန်းလို့  ကိုယ်တိုင်တောင် မသွားဖြစ်တဲ့ Mustafa ဆိုရင်လဲ နာမည်ကြီးဆိုင်မို့  သူတို့ တတွေက ရောက်ကို ရောက်ရမှ ဖြစ်မတဲ့...။ အချိန်မရွေး သွားလို့ ရသတဲ့... ၂၄ နာရီလုံးလုံး ဖွင့်သတဲ့... ကြည့်အုံး... သူတို့ က ကိုယ့်ထက်တောင် ဗဟုသုတ စုံလင်နေသေးတော့...။ ကဲ.. ဒီလိုဆိုတော့လဲ ဘာညာ မပြောနဲ့  လိုက်ပို့ ပေအုံးတော့ပေါ့...။ ဒါတင်မက ကလေးငယ်တို့ ပျော်စံရာ လူကြီးများတို့  စိတ်ညစ်ရာ Toys R Us လိုနေရာမျိုးမှာလဲ အုံးအုံးကြွက်ကြွက် ကလေးတစ်သိုက်နဲ့ အတူ ကြည့်ချင်ချင် မချင်ချင် မြင်သမျှ တွေ့ သမျှတွေ ကြည့်ရင်းနဲ့ အချိန်တွေကုန်…။ ဒီလိုနဲ့ ... ဒီလိုနဲ့ ... တစ်ခေါက်နဲ့ တစ်ခေါက် ပါလာတဲ့သူတွေသာ တစ်စုပြီး တစ်စု ပြောင်းသွားမယ်... သက်ဝေ တယောက်ကတော့ ပင်တိုင်ပေါ့...။

ဒီကြားထဲ မိဘတွေရဲ့  မိတ်ဆွေတွေ ဒီကို အလည်အပတ်လာကြရင်လဲ လေဆိပ်မှာ ကြိုသင့်တဲ့သူတွေဆို လေဆိပ်ကို သွားကြို ပြန်ပို့ …။ အိမ်အလည်ခေါ် ထမင်း ဖိတ်ကျွေးသင့်တဲ့ သူတွေဆို ထမင်းဖိတ်ကျွေး…။ အပြင်လိုက်ပို့ ရင်း တခုခုကျွေးသင့်တဲ့ သူတွေဆိုလဲ အချိန်လုပြီး လိုအပ်သလို ဆောင်ရွက်…။ ဒီမှာ ကြာကြာနေတဲ့ လူကြီးတွေဆီကိုကျပြန်တော့ အနည်းဆုံး နှစ်ပါတ်ကို တစ်ခေါက်လောက် ရောက်အောင်သွား… လူကြီးတွေ ကြိုက်နှစ်သက်နိုင်မယ့် မြန်မာ အစား အသောက်လေးတွေ ချက်ပြုတ်ယူသွား… အမျိုးသားကတော့ လူကြီးတွေကို Pressure လေး ဘာလေး တိုင်းပေး… နားကြပ်လေးနဲ့  ဟိုထောက် ဒီထောက်နဲ့  ကျန်းမာရေး စောင့်ရှောက်မှု ပေါ့လေ…။ အဲဒီလို လေးတွေလဲ လုပ်ပေးကြရပြန်ပါတယ်။

သူငယ်ချင်း မိတ်ဆွေပေါများတဲ့ အတွက် အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေကလဲ စင်္ကာပူကို လာလည်တိုင်း ဖုန်းတွေ တတီတီ ဆက်တတ်ကြပါတယ်။ သူငယ်ချင်းတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့  တွေ့ရတာ ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ စဉ်းစားမိတယ်… ကိုယ်ကဘဲ သူငယ်ချင်း များတာလား… ရန်ကုန်က သူငယ်ချင်းတွေကဘဲ တစ်ယောက်ပြီး တစ်ယောက် လာနေကြတာလား လို့ … ပြီးတော့ ရန်ကုန်မှာရော အင်ဂျင်နီယာတွေ အာခီတက်က်တွေ ကျန်ကော ကျန်ကြသေးရဲ့  လားလို့ …။ တကယ်ကိုပါဘဲ… အခုတလောမှာ အပါတ်တိုင်း သူငယ်ချင်းတွေ လာ လာနေကြတယ်။ ရောက်ဖူးအောင် အလည်သက်သက် လာတဲ့သူတွေရှိသလို အလုပ်အကိုင်လေးများ အဆင်ပြေမလားလို့ လာပြီး စနည်းနာကြတဲ့သူတွေလဲ တစ်ပုံတစ်ပင်…။ အင်း... လာကြတဲ့သူတွေကတော့ တစ်ယောက် တစ်ခေါက်စီပါဘဲ… ဒါပေမယ့် ဒီကသူတွေ မှာတော့….။

ဒီကြားထဲ စနေ တနင်္ဂနွေ တွေဆိုရင်လဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်းမွေးနေ့ ၊ ကလေးမွေးနေ့၊ ကလေး ကင်မွန်းတပ်၊ အိမ်တက် မင်္ဂလာ၊ ဘုန်းကြီးဆွမ်းကျွေး၊ မင်္ဂလာဆောင်၊ မင်္ဂလာဆွမ်းကျွေး နဲ့ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ Gathering တွေကလဲ တစ်ပါတ်ပြီး တစ်ပါတ် ဆက်နေတော့ကာ… တွေးသာတွေးကြည့်ကြပါတော့…။

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေကို သူငယ်ချင်းတို့ တွေလဲ အတူတူဘဲ မလွဲမသွေ ကြုံတွေ့  နေကြရပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်လဲ သူငယ်ချင်းတို့ ရဲ့  ဘလော့ဂ်လေးတွေမှာ ပိုစ့်အသစ်လေးတွေ ကိုယ်စီနဲ့  ဝေဝေဆာဆာ စည်ကားနေကြတာတွေကို တွေ့ တွေ့ နေရတော့ သူငယ်ချင်းတွေကို အားကျတဲ့ စိတ်ကလေး နဲ့ အတူ ကိုယ့်ကိုယ်ကိုယ်လဲ တော်တော်လေးကို အားမလို အားမရ ဖြစ်မိပါတယ်။ အင်း… သက်ဝေတစ်ယောက် အချိန်ကို စီမံခန့် ခွဲမှု အတတ်ပညာမှာ တော်တော်ကြီးကို ညံ့ဖျင်းနေပါပေါ့လား လို့ လဲ တွေးနေမိပါရဲ့ …။

ဘာဘဲဖြစ်ဖြစ်… ဒီဘလော့ဂ် အသိုင်းအ၀န်းလေးမှာ ရေစက်ဆုံလာကြတဲ့ သူငယ်ချင်းတွေ၊ အချင်းချင်း မမြင်ဖူး မတွေ့ ဖူး ကြသော်ငြားလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် ထားရှိကြတဲ့ နွေးထွေးတဲ့ မေတ္တာတွေရယ် ချစ်ခင်မှုလေးတွေရယ်ကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့  အတတ်နိုင်ဆုံးတော့ ကြိုးစားပမ်းစား ပိုစ့်လေးတွေတင်ပြီး ကိုယ့်ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နိုင်အောင် အားထုတ်ရင်း…
သူငယ်ချင်းလေးတွေဆီကိုလဲ တတ်နိုင်သလောက် သွားရောက် လည်ပတ်ရင်း…

C Box လေးတွေမှာ နှုတ်ဆက် စကားဆိုရင်း… စာတွေဖတ်၊ စာမူခလေးတွေ ပေးရင်း…
ဘလော့ဂ်ဝန်းကျင်ရဲ့  ချစ်စရာ အလေ့အထလေးတွေဖြစ်တဲ့ ဘလော့ဂ်ပေါ်မှာ မတွေ့တာကြာတဲ့သူတွေ စာအသစ်မရေးတာကြာနေတဲ့ သူငယ်ချင်း ရောင်းရင်းတွေကို C Box မှာ သွားအော်ကြ သွားခေါ်ကြ...နှုတ်ဆက်ကြ... တစ်ယောက် တစ်ယောက် နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင် အပြန်အလှန် သတင်းမေးကြ... တတ်စွမ်းသ၍ မေတ္တာဆေးလေးတွေနဲ့ ကုသပေးကြရင်း...
မိသားစုတွေရဲ့  အလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ လူမှုရေး အလုပ်လေးတွေအပြင် ဘလော့ဂ် အလုပ်လေးကိုပါ မျှမျှတတ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး လုပ်ကိုင်နိုင်အောင် ကြိုးစားကြည့်ပါအုံးမည်ဟု…။

Wednesday, October 15, 2008

သီတင်းကျွတ်

ငယ်ငယ်က
တပျော်တပါး ရွတ်ဆိုခဲ့ဖူးတယ်…
သီတင်းကျွတ်ပြီ…
မီးပုံးပျံ လွှတ်ရအောင် တဲ့…

ငယ်ဘ၀…
ပျော်ခဲ့ရတဲ့ သီတင်းကျွတ်…
မြတ်ဘုရားထံ ရည်ရော်မှန်း ဆီမီးနဲ့  ကန်တော့ပန်းဆင်ခဲ့ရတဲ့ သီတင်းကျွတ်…
မိဘ ဖိုးဖွား ဆရာသမား အလေးနက်ထား ပူဇော်ကြတဲ့ သီတင်းကျွတ်…
ကုသိုလ်တွေရ မုန့် တွေဝ ကြည်ရွှင်ပျတဲ့ သီတင်းကျွတ်…
လမင်းရောင်သာ ထိန်ထိန်ဖြာ ကြည်လင်လှတဲ့ သီတင်းကျွတ်…
ဆီမီးရောင်ရှိန် ထိန်ထိန်ဝါ သာယာလှတဲ့ သီတင်းကျွတ်…
မီးပန်းတွေ တလက်လက် ဗျောက်အိုးသံ တညံညံ စည်ကားလှတဲ့ သီတင်းကျွတ်…
ပွဲတွေလမ်းတွေ ချိမ့်ချိမ့်သဲ နွှဲခဲ့ရတဲ့ သီတင်းကျွတ်…
စည်ဗျောသံ ညံမစဲ လူတိုင်းပျော်တဲ့ သီတင်းကျွတ်…
တစ်နှစ်တစ်ခါ ရင်ထဲမှာ မျှော်ကာ မှန်းဆ တမ်းတရတဲ့ သီတင်းကျွတ်…

အခုတော့…
တကယ်ကဆို ငယ်ဘ၀လို ပျော်စရာ မရှိတဲ့ သီတင်းကျွတ်…
ဖိုးဖိုး ဖွားဖွား တွေ ဖေဖေ မေမေတွေကို
စိတ်ထဲကသာ မှန်းကန်တော့ရတဲ့ သီတင်းကျွတ်...
လေထဲကသာ လှမ်းကန်တော့ရတဲ့ သီတင်းကျွတ်...
မီးပုံး မဆင် ရတဲ့ သီတင်းကျွတ်...
မီးပန်း မမြင်ရတဲ့ သီတင်းကျွတ်...
မီးပုံး မတွန်းရတဲ့ သီတင်းကျွတ်…
မီးလုံး မထွန်းရတဲ့ သီတင်းကျွတ်…
ဗျောက်အိုးသံ တိတ်တဲ့ သီတင်းကျွတ်…
စည်ဗျောသံ ပိတ်တဲ့ သီတင်းကျွတ်…
ပျောက်မေ့ချင်အောင် ခြောက်သွေ့ တဲ့ သီတင်းကျွတ်...
လူသူမသိအောင် တိတ်ဆိတ်တဲ့ သီတင်းကျွတ်…

အင်း… ဒီလိုနဲ့ ဘဲ
သီတင်း တချီ ကျွတ်ခဲ့ပြန်လေပြီ…။

(သီတင်းကျွတ် လပြည့်နေ့  ၁၄-၁၀-၀၈ အမှတ်တရ)

Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့  ကို အောင်သာငယ် ရဲ့ Tag ကို ရေးဖို့ စဉ်းစားနေရတာ တော်တော်အချိန်တွေ ကြာသွားတယ်…။ စဉ်းစားနေရတယ်ဆိုလို့  အချစ်မရှိသူ၊ မချစ်တတ်သူ တစ်ယောက်လားဆိုတော့လဲ… မဟုတ်ပြန်ပါ..။ အဲဒီလို ရှည်ရှည်ဝေးဝေးတွေ စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံးကျတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာကို ကိုယ်တိုင် နားလည်ထားသလို ကိုယ်တိုင် ခံယူထားသလို ရိုးရိုး ရှင်းရှင်းဘဲ ရေးဖို့ စဉ်းစားလိုက်ပါတယ်..။ ဖတ်ကြည့်ကြပါနော်…။

အချစ်ဆိုသည်မှာ…
လောကကြီးမှာရှိကြတဲ့ လူသားတိုင်း မကင်းကြတဲ့ အရာတစ်ခု…
အဲဒီ အချစ်ကြောင့် လူတွေ ရဲ့  စိတ်တွေ နူးညံ့ပျော့ပြောင်းကြရသလို အဲဒီ အချစ်ကြောင့်ဘဲ လူတွေရဲ့  စိတ်တွေ ခက်ထန်ကြမ်းတမ်းကြရတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြတဲ့အခါမှာ အချစ်ကြောင့် ကြည်နူးကြရသလို တစ်ခါတစ်ရံမှာ အချစ်ကြောင့် ပူလောင်လှတဲ့ သောကတွေကိုလဲ ခံစားတတ်ကြရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြီးတဲ့အခါမှာ ရယူပိုင်ဆိုင်လိုကြတဲ့အတွက် လောဘစိတ်တွေနဲ့  ပိုပိုပြီး လောင်မြိုက်လာတတ်ကြတယ်။ ဒီနေရာမှာ သိပ်မချစ်တတ်တဲ့ သူတွေနဲ့ စာရင် ချစ်တတ်တဲ့သူတွေက ပိုပြီး ခံစားရတတ်တယ်။ ချစ်တတ်တာနဲ့ အမျှ စိတ်တွေ ပိုပို ပင်ပန်းဆင်းရဲ ရတာပါဘဲ…။

နောက်ပြီး အားလုံးသိကြတဲ့အတိုင်း အချစ်မှာ ၅၂၈ ချစ်မေတ္တာနဲ့  ၁၅၀၀ ချစ်မေတ္တာ ဆိုပြီး အကြမ်းဖျဉ်း ခွဲခြားထားကြတယ်..။ ၅၂၈ နဲ့  ချစ်ကြရရင် တစ်ယောက်နဲ့  တစ်ယောက် ရယူပိုင်ဆိုင်လိုတဲ့ စိတ်မရှိတာကြောင့် အေးချမ်းတယ်လို့  ဆိုကြပြီး ၁၅၀၀ အချစ်ကတော့ ရယူ ပိုင်ဆိုင်လိုစိတ်တွေကြောင့် အဆပေါင်း များစွာ ပိုမို ပူလောင်တယ်လို့  ဆိုကြတယ်…။

ကိုယ့်သဘောအရ ပြောရရင်တော့ အချစ်ဆိုရင် ဘယ်နည်းနဲ့ ချစ်ချစ် ချစ်မိပြီ ဆိုတာနဲ့ ပူလောင်ရတာဘဲလို့  ထင်ပါတယ်…။ ၅၂၈ လဲ သူ့ နည်းသူ့ ဟန်နဲ့ တော့ ပူလောင်ရတာပါဘဲ… ဒီတော့ အချစ်ဆိုတာ နဲနဲ ချစ်ချစ် များများ ချစ်ချစ် အပူမီးတွေပါ…။ သိရက်နဲ့ မဖြတ်နိုင်တာက ကိုယ်တိုင်က အတ္တတွေ အပြည့်နဲ့  လောကီလူသား တစ်ဦးဖြစ်နေတာကိုး…။ အချစ်နဲ့  ကင်းမှ မကင်းနိုင်တာ…။ ကိုယ်ဆို မကင်းလိုက်သမှ အဲဒီ ၁၅၀၀ အချစ်ကို ပူလောင်မယ်လို့  သိသိကြီးနဲ့  စောစောစီးစီးကို ကိုယ့်ဘဝထဲ ဆွဲခေါ်ခဲ့မိတာ…။

ဒါပေမယ့် ချစ်သူသက်တမ်း တော်တော်ကြာကြာ အိမ်ထောင်သက်တမ်းလဲ တော်တော်လေး ရလာတဲ့ အခုလက်ရှိအချိန်မှာတော့ အရာရာဟာ အတန်အသင့် တည်ငြိမ်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေနဲ့  အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် အချစ်မျိုးတွေနဲ့ ချစ်နိုင်လာတာမို့  ပူလောင်မှုတွေ နဲနဲ လျော့သွားသလို ခံစားရပါတယ်။

ကိုင်ဇာရဲ့  ရွှေရတု အချစ် သီချင်းထဲကလို “မင်းဆံပင်ဖြူဖြူမှာ စပါယ်ကုံးလေး ပန်ပေးမယ်… အဖိုးကြီး ငါ့ကို အဖွားကြီး မင်းက မောင်တွေ ဘာတွေ ခေါ်ပါအုံး“ ဆိုတဲ့ သီချင်းမျိုးဆိုရမယ့် အရွယ်တွေကျရင်တော့ အခုထက်ပိုပြီး အေးချမ်းရလိမ့်မယ်လို့  မျှော်လင့်မိတာပါဘဲ…။


ကဲ… အချစ်ဆိုသည်မှာ ကို သက်ဝေ နားလည်သလိုတော့ ရေးလိုက်ပါပြီ…။
ဆက်ပြီး ရေးစေချင်တဲ့သူတွေကတော့…


- တန်ခူး (လေနုအေး)

- ပန်ဒိုရာ

- နုစံ

- မိုးချိုသင်း

- မသီတာ (Sonata-Cantata)

- မြတ်နိုး

- ကိုဇနိ + မဇနိ (အိုးဝေ)

- မမ ခင်ဦးမေ နဲ့ 

- Megumi တို့ ပါ…။
အချိန်ရတဲ့အခါ အေးအေးဆေးဆေး ရေးပေးကြလေ... နော်….။


*** သတိတရ Tag ထားတဲ့ အကိုကြီး ကိုအောင်သာငယ် ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်…။


Tuesday, October 7, 2008

ကမ္ဘာသစ်

ကိုယ့်အတွေးလေးနှင့်ကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေလိုသူတစ်ယောက် အတွက်တော့ ထိုပါတ်ဝန်းကျင်သည် တဆိတ်တော့ဖြင့် လိုအပ်သည်ထက် ပိုမိုဆူညံလွန်းနေသည်။ ဆူညံသံများကြောင့် ဝေ့ဝဲ ပျံ့လွင့်နေသော စိတ်အာရုံတွေကို ကြိုးစား စုစည်းကာ တွေးချင်ရာကို တွေးတောနေမိသည်။ လောလောဆယ် တွေးမိသည်များကို ပြောပြရသော်….

လေပြည်တိုက်ချိန်တွေမှာ လေပြည်ညှင်းရဲ့  အငွေ့အသက်ကို ညင်သာ ခံစားကြည့်ချင်သူ တစ်ယောက်အတွက် တိုက်ခတ်လာသော လေအရှိန်တွေသည် ပြင်းထန်လွန်းနေသည်။ အချိန်မှန် ရွာသွန်းသော မိုးရေစက်တို့မှလာသော တဖျောက်ဖျောက် သံစဉ်များကို တေးသွားတစ်ပုဒ်ပမာ နားဆင်ကြည့်ချင်သူ တစ်ယောက်အတွက် ထိုမိုးသံတို့ သည် ကြမ်းတမ်းလွန်းနေသည်။ သစ်ရွက်တို့ကျကြွေသံသည် သာယာသော ဂီတသံဟုကြားဖူးသူ တစ်ယောက်အတွက် ထိုသစ်ရွက်ကြွေသံတို့ သည် မာကျောလွန်းနေသည်။ စမ်းချောင်းလေးမှ တသွင်သွင် စီးဆင်းနေသော ရေအလျင်တို့ သည် ငြိမ့်ညောင်းသော တေးသွားတစ်ခုဟု နားလည်ထားသူတယောက်အတွက် ထိုရေစီးသံတို့ သည် ခက်မာလွန်းနေသည်။ ဆွတ်ဆွတ်ဖြူလွနေသော နှင်းပွင့် နှင်းစုကလေးများသည် အတန်အသင့်တော့ နူးညံ့မှုရှိလိမ့်မည်ဟု ယူဆထားသူ တစ်ယောက်အတွက် ထိုနှင်းစုကလေးများသည် (အထင်နှင့်အမြင် လွဲမှားစွာ) အေးခဲ မာကျောနေကြသည်။ နှင်းဆီတို့ ၏ ဆူးခက်တွေသည်လဲ ခါတိုင်းနဲ့ မတူ ပိုမို မာကျော ခက်ထန်နေသယောင်...။ ငှက်ကလေးတို့  ဟစ်ကြွေး အော်မြည်ကြသော အသံပိစိလေးများသည် ချိုသာဖွယ် ချစ်စဖွယ် တေးသံများကို ဖြစ်ပေါ်စေသည်ဟု ကြားခဲ့ဖူးသေည်ငြားလည်း ယခုမူ ထိုသို့  မဟုတ်ပြန်တော့… တစ်ယောက် တစ်ပေါက် ဆူဆူညံညံ အော်မြည်နေကြသော ထိုအသံများသည် အကြားအာရုံကို မထိတထိနှင့် စိတ်မတို တိုလာအောင် ပြုမူနေသည်နှင့်ပင် တူနေသေးတော့...။ ထို့ အပြင်… နေရောင်ခြည်သည် ရောဂါပိုးကိုသေစေ၏ ဟု မူလတန်းဖတ်စာတွင် သင်ကြားခဲ့ရသော်လည်း ယခုမူ ထိုနေရောင်ခြည်ကြောင့်ပင် အရေပြားကင်ဆာ ဟူသော ရောဂါဆန်းတမျိုး ရကြသည်တဲ့၊ ထိုမှတဖန် ပိုဆိုးလာသော အပူလှိုင်းကြောင့် လူသားမြောက်များစွာ၊ သတ္တဝါမြောက်များစွာတို့  သေကြေပျက်စီးကြသည်တဲ့…။

ကဲ… ဘာတွေဖြစ်ကုန်ပြီလဲ… မစဉ်းစားတတ်တော့ပြီ…။
လောကကြီးမှာ ကိုယ်ထင်ထားတာတွေနဲ့  တကယ့်လက်တွေ့ တွေဟာ တစ်ထပ်တည်းကျ မနေရင်တောင် ဘာကြောင့်များ နဲနဲပါးပါး မနီးစပ်ကြတာလဲ…။ အထင်နဲ့ အမြင် တက်တက်စင်အောင် ဘာကြောင့်များ လွဲနေကြတာလဲ…။ တစ်ခုခုတော့ သေသေချာချာကြီးကို မှားနေပါပြီ…။ ဒါဆို ထိုမှားယွင်းမှုတွေသည် ကိုယ်အတွေးတွေကဘဲ မှားယွင်းနေတာလား။ အပြင်လောကကြီးကဘဲ မှားယွင်းနေတာလား။ သို့ တည်းမဟုတ် ထိုမှားယွင်းမှုတွေသည် ကိုယ်တစ်ယောက်ထဲ အတွက် မှားယွင်းနေခြင်းလား…။ အားလုံးအတွက် မှားယွင်းနေတာလား…။

ကိုယ်တိုင် သေသေချာချာ မဝေခွဲနိုင်ခင်မှာပင် ဝုန်း ဆိုသော ကျယ်ကျယ်လောင်လောင် အသံကြီးတစ်ခုကို ကြားလိုက်ရပြီး ကိုယ့်အမြင်အာရုံ၊ ကိုယ့်အကြားအာရုံတို့ ပျောက်ဆုံး အရာရာ အမှောင်အတိကျကာ ရှုပ်ထွေး ဆူညံသံ အားလုံးတို့ သည်လည်း တမဟုတ်ချင်း ငြိမ်သက် တိတ်ဆိတ်သွားကြလေသည်။ ကိုယ်တိုင်မသိလိုက်ခင်မှာပင် ရွေ့ လျားစိတ်အစဉ်တို့ သည် ကမ္ဘာသစ်တစ်ခုဆီသို့ ….

ထိုကမ္ဘာသစ်တွင် အစစအရာရာသည် မျှော်လင့်ထားသည်ထက် ပိုမိုထူးခြား ဆန်းပြားနေသည်။ ထိုကမ္ဘာသစ်တွင်…
ပျော့ပြောင်း ညင်သာသော လေပြေလေးတွေ အဆက်မပြတ် တိုးဝှေ့လို့ …။ နူးညံ့စွာ ကြွေကျလာသော မိုးစက် မိုးပေါက်ကလေးများသည် ချိုမြသံစဉ်တစ်ခုနှယ်…။ ရေအလျင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးနားမှာ သစ်ရွက်ကလေးများ ကြွေကျသောအခါတွင် စမ်းကျရေစီးသံလေးများနှင့် ရွက်ကြွေတို့၏ သံစဉ်တို့သည်လည်း အံ့သြဖွယ် ထူးခြားသော ဂီတ တစ်ခု…။ ဆောင်းဦးပေါက် နှင်းပွင့်လေးများ၏ နူးညံ့မှုသည် ဝါဂွမ်းလေးများ တမျှ…။ ဖြူ နီ ဝါ အသွေးစုံ ဆူးမဲ့ နှင်းဆီတို့ သည်လဲ မွှေးထုံကြိုင်လျှမ်း သင်းပျံ့ပျံ့ ရနံ့များဖြင့်...။ အို… ရောင်စုံ ငှက်ကလေးများသည်လည်း နွေးထွေးသော သာယာလှပသော လင်းလက် နေရောင်ခြည်အောက်မှာ ချစ်စရာ သံချိုတေးများကို သူ့ ထက်ငါ အပြိုင် အလုအယက် ဟစ်ကြွေးနေကြပါလား..။ ကြည်နူးစရာ…။ ဒါတင်မက မြင်မြင်သမျှ လူသားတိုင်းသည် အရောင်အသွေး စုံလင်စွာဖြင့် လှချင်တိုင်း လှပနေသော ပန်းခင်းကြီးတစ်ခုထဲမှ ပန်းရောင်စုံများနှယ်…။
သူတို့တတွေ ဟိုဒီ ရွေ့ လျား လှုပ်ရှား သွားလာနေကြသည်မှာလဲ လေအလာမှာ ဟန်ချက်ညီညီ ပျော်ရွှင်စွာ ကခုန် ယိမ်းနွဲ့နေကြသော ပန်းခက် ပန်းနွယ်များပမာ ညီညီညွတ်ညွတ်…။ သူတို့ ၏ မျက်နှာများပေါ်တွင် နုပျို လန်းဆန်း တက်ကြွသော၊ ဖေါ်ရွေသော အပြုံးပန်းတွေ ဝေလို့ ...။ မျှော်လင့်ထားသော ပန်းတိုင်တစ်ခုကို ရောက်ရန် ဦးတည်ချက်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ အပြည့်အဝဖြင့်... ထိုမြင်ကွင်းသည် အားရှိစရာ...။ ထို့ အပြင် အစစ အရာရာသည် ကြည်နူး ချမ်းမြေ့ဖွယ်ရာ…။

ထိုကမ္ဘာသည် လူသားအားလုံး မျှော်လင့်တောင့်တနေကြသော ကမ္ဘာသစ်တစ်ခုများလားဟု လက်လှမ်း မမှီ့တမှီ တွေးတောရင်း ကိုယ်တိုင်ကတော့ စည်းချက်ညီညီ ကခုန် ရွေ့ လျားသွားကြသော လူအုပ်ကြီးနှင့်အတူ မမောနိုင် မပန်းနိုင် စီးမျော ရောနှောပါဝင်ကာ….

Thursday, September 25, 2008

ပထမဆုံးများ

အခုတပါတ်မှာလဲ အလုပ်တွေ အရမ်းရှုပ်နေလို့  ရေးလက်စတွေ လက်စသပ်မရ ဖြစ်နေတုန်း ကိုအောင်သာငယ် Tag ထားတဲ့ ပထမဆုံးများကို အရင်ရေးပြီး တင်လိုက်ပါတယ်။ မကြာခင်ကမှ ကောက်ရခဲ့တဲ့ အကိုကြီး ကိုအောင်သာငယ်ကို လေးစားတာက တစ်ကြောင်း၊ သူပစ်ဖူးတဲ့ ဟိုသေနတ်ကြီးကို ကြောက်တာကလဲ တစ်ကြောင်းပေါ့လေ…။

အမှန်ကတော့ ပထမဆုံးများ ဆိုတဲ့ ခေါင်းစဉ်က တွေးစရာ ရေးစရာတွေ အတော်ကျယ်ဝန်းတဲ့ ပိုစ့်ခေါင်းစဉ်ပါ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ရေးချင်ပေမယ့် အဲဒီလိုသာ ရေးနေရင် တော်တော်နဲ့  ဘလော့ဂ်ပေါ် တင်တဲ့ဆီ ရောက်မှာ မဟုတ်တော့တာကြောင့် လောလောဆယ်အတွက်တော့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။ နောက် အချိန်ရတာနဲ့  နောက်ဆက်တွဲ ပထမဆုံးများ ဆိုပြီး ဆက်ရေးပေးပါ့မယ်နော်…။

(အခုဘဲ ကိုအောင်သာငယ် ဆီရောက်ခဲ့တယ်။ သူ့ ဆီမှာ ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး ပိုစ့်အသစ်တွေ့ ခဲ့တယ်..။ ဟီဟိ.. )

ပထမဆုံးတက်ရသည့် ကျောင်း - မူကြို ၄ (ကြောက်အားလန့် အားနဲ့  နေ့ တိုင်း ငို ငိုနေသောကြောင့် မေမေက ဆက်မထားလိုတော့ သဖြင့် တစ်လလောက်သာ တက်လိုက်ရပါသည်။)


ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (ခ) (သူငယ်တန်း - ၃ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်ခင်ရွှေ

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မင်းမင်း (နာမည်အရှည်တော့ မပြောပါရစေနဲ့  .. ဟီဟိ)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဆင့်ဆင့်အောင် (သူနဲ့ အဆက်အသွယ်တွေ ပြတ်နေတာ ကြာလှပေါ့..။ ခု သူ ဘယ်ကမ္ဘာမှာ ရောက်နေသလဲဆိုတာကို စုံစမ်းဆဲ…)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဂျာနယ်ကျော် မမလေး ရဲ့  သူမ

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ဘယ်သွားနေလဲ မောင်ရေခဲ... ဘုရားပွဲကို လှည်းနဲ့  ဆို…

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း တုန်းက ရခဲ့တဲ့ ပထမဆု

ပထမဆုံး စီးရသော ဘတ်စ်ကား - နံပါတ် ၁၆ လိုင်းကား (၇ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့  အတူ တင်တင်အေး မုန့် ဟင်းခါးစားဖို့  မြေနီကုန်းဈေးကို အိမ်ကမသိအောင် သွားရင်း ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း
- စိုင်းထီးဆိုင်ရဲ့  ဘီးနံပါတ် OK ၀၁၂၂ L (ငယ်ငယ်တုန်းက အမြဲကြားရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်ရဲ့  သီချင်းက အများဆုံးပါဘဲ။ ကြားရသမျှထဲမှာ ဘာလို့ မှန်းမသိ အဲဒီသီချင်းလေးကို ခဏခဏ ဆိုနေဖြစ်ပါတယ်)


ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
- ကိုင်ဇာ မေဆွိ ရဲ့ တူနှစ်ကိုယ် တိုင်းပြည်။ မှတ်မှတ်ရရ အလွန်လိုချင်ခဲ့လို့  မုန့် ဘိုးတွေစုပြီး ၀ယ်ဖြစ်တဲ့ အခွေလေးပါ။ အဲဒီတုန်းက သီချင်းခွေ (ကက်ဆက်ခွေ) တစ်ခွေကို ကာဗာပါရင် ၂၅ ကျပ်၊ ကာဗာ မပါရင် ၂၃ကျပ်ခေတ်ပါ..။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - West Life (သူတို့ လေးတွေက ချောတယ်မဟုတ်လား...)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
- တစ်ခါက တစ်ဘဝ (ကျော်ဟိန်း ၊ ခင်သီတာထွန်း) - ၄ တန်း စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့ မှာ မြို့ နယ်ဆုရလို့  ဖေဖေ နဲ့  မေမေ က လိုက်ပြတာ…။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - မှန်းကြည့်ကြပေါ့...။ ဘ၀လက်တွဲဖေါ် မှာရေးထားတယ်လေ...။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - အဖြေပေးတုန်းက ခေါင်းပဲညိတ်ပြခဲ့တယ်… ။ စာရေးပျင်းတာကြောင့် နောက်ပိုင်းကျတော့လဲ ဖုန်းနဲ့ ပဲ စကားတွေ ပြောကြတာပေါ့… ယုံ…။

ပထမဆုံး ကဗျာ -
မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ) - ၁၉၉၉

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မန္တလေး

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - စကာင်္ပူ (၁၉၉၅ မှာ မိသားစုနဲ့  အလည်လာခဲ့တုန်းက... အဲဒီတုန်းက အလည် နှစ်ပါတ်လာတာ ဆိုတော့ ရသမျှ မုန့် ဘိုးတွေနဲ့  ဈေးတွေဝယ်၊ ပျော်လဲပျော်.. စည်းကမ်းတကျ သန့် ရှင်း သေသပ်တဲ့ ဒီနိုင်ငံလေးကိုလဲ တော်တော်သဘောကျ နှစ်သက်ခဲ့မိပါတယ်။ အခုတော့လား... ထွက်ပြေးစရာ ပြေးပေါက်ရှာနေတုန်းပါဘဲ...။)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - မရှိ.. အဟိ

ပထမဆုံး သောက်ဖူးသော အရက် - ရှိမှ ရှိဘဲ.. အဟဲ

ပထမဆုံး ချက်ဖူးသော ဟင်း - ကန်ဇွန်းရွက် နဲ့  မှိုကြော် (မေမေတို့  ခရီးသွားနေတုန်း အိမ်မှာ အဖိုးနဲ့  အိမ်စောင့် ကျန်ခဲ့တုန်းက ရမ်းသမ်းချက်ခဲ့တာပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - ဘုရား.. ဘုရား… ကြောက်လိုက်တာ… သေနတ်ဆိုရင် ပစ်ကြည့်ဖူးဖို့  ဝေးစွ.. ကျိုက်ထီးရိုးက ၀ါးသေနတ်တောင် မရှိခဲ့ဖူးပါ…

ပထမဆုံး ဘလော့ပို့စ် -
Sweet December (လွန်ခဲ့တဲ့ နှစ်အတော်ကြာက ရေးထားခဲ့တာပါ။ ဘလော့ဂ် စလုပ်တော့ ကိုယ့် ဘလော့ဂ်ပေါ်မှာ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို မြန်မြန် မြင်ချင်ဇောနဲ့  စ စချင်း တင်ခဲ့တဲ့ ပိုစ့်လေးပါ။ အခုပြန်ဖတ်ကြည့်တော့ စပ်ဖြဲဖြဲနဲ့ ရယ်စရာ၊ ရှက်စရာ...။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
- ၁၀ တန်းတုန်းက နေအုပ် (စိန်ပေါ) မှာ English တက်တုန်းက (မိဘမေတ္တာ ပိုစ့်ထဲက သူငယ်ချင်းနဲ့  အတူ) ကျူရှင်ပြေးပြီး မြို့ ထဲမှာ ဟိုလျှောက် ဒီလျှောက် ဟိုဟာဝယ်စား ဒီဟာဝယ်စား လုပ်ခဲ့ဖူးတယ်။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
- ပန်ဒိုရာ (မိုက်မှမိုက်...)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
-
လေနုအေး ပိုင်ရှင် တန်ခူး (လူချင်းမသိသေးပေမယ့် စွယ်တော်ရိပ်မှာ အတူတူခိုခဲ့ကြတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သူတွေချင်းမို့  စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရင်းနှီးခင်မင်နေမိပါတယ်...)


တစ်လက်စထဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဆက် Tag ပါရစေ...။

- တန်ခူး (လေနုအေး)


- နုစံ


- မသီတာ (Sonata-Cantata)


- မြတ်နိုး


- ယုဝရီ


- ကိုဇနိ + မဇနိ (အိုးဝေ)


- မမ ခင်ဦးမေ


ကဲ... ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါး ပါဘဲ... ရေးပေးကြနော်...။


* * * * * * * * * * * *