စာရေး စာဖတ် ဝါသနာပါတဲ့ သူငယ်ချင်းတယောက်က အခုတလော သူတွေးနေမိတာလေးကို ချရေးဖြစ်လို့ ပို့လာတဲ့ ချစ်စရာ အက်ဆေးလေး တပုဒ်ပါ။ ဖတ်ကြည့်ပြီး နှစ်သက်လို့ သူ့ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ တင်လိုက်ပါတယ်…။ ဖတ်ကြည့်ကြပါ... လိုအပ်တာရှိရင် ပြောပြခဲ့ကြပါ...။ ကျေးဇူး...း))
သူနှင့် ဘူတာရုံ
ဘူတာရုံတစ်ခုတွင် သူ ထိုင်နေခဲ့သည်။ အတော်လေး ကြာမြင့်နေပြီ ဖြစ်သော်လည်း သူ ထိုင်နေကျမို့ ထင်ပါသည် လေးပင်ဟန် ကြောင့်ကြဟန် တစက်မျှမရှိပဲ သက်တောင့် သက်သာပင် ထိုင်နေခဲ့သည်။ သူ ထိုင်နေခဲ့သည်မှာလည်း တရက်ထဲမှ မဟုတ်သည်ပဲ။ ကွက်ကြည့် ကွက်ကြည့် လုပ်နေသူများ ရှိသော်လည်း မသိလိုက် မသိဖာသာပင်။ မကြာမတင်မှာ ရထားဆိုက်တော့မည်………..
ရထားဆိုက်တော့မည်ဆိုသော ကြေငြာချက်နှင့်အတူ လုံခြုံရေး သတိပေးစာတမ်းတွေ မြင်နေရပြီ။ သူ့ဆီက လှုပ်ရှားမှုကို အတိုင်းသား မြင်နေရပြီလေ။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားတာမြင်ရုံနဲ့ ငြိမ်သက်အောင် ဟန်ဆောင်လို့မရတာကို သူ သတိထားမိပုံမပေါ်။ သူ့စိတ်တွေက ခန္ဓာကိုယ်ယိမ်းထိုးနေအောင် လှုံ့ဆော်နေကြသည်လေ။
ရထားဆိုက်ပါပြီ။
တစ်စီး…
နောက်တစ်စီး…
နောက်တစ်စီး…
နောက်ထပ် အစီးပေါင်းများစွာ…
ပြီးတော့ နောက်ဆုံး ရထားတစ်စီး အပြီးမှာ ဘူတာရုံ လုံခြုံရေးဝန်ထမ်းများ သန့်ရှင်းရေး အလုပ်သမားများ စပြီး အလုပ်ရှုပ်နေကြသောအချိန်တွင် သူထိုင်နေရာကနေ ထွက်ခွာလာခဲ့ပြီ။ အိမ်ကို ပြန်သော ခြေလှမ်းများသည် ယခင်နေ့ရက်များလိုပင် လေးလံလွန်းလှသည်။ သူနဲ့အတူ သူမ မပါရှိသောကြောင့်ပင်တည်း။
တကယ်တမ်း သူနှင့်သူမသည် အဆိုပါဘူတာရုံတွင် (တကြိမ်တခါမှ တွေ့ဖူးခြင်းမရှိပါပဲ) ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းပင်။ အမှတ်မထင် တွေ့ဆုံကြခြင်းမျိုးမဟုတ်ပဲ သေချာပေါက် ထိထိရောက်ရောက် စီစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့မှစ၍ သူမ ရုံးပြန်လာတိုင်း သူစောင့်နေတတ်သော ဘူတာရုံတွင် ခရီးသွားဟန်လွှဲ ဆင်းတတ်သည်။ သူမနှင့်သူ လမ်းအတူတူ လျှောက်သည်။ သူမ ပြောသောစကားသံတို့ဖြင့် သူ၏ လမ်းတလျှောက်ကို ပန်းပေါက်ပေါက်တွေ ခင်းနေခဲ့သည်။ ထိုကာလသည် အတော်ကြာမြင့်ပါသည်။
သူ သတိမထားမိလိုက်သော နေ့တနေ့တွင် ရထားပေါ်မှ သူမ ဆင်းလာသည်ကို မတွေ့ရတော့ပါ။ ထွက်သွားသောရထားကို ကြည့်လိုက် ရထားဆိုက်ရောက်ချိန်ကို ကြည့်လိုက်ဖြင့် သူတယောက် အတော်လေး ဗျာများနေခဲ့သည်။ နောက်ရထားတစ်စီး ရောက်လာချိန်မှာ ရထားပေါ်တက်ပြီး ဘယ်ကိုရှာရမှန်းမသိသော မျက်ဝန်းအစုံဖြင့် ကြောင်စီစီ ဖြစ်နေခဲ့ပါသည်။ အော်ခေါ်ရန် ကြိုးစားသော်လည်း ပြည့်သိပ်ကြပ်နေသော လူတွေကြားထဲတွင် သူ့ခေါ်သံကို ကြားရရန် မလွယ်ကူမှန်း သိနေသောကြောင့် လက်လျှော့လိုက်ရသည်။ ထိုနေ့ညက သူ အိမ်ပြန်မရောက်ခဲ့ပါ။
နောက်တနေ့တွင်လည်း သူစောင့်နေကျ အချိန်တွင် မပျက်မကွက် ရောက်လာတတ်သည်။ သို့သော် သူမကား ဘယ်တော့မျှ ပေါ်မလာခဲ့တော့။ သူသည် နေ့ရက်ပေါင်းများစွာ ထိုဘူတာရုံတွင် စောင့်မြဲစောင့်နေခဲ့သည်။ ပထမ လူအများ သတိထားမိကြသည်။ သူ့ကို စကားပြောဆိုရန် ကြိုးစားသူများလည်း ရှိခဲ့သည်။ မည်သူ့ကိုမျှ ပြန်လည် မတုန့်ပြန်သော သူ့ကို နောက်ဆုံးမှာတော့ လျစ်လျူရှုခဲ့ကြသည်။ ဘူတာရုံတွင်ရှိသော ဆိုင်းဘုတ် အဟောင်းများနှင့်အတူ သူသည် ဘူတာရုံမှ ပစ္စည်းတခုဟု အများအမြင်တွင် သိသာ ထင်ဟပ်စေခဲ့ပါသည်။
ယနေ့လည်း နောက်ဆုံး ရထားဆိုက်ပါပြီ။ သူသည် ထိုဘူတာရုံမှ ထရန် ပြင်ဆင်နေသည်။
နောက်နေ့တွင်လည်း သူသည် ဘူတာရုံသို့လာနေဦးမည် ဖြစ်သည်။
သူနှင့် ထိုဘူတာရုံသည် တသားတည်းဖြစ်သွားသည်မှာ ကြာမြင့်နေခဲ့ပြီ။
သူမ ဘယ်ရောက်နေသနည်း……………………..။
** ဧပြီလ ၁၇ ရက်နေ့ အဝါရောင် ရထားလိုင်း အသစ်ဖွင့်သောနေ့က ရေးပါသည်။