ဝမ်းနည်းစရာ ကြားဖြတ်ပိုစ့်လေး တခုပါ…
ဒီနေ့ ညနေပိုင်းက မေးလ်တခု ဝင်လာပါတယ်...။
စာဖတ်ပြီးပြီးချင်း ဝမ်းနည်းပြီး ဘာလုပ်ရမှန်းမသိပဲနဲ့ အချိန်တွေ တော်တော်ကြာသွားပါတယ်…။
ဘာသတင်းလဲ ဆိုတော့…
Sakura Myanmar ဘလော့ဂ်လေး ပိုင်ရှင်… အေးချမ်းတဲ့ စာလှလှလေးတွေ ရေးတတ်တဲ့... ပန်းအိုးလှလှလေးတွေ ထိုးပြတတ်တဲ့... စားသောက်ဖွယ်ရာတွေ ချက်နည်း ပြုတ်နည်းတွေကို မျှဝေတတ်တဲ့... ပြီးတော့ မကြာသေးခင်ကမှ ချစ်စဖွယ် သမီးလေးတယောက် ပိုင်ဆိုင်ခဲ့တဲ့... ညီမငယ် နုစံ ရဲ့ ချစ်ရတဲ့ ဖခင် မေလ ၃၁ ရက်နေ့က ကွယ်လွန်သွားပါတယ်…။ ဒါလေးက သူရေးလိုက်တဲ့ စာထဲက တပိုင်းတစပါ…။
“ကျွန်တော် ဇွန်လ ၄ ရက်နေ့က မြန်မာပြည်ကို အရေးတကြီး အကြောင်းပေါ်လာလို့ ပြန်သွားရတယ်... မေလ ၃၁ ရက်နေ့က အဖေဆုံးသွားလို့ပါ... တိုက်ဆိုင်ချင်တော့ အဖေဆုံးတဲ့နေ့က ပတ်စပို့စ်ကို သက်တမ်းတိုးထားတာနဲ့ ကြုံပြီး အားချင်း မပြန်နိုင်ခဲ့ဘူး... ဒါကြောင့် အဖေ့မြေချတာကို မမီလိုက်နိုင်ဘူး... ရက်လည်မှပဲ မီတော့တယ်… စိတ်မကောင်းစရာသတင်းမို့ ဘယ်သူ့မှလည်း မပြောတော့ပဲ ပြန်သွားလိုက်တာပါ...”
နှေးနှေး သွားသွား မြန်မြန် သွားသွား တနေ့မှာ လူတိုင်းသွားကြရမယ့် ရောက်ကြရမယ့် လမ်းတခုဖြစ်ပေမယ့် ဖခင်တယောက်ကို ဆုံးရှုံးရတဲ့ ထိခိုက် ခံစားမှုကတော့ ဘာနဲ့မှ အစားထိုးလို့မရပါဘူး...။ ပြီးတော့ ကိုယ်တိုင်ကလဲ မိဝေး ဖဝေး တကွဲတပြား နေကြရသူတွေချင်းမို့ ကိုယ်ချင်းစာပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ်…။ စိတ်ကို ဖြေပါ ညီမရယ်လို့ အားပေးရအောင်ကလဲ ဒီလိုအကြောင်းမျိုးကို ဘာနဲ့ ဖြေရမှာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်…။
ဒါပေမယ့်လဲ ညီမ ဖေဖေ သက်ရှိထင်ရှားရှိချိန်မှာ ကိုယ့်ကြောင့် သူ စိတ်ချမ်းသာခဲ့ရတာတွေ… ကိုယ့်ကြောင့် သူ ဝမ်းသာပျော်ရွှင်ခဲ့ရတာတွေ… လိမ်မာတဲ့ သမီး တယောက်အနေနဲ့ မိဘအပေါ် ကျေးဇူးဆပ်နိုင်ခဲ့တာတွေ… မိဘကို စိတ်ချမ်းသာစေခဲ့တာတွေ... မြေးမလေးရလို့ အဖိုးတယောက်နေရာက သူ ကျေနပ် ကြည်နူးနေခဲ့ရတာတွေ ကို ပြန်တွေးပါ ညီမ… နဲနဲတော့ ဖြေသာပါလိမ့်မယ် လို့ မရဲတရဲ အားပေးမိပါတယ်…။
ဒီပိုစ့်လေးကို လာဖတ်မိတဲ့ သူငယ်ချင်း မိတ်ဆွေတွေလဲ နုစံကို သွားပြီး အားပေးပေးပါလို့ ပြောချင်ပါတယ်…။ ကျေးဇူးနော်…
ညီမငယ် နုစံရဲ့ ဖေဖေ ကောင်းရာ မွန်ရာ ဘုံဘဝ တခုမှာ ငြိမ်းချမ်းပါစေ လို့ ဆုတောင်းလိုက်ပါတယ်…။

.jpg)
.jpg)