အခုတလော စတော်ဘယ်ရီသီးတွေ ချယ်ရီသီးတွေ ဝယ်စားရင်း ငယ်ငယ်က အိမ်မှာ ဝိုင်ဖေါက်ခဲ့ဖူးတာ သတိရသွားတယ်။ အဲဒီအချိန်တုံးက အင်တာနက်တို့ ဘာတို့လဲ မရှိတော့ မှီငြမ်း ကိုးကားစရာ Recipe တွေ ဘာတွေနဲ့ နည်းလမ်းတကျတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒီလိုပဲ စာတွေထဲ ဖတ်ဖူး ကြားဖူးသလို လုပ်ကြည့်တာပါပဲ။

ဝိုင်ကို စပျစ်သီး အစိမ်းရောင်နဲ့ လုပ်ဖူးတယ်။ မရမ်းသီး အစိမ်းနဲ့လဲ လုပ်ဖူးတယ်။ စပျစ်သီး အစိမ်း၊ မရမ်းသီး အစိမ်းနဲ့လုပ်ရင် ဝိုင် အဖြူ ရတယ်။ မရမ်းသီးဝိုင်က ပိုပြီး ပြင်းရှရှနဲ့။ စတော်ဘယ်ရီကတော့ အသီးတွေ အများကြီးဝယ်မှ အရည် နည်းနည်းလေးပဲ ရလို့ တခါပဲ လုပ်ဖူးပါတယ်။ မကြာခဏ လုပ်ဖြစ်တဲ့ ကုန်ကြမ်းကတော့ ချဉ်ပေါင်ဖူး နီနီလေးတွေပါ။ ဈေးထဲက ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ အဒေါ်ကြီးဆီမှာ ချဉ်ပေါင်ဖူးတွေ ကြိုမှာထားရတယ်။ ရလာပြီဆို ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပြီး သကြားနဲ့ ရောနယ်။ ပြီးတော့ အဝကျယ်ကျယ် လေလုံလုံ ပုလင်းထဲ သိပ်ထည့်ပြီး နေ့ခင်းဖက် နေပူတဲ့ နေရာမှာ ချ၊ ပုလင်းလိုက် နေလှမ်းထားလိုက်တယ်။
နှစ်ရက် သုံးရက်လောက်ကြာရင် နေရဲ့ အပူရှိန်ကြောင့်ရော၊ သကြားကြောင့်ရော ချဉ်ပေါင်ဖူးတွေ နွမ်းပြီး အရည်တွေ စိမ့်ထွက်လာတာပေါ့။ အဲဒီ အရည်နီနီရဲရဲလေးတွေကို ရသလောက် စစ်ယူတယ်။ ပြီးတော့ Yeast နည်းနည်းထည့်တယ်။ Yeast အမှုန့်ဗူး ခပ်သေးသေးလေး တစ်ဗူး ဝယ်ထားတာ မှတ်မိတယ်။ ပြီးတော့ အဲဒီ အရည်တွေကို ဝိုင်ပုလင်းလို ပုလင်းရှည်ရှည်ထဲ ထည့်၊ သေသေချာချာ လုံအောင်ပိတ်ပြီး သုံးပတ်လောက် ထားလိုက်တယ်။
တခါ တခါ Yeast မထည့်ချင်ရင် ကောက်ညှင်းဆန်ကို ရေစိမ်ပြီး ချဉ်သွားအောင် သုံးရက်လောက် ထားပြီး ရတဲ့ အရည်ကို Yeast အစား သုံးကြည့်ဖူးတယ်။
ခုနက အရည်စစ်လိုက်ပြီး ကျန်တဲ့ ချဉ်ပေါင်ဖူး အဖတ်တွေကို သကြားထပ်ထည့်၊ မီးအေးအေးနဲ့ မွှေပြီး ယိုထိုးလိုက်တယ်၊ တချက်ခုတ် နှစ်ချက်ပြတ်… ပေါင်မုန့်နဲ့ စားလို့ရတဲ့ ချဉ်ပေါင်ဖူးယိုပေါ့။
သုံးပတ်လဲ ပြည့်ရော အနံ့ မွှေးမွှေး စူးရှရှ ချိုမြမြ ဝိုင်အနီတွေ ရလာတယ်။ ဝိုင်ထည့်သောက်စရာ ဖန်ခွက် လှလှလေး တစ်ခွက်လဲ ဝယ်ထားတယ်။ အဲဒီဝိုင်ကို သူ့တစ်ယောက်ထဲကလွဲပြီး ဘယ်သူ့ကိုမှ မတိုက်ဘူး။
မေးလိုက်တိုင်း သောက်လို့ ကောင်းတယ်လို့ အမြဲပြောတယ်။ မူးသလား မေးတော့ ရီဝေဝေပေါ့ တဲ့။ ဟိုသီချင်းထဲကလို ဘုံကမ္ဘာ ခုနှစ်ဆင့်တွေ၊ ရွှေကိန္ဒရီတွေ ဘာတွေ မြင်ယောင်ကုန်မှာစိုးလို့ အခါခါ အထပ်ထပ်တော့ မတိုက်မိပါဘူး။ တစ်ခါလာရင် တစ်ခွက်ပဲ။ အဲ… တနေ့ တစ်ခါ လာတော့… တနေ့ တစ်ခွက်ပေါ့။
အခုနောက်ပိုင်းမှာ သူငယ်ချင်းတွေ ဆုံလို့ ဝိုင်သောက်ဖြစ်ကြရင် သူက ဝိုင်အနီမှာမှ နည်းနည်းချိုတဲ့ ဝိုင်ကို ရွေးတတ်တယ်။ ဝိုင်သောက်တိုင်းလဲ တခြားဟာတွေ ဘာမှ မသောက်တတ်တဲ့ သူ… ငယ်ငယ်တုံးက ကိုယ့်ရဲ့ လက်ချက်ကြောင့် ဝိုင်ကို သောက်တတ်ပြီး ကြိုက်သွားတာလို့ ပြောသေးတာ။
သူ ဝိုင်သောက်တိုင်း ကိုယ်လုပ်တဲ့ ဝိုင်နဲ့ ဘယ်ဟာ ပိုကောင်းလဲ လို့ မမေ့မလျော့ မေးရင် သူက ခါးတာထက် ချိုတာကို ပိုကြိုက်တာမို့ ကိုယ့်ဝိုင်က ပိုကောင်းတယ်လို့ ဖြေတာ။ ကိုယ်ကျေနပ်အောင် ပေးတဲ့ အဖြေမှန်း သိသိကြီးနဲ့ အဲဒီအဖြေမှာ ကိုယ်ကလဲ အမြဲ ကျေနပ်နေသေးတာ…း))
ဒီရက်တွေမှာ အချိန်ရရင် ပစ္စည်း ကရိယာ စုံစုံလင်လင်နဲ့ နည်းမှန် လမ်းမှန်နဲ့ စတော်ဘယ်ရီ၊ ချယ်ရီတွေ ရောပြီး ဝိုင်အနီတစ်ပုလင်းလောက် မှတ်မှတ်ရရ ဖေါက်ကြည့်ဖို့ တွေးနေမိပါတယ်။



