Wednesday, August 17, 2011

အ မှောင် ထု ထဲ သို့ တိုး ဝင်...

ခန်းဆီးလိုက်ကာများကို တင်းတင်း စေ့ပိတ်အပြီး တခန်းလုံးမှ မီးခလုတ်များကို ပိတ်လိုက်သောအခါ ညအမှောင်နှင့် မီးအမှောင်တို့ ရောနှော တသားတည်းကျ… ညက လိုအပ်သည်ထက် ပိုမို မှောင်မိုက်ရင်း အသက်ဝင် လှပသွားတော့သည်။

* * * * * *

လူအတော်များများက အမှောင်ကို မကြိုက်ကြသော်လည်း ကျွန်မကတော့ လူအများနှင့် နည်းနည်းဖြစ်ဖြစ်တော့ ဆန့်ကျင်လိုက်ရမှ စားဝင် အိပ်ပျော်တတ်သူ… ထူးထူးခြားခြား အမှောင်ကို ကြိုက်တတ်သူတယောက် ဖြစ်သည်။ မီးရောင်အောက်မှာ မျက်စိစုံမှိတ်၍ တွေးရခြင်းထက် အမှောင်ထဲတွင် မျက်လုံးအကြောင်သားဖြင့် တွေးချင်ရာ တွေးနေရခြင်းကို နှစ်သက်လှသည်။ လူအများ နှစ်သက်လှသော လရောင် ကြယ်ရောင်တွေကို အခန်းထဲသို့ မရောက်စေရန် ခန်းဆီးထူထူဖြင့် ပိတ်ဆည်းကာ အကာအကွယ် ပြုတတ်သူမှာလည်း ကျွန်မသာလျှင် ဖြစ်သည်။ အမှောင်ထုသည် လူများ၏ စိတ်ကို လှည့်စားတတ်သည်ဟူသော အချက်မှာ အခြားသူများအတွက် မှန် မမှန် မသေချာပါ။ သို့သော် ကျွန်မ တယောက်တည်းအတွက်တော့ သိပ်ကို မှန်ကန်ပါသည်။

စပ်စုတတ်သော အခန်းနီးချင်းတချို့က နေ့နေ့ ညည နေပူပူ မိုးရွာရွာ အချိန်တိုင်း မီးဖွင့်လေ့မရှိသော မှောင်ပိတ်ပိတ် ကျွန်မ၏အခန်းကို တအံ့တသြ ကြည့်ရင်း မေးခွန်းထုတ်ကြသောအခါ မီတာခ မတတ်နိုင်၍ မီးမဖွင့်ခြင်း ဖြစ်သည် ဟူသော ကပျက်ကချော် အဖြေမျိုးကို ပေးရင်း ဟက်ဟက်ပက်ပက် ရယ်မောပစ်တတ်သူမှာ ကျွန်မ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မှောင်မိုက်သော အခန်းထဲမှာ တဦးတည်း တိတ်ဆိတ်စွာ နေထိုင်ရင်း ရနိုင်သမျှ အကောင်းဆုံးအရာများကို ကျွန်မ ရှာဖွေနေခဲ့မိပါသည်။

ကောင်းပြီ… အမှောင်ခန်းတခုထဲမှာ ကျွန်မ ဘယ်လိုအရာမျိုးတွေ ရနိုင်မည်လဲ…

မှောင်နေသော အခန်းတခုသည် ကျွန်မကို အေးချမ်းသော စိတ်ကူးအတွေးများ တွေးစေနိုင်သည်။ အတွေးတစရလာလျှင် ထိုအတွေး၏နောက် ကောက်ကောက်ပါအောင် လွတ်လပ်စွာ လိုက်ပါ တွေးတောခွင့်ကို အမှောင်ထုက ပေးနိုင်ခဲ့သည်။ အမှောင်ကို ကျင့်သားရနေသော မျက်လုံးများကြောင့် စာအုပ်စင်ပေါ်မှာ ဘယ်အထပ်မှာ ဘာစာအုပ်တွေ ရှိနေသည်ကိုပင် အလွယ်တကူ သိနေခဲ့သည်။ ထို့ထက်ပို၍ အတိအကျပြောရပါမူ အထူအပါး အရွယ်အစား မတူညီကြသော်လည်း ဘယ်စာအုပ်တွေက သူ ကျွန်မကို လက်ဆောင်ပေးခဲ့သော စာအုပ်များဖြစ်ကြသည်ကိုပင် အတတ် ပြောဆိုနိုင်ခဲ့သည်။

ထို့အပြင် မှောင်မိုက်နေသော အခန်းတခုသည် ကျွန်မ သွားလို ရောက်လိုသော နေရာများကို သူ့အလိုလို ရောက်သွားစေနိုင်သည်…။ သည်အခန်းထဲမှာ နေထိုင်ရင်းကပင် ကိုယ်တိုင်က တိမ်တွေကြားထဲသို့ တဟုန်ထိုး တိုးဝင်သွားတတ်သော လေယာဉ်ပျံကြီးများဆီသို့ ရောက်ချင် ရောက်သွားတတ်သည်။ ထိုအချိန်မျိုးမှာ နားထဲမှာ လေယာဉ်အင်ဂျင်သံတို့က ဆူညံလျှက်…။

မကြာခင်မှာပင် ရထားသံလမ်းတွေ၏ ဘေးတဖက် တချက်မှ မြက်ရိုင်းပင်များကို လှမ်းမြင်ရတတ်သော၊ ကွင်းပြင်ကျယ်ကျယ်များမှ ဖြတ်သန်းတိုက်ခတ်လာသော လေအေးအေးကို တဝကြီး ရှုရှိုက်ခွင့်ရတတ်သော ကျေးလက်က အိမ်ကလေးတလုံးဆီကို ရောက်သွားတတ်ပြန်သည်။ ထိုအခါ အိမ်သားများနှင့် အစဉ်ဆန့်ကျင်တတ်ပြီး မောင်နှမများနှင့်လည်း ဘယ်သောအခါကမှ အစေးမကပ်တတ်သော ကျွန်မ၏ မသိစိတ်မှာ အိမ်ကိုလွမ်းဆွတ် တမ်းတစိတ်ကလေး အနည်းအကျဉ်းမျှ ရှိနေတတ်သေးသည်ကို တအံ့တသြ တွေ့ရပြန်သည်။

ကိုယ်တိုင်က ကော်ဖီကို စွဲစွဲလန်းလန်း မကြိုက်တတ်သော်လည်း သူ နှစ်သက်၍ အကြိမ်ကြိမ် သွားခဲ့ဖူးသော မှန်ချပ်ရှည်ရှည်များ ကာရံထားသော ကော်ဖီဆိုင်လေးဆီသို့ ရောက်သွားတတ်သောအခါ ကော်ဖီနံ့ မွှေးမွှေးသည် ကျွန်မ၏ အမှောင်အခန်းလေးထဲတွင် ပျံ့လွင့်လျှက်…။ သဲမွမွပေါ်တွင် ဖိနပ်ချွတ်၍ သူ နှင့်အတူ တပျော်တပါး ပြေးလွှား ဆော့ကစားခဲ့သော ကမ်းခြေတခုဆီသို့ ရောက်သွားသောအခါတွင်မူ ခြေဖဝါးမှာ သဲမှုန်များ ကပ်လာသလိုပင် ခံစားရနိုင်သေးသည် ဆိုလျှင် ဘယ်သူ ငြင်းချက် ထုတ်နိုင်မည်လဲ…။

ထိုအရာတွေအပြင် မှောင်နေသော အခန်းတခု၏ နံရံလေးဖက်နှင့် မျက်နှာကြက်ပေါ်တွင် ကျွန်မ အလိုရှိသော ပုံရိပ်များကို စိတ်တိုင်းကျ ဖန်တီး၍ ရနိုင်သည်။ စာကြည့်စားပွဲမှာ ထောင်ထားသော ဖေဖေ နှင့် မေမေတို့၏ လေးလက်မ ခြောက်လက်မ ဓါတ်ပုံကလေးကို နံရံပေါ်မှာ အဆပေါင်းများစွာ ချဲ့ထားသလို မြင်ရစေခဲ့သည်။ ဆိုးတေတေ ဂျစ်ကန်ကန် သမီးတယောက်ဖြစ်သော်လည်း သူတို့က ကျွန်မကို အစဉ် ခွင့်လွှတ်ပြီး ချစ်ခင် ကြည်ဖြူတတ်ကြပါသည်။ ပြီးတော့ ကျွန်မကို တွေ့လျှင် နှစ်ခြိုက်စွာ ပြုံးပြတတ်သော၊ တခုခု ရယ်စရာတွေ့လျှင် သို့မဟုတ် သူ သဘောကျလျှင် ပါးဖေါင်းပြတတ်သော၊ အလိုမကျစရာများကိုတွေ့လျှင်တော့ မျက်မှောင်ကို အစွမ်းကုန် ကြုတ်ပြတတ်သော၊ ကျွန်မ ချစ်ရသော သူ… သူ့မျက်နှာများက နံရံတွေတိုင်းမှာ အပြည့်… ပြီးတော့ မျက်နှာကြက်ပေါ်မှာ ရုပ်ရှင်ပြကွက်တွေလို တဖျတ်ဖျတ်…။ တခါတရံမှာ ညမိုးချုပ်တိုင်း ကျယ်လောင်စွာ အော်ဟစ်ငိုယိုတတ်သော ကျွန်မ မုန်းတီးသော ဘေးတခန်းကျော်မှ ကလေးလေး၏ မျက်ရည်လည်ရွဲနှင့် မျက်နှာသေးသေးလေးပင် အဆစ်ပါလိုက်သေး။

ပိန်းပိတ်အောင် နက်မှောင်နေသော အခန်းတခုနှင့် အပ်စပ်သော ဂီတသံမှာ သာယာ ငြိမ့်ညောင်းသော မေရှင်၏ ခေတ်ဟောင်းတေး တပုဒ်ဖြစ်နိုင်သလို တခါတခါမှာ လေးဖြူ၏ အိမ်ကို ပြန်ခဲ့တော့… ဟူသော မြူးမြူးကြွကြွ တေးသွားတခုလည်း ဖြစ်နိုင်သေးသည်ပင်။ ဒါမှမဟုတ် ဝိုင်ဝိုင်း၏ အိမ်လွမ်းသူ… တချို့ညများမှာတော့ မီမီဝင်းဖေ၏ အမှောင်ယံ ကြီးစိုးတဲ့ညရယ်… အစပြုသော သီချင်းသံ အေးအေးသဲ့သဲ့…။ သို့ဆိုလျှင် ကျွန်မ၏ အခန်းမှာ ဝေဒနာတွေ ကင်းစင်ပြီး အရာရာ ပြီးပြည့်စုံသွားပြီဖြစ်သည်။

* * * * * *

တံခါးရွက်ကို အပြင်ဖက်မှနေ၍ အပြင်းအထန် ထုနှက် ရိုက်ခတ်သံများ ကြားနေရသည်။ သူတို့တွေ အခန်းတံခါးကို ဖွင့်ဟရန် ကြိုးစားနေကြပုံရသည်။ တံခါးကို ဖွင့်၍ မရအောင် ပရိဘောဂ တခုခုနှင့် တွန်းထိုးပြီး ကာကွယ်ရန် ကြိုးစားသော်လည်း လက်တွေ့မှာ ဘယ်အရာကိုမှ ကိုင်တွယ် ထိတွေ့၍ မရတော့ချေ။ အချက်ပေါင်းများစွာသော ထုနှက်သံတို့၏ အဆုံးမှာ ဝုန်း ကနဲ အသံကျယ်ကျယ်တခုနှင့်အတူ ကျွန်မကြောက်ရွံ့လှသော အလင်းရောင်တချို့ အခန်းထဲသို့ တိုးဝင်လာခဲ့သည်။

နောက်မှာတော့ လူတစုက ကျွန်မကို မမြင်သလို တွန်း တိုက်ပြီး အခန်းထဲသို့ အပြေးတပိုင်း ဝင်သွားကြပြန်သည်။ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် အစေးမကပ်သော ကျွန်မအတွက် အတန်းထဲမှာ အခင်ဆုံးဟု ဆိုနိုင်သော သူငယ်ချင်းမတယောက်က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလျှက် ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်ရင်းက ကျွန်မအိပ်ရာနားသို့ တိုးကပ်ဝင်ရောက်သွားသည်ကို တွေ့ရသည်။ ထိုသူငယ်ချင်းကို စကားတွေ လှမ်းပြောနေသော်လည်း ကြားရပုံ မပေါ်ချေ။

“ကျောင်းကအပြန်မှာ ခွေးကိုက်လိုက်တာ ခွေးရူးလား ခွေးကောင်းလား မသိလို့ ဆေးခန်းသွားမယ်၊ ဆေးခွင့်ယူပြီး နားအုံးမယ်ဆိုပြီး ပြန်သွားတာပဲ… ဒီ တပတ်လုံး ကျောင်းမလာတော့ အိမ်မှာ နားနေတယ် မှတ်တာပေါ့… တခုခုလိုရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါလို့ မှာထားရဲ့သားနဲ့… အခုတော့… … …”

ပြီးတော့ ကျွန်မ ချစ်ရသော သူ… ဖွာလန်ကျဲနေသော ဆံပင်နီကျင်ကျင်များ… ပြီးတော့ နာကျင် နီရဲနေသော မျက်လုံးများနှင့်… အဝေးကြီးမှ မောကြီး ပန်းကြီး လာခဲ့ရသူတယောက်နှယ်…။ သူ့နှုတ်ဖျားမှာ ကျွန်မ၏ နာမည်ကို သူ ခေါ်နေကျအတိုင်း လေသံသဲ့သဲ့ဖြင့် ရေရွတ်လျက်...။ သူတို့ကို နှစ်သိမ့်သောအနေဖြင့် ပြုံးရယ်နှုတ်ဆက်နေသော ကျွန်မကိုမူ မည်သူကမှ မမြင်ကြချေ။

သူငယ်ချင်းက အသံထွက်၍ ရှိုက်ငိုနေစဉ်မှာပဲ ထိုလူတစုက အနည်းငယ် လေးပင်ဟန်တူသော ရှည်မျောမျော သေတ္တာတခုကို အခန်းထဲမှ အသာ မ ယူ သယ်ဆောင်သွားကြတော့သည်။ အို… ကျွန်မ သွားရတော့မည်ပဲ…။ ငိုနေသော သူငယ်ချင်း၏ ပုခုံးကို လက်သီးဖြင့် ခပ်ဖွဖွထိုးရင်း နှုတ်ဆက်လိုက်သည်...။ ပြီးတော့... နံရံကို ခေါင်းနှင့်တိုက်ကာ အသံတိတ် ရှိုက်ငင်နေသော သူ့ ဆံပင်နီကျင်ကျင်ကို တချက် နမ်းရှိုက်လိုက်ရင်း ထိုလူတစုနှင့် အတူ ကျွန်မ လိုက်ပါသွားခဲ့သည်။

ကျွန်မ နှစ်သက်မက်မောခဲ့သော အမှောင်ထုက ကျွန်မအနားမှာ ထပ်ချပ်မကွာ… … …



15 comments:

  1. လင်းနေတာထက် မှောင်နေတာကို ပို ကြိုက်တယ် မျက်စိအေးလို့   တွင်းေ၇၇ယ် အသားတွေမပုတ်နိုင်တဲ့နေ၇ာတစ်ခု၇ယ် မီးပူတိုက်စ၇ာမလိုပဲ နေလို့ ၇တယ်ဆို မီးမ၇ှိလဲနေနိုင်တယ်မ မှောင်လေကောင်းလေပဲ ယပ်တောင်လေးတဖျက်ဖျက်နဲ့ တွေးချင်၇ာတွေး အေးဆေးပဲနော်

    Phyu May

    ReplyDelete
  2. ဖတ်လို့ကောင်းပါတယ်ဗျိုး၊ကျေးဇူးပါခင်ဗျာ

    ReplyDelete
  3. လက်တွေ့ဘဝတွေမှာလည်း ဝိဥာဉ်လွင့်မျောနေတဲ့အခါမျိုးမှာ အခုလိုဖြစ်တတ်တယ်။
    ဒါပေမယ့် ဒီဇာတ်လမ်းလေးရဲ့ ဇာတ်သိမ်းကတော့ တစ်ခြားဘဝကိုရောက်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ခွေးရူးကိုက်ခံရလို့ အလင်းကို ရင်မဆိုင်ရဲတော့တဲ့ အမှောင်ကိုမက်မောတတ်လာတာလေးကို လှလှပပလေးရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေး အရမ်းကောင်းတယ်....။


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  5. နောင့် တော့ အမှောင်ကိုကြောက်တယ်။
    ကြောက်စရာ အတွေး တစ်ခုခုရှိနေရင်တောင် မီးဖွင့်ထားရင် သက်သာတယ်။ မှောင်ရင် ပိုကြောက်တယ်။ ဒီစာ ဖတ်ပီး ပိုကြောက်တယ်...နောက်ဆုံး တစ်နေ့ အဲ့လို အမှောင်တိုက်ကြီးထဲကို ရောက်သွားရမှာကိုပေါ့
း(

    ReplyDelete
  6. ၀မ်းနည်းသွားပြီေ၇းတတ်လိုက်တာ တီသက်

    ReplyDelete
  7. မေးခိုင်ပိုးဝင်တာနဲ့  ပိုတူသွားတယ်.....။ ခွေးရူးဆို ဂူးဂဲ တွေ လုပ် လှုးလှိမ့်ဦးမှာ မို့  ။

    တော်သေးတာပေါ့.... (...အလင်းစက်များ) နဲ့  မန့် တတ်လို့  ... ဟူး။

    ReplyDelete
  8. ကိုအောင်(ပျူနိုင်ငံ)August 18, 2011 at 6:43 PM

    အမှောင်ထဲသို့ တိုးမ၀င်ပါနဲ့၊ အမှောင်ထဲတွင် သရဲများ ရှိတတ်သည် ... :P
    ဘလော့ဒေးအမှတ်တရလေး တက်ဂ် tag ထားပါသည် ... :P

    ReplyDelete
  9. ဟုတ်တယ်နော်..၊ အမှောင်ထဲမှာဆိုတော့ အမြင်အာရုံ လျော့သွားတဲ့အတွက် အတွေးအာရုံတွေ ပိုတက်လာ တယ်၊ ကျနော်တော့ အိပ်တဲ့အခါ မှောင်နေမှ ကြိုက်တယ်၊“အမှောင်ကို စောင်လိုခြုံရင်း ...” ဆိုတဲ့ လေးဖြူရဲ့ စာသားတချို့တောင် ခေါင်းထဲ ရောက်လာ သေးတယ်..၊း) စ,ဖတ်လာကတည်းက အဆုံးပိုင်းမှာ 'အလှည့်' လေးတစ်ခု ထည့်လိမ့်မယ်လို့ တထင့်ထင့် ဖြစ်နေခဲ့သည့်တိုင် အဆုံးလည်း ရောက်ရော အဲဒီ အလှည့်လေးမှာပဲ လည်ဆင်းသွား တော့တယ်၊ အရမ်းကောင်းတယ် မသက်ဝေ...။

    ReplyDelete
  10. အမှောင်ကို နှစ်သက်သူတစ်ယောက် အမှောင်ထုထဲကို ပြန်ပြီး ၀င်ရောက်သွားတဲ့ ဇာတ်လမ်းလေးက ရင်နင့်စရာ ..
    ကျန်ရစ်ခဲ့တဲ့သူလည်း ဘယ်လောက်များ ခံစားရမှာပါလိမ့်နော်..

    ReplyDelete
  11. သက်ဝေရဲ့ အက်ဆေးတွေ အားလုံးကိုကြိုက်တယ်.. ဖတ်လို့ သိပ်ကောင်းတယ်
    အခု တပုဒ်ချင်း ပြန်ဖတ်နေတယ်
    အက်ဆေးတွေ များများရေးနိုင်ဖို့ ဆုတောင်းတယ်နော်

    ReplyDelete
  12. မသက်ဝေရေးတဲ့အက်ဆေးလေးတွေဖတ်ရတာ အရမ်းသဘောကျတယ်။ ဘလော့ဂ်မရေးခင်ကတဲက လာလာဖတ်နေကျ.. အတွေးရိုးရိုးလေးတွေကိုပဲ ထူးထူးခြားခြားလေးတွေ ဖြစ်အောင်ရေးတတ်တယ်။ ဖတ်ရင်းနဲ့ စာထဲမှာ မျောသွားတာ...း))

    ReplyDelete
  13. မသက်ဝေ ရေ

    ဖတ်လို့ကောင်းတယ်

    ReplyDelete
  14. အမှောင်ကိုကျွန်တော်လည်းသဘောကျတယ်....၊အထူး
    သဖြင့် ညမှောင်မှောင်မှာ မီးမှိတ်ပြီး ကိုယ်တွေးချင်ရာတွေး
    နေရတာကိုပေါ့...၊အက်ဆေးလေးသိပ်ဖတ်လို့ကောင်းတယ်
    အစ်မ....။

    ReplyDelete
  15. အက်ဆေးကောင်းကောင်းလေးတွေ အမြဲရေးတတ်တယ်။ ဖတ်လို့ အရမ်းကာင်းတယ်။ အက်ဆေးတွေစုပြီး စာအုပ်ထုတ်ပါလား ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...