Saturday, August 20, 2011

ဝိရောဓိ

တမင် မေ့ဖျောက်ထားသော အကြောင်းအရာတွေသည် (တမင်) နားမထောင်ဖြစ်တာ ကြာပြီဖြစ်သော သီချင်းတပုဒ်မှ စတင်ကာ အနားကို သူ့အလိုလို ရောက်လာကြသည်။ ယပ်တောင်တချောင်းဖြင့် တဖျတ်ဖျတ် မောင်းခါထုတ်သော်လည်း အလွယ်တကူ ထွက်မသွား…။ သတိရခြင်းတို့သည် ကော်ဖီခါးခါးတခွက်နှင့် တူသည်ဟု ဆိုချင်သော်လည်း ထိုကော်ဖီခါးခါးကပင် သတိရခြင်းများကို များသထက် များအောင် ခေါ်ဆောင်လာတတ်ကြသည်ပင်။ နားမရှင်းအောင် စာရေးခြင်းသည် ညနေက သောက်လိုက်သော ဘီယာတခွက်ကြောင့်ဟု ဆိုလျှင် ဘီယာသောက်သူများက သူတို့ကို သိက္ခာချသည်… တခွက်နှင့် မူးရသလား… ဟု အပြစ်တင်ကြလိမ့်မည်ကို ကြိုတင် တွေးဆပြီး ဖြစ်ပါသည်။ အပြစ်တင် မစောကြပါနှင့်… လစ်မစ်ခြင်း မတူသောကြောင့်ဟု ယူဆကြစေချင်ပါသည်…။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး၏ ဆောင်ပုဒ် ဖြစ်သော မူးရင် မမောင်းနဲ့… မောင်းရင် မမူးနဲ့.. ဆိုသော စကားရပ်ကို အသုံးပြုခွင့်ပေးပါရန် ၅၂လမ်းရုံးကို ခွင့်တောင်းပြီး မူးရင် မရေးနဲ့… ရေးရင် မမူးနဲ့ ဟု ဘလော့ဂ်စည်းကမ်းလုပ်ရလျှင် ကောင်းမည်။ သည်လိုဆိုလျှင် ဘလော့ဂ်ဂါတွေ ပိုစ့်တွေ ကျဲကုန်ကြမည်လည်း စိုးရိမ်ရသေးတော့…။ သို့သော်လည်း မူးလျှင် အနည်းငယ်တော့ ရစ်လိုပါသည်။ ပြောရင်း ဆိုရင်း လိုရင်းမှ သွေဖီသွားမှုများ၏ အဓိက တရားခံမှာ ဘီယာတခွက်ကြောင့်လား… ကော်ဖီခါးခါးကြောင့်လား… သို့တည်းမဟုတ် မေ့ထားသော အကြောင်းအရာများ ခေါင်းထဲ ရောက်လာခြင်းကြောင့်လား… ညနေက စီခဲ့သော စာတပုဒ်ကြောင့်လား… ဝေခွဲမရ ဖြစ်နေသောအချိန်တွင် အနီးအနားမှ ဖယောင်းတိုင် အနီရောင်များသည် တရားခံ ဖြစ်သွားကြရှာသည်။ မီးခြစ်တလုံးယူ၍ သူတို့ကို မီးပုံရှို့လိုက်သည်…။ ဟိုယိမ်း ဒီယိုင်နှင့် တငွေ့ငွေ့တောက်လောင်နေသော နီဝါဝါ မီးတောက်များကိုကြည့်ရသည်မှာ အရသာရှိလှသော်လည်း မူးနောက်လာသည်…။ မီးတောက်များကရော မူးတတ်ပါသလား… တွေးမရပါ…။ သို့သော် ရမ်းနေသည်မှာတော့ သေချာသည်။ လောင်ကျွမ်းနေသော ဖယောင်းညှော်နံ့ကို မခံနိုင်တော့သော အချိန်တွင် ထိုဖယောင်းတိုင်များကို ရေဘုံဘိုင်အောက်တွင် သွားချပြီး ရေများကို ဒလဟော ဖွင့်ချထားလိုက်သည်။ စိတ်ထဲမှလည်း နှစ်ထောင်းအားရ အကျေနပ်ကြီး ကျေနပ်လျှက်… ။ မီးတောက်တွေ ငြိမ်းသွားပြီ…။ တခုပဲ… မီးငြိမ်းကာမှ ပိုလို့တောင် ညှော်လာကြသေးသည်…။ ထိုရေဘုံဘိုင်အနားမှ ထွက်ပြေးခဲ့မိသည်။ ထိုအချိန်မှာပဲ ခုနက သီချင်းသံကို ပြန်ကြားလာရတာ…။ ခပ်ထုတ်စရာ ယပ်တောင်ကို ပြန်ရှာနေချိန်မှာ သီချင်းက မရပ်မနား တခေါက်ပြီး တခေါက် လည်နေသည်။ မေ့ဖျောက်ထားသော သတိရခြင်းများ… ကော်ဖီခါးခါးတခွက်… နားမရှင်းအောင် စာရေးခြင်း… ညနေက သောက်ခဲ့သော ဘီယာတခွက်နှင့် စီခဲ့သော စာတပုဒ် (သို့မဟုတ်) နွယ်…။ ဘီယာလိုပဲ ခါးတာ ဘာပါလိမ့်... တခွက်… နှစ်ခွက်… သုံးခွက်… နိုး… နိုး… နိုး… ဘယ်တော့မှ ချိုမလာနိုင်တာ သိပ်ကို သေချာပါသည်။ မူးရင် မရေးနဲ့… ရေးရင် မမူးနဲ့… မီးခြစ်တလုံးနှင့် ဖယောင်းတိုင် အနီရောင်များ… မီးတောက် နီဝါဝါတွေနှင့် လေမှာ ဝဲနေသော ဖယောင်းညှော်နံ့… ပြီးတော့ ရေနှင့်ထိတွေ့ပြီး ငြိမ်းသွားသောမီး…။ တငွေ့ငွေ့လောင်ကျွမ်းမှုများကို မနှစ်လို…။ လောင်ကျွမ်းမှုများ၊ အညှော်နံ့များ အနီးမှ ထွက်ပြေး… ဟော… ဒီသီချင်းအနားကိုပဲ နောက်တခေါက်… ပြီးတော့ တခေါက်ပြီး တခေါက်… အခေါက်ခေါက် ပြန်ရောက်လာပြန်ပြီ…

အပ်ကြောင်းအထပ်ထပ် ဇာတ်ထုပ်ကို တခေါက်ပြီး တခေါက်ဖွင့်ကာ…
ကြည့်ရင်း... ငါ့မှာ... စိတ္တဇ...
ငါ့ စိတ်... ပျံ့လွင့်နေတယ်... နိမ့်ဆင်းလိုက်... ပြန်မြင့်တက်လိုက်နဲ့... ... ...
ငါ့ စိတ်... ပျံ့လွင့်နေတယ်... မြန်သွားလိုက်… ပြန်နှေးလိုက်နဲ့…. စိတ္တဇ… …
မြင်ကွင်းမှာ ဝေဝါးလိုက်... ပြန်ပြီး ကြည်လင်သွားလိုက်...
ပေါ့ပါးစွာ ပျံဝဲလိုက်... ပြန် လေးလံ ထုံထိုင်းလိုက် နဲ့...
မြင်ကွင်းမှာ ဝေဝါးလိုက်... ပြန်ပြီး ကြည်လင်သွားလိုက်...
ပေါ့ပါးစွာ ပျံဝဲလိုက်... ပြန် လေးလံ ထုံထိုင်းလိုက် နဲ့...



မှတ်ချက် - မူး၍ ရေးသောစာ (လုံးဝ) လုံးဝ မဟုတ်ပါ။

ဝိရောဓိ - လေးဖြူ

Wednesday, August 17, 2011

အ မှောင် ထု ထဲ သို့ တိုး ဝင်...

ခန်းဆီးလိုက်ကာများကို တင်းတင်း စေ့ပိတ်အပြီး တခန်းလုံးမှ မီးခလုတ်များကို ပိတ်လိုက်သောအခါ ညအမှောင်နှင့် မီးအမှောင်တို့ ရောနှော တသားတည်းကျ… ညက လိုအပ်သည်ထက် ပိုမို မှောင်မိုက်ရင်း အသက်ဝင် လှပသွားတော့သည်။

* * * * * *

လူအတော်များများက အမှောင်ကို မကြိုက်ကြသော်လည်း ကျွန်မကတော့ လူအများနှင့် နည်းနည်းဖြစ်ဖြစ်တော့ ဆန့်ကျင်လိုက်ရမှ စားဝင် အိပ်ပျော်တတ်သူ… ထူးထူးခြားခြား အမှောင်ကို ကြိုက်တတ်သူတယောက် ဖြစ်သည်။ မီးရောင်အောက်မှာ မျက်စိစုံမှိတ်၍ တွေးရခြင်းထက် အမှောင်ထဲတွင် မျက်လုံးအကြောင်သားဖြင့် တွေးချင်ရာ တွေးနေရခြင်းကို နှစ်သက်လှသည်။ လူအများ နှစ်သက်လှသော လရောင် ကြယ်ရောင်တွေကို အခန်းထဲသို့ မရောက်စေရန် ခန်းဆီးထူထူဖြင့် ပိတ်ဆည်းကာ အကာအကွယ် ပြုတတ်သူမှာလည်း ကျွန်မသာလျှင် ဖြစ်သည်။ အမှောင်ထုသည် လူများ၏ စိတ်ကို လှည့်စားတတ်သည်ဟူသော အချက်မှာ အခြားသူများအတွက် မှန် မမှန် မသေချာပါ။ သို့သော် ကျွန်မ တယောက်တည်းအတွက်တော့ သိပ်ကို မှန်ကန်ပါသည်။

စပ်စုတတ်သော အခန်းနီးချင်းတချို့က နေ့နေ့ ညည နေပူပူ မိုးရွာရွာ အချိန်တိုင်း မီးဖွင့်လေ့မရှိသော မှောင်ပိတ်ပိတ် ကျွန်မ၏အခန်းကို တအံ့တသြ ကြည့်ရင်း မေးခွန်းထုတ်ကြသောအခါ မီတာခ မတတ်နိုင်၍ မီးမဖွင့်ခြင်း ဖြစ်သည် ဟူသော ကပျက်ကချော် အဖြေမျိုးကို ပေးရင်း ဟက်ဟက်ပက်ပက် ရယ်မောပစ်တတ်သူမှာ ကျွန်မ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မှောင်မိုက်သော အခန်းထဲမှာ တဦးတည်း တိတ်ဆိတ်စွာ နေထိုင်ရင်း ရနိုင်သမျှ အကောင်းဆုံးအရာများကို ကျွန်မ ရှာဖွေနေခဲ့မိပါသည်။

ကောင်းပြီ… အမှောင်ခန်းတခုထဲမှာ ကျွန်မ ဘယ်လိုအရာမျိုးတွေ ရနိုင်မည်လဲ…

မှောင်နေသော အခန်းတခုသည် ကျွန်မကို အေးချမ်းသော စိတ်ကူးအတွေးများ တွေးစေနိုင်သည်။ အတွေးတစရလာလျှင် ထိုအတွေး၏နောက် ကောက်ကောက်ပါအောင် လွတ်လပ်စွာ လိုက်ပါ တွေးတောခွင့်ကို အမှောင်ထုက ပေးနိုင်ခဲ့သည်။ အမှောင်ကို ကျင့်သားရနေသော မျက်လုံးများကြောင့် စာအုပ်စင်ပေါ်မှာ ဘယ်အထပ်မှာ ဘာစာအုပ်တွေ ရှိနေသည်ကိုပင် အလွယ်တကူ သိနေခဲ့သည်။ ထို့ထက်ပို၍ အတိအကျပြောရပါမူ အထူအပါး အရွယ်အစား မတူညီကြသော်လည်း ဘယ်စာအုပ်တွေက သူ ကျွန်မကို လက်ဆောင်ပေးခဲ့သော စာအုပ်များဖြစ်ကြသည်ကိုပင် အတတ် ပြောဆိုနိုင်ခဲ့သည်။

ထို့အပြင် မှောင်မိုက်နေသော အခန်းတခုသည် ကျွန်မ သွားလို ရောက်လိုသော နေရာများကို သူ့အလိုလို ရောက်သွားစေနိုင်သည်…။ သည်အခန်းထဲမှာ နေထိုင်ရင်းကပင် ကိုယ်တိုင်က တိမ်တွေကြားထဲသို့ တဟုန်ထိုး တိုးဝင်သွားတတ်သော လေယာဉ်ပျံကြီးများဆီသို့ ရောက်ချင် ရောက်သွားတတ်သည်။ ထိုအချိန်မျိုးမှာ နားထဲမှာ လေယာဉ်အင်ဂျင်သံတို့က ဆူညံလျှက်…။

မကြာခင်မှာပင် ရထားသံလမ်းတွေ၏ ဘေးတဖက် တချက်မှ မြက်ရိုင်းပင်များကို လှမ်းမြင်ရတတ်သော၊ ကွင်းပြင်ကျယ်ကျယ်များမှ ဖြတ်သန်းတိုက်ခတ်လာသော လေအေးအေးကို တဝကြီး ရှုရှိုက်ခွင့်ရတတ်သော ကျေးလက်က အိမ်ကလေးတလုံးဆီကို ရောက်သွားတတ်ပြန်သည်။ ထိုအခါ အိမ်သားများနှင့် အစဉ်ဆန့်ကျင်တတ်ပြီး မောင်နှမများနှင့်လည်း ဘယ်သောအခါကမှ အစေးမကပ်တတ်သော ကျွန်မ၏ မသိစိတ်မှာ အိမ်ကိုလွမ်းဆွတ် တမ်းတစိတ်ကလေး အနည်းအကျဉ်းမျှ ရှိနေတတ်သေးသည်ကို တအံ့တသြ တွေ့ရပြန်သည်။

ကိုယ်တိုင်က ကော်ဖီကို စွဲစွဲလန်းလန်း မကြိုက်တတ်သော်လည်း သူ နှစ်သက်၍ အကြိမ်ကြိမ် သွားခဲ့ဖူးသော မှန်ချပ်ရှည်ရှည်များ ကာရံထားသော ကော်ဖီဆိုင်လေးဆီသို့ ရောက်သွားတတ်သောအခါ ကော်ဖီနံ့ မွှေးမွှေးသည် ကျွန်မ၏ အမှောင်အခန်းလေးထဲတွင် ပျံ့လွင့်လျှက်…။ သဲမွမွပေါ်တွင် ဖိနပ်ချွတ်၍ သူ နှင့်အတူ တပျော်တပါး ပြေးလွှား ဆော့ကစားခဲ့သော ကမ်းခြေတခုဆီသို့ ရောက်သွားသောအခါတွင်မူ ခြေဖဝါးမှာ သဲမှုန်များ ကပ်လာသလိုပင် ခံစားရနိုင်သေးသည် ဆိုလျှင် ဘယ်သူ ငြင်းချက် ထုတ်နိုင်မည်လဲ…။

ထိုအရာတွေအပြင် မှောင်နေသော အခန်းတခု၏ နံရံလေးဖက်နှင့် မျက်နှာကြက်ပေါ်တွင် ကျွန်မ အလိုရှိသော ပုံရိပ်များကို စိတ်တိုင်းကျ ဖန်တီး၍ ရနိုင်သည်။ စာကြည့်စားပွဲမှာ ထောင်ထားသော ဖေဖေ နှင့် မေမေတို့၏ လေးလက်မ ခြောက်လက်မ ဓါတ်ပုံကလေးကို နံရံပေါ်မှာ အဆပေါင်းများစွာ ချဲ့ထားသလို မြင်ရစေခဲ့သည်။ ဆိုးတေတေ ဂျစ်ကန်ကန် သမီးတယောက်ဖြစ်သော်လည်း သူတို့က ကျွန်မကို အစဉ် ခွင့်လွှတ်ပြီး ချစ်ခင် ကြည်ဖြူတတ်ကြပါသည်။ ပြီးတော့ ကျွန်မကို တွေ့လျှင် နှစ်ခြိုက်စွာ ပြုံးပြတတ်သော၊ တခုခု ရယ်စရာတွေ့လျှင် သို့မဟုတ် သူ သဘောကျလျှင် ပါးဖေါင်းပြတတ်သော၊ အလိုမကျစရာများကိုတွေ့လျှင်တော့ မျက်မှောင်ကို အစွမ်းကုန် ကြုတ်ပြတတ်သော၊ ကျွန်မ ချစ်ရသော သူ… သူ့မျက်နှာများက နံရံတွေတိုင်းမှာ အပြည့်… ပြီးတော့ မျက်နှာကြက်ပေါ်မှာ ရုပ်ရှင်ပြကွက်တွေလို တဖျတ်ဖျတ်…။ တခါတရံမှာ ညမိုးချုပ်တိုင်း ကျယ်လောင်စွာ အော်ဟစ်ငိုယိုတတ်သော ကျွန်မ မုန်းတီးသော ဘေးတခန်းကျော်မှ ကလေးလေး၏ မျက်ရည်လည်ရွဲနှင့် မျက်နှာသေးသေးလေးပင် အဆစ်ပါလိုက်သေး။

ပိန်းပိတ်အောင် နက်မှောင်နေသော အခန်းတခုနှင့် အပ်စပ်သော ဂီတသံမှာ သာယာ ငြိမ့်ညောင်းသော မေရှင်၏ ခေတ်ဟောင်းတေး တပုဒ်ဖြစ်နိုင်သလို တခါတခါမှာ လေးဖြူ၏ အိမ်ကို ပြန်ခဲ့တော့… ဟူသော မြူးမြူးကြွကြွ တေးသွားတခုလည်း ဖြစ်နိုင်သေးသည်ပင်။ ဒါမှမဟုတ် ဝိုင်ဝိုင်း၏ အိမ်လွမ်းသူ… တချို့ညများမှာတော့ မီမီဝင်းဖေ၏ အမှောင်ယံ ကြီးစိုးတဲ့ညရယ်… အစပြုသော သီချင်းသံ အေးအေးသဲ့သဲ့…။ သို့ဆိုလျှင် ကျွန်မ၏ အခန်းမှာ ဝေဒနာတွေ ကင်းစင်ပြီး အရာရာ ပြီးပြည့်စုံသွားပြီဖြစ်သည်။

* * * * * *

တံခါးရွက်ကို အပြင်ဖက်မှနေ၍ အပြင်းအထန် ထုနှက် ရိုက်ခတ်သံများ ကြားနေရသည်။ သူတို့တွေ အခန်းတံခါးကို ဖွင့်ဟရန် ကြိုးစားနေကြပုံရသည်။ တံခါးကို ဖွင့်၍ မရအောင် ပရိဘောဂ တခုခုနှင့် တွန်းထိုးပြီး ကာကွယ်ရန် ကြိုးစားသော်လည်း လက်တွေ့မှာ ဘယ်အရာကိုမှ ကိုင်တွယ် ထိတွေ့၍ မရတော့ချေ။ အချက်ပေါင်းများစွာသော ထုနှက်သံတို့၏ အဆုံးမှာ ဝုန်း ကနဲ အသံကျယ်ကျယ်တခုနှင့်အတူ ကျွန်မကြောက်ရွံ့လှသော အလင်းရောင်တချို့ အခန်းထဲသို့ တိုးဝင်လာခဲ့သည်။

နောက်မှာတော့ လူတစုက ကျွန်မကို မမြင်သလို တွန်း တိုက်ပြီး အခန်းထဲသို့ အပြေးတပိုင်း ဝင်သွားကြပြန်သည်။ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် အစေးမကပ်သော ကျွန်မအတွက် အတန်းထဲမှာ အခင်ဆုံးဟု ဆိုနိုင်သော သူငယ်ချင်းမတယောက်က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလျှက် ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်ရင်းက ကျွန်မအိပ်ရာနားသို့ တိုးကပ်ဝင်ရောက်သွားသည်ကို တွေ့ရသည်။ ထိုသူငယ်ချင်းကို စကားတွေ လှမ်းပြောနေသော်လည်း ကြားရပုံ မပေါ်ချေ။

“ကျောင်းကအပြန်မှာ ခွေးကိုက်လိုက်တာ ခွေးရူးလား ခွေးကောင်းလား မသိလို့ ဆေးခန်းသွားမယ်၊ ဆေးခွင့်ယူပြီး နားအုံးမယ်ဆိုပြီး ပြန်သွားတာပဲ… ဒီ တပတ်လုံး ကျောင်းမလာတော့ အိမ်မှာ နားနေတယ် မှတ်တာပေါ့… တခုခုလိုရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါလို့ မှာထားရဲ့သားနဲ့… အခုတော့… … …”

ပြီးတော့ ကျွန်မ ချစ်ရသော သူ… ဖွာလန်ကျဲနေသော ဆံပင်နီကျင်ကျင်များ… ပြီးတော့ နာကျင် နီရဲနေသော မျက်လုံးများနှင့်… အဝေးကြီးမှ မောကြီး ပန်းကြီး လာခဲ့ရသူတယောက်နှယ်…။ သူ့နှုတ်ဖျားမှာ ကျွန်မ၏ နာမည်ကို သူ ခေါ်နေကျအတိုင်း လေသံသဲ့သဲ့ဖြင့် ရေရွတ်လျက်...။ သူတို့ကို နှစ်သိမ့်သောအနေဖြင့် ပြုံးရယ်နှုတ်ဆက်နေသော ကျွန်မကိုမူ မည်သူကမှ မမြင်ကြချေ။

သူငယ်ချင်းက အသံထွက်၍ ရှိုက်ငိုနေစဉ်မှာပဲ ထိုလူတစုက အနည်းငယ် လေးပင်ဟန်တူသော ရှည်မျောမျော သေတ္တာတခုကို အခန်းထဲမှ အသာ မ ယူ သယ်ဆောင်သွားကြတော့သည်။ အို… ကျွန်မ သွားရတော့မည်ပဲ…။ ငိုနေသော သူငယ်ချင်း၏ ပုခုံးကို လက်သီးဖြင့် ခပ်ဖွဖွထိုးရင်း နှုတ်ဆက်လိုက်သည်...။ ပြီးတော့... နံရံကို ခေါင်းနှင့်တိုက်ကာ အသံတိတ် ရှိုက်ငင်နေသော သူ့ ဆံပင်နီကျင်ကျင်ကို တချက် နမ်းရှိုက်လိုက်ရင်း ထိုလူတစုနှင့် အတူ ကျွန်မ လိုက်ပါသွားခဲ့သည်။

ကျွန်မ နှစ်သက်မက်မောခဲ့သော အမှောင်ထုက ကျွန်မအနားမှာ ထပ်ချပ်မကွာ… … …



Tuesday, August 9, 2011

ကြိုးစားပမ်းစားရေးတဲ့စာ (သို့) ပေါင်ချိန်စက်

နည်းမျိုးစုံဖြင့် အစွမ်းကုန် အချောင်ခိုနေသော ကိုယ့်ကိုကိုယ် ဇွတ်အားပေးရင်း ဒီနေ့တော့ စာတပုဒ်ရေးဖို့ တွေးမိသည်။ အလုပ်က လေးရက်ကြီးများတောင် နားပြီးမှ ဘာစာမှ မရေးဖြစ်တာ တော်တော်ဆိုးသည်။ ဒီလိုနေလို့တော့ မဖြစ်ဟု တွေးကာ (အကြွေးရှင်တွေကိုတော့ အားနာပါးနာ မသိချင်ယောင်ဆောင် ရှေ့မျက်နှာ နောက်ထား၍…) စာ စရေးသည်။

ခက်နေသည်က အကြောင်းအရာ… ခေါင်းထဲမှာ စာရေးတတ်သော အကန့် ပျက်စီး ချို့ယွင်းနေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ဘယ်ကနေ ဘယ်လို အကြောင်းအရာကို ရှာဖွေတွေးတောပြီး ရေးရမည်မှန်းမသိ…။ မျက်မှောင်ကြုတ်ခါ စဉ်းစားရင်း အိမ်ထဲကို မျက်စိကစားလိုက်တော့ မြင်ကွင်းထဲ ရှင်းရှင်းလင်းလင်းကြီး ပေါ်လာသည်က ပေါင်ချိန်စက်တလုံး ဖြစ်နေလေသည်။ သည်တော့မှ ဟိုတခါ ကယ်လိုရီတွေအကြောင်း ရေးသော ပိုစ့် ထဲမှာ အိမ်က ပေါင်ချိန်စက်အကြောင်းကို နောက်တပိုစ့်မှာ ပြောပြပါမည်ဟု ထည့်ရေးခဲ့မိသည်ကို သတိရလာသည်။ အတော်ပဲ… အိမ်က ပေါင်ချိန်စက်အကြောင်း ပြောပြရမည်…။

ထိုပေါင်ချိန်စက်ကို ပေါင်ချိန်စက်ဟု နာမည်မပေးချင်… စိတ်ဓါတ်ကျစက် ဟုသာ အမည်ပေးလိုက်ချင်သည်။ သူများတွေအတွက်တော့ စိတ်ဓါတ်ကျစေသလော မကျစေသလော သိပ်မသေချာပါ။ သို့သော် ကိုယ့်အတွက်တော့ အတော်လေး စိတ်ဓါတ်ကျစရာ ကောင်းလှသည်။ ပြောရလျှင် ဟိုးအရင်ထဲက ရန်ကုန်အိမ်မှာလည်း ပေါင်ချိန်စက် အနီရောင်တလုံး ရှိဖူးသည်။ ထိုပေါင်ချိန်စက်သည် ရိုးရိုး သာမန် ပေါင်ချိန်စက်တလုံးဖြစ်သည့်အလျှောက် သာမန်တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်ကျစရာ စိတ်မကျေနပ်စရာဟူ၍ စိုးစဉ်းမျှ မတွေ့ကြုံခဲ့ရပါ။

ဒီကိုရောက်လာတော့လည်း မရှိမဖြစ် အိမ်သုံးပစ္စည်းထဲမှာ ပေါင်ချိန်စက်ကို ထိပ်နားမှာ ထည့်သွင်း စာရင်းတို့ထားသောကြောင့် ရောက်ရောက်ချင်းဆိုသလို ပေါင်ချိန်စက်တလုံး ဝယ်ဖြစ်ခဲ့သည်။ အရောင်ကလည်း အနီရောင်ကလေး…။ ထိုပေါင်ချိန်စက် အနီရောင်ကလေးသည်လည်း နှစ်ပေါင်းများစွာ ကိုယ့်ကို အဖေါ်ပြုခဲ့သည်။

ထိုစက်ကလေးသည် မသိမသာနှင့် တရိပ်ရိပ်တက်လာသော ကိုယ်အလေးချိန်များကို သူ၏ လှုပ်စိ လှုပ်စိ လက်တံလေးများဖြင့် မရဲတရဲ ပြသခဲ့သည်။ ကိုယ့်စက်နှင့်ကိုယ်ကတော့ ဟုတ်လို့… တခါတခါ အလေးချိန်များနေသလိုလို လာပြလျှင် ညာဖက်ခြေထောက်ကို အသာလေး ဖွထားလိုက်ပါက သူ့အလိုလို ပြန်ကျသွားတတ်သည်။ လက်တံလေးတွေကလည်း ခေါင်းကို တည့်တည့်ငုံ့ကြည့်လျှင် တမျိုး၊ ဘေးကို အသာ စောင်းငဲ့ကြည့်လိုက်လျှင် တမျိုး မရေမရာနှင့် ဟိုမှ သည် ယိမ်းထိုး လှုပ်ခါနေကြသောကြောင့် ကိုယ့်ဖက်ကိုယ်ယက်ကာ ကိုယ်အလေးချိန်ကို နည်းသောဖက်မှ ယူလျှင်လည်း ရနိုင်သည်။ ထိုအခါ ၅၅ နှင့် ၆၀ ကီလိုကြား စိတ်ပိုင်းထားသော အပိုင်းသေးသေးလေးတွေကြားမှာ နည်းအမျိုးမျိုးဖြင့် လှုပ်ရှား ပြေးလွှားနေသော လက်တံများကို ကိုယ်လိုသလို သတ်မှတ်မိသည်သာ…။ ကြာလာတော့ အထာတွေ သိပ်သိလာပြီ… ကိုယ်ကို တဖက်ကို အသာ စောင်းလိုက်လျှင် တမျိုး၊ ခြေထောက်ကို မထိတထိ တင်လိုက်လျှင် တမျိုး၊ ခေါင်းကို စောင်းငဲ့ကြည့်လျှင် တမျိုး... တိုတိုပြောလျှင်တော့ ကိုယ့်အကြိုက် ကိန်းဂဏန်းတွေကိုသာ သူ ပြသခဲ့သည်။

လွန်ခဲ့သော တနှစ်မရှိတရှိ အချိန်က…
အသက်လေး နည်းနည်းရလာသည်ကို အကြောင်းပြု၍ ကိုလက်စထရောတို့၊ သွေးတိုးတို့ အကြောင်းကို ဟိုမှ သည်မှအပြင် အိမ်က အမျိုးသားထံမှပါ စတင် ကြားနာလာရသည်။ ထို့နောက်မှာတော့ သူက ကျန်းမာရေးအတွက် အထောက်အကူပြုသော ပစ္စည်းကရိယာများ၊ စားဖွယ်သောက်ရာများကို ဆေးရုံမှ ကြုံရင် ကြုံသလို ဝယ်ယူလာခဲ့သည်။ သွေးတိုးတိုင်းသောစက်၊ ကိုလက်စထရော ကျစေသော Oats များ Muesli Bar များ၊ အဆီကျစေသော Green Tea ၊ ကောင်းသော ကိုလက်စထရောကို တက်စေသော Nuts များ နှင့် Olive Oils… အစုံပါပဲ…။

သည်လိုနှင့် တညနေ ရုံးအပြန်မှာ သူနှင့်အတူ စက္ကူပုံးခပ်ကြီးကြီးတခု ပါလာသည်။ ထိုပုံးထဲမှ အရာဝတ္ထုသည် ပေါင်ချိန်စက်တလုံးဖြစ်နေမှန်း မကြာခင်မှာ သိလိုက်ရသည်။ အနှီပေါင်ချိန်စက်သည် အရောင်က မီးခိုးရောင် ခပ်ဖျော့ဖျော့၊ ပုံသဏ္ဍါန်အားဖြင့် ခပ်ပြားပြားဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ဘယ် ညာ တဖက်တချက်စီမှာ လေးထောင့်မကျတကျ အကွက် လေးကွက်ပါသည်။ အလယ်မှာတော့ ရှည်မျောမျော အကွက်တခု နှင့် ဖိလို့ရသော ခလုတ်သဖွယ် အကွက်ခပ်သေးသေး တခုလည်း ပါဝင်ပါသည်။ စက်ကို အသုံးပြုရန် ခလုပ်ကို ဖိလိုက်သောအခါမှာ မွေးသက္ကရာဇ်နှင့် အရပ် အမြင့်ကို တတီတီအော်ပြီး တောင်းသည်။ လိုအပ်သည်များကို ဖြည့်စွက်ပြီးနောက် ပေါင်ချိန်စက်အပေါ်သို့ တက်ရပ်လိုက်သောအခါ အရင်စက်အဟောင်းလေးမှာလို ခေါင်းကို ငဲ့ကာ၊ ခြေကိုဖွကာနှင့် ဟိုလိုလို ဒီလိုလို ရှောင်လွှဲ၍ မရတော့၊ မိမိ၏ ကိုယ်အလေးချိန်ကို ကိန်းဂဏန်းများ၊ ဒဿမအစွန်းများပါ ပါဝင်ပြီး တိကျစွာ ဖေါ်ပြသည်။ ဒါဆို ဒါပဲ… အနိမ့်အမြင့် အတက်အကျ အပိုအလို မရှိ… ကွက်တိ…။ ပြဿနာက အဲသည်မှာ စသည်။

အမှန်က ပေါင်ချိန်စက်တွေတိုင်းတွင် သူတို့၏ standard များ ရှိကြသည်။ စက်များကို ယှဉ်ပြီး ချိန်ကြည့်လျှင် တလုံးနှင့်တလုံး မတူညီကြသည်ကို တွေ့လိမ့်မည်။ သည်စက်ကတော့ ဆေးရုံမှ စက်များနှင့် ဆင်တူသည်။ သူက သူ့ standard အတိုင်း ပြနေလေရာ ကိုယ့်နဂိုရှိရင်းစွဲ အလေးချိန်ထက် ၅ ကီလိုခန့် ပိုများနေသည်။ အရင် အိမ်မှာရှိသော စက်အဟောင်းလေးမှာ တွေ့ရသော ကိုယ်အလေးချိန်ထက် တကယ်ကြီးကို ၅ ကီလို ပိုများနေသည်။ အိမ်ကိုလာလည်သော သူငယ်ချင်းများ မိတ်ဆွေများကလည်း သည်စက်မှာချိန်တာ ၅ ကီလိုခန့် ပိုများနေသည်ဟု အတည်ပြု ပြောဆိုကြသည်...။

၅ ကီလိုဆိုတာ နည်းသလား…။ မြင်မကောင်း ရှုမကောင်းသော ကိုယ်အလေးချိန်ကြောင့် စိတ်တွေ အကြီးအကျယ် ညစ်သွားသည်။ တဆက်တည်းမှာပင် ဒင်းက BMI (Body Mass Index) နှင့် ခန္ဒာကိုယ်အတွင်းရှိ Organs များတွင်ရှိသော အဆီပမာဏ (Visceral fat) နှင့် ခန္ဒာကိုယ်ပေါ်မှ အဆီများ (Body fat) တို့ကို ပြသည်။ ပြီးတော့ Body Age… ကိုလည်း ရှည်ရှည် ရှောရှော ပြသသေးသည်။ ပေါင်ချိန်စက်တခုသည် ကိုယ်အလေးချိန် (ပေါင် သို့မဟုတ် ကီလို) တခုထဲကိုသာ စွဲစွဲမြဲမြဲ ပြသင့်သည် မဟုတ်ပါလော... အခု ဒင်းက တဆိတ်တော့ဖြင့် လွန်လွန်းလှသည်။

ကိုယ့်အရပ်နှင့် ကိုယ့်အသက်နှင့် ကိုယ့် ကိုယ်အလေးချိန်တို့အရဆိုလျှင် ကိုယ်သည် ရှိရင်းစွဲအသက်ထက် အတော်လေး ပိုကြီးနေသည်။ စက်ကို ဝယ်လာသူကတော့ (မနာလိုစရာကောင်းလှစွာ) Under weight ဖြစ်နေသောကြောင့် လက်ရှိအသက်ထက် ငယ်နေကြောင်း စက်က ပြသသည်။ စက်က ဝယ်လာတဲ့သူကို မျက်နှာလိုက်တတ်သလား မပြောတတ်ပါ။ ကိုယ်က အသက်ပိုကြီးနေသောကြောင့် စိတ်ပျက်ခြင်းကား မဟုတ်… မတန်တဆ တွေ့နေရသော တိတိကျကျ ကိုယ်အလေးချိန်ကို စိတ်ပျက်ခြင်းမျှသာ ဖြစ်သည်။ တဆက်တည်းမှာပင် အရင် ပေါင်ချိန်စက် စက်အဟောင်းလေးပေါ်ကို အပြေးအလွှား သွားရပ်ကြည့်တော့ စိတ်ချမ်းသာရာ ရသွားသည်။ ကိုယ်လည်း ကိုယ့် standard နှင့် ကိုယ်ပေါ့… ဟု မိမိဖာသာ နှစ်သိမ့်ရင်း ထိုပေါင်ချိန်စက်အဟောင်းလေးကို ဖုန်လေး ဘာလေး သုတ်လိုက်မိသေးသည်။

နောက်နေ့ မနက်တွေမှာ ထုံးစံအတိုင်း အလောသုံးဆယ်နှင့် ရုံးကိုသွားသည်။ ပြန်လာတော့လည်း ဟိုလုပ်ဒီလုပ်နှင့် ပေါင်ချိန်စက်တို့အကြောင်းကို မေ့မေ့လျော့လျော့…။ စနေနေ့မနက် ရုံးပိတ်ရက်မှာ အိမ်ရှင်းရင်း ပေါင်ချိန်စက် အဟောင်းလေး မူလနေရာမှာ မရှိတော့သည်ကို သတိထားလိုက်မိသည်။ သူ့နေရာမှာ ဟိုတနေ့က အသစ်ရောက်လာသော ကိုရွှေပေါင်ချိန်စက်က အခန့်သား နေရာယူလျှက်…။

မြေကြီးလက်နှင့်ပုတ်လျှင် လွဲချင်လွဲနိုင်ဦးမည်… ထိုပေါင်ချိန်စက်အဟောင်းလေးကား အမှိုက်ပုံးထဲ ရောက်သွားသည်မှာ ဘယ်လိုနည်းနှင့်မျှ မလွဲနိုင်ပါချေ။ ဘယ်သူ လွှင့်ပစ်သလဲဟု ဗေဒင်မမေးနှင့် ဆန်ကုန်လိမ့်မည်…။ လွှင့်ပစ်ရာတွင် ဝါသနာထုံလှသူတယောက်အကြောင်း ဒီမှာ ရေးခဲ့ဖူးသည်။

နိဂုံးချုပ်ရလျှင်…
ပေါင်ချိန်စက် အသစ်ကို အလွန်အမင်း စိတ်နာသည်၊ ထို့ကြောင့် အရင်ကလို နေ့တိုင်း ပေါင်မချိန်တော့ပါ။ မဖြစ်မနေ သိချင်သော နေ့မှ ချိန်သည်။ ချိန်ပြီးတိုင်း ၅ ကီလိုတိတိ နှုတ်ယူပြီးမှ အတည်ဖြစ်သည်။ BMI လည်းမကြည့်ချင်၊ Body fat ဘာညာတွေ ဘာမှ မကြည့်ချင်၊ Body age ဆို ဝေလာဝေး… ကိုယ်အလေးချိန်ကို ကြည့်ပြီးတာနှင့် စက်ပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။ မကျေနပ်မှု အရင်းခံကြောင့် တခါတခါ တံမြက်စီးလှည်းရင်း လူလစ်လျှင် စက်ကို ဖုန်ခါပေးသလိုလို၊ ဖုန်လှည်းပေးသလိုလိုနှင့် နှစ်ချက်လောက်လည်း မသိမသာ ရိုက်လိုက်သေးသည်။ မြန်မြန်ပျက်သွား… မြန်မြန်အေးတာပဲ မဟုတ်လား…။

စောင့်ကြည့်နေသည်… သည်ပေါင်ချိန်စက်မှာ တခုခုများ ချို့ယွင်းလို့ကတော့ ကိုယ်ကိုယ်တိုင် Rubbish Chute ထဲ အပြီးပစ်ချဖို့ ကြိမ်းဝါးရင်း ပေါင်ချိန်စက် ပိုစ့်ကို နိဂုံးချုပ်လိုက်ပါသည်…။

စာလာဖတ်သူများ ကျန်းမာ ပျော်ရွှင်ကြပါစေ…။
ချိန်လိုက်တိုင်း ၅ ကီလို ပိုများနေသော ပေါင်ချိန်စက်များ၏ အန္တရာယ်မှ ကင်းဝေးကြပါစေ…။



မှတ်ချက် - အဆိုပါ ပေါင်ချိန်စက်ကို မေတ္တာမရှိသောကြောင့် ဓါတ်ပုံမရိုက်ပါ။

Sunday, August 7, 2011

သံယောဇဉ် မနက်ဖြန်

အဲဒီမိုးရေစက်တွေထဲ ရောယှက်သည်းခဲ့တဲ့ ရင်လှိုင်းတွေဟာ
အခုထိ ပိုင်ရှင်ပျောက်ဆဲပါဆို ဘယ်ကို လမ်းညွန်ပေးမလဲ အရှင်...

လမရှိတဲ့ ညတွေ၊ လပြည့်ည လကွယ်ည
တစွန်းတစ အခန်းထဲဝင်လာတဲ့ လရောင်ခြည်နဲ့ပဲ
လမင်းကို လှမ်းတွေးတယ် လမင်းမှာ မင်းရှိတယ်
လမင်းနဲ့ ဒီဖက်ခန်းက လှမ်းစကားပြောနေခဲ့တယ်...

ဪ… မနက်ဖြန်ဆို အမဲရောင်ငှက်တွေ ပျံသန်းလာဦးမယ်တဲ့
ဘီလူးတွေ မြူးနေတယ်တဲ့...
တယောက်ပြီးတယောက် ကင်းထောက်တွေက နှစ်ရှည်သတင်းပို့ဆဲ
သံချောင်းခေါက်ဆဲ... အုန်းမောင်းခေါက်ဆဲ…
အဲဒီသတင်းတွေက အိုမင်းဆွေးစပြုလာပါပြီ..

လွမ်းပြီလား အချစ်ရယ်...
လမင်းဝင်လာတော့မှာပါကွယ်…

ကဲ... နှစ်ဆယ့်တစ်ရာစုထိ သစ္စာရှိပြီးမှ သံသယတွေ မရှိစေရ..
ဘီလူးတွေ ကျဆုံးမဲ့နေ့… ကြယ်တွေပြိုဆင်း သီချင်းဆိုတဲ့ည…
ကိုယ့် အိပ်ကပ်ထဲက…
အသည်မသားတွေ လာတိုးလျှိုး
ထိုးပေးရမဲ့ ဝန်ခံအတွက် စာရွက်ဖြူဖြူလေးနဲ့
ကိုယ်တို့ရဲ့ ပန်းထိုးထားတဲ့ အိပ်ယာခင်းဖြူဖြူလေးကို
လမင်းရဲ့ အကူအညီနဲ့ခင်း ကြယ်စင်ညတွေ အပ်နှင်းဖို့
ခဏထပ် တင်းထားစို့ကွယ်…




မှတ်ချက် - စကားလုံးတချို့ကို ကူညီ တည်းဖြတ်ပေးခဲ့သော မိတ်ဆွေတယောက်ကို ကျေးဇူးတင်ပါသည်။

Monday, August 1, 2011

လှမ်းအဝေးမှ လွမ်းတေးတပုဒ်

ဘလော့ဂ်ကို တလကျော်ကြာတဲ့အထိ စိမ်းစိမ်းကားကား ပစ်ထားနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အံ့သြမဆုံး ဖြစ်နေမိတယ်…။ သူ အရင်လို မဟုတ်တော့ဘူး… မဟုတ်တော့ပါဘူးကွယ်… လို့ သီချင်းဆိုရတော့မလိုပဲ…။

ဂျူလိုင်တလလုံးလုံး ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်ရော လူပါ မအားရတဲ့အခါမှာ ခေါင်းထဲမှာ ဘာဆို ဘာမှ မရှိတော့ပဲ စာရေးချင်စိတ်တွေရော ရေးစရာ အတွေးစတွေပါ အားလုံး ပျောက်ကုန်ကြတယ်။ အချိန်ပိုတချို့ ရှိနေပေမယ့်လည်း အာရုံတွေကို ဘယ်လိုမှ စုစည်းလို့ မရတော့ ဘာမှ ရေးဖို့ မကြိုးစားတော့ဘူး…။ ဆန္ဒမရှိပဲ အာရုံမဝင်စားပဲ တာဝန်ကျေရုံ လုပ်ရတဲ့ အလုပ်တိုင်းဟာ ဘယ်သောအခါမှ သေသပ် လှပမှာ မဟုတ်ဖူးလို့ သူက အားပေးလာတယ်…။ အင်းလေ… သူပြောတာလည်း ဟုတ်တာပါပဲလို့ ခေါင်းညိတ်မိတယ်…။

ပျောက်နေတဲ့ အချိန်တလအတွင်းမှာ လက်ပတော့နဲ့ ကင်မရာကို အနားပေးထားပေမယ့် ချစ်သူ ခင်သူတွေရဲ့ စာအသစ်တချို့ကို ဖတ်ဖြစ်ပါတယ်…။ မှတ်ချက်တော့ မရေးဖြစ်ပါဘူး။ ပြီးတော့ မျက်နှာစာအုပ်ပေါ်ကို တခါတခါ ရောက်ဖြစ်တယ်…။ ဒါလည်း ဖုန်းထဲကနေ ဖတ်လို့ ကြည့်လို့ ရနေလို့ပါ။

ဖတ်မိသမျှထဲမှာ နှစ်သက်တဲ့ အက်ဆေးတခုက ကိုညီလင်းသစ်ရဲ့ ၂၇ နှစ်မှာ... ဆိုတဲ့ ပိုစ့်ပါ။ အဆိုတော် Amy Winehouse ကွယ်လွန်တဲ့သတင်းကို ကြားပြီး အသက် ၂၇ နှစ် မှာ ဖြစ်ပ်ါလာတဲ့ အချိုးအကွေ့တွေအကြောင်း… ပိုစ့်ရော ကော်မန့်တွေရောက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ မတက်ဂ်ပေမယ့်လည်း ကိုယ်တိုင် ၂၇ နှစ်မှာ ဆိုတဲ့ ပိုစ့်တခုတောင် ရေးချင်စိတ် ပေါ်လာတယ်… မကြာခင်မှာ ရေးဖြစ်မယ် ထင်ပါတယ်…။

နောက် ခံစားရတာတခုကတော့ ညီမ ပန်ဒိုရာ ပြုသမျှ နုလိုက်ရတဲ့ (ကဗျာအုပ်စုထဲ အတင်း ဆွဲသွင်းခံလိုက်တဲ့) ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း ဆိုတဲ့ ပိုစ့်ပါ…။ ဖတ်အပြီးမှာ အတော်လေးကို စိတ်မသက်မသာ ခံစားလိုက်ရတဲ့ စာတပုဒ်ဆိုလည်း မမှားပါဘူး…။ တူမလေးလို မိဘနဲ့ ခွဲပြီး ပြည်တော်ပြန်ကြရတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်တောင် များနေပြီလဲလို့ တွေးနေမိတယ်…။ ခေတ်က တော်တော်ကို ပျက်နေတာပဲ…။

လူပြော သူပြောများနေတဲ့ မြန်မာတို့ရဲ့ အားကစားစိတ်ဓါတ် ပြင်းထန်ပုံကို စာဖွဲ့တားတဲ့ BlueSkyForest ရဲ့ အားကစားသတင်းပဒေသာ ကို ဖတ်အပြီးမှာတော့ အရယ်တဝက် အမောတဝက်နဲ့…။ (မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်... မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်...)

ဒီရက်ပိုင်း ကြားရသမျှ သတင်းထဲမှာ ရယ်ရခက် ငိုရခက် မခံချိ မခံသာ ဖြစ်စရာတချို့ကတော့ သူငယ်ချင်း ချစ်ကြည်အေးရဲ့ ငါးမန်းတောင် ဟင်းချို အကြောင်း နဲ့ နောက်ခံပြောင်းသွားတဲ့ သစ်သား ဘတ်စ်ကားကြီး အကြောင်းပါ။ အတော်များများလည်း သိပြီးကြပြီလို့ ထင်ပါတယ်…။ လက်လှမ်းမှီသလောက် လိုက်ဖတ်ကြည့်မိတော့ ဝင်ရောက် ဆွေးနွေးကြပုံတွေ ပြန်လည် ချေပ တုံ့ပြန်ကြပုံတွေ ထူးခြားလွန်းလို့ ဘာပြန်ပြောရမှန်းတောင် မသိတော့အောင် ဖြစ်သွားရတဲ့ အကြောင်းအရာတွေပါပဲ…။ (ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်… ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ…)

အဲဒါနဲ့ ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်း ချစ်ကြည်နဲ့တွေ့လို့ သူ့ရင်တွင်းခံစားချက်လေး ဘာလေး အင်တာဗျူးကြည့်မလို့ စကားစတော့ ဘာမှ ပြောချင် ဆိုချင်စိတ်မရှိတဲ့ ရယ်ကျဲကျဲ မျက်နှာနဲ့ ခေါင်းကို ခါယမ်းပြနေပုံကိုကြည့်ပြီး မေးခွန်းတွေ မမေးဖြစ်လိုက်တော့ပါဘူး…။ (မသိလို့ မေးတာလား… သိရက်နဲ့ မေးတာလား…)

တခုခုကို စောင့်ဆိုင်းနေရရင် အချိန်တွေဟာ သာမန်ထက် ပိုပိုပြီး ရှည်ကြာလွန်းတယ်လို့ ခံစားရတယ်…။ ပူပင်သောကတွေ ပါလာရင် ပိုဆိုးတာပေါ့။ အဲဒီလိုအချိန်တွေကို စာတအုပ်ဖတ်ရင်း ကုန်လွန်ဖို့ ကြိုးစားကြည့်တယ်…။ လက်တွေ့မှာတော့ စာအုပ်ကတခြား အတွေးကတခြား၊ မျက်လုံးက စာအုပ်ပေါ် တည့်တည့်ကြီးရောက်နေတာတောင် စာလုံးတွေ မမြင်မိအောင် ဝေဝါးလွန်းတယ်။

အဲဒီလိုနဲ့ အချိန်တွေကုန်အောင် စိတ်အာရုံကို ပြောင်းနိုင်အောင် နောက်တခုလုပ်မိတယ်… အဲဒါကတော့ ဂိမ်းကစားတာပါပဲ…။ ဖြတ်ထားတာ နှစ်နှစ်နီးပါးရှိတဲ့ ဂိမ်းတွေကို မရည်ရွယ်ပါပဲနဲ့ ပြန်ဆော့မိတယ်…။ ငှက်တွေကို (ဒေါသအလျောက်) လေးခွနဲ့ပစ်တယ်… လယ်စိုက်တယ်… စားသောက်ဆိုင် နဲ့ ကိတ်မုန့်ဆိုင် ဖွင့်ပြီး စီးပွားရှာတယ်… ပြီးတော့ တိရိစ္ဆာန်ဥယျာဉ်တခု ဆောက်တယ်..။ အချိန်တွေ တော်တော်များများမှာ အဲဒါတွေကို စိတ်နောက်ကိုယ်ပါ ဆော့နေတာ… အိပ်မက်ထဲတောင် အကောင်တွေ အစာကျွေးပြီး ကိတ်မုန့်ဆိုင်က ပိုက်ဆံတွေ သိမ်းနေမိတုန်း…။

အခုတော့ အခြေအနေတွေ အားလုံး ကောင်းလို့ အရာရာ ပုံမှန်ပြန်ဖြစ်သွားပါပြီ…။ ဂိမ်းကစားတာကို လျှော့လို့ စာပြန်ရေးဖို့ ကြိုးစားပါတော့မယ်။ အလည်မရောက်ဖြစ် မှတ်ချက်မရေးဖြစ်တဲ့ စာမျက်နှာတွေပေါ်ကိုလည်း မကြာခင်မှာ အရောက် လာခဲ့ပါ့မယ်…။ ပျောက်နေတဲ့အချိန်တွေမှာ မျက်နှာစာအုပ်မှာ အီးမေးလ်မှာ စီဘောက်စ်မှာ သတိတရ လာရှာကြ နှုတ်ဆက်ကြ သတင်းမေးကြတဲ့ သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများအားလုံးကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်…။

ပြောရရင် ဒီပိုစ့်ကတော့ ဟိုမရောက် ဒီမရောက် ပိုစ့်တပုဒ်ပါ… ။
သို့သော်လည်း စာပြန်ရေးဖို့ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့… ပြီးတော့ ဘလော့ဂ်ရပ်ဝန်းနဲ့ အလှမ်းဝေးနေတဲ့ အချိန်တွေမှာ အတတ်နိုင်ဆုံး စာကြေဖို့ ကြိုးစားထားခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ မပီပြင်လှတဲ့ အလွမ်းတေးတပုဒ်လို့သာ မှတ်လိုက်ကြပါနော်…။