Wednesday, June 2, 2010

ကမ္ဘာ့ဖလား ၂၀၁၀

ပရိတ်သတ် အများ မျှော်လင့်တောင့်တနေကြသော ကမ္ဘာ့ဖလား ဘောလုံးပွဲများ စတင်တော့မည်…။ အချိန်ရှိသည် မရှိသည် အပထား… ကြည့်နိုင်မည် မကြည့်နိုင်မည် မသေချာသည်ကို မတွေး… သူများတွေ နည်းတူ ကိုယ်လဲ Singtel Mio TV လိုင်းမှာ စာရင်းပေးလိုက်သည်…။ စောစောစီးစီး ပျံသန်းသော ငှက်ငယ်တွေကို ဈေးလျှော့ပေးသည့် အစီအစဉ်ကြောင့် ထိုရက်ကို အမှီ ဝီရိယရှိရှိဖြင့် ကြိုးစားလိုက်ရာ စလုံး ၂၄ ဒေါ်လာခန့် သက်သာသွားချေ၏။ စီးတဲ့ရေ ဆည်တဲ့ ကန်သင်း ဆိုသည်မှာ ဒါမျိုးပဲ ဖြစ်ရမည် ဟု တွေးရင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ် ပီတိ ဖြစ်နေမိသေးသည်…။

Singtel ကို စာရင်းမပေးခင်မှာ ညကြီး အချိန်မတော်တွေ အိပ်ရေးပျက်ခံပြီး တကယ်ကော ကြည့်နိုင်မှာလား ဟု အမျိုးသားက မေးလာသည်။ ကိုယ်တိုင်က အားကစားစိတ်ဓါတ် အပြည့်အဝ ရှိသူတယောက်မို့ အို… ဘယ်အချိန်ဖြစ်ဖြစ် ကြည့်မှာပဲ၊ ကိုယ်စိတ်ဝင်စားတာ ကျောင်းစာ နဲ့ အားကစား... ဟု ပြောင်ချော်ချော်နှင့် အဖြေပေးလိုက်သည်။ အရေးထဲမှာ ဘောလုံးပွဲတွေ ကြိုက်တတ်သော ဖေဖေ နှင့် မေမေကလဲ ရန်ကုန်ကို ခဏ ပြန်သွားကြသည်…။ သည်တော့လည်း ကိုယ် တယောက်တည်းပဲ ကြည့်ရမည်ပေါ့…။ (မှတ်ချက် - အမျိုးသားက ဘောလုံးပွဲ ကြည့်လေ့မရှိပါ၊ သူ စိတ်ဝင်စားတာက လေယာဉ်ပျံတွေသာ ဖြစ်သည်)




သည်နှစ် ကမ္ဘာ့ဖလားပွဲစဉ် အချိန်များကို ကြည့်ရသလောက်က သိပ်မဆိုးလှ။ အုပ်စုပွဲတွေ အားလုံးက စင်္ကာပူ အချိန် ညနေ ၇ နာရီခွဲ၊ ည ၁၀ နာရီ နှင့် မနက်အစောကြီး ၂ နာရီခွဲတို့ ဖြစ်သည်။ ည ၇ နာရီခွဲ နှင့် ည ၁၀ နာရီ ကတော့ သေချာသည်… အချိန်ကောင်းတွေ…။ အဲ… မနက် ၂ နာရီခွဲကတော့ နဲနဲရှော့ခ် ရှိသည်…။ သို့သော်လည်း ပွဲ ကောင်းလျှင် ကောင်းသလို ညဦးပိုင်း စောစောအိပ်ပြီး ညလယ်မှာ နှိုးစက်ပေးကာ ထကြည့်ဖို့ ရည်ရွယ်ထားသည်။

သည်လိုနှင့် တနေ့က ထူးထူးဆန်းဆန်း ကိုအောင် (ပျူနိုင်ငံ) မှ ကမ္ဘာ့ဖလား ၂၀၁၀ အတွက် Tag လုပ်လာသည်…။ ကိုယ့်အတွက် လောလောဆယ်မှာ တက်တက်ကြွကြွ စိတ်ဝင်စားနေသော ခေါင်းစဉ်ဖြစ်သဖြင့် ချက်ချင်းကို ရေးချင်မိသည်။ သို့သော်… ခေါင်းစဉ်နှင့် အကြောင်းအရာ အနေအထားအရ အမျိုးသား ဘလော့ဂ်ဂါတွေ အရင်ရေးဖို့ သင့်တော်ပေသည် ဟု ယူဆသောကြောင့် ခဏ စောင့်နေလိုက်သည်…။ မနေ့က မိတ်ဆွေကြီး ကလူသစ် နှင့် ကိုကြီးကျောက် တို့ ရေးပြီးချေပြီ။ အခုတော့ ကိုယ် အလှည့်ပေါ့…။

ကဲ… လာပြီ…။
ကိုယ်ကြည့်ရ တွေးရသလောက်တော့ ဒီနှစ် အသင်းတွေထဲမှာ ဘရာဇီး ကို နိုင်လိမ့်မည်ဟု မှန်းချင်သည်…။ ဘရာဇီးအသင်းမှ ရုပ်သိပ်မချောလှသော်လည်း အမြဲတမ်း ပြုံးနေတတ်သော… ချစ်စရာကောင်းပြီး ဘောလုံးကန်တာ တော်သော Ronaldinho လေးကို သဘောကျသည်။ Fabiano နှင့် Kaka ကိုလဲ ကြိုက်သည်…။

သို့သော်… သို့သော်… ကိုယ်ဖြစ်ချင်တာ တခုတည်းကို မျက်စေ့စုံမှိတ်ပြီး ပြောရလျှင် အင်္ဂလန်အသင်း အနိုင်ရ ဗိုလ်စွဲတာကိုသာ မြင်ချင် တွေ့ချင်မိသည်ပေါ့…။ ကိုယ် အစွဲအလမ်းတွေ မထားတတ်ပါ… အမှန်ကတော့ မန်ယူ မှလာသော သံယောဇဉ်တချို့ကြောင့်သာ ဖြစ်နိုင်ပါသည်…။ (အလဲ့…)

အသက်ငယ်သလောက် စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်တတ်သော လူဆိုးလေး Rooney ၊ လူကြီးလေးနှင့် ပိုပိုတူလာသော Ferdinand ၊ ကျွန်တော်ဟာ ငယ်ငယ်က လူဆိုးလေးပါ ဆိုသော Gerrard တို့ အပြင် တလောက နာမည်ကြီးလိုက်သော Terry ၊ နာမည်ချင်း ဆင်သော်လည်း သွေးမတော် သားမစပ် A Cole နှင့် J Cole ၊ ပြီးတော့ Lampard ၊ အရပ်ရှည်ရှည် ကလန့်ကလားနှင့် Crouch တို့ပါဝင်သော အင်္ဂလန်အသင်းကို (မဖြစ်နိုင်လောက်မှန်း သိနေသော်လည်း) သိသိကြီးနှင့် ကမ္ဘာ့ဖလားပိုင်ရှင် ဖြစ်စေချင်မိသည်…။ ဒါတောင် အင်္ဂလန်နိုင်ငံသားကြီး Beckham နှင့် Owen တို့မပါလို့ စိတ်ထဲ သိပ်မကျေနပ်ချင်…။

ဘာပဲ ဖြစ်ဖြစ် အင်္ဂလန် အသင်းကို ဗိုလ်မစွဲလျှင်တောင်မှ အနည်းဆုံး ဆီမီးဖိုင်နယ် အဆင့်လောက်အထိတော့ ရောက်လာစေရန် ဆုတောင်း မျှော်လင့်နေမည်…။ စောစောစီးစီး ရှုံးပြီး ပြုတ်သွားလျှင် သူတို့လေးတွေကို အချိန်ကြာကြာ မမြင်ရတော့မှာ စိုးသောကြောင့် ဟု ဆိုလျှင် ကိုယ့်ရင်ထဲက အားကစား စိတ်ဓါတ်ကို သင်တို့ အပြစ်မြင်ကြမည်လော…။ (အပြစ်မမြင်ကြပါနှင့်… ချစ်ခင်ကြပါ…)

အိုကေ… သည်နှစ် ဆီမီးဖိုင်နယ်လ်အတွက် အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီတလီ နှင့် ကမ္ဘာ့ဖလား ပိုင်ရှင်အဖြစ် ဘရာဇီးလ် ကို မှန်းထားသည်…။ (မှန်းထားတာ မှန်လျှင် မုန့်ဝယ်ကျွေးပါ ကိုအောင်…)

ဤသို့ မှန်းနေရုံဖြင့်မပြီး…
ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ နှင့် ပတ်သက်ပြီး ကိုယ့်ဆီမှာ အခြား ကြိုကြိုတင်တင် ပြင်ဆင် လုပ်ဆောင်စရာတွေလဲ များစွာ ရှိနေသေးသည်…။ အဓိက ကတော့ ညဖက်တွေ အိပ်ရေးပျက်ပြီး မနက် ရုံးချိန် နောက်ကျနိုင်ခြင်း နှင့် မနက် အိပ်ရာမှ လုံးဝ မထနိုင်သော နေ့ရက်များတွင် ရုံးကို အရေးပေါ် ခွင့်တိုင်ရဖွယ်များ ရှိလာနိုင်ခြင်း တို့ကြောင့် အထက်လူကြီးကို နဲနဲကြိုပြီး မျက်နှာချိုသွေးထားရန်၊ ထိုရက်များတွင် အိမ်မှာ ထမင်း ဟင်း အလျင်မီအောင် ချက်နိုင်လိမ့်မည် မဟုတ်သောကြောင့် အိမ်သားများကို စည်းရုံးရေးဆင်း နှစ်သိမ့် ညှိနှိုင်းပြီး အိမ်နားမှ ကြက်ဆီထမင်းကို ကန်ထရိုက်ဆွဲထားရန် တို့ဖြစ်သည်…။

ဒါတွေအပြင် မျက်လုံးအစုံမှာလဲ ပန်ဒါ ဝက်ဝံလေးတွေလို ဖြစ်နိုင်သေးသဖြင့် လိမ်းစရာ Eye Cream တခုခု အသင့် ဝယ်ထားရန်လဲ စဉ်းစားထားသည်…။ ပြီးတော့ ညလယ်မှာ ဘောလုံးပွဲကြည့်ရင်း စားစရာ ဟိုဟိုဒီဒီ မုန့်ပဲသားရည်စာများ ဝယ်ထားရန်ကိုလဲ မေ့နေလို့မဖြစ်…။ သည်ရက်တွေမှာ တိုက်တိုက်ဆိုင်ဆိုင် ကြိုတင် ပြင်ဆင် အောင်ပွဲဝင် ဆိုသော စကားကို သတိရနေမိသည်…။

ပြီးတော့… ကြုံတုန်းလေး တလက်စတည်း ပြောထားချင်ပါသည်။
ထို ဘောလုံးပွဲရက်တွေမှာ ဘလော့ဂ်မှာ၊ မျက်နှာစာအုပ်မှာ၊ အွန်လိုင်းမှာ သက်ဝေတယောက် ပေါ်လိုက် ပျောက်လိုက် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ အပေါင်းအသင်း ရောင်းရင်းများနှင့် အတတ်နိုင်ဆုံး အဆက်မပြတ်စေရန် ကြိုးစားမည်… သို့သော် မတွေ့လျှင် စိတ်မပူကြပါနှင့်။

ဘောလုံးပွဲကို ဘယ်လောက်ပဲ စွဲလမ်းပါစေ၊ ဘလော့ဂ်ကိုတော့ သံယောဇဉ် ဖြတ်မသွားပါ…။ သည် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ပြီးတာနှင့် ပြန်လာမည် ပြန်ချစ်မည်…။


Wednesday, May 26, 2010

ပျော်ပျော်ပါးပါး က ကြီး ကနေ အ အထိ...

ကကြီး - ကံ

ကိုယ်က ဗုဒ္ဓဘာသာဝင်တယောက်ပီပီ ကံ ကံ၏ အကျိုးကို သေသေချာချာ ယုံကြည်ပါတယ်…။ ပြီးတော့ မဆီမဆိုင် ဆက်ပြောရရင် ကော်ဖီ ကို အရမ်းကြိုက်ပါတယ်…။

ခကွေး - ခရေပင်တန်း (သို့) ချစ်သူတို့ လျှောက်သောလမ်း

ကိုယ်တို့ စက်မှုတက္ကသိုလ် ကျောင်းကြီးရဲ့ အချက်အချာကျ လှပကြည်နူးဖွယ်ရာ Lover’s Lane လို့ခေါ်တဲ့ လမ်းကလေး… ခရေပန်းပွင့်ချိန်ဆို လမ်းတလျှောက် ပန်းနံ့တွေ မွှေးနေတာပဲ… လမ်းလျှောက်ရင်း စကားပြောမလား... ပန်းကောက်ရင်း စကားပြောမလား...း))

ဂငယ် - ဂဏန်း

ဘုရားရေ… စဉ်းစားလို့ရတဲ့ ဂငယ်ကလဲ ဒီတခုပဲ ရှိတယ်…။ ဒီမှာက ဆိုင်တွေမှာ ဂဏန်းစားချင်ရင် အရှင်တွေပဲ ရှိတာမို့ တော်ရုံနဲ့ မစားဖြစ်ပါဘူး။ လွတ်လွတ်ကင်းကင်း (လို့ ထင်ရတဲ့) Soft Shell Crab ပဲ စားဖြစ်ပါတယ်…။

ဃ ကြီး - ဃနာနို့ဆွမ်း

ကြားဖူးတာ သတိရတာကို ရေးလိုက်တာပါ… အားလုံးသိပြီးသားဖြစ်မှာပါ… ဆက်မရှင်းတော့ဘူးနော်…း))

င - ငါ့ ငါ ငါး... ငါးဟင်းချက်ပါလား

ငယ်ငယ်က မိသားစု ထမင်းဝိုင်းမှာ ငါးဟင်းချက်တဲ့နေ့ဆို အဖိုး ရေရွတ်လေ့ရှိတဲ့ စကားလေးပါ…။ ပြီးရင်တော့ ကိုယ်က "စ စာ စား... စားလို့ ကောင်းရဲ့လား..." လို့ ဆက်ရွတ်တာပေါ့…။ လွမ်းစရာ အချိန်တွေ…။

စလုံး - စင်္ကာပူ၊ စက်မှု နဲ့ စာရေး စာဖတ်ခြင်း

လောလောဆယ်မှာတော့ အားလုံးသိကြတဲ့အတိုင်း စလုံး လို့ခေါ်ကြတဲ့ စ ကထဲက လုံးလည် ချာလည်လိုက်နေရတဲ့ စင်္ကာပူမှာ ရောက်နေပြီး လုပ်နေတဲ့ အလုပ်ကတော့ စက်မှု အင်ဂျင်နီယာ တယောက် ဆိုပါတော့…။ အချိန်ရရင်ရသလို စာတွေအစုံဖတ်ပြီး ဟိုမရောက် ဒီမရောက် စာတွေကလဲ ရေးသေး…း))

ဆလိမ် - ဆေး နဲ့ ဆင်ခြေ

ဆေးသောက်ရတာ မကြိုက်ဖူး… နေမကောင်းလို့ ဆေးသောက်ရခါနီးတိုင်း ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အချိန်ဆွဲပြီး ဆင်ခြေတွေပေးတတ်တယ်…။ ဆေးဆိုတာ ဓါတုပစ္စည်းတွေ… အတတ်နိုင်ဆုံး မသောက်တာ အကောင်းဆုံး… အချိန်တန်ရင် သူ့ဟာသူ ပျောက်သွားမှာပေါ့.. ဘာ ညာ နဲ့…။

ဇကွဲ - ဇွဲ

ကိုယ်က ကျောင်းစာ ကျက်တာကလွဲရင် ကျန်တဲ့နေရာ အားလုံးမှာ အတော်ကို ဇွဲကောင်းတာလား… အခုလဲ ချစ်ရတဲ့ ဆရာမ မမေငြိမ်း တက်ဂ်တာကို ဇွဲနဲ့ နဘဲနဲ့ မအိပ်မနေ ရေးနေတာလေ…း))

ဈ မျဉ်းဆွဲ - ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်တဲ့ကိစ္စကိုတော့ အထူးတလည်ပြောစရာ လိုမယ်မထင်ဘူး… ရှော့ပင်ဆို လာထားပဲ… မမောနိုင် မပန်းနိုင်... အချိန်မရှိ အချိန်ရှိ... မိုးရွာရွာ နေပူပူ... ဘယ်သူ အမြင်ကပ်ကပ် မကပ်ကပ်... ဘယ်သူ ဘယ်လို မျက်လုံးပြူးနဲ့ကြည့်ကြည့်… အရာအားလုံးကို အကြီးအကျယ် လျှစ်လျှူရှုတတ်တာမျိုး… (ကိုယ့်ကိုယ်ကိုယ် အခုလို အမွှန်းတင်ရတာ တော်တော်လေး အားရမိပါတယ်…)

ည - ညအခါ လသာသာ

ည ကို ချစ်တယ်…။
ညတွေမှာ ဖြစ်နိုင်ရင် မအိပ်ချင်ဘူး… လူသံ သူသံတွေ တိတ်ဆိတ်ပြီး အရာခတ်သိမ်းကို မျက်စေ့နောက်သက်သာတဲ့ အေးအေးချမ်းချမ်းရှိတဲ့ အချိန်တွေဟာ ည မှာပဲ ရှိတယ်လို့ သေသေချာချာ ယုံကြည်မိတယ်…။ လသာညတွေကတော့…. ပျော်စရာအကောင်းဆုံးပေါ့…။ အဲဒီညမျိုးတွေမှာ ကိုယ့်ရဲ့ လေးထောင့်အခန်းလေးထဲကနေ လရောင်ကို မြင်ရတဲ့ နေရာရှာပြီး ကြည့်ဖြစ်အောင် ကြည့်မိတယ်…။

ဋသံလျင်းချိတ် - ... ... ...

ဒီစာလုံးအတွက် ရေးစရာ ရှာမရတဲ့ ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့…း))

ဌ၀မ်းဘဲ - မွေးဌာနီ

ဒီစာလုံးတွေက ခက်က ခက်နဲ့… တော်သေးတယ် သီချင်းလေးကယ်သွားပေလို့….
အားလုံးကြားဖူးကြမှာပါ…
"မွေးဌာနီ အညာရပ်ဆီသို့… ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ... ...
မှန်းဆကာရည်… လွမ်းရပါသည်… … …"

ဍ ရင်ကောက် - ... ... ...

ဒီစာလုံးအတွက်လဲ ကိုယ့်ကို ခွင့်မလွှတ်စေချင်ပါ… တကယ်ကို ရေးစရာ ရှာလို့ မရ…။

ဎ ရေမှုတ် - ... ... ...

ဒါလဲ အတိဝူး… အတိဝူး…း))

ဏကြီး - အဲဏီ

ဝိုင်ဝိုင်း ဆိုထားတဲ့သီချင်းလေးရဲ့ နာမည်ပါ… ချစ်စရာ သီချင်းလေး တပုဒ်ပေါ့…။

"အဲဏီ… တို့မင်းနဲ့ တွေ့ချင်သည်… အဲဏီ… တို့အခုတော့ လွမ်းနေသည်…
အဲဏီ… ကိုယ့်ရဲ့ဘဝအတွက် အချစ်နတ်သမီး… အခုတော့ ကိုယ်သိပြီ… … …"
(ဘယ်ဆိုးလို့လဲ... အဟဲ...)

တ၀မ်းပူ - တ ဗျ တ ဗျ ဟော ဗျ တ

ကဲ… အလုပ်ပေးတယ်လို့တော့ မထင်ကြပါနဲ့နော်… အပျင်းပြေပေါ့…။
အပေါ်မှာ ရေးထားတဲ့ တ ဝမ်းပူ တွေကို ဖတ်ကြည့်ပြီး အသံထွက်ကို ရေးပြသွားကြပါ။
(အဖြေ = တဝမ်းပူ ဗျ တဝမ်းပူ... ဟောဗျ တဝမ်းပူ)
နောက်တခုကတော့ အားလုံးသိပြီး ဖြစ်ကြတဲ့အတိုင်း ကိုယ်က တိမ် တွေကို သိပ်ချစ်ပါတယ်…။

ထဆင်ထူး - ထန်းသီးမုန့်

လောလောဆယ်မှာ ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး... ထင်ရာမြင်ရာ ပြောရမယ်ဆိုရင်တော့ ထန်းသီးမုန့် စားချင်နေပါတယ်...

ဒဒွေး - ဒွေး

ဒီစာလုံးကို မြင်လိုက်တာနဲ့ အချိန်မတန်ခင် ကြွေလွင့်သွားတဲ့ မင်းသား ဒွေး ကလွဲလို့ ကျန်တာ ဘာမှ စဉ်းစားလို့ မရပါဘူး…။ ရှပ်လက်တို အဖြူလေးနဲ့ ကချင်လုံချည် ရိုးရာဆင်လေးနဲ့ ကျောင်းလာတက်တတ်တဲ့ ကိုယ်တို့ရဲ့ ကျောင်းတော်သားကြီးကို ခုထိ မျက်စေ့ထဲ မြင်ယောင်နေတုန်းပါ…။

ဓအောက်ချိုက် - ဓါတ်ပုံ

လောလောဆယ်မှာ ဘလော့ဂ်တခုမှာ ထင်ရာတွေ ရေးနေတဲ့အပြင် ဓါတ်ပုံရိုက်ခြင်းဟူသော အမှုကိုလဲ ပြုနေပါသေးတယ်…။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ Learning in Photography ပေါ့လေ… (မတန်မရာနော်… ခွိခွိ..) ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ကင်မရာဝူးမန်းလုပ်နေတော့ ရိုက်သမျှဓါတ်ပုံတွေထဲမှာ ကိုယ့်ပုံ မပါတော့သလောက် နည်းသွားတာပါ…။ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်…။ ဒါပေမယ့် ဒီပိုစ့်မှာတော့ လာဖတ်သူတွေ မျက်စေ့မနောက်ရလေအောင် ဓါတ်ပုံတွေ မထည့်တော့ပါဘူး… ဝမ်းသာကြပါ…။

နငယ် - နားလည်မှု

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် (အနည်းဆုံး) ကိုယ့်ကို နားလည်ပေးမယ့်သူ တယောက်ဟာ ဘဝမှာ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် လိုကို လိုအပ်ပါတယ်…။

ပစောက် - ပိုးဟပ်

လောကကြီးမှာ ကိုယ် အကြောက်ဆုံး ကောင်ကောင်ပါ…။ သူ့ ခေါင်းထိပ်မှာက အင်တီနာ နှစ်ခုက လှုပ်တုတ် လှုပ်တုတ်နဲ့လေ…း((

ဖဦးထုပ် - ဖေဖေ

ကိုယ်က ဖေဖေ့သမီးလေ…
မေမေက စိတ်နဲ့မတွေ့ရင် ဆူတတ်တယ်… ဖေဖေက မဆူတတ်ဖူး…း))

ဗထက်ချိုက် - ဗုဒ္ဓဟူးနေ့

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဗုဒ္ဓဟူးနေ့လေ… ဗုဒ္ဓဟူးနေ့မှာ ဗိုင်းကောင်းကျောက်ဖိ မနေလို့ ဗုံးပေါက်… အဲလေ ဗိုင်းကနဲ လဲကျတာပေါ့…။

ဘကုံး - ဘလော့ဂ်၊ ဘော်ဒါတွေနဲ့ ဘောလုံးပွဲ

ဘလော့ဂ်လေးနဲ့အတူတူ ဘော်ဒါတွေကို သိပ်ချစ်ပါတယ်… ဘောလုံးပွဲကတော့ ဒီရာသီမှာ မန်ယူ မနိုင်လို့ စိတ်ညစ်နေတယ်…။ ကွင်းထဲမှာ ဘောလုံးက တလုံးထဲ ပေးထားတာကိုး… ဒီတော့ သူတို့လေးတွေမှာ မောကြီးပန်းကြီးနဲ့ အသည်းအသန် လုနေကြရတာပေါ့… ဘောလုံး အလုံး နှစ်ဆယ်သာ ချပေးထားကြည့်ပါလား၊ တယောက်တလုံးစီ ကန်နေကြရုံပဲ… ဘာများ လုနေစရာ လိုအုံးမှာလဲ... လို့ ဘုကျကျ တွေးနေမိသေး…။

မ - မေမေ

မေမေ့ကိုလဲ သိပ်ချစ်ပါတယ်…။ မေမေနဲ့ကိုယ်နဲ့က အတူတူနေရင် ခဏ ခဏ တကျက်ကျက်ဖြစ်ရတယ်…။ ဒါပေမယ့် မေမေကတော့ ကိုယ့်ကွယ်ရာမှာ သမီးကို အချစ်ဆုံးလို့ပြောတတ်တယ်…း))

ယပက်လက် - ယောင်ခြောက်ဆယ် (သို့) ယောင်တောင်တောင်

လုပ်စရာတွေ အများကြီး ရှိရဲ့သားနဲ့ ယောင်တောင်တောင် လုပ်နေတာကြာပြီ…။

ရကောက် - ရေ… ရေ… ရေ…

တနေ့က ရေအကြောင်း ဟိုက ဒီက ရေးကြတာတွေ ဖတ်ပြီး မျက်နှာစာအုပ်မှာ "မီးတောက်နေတယ်… ရေ လိုနေတယ်..." လို့ ရေးလိုက်မိပါတယ်။ ဘယ်လောက်မှ မကြာလိုက်ဖူး မင်္ဂလာဈေးကြီး မီးလောင်ပါရောလား… (ကြောက်လိုက်တာ… နောက်ကို ရေးတော့ဘူးနော်…)

လ - လမင်းနဲ့ ပင်လယ်

ဝိုင်ဝိုင်းသီချင်းတွေထဲက သိပ်ကြိုက်တဲ့ သီချင်းတပုဒ်ပါ…

"ပင်လယ်ဟာ ဒါဏ်ရာ ဟန်ဆောင်ကာ မနေနိုင်…
ဆူညံ ပေါက်ကွဲ နက်ရှိုင်း မျက်ရည်… လမင်းဆိုတာ အေးမြ အလင်းရောင်…
မဆုံနိုင်တဲ့ လမ်းမှာ တို့တွေ့ခဲ့ကြတယ်…
ငွေရောင် လမင်းလေး ဝေးကွာနေလဲ… မင်းရဲ့အလှအပဟာ ရူးစေတယ်…
အကြင်နာတွေဟာ ဒီလှိုင်းများလို အော်မြည်ကာရယ်
အပြေးလာနေတယ်…. … …."

ဝ - ဝေးဝေးကသာ လွမ်းပါမည်

မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ရတနာ (၂) ကဗျာထဲက စာကြောင်းလေးပါ….။

"သူကမေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက်မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်… …"

သ - သီချင်း

စာဖတ်ရတာပြီးရင် ကိုယ်အကြိုက်ဆုံး က သီချင်းနားထောင်ရတာကိုပါပဲ… ဘာသီချင်း ညာသီချင်း မရွေးပါဘူး… အသံတွေ သိပ်ဆူညံတဲ့ သီချင်းမျိုးတွေကလွဲရင် ခေတ်ဟောင်းတေး၊ အနှစ်နှစ်ဆယ်တေး နဲ့ ခေတ်ပေါ်တေး တော်တော်များများကို အချိန်ရှိသ၍ စိတ်ပါလက်ပါ နားထောင်တတ်ပါတယ်…။ ဆိုရော ဆိုတတ်သလားလို့တော့ လာမမေးနဲ့နော်... ပြောဘူး...။

ဟ - ဟင်းချက်ခြင်း

ကိုယ် စိတ်ဝင်စားတဲ့ အထဲမှာ ဟင်းချက်တာလဲ ပါပါတယ်…။ ဒီရက်တွေမှာတော့ အလုပ်တွေများပြီး မောလွန်းလို့ ဘာမှ မချက်ဖြစ်တာကြာပေါ့…။ အခုလဲ မနက်ဖြန်ဖို့ ဟင်းချက်မယ်လို့ ဟန်ကျ ပန်ကျ တွေးပြီး ဟင်း…. မောပါသေးတယ်လေ ဆိုပြီး ဒါတွေရေးနေတာပေါ့… ဟွန်း…..

ဠကြီး - ဠင်းတ

ဆရာမ မမေငြိမ်းပြောသလိုပါပဲ… နာမည်ဆိုး ရုပ်ဆိုး အဖြစ်ဆိုး နေရာဆိုးဆိုးမှာနေရတဲ့ သနားစရာ သတ္တဝါတကောင်ပါ….။ ဖြစ်လေရာဘဝ ဠင်းတ တော့ မဖြစ်ပါရစေနဲ့ လို့ ဆုတောင်းချင်ပါတယ်…။ စိတ်များ သိပ်မြန်... ဠင်းတ အကြောင်းရေးနေရင်းက သူ စိတ်နဲ့မတွေ့ရင် လဒ လို့ လာလာ ခေါ်တတ်တဲ့ သူငယ်ချင်းတယောက်ကို ချက်ချင်းပဲ သတိရသွားမိတယ်… လဒ = ဠင်းတ မဟုတ်လား…း))

အ - အိမ်

အိမ်အလွမ်း၊ အိမ်ပြန်ချိန်၊ အမေ့အိမ်၊ အိမ်ကို ပြန်ခဲ့တော့… စသည်ဖြင့် အိမ်… နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ အများကြီးထဲက ကြိုက်နေမိတဲ့ ဓိရာဓိုရ် ရဲ့ သီချင်းလေးပါ… သီချင်းလေးရဲ့ နာမည်က အိမ် တဲ့…။

"အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တပက်ရယ်
အိမ်ပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်... … …

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ ကမယ်... … …"

ဆရာမ မမေငြိမ်း မျက်နှာစာအုပ်မှာ တက်ဂ်ထားတဲ့ ပျော်စရာ က ကြီး ကနေ အ အထိ ပါ…။ သတိတရ တက်ဂ်လာတဲ့ ဆရာမ မမေငြိမ်းကို ကျေးဇူးတင် ချစ်ခင်စွာနဲ့ ရေးပါတယ်…။

အစီအစဉ်အရ မပျက်မကွက် ဆက်ပြီး တက်ဂ်လိုက်ချင်သူများကတော့
အေ တူ ဇက်မှာ ကိုယ့်ကို တက်ဂ်ခဲ့တဲ့ ချစ်ညီမ ပန်ပန်
ခွင့်ရက်ရှည်ယူပြီး နာမလိုစရာ အိမ်မှာ နှပ်နေတဲ့ ကလူသစ်
သူမပါရင် မပြီး နာမည်ကြီးနေတဲ့ တီဇက်အေ
ပြင်းပြင်းထန်ထန်တွေ ရေးတတ်တဲ့ ကိုဘလူးစကိုင်း
ပြီးတော့ သူငယ်ချင်း အရင်းကြီး ချစ်ကြည်အေး
စာအရေးကြဲနေတဲ့ ချစ်သူငယ်ချင်း တန်ခူး မသီတာ တီတီဆွိ နဲ့ စုချစ်သူ တို့ကိုပါ…။ အချိန်ရရင် ရေးပေးကြပါလေ… ပျော်ပျော်ပါးပါးပေါ့…။


Sunday, May 23, 2010

My thought for A to Z

A – Appreciate
I always appreciate what I have…း))

B – Blogging
For this moment, Blog is my Best friend… Oops…!!!

C – Coffee, Cheese Cake & of course, Clouds


As you know, those are my all time favorites…

D – Daddy
Need not to describe about him, right…?

E – Entrance


In our life, some of the things are easier of entrance than of exit...
Have to be careful...!!

F – Friendship
Friendship is one of the most important things in my life.
Always value the friend who can give me understanding.

G – Google
Anything I want to know, I just go Google & search…

That’s why Google is very important for me… Hee.. Hee..

H – Home
No place like home…

I – I
I is for personality.

The word I is what defined me as an individual, as a person separate from all others.

J – Jeans
That’s what I use to wear…

K – Kindness
Kindness is the one which can see even blind people or which can hear even deaf people.
I always try to be kind & patient to people who needs.

L – Laugh
Have you laughed yet today…??? If not, try to get a least one reason for laugh.

M – Mum
Mum is the lady I love most…!!! She meant a lot to me..

N – No
A word for denial but for me, it’s the hardest word to say…!!

O – Ordinary
I try not to be out of ordinary because I'm just an ordinary person…

P – Peace
Peace… it can start from the smile… So what are you waiting for…?

Q – Quiet
I have one sentence in my notes.
The quieter you become, the more you can hear. Agree..?

R – Reading
Reading always gives me a lot of enjoyment. I always wanted to read variety of books.

S – Steps


A journey of the thousand miles starts from a single step..!!!
Now I am thinking on which step I am standing.

T – Time
Time is free & it's priceless.
You can't own it, but you can use it.
You can't keep it, but you can spend it.
Once you've lost it, you can never get it back.

U – Understanding
Everyone need correct understanding to each other..

That’s the powerful word for every relationship.

V – Vacation
So tired on daily routines… Seriously need vacation…

W – Whatever
I am the one who always see everything in positive point of view. So… whatever lah…

X – X

In scrabble and other word games, people always looking for it.
Because of high-point for the words that start with X.
But to me… it’s nothing so special, just a X…

Y – You
Without you, I am totally nothing.
You mean everything to me…

Z – Zillion
Zillion means indeterminate number… Thanks a zillion to you all for reading my post.


ညီမ ပန်ပန်ရဲ့ A to Z Tag ပါ…။
စာလုံးတွေအတွက် တော်တော်တော့ ဦးနှောက်စားပေမယ့် တွေးရတာ ပျော်တဲ့ ကိုယ့်အတွက်တော့ ပျော်စရာပါပဲ…။ ပထမတော့ စာလုံးတွေကို ဓါတ်ပုံနဲ့ သရုပ်ဖေါ်မလို့ပဲ… ဒါပေမယ့် အကုန်လုံးကို ဓါတ်ပုံနဲ့ ပြရရင် သိပ်ရှည်လျားပြီး ဖတ်တဲ့သူတွေအတွက် မျက်စေ့နောက်စရာတွေများ ဖြစ်သွားမလား တွေးပြီး အခုလိုလေးပဲ ရေးလိုက်ပါတယ်။ လာဖတ်တဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ သတိတရ Tag လာတဲ့ ညီမ ပန် ကို ကျေးဇူးပါ…။ အခု ဆက် Tag ချင်တာကတော့ သူငယ်ချင်း ချစ်ကြည်အေး ကိုပါ…။ ရေးမယ် ဟုတ်...း))


Thursday, May 20, 2010

ရင်ထဲက မြစ်တွေစီးဆင်းစေဖို့

မမေ့ပါနဲ့လေ...
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲစီးဆင်းနေတယ်ဆိုတာကို….

အမိမြေနဲ့ဝေးတဲ့ နေရာကို အခိုက်အတန့်ဖြစ်စေ အကြောင်းတစုံတရာကြောင့် ဖြစ်စေ ဘယ်သို့သော အကြောင်းအရာမျိုးကြောင့် ရောက်ရှိနေခဲ့သူ မည်သူမဆိုဖြစ်စေ ဒီမြေက ရေတွေ ကိုယ်တွင်းမှာ အမြဲမပြတ် စီးဆင်းနေဆဲဖြစ်တယ်ဆိုတာပါပဲ…။



ဧရာဝတီမှာ သောင်တွေ ထွန်းတင်နေခဲ့ပြီ... မြစ်ပြင်ကျယ်ကို ဟောဒီလို လှေမကူ နေပူပူမှာ ဖြတ်လျှောက်နိုင်ခဲ့ပြီ။

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွာ ဟုတ္တာ...။


ဒီကဗျာကို ရွတ်ဆိုနိုင်ဖို့ မဖြစ်နိုင်တော့ပြီ။

မြကန်သည် ကြင်သူပစ်ခွာသွား၍ ငိုကျွေးကျန်ရစ်လေ၏။


မြစ်ပြင်ကျယ်တို့သည် တိမ်သည်ထက် တိမ် ကောသည်ထက် ကောသည့်အဖြစ်သို့ နီးကပ်လာချေပြီ။ ပျက်စီးခြင်းဟူသော အမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မကာကွယ်နိုင်တော့ပြီလော။

ရပ်ကွက်များဆီမှာ ရေကို လုယက်ယူငင်နေကြသည်။ ရွှေကိုမလို ရေကိုသာလိုသည်။ ခိုက်ရန်ဖြစ်ပွားခြင်းတို့သည် လူတို့၏ လောဘ ဒေါသနောက်တွင် မကြာမတင် ရှေ့သို့ထွက်ရန် တာစူနေကြပေပြီ။ ရေအတွက် စစ်မက်ဖြစ်ခြင်းဆီသို့ မရောက်အောင် အဘယ်သူက တားမြစ်နိုင်မည်နည်း။

ရေချိုတွင်းက ရေကို မနည်း ခပ်ငင်နေကြရပြီ။ ခန်းခြောက်နေသော ရာသီဥတုတွင် ရေတွင်းထဲမှ ရေများ ဘယ်အချိန်ထိ တည်မြဲနိုင်မည်ကို မည်သူမျှ မသိနိုင်။


ဟိုတစ်စ ဒီတစ်စ ဆူညံပွက်နေကြပြီ။ မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ရေကြည်ရဖို့ အရေးသည် ဝမ်းစာအရေးထက်ပင် ခက်ခဲလာချေပြီ။ ဝမ်းစာကိုမေ့ ရေကြည်ကိုသာ ရှာတွေ့ဖို့ စိတ်စောနေကြသည်။ တစ်ရက်မှသည် ဘယ်နှစ်ရက်အထိ အူမတောင့်နိုင်ကြမည်နည်း။

ရပ်ရေးရွာရေးတို့သည်လည်း တစ်စ ထက် တစ်စ ပပျောက်ကုန်တော့မည်။ ထို့အတူ လူ့ဘောင်လောက၏ အနှစ်သာရများ ရေကြည်တွင်းမှာ တန်းစီရင်း ရဖို့ မဖြစ်နိုင်သည်ကို လူတိုင်းသိပေလိမ့်မည်။

မည်သည့်နိုင်ငံသားအဖြစ်ကို ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ မည်သို့သော နိုင်ငံကူးလက်မှတ်ကိုမဆို ကိုင်ဆောင်နိုင်ပါသည်။ ကိုယ်တွင်းမှာ အစဉ် စီးဆင်းနေသော သွေးထဲတွင် မြန်မာပြည်က ရေတွေ စီးဆင်းနေဆဲ အဖြစ်ကို မမေ့သင့်ပါ။

မမေ့ပါနဲ့လေ…
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲ စီးဆင်းနေတယ်ဆိုတာကို….

အမိမြန်မာပြည်တွင်းရှိ ရေဘေးဒုက္ခ ခံစားနေရသူများကို မိမိတို့ တတ်အားသရွေ့ကူညီစောင့်ရှောက်စေဖို့ ကမ္ဘာ အရပ်ရပ်ရှိ မြန်မာလူမျိုးတိုင်းကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ငြိမ်းချမ်းအေးမြသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ……။

* * * * *


မှတ်ချက် ။ ။ ချစ်ညီမ ပန်ပန် တက်ဂ်ထားတဲ့ A to Z ကို ရေးမလို့ တွေးနေစဉ်မှာ စေတနာ့ ဝန်ထမ်းတယောက်ဆီက ရေအလှုနဲ့ ပတ်သက်တဲ့ နှိုးဆော်စာလေးကို ကြားဖြတ်တင်လိုက်ပါတယ်…။

Friday, May 14, 2010

အဆုံးမရှိသော အရှုံး

ရှုံးနိမ့်ခြင်း (သို့) အရှုံးဆိုသည်မှာ ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ဖန်များလာသောအခါ ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ရလာသမျှ အရှုံးတွေကို ဗွီဒီယို အခွေများ၊ သီချင်းခွေများကို ကြည့်သကဲ့သို့ အခေါက်ခေါက် အခါခါ အဖန်တလဲလဲ ပြန်ရစ်ကြည့်နေမိသည်။ ဤသို့ကြည့်မိတိုင်းလဲ နာကျင်ရသည်ကသာ များပြီး မည်သည့်နည်းနှင့်မျှ ထိုအရှုံးနှင့် မရင်းနှီးလာပါချေ။

ရှုံးနိမ့်ခြင်းများစွာထဲမှာ အချို့ အချို့သော ရှုံးနိမ့်ခြင်းတွေသည် တော်တော် အဓိပ္ပါယ်မရှိ…။ သို့သော်လည်း အဓါပ္ပါယ်မရှိမှန်း သိသိကြီးနှင့် နာကျင် ခံစားနေတတ်သေးသည်။ နံနက် အိပ်ရာနိုးချိန် မှန်ကြည့်မိလျှင် တရက်ထက် တရက် ပြောင်းလဲ ကြီးရင့်လာသော ရုပ်ရည်သည် အရှုံးတခု ဖြစ်ပါသလား။ ထိုအရာမျိုးသည် ခံစားနေသင့်သော အရှုံးတခု ဟုတ်ပါရဲ့လား… သူ အသေအချာ မတွေးတတ်ခဲ့ပါ။

ရက်ပေါင်း လပေါင်း တော်တော်များများမှာ မေ့လျော့ထားခဲ့မိသော ရေးနေကျ မှတ်စုစာအုပ်ကို ညက သတိရသွားပြီး ဖွင့်ကြည့်မိသည်။ စာရွက်များကို တဖျတ်ဖျတ်လှန်ရင်း ကြည်နူးဖွယ်ရာ လရောင်၏ ဖျားယောင်းမှုများ အကြောင်းကို ရေးမှတ်ထားခဲ့သော စာမျက်နှာကို အရောက်မှာ ဖွင့်ထားသော ပြူတင်းတံခါးမှတဆင့် အပြင် ကောင်းကင်ကို ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။ မှောင်လွန်းသော လမိုက်ည ဖြစ်သည်…။ ထိုလမိုက်ညသည်လည်း သူ၏ အားနည်းချက် သူ၏ အရှုံးတခု ဖြစ်သည်။ မဝေးသေးသော လမိုက်ည တညမှာ တယောက်သောသူက သူ့ကို ဖယ်ခွာ ချန်ထားခဲ့ဖူးသည်လေ…။

တခါတရံမှာ အသိစိတ် နှင့်ကိုယ် တခဏ ဝေးကွာသွားတတ်ခြင်း ရုတ်တရက် စိတ်နှင့်လူ ကင်းကွာပြီး သတိလက်လွတ် ဖြစ်သွားတတ်ခြင်းတို့သည်လည်း အရှုံးတခုကို ဖြစ်စေ၏။ ရုတ်တရက် မယုံကြည်နိုင်စရာ မြင်ကွင်းတခုကို ရုပ်ရှင် အနှေးပြကွက်တခုလို မြင်လိုက်ရသောအခါ အားလုံးကိုမေ့ပြီး သတိလက်လွတ် ဖြစ်သွားခဲ့ချိန်မှာပဲ တယောက်သောသူက သူ့ကို အလဲထိုး အနိုင်ယူသွားခဲ့တာ…။ သတိရမိချိန်မှာ သူသည် လက်သီးထိုး လေ့ကျင့်ကွင်းမှ ပျော့ခွေခွေ သဲအိတ် တခုမျှသာ…။ ကွာခြားချက် တခုတော့ရှိသည်။ သဲအိတ်သည် နာကျင်မှုကို ခံရသော်လည်း စကားမပြောတတ်၊ အသံထွက်၍ မငြီးတွားတတ်ခြင်းပင်…။ ထိုအရာတွေကို ပြန်တွေးမိတိုင်း အရှုံးဒါဏ်ရာတွေသည် လတ်လတ်ဆတ်ဆတ် တဆစ်ဆစ် ကိုက်ခဲ နာကျင်နေဆဲ…။

သူ၏ မူလဗီဇအရ ပြန်လှန် ချေပ ပြောဆိုလိုစိတ် အလျဉ်းမရှိ၊ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်လိုစိတ်မရှိ၊ အယူခံဝင်တတ်ခြင်း မရှိ၊ အရာရာကို ခေါင်းညိတ်၍ လိုက်လျောတတ်ခြင်းသည်လဲ အရှုံးကို ယူဆောင်လာတတ်သည်။ ဤနည်းဖြင့် ရှုံးရမည်ဆိုပါက ရှုံးပါစေတော့လေ… ရဲရဲဝံ့ဝံ့ အရှုံးခံလိုက်ပါမည်။ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်ရသော အငြင်းပွားရသော အလုပ်ကို သူ နဲနဲမှ မနှစ်သက်တတ်ပါ။ ထိုအခါ စကားတတ်သော၊ စကားကပ်သောသူများထံမှာ သူ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်ပဲ…။ ကျေကျေနပ်နပ်ကြီး အရှုံးပေးသည်ဆိုသော်ငြားလည်း ရင်ထဲမှာ ဒါဏ်ရာတွေတော့ ကျန်နေစမြဲပင်…။ သူ ရရှိလာမည့် အရှုံးရလာဒ်ထက် သူတပါး၏ စိတ်ချမ်းသာမှုကို ပို၍ အလေးထားပါသည်ဟု ဆိုသောအခါ အားလုံးက (ရယ်စရာ မဟုတ်ပါပဲ) တညီတညာထဲ ရယ်ပွဲဖွဲ့ကြသည်။

သူ့ ဘဝမှာ သူမ ရှိခဲ့သည်။ စာမျက်နှာတွေ ရှိခဲ့သည်။ နေ့စွဲတွေ ရှိခဲ့သည်။ အခန်းငယ်တွေ ရှိခဲ့သည်။ ထို့အတူ နေရာတခုလဲ ရှိခဲ့ဖူးပါသည်။ ထိုနေရာကို သူ မပိုင်ပါ၊ သို့သော် အနည်းငယ်မျှတော့ ဆိုင်သည်ဟု (တဖက်သတ်) မှတ်ယူထားမိသည်။ ထို့ကြောင့် ထိုနေရာ မကြာခဏ ရောက်သွားလေ့ရှိသည်။ အရှုံးဆိုသည်ကို ခံစားမိသော တရက်မှာ ထိုနေရာကို နောက်ထပ်ခြေဦး မလှည့်မိအောင် အတတ်နိုင်ဆုံး သတိထား ထိန်းချုပ်လိုက်သည်။ သို့သော် ခြေလှမ်းများက သူ၏ စိတ်ကို အနိုင်ရသွားသော တနေ့မှာ ထိုနေရာကို ရောက်သွားမိခဲ့သည်။ အကြိမ်ကြိမ် မြင်နေကျ အရှုံးကို မပြောင်းမလဲ မြင်လိုက်ရပြန်သည်…။ အကြိမ်ပေါင်းများစွာ ထွက်ပြေးနေကျ ထိုနေရာမှ သည်တကြိမ်မှာလဲ အဆောတလျင် ထွက်ပြေးခဲ့ရလေသည်။ ပြီးတော့ ပြေးနေရင်းမှာပင် လဲပြိုကျခဲ့ရသည်။ ဇွတ်အတင်း ပြန်ထပြီး ဆက်ပြေးခဲ့ရပြန်သည်။ နောင်တဆိုသည်မှာ နောင်မှ ရတတ်ကြသော အရာတခုဆိုသည်မှာ သိပ်ကို သေချာပါသည်။

သူ၏ မရေမတွက်နိုင်သော အရှုံးများသည် မူးဝေ ပြင်းရှသော သောက်လက်စ အနီရောင် ရင့်ရင့် ဝိုင်တခွက်ထဲမှာ… မီးသေစပြုနေသော စီးကရက်တလိပ်၏ မီးခိုးငွေ့တွေထဲမှာ… သူမ ကိုယ်တိုင်ဝယ်ယူ ချိတ်ဆွဲထားခဲ့သော နံရံကပ် ပန်းချီကားထဲမှ ထက်မြသော ဆူးချွန်တို့နှင့် နှင်းဆီပန်း အနီရဲရဲ တွေထဲမှာ… မနက်မိုးလင်းတိုင်း သူမ သောက်နေကျ ကော်ဖီခွက် ညိုညိုလေးထဲမှာ… သူမ စိတ်လိုလက်ရရှိချိန်များမှာ ဆိုညည်းလေ့ရှိသော လီယိုဆေရာ၏ ကိုယ် မင်းကို လိုအပ်သောအခါ သီချင်းသံ တိုးသဲ့သဲ့ထဲမှာ… ပြီးတော့ ပန်ကာလေ အရှိန်ကြောင့် တဖျတ်ဖျတ်လွင့်နေသော စားပွဲပေါ်က မှတ်စု စာအုပ်ထဲမှာ… ထိတွေ့ပါများသဖြင့် လက်ကွက်များမှာ အက္ခရာတချို့ မှေးမှိန်စပြုနေသော ဆိုနီ လက်ပ်တော့ မီးခိုးရောင်လေးထဲမှာ… သူမနှင့် ပတ်သက်သော အမှတ်ရစရာများ မြင်တွေ့လာရတိုင်း မှတ်တမ်းတင်ထားမိသော ကင်မရာထဲမှ မှတ်ဥာဏ် ကဒ်ပြားငယ် သေးသေးလေးထဲမှာ... အိပ်မရသော ညများမှာ အကူအညီယူရလေ့ရှိသော ဗေလီယံ ဆေးလုံးလေးတွေ အကြားမှာ…။

သူ မျက်စေ့ကို စုံမှိတ်ချလိုက်မိသည်… ထို့နောက် ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းရင်း အဆုံးနိုင်တော့ဘူးလား ဒီအရှုံးတွေရယ်… ဟု ခပ်တိုးတိုး ငြီးတွားလိုက်မိပါသည်…။

အရှုံးဆိုသည်မှာ တကယ်ကို ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် ရင်းနှီးခင်မင် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ထိုထိုသော အရှုံးတွေကို လက်ချိုး ရေတွက်ရင်း၊ အဖန်တလဲလဲ ပြန်လည် ခံစားရင်း အရှုံး၏ အရသာနှင့် ရင်းနှီးလာအောင် ထိုအရှုံးနှင့် အကျွမ်းတဝင် ဖြစ်လာအောင် သူ တော်တော်ကြီး အားထုတ် ကြိုးစားရပေအုံးမည်။