Monday, May 6, 2013

ဂိမ်းကစားခြင်းကို ဘယ်လို ထိန်းချုပ်ကျော်ဖြတ်ကြမှာလဲ

အခုလို အိုင်တီခေတ်မှာ ကြီးပြင်းလာတဲ့ ကလေးငယ် အများစုဟာ အသက်အရွယ်ကို လိုက်လို့ သူတို့နဲ့ သင့်တော်တဲ့ ဂိမ်းတွေကို တီဗီ၊ ကွန်ပျူတာ နဲ့ တက်ပလက်တွေ၊ လက်ကိုင်ဖုန်းတွေကနေ တဆင့် ကစားတတ်လာကြပါတယ်။ ဂိမ်း ဆိုတဲ့နေရာမှာ တီဗွီနဲ့ ဆက်ပြီးကစားရတဲ့ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ Wii လို ဂိမ်းမျိုး၊ Play Station, X-Box လို ဂိမ်းမျိုး တွေအပြင် ကွန်ပျူတာမှာ ရိုးရိုးတန်းတန်း ဒေါင်းလုဒ် ချပြီး ကစားရတဲ့ ဂိမ်းတွေရှိသလို အင်တာနက်ကို ချိတ်ဆက်ပြီးမှ ကစားရတဲ့ အွန်လိုင်းဂိမ်းတွေ… စသည်ဖြင့် ဂိမ်းတွေ အမျိုးမျိုး ရှိပါတယ်။

တိုက်ခန်းနဲ့ နေရတဲ့ ကလေး၊ ဆော့စရာ မြေကျယ်ကျယ် မရှိတဲ့ကလေးတွေဟာ မိဘတွေ မအားလပ်လို့ ကစားကွင်းကို အချိန်တိုင်း လိုက်မပို့နိုင်တဲ့အခါ သူ့ရဲ့ အချိန်ပိုတွေအတွက် ဂိမ်းကစားလိုပါတယ်။ သစ်ပင် ပန်းပင်တွေ ဝေေ၀ဆာဆာနဲ့ ခြံကျယ် ၀န်းကျယ်မှာ ပြေးလွှား ခုန်ပေါက် ဆော့ကစားလို့ရတဲ့ ကလေးကလည်း အချိန်တန်ရင် သူများနည်းတူ ဂိမ်းကစားချင်ပါတယ်။ အိမ်မှာ ကွန်ပျူတာ မရှိတဲ့ ကလေးတွေကလည်း ဆိုင်မှာသွားပြီး တနာရီ ဘယ်လောက်ဆိုတဲ့ သတ်မှတ်ဈေးနှုန်းနဲ့ ဂိမ်းကစားကြပါတယ်။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေးကို မျက်စိအောက်မှာ ငြိမ်ငြိမ်သက်သက် ကစားနေတာကို တွေ့လိုတဲ့အခါ တီဗွီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ လက်ကိုင်ဖုန်းက ဂိမ်း… အစရှိတဲ့ ဂိမ်းတွေကို ကစားဖို့ ခွင့်ပြုဖြစ်ပါတယ်။

သုတေသန စာတမ်းတခုမှာ ဖတ်လိုက်ရတာက ကလေးတွေဟာ ပြင်ပကမ္ဘာကို တစ တစ နဲ့ လျှစ်လျှူရှုလာကြပြီး သူတို့ရဲ့ အချိန်တော်တော်များများကို အင်တာနက်မှာ ဂိမ်းကစားရင်း ကုန်ဆုံးစေပါတယ် တဲ့…။ အဲဒီလို ကစားတဲ့အခါမှာ ယောက်ျားလေးတယောက်ဟာ ပျမ်းမျှအားဖြင့် တပတ်ကို အနည်းဆုံး ဂိမ်းကစားချိန် ဆယ့်သုံးနာရီ ရှိပြီး မိန်းကလေးတယောက်ဟာ ငါးနာရီ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို ကလေးတိုင်းနီးနီး ခုံမင် စွဲမက်စွာ ဂိမ်းကစားကြတဲ့ ခေတ်ထဲမှာ မိဘတွေဟာ ကလေးတွေ ဂိမ်းကစားနေတာနဲ့ ပတ်သက်လို့ ဘယ်လို သတိထားသင့်သလဲ၊ ဘယ်လို ထိန်းချုပ်သင့်သလဲ ဆိုတဲ့ အချက်ကို အဓိကထား ပြောချင်ပါတယ်။


ပထမဆုံးအဆင့်အနေနဲ့ အသက် တနှစ်ကျော်ကျော် နှစ်နှစ်နီးပါး အရွယ် ကလေးငယ်လေးတွေကို ကြည့်ရအောင်…။ စကားတောင် သွက်သွက် မပြောနိုင်သေးတဲ့ အဲဒီအရွယ် ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ဖေဖေ မေမေတွေဆီက လက်ကိုင်ဖုန်းလေးတွေကို ယူပြီး တောင်နှိပ် မြောက်နှိပ် နှိပ်ရမှန်း သိနေပါပြီ။ အဲဒီကမှ တဆင့်တက်ပြီး ဘောလုံးဖေါက်တဲ့ ဂိမ်းမျိုးလေးတွေကို သူတို့ လက်ပိစိလေးတွေနဲ့ တို့ကာ ထိကာ ကစားတတ်စပြုလာပြီး ဘောလုံးလေးတွေ ဖေါက်ကနဲ ဖေါက်ကနဲ ပေါက်သွားတဲ့အခါမှာ သဘောကျ နှစ်ခြိုက်စွာ ခိုးခိုးခစ်ခစ်နဲ့ ရယ်မောတတ်နေကြပါပြီ…။ အဲဒီအချိန်မှာ သူတို့လက်ထဲကနေ ဖုန်းကို ပြန်ယူမိရင် ကျွက်ကျွက်ညံအောင် အော်ဟစ် ငိုယိုပြီး သူတို့ ဆန္ဒလေးတွေကို ထုတ်ဖေါ်ပြသတတ်နေပါပြီ…။ သို့သော်လည်း အဲဒီအရွယ်လေးတွေကို အာရုံပြောင်းရတာ အနည်းငယ် လွယ်ကူသေးတဲ့အတွက် သိပ်ပြဿနာ မကြီးသေးဘူးလို့ ဆိုနိုင်ပါတယ်…။

ဒုတိယအဆင့် - အသက် နှစ်နှစ်ကနေ အသက် ခြောက်နှစ် ပတ်ဝန်းကျင်ကိုရောက်လာတဲ့အခါ ကလေးတွေဟာ လက်ကိုင်ဖုန်းထဲက ဂိမ်းကို ဆော့ရုံနဲ့ အားမရတော့ပါဘူး။ တက်ပလက်တွေ ကွန်ပျူတာတွေက ဂိမ်းတွေကို စိတ်ပါဝင်စားစွာ ဆော့ချင်၊ ဆော့တတ်တဲ့ အရွယ်တွေ ဖြစ်လာကြပါပြီ။ အဲဒီအရွယ်မှာ မိဘတွေက ကိုယ့်သားသမီးလေးတွေကို တတ်ချင် သိချင်စိတ်တွေနဲ့အတူ အေ ဘီ စီ စာလုံးလေးတွေ ပါတဲ့ ဂိမ်းမျိုး၊ ကလေးသီချင်းလေးတွေ ဆိုတဲ့ ဂိမ်းမျိုးတွေကို လိုလို ချင်ချင်နဲ့ ပေးဆော့ကြပါတယ်။ ကွန်ပျူတာ ကီးဘုတ်ကနေတဆင့် အေ ဘီ စီ လေးတွေ တောင်တလုံး မြောက်တလုံး ရိုက်တတ်လာရင် မိဘတွေမှာ ကျေနပ် ကြည်နူးလို့…။ အဲဒီလို ဆော့ရင်းနဲ့ ကလေးတွေဟာ အဲဒီ ပစ္စည်းတွေနဲ့အတူ ဂိမ်း ဆိုတာကို စတင် စွဲလမ်းသွားကြပါတယ်။

အဲဒီနေရာမှာ ပြဿနာရှိလာတာကတော့ သူတို့လေးတွေရဲ့ မျက်စိပါ။ မသိ နားမလည်သေးတဲ့အရွယ်ဆိုတော့ အလင်းရောင် လုံလောက်တဲ့နေရာမှာ ဆော့ဖို့တွေ၊ မျက်စိနဲ့ အနည်းဆုံး တပေ အကွာမှာ ထားပြီး ကြည့်ဖို့တွေ ဘာတွေ သူတို့ မသိပါဘူး။ ကစားချင်တာ တခုပဲ သိပါတယ်။ ကစားတဲ့ထဲကို အာရုံရောက်သွားရင် တဖြည်းဖြည်းနဲ့ မျက်လုံးနဲ့ နီးနီးကပ်ကပ် ကြည့်နေမိတယ် ဆိုတာလည်း သူတို့ မသိတော့ပါဘူး။ ဂိမ်း ဆိုတဲ့ အမျိုးကလည်း အဲဒီလောက်အထိ စွဲပါတယ်။ အဲဒီလို သူတို့ကစားနေတဲ့ အချိန်မှာ မိဘကသာ သေသေချာချာ ဂရုမစိုက်ခဲ့ဘူး၊ ကလေးငြိမ်နေရင် ပြီးရောဆိုပြီး အလိုလိုက်ခဲ့၊ အချိန်ကို အကန့်အသတ်ထားပြီး မထိန်းချုပ်ခဲ့ဘူးဆိုရင် သူတို့လေးတွေရဲ့ မျက်စိတွေကို များစွာ ထိခိုက်နိုင်ပါတယ်။ မျက်စိရှေ့မှာတင် အသက် လေးနှစ်၊ ငါးနှစ်အရွယ်မှာ မျက်စိအားနည်းလို့ မျက်မှန်တပ်လိုက်ရတဲ့ ကလေးငယ်လေးတွေ တော်တော်များပါတယ်။

ကျောင်းစတက်ရတဲ့အရွယ် အသက် ခြောက်နှစ်ကနေ ဆယ်နှစ် ဆယ့်နှစ်နှစ်အရွယ် ကလေးတွေကို ကျွန်မအပါအ၀င် ကျွန်မပတ်ဝန်းကျင်က မိဘ အများစုကတော့ ကလေးတွေနဲ့ အပေးအယူလုပ်ပြီး အချိန် အကန့်အသတ်နဲ့ ဂိမ်းကစားခွင့်ပြုကြတာ တွေ့ရပါတယ်။ ဥပမာ - ကျောင်းကပြန်ရောက်ပြီး ခဏ အနားယူတဲ့အချိန်မှာ ဂိမ်း တနာရီဆော့ပြီးရင် နေ့လည် တရေး အိပ်ရမယ်နော်… ဒါမှမဟုတ်… တရေးအိပ်လို့ အိပ်ယာနိုးရင် ဂိမ်း တနာရီ ကစားရမယ်… ဒါမှမဟုတ် ကျောင်းကပါလာတဲ့ အိမ်စာတွေ ပြီးရင် ဂိမ်း တနာရီ ပေးကစားမယ်… စသည်ဖြင့် ကလေးတွေကို သင့်တင့် မျှတတဲ့ အပေးအယူတွေလုပ်ပြီး ဂိမ်းကစားခြင်းဆိုတဲ့ ခေါင်းစဉ်ကို ဖြတ်ကျော်ကြပါတယ်။ သူတို့တွေ ကစားတဲ့ ဂိမ်းတွေကိုလည်း တစေ့တစောင်း အကဲခတ်ရပါတယ်။ အွန်လိုင်းဂိမ်းတွေမှာ သူတို့အရွယ်နဲ့ မသင့်တော်တဲ့ ဂိမ်းတွေလည်း အများကြီး ရှိနေတာကိုး…။ အရာရာကို စူးစမ်းတတ်တဲ့ အရွယ်လေးတွေ ဖြစ်နေတာမို့ ဂိမ်းတခု ဆော့နေရင်းကနေ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာတတ်တဲ့ ကြော်ငြာတွေကတဆင့် နောက်ထပ် ဂိမ်းတွေ တခုကနေ တခု… အဲဒီမှာ ကလေးတွေ မကစားသင့်တဲ့ ဂိမ်းတွေ၊ မမြင်သင့်တဲ့ စာမျက်နှာတွေဆီ ရောက်မသွားဖို့ကိုလည်း မိဘတွေ တော်တော်လေး သတိထားရပါတယ်။

အဲဒီလို အပေးအယူနဲ့ ဂိမ်းကစားစေတဲ့အခါ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အခါမှာ ကလေးတိုင်းလိုလိုမှာ တွေ့ရတဲ့ ပြဿနာကတော့ ဈေးဆစ်ကြတာပါ…။ ဂိမ်းကစားတာဟာ တော်တော်လေး ရပ်ရခက်တဲ့အတွက် နောက် ငါးမိနစ်… နောက် ဆယ် မိနစ်… စသည်ဖြင့် အချိန်ပိုတွေ တိုးတောင်းတတ်ကြပါတယ်။ တခါ နှစ်ခါ အလိုလိုက်နိုင်ပေမယ့် အဲဒီလို အခါတွေ များလာရင်တော့ နည်းနည်းလေး လေသံ မာမာပြောမှ သူတို့ ရပ်တန့်ကြပါတယ်…။ ပြီး မအိပ်ချင် အိပ်ချင်နဲ့ အိပ်ယာပေါ် မှောက်ရက်ကြီး သွားမှောက်နေတဲ့ ကလေးတွေ၊ အသံတိတ် ဆန္ဒပြတဲ့ ကလေးတွေလည်း အများကြီးပါ။ ဟုတ်ပါတယ်… အဲဒီလို အနေအထားမျိုးကို ကလေးတွေ အသက် ဆယ်နှစ် ဆယ့်နှစ်နှစ်လောက်အထိ ကျွန်မတို့ လိုတိုး ပိုလျော့နည်းနဲ့ ထိန်းချုပ်နိုင်ပါသေးတယ်…။

အသက် ဆယ့်နှစ်နှစ်ကျော်သွားတဲ့ ကလေးတွေ၊ အလယ်တန်းကျောင်းရောက်တဲ့ ကလေးတွေမှာ သူတို့ ကိုယ်ပိုင် Laptop လေးတွေ ကိုယ်စီ ၀ယ်ကြ ကိုင်ကြ အသုံးပြုကြရပါပြီ…။ မိဘတွေ အနေနဲ့ သူတို့ကို အချိန်မရွေး လက်လှမ်းမီနိုင်စေဖို့၊ အကြောင်းကိစ္စ တစုံတရာရှိရင် လွယ်လင့်တကူ ဆက်သွယ်နိုင်စေဖို့ လက်ကိုင်ဖုန်းလေးတွေကိုလည်း အသုံးပြုခွင့် ပေးရပါပြီ။ အဲဒီအချိန်မှာ ကလေးတွေ ဂိမ်းကစားတာကို ထိန်းချုပ်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ သူတို့ကို နားလည်အောင်၊ နားဝင်အောင်၊ ဂိမ်းကစားခြင်းနဲ့ ပတ်သက်ပြီး အကောင်း အဆိုးကို ခွဲတတ်အောင်၊ အိပ်ချိန် စားချိန် မျှမျှတတဖြစ်အောင် အကျိုးသင့် အကြောင်းသင့် ပြောပြရင်း ထိန်းချုပ်ဖို့သာ ရှိပါတော့တယ်။

သတင်းစာတွေမှာ မကြာခဏ ကြားနေ ဖတ်နေရတဲ့ ဂိမ်းကစားရင်း ထမင်းမေ့ ဟင်းမေ့ဖြစ်ပြီး အားပြတ် လဲကျပြီး သေဆုံးရတဲ့ အကြောင်းတွေ၊ အမေလုပ်သူက ဂိမ်းကစားတာ ကလေးကို အစာကျွေးဖို့ မေ့နေလို့ ကလေးလေး သေသွားရတဲ့ အကြောင်းတွေ၊ ဂိမ်းထဲမှာ သူ့ထက်ငါ အနိုင်ရအောင် ကစားရင်း အပြင်မှာပါ ရန်သူတွေဖြစ်ပြီး တယောက်တယောက် အညှိုးတကြီးနဲ့ သတ်ဖြတ်ကြတဲ့ အကြောင်းတွေ… အဲဒါတွေကို နမူနာထား ပြောပြပြီး အလွန်အကျွံ မဖြစ်အောင် ထိန်းဖို့သာ ရှိပါတယ်။ လုံးဝကြီး မကစားရဘူးရယ်လို့ ယတိပြတ် ဖြတ်ပစ်လိုက်ဖို့တော့ တကယ်ကိုပဲ မလွယ်ကူလှပါဘူး။

ဒါကြောင်း မိဘတွေအနေနဲ့ ကလေးတွေကို ဂိမ်းကစားခွင့် ပြုတဲ့အခါ ကိုယ့်ကလေးရဲ့ အသက်အရွယ်နဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး သူတို့ကစားသင့်တဲ့ ဂိမ်းလေးတွေကို ကိုယ်တိုင် ရွေးချယ်ပေးစေချင်ပါတယ်။ ကစားနေတဲ့ ဂိမ်းအပေါ်မှာ အရမ်းကို စိတ်အားထက်သန်နေတဲ့ကလေး၊ တဖက်ကို အနိုင်ရလိုစိတ် ကြီးမားလှတဲ့ကလေး၊ ထိုးခုတ် သတ်ဖြတ်တာတွေကို သိပ်ခုံမင်နေတဲ့ကလေးမျိုးတွေကို တဖြည်းဖြည်းနဲ့ အလွန်အကျွံဖြစ်မလာရလေအောင် ဂိမ်းလေးတွေ ပြောင်းပေးသင့်ပါတယ်။ နောက်တခုက အခွေနဲ့ ကစားရတဲ့ ဂိမ်းတွေမှာ အသက်အရွယ် ကန့်သတ်ချက်တွေ ပါပါတယ်…။ အဲဒါကို သေသေချာချာ ကြည့်ပြီးမှ ကလေးရဲ့ အသက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဂိမ်းမျိုးကို ၀ယ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် မ၀ယ်ပေးခင်မှာ ငှားပြီး ကစားကြည့်စေတာမျိုး… ပြီးတော့ တခါတရံမှာ ကိုယ်တိုင် ကလေးနဲ့ အတူတူ ဂိမ်းဝင်ကစားပြီး ကလေးရဲ့ စိတ်ဓါတ်လေးကို မသိမသာနဲ့ အကဲခတ် လေ့လာဖို့လည်း လိုအပ်ပါသေးတယ်။ နောက်တခုကတော့ ကလေးကို အချိန်အကန့်အသတ်နဲ့ ကစားစေဖို့ရယ်၊ အများသူငါ (မိသားစု) မြင်ရတဲ့ နေရာမှာ ကစားစေဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း ဂိမ်းထဲမှာ ဘယ်လိုပုံတွေ ပါသလဲ၊ ကိုယ့်ကလေး ဘယ်လိုဂိမ်းတွေကစားနေသလဲ၊ ဘယ်လိုအရုပ်တွေ ကြည့်နေသလဲ ၊ သူတို့နဲ့ သင့်တော်သလား မသင့်တော်ဘူးလား… စသည်ဖြင့် အလွယ်တကူ သိနိုင် မြင်နိုင်မှာ ဖြစ်ပါတယ်။

ခေတ်ရေစီးကြောင်းအရ ကလေးတွေကို ခွင့်ပြုရ လိုက်လျောရတဲ့အထဲမှာ ဂိမ်းကစားခြင်းဆိုတဲ့ ခေါင်းစဉ်ဟာ တဖြည်းဖြည်းနဲ့ နေရာယူ ကျယ်ပြန့်လာတာ တွေ့နေရပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်ကလေးတွေရဲ့ အသက်အရွယ်၊ စိတ်ပိုင်းဆိုင်ရာ အနေအထား၊ ကျန်းမာရေး အခြေအနေ စတာတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဂိမ်းတွေကို အချိန်အကန့်အသတ်နဲ့ ကစားတတ်အောင် သတိထားပြီး ဂရုစိုက်ကြဖို့ အကြံပြုလိုပါတယ်။



မှတ်ချက် - ၂၀၁၃ မေလ - Gamers Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Monday, April 29, 2013

ကမ္ဘာမြေကို အလည်ရောက်လာသူတယောက်ရဲ့ အိမ်ပြန်ချိန်

ရုံးသွားချိန် ကျောင်းသွားချိန်မို့ လမ်းလေးခွဆုံတခုရဲ့ ပတ်ပတ်လည် ပလက်ဖေါင်း တလျှောက်မှာ သာမန်အချိန်ထက်စာရင် လူတွေ ပိုစည်ကားနေပါတယ်။ အားလုံးဟာ တယောက်နဲ့တယောက် ဦးတည်ရာ အရပ်တွေ ကွဲပြားပေမယ့် သွက်လက်တဲ့ ခြေလှမ်းတွေကတော့ တူညီနေကြတယ်။ အဲဒီထဲမှာ သာမန်နဲ့ မတူ… တမူထူးခြားပြီး တုံ့နှေး လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ လူတစ်စုကို ကျွန်မ သတိထားလိုက်မိတယ်…။ သူတို့ဟာ လမ်းထောင့်နားကနေ ကွေ့ပြီး ဖြည်းဖြည်းချင်း လျှောက်လာကြတာ…။ ကျွန်မကားကို အရှိန်နည်းနည်း လျှော့လိုက်ပါတယ်။ ပြီးတော့ အဲဒီ လူတစ်စုကို သေသေချာချာ ကြည့်ရင်း ဘီးကို တလိမ့်ချင်းလှိမ့်ပြီး မောင်းလာခဲ့တယ်။ ကံကောင်းထောက်မစွာ ရှေ့လမ်းဆုံက မီးပွိုင့် မီးနီသွားတယ်။ အဲဒီလို မီးနီနေချိန်မှာ ကားကို ရပ်ပြီး ခုနက လူတစ်စုကို ကြည့်ဖို့ အခွင့်သာသွားတယ်။

သူတို့အဖွဲ့မှာ စုစုပေါင်း ကိုးယောက်…။ အမျိုးသား လေးယောက် အမျိုးသမီး ငါးယောက်…။ အမျိုးသား လေးယောက်မှာ တယောက်က အသက်ကြီးကြီး အဖိုးအို… အမျိုးသမီး ငါးယောက်မှာ တယောက်က အသက်ကြီးကြီး အဖွားအရွယ်… နောက်တယောက်က အသက် ဆယ်နှစ် ပတ်ဝန်းကျင်လောက်ရှိနိုင်တဲ့ ဂါဝန်ဖြူလေး ၀တ်ထားတဲ့ ကလေးမလေး…။ သူတို့သုံးယောက်ကလွဲရင် ကျန်တဲ့သူတွေက လူရွယ် လူလတ်ပိုင်းတွေ…။ အဖိုးအိုကို အမျိုးသားတယောက်က တွဲခေါ်လာပြီး သူတို့က အနောက်ဆုံးကနေ လျှောက်လာတယ်။ အဖွားအိုရဲ့ ဘေးတဖက်တချက်မှာတော့ အမျိုးသမီးနှစ်ယောက်က ဖေးမ တွဲခေါ်လာပြီး သူတို့က အလယ်ကနေ လျှောက်လာကြတယ်။ ကလေးမလေးကတော့ ဟိုကြည့် ဒီကြည့်နဲ့ ခြေလှမ်းလေးတွေက ခပ်နှေးနှေး…။ ရှေ့ဆုံးက အမျိုးသားကတော့ တယောက်တည်း… အရပ် မနိမ့်မမြင့် ခပ်ပိန်ပိန်… ခေါင်းကို ငုံ့ပြီး တလှမ်းချင်း ဖြေးညှင်းစွာ ရွေ့လျားနေတယ်။ သူ့ကြည့်ရတာ အိပ်မက်ထဲမှာ (သို့) အိပ်မက်ယောင်ပြီး လမ်းလျှောက်နေသူတယောက်နဲ့ ခပ်ဆင်ဆင်…။ သူတို့ အားလုံးဟာ အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီ အနက်ရောင် ခပ်နွမ်းနွမ်းတွေ ကိုယ်စီ ၀တ်ဆင်လို့…

တရွေ့ရွေ့ နဲ့ ရွေ့လျားလာတဲ့ သူတို့အဖွဲ့ဟာ ကျွန်မ ကြည့်နေတဲ့ ကားနောက်ကြည့်မှန်ကနေ တဆင့် ကျွန်မကားရဲ့ ဘယ်ဖက်အခြမ်းကို ရောက်လာကြတယ်။ မြင်ကွင်းဟာ ခုနကထက် ပြတ်သား ရှင်းလင်းလာတယ်။

ကြည့်နေရင်းမှာ မျက်မှန်တပ် ခပ်၀၀ အမျိုးသားတယောက်က အနောက်ဖက်ကနေ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လာပြီး အမျိုးသမီးတွေကို ကျော်ဖြတ်လို့ ရှေ့ဆုံးက အမျိုးသားပိန်ပိန်လေးရဲ့ ပခုံးကို အသာ သွားဖက်လိုက်တယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက တယောက်တည်းလျှောက်နေတဲ့ အမျိုးသားဟာ ခြေလှမ်းရပ်တန့်သွားပြီး သူ့ကို ပုခုံးလာဖက်သူ အမျိုးသားကို ပြန်လည် မှီတွယ်ရင်း ပုခုံးပေါ်ကို မျက်နှာအပ် လိုက်တာကို တွေ့ရတယ်…။ အဲဒီအခိုက်အတန့်လေးမှာပဲ ကျွန်မစိတ်တွေ အဆမတန် ထိခိုက် လေးလံသွားတာ…။ ပြီးတော့… ဂါဝန်လေးနဲ့ ကလေးမလေးကို သေသေချာချာ တခါ ထပ်ကြည့်ရင်း ကျွန်မ လက်ဖျားတွေ အေးစက်လို့ နှလုံးခုန်သံတွေလည်း ရုတ်ချည်း မြန်ဆန်လာခဲ့တယ်။ သေချာပါပြီ… သေချာပါပြီ… သူတို့မှ သူတို့ အစစ်ပါပဲ…။ တကယ်ကိုပဲ ကျွန်မ သူတို့ကို မြင်ချင် တွေ့ချင်နေခဲ့တာ…

ခဏအကြာမှာ ကျွန်မ ရပ်တန့်နေရတဲ့ မီးပွိုင့်က မီးနီရာကနေ စိမ်းသွားပါတယ်။ ကျွန်မ သွားရတော့မယ်… ရုတ်တရက် ချက်ချင်း မထွက်နိုင်သေးတဲ့ အရှေ့က ကားတွေကြောင့် ကျွန်မ ခုနက လူတစ်စုကို ဆက်ကြည့်နေဖို့ အခွင့်သာခဲ့ပြန်တယ်။ အမျိုးသမီးနှစ်ယောက် တွဲထားတဲ့ အဖွားအိုဟာ ခြေလှမ်းကို ရပ်တန့်ရင်း၊ တပ်ထားတဲ့ မျက်မှန်ကို အသာ ပင့်တင်ရင်း အ၀တ်စတခုနဲ့ မျက်လုံးတ၀ိုက်ကို ပွတ်သုတ်နေခဲ့တယ်။ အနောက်က အဖိုးအိုက ခြေလှမ်းရပ်တန့်နေတဲ့ အဖွားအိုကို တစုံတခု လှမ်းပြောလိုက်ဟန်တူတယ်။ အဖွားအိုဟာ ခေါင်းကို အသာအယာ ညိတ်ရင်း ရှေ့က အမျိုးသား ပိန်ပိန်လေးကို ငေးငေးလေး လှမ်းကြည့်လိုက်တယ်။ အဲဒီ အမျိုးသားလေးကတော့ ခုနက သူ့ကို လာရောက် ဖေးမသူ မျက်မှန်နဲ့ အမျိုးသားရဲ့ ပခုံးပေါ်မှာ မျက်နှာမှောက်ထားဆဲ…။ ကျွန်မ အကြည့် မမှားဘူးဆိုရင် အဲဒီ အမျိုးသားလေးရဲ့ ကျောပြင်ဟာ တသိမ့်သိမ့် လှုပ်ရှားလို့ နေတယ်…။ ဟုတ်တယ်… သူ ငိုနေတယ်…

ရှေ့က ကားတွေ ရွေ့နေတာမို့ ကျွန်မ ကားကိုလည်း စပြီး ရွေ့ရတော့တယ်။ ကားကို ဂရုတစိုက် မောင်းထွက်လာရင်း ခုနက နေရာမှာ ရပ်တန့်နေတဲ့ သူတို့တွေကို နောက်ကြည့်မှန်ကနေ တချက်လှမ်းကြည့်ပြီး စိတ်ထဲကနေ တီးတိုး နှုတ်ဆက်လိုက်တယ်။ နောက်နောင်ကို အခုလို စိတ်ဆင်းရဲမှုမျိုး… မိသားစုတွေ ဝေးကွာရတဲ့ အဖြစ်မျိုးက ကင်းဝေးပါစေ ရယ် လို့ ဆုတွေ အထပ်ထပ် တောင်းပြီး နှုတ်ဆက်ခဲ့ပါတယ်။

******

ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက အိမ်နဲ့ မနီးမဝေး လမ်းဆုံတခုမှာ ကား မတော်တဆမှုတခု ဖြစ်ခဲ့တယ်လို့ သိရတယ်။ အမှန်ဆို အဲဒီလမ်းက ကျွန်မ ရုံးအသွား ဖြတ်မောင်းနေကျ လမ်းပါ။ အဲဒီနေ့ကတော့ ကျွန်မ အမျိုးသားက အလုပ်ကို ခါတိုင်းထက် စောစောသွားဖို့ရှိတာမို့ သူ့ကို လိုက်ပို့ရင်း အပြန်မှာ တခြားလမ်းမတခုကနေ ရုံးကို လာခဲ့တယ်။ ရုံးရောက်တော့ မျက်နှာစာအုပ်မှာ အဲဒီ မတော်တဆမှုသတင်းကို ဖတ်ရ သိရတာပါပဲ…။ နေ့တိုင်း အဲဒီ အချိန်မှာ အဲဒီလမ်းဆုံက ဖြတ်မောင်းနေကျဆိုတော့ အော်… မနက်က ငါ အဲဒီလမ်းက မလာမိတာ တော်ပါသေးရဲ့ပေါ့… မဟုတ်ရင် ကားတွေ ကြပ်ပိတ်နေမှာ… ရုံးနောက်ကျမှာ… အဲဒီလောက်ပဲ စိတ်ထဲ ထားခဲ့တယ်။

ဖြစ်ပုံကတော့ ဘတ်စ်ကားကြီးတစင်းက လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးတယောက်ကို တိုက်ချသွားခဲ့တာပါ…။ ကားတွေ ကွေ့ဖို့ အတွက် မီးစိမ်းနေတာလား… လူကူးဖို့အတွက် မီးစိမ်းနေတာလား… ဘယ်သူမှန်တယ်… ဘယ်သူမှားတယ်… လို့ ကျွန်မ သေသေချာချာ မပြောနိုင်ပေမယ့် အသက်တချောင်းကတော့ ချက်ချင်းကို ဆုံးရှုံးသွားခဲ့ရပြီ…။

နောက်တနေ့ သတင်းစာမှာ ဖတ်ရတာကတော့… အဲဒီအမျိုးသမီးဟာ အဲဒီ လမ်းဆုံနဲ့ မနီးမဝေးက အိမ်ယာတခုမှာ နေပါတယ်။ အဲဒီနေ့ မနက်မှာ သူဟာ အိမ်ကနေ သူ့အမျိုးသားနဲ့အတူတူ ဈေးဝယ်ဖို့ ထွက်လာတာ… ဖြစ်ချင်တော့ သူက ဈေးဝယ်အပြီးမှာ သူ့အမျိုးသားထက် မိနစ် နှစ်ဆယ်လောက် စောပြီး ပြန်လာခဲ့မိတာ…။ အဲဒီလို အိမ်အပြန် လမ်းဆုံမှာ လမ်းကူးရင်း ဘတ်စ်ကားက ၀င်တိုက်သွားခဲ့တာ…။ သူ့အမျိုးသားက နောက် မိနစ်နှစ်ဆယ်လောက်အကြာမှာ အဲဒီလမ်းဆုံနားကို ရောက်လာတော့ လူတွေ စုရုံး စုရုံးနဲ့ ကားမတော်တဆမှုကို တွေ့တော့ စိတ်ထဲ မသက်မသာဖြစ်ပြီး သူ့မိန်းမကို ဖုန်းလှမ်းခေါ်ခဲ့တာ… ကံဆိုးစွာပဲ… ဖုန်းမြည်သံဟာ အသက်မရှိတော့တဲ့ အမျိုးသမီးနားမှာ စူးစူးဝါးဝါး မြည်နေခဲ့တာ ဖြစ်တယ်…။

ကျွန်မ အဲဒီသတင်းကို ဖတ်ပြီး အချိန်တော်တော်ကြာ စိတ်ထိခိုက်နေမိတာ… နောက်နေ့ မနက်တွေ အဲဒီလမ်းဆုံက ဖြတ်တိုင်း သတိရနေမိတာ...။ Fatal Accident ဆိုတဲ့ ဆိုင်းဘုတ် အဲဒီလမ်းဆုံမှာ ထောင်ထားတာ တွေ့တဲ့နေ့က ကျွန်မ ထမင်းမစားနိုင်ခဲ့ဘူး။ အဲဒီ အမျိုးသားဟာ ဒီက တက္ကသိုလ်တခုက ပါမောက္ခတယောက်ဖြစ်ပြီး သူတို့မှာ အသက် ဆယ်နှစ်အရွယ် သမီးကလေး တယောက် ရှိတယ်လို့ သတင်းမှာ ဖတ်ရပါတယ်။ သမီးလေး တက်နေတဲ့ ကျောင်းနာမည်ကိုကြည့်တော့လည်း နာမည်ရ အဆင့်မြင့် ကျောင်းတခုဖြစ်နေတာမို့ သူတို့ဟာ ပညာတတ်ပြီး ပြည့်စုံသာယာတဲ့ မိသားစုကလေးတခု ဖြစ်ရမယ်လို့ ကျွန်မ သေချာနေခဲ့တယ်။

အဲဒီလိုတွေ သိရပြီးတော့ ကျွန်မစိတ်ထဲမှာ ကိုယ်နဲ့ လုံးဝ မသိတဲ့သူတွေဖြစ်ပေမယ့် သူတို့မိသားစုကလေးကို တွေ့ချင် မြင်ချင်နေမိတယ်။ စိတ်ထဲကနေ အားပေး နှစ်သိမ့်ချင်နေမိတယ်။ သူတို့လေးတွေ ပိန်သလား ၀သလား၊ ပုသလား ရှည်သလား၊ ဖြူသလား ညိုသလား… စသည်ဖြင့် စိတ်ကနေ မှန်းဆကြည့်နေမယ့်အစား သူတို့ကို တွေ့ဖူး မြင်ဖူးရင် ကျွန်မ ပို့နေတဲ့ မေတ္တာတွေ၊ ကျွန်မ တောင်းနေတဲ့ ဆုတောင်းတွေဟာ ပိုများ အာနိသင်ရှိလေမလားလို့ ကျွန်မ တွေးနေမိတာ…။

ကျွန်မ ဆန္ဒ ပြည့်ခဲ့ပါတယ်…။
ကျွန်မထင်တာ မမှားဘူးဆိုရင် သူတို့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လာပြီး ဆုတောင်းကြတာပါ…။ အသက်ကြီးနေတဲ့ အဖိုး အဖွားနှစ်ယောက်ကတော့ ကွယ်လွန်သူ အမျိုးသမီးလေးရဲ့ မိဘ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်…။ ရှေ့ဆုံးက အမျိုးသားလေး… ပြီးတော့ ဘာမှ ရေရေရာရာ သိရှာမှာ မဟုတ်သေးတဲ့ ဆယ်နှစ်သမီးလေး…။ သုံးမိနစ်တောင် မပြည့်တတ်တဲ့ အချိန်ပိုင်းလေးသာ လှမ်းတွေ့လိုက်ရပေမယ့် ကျွန်မ သူတို့ကို ကောင်းကောင်းကြီး မှတ်မိသွားပါတယ်။ သူတို့နားက ဆက်ထွက်လာပြီး လမ်းတလျှောက်လုံး ကျွန်မ သူတို့မိသားစုလေးအတွက် ဆုတွေ တောင်းနေမိတယ်…။

ကမ္ဘာမြေကို အလည် တခေါက် ရောက်လာသူတိုင်းဟာ အချိန်တန်ရင် အိမ်ပြန်ရစမြဲ မဟုတ်လား…။ သို့သော်လည်း အဲဒီလို အိမ်ပြန်ခရီးတွေမှာ အချိန်တန်လို့ ပြန်ရတဲ့ ခရီးမျိုး၊ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်တဲ့ ခရီးမျိုးသာ ဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီပိုစ့်ကို ရေးပါတယ်။


Monday, April 22, 2013

မုန့်ဟင်းခါး ဋီကာ

ရှေးလူကြီးတွေလို့ မဆိုသာသော်လည်း အဖိုး အဖွားတွေ ရှိစဉ်အချိန်က သူတို့အကြိုက် မေမေ ချက်ပေးလေ့ရှိတဲ့ မုန့်ဟင်းခါး ချက်ပုံချက်နည်း အဆင့်ဆင့်ကို ပြန်စဉ်းစားမိရင်း… အခုအချိန်မှာ ကိုယ် မကြာခဏ… ပြီးတော့ အလွယ်တကူချက်ဖြစ်နေတဲ့ မုန့်ဟင်းခါးကို ကြည့်ရင်း… ဒီစာကို ရေးဖြစ်ပါတယ်။

ငယ်ငယ်က အိမ်မှာ မုန့်ဟင်းခါးချက်တော့မယ်ဆိုရင် မုန့်ဟင်းခါးတအိုးရဖို့ စနစ်တကျ… အစီအစဉ်တကျ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်တွေနဲ့ အတူ Dos & Don’ts တွေကလည်း တော်တော်များများ ရှိနေသေးတာ။ မုန့်ဟင်းခါးချက်တော့မယ်ဆိုရင် ငါးကျည်း ငါးခူ တမျိုးမျိုးကို ၀ယ်… သန့်ရှင်းရေးလုပ်ပြီး ပြုတ်မယ့်အိုးထဲမှာ အကောင်လိုက်ကို ငန်ပြာရည်၊ ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့်တွေနဲ့ နယ်… ခပ်ပါးပါးလှီးထားတဲ့ ဂျင်း အချပ်တွေ နဲ့ စပါးလင် အဖျားပိုင်း သုံးလေးချောင်း ထည့်၊ ငရုတ်သီး အတောင့်ပွ သုံးလေးတောင့်ပါ ရေစင်စင်ဆေးပြီး ထည့်… ရေလေး စပ်စပ်နဲ့ ပြုတ်…။

အဲဒီအချိန်မှာပဲ ကုလားပဲကို ပြုတ်… ထောင်း ပြီးရင် ဇကာနဲ့ တိုက် အနှစ်ရအောင်လုပ်။ နောက် ဆန် လက်တဆုပ်လောက်ကို ဒယ်အိုးပြားပြားထဲထည့် လှော်… အရောင်လေး တော်တော်နီလာရင် ချပြီး အအေးခံ… ထောင်း… ဆန်လှော်မှုန့် ရ…။ ခုနက ပြုတ်ထားတဲ့ ငါးပြုတ်ကျက်ရင် ငါးတွေကို ဆယ်ပြီး အအေးခံ… ပြုတ်လို့ တော်တော်နူးနေတဲ့ ဂျင်း စပါးလင် ငရုတ်သီးအတောင့်တွေကို ထောင်းတယ်…။ ငါးပြုတ်တွေ အေးသွားရင် အသားထွင်တယ်။ အသားထွင်ရင်းက ရတဲ့ ခေါင်းတို့ ဆူးတောင်တို့တွေကို ခုနက ထောင်းတဲ့ အထဲ ထည့်ထောင်းတယ်။ ပြီးရင် အဲဒီ ထောင်းထားတာတွေကို ရေထဲထည့်ပြီး အရည်ချည်းရအာင် စစ်ချလိုက်တယ်…။ အဲဒီအရည်နဲ့ ငါးပြုတ်ထဲက အရည် ရောထားလိုက်တယ်…။

ငါးပြုတ် အသားထွင်ပြီးသားကို ငရုတ်သီးအရောင်တင်၊ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ လေးစိတ်ကွဲထောင်းထားတာနဲ့ ဆီသတ်တယ်။ ပြီးရင် ဆန်လှော်မှုန့်၊ အနှစ်တိုက်ထားတဲ့ ကုလားပဲ၊ ငါးပြုတ်အရည်၊ အခွံခွာထားတဲ့ ကြက်သွန်နီ ခပ်ရွယ်ရွယ် အလုံးလိုက်၊ ကြက်သွန်အဖြူ၊ ဆီ၊ ဆား၊ ငန်ပြာရည်၊ အချိုမှုန့်၊ ငြုတ်သီးအရောင်တင်မှုန့်၊ ငြုတ်ကောင်း၊ စပါးလင် အရင်းပိုင်းတွေနဲ့ ဂျင်း ထောင်းပြီးသား… အစရှိသည်များကို စီကာ စဉ်ကာ ပြင်ထားပြီ…။ ချက်ရန်အသင့်…။

ဒီနေရာမှာ ငှက်ပျောအူ အကြောင်း ဖြတ်ပြောရအုံးမယ်။ သူများတွေ မုန့်ဟင်းခါးချက်တိုင်း ထည့်နေကျ ငှက်ပျောအူကို အိမ်မှာတော့ လုံးဝကို ထည့်လေ့မရှိဘူး။ ငှက်ပျောအူက ဟင်းရဲ့ အချိုရည်ကို စုပ်သွားတတ်လို့ ဟင်းအရသာ ပေါ့သတဲ့…။ အဲဒီလို… အဲဒီလို...

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် မုန့်ဟင်းခါး ချက်မယ့်အိုး ခပ်ကြီးကြီးထဲ ကြက်သွန်နီတွေ အလုံးလိုက် ဆီသတ်တယ်။ ခဏနေတော့ ငရုတ်သီး အရောင်တင်မှုန့် နည်းနည်းထည့်တယ်။ ငရုတ်သီး ကျက်တော့ ဆန်လှော်မှုန့်ကို အရည်ဖျော်ပြီး ထည့်တယ်။ ဆန်မှုန့်တွေ အနည်ထိုင်ပြီး ကပ်မသွားအောင် မကြာခဏ မွှေပေးနေရတယ်။ ဆန်လှော်မှုန့် ကျက်လောက်ပြီဆိုရင် ဇကာတိုက်ထားတဲ့ ပဲအနှစ်ထည့်တယ် ဆက်မွှေတယ်… နောက်တော့ ငါးပြုတ်ရည် ထည့်တယ်… ဆက်မွှေတယ်…။ တော်တော်လေး ဆူပြီးတော့မှ ငါးဆီသတ်ထားတာကို ထည့်တယ်…။

အဲဒီနောက်မှာတော့ ဟင်းရည်ပျစ်နေရင် ရောဖို့အတွက် ရေကို ဆူအောင် တည်ထားရသေးတယ်။ ဟင်းရည်ထဲ ရေရောချင်ရင် ဘယ်တော့မှ ရေအေးတွေ မရောရဘူး… ဆူပြီးသား ရေနွေးပဲ ထည့်ရတယ်။ အဲဒီနောက်မှာတော့ ညက်အောင်ထောင်းထားတဲ့ စပါးလင် ဂျင်းတွေ ထည့်တယ်…။ အရသာ အပေါ့အငန် မြည်းတယ်…။ စိတ်တိုင်းကျပြီဆိုမှဖြင့် ငရုတ်ကောင်း ညက်ညက်ထောင်းထဲကို ကြက်သွန်ဖြူတွေ ထည့်ထောင်းထားတာတွေကို ဟင်းရည်အိုးထဲ ထည့်တယ်။ ငရုတ်ကောင်းထည့်ပြီးရင် ငန်ပြာရည်မထည့်ရတာမို့ အပေါ့အငန် စိတ်တိုင်းကျပြီဆိုမှသာ ငရုတ်ကောင်း ထည့်ရတယ်။ ပြီးရင် မီးအေးအေးနဲ့ အိုးကို အဖုံးပိတ်ထားရတယ်။ ဒါမှ ငရုတ်ကောင်းအနံ့က ပိုမွှေးဆိုပဲ…။

အိုးဘဲဥတို့ ဘာတို့ဆိုတာ အဲဒီခေတ်က မပေါ်သေးဘူး…။ ဂျမားလို့ ခေါ်တဲ့ မုန့်ဟင်းခါးဖတ် ဖြူဖြူဖွေးဖွေး သေးသေး မျှင်မျှင်လေးတွေကို ဟင်းရည်ဆမ်း… ကြက်သွန်ဖြူ မညက်တညက်ကို ဆီချက် ချက်ထားတာလေးတွေ ထည့်ပြီး စားကြတယ်။ ပြီးတော့ နံနံပင် ငရုတ်သီးမှုန့်… မလှမ်းမကမ်းက အကြော်ဆိုင်ကနေ ကြိုကြိုတင်တင် မှာကြား ၀ယ်ယူထားတဲ့ ဘူးသီးကြော်… အဲဒီလိုတွေ ခန်းခန်းနားနား ပြင်ဆင်ပြီး ထမင်းလွတ် အ၀စားကြတာ…။ ငရုတ်ဆီရောင် ရင့်ရင့်နဲ့ မပျစ်မကျဲ အရသာ လေးလေးပင်ပင် မုန့်ဟင်းခါးတပန်းကန်ရဖို့ အဲဒီလို တပင်တပန်း ချက်ကြရတာ…။

အိမ်နဲ့ ဝေးလာတော့ မုန့်ဟင်းခါး တခါစားရဖို့အရေး အဲဒီ ချက်နည်း အဆင့်ဆင့်တွေ ပြန်တွေးရင်း မုန့်ဟင်းခါးတွေဟာ စိတ်ကူးတွေ အိပ်မက်တွေထဲမှာတင် ရပ်တန့် ပျောက်ဆုံးသွားလေ့ရှိခဲ့တာ…။ ကံကောင်းချင်တော့ အဲဒီအချိန်မှာပဲ အသင့်စား မုန့်ဟင်းခါးထုပ်တွေ ပေါ်လာခဲ့တယ်။ အပျော်ဆုံးပဲ…။ အထုပ်တွေပေါ်မှာ ရေးထားတဲ့အတိုင်း ရေနွေးဆူဆူထဲကို ပါသမျှတွေ တခုပြီးတခု ဖေါက်ထည့်ပြီး မုန့်ဟင်းခါး ဖြစ်ပလိုက်တယ်။ မုန့်ဖတ်အတွက် အလွယ်ရတဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ ကိစ္စပြီးတယ်။ ဆီချက် အကြော် နံနံပင်… အသာထား… တခါတခါ မုန့်ဖတ် ၀ယ်မရရင် ထမင်းနဲ့ မုန့်ဟင်းခါး ဟင်းရည်နဲ့တောင် စားခဲ့ဖူးတယ်။ မစားရတာ ကြာနေတော့ မုန့်ဟင်းခါးဆိုတဲ့ နာမည်နဲ့ အနံ့အသက်လေးဟာ ဆွေမျိုးမေ့စေတာပါပဲ…။

အဲဒီလိုနဲ့ စားလာလိုက်တာ တနှစ်ခွဲ နှစ်နှစ် ကြာလာတော့ အထုပ်တွေက မုန့်ဟင်းခါးအနံ့ကို ငြီးတတ်လာတယ်…။ အဲတော့ တောင်တွေး မြောက်တွေးနဲ့ နည်းတမျိုး ထွင်ကြည့်တယ်။ အဲဒါကတော့ အထုပ်ထဲက ငါးမွှေတွေကို ကြက်သွန်ဖြူများများနဲ့ ဆီသတ်တာရယ်၊ ဟင်းရည်အိုးထဲကို စပါးလင်နှစ်ချောင်းလောက် ထုထည့်လိုက်တာရယ်၊ အိမ်မှာရှိတဲ့ ငရုတ်ကောင်းစေ့ကို ကြက်သွန်ဖြူနဲ့ ထောင်းပြီး ထည့်တာရယ်…။ အဲဒီမှာပဲ ကိုယ့်အတွက် ပထမတန်းစား မုန့်ဟင်းခါးကို ရရှိသွားတယ်။ ပတ်ဝန်းကျင်က အထုပ်ဖေါက်ချက်သူ အပေါင်းအသင်းတွေကိုလည်း မမောနိုင် မပန်းနိုင် သတင်းပေးရသေးတယ်။ ခေါ်ကျွေးပြီးတော့လည်း သက်သေပြရသေးတယ်။

အခုတလောမှာတော့ အဲဒီလိုချက်ရတဲ့ မုန့်ဟင်းခါးကိုလည်း စိတ်တိုင်းမကျပြန်လူး။ အထုပ်ထဲက ငါးမွှေဆိုတာတွေကို တဖဲ့လောက် ယူစားကြည့်တဲ့အခါမှာ ငန်တူးတူး အရသာပြင်းပြင်းကြီး လျှာပေါ်ရောက်လာတယ်။ ငန်တာမှ တော်တော်ကြီးကို ငန်တာ…။ ကိုယ်လည်း မစားချင်၊ အိမ်သားတွေကိုလည်း သွေးတိုးမှာစိုးလို့ မကျွေးချင်…။ ဒီလိုနဲ့ အခုတလော မုန့်ဟင်းခါး မချက်ဖြစ်ဘူး။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း မျက်နှာစာအုပ်ပေါ်မှာက မုန့်ဟင်းခါးပန်းကန် မတွေ့ရတဲ့နေ့က မရှိဘူးရယ်…။ အဲဒီတော့ ဒါဏ်ရာဟောင်းက ပြန်နာလာတယ်။

ဒီတခါတော့ အထုတ်မသုံးပဲ ငယ်ငယ်က အိမ်မှာစားရတဲ့ မုန့်ဟင်းခါးမျိုးကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပင်ပန်းခံပြီး ချက်မယ်လို့ ကြုံးဝါးတယ်။ ကံကောင်းထောက်မစွာ အိမ်ကပို့ထားတဲ့ ငါးဆီသတ်တွေကလည်း အဆင်သင့်… ပဲမထည့်တော့ဘူး။ ဆန်လှော်နဲ့ပဲ ခပ်ကျဲကျဲလေး ချက်မယ်လို့ စိတ်ကူးတယ်။ ဒီတော့ အရင်ဆုံး ဆန်လှော်တယ်။



ဆန်လှော်

ငါးဆီသတ်တွေကို ကြက်သွန်ဖြူ နီတွေနဲ့ အရောင်တင်မှုန့်နဲ့ ပြန်ဆီသတ်တယ်။ စပါးလင် ဂျင်း ကြက်သွန်ဖြူ ငရုတ်ကောင်း… အားလုံး လတ်လတ်ဆတ်ဆတ် ပြင်ဆင်တယ်။ အဲဒီလိုနဲ့ ဒီနေ့ ညနေမှာ ကိုယ်တိုင်ချက် မုန့်ဟင်းခါး တအိုး ရလာခဲ့တယ်။

ငယ်ငယ်က မေမေချက်ကျွေးတဲ့ လက်ရာမျိုးလို ထပ်တူမကျနိုင်ပေမယ့် သိပ်တော့ မဆိုးပါဘူး လို့ ကိုယ့်ကိုယ်ကိုယ် အားပေးဖြစ်တယ်။ ကိုယ့်ဟာကိုယ် ချက်တာဆိုတော့ အငန်တွေဘာတွေလည်း လျှော့ထားတာမို့ စိတ်ချလက်ချ ရဲရဲတင်းတင်း (မနက်ပြန် ညပြန်) စားနိုင်တယ်။ လူကြီးတွေကို ကျွေးရတာလည်း စိတ်ရဲတယ်။ သွေးတိုးမှာ ဘာညာ ပူစရာ သိပ်မလိုတော့ဘူး။


ဘူးသီးကြော်၊ အိုးကြက်ဥ၊ နံနံပင်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုတ်သီးမှုန့် စုံစုံလင်လင်နဲ့...

သမုဒ္ဒရာ ၀မ်းတထွာလို့ ဆိုကြတယ်…။
တကယ်ကို ၀မ်းက တထွာလောက်သာ ရှိပေလို့ပဲ… သူ့အတွက် အလိုလိုက်လို့၊ ဖြည့်လို့ကို မဆုံးနိုင်တော့ဘူး။ သို့သော်လည်း ပုထုစဉ် လူသားပီပီ ရသတဏှာကို မဖြတ်နိုင်သေးတာမို့ မရိုးနိုင်တဲ့ မုန့်ဟင်းခါး အကြောင်းကို အခုလို တခန်းတနား ဋီကာချဲ့ပြီး ရေးလိုက်ပါတယ်…။ အရသာရှိသော စာတပုဒ်အဖြစ် နှစ်သက်ကြစေကုန်…



Thursday, April 18, 2013

ပန်းနုရောင် အမျှင်တန်း

မရီနာ (Marina) ရဲ့ သောကြာ ညနေခင်းဟာ သူလို ကိုယ်လို ညနေခင်းတွေထက် ဘာမှ ပိုမထူးခြားဘူး၊ တခုပဲ အဲဒီညနေက မိုးသား တိမ်ရိပ် ကင်းစင်တယ်၊ ရာသီဥတု ကြည်လင်တယ်၊ နေရောင်ခြည်တွေက မရီနာတ၀ိုက်က ရေပြင်ပေါ်ကို သူ့ထက်ငါ ပြေးဆင်းပြီး ထိတွေ့ နှုတ်ဆက်လို့။ ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေ များသလို ပတ်ဝန်းကျင်ကို ငေးရင်း အေးအေးဆေးဆေး အပန်းဖြေ လမ်းလျှောက်သူတွေလည်း များတယ်။ ရေစပ်တလျောက် ဘောင်ပေါ်က ခုံလေးတွေမှာ ထိုင်နေတဲ့သူတွေကလည်း နေရာလပ် မကျန်အောင် ရှိနေတယ်။ ရေစပ်နဲ့ ပိုနီးတဲ့ လှေခါးထစ်တွေမှာတော့ သုံးချောင်းထောက်ကိုယ်စီနဲ့ ကင်မရာမန်းတွေက အသင့် နေရာယူထားကြပြီ။ သူတို့ထဲက တချို့က ဟိုဖက်တခြမ်းမှာရှိနေတဲ့ စကာင်္ပူရဲ့ အမှတ်အသားဖြစ်တဲ့ မြင့်မြင့်မားမား ထိုးထိုးထောင်ထောင် အဆောက်အဦးတွေကို ချိန်ရွယ်လို့၊ တချို့ကတော့ ဒီဖက်က အလိမ် အလိမ်ခွေရစ်နေတဲ့ တံတား၊ ကျွဲကောသီး အခွံခွာထားသလို ပုံစံနဲ့ အနုပညာ ပြတိုက်၊ သဘောင်္ကြီးလို့ ပြောကြတဲ့ ကောင်းကင်ဥယျာဉ်၊ အဲဒီဖက်တွေကို ချိန်ရွယ်လို့။ ဓါတ်ပုံကောင်းကောင်း တပုံလောက် ရဖို့အတွက် စိတ်ကူးကိုယ်စီ၊ အတွေး ကိုယ်စီနဲ့။ အဲဒီလိုလူတွေကြားမှာ ထိုင်စရာ တနေရာလေးရဖို့ ဟိုကြည့် ဒီကြည့်နဲ့ လျှောက်နေရင်း ဆိုင်လေး တဆိုင်ရှေ့မှာ စုရုံး စုရုံးနဲ့ တိုးနေတဲ့ လူတချို့ကို တွေ့တယ်။ ကြည့်လိုက်တော့ အာတာပူစီ (သို့) ငှက်သိုက် လို့ ငယ်ငယ်က ခေါ်ဖူးတဲ့ ပန်းရောင် အမျှင် ပွပွ တွေကို တုတ်မှာ ရစ်ပတ်ထားတဲ့ Cotton Candy (သို့မဟုတ်) Candy Floss တွေ ရောင်းတဲ့ ဆိုင်။

(Picture from Google)

အဲဒီလူတွေကြားထဲပဲ အသာတိုးဝှေ့ရင်း ၀င်ကြည့်လိုက်မိတယ်။ ဒန်အိုး ခပ်ကြီးကြီးဝိုင်းဝိုင်းတခုရဲ့အလယ်မှာ တ၀ီဝီ လည်နေတဲ့ ပစ္စည်းတခုနဲ့ ပန်းရောင် သကြားပွင့်လေးတွေကို အကြောင်းပြုပြီး ထွက်လာတဲ့ ပန်းနုရောင် အမျှင်အမျှင်လေးတွေကို တုတ်ရှည်ရှည်တချောင်းနဲ့ ရစ်ကာ ပတ်ကာ ခွေကာ ၀ိုက်ကာ သိမ်းယူလိုက်တော့ ဟော…. ရေခဲချောင်း အကြီးစားမျိုးကြီး တခုရလာတယ်။ ရောင်းတဲ့လူကြီး လက်က သိပ်သွက်လက်တာပဲ၊ သကြားစလေးတွေ ပက်ထည့်လိုက်၊ ထွက်လာတဲ့ အမျှင်တန်းတွေကို တုတ်ကလေးနဲ့ သဲ့ယူလိုက်၊ လိုသလောက်ရလာရင် ဈေးဝယ်သူတွေဆီ အလှည့်ကျ လက်ကမ်းလိုက် ပြီးတော ပိုက်ဆံယူ၊ ပိုက်ဆံအမ်း လုပ်လိုက်နဲ့ ရောင်းလိုက်ရတာ လက်ကို မလည်ဘူး။ ကြည့်ရင်းနဲ့ သဘောကျပြီး ပြုံးမိတယ်။ ပန်းနုရောင် ဆေးဆိုးခံထားရပြီး သေးငယ်တဲ့ သကြားစလေးတွေကနေ အခုလို ပွယောင်းယောင်း စေးကပ်ကပ် အမျှင် အမျှင်တွေ ထွက်လာတာ၊ ထွက်လာတဲ့ အမျှင်တန်းတွေကို တုတ်တချောင်းနဲ့ လှည့်ကာ ပတ်ကာ သဲ့ယူသွားတာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းလှတယ်။

ဝိုင်းအုံ ကြည့်နေတဲ့ လူတွေအားလုံးလိုလို အဲဒီ Candy Floss တွေကို ၀ယ်ကြတယ်။ ကလေးငယ်တွေရော လူလတ်ပိုင်း လူငယ်လေးတွေ မိန်းမငယ်လေးတွေရော ပန်းရောင် Candy Floss တွေ တယောက် တခုစီ ကိုင်လို့။ တချို့ကတော့ အဲဒီ အမျှင်လေးတွေကို လက်နဲ့ ဆွဲယူစားတာ တွေ့ရတယ်။ ကလေးလေးတွေကလည်း သူတို့နဲ့စာရင် အဆမတန်ကြီးမားနေတဲ့ Candy Floss တွေကို ပြုတ်မကျအောင် ကြိုးစား ပမ်းစားကိုင်ဆောင်ပြီး ၀မ်းသာအားရ ကိုက်စားလို့ သူတို့လေးတွေရဲ့ ပါးစပ်ပတ်ပတ်လည်မှာလည်း ပန်းရောင် အမျှင်အမျှင်တွေ စေးကပ် ပေကျံလို့။ တချို့ ပါးစပ်နဲ့ ကိုက်စားနေတဲ့ ကောင်မလေးလှလှလေးတွေကို ကြည့်မိတော့ တယောက်တည်း တိတ်တိတ် ရယ်မိတယ်… တကယ်ပါ… ရယ်ချင်စရာကောင်းပါတယ်၊ ဘာလို့ဆို သူတို့က ပါးစပ်ကို အကျယ်ကြီး ဖွင့်ပြီး စားမှ ရတာကိုး အိုက်တင်နည်းနည်း ပျက်တယ် ခေါ်ရမှာပေါ့။

ဘာပဲပြောပြော Candy Floss စားနေတဲ့သူတွေ အားလုံးရဲ့ မျက်နှာပေါ်မှာ တူညီစွာတွေ့ရတာတခုကတော့ ကျေနပ်ပြုံးတွေပဲ။ ကလေးငယ်တွေက မိဘတွေကို ပူဆာလို့ ရလိုက်တဲ့ ပန်းရောင်ပွပွမုန့်တခု အပေါ်မှာ ကလေးအတွေးနဲ့ ကျေနပ်ပြုံး၊ မိန်းမငယ်လေးတွေကလည်း သူတို့လုပ်ချင်တာ စိတ်လွတ် လက်လွတ် လုပ်လိုက်ရလို့ (သို့မဟုတ်) သူတို့ရဲ့ ချစ်သူတွေဆီက လိုက်လျောမှုကို ရလိုက်လို့ ကျေနပ်နှစ်သက်တဲ့အပြုံး၊ လူလတ်ပိုင်း တချို့ကျပြန်တော့လည်း သူတို့အရွယ်နဲ့ သိပ်မလိုက်ဖက်လေဘူးရယ်လို့ သူတို့ ဖာသာ ယူဆထားတဲ့ အရာတခုကို မရဲတရဲနဲ့ လုပ်ကြည့်ရင်း ဘေးဘီကို အသာ ခိုးကြည့်ရင်း မလုံမလဲ မချိုမချဉ်ပြုံး။ သူတို့အားလုံးကိုကြည့်ရင်း စိတ်ထဲမှာ Candy Floss တခုလောက် ၀ယ်စားကြည့်ချင်စိတ် ဖြစ်လာတယ်။ ဟုတ်ပြီ… Candy Floss ၀ယ်စားမယ်… ဦးလေးကြီး Candy Floss တခုလောက် ပေးပါ။

လက်ထဲရောက်လာတဲ့ Candy Floss ကို လှည့်ပတ်ကြည့်ရင်း စိတ်ထဲ အလိုလိုနေရင်း ကျေနပ် ပျော်ရွှင်စွာနဲ့ ပြုံးနေမိတယ်။ တနေရာမှာ ငြိမ်ငြိမ်ထိုင်စားမယ်လို့ စိတ်ကူးပြီး ထိုင်စရာ နေရာ လိုက်ရှာမိတယ်။ ကံအားလျော်စွာပဲ လှေခါးထစ်တွေနားမှာ နေရာလွတ်တခု တွေ့တယ်။ နေရာမှာ အကျအနထိုင်၊ လွယ်လာတဲ့ ကျောပိုးအိတ်ကို ဘေးနား အသာချပြီး လက်ထဲက Candy Floss ကို မစားခင် သေသေချာချာ ကြည့်မိပြန်တယ်။

ကြည့်ပါအုံး… ပန်းရောင် နုနု Candy Floss... သေးကွေးတဲ့ အမျှင်လေးတွေနဲ့ ရစ်ဖွဲ့ထားတဲ့ Candy Floss အမျှင်လေးတွေက သေးကွေးပေမဲ့ တခုကို တခု သေသေချာချာ ပြီးတော့ ခိုင်ခိုင်မာမာ ရစ်တွယ် နှောင်ဖွဲ့လို့ သေးငယ်တဲ့ သကြားစလေးတွေကနေ ဒီလို အမျှင်လေးတွေ ဖြစ်လာတာ ချစ်စရာ ပြီးတော့ အံ့သြစရာ။ ပထမဆုံး အကြိမ်အဖြစ် ပါးစပ်ခပ်ကျယ်ကျယ် ဟပြီး Candy Floss ကို ကိုက်လိုက်တယ်။ ပြီးတော့ တယောက်တည်း သဘောတကျ ပြုံးရယ်နေမိ။ အိုး…. အေးစက် ချိုမြ ရှတတဲ့ အရသာ။ အဲဒီ အမျှင်သေးသေးလေးတွေဟာ လျှာပေါ်ရောက်တော့ ချက်ချင်းဆိုသလို အရည်ပျော်သွားကြတာပဲ အဲဒီလို အမျှင်တွေ အရည်ပျော်သွားကြတဲ့ အရသာကို ဖြည်းဖြည်းချင်း ခံစားနေမိတယ်။ တကိုက် ပြီးတော့ နောက်တကိုက်၊ နောက်တကိုက် တခဏအတွင်းမှာ ပန်းနုရောင် Candy Floss ဟာ ပတ်ဝန်းကျင်ကို ပြီးတော့ အရာရာကို မေ့လျော့သွားစေခဲ့တယ်။ သတိရတဲ့အချိန်မှာ ပါးစပ်တ၀ိုက် ပန်းရောင် Candy Floss အစ အနတွေ ပေကျံနေမှာကို တွေးမိပြီး ကျောပိုးအိပ်ထဲက တစ်ရှူးထုပ်ကို အသည်းအသန် ရှာနေမိတယ်။ ဘေးဘီကို အသာ အကဲခတ်ကြည့်တော့ လူတိုင်း ကိုယ့်အာရုံနဲ့ကိုယ်… Candy Floss စားရင်း ပါးစပ်တ၀ိုက်မှာ အစ အနတွေ ပေကျံနေတဲ့ သူတယောက်ကို ဘယ်သူမှ သတိထားမိကြပုံမပေါ်တာမို့ စိတ်သက်သာရာ ရသွားတယ်။

ရေခဲချောင်းတချောင်းစားရင်း အချိန်ကြာလာရင် အရည်တွေ ပျော်ကျလာတတ်တာမျိုးလိုပဲ Candy Floss တွေဟာ အချိန်ကြာလာတော့ အမျှင်တွေ တခုနဲ့ တခု ပျော်ပြီး ကပ်တပ်တပ် ဖြစ်လာတာ တွေ့ရတယ်။ ဒါနဲ့ ခပ်မြန်မြန်လေး စားပြီး Candy Floss စားခြင်းအမှုကို လက်စသတ်လိုက်တယ်။ တုတ်ချောင်းကို အမှိုက်ပုံးထဲ သွားလွှင့်ပစ်ရင်း ရေစပ်တလျှောက် လေတဖြူးဖြူုးအောက်မှာ လမ်းလျှောက်လာခဲ့တယ်။ နေကလည်း တော်တော်ကျနေပြီ ဆိုတော့ လူတွေက ပိုလို့တောင် များလာသေး။

လမ်းလျှောက်နေရင်း စဉ်းစားမိတယ်။
ဘ၀မှာ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အရှုပ်အထွေးတွေဟာ Candy Floss အမျှင်လေးတွေနဲ့ တူတယ်ဆိုပါစို့။ တကြိမ်ထက် တကြိမ် ပိုပိုပြီး ရှုပ်ထွေးလာ၊ အရှုပ်တွေကလည်း တခုနဲ့ တခု ပိုပိုပြီး တွယ်ကပ်ရစ်နှောင်လာ… တဖြည်းဖြည်းနဲ့ တိုးတိုးပြီး များလာ။ အဲဒါတွေကို ဖွင့်ထုတ် ရှင်းလင်းပစ်ဖို့ မလွယ်ကူတဲ့အခါတွေတိုင်းမှာ မလွဲမသွေ ကြိတ်မှိတ် မျိုချပစ်ရတာပဲ မဟုတ်လား။ ခုနက စားလိုက်တဲ့ Candy Floss အမျှင်လေးတွေဟာ ပါးစပ်ထဲရောက်တဲ့အခါ လျှာပေါ်မှာ အလွယ်တကူ အရည်ပျော်သွားတတ်ကြသလို၊ ချိုမြမြ အရသာအဖြစ်နဲ့ လည်ချောင်းထဲ အသာအယာ စီးဝင်သွားတတ်ကြသလို၊ ဘ၀မှာ တွေ့မြင် သိကြား ကြုံဆုံနေရသမျှ အရှုပ်အထွေးတွေကိုလည်း Candy Floss စားသလို ရှောရှောရှူရှူနဲ့ သက်သက်သာသာ အရည်ဖျော်ပြီး မျိုချလိုက်နိုင်ရင် ဘယ်လောက်များ ကောင်းမလဲလို့။

ကိုယ့်အတွေးနဲ့ကိုယ် ခုနက Candy Floss ဆိုင်ကို လှမ်းကြည့်လိုက်မိတော့ လူတွေက ပန်းနုရောင် အမျှင်တွေ တွယ်ယှက်နေတဲ့ Candy Floss တခုကို သူ့ထက်ငါ ဆောလျင်စွာ ပိုင်ဆိုင်နိုင်ဖို့အတွက် တန်းစီမြဲ တန်းစီနေ… တိုးမြဲ တိုးနေလျက်ပဲ။


Wednesday, April 17, 2013

နှစ်သစ်ဆုတောင်း


သူငယ်ချင်း မိတ်ဆွေများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး သာယာချမ်းမြေ့သော မြန်မာနှစ်သစ် ဖြစ်ပါစေ...
လိုအင်ဆန္ဒများအားလုံး ပြည့်စုံကြပါစေလို့ ဆုတောင်းပါတယ်...