တမင် မေ့ဖျောက်ထားသော အကြောင်းအရာတွေသည် (တမင်) နားမထောင်ဖြစ်တာ ကြာပြီဖြစ်သော သီချင်းတပုဒ်မှ စတင်ကာ အနားကို သူ့အလိုလို ရောက်လာကြသည်။ ယပ်တောင်တချောင်းဖြင့် တဖျတ်ဖျတ် မောင်းခါထုတ်သော်လည်း အလွယ်တကူ ထွက်မသွား…။ သတိရခြင်းတို့သည် ကော်ဖီခါးခါးတခွက်နှင့် တူသည်ဟု ဆိုချင်သော်လည်း ထိုကော်ဖီခါးခါးကပင် သတိရခြင်းများကို များသထက် များအောင် ခေါ်ဆောင်လာတတ်ကြသည်ပင်။ နားမရှင်းအောင် စာရေးခြင်းသည် ညနေက သောက်လိုက်သော ဘီယာတခွက်ကြောင့်ဟု ဆိုလျှင် ဘီယာသောက်သူများက သူတို့ကို သိက္ခာချသည်… တခွက်နှင့် မူးရသလား… ဟု အပြစ်တင်ကြလိမ့်မည်ကို ကြိုတင် တွေးဆပြီး ဖြစ်ပါသည်။ အပြစ်တင် မစောကြပါနှင့်… လစ်မစ်ခြင်း မတူသောကြောင့်ဟု ယူဆကြစေချင်ပါသည်…။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး၏ ဆောင်ပုဒ် ဖြစ်သော မူးရင် မမောင်းနဲ့… မောင်းရင် မမူးနဲ့.. ဆိုသော စကားရပ်ကို အသုံးပြုခွင့်ပေးပါရန် ၅၂လမ်းရုံးကို ခွင့်တောင်းပြီး မူးရင် မရေးနဲ့… ရေးရင် မမူးနဲ့ ဟု ဘလော့ဂ်စည်းကမ်းလုပ်ရလျှင် ကောင်းမည်။ သည်လိုဆိုလျှင် ဘလော့ဂ်ဂါတွေ ပိုစ့်တွေ ကျဲကုန်ကြမည်လည်း စိုးရိမ်ရသေးတော့…။ သို့သော်လည်း မူးလျှင် အနည်းငယ်တော့ ရစ်လိုပါသည်။ ပြောရင်း ဆိုရင်း လိုရင်းမှ သွေဖီသွားမှုများ၏ အဓိက တရားခံမှာ ဘီယာတခွက်ကြောင့်လား… ကော်ဖီခါးခါးကြောင့်လား… သို့တည်းမဟုတ် မေ့ထားသော အကြောင်းအရာများ ခေါင်းထဲ ရောက်လာခြင်းကြောင့်လား… ညနေက စီခဲ့သော စာတပုဒ်ကြောင့်လား… ဝေခွဲမရ ဖြစ်နေသောအချိန်တွင် အနီးအနားမှ ဖယောင်းတိုင် အနီရောင်များသည် တရားခံ ဖြစ်သွားကြရှာသည်။ မီးခြစ်တလုံးယူ၍ သူတို့ကို မီးပုံရှို့လိုက်သည်…။ ဟိုယိမ်း ဒီယိုင်နှင့် တငွေ့ငွေ့တောက်လောင်နေသော နီဝါဝါ မီးတောက်များကိုကြည့်ရသည်မှာ အရသာရှိလှသော်လည်း မူးနောက်လာသည်…။ မီးတောက်များကရော မူးတတ်ပါသလား… တွေးမရပါ…။ သို့သော် ရမ်းနေသည်မှာတော့ သေချာသည်။ လောင်ကျွမ်းနေသော ဖယောင်းညှော်နံ့ကို မခံနိုင်တော့သော အချိန်တွင် ထိုဖယောင်းတိုင်များကို ရေဘုံဘိုင်အောက်တွင် သွားချပြီး ရေများကို ဒလဟော ဖွင့်ချထားလိုက်သည်။ စိတ်ထဲမှလည်း နှစ်ထောင်းအားရ အကျေနပ်ကြီး ကျေနပ်လျှက်… ။ မီးတောက်တွေ ငြိမ်းသွားပြီ…။ တခုပဲ… မီးငြိမ်းကာမှ ပိုလို့တောင် ညှော်လာကြသေးသည်…။ ထိုရေဘုံဘိုင်အနားမှ ထွက်ပြေးခဲ့မိသည်။ ထိုအချိန်မှာပဲ ခုနက သီချင်းသံကို ပြန်ကြားလာရတာ…။ ခပ်ထုတ်စရာ ယပ်တောင်ကို ပြန်ရှာနေချိန်မှာ သီချင်းက မရပ်မနား တခေါက်ပြီး တခေါက် လည်နေသည်။ မေ့ဖျောက်ထားသော သတိရခြင်းများ… ကော်ဖီခါးခါးတခွက်… နားမရှင်းအောင် စာရေးခြင်း… ညနေက သောက်ခဲ့သော ဘီယာတခွက်နှင့် စီခဲ့သော စာတပုဒ် (သို့မဟုတ်) နွယ်…။ ဘီယာလိုပဲ ခါးတာ ဘာပါလိမ့်... တခွက်… နှစ်ခွက်… သုံးခွက်… နိုး… နိုး… နိုး… ဘယ်တော့မှ ချိုမလာနိုင်တာ သိပ်ကို သေချာပါသည်။ မူးရင် မရေးနဲ့… ရေးရင် မမူးနဲ့… မီးခြစ်တလုံးနှင့် ဖယောင်းတိုင် အနီရောင်များ… မီးတောက် နီဝါဝါတွေနှင့် လေမှာ ဝဲနေသော ဖယောင်းညှော်နံ့… ပြီးတော့ ရေနှင့်ထိတွေ့ပြီး ငြိမ်းသွားသောမီး…။ တငွေ့ငွေ့လောင်ကျွမ်းမှုများကို မနှစ်လို…။ လောင်ကျွမ်းမှုများ၊ အညှော်နံ့များ အနီးမှ ထွက်ပြေး… ဟော… ဒီသီချင်းအနားကိုပဲ နောက်တခေါက်… ပြီးတော့ တခေါက်ပြီး တခေါက်… အခေါက်ခေါက် ပြန်ရောက်လာပြန်ပြီ…
အပ်ကြောင်းအထပ်ထပ် ဇာတ်ထုပ်ကို တခေါက်ပြီး တခေါက်ဖွင့်ကာ…
ကြည့်ရင်း... ငါ့မှာ... စိတ္တဇ...
ငါ့ စိတ်... ပျံ့လွင့်နေတယ်... နိမ့်ဆင်းလိုက်... ပြန်မြင့်တက်လိုက်နဲ့... ... ...
ငါ့ စိတ်... ပျံ့လွင့်နေတယ်... မြန်သွားလိုက်… ပြန်နှေးလိုက်နဲ့…. စိတ္တဇ… …
မြင်ကွင်းမှာ ဝေဝါးလိုက်... ပြန်ပြီး ကြည်လင်သွားလိုက်...
ပေါ့ပါးစွာ ပျံဝဲလိုက်... ပြန် လေးလံ ထုံထိုင်းလိုက် နဲ့...
မြင်ကွင်းမှာ ဝေဝါးလိုက်... ပြန်ပြီး ကြည်လင်သွားလိုက်...
ပေါ့ပါးစွာ ပျံဝဲလိုက်... ပြန် လေးလံ ထုံထိုင်းလိုက် နဲ့...
မှတ်ချက် - မူး၍ ရေးသောစာ (လုံးဝ) လုံးဝ မဟုတ်ပါ။
ဝိရောဓိ - လေးဖြူ
တော်ပါသေးရဲ့ blog ပေါ်လေးတင် ရစ်တာ....:P :D
ReplyDeleteမီးမီးကြောက်ကြောက်...
With loves,
PMZ
မူးရစ် ရေးတာ မဟုတ်သော စာကို လုံးဝ မမူးသော လူတစ်ယောက် ဖတ်ရင်းမူးသွားပါသည်။ ဟီဟီးး
ReplyDeleteသက်ဝေ... အရိုက်ခံရတော့မယ်...
ReplyDeleteမူးနေရင် အိပ်တော့ ။
မူးရစ်ရေးသော စာမဟုတ်ပါ.
ReplyDeleteဖတ်ပြီးသဘောပေါက်သွားသည်မှာ
ပေါက်ကွဲပြီးရေးသောစာဖြစ်သည်.
ယုံကြပါ...
ReplyDeleteမူးလို့... ရစ်လို့... ပေါက်ကွဲလို့ ရေးတဲ့စာ (လုံးဝ) လုံးဝ မဟုတ်ရကြောင်းပါ...။
သီချင်းနားထောင်ပြီး ရေးတဲ့စာသာ ဖြစ်ပါကြောင်း...း))
အေ့.....ဂေ့ဂေ့...အဟမ်းးးးးးးးးးဒေါ်တက်
ReplyDeleteမူးတယ်မထင်ပါဘူးးးးးးး
ူမူးလို့ရစ်ပြီး ရေးရေး
မမူးဘဲရစ်ပြီး ရေးရေး
ဘယ်လိုဘဲရေးရေးဗျာ
ဒီကတော့ ဘလော့ပေါ်မှာ ယစ်မူးနေတာ အမှန်ပါ
ခင်မင်တဲ့
seesein
မသက်ဝေ မမူးသည်ကို သိပါ၏။ ဒါပေမဲ့ မိန်းမ တွေ အရက်မူးလာလျှင် ပိုရစ်တတ်သည်ကို ဆရာမ မိုးမိုး ( အင်းလျား ) ရေးထားတာ ပြန်လည် သတိရ မိသွားပါသည်။ “နာ မကျန်းသည် အိုနှင်းဆီ” ထဲမှာလားတော့ မသိပါ။ ဇာတ်ဆောင် ဘဝသရုပ်ဖော် စာရေးဆရာမက လက်လုပ် လက်စား တွေရဲ့ ညနေခင်း ( အရက်ဆိုင် ထိုင်ကြတဲ့ အရသာ ) ကို သိချင်နေ၍ သူမ၏ခင်ပွန်းက စားသောက်ဆိုင် တခုသို့ ခေါ်သွားပြီး အရက်သောက်ကြရာ သူမ ရမ် ၁-၂ ခွက် လောက်ပဲ သောက်ရသေးသည်၊ “ဟိုရှေ့နားက ကောင်ကို မကျေနပ်ဘူး။ သွားရှင်းမယ်” လုပ်နေလို့ အမြန် အိမ်ပြန်လာခဲ့ရပါသတဲ့ ..း)))
ReplyDeleteိမမူးပဲရေးတာတောင် ဒီလောက်ရစ်နေတာ...မူးပြီးရေးရင်တော့.ဟိ..ပြောတော့ဘူး..ပြေးပြီ..မမရေ။
ReplyDeleteမှတ်ချက်။ ။မူးလည်းရေး၊ မမူးလည်းရေးပါရန်...း))
သက်ဝေမူးလို့ ရေးတာလဲ မဟုတ်ပါဘူး။ လေးဖြူ မူးလို့ ဆိုခဲ့တာလဲ မဟုတ်ပါဘူး။ တေးရေးဆရာ မူးလို့ ရေးခဲ့တာလဲ မဟုတ်ပါဘူး။ ဒါပေမယ့်... ဖတ်ပြီး ရစ်မူးသွားတယ်ဗျာ...
ReplyDeleteချမ်းမြေ့ပါစေ..
ချယ်ရီမြေ
သူများစာတွေဖတ်လိုက်၊ပိုကောင်းအောင်ရေးပြလိုက်
ReplyDelete၊အတော်ဟုတ်နေတယ်ပေါ့..
ယပ်တောင်နဲ့သတိရချင်း(သို့)သီချင်းတွေကိုမောင်းခတ်ထုတ်တာကိုတော့
သိပ်လေးစားတယ်
ကျနော်လဲယပ်တောင်တချောင်းနဲ့
ပင်လယ်ထဲဆင်းလိုက်ဦးမယ်... ;)
သက်ဝေရေ... အဲဒီသီချင်းကို နားထောင်ရင် အဲဒီလို မူးယစ်ရီဝေတတ်မှန်း သိလျက် စွဲမက်ရူးသွပ်စွာ အဖန်တလဲလဲ နားထောင်နေတတ်ပြန်တယ်... သင်ဝေနဲ့ တို့  ဝိရောဓိစွဲတာခြင်းတူနေပြီပေါ့...
ReplyDeleteဟန်ကျတာပဲ...ညနေညနေဆို ဒီပို့စ်လေးလာလာဖတ်ရမယ်
ReplyDeleteဘီဘီချစရာမလိုတော့ဘူး...မူးတွားပြီ....:)
စာဖတ်ရင်းမူးလာလျှင် ရေးသူမှာ အပြည့်အဝ တာဝန်ရှိပါကြောင်း...:D
ReplyDelete(စာဖတ်သူ သောက်ထားခြင်း မသောက်ထားခြင်း ထည့်သွင်းစဉ်းစားရန် မလို.. :P)
သီချင်းမှတ်လို့ အပြေးလာတာ..။
ReplyDeleteနောက်တော့..ဂျပန်မူလီ ဖြစ်နေတယ်.။
အမျိုးတယောက်
ဒီညနေ မူးမူးနဲ့ တပုဒ်လောက်
ReplyDelete- ထပ်ဆို - ထပ်ရစ် - ထပ်ရေးပါအုံး...
စာဖတ်ကြည့်တော့မူးရတဲ့ကြားထဲ သီချင်းနားထောင်တော့ ပိုမူးသွားပါကြောင်း ...
ReplyDelete(((အေ့ )))))
လိုက်ကိုမမီပါဘူးအေ....ညည်းဟာက...မယ်ရစ် :)
ReplyDeleteတော်သေးတယ် မမသက်ဝေ ရစ်ပြီးရေးတာမဟုတ်လို့။
ReplyDeleteရစ်တယ်ဆိုတာ လွယ် မှတ်လို့ ဆိုတဲ့ ရစ်ခြင်း၏အနုပညာကတည်းက မမသက်ဝေကို လန့်နေတား)
တော်သေးတယ် မမသက်ဝေ ရစ်ပြီးရေးတာမဟုတ်လို့။
ReplyDeleteရစ်တယ်ဆိုတာ လွယ် မှတ်လို့ ဆိုတဲ့ ရစ်ခြင်း၏အနုပညာကတည်းက မမသက်ဝေကို လန့်နေတား)
အပေါ်မှာ အကောင့်မှားဝင်ပြီးရိုက်လိုက်တား))