နည်းမျိုးစုံဖြင့် အစွမ်းကုန် အချောင်ခိုနေသော ကိုယ့်ကိုကိုယ် ဇွတ်အားပေးရင်း ဒီနေ့တော့ စာတပုဒ်ရေးဖို့ တွေးမိသည်။ အလုပ်က လေးရက်ကြီးများတောင် နားပြီးမှ ဘာစာမှ မရေးဖြစ်တာ တော်တော်ဆိုးသည်။ ဒီလိုနေလို့တော့ မဖြစ်ဟု တွေးကာ (အကြွေးရှင်တွေကိုတော့ အားနာပါးနာ မသိချင်ယောင်ဆောင် ရှေ့မျက်နှာ နောက်ထား၍…) စာ စရေးသည်။
ခက်နေသည်က အကြောင်းအရာ… ခေါင်းထဲမှာ စာရေးတတ်သော အကန့် ပျက်စီး ချို့ယွင်းနေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ဘယ်ကနေ ဘယ်လို အကြောင်းအရာကို ရှာဖွေတွေးတောပြီး ရေးရမည်မှန်းမသိ…။ မျက်မှောင်ကြုတ်ခါ စဉ်းစားရင်း အိမ်ထဲကို မျက်စိကစားလိုက်တော့ မြင်ကွင်းထဲ ရှင်းရှင်းလင်းလင်းကြီး ပေါ်လာသည်က ပေါင်ချိန်စက်တလုံး ဖြစ်နေလေသည်။ သည်တော့မှ ဟိုတခါ ကယ်လိုရီတွေအကြောင်း ရေးသော ပိုစ့် ထဲမှာ အိမ်က ပေါင်ချိန်စက်အကြောင်းကို နောက်တပိုစ့်မှာ ပြောပြပါမည်ဟု ထည့်ရေးခဲ့မိသည်ကို သတိရလာသည်။ အတော်ပဲ… အိမ်က ပေါင်ချိန်စက်အကြောင်း ပြောပြရမည်…။
ထိုပေါင်ချိန်စက်ကို ပေါင်ချိန်စက်ဟု နာမည်မပေးချင်… စိတ်ဓါတ်ကျစက် ဟုသာ အမည်ပေးလိုက်ချင်သည်။ သူများတွေအတွက်တော့ စိတ်ဓါတ်ကျစေသလော မကျစေသလော သိပ်မသေချာပါ။ သို့သော် ကိုယ့်အတွက်တော့ အတော်လေး စိတ်ဓါတ်ကျစရာ ကောင်းလှသည်။ ပြောရလျှင် ဟိုးအရင်ထဲက ရန်ကုန်အိမ်မှာလည်း ပေါင်ချိန်စက် အနီရောင်တလုံး ရှိဖူးသည်။ ထိုပေါင်ချိန်စက်သည် ရိုးရိုး သာမန် ပေါင်ချိန်စက်တလုံးဖြစ်သည့်အလျှောက် သာမန်တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်ကျစရာ စိတ်မကျေနပ်စရာဟူ၍ စိုးစဉ်းမျှ မတွေ့ကြုံခဲ့ရပါ။
ဒီကိုရောက်လာတော့လည်း မရှိမဖြစ် အိမ်သုံးပစ္စည်းထဲမှာ ပေါင်ချိန်စက်ကို ထိပ်နားမှာ ထည့်သွင်း စာရင်းတို့ထားသောကြောင့် ရောက်ရောက်ချင်းဆိုသလို ပေါင်ချိန်စက်တလုံး ဝယ်ဖြစ်ခဲ့သည်။ အရောင်ကလည်း အနီရောင်ကလေး…။ ထိုပေါင်ချိန်စက် အနီရောင်ကလေးသည်လည်း နှစ်ပေါင်းများစွာ ကိုယ့်ကို အဖေါ်ပြုခဲ့သည်။
ထိုစက်ကလေးသည် မသိမသာနှင့် တရိပ်ရိပ်တက်လာသော ကိုယ်အလေးချိန်များကို သူ၏ လှုပ်စိ လှုပ်စိ လက်တံလေးများဖြင့် မရဲတရဲ ပြသခဲ့သည်။ ကိုယ့်စက်နှင့်ကိုယ်ကတော့ ဟုတ်လို့… တခါတခါ အလေးချိန်များနေသလိုလို လာပြလျှင် ညာဖက်ခြေထောက်ကို အသာလေး ဖွထားလိုက်ပါက သူ့အလိုလို ပြန်ကျသွားတတ်သည်။ လက်တံလေးတွေကလည်း ခေါင်းကို တည့်တည့်ငုံ့ကြည့်လျှင် တမျိုး၊ ဘေးကို အသာ စောင်းငဲ့ကြည့်လိုက်လျှင် တမျိုး မရေမရာနှင့် ဟိုမှ သည် ယိမ်းထိုး လှုပ်ခါနေကြသောကြောင့် ကိုယ့်ဖက်ကိုယ်ယက်ကာ ကိုယ်အလေးချိန်ကို နည်းသောဖက်မှ ယူလျှင်လည်း ရနိုင်သည်။ ထိုအခါ ၅၅ နှင့် ၆၀ ကီလိုကြား စိတ်ပိုင်းထားသော အပိုင်းသေးသေးလေးတွေကြားမှာ နည်းအမျိုးမျိုးဖြင့် လှုပ်ရှား ပြေးလွှားနေသော လက်တံများကို ကိုယ်လိုသလို သတ်မှတ်မိသည်သာ…။ ကြာလာတော့ အထာတွေ သိပ်သိလာပြီ… ကိုယ်ကို တဖက်ကို အသာ စောင်းလိုက်လျှင် တမျိုး၊ ခြေထောက်ကို မထိတထိ တင်လိုက်လျှင် တမျိုး၊ ခေါင်းကို စောင်းငဲ့ကြည့်လျှင် တမျိုး... တိုတိုပြောလျှင်တော့ ကိုယ့်အကြိုက် ကိန်းဂဏန်းတွေကိုသာ သူ ပြသခဲ့သည်။
လွန်ခဲ့သော တနှစ်မရှိတရှိ အချိန်က…
အသက်လေး နည်းနည်းရလာသည်ကို အကြောင်းပြု၍ ကိုလက်စထရောတို့၊ သွေးတိုးတို့ အကြောင်းကို ဟိုမှ သည်မှအပြင် အိမ်က အမျိုးသားထံမှပါ စတင် ကြားနာလာရသည်။ ထို့နောက်မှာတော့ သူက ကျန်းမာရေးအတွက် အထောက်အကူပြုသော ပစ္စည်းကရိယာများ၊ စားဖွယ်သောက်ရာများကို ဆေးရုံမှ ကြုံရင် ကြုံသလို ဝယ်ယူလာခဲ့သည်။ သွေးတိုးတိုင်းသောစက်၊ ကိုလက်စထရော ကျစေသော Oats များ Muesli Bar များ၊ အဆီကျစေသော Green Tea ၊ ကောင်းသော ကိုလက်စထရောကို တက်စေသော Nuts များ နှင့် Olive Oils… အစုံပါပဲ…။
သည်လိုနှင့် တညနေ ရုံးအပြန်မှာ သူနှင့်အတူ စက္ကူပုံးခပ်ကြီးကြီးတခု ပါလာသည်။ ထိုပုံးထဲမှ အရာဝတ္ထုသည် ပေါင်ချိန်စက်တလုံးဖြစ်နေမှန်း မကြာခင်မှာ သိလိုက်ရသည်။ အနှီပေါင်ချိန်စက်သည် အရောင်က မီးခိုးရောင် ခပ်ဖျော့ဖျော့၊ ပုံသဏ္ဍါန်အားဖြင့် ခပ်ပြားပြားဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် ဘယ် ညာ တဖက်တချက်စီမှာ လေးထောင့်မကျတကျ အကွက် လေးကွက်ပါသည်။ အလယ်မှာတော့ ရှည်မျောမျော အကွက်တခု နှင့် ဖိလို့ရသော ခလုတ်သဖွယ် အကွက်ခပ်သေးသေး တခုလည်း ပါဝင်ပါသည်။ စက်ကို အသုံးပြုရန် ခလုပ်ကို ဖိလိုက်သောအခါမှာ မွေးသက္ကရာဇ်နှင့် အရပ် အမြင့်ကို တတီတီအော်ပြီး တောင်းသည်။ လိုအပ်သည်များကို ဖြည့်စွက်ပြီးနောက် ပေါင်ချိန်စက်အပေါ်သို့ တက်ရပ်လိုက်သောအခါ အရင်စက်အဟောင်းလေးမှာလို ခေါင်းကို ငဲ့ကာ၊ ခြေကိုဖွကာနှင့် ဟိုလိုလို ဒီလိုလို ရှောင်လွှဲ၍ မရတော့၊ မိမိ၏ ကိုယ်အလေးချိန်ကို ကိန်းဂဏန်းများ၊ ဒဿမအစွန်းများပါ ပါဝင်ပြီး တိကျစွာ ဖေါ်ပြသည်။ ဒါဆို ဒါပဲ… အနိမ့်အမြင့် အတက်အကျ အပိုအလို မရှိ… ကွက်တိ…။ ပြဿနာက အဲသည်မှာ စသည်။
အမှန်က ပေါင်ချိန်စက်တွေတိုင်းတွင် သူတို့၏ standard များ ရှိကြသည်။ စက်များကို ယှဉ်ပြီး ချိန်ကြည့်လျှင် တလုံးနှင့်တလုံး မတူညီကြသည်ကို တွေ့လိမ့်မည်။ သည်စက်ကတော့ ဆေးရုံမှ စက်များနှင့် ဆင်တူသည်။ သူက သူ့ standard အတိုင်း ပြနေလေရာ ကိုယ့်နဂိုရှိရင်းစွဲ အလေးချိန်ထက် ၅ ကီလိုခန့် ပိုများနေသည်။ အရင် အိမ်မှာရှိသော စက်အဟောင်းလေးမှာ တွေ့ရသော ကိုယ်အလေးချိန်ထက် တကယ်ကြီးကို ၅ ကီလို ပိုများနေသည်။ အိမ်ကိုလာလည်သော သူငယ်ချင်းများ မိတ်ဆွေများကလည်း သည်စက်မှာချိန်တာ ၅ ကီလိုခန့် ပိုများနေသည်ဟု အတည်ပြု ပြောဆိုကြသည်...။
၅ ကီလိုဆိုတာ နည်းသလား…။ မြင်မကောင်း ရှုမကောင်းသော ကိုယ်အလေးချိန်ကြောင့် စိတ်တွေ အကြီးအကျယ် ညစ်သွားသည်။ တဆက်တည်းမှာပင် ဒင်းက BMI (Body Mass Index) နှင့် ခန္ဒာကိုယ်အတွင်းရှိ Organs များတွင်ရှိသော အဆီပမာဏ (Visceral fat) နှင့် ခန္ဒာကိုယ်ပေါ်မှ အဆီများ (Body fat) တို့ကို ပြသည်။ ပြီးတော့ Body Age… ကိုလည်း ရှည်ရှည် ရှောရှော ပြသသေးသည်။ ပေါင်ချိန်စက်တခုသည် ကိုယ်အလေးချိန် (ပေါင် သို့မဟုတ် ကီလို) တခုထဲကိုသာ စွဲစွဲမြဲမြဲ ပြသင့်သည် မဟုတ်ပါလော... အခု ဒင်းက တဆိတ်တော့ဖြင့် လွန်လွန်းလှသည်။
ကိုယ့်အရပ်နှင့် ကိုယ့်အသက်နှင့် ကိုယ့် ကိုယ်အလေးချိန်တို့အရဆိုလျှင် ကိုယ်သည် ရှိရင်းစွဲအသက်ထက် အတော်လေး ပိုကြီးနေသည်။ စက်ကို ဝယ်လာသူကတော့ (မနာလိုစရာကောင်းလှစွာ) Under weight ဖြစ်နေသောကြောင့် လက်ရှိအသက်ထက် ငယ်နေကြောင်း စက်က ပြသသည်။ စက်က ဝယ်လာတဲ့သူကို မျက်နှာလိုက်တတ်သလား မပြောတတ်ပါ။ ကိုယ်က အသက်ပိုကြီးနေသောကြောင့် စိတ်ပျက်ခြင်းကား မဟုတ်… မတန်တဆ တွေ့နေရသော တိတိကျကျ ကိုယ်အလေးချိန်ကို စိတ်ပျက်ခြင်းမျှသာ ဖြစ်သည်။ တဆက်တည်းမှာပင် အရင် ပေါင်ချိန်စက် စက်အဟောင်းလေးပေါ်ကို အပြေးအလွှား သွားရပ်ကြည့်တော့ စိတ်ချမ်းသာရာ ရသွားသည်။ ကိုယ်လည်း ကိုယ့် standard နှင့် ကိုယ်ပေါ့… ဟု မိမိဖာသာ နှစ်သိမ့်ရင်း ထိုပေါင်ချိန်စက်အဟောင်းလေးကို ဖုန်လေး ဘာလေး သုတ်လိုက်မိသေးသည်။
နောက်နေ့ မနက်တွေမှာ ထုံးစံအတိုင်း အလောသုံးဆယ်နှင့် ရုံးကိုသွားသည်။ ပြန်လာတော့လည်း ဟိုလုပ်ဒီလုပ်နှင့် ပေါင်ချိန်စက်တို့အကြောင်းကို မေ့မေ့လျော့လျော့…။ စနေနေ့မနက် ရုံးပိတ်ရက်မှာ အိမ်ရှင်းရင်း ပေါင်ချိန်စက် အဟောင်းလေး မူလနေရာမှာ မရှိတော့သည်ကို သတိထားလိုက်မိသည်။ သူ့နေရာမှာ ဟိုတနေ့က အသစ်ရောက်လာသော ကိုရွှေပေါင်ချိန်စက်က အခန့်သား နေရာယူလျှက်…။
မြေကြီးလက်နှင့်ပုတ်လျှင် လွဲချင်လွဲနိုင်ဦးမည်… ထိုပေါင်ချိန်စက်အဟောင်းလေးကား အမှိုက်ပုံးထဲ ရောက်သွားသည်မှာ ဘယ်လိုနည်းနှင့်မျှ မလွဲနိုင်ပါချေ။ ဘယ်သူ လွှင့်ပစ်သလဲဟု ဗေဒင်မမေးနှင့် ဆန်ကုန်လိမ့်မည်…။ လွှင့်ပစ်ရာတွင် ဝါသနာထုံလှသူတယောက်အကြောင်း ဒီမှာ ရေးခဲ့ဖူးသည်။
နိဂုံးချုပ်ရလျှင်…
ပေါင်ချိန်စက် အသစ်ကို အလွန်အမင်း စိတ်နာသည်၊ ထို့ကြောင့် အရင်ကလို နေ့တိုင်း ပေါင်မချိန်တော့ပါ။ မဖြစ်မနေ သိချင်သော နေ့မှ ချိန်သည်။ ချိန်ပြီးတိုင်း ၅ ကီလိုတိတိ နှုတ်ယူပြီးမှ အတည်ဖြစ်သည်။ BMI လည်းမကြည့်ချင်၊ Body fat ဘာညာတွေ ဘာမှ မကြည့်ချင်၊ Body age ဆို ဝေလာဝေး… ကိုယ်အလေးချိန်ကို ကြည့်ပြီးတာနှင့် စက်ပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။ မကျေနပ်မှု အရင်းခံကြောင့် တခါတခါ တံမြက်စီးလှည်းရင်း လူလစ်လျှင် စက်ကို ဖုန်ခါပေးသလိုလို၊ ဖုန်လှည်းပေးသလိုလိုနှင့် နှစ်ချက်လောက်လည်း မသိမသာ ရိုက်လိုက်သေးသည်။ မြန်မြန်ပျက်သွား… မြန်မြန်အေးတာပဲ မဟုတ်လား…။
စောင့်ကြည့်နေသည်… သည်ပေါင်ချိန်စက်မှာ တခုခုများ ချို့ယွင်းလို့ကတော့ ကိုယ်ကိုယ်တိုင် Rubbish Chute ထဲ အပြီးပစ်ချဖို့ ကြိမ်းဝါးရင်း ပေါင်ချိန်စက် ပိုစ့်ကို နိဂုံးချုပ်လိုက်ပါသည်…။
စာလာဖတ်သူများ ကျန်းမာ ပျော်ရွှင်ကြပါစေ…။
ချိန်လိုက်တိုင်း ၅ ကီလို ပိုများနေသော ပေါင်ချိန်စက်များ၏ အန္တရာယ်မှ ကင်းဝေးကြပါစေ…။
မှတ်ချက် - အဆိုပါ ပေါင်ချိန်စက်ကို မေတ္တာမရှိသောကြောင့် ဓါတ်ပုံမရိုက်ပါ။
It seems like our scale at home, showing weight, BMI, visceral fat, body age, etc. I hate that too Ma Ma Thet Wai!
ReplyDeleteအသက်ပါမေးတယ်ဆိုရင်တော့၊
ReplyDeleteဘယ်လိုမှသည်းညီးခံစရာမရှိတော့ပါ.. :)
အတော်လူပါးဝတဲ့ပေါင်ချိန်ပဲ..:)နောက်ဆို တံမြက်စည်းနဲ့
ReplyDeleteတင်မက ဟိုရွေ့ဒီရွေ့လုပ်သလိုလိုနဲ့ ဆောင့်သာချပစ်ဗျာ..
...:D။တခိခိနဲ့ဖတ်သွားပါတယ်...။သိပ်ဖတ်လို့ကောင်းသဗျ။
နည်းပေးမယ်.. နာရီ တွေ လိုပဲ..သူ့လက်တံ လေးကို.. ဇီးရိုးကနေ နည်းနည်း ရွှေ့ထား..
ReplyDeleteကိုယ့်ကို ကိယ် စိတ်ဓါတ်ကျအောင် မလုပ်ရဘူးလေ..း)
ဒါနဲ့..မသက်ဝေ တခါ ရေးဖူး တဲ့..မလေး တောင်ပေါ် မြို့လေးမှာ ပျောက်သွားတဲ့.. ပိုးထည် ပညာရှင် ကြီး အကြောင်း .. တလောက မှ..စာအုပ် တအုပ် မှာ အဲလူကြီး အကြောင်း တခန်း ရေးထားတာတွေ့ တော့..သတိရ လို့ .. စကန် ဆွဲ ပြီး ပို့ပေးမယ်..
"အိမ်ထောင်ရှင် ယောင်္ကျားတွေအတွက် လက်စွဲတော်ပို့စ်"ဆိုရင်
ReplyDeleteပို့စ်နာမည်လေးက ပိုလှသွားလေမလား??? :P
ဒီပို့စ်လေးအတွက် အစ်မသက်ဝေကိုကြီးကို ကျေးဇူးအထူးတင်ပါကြောင်း ဖြောင်းဖြောင်းဖြောင်းးးးးးးးးးးးးးးးးး))
TOI
၅ကီလိုဆိုတော့ လွန်တာပေါ့ သူငယ်ချင်း။ နှုတ်သာနှုတ်။ အားပေးတယ်။ စိတ်ချမ်းသာရင်ပြီးရော ...း))
ReplyDeleteစိတ်ချမ်းသာအောင် နေစမ်းဘာာာ၊ ပေါင်ချိန်မနေပါဘူး၊ ကိုယ့်ကိုယ်လုံးကို အိမ်ကလူချီနိုင်သေးသ၍ အိုကေနေတာပဲ ဟိ :))
ReplyDeleteချိန်ပြီးတိုင်း ၅ ကီလိုတိတိ နှုတ်ယူပြီးမှ အတည်ဖြစ်သည်။
ReplyDeleteွှအဲ့တာဆို ပေါင်ချိန်စက်မှာ စာလေးကပ်ထားပေါ့ အစ်မရ ဟဟားးး)
အစ်မသက်ဝေရေ... ဖတ်ကောင်းသတော့... စိတ်တိုနေပုံလေးမြင်ယောင်လာတယ်...
ReplyDeleteး)
အင်း.. အဲဒီပေါင်ချိန်စက်ပေါ်တက်တိုင်း မရဲတရဲ ရွံ့ တွံ့တွံ့နဲ့ တက်ရမယ့်ပုံ.. နောက်ဆို မွေးသက္ကရာဇ်မေးရင် သက္ကရာဇ်တွေ တိုးပစ်လိုက် အသက်ကိုပိုထည့် အရပ်ကောမမေးဘူးလား အရပ်ပါထည့်ရတဲ့ ပေါင်ချိန်စက်မျိုးတွေ့ဖူးလို့.. ပေါင်ချိန်ကာနီးရင် လက်က လေးလေးလံလံ အထုပ်တစ်ခုပါကိုင်ပြီးချိန် အလေးချိန်တိုးရင် အထုပ်ပေါ်ချလို့ရတယ်။ အဟီး နည်းကောင်းတွေပေးနေတာ...းD
ReplyDeleteဒင်းတော့နေနှင့်အုန်း။ ၀ိတ်ကျသွားမှ စိတ်တိုင်းကျ တက်ချိန်ပစ်မယ်လို့ ကျိန်းပစ်ချင်တယ်။ ဒါပေမဲ့ စိတ်ကသာရှိတာ မကျိန်းနိုင်လို့ ခက်နေတယ် မသက်ဝေရေ။ ကိုယ့်မှာတော့ မသက်ဝေ လိုဟိုယိမ်းဒီယိမ်းနည်းနဲ့ ချိန်တဲ့အဟောင်းလေးဘဲရှိတာပါ။အဲဒါလည်း သူဝယ်လာတာဘဲ။ ဘာကြောင့်သူတို့ ကပိန်ပြီး ကိုယ်တို့ ကမပိန်ရတာလည်း။ မကျေနပ်ဘူး။း)
ReplyDeleteစတိုခန်းထဲ ထိုးထည့်ထားလိုက်တာ ကြာပေါ့း)
ReplyDeleteပေါင်ချိန်စက်ကို ချထားတဲ့ အောက်ခံပေါ် မူတည်ပြီးလည်း ဂဏန်းတွေက ပြောင်းတတ်သေး တယ်ဗျ၊ ဥမာ-ရေချိုးခန်းထဲက ကြွေပြားပေါ်မှာ ချိန်တာနဲ့ အိမ်ရှေ့က ပါကေးပေါ်မှာ ချိန်တာ မတူနိုင် ဘူးလေ၊ မသက်ဝေ အတွက် အလေးချိန်ကို အနည်းဆုံး ပြပေးတဲ့ အောက်ခံကြမ်းခင်း တစ်ခု လိုက်ရှာ ကြည့်ပါဦးလား..၊ စက်ရဲ့ မှတ်ဥာဏ်တွေကို ဇဝေဇဝါ ဖြစ်အောင်လုပ်ဖို့ ဆင်ခြေလျှောလို နေရာ ဖြစ်ဖြစ်လေ၊း) ညက်ညက်ညောညောနဲ့ ချစ်စရာ ကောင်းတဲ့ ပို့စ်လေးပါပဲဗျာ...။
ReplyDeleteပို့စ်လေးက ချစ်စရာလေး... စိတ်တိုနေတဲ့ အစ်မသက်ဝေ မျက်နှာလေးကို မြင်ယောင်ရင်း ပြုံးသွားတယ် ခိခိး))
ReplyDeleteမမ
ReplyDeleteဖြစ်နိုင်ရင် အဲဒီစက်ကလေး ပြန်ရောင်းပါလား...
ဘယ်လောက်ပဲ ပေးရပေးရ ပြန်ဝယ်ချင်တယ်။
ငါးကီလိုလောက်တိုးချင်လို့ ကြိုးစားနေတာ ၁၀ နှစ်လောက်ရှိပြီ။။။
ညီမကတော့ ငါးကီလိုလောက်ထပ်တက်ရင် အရမ်းဝမ်းသာမှာ။
ခုချိန်ထိတော့ သူငယ်ချင်းတစ်ယောက်အားပေးသလို
မယ်စင်္ကြာဝဋာရဲ့ ဘော်ဒီဝိတ်တန်းက မတက်သေးဘူး....
နှင်း
မမသက်ဝေရဲ့ ပေါင်ချိန်စက်အကြောင်းဖတ်မိတော့ အသံထွက်အောင်ရယ်မိတယ်
ReplyDeleteဘာလို့ဆိုတော့ ညီမလည်း ပေါင်ချိန်စက်တစ်လုံးနဲ့ အလုပ်ရှုပ်တတ်သူမို့လေ..
ဟိုးတလောက ဝိတ်လျှော့တော့ ပေါင်ချိန်စက်နဲ့ နေ့တိုင်း ချိန်ဖြစ်တယ်
ဒါပေမဲ့ ရက်ဘယ်လောက်ကြာကြာ ဘယ်တော့ချိန်ချိန် ပေါင်ချိန်က ဒီလောက် ဒီလောက် ဖြစ်နေတာ လျှော့မသွားဘူး
ဒါနဲ့ စိတ်တိုပြီး ပေါင်ချိန်စက်ကို ကိုင်ပေါက်ပစ်လိုက်တယ်
ပေါက်ပစ်ပြီးမှ ပြန်ကောက်ပြီး ပြန်တက်ချိန်တော့ ၁၀ပေါင်တောင် လျှော့သွားတယ်
အဲဒီတော့မှ ပါးစပ်က ပြောမိတယ်
ဒါမှ ပေါင်ချိန်စက်က မှန်တာ လို့.. ဟိဟိ
ဟီးဟီး.... လာချိန်ဦးမှ တီသက်ရယ်..
ReplyDeleteဟား ဟား ဟားဟား
ReplyDeleteဟုသာအော်ရီသွားပါကြောင်း
မမရေ....
မဒိုးကန်တို့ကပေါင်ချိန်စက်ကို
ကျောခိုင်းခဲ့တာကြာပီ..
ခင်မင်လေးစာလျှက်
း) နောင့် တော့ မနေ့က သွေးသွားလှုတော့...အဲ့မှာ ရှိတဲ့ ပေါင်ချိန်စက် နဲ့ ချိန်လိုက်တော့ အိမ်က ပေါင်ချိန်စက်ထက် 2KG တောင် နည်းနေလို့ ပျော်တစ်ပြုံးပြုံးဖြစ်နေတား))။
ReplyDeleteမမသက်ဝေ တို့အိမ်လာလည်မှ ချိန်ကြည့်မယ်..ဟုတ် မဟုတ်း)
နောင့်
ခုနကဒါလေး မန့်လိုက်တယ်လို့ ထင်တာ ခု မရှိလို့.....ရေးခဲ့ မရေးခဲ့ မသေချာလို့ ပြန်မန့်တား)
ReplyDelete" နောင့် တော့ မနေ့က သွေးသွားလှုတော့...အဲ့မှာ ရှိတဲ့ ပေါင်ချိန်စက် နဲ့ ချိန်လိုက်တော့ အိမ်က ပေါင်ချိန်စက်ထက် 2KG တောင် နည်းနေလို့ ပျော်တစ်ပြုံးပြုံးဖြစ်နေတား))။
မမသက်ဝေ တို့အိမ်လာလည်မှ ချိန်ကြည့်မယ်..ဟုတ် မဟုတ်း)"
နောင့်
ရယ်လိုက်ရတာဗျာ...များတို့ကတော့ ကိုယ့်အကြောင်းကိုယ်သိလို့ ပေါင်ချိန်စက်ကို ဆေးရုံမှာထားရတဲ့ အရာလို့သာမှတ်ပြီး အိမ်ပေါ်ခေါ်မတင်ပေါင်..အမှတ်တမဲ့ဆေးရုံရောက်မိရင်တောင် သူ့ကိုမမြင်ချင်ယောင်ဆောင်ပြီး ခေါ်ကိုခေါ်ဘူးးးး :D
ReplyDeleteမမကလှပါသေးတယ်ဗျာ...အနော်တွေ့လိုက်တယ်နော်း)) ချစ်လို့ကြည်စယ်တာပါ..း)))))
ဒါမျိုးစက်တော့ ဝယ်လို့ကို မဖြစ်ဘူး.. :D
ReplyDeleteWe are in the same boat.I hate that kind of weight scale.....:))
ReplyDeleteGyidaw
ဖတ်ပြီး သဘောကျသွားပါတယ်...သက်ဝေရေးမှ ပေါင်ချိန်စက်လေးလည်း အသက်ဝင်နေတဲ့ ညစ်ကျယ်ကျယ်ကောင်လေး ဖြစ်သွားတယ်...း)))
ReplyDeleteသက်ဝေအိမ် လာမလည်တော့ဘူး...အဲဒီပေါင်ချိန်စက်ကို ကြောက်ကြောက်... ဒီက လောကကြီးမှာ ပေါင်ချိန်စက်ဆိုတဲ့ အရာရှိနေတယ်ဆိုတာ တမင်တကာကြီးမေ့ထားတဲ့သူ
ReplyDeleteဖတ်နေရင်းနဲ့ ပြုံးလိုက်ရတာ မရေ။ :D
ReplyDeleteအိမ်မှာ ဒစ်ဂျစ်တယ်ပေါင်ချိန်စက်တစ်လုံးရှိတယ်။ ညိုလေးက ထမင်းစားပြီးမှ တက်ချိန်ပြီး ဇွန်က မနက်မိုးလင်း... ရေမသောက်ခင်၊ အပေါ့အပါးသွားပြီးမှ တက်ချိန်တယ်။ ကိုယ့်ကိုယ်ကို motivate လုပ်နည်းတစ်မျိုးပေါ့။ အဟီး...
ပေါင်ချိန်ခါနီးရင် မျက်မှန်တောင် ချွတ်ထားပလိုက်တယ်။ တော်ကြာ သူ့ကြောင့် သုညနောက်က ဒဿမ ဂဏန်းတစ်လုံး တိုးသွားမှာစိုးလို့။ :D