Thursday, July 4, 2013

ကျွန်မ ကစားဖြစ်သော ဂိမ်း (သို့) Hay Day

အရင်တလက ကလေးငယ်တွေ ဂိမ်းကစားတာနဲ့ ပတ်သက်ပြီး ဘယ်လို ထိန်းချုပ်သင့်တယ်… ဘယ်လို သတိထားသင့်တယ်ဆိုတဲ့အကြောင်းကို ရေးခဲ့ပါတယ်…။ ဒီတခါတော့ ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေ၊ ပြီးတော့ ကျွန်မ ဘာကြောင့် ဂိမ်းကစားဖြစ်တယ် ဆိုတာနဲ့ ကစားနေတဲ့ ဂိမ်းတွေထဲက တခုဖြစ်တဲ့ Hay Day ဆိုတဲ့ ဂိမ်းအကြောင်းလေး ရေးပြချင်ပါတယ်…။


မှတ်မိသလောက် ပြောရရင် ပထမဆုံး ဂိမ်းကစားဖြစ်တော့ ကျွန်မ အသက် နှစ်ဆယ်ကျော်ပါပြီ။ အခွေထည့်ရတဲ့ စက်ကလေးကို တီဗီနဲ့ ချိတ်ဆက်ပြီး ကစားရလို့ တီဗီဂိမ်းလို့ ခေါ်ကြတယ်။ ကျွန်မ ကစားတဲ့ ဂိမ်းနာမည်ကတော့ မာရီယို တဲ့…။ မာရီယိုဆိုတဲ့ ကောင်ကလေး သွားရာလမ်းတလျှောက်မှာ ပိုက်ဆံလေးတွေ ခေါင်းနဲ့ တိုက်ယူ၊ အခက်အခဲတွေကို ကျော်နိုင်လွှားနိုင်တဲ့ အားအင်တွေရအောင် မှိုပွင့်လေးတွေကို ခူးစားရင်း တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ ဂိမ်းလေးပါ။ အင်မတန်မှ ရိုးစင်းပြီး ချစ်စရာကောင်းပါတယ်။ နောက်တခုကတော့ Tetris ဆိုတဲ့ ဂိမ်းလေးပါ။ သူကတော့ နည်းနည်း ပညာသားပါပါတယ်။ ပုံသဏ္ဍာန်စုံ လေးထောင့်တုံးလေးတွေကို နေရာကျအောင် ချပေးရတာပါ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ မဖြစ်တာတွေ များလာရင် တဖြည်းဖြည်းနဲ့ ရှုံးတာပါပဲ…။

အဲဒီနောက် ကွန်ပျူတာတွေ အသုံးများလာတဲ့အချိန်မှာ ကစားဖြစ်တာကတော့ Mine Sweeper ဆိုတဲ့ ဗုံးဖေါက်တဲ့ ဂိမ်းလေးပါ။ သူလည်း စဉ်းစားပြီး ကစားရတော့ နည်းနည်းတော့ အပျင်းပြေပါတယ်။ သူများတွေ ကစားကြတဲ့ ဖဲချပ်တွေတော့ စိတ်ကို မ၀င်စားတာမို့ မကစားဖြစ်ပါဘူး။ ကြာလာတော့လည်း အဲဒီ ကွန်ပျူတာ ဂိမ်းတွေက ရိုးသွားတာမို့ ဂိမ်းတွေကို အရှင်း မကစားဖြစ်တော့သလောက်ပါပဲ…။ အဲဒီနောက်ပိုင်း Facebook မှာ တော်တော်များများ ကစားကြတဲ့ Pet Society ကို ခဏ ကစားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဂိမ်းလေးပါ။ ဒါပေမဲ့ သိပ်တော့ စွဲစွဲလမ်းလမ်း မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်မှာ တက်ပလက်တွေ အိုင်ပက်တွေ ပေါ်လာတော့ အရောင်တွေ အရုပ်တွေ သိပ်လှတဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်မ ဂိမ်းတွေ ပြန်ကစားဖြစ်ပါတယ်။ တခြားလူကြီးတွေအတွက်တော့ မသိဘူး… ကျွန်မမှာတော့ အဲဒီလို ဂိမ်းတွေ ပြန်ကစားဖြစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြစရာ တချို့ ရှိနေပါတယ်။

တခုခုကို စောင့်ဆိုင်းနေရချိန်တွေဟာ လိုအပ်တာထက် ပိုပြီး ရှည်ကြာလွန်းတဲ့အခါမှာ ဂိမ်းကစားရင်း အချိန်တွေကို စောင့်ပါတယ်။ ကောင်းသလား ဆိုးသလား ကြိုတင် မသိနိုင်တဲ့ အဖြေတခုကို စိတ်တထင့်ထင့် ရင်တမောမောနဲ့ စောင့်နေရတဲ့ အချိန်မျိုးမှာ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တဲ့အခါ အနည်းအကျဉ်းတော့ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဂိမ်းကစားပါတယ်။ အာရုံတွေ ပျံ့လွင့်လို့ အတွေးတွေ စုစည်းလို့မရတဲ့ အချိန်မျိုးမှာ ဂိမ်းကစားပါတယ်။ စိတ်က တွေးချင်ရာတွေးနေတဲ့ မျက်လုံးက ဟိုငေး ဒီငေး မဖြစ်ရလေအောင်၊ တခုခု လုပ်စရာရှိတယ် ဆိုရုံလေး ရှိနေအောင် ဂိမ်းကစားပါတယ်။ ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတဲ့သူတွေကို ဟိုကြည့် ဒီကြည့်နဲ့ လိုက်မကြည့်လိုတဲ့ အချိန်မျိုးမှာ စိတ်ဝင်စားစရာ အလုပ်တခု လုပ်နေသလို ဂိမ်းကစားပါတယ်။ အဓိက ကတော့ တခုခုကို စောင့်ဆိုင်းနေရတဲ့ အချိန်တွေအတွက် ဂိမ်းကစားဖြစ်တယ်လို့ ဆိုချင်တာပါ။ ဆင်ခြေတွေလို့ ပေးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ…

ကျွန်မ ကစားဖြစ်တဲ့ ဂိမ်းတွေက တော်တော်လေး များပါတယ်…။ ၀က်တွေကို ပစ်ခတ် ထုနှက်ရတဲ့ Angry Birds ၊ ဈေးတန်းလေးဖွင့် ဆိုင်ခန်းလေးတွေ ဖွင့်ပြီး ပိုက်ဆံသိမ်း ရတဲ့ Snoopy’s Street Fair ၊ ရုပ်ရှင်တောင် ရိုက်ကြတဲ့ Smurfs အကောင်လေးတွေ၊ နောက်ပြီးတော့ ဓါတ်လှေခါးနဲ့ တထပ်ပြီး တထပ် အိမ်လည်ထွက်လို့ရတဲ့ Dream Heights ၊ အခုနောက်ပိုင်းမှာ လူတိုင်းလိုလို ကစားကြတဲ့ Candy Crush နဲ့ Hay Day…

အဲဒီလို ကစားဖြစ်တဲ့အထဲမှာ ကျွန်မကို လှလှပပလေး ဆွဲဆောင်တဲ့ ဂိမ်းကတော့ Hay Day ပါ။


တကယ်တော့ အဲဒီ Hay Day ဆိုတဲ့ ဂိမ်းလေးက ရိုးရှင်းပါတယ်။ ကလေးကြိုက်လို့တောင် ပြောနိုင်ပါတယ်။ သို့သော်လည်း သူ့မှာ သိမ်မွေ့လှပတဲ့ ပညာလေး ခပ်ပါးပါး ပါပါတယ်။ ကျွန်မတို့ လက်တွေ့ဘ၀နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တော်တော်များများ Hay Day မှာ ပါဝင်နေတယ်။ အဲဒါတွေသာမက ကိုယ်နဲ့ အတူ ကစားကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေရဲ့ စိတ်ဓါတ်နဲ့ အမူအကျင့်တွေကိုလည်း ဒီဂိမ်းလေးကနေ တဆင့် ခပ်ပါးပါးလေး တွေ့နိုင် မြင်နိုင်ပါသေးတယ်။

ဂိမ်းရဲ့ သဘောကတော့ ခြံကလေးနဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်တာပါ။ နွားမွေးမယ် နွားနို့ရမယ်… ရတဲ့ နွားနို့နဲ့ ထောပတ်တို့ ချိစ်တို့ လုပ်ရောင်းမယ်…။ ပြောင်းဖူး စိုက်မယ်… ပြီးရင် ပြောင်းဖူး ပေါက်ပေါက်တွေ လုပ်မယ် ရောင်းမယ်။ သိုးလေးတွေ မွေးမယ်… သိုးမွေး ညှပ်ပြီး ဆွယ်တာလေးတွေ ထိုးရောင်းမယ်။ ၀က်ကလေးတွေ မွေးမယ်… ပြီးရင် ဟမ်တို့ ဘေကွန်တို့ ရလာတဲ့အခါ ဟမ်ဘာဂါတို့၊ ဘေကွန်နဲ့ လုပ်တဲ့ မုန့်တွေ လုပ်ရောင်းမယ်။ အဲဒီလို ရောင်းလို့ရတဲ့ ပိုက်ဆံကို စုထားပြီး သူ့ထက် အဆင့်မြင့်တဲ့ ကိတ်မုန့်ဖုတ်စက်တို့၊ အချိုရည်စက်တို့၊ ဒီ့ထက် အဆင့်မြင့်လာရင် ရေခဲမုန့်လုပ်တဲ့စက်၊ သကြားလုံး လုပ်တဲ့စက်… အဲဒီလို စက်တွေ ၀ယ်မယ်…။ အဲဒီလိုပါ…

အို… အဲဒီလို ဂိမ်းများ စိတ်ဝင်စားစရာ ဘာရှိလို့လဲ… လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမဲ့ စိတ်ကို အပန်းပြေစေပြီး အချိန်တွေ ကုန်လို့ ကုန်မှန်းမသိအောင် တကယ်ကိုပဲ ပျော်စရာ ကောင်းပါတယ်။ ပြောရရင် အစပိုင်းမှာတော့ တော်တော်လေး ရုန်းကန်ရပါတယ်။ ကိုယ့်မှာ ရှိတဲ့ ကြက်ဥလေး နွားနို့လေးနဲ့ ဂျုံပင်လေးတွေ ပန်းသီးပင်လေးတွေကနေပြီး အရောင်းအ၀ယ် စ ရပါတယ်။ ရောင်းလို့ ရသမျှ ပိုက်ဆံလေးတွေကို စုဆောင်းပြီး စက်တွေ ၀ယ်ရပါတယ်…။ အဲဒီအချိန်မှာ ပိုက်ဆံ ရှာရတာ တော်တော် ခက်ပါတယ်။ ရသမျှလေးတွေကိုလည်း အဆင့်မြင့် စက်ကရိယာတွေ ၀ယ်နိုင်ဖို့ ကျစ်ကျစ်ပါအောင် စုဆောင်းရပါတယ်။ ကိုယ့်ထက် အဆင့်မြင့်နေတဲ့သူတွေရဲ့ ခြံကျယ်ကျယ် လှလှတွေကို သွားသွားပြီး သွားရည်ကျရပါတယ်။ ကိုယ့်ဆီမှာ လွယ်လွယ်ကူကူ မရနိုင်သေးတဲ့ ပစ္စည်းမျိုး သူတို့ရောင်းတဲ့အခါဆို ၀မ်းပမ်းတသာနဲ့ သွားဝယ်ရပါတယ်။ အဲဒီလိုခြံတွေမှာကျတော့ စက်ကရိယာ ပစ္စည်းတွေ အမျိုးအမည် စုံလင်ပြီး ဖြစ်နေလေတော့ ပိုက်ဆံအတွက် ပူစရာ မလိုတာကြောင့် သူတို့ ခြံထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေကို ဈေးပေါပေါနဲ့ ချရောင်းနိုင်တာကိုလည်း အားကျစဖွယ် တွေ့ရပါတယ်။

အဲဒီ ဂိမ်းမှာ ပျော်စရာကောင်းတာ နောက်တခုကတော့ ကာဂို သဘောင်္ကြီးက ပစ္စည်းတွေကို လေးနာရီ ကြိုတင် အော်ဒါမှာထားပြီး လာဝယ်တာပါပဲ…။ ကုန်ပစ္စည်းတမျိုးကို ကွန်တိန်နာ သုံးခု လေးခု နဲ့ ပစ္စည်း သုံးမျိုး တင်ပေးရပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ သဘောင်္မှာ ကုန်အပြည့် မဖြည့်နိုင်တဲ့အခါ အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းနိုင်ပါတယ်။ ပြည့်စုံပြီး ပိုလျှံတဲ့ အိမ်နီးချင်း မိတ်ဆွေတွေက အကူအညီတောင်းနေတဲ့ သဘောင်္တွေကို ကုန်တွေ လာဖြည့်ပေးတတ်ပါတယ်။

နောက်ပိုင်းမှာ ကိုယ့်မှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိလာပြီ… စက်တွေလည်း ၀ယ်ပြီးပြီ ဆိုတဲ့ အချိန်မှာ အရင်က ရှားပါးခဲ့တဲ့ ပစ္စည်းတွေဟာ လိုရင် လိုသလို ရနိုင်အောင် အလျှံအပယ် ပေါများလာပါတယ်။ အဲဒီလိုအချိန်မှာ သင်္ဘောတင်ဖို့ ကုန်ပစ္စည်း အကူအညီတောင်းသူတွေကို လိုက်ရှာပြီး သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက် ကူညီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း လည်လည်ပတ်ပတ်ရှိလာတော့ လူမှုရေးလုပ်ငန်းတွေဖက်ကို လှည့်နိုင်တဲ့ သဘောပါပဲ…။ ငွေကြေးကိစ္စ ပူစရာမရှိတော့တဲ့အတွက် ခြံထဲမှာ သီးပင် စားပင်လေးတွေကို အရင်ကလို ခူးမရောင်းတော့ပဲ အသီးအပွင့်တွေ ဝေေ၀ဆာဆာနဲ့ လှလှပပ စိုက်ပျိုးထားရင်း၊ အကောင်လေးတွေကို အစာရေစာ မပြတ်အောင် ကျွေးမွေးရင်း၊ ခြံထွက်ပစ္စည်းလေးတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချရင်း၊ အိမ်နီးချင်း သူငယ်ချင်းတွေကို ကူညီရင်း နဲ့ ဘ၀ကို အေးအေးသက်သာ ဖြတ်သန်းလာတတ်ကြတဲ့ သဘောပါ။

နောက်တခုက အဲဒီဂိမ်းကနေတဆင့် ကစားသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ သူတို့ရဲ့ အမူ အကျင့်လေးတွေကို မသိမသာ တွေ့နိုင် မြင်နိုင်တယ် ဆိုတဲ့ အကြောင်းလေးကိုလည်း ပြောပြချင်ပါသေးတယ်။ အရာရာကို စနစ်တကျ သပ်သပ်ရပ်ရပ် စီစဉ်တတ်တဲ့သူတွေရဲ့ ခြံကလေးတွေဆို အပင်လေးတွေကို စနစ်တကျ စီတန်း စိုက်ပျိုးလို့… တနေရာနဲ့ တနေရာ ဖြတ်သန်း သွားစရာ လာစရာ လမ်းကလေးတွေ ခင်းလို့… သကြားစက် ကိတ်မုန့်ဖုတ်စက် အချိုရည်ထုတ်တဲ့စက် ရေခဲမုန့် လုပ်တဲ့စက်… စတဲ့ စက်တွေကို တနေရာထဲမှာ စုပြုံပြီး ပြီးစလွယ် ချထားတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့သူ ခြံကလေး ၀င်းကလေး ခတ်ပြီး ထားလို့… သီးပင် စားပင်လေးတွေနဲ့ အလှစိုက် ပန်းပင်လေးတွေကိုလည်း စီစီရီရီ လှလှပပ စိုက်ပျိုးလို့… အချို့ဆို ရွှေငွေ လက်ဝတ်လက်စား လုပ်တဲ့နေရာမှာဆို အုတ်တံတိုင်း အခိုင်အခံ့နဲ့ ကာထားပြီး အစောင့် တပ်သားလေးတွေတောင် ချထားတတ်သေးတာမျိုး… အဲဒီလို လူသားဆန်တာလေးတွေကို တွေ့ရတတ်ပါတယ်။

တချို့ကျတော့ သူများလိုအပ်နေတာ၊ အကူအညီတောင်းနေတာကို တွေ့သော်လည်း အလွယ်တကူ ကူညီလေ့မရှိတတ်ပါဘူး။ ဆိုလိုတာက အိမ်နီးချင်း တယောက်က သဘောင်္အတွက် စတော်ဘယ်ရီ ကိတ် သုံးလုံး အကူအညီတောင်းထားတယ်။ တကယ်ဆို သူ့မှာ စတော်ဘယ်ရီကိတ်တွေ သုံးလုံးမက ရှိနေမယ်… ဒါပေမယ့် သူ မကူညီလိုက်ပါဘူး။ သူ့မှာ ရှိနေတဲ့ ပစ္စည်းတွေကို သူ့ဟာသူပဲ သိမ်းထား ဆောင်ထားတတ်တာမျိုး…။ ဟော… သူ့သင်္ဘောလည်း လာရော.. အကုန် သူ့ဟာသူ ဖြည့်ပြီး တင်လိုက်ရော…။ အဲလို သူများကိုလည်း မကူညီ… သူ့အတွက်လည်း သူများကို အကူအညီမတောင်းခံလိုတဲ့ All by myself လူစားမျိုးတွေ ရှိနေတာကိုလည်း ပြုံးချင်စရာ တွေ့ရပါတယ်။ တချို့ကတော့ ကစားတာ Level အတော်ကြီး မြင့်နေသောလည်း ပစ္စည်းတွေ ရောင်းတဲ့အခါ ဈေးလျှော့ရောင်းတာ မတွေ့ရပါဘူး။ ပုံမှန်ဈေး အမြင့်အတိုင်းပဲ ရောင်းပြီး ပိုက်ဆံတွေ စုထားတတ်ကြတဲ့ လောဘမျိုးတွေလည်း ပြုံးချင်စဖွယ် တွေ့ရပြန်ပါတယ်…။

တရက်က ကျွန်မမှာရှိတဲ့ ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ချရောင်းလိုက်ပါတယ်။ နောက်တနေ့ကျတော့ ကျွန်မရဲ့အကောင့်ထဲမှာ follower တွေ အများကြီး ရောက်နေတာ တအံ့တသြ တွေ့လိုက်ရပါတယ်။ ဆိုလိုတာက ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဆိုင်ကို နောက်လည်း လာဝယ်ရအောင် တန်းစီဖို့ ရောက်လာကြတဲ့ သဘောပါ။ ကြည့်ပါအုံး… ဘယ်လောက် လူသားဆန်လိုက်သလဲနော်…။

အစပိုင်းမှာ ရုန်းကန်ရတဲ့ အခြေအနေ.. တဖြည်းဖြည်းနဲ့ လုပ်ငန်း လည်ပတ်လာတဲ့အခါမှာ တော်တော်လေး ချောင်လည်လာတဲ့ အခြေအနေ… နောက်ပိုင်းကျတော့ သက်တောင့် သက်သာလေးနဲ့ လိုအပ်နေတဲ့နေရာတွေမှာ လိုက်ကူညီ… သိးပင်စားပင်လေးတွေကို အလှစိုက် ခြံကလေးကို အဖိုးတန် ပစ္စည်းလှလှတွေနဲ့ အလှဆင်ပြီး နေသွားနိုင်တဲ့ အခြေအနေ… အဲဒီလို အခြေအနေ အဆင့်ဆင့်တွေဟာလည်း လက်တွေ့ဘ၀မှာ ဖြစ်နေတာတွေနဲ့ တထပ်တည်း တူညီနေပါသေးတယ်။ လောကကြီးမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ လူအမျိုးမျိုးရဲ့ အမူအကျင့် အမျိုးမျိုး၊ စရိုက် အမျိုးမျိုးတွေဟာ ဒီ Hay Day ဆိုတဲ့ ဂိမ်းမှာ လှလှပပလေး ထင်ဟပ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။

နောက်တခုက ဒီဂိမ်းကို အတူတူ ကစားနေကြတဲ့ သူငယ်ချင်းတွေဟာ လောလောဆယ်မှာ အပြင်မှာ ကိုယ်စီ ဘ၀တွေအတွက် ရုန်းကန် လှုပ်ရှားနေကြရင်း အဲဒီလို ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးရေး မွေးမြူရေး မလုပ်နိုင်ကြသေးတဲ့ သူတွေ ချည်းပါပဲ…။ ဒါပေမဲ့လည်း စိတ်ကူးအတွေးထဲမှာတော့ အသက်ကြီးလာတဲ့ တနေ့ကျရင် အခုလို ခြံကလေး ၀င်းကလေးနဲ့ နားနားနေနေ နေရင်း တနိုင်တပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုစိတ်ရှိကြတဲ့သူတွေ ဖြစ်တာမို့ အခု ဒီဂိမ်းကလေးကို စွဲစွဲလမ်းလမ်း ဖြစ်နေကြတာ သေချာပါတယ်။ ဒါကြောင့် စာဖတ်သူ မိတ်ဆွေတို့လည်း အခါအခွင့်ကြုံရင် အဲဒီ Hay Day ဆိုတဲ့ ဂိမ်းကလေးကို ခဏဖြစ်ဖြစ် တစေ့တစောင်း အကဲခတ်ရင်း ကစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။



မှတ်ချက် - 2013 July - Gamers Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Monday, July 1, 2013

ဝေးသွားတဲ့အခါ...

ဒီနေ့ ဇူလိုင်လ တစ်ရက်နေ့မှာ သူသာ သက်ရှိထင်ရှား ရှိနေခဲ့မည်ဆိုလျှင် အသက် ငါးဆယ်ပြည့်… ရွှေရတု မွေးနေ့ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ထူးထူးခြားခြား မွေးနေ့ပွဲများကို သူ ကျင်းပနေလိမ့်မည် မထင်၊ ဖယောင်းတိုင်နှင့် ကိတ်မုန့်တွေလည်း ပါမည် မထင်…။ ဂစ်တာလေး တလက်ဖြင့် သီချင်းများကို သံစဉ်ရှာ ရေးစပ်သီကုံးနေမည်လား… သို့မဟုတ် ဂစ်တာကို တိုးတိုးညင်သာ တီးခတ်ရင်း အမေ့ရဲ့ဒုက္ခအိုးလေး… သီချင်းကို ဆိုညည်းနေမည်လား… သို့တည်းမဟုတ် မိသားစုနှင့် အတူတူ ရိုးရှင်းသော ညစာစားရင်း ရယ်မော ပျော်ရွှင်နေမည်လား…

ထိုအတွေးစတချို့နှင့်အတူ… ဝေးသွားတဲ့ အခါ သီချင်းကို ခပ်တိုးတိုး ဖွင့်ရင်း ဆရာ နိုင်ဇော် ရေးသားခဲ့သော အဆုံးအစမဲ့ မိုးသားထဲ သွားရအုံးမယ် (ထူးအိမ်သင် ပုံတူ ကောက်ကြောင်း) စာအုပ်ကို ပြန်ဖတ်ဖြစ်ပါသည်…။ သူ၏ ကောက်ကြောင်းဆိုသည့် အတိုင်း… သည်စာအုပ်ထဲတွင် ထူးအိမ်သင် - ငယ်နာမည် ဘဲဥ မှ အစချီကာ ကျော်မြင့်လွင် ၊ သျှပ်မှူးကျော်၊ ကဗျာဆရာ စာရေးဆရာ လင်းထင် အလယ်… ကိုငှက် ဟု ချစ်စနိုး ခေါ်ကြသော ထူးအိမ်သင် ရယ်လို့ ဖြစ်လာချိန်အထိ… အားလုံးကို ပြည့်ပြည့်စုံစုံ မြင်တွေ့နိုင်ခဲ့သည်။


*****

ဒုတိယတန်း ကျောင်းသားလေး ကျော်မြင့်လွင်…
စာမေးပွဲမှာ အမှတ်တွေ မနည်းစဖူး နည်းသွားခဲ့သည်။ ရီပို့ကဒ်ကို စစ်ကြည့်လိုက်သောအခါ လစဉ်စာမေးပွဲတွေမှာ အမှတ်တွေ ထိုးကျနေခဲ့သော်လည်း ပထမအစမ်း၊ ဒုတိယ အစမ်းတွေမှာ အမှတ်တွေက ကောင်းနေပြန်သည်…။ ဘယ်လိုဖြစ်တာလဲ… ဘာကြောင့်လဲ ဟု အကြောင်းရင်းကို သေသေချာချာ မေးမြန်းကြည့်သော အခါ မျက်စိ အဝေးမှုန်နေသည့် အကြောင်း မိဘတွေ သိလာခဲ့ရသည်…။

လစဉ်စာမေးပွဲများမှာ စာမေးပွဲမေးခွန်းကို အတန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားသောကြောင့် သူ့နေရာကနေ မမြင်ရ… အရှေ့ကို ထ ထ ပြီး သွားကြည့်၊ ပြီးမှ နေရာကို ပြန်လာပြီး ဖြေရသည်။ ထိုအခါ အချိန်မမှီ…။ သင်္ချာဆိုလျှင် ကျတောင် ကျနေခဲ့သည်။ ပထမအစမ်း၊ ဒုတိယ အစမ်း စာမေးပွဲများမှာတော့ မေးခွန်းကို စာရွက်ဖြင့် တယောက် တရွက်စီ ဝေငှပေးသောကြောင့် သူ့ အတွက် အဆင်ပြေခဲ့သည်။ ထိုအခါ အမှတ်တွေက ထိပ်ဆုံးမှာ… သည်လိုနှင့် သူသည် အသက် ငယ်ငယ်လေးထဲက မျက်မှန် ထူထူနဲ့ ကျောင်းသားလေး တယောက် ဖြစ်ခဲ့တော့သည်။

*****

သူ့အသက် ၁၉ နှစ်တွင် သူ ပထမဆုံး ရေးဖွဲ့ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက ဝေးသွားတဲ့ အခါ….

"ဝေးသွားတဲ့အခါ မင်းအနားမှာ မောင့်ရဲ့ ချစ်လိပ်ပြာ ဟိုသည် ပျံဝဲလို့ နေချင်တာ…
ကြင်နာသူ မေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ… ဟိုတုန်းက တို့များရဲ့ ချိုမျက်ဝန်းလွှာ…
နွေအိပ်မက်များထဲမှာ… တွေ့ကြမယ်နော် သီးခြားကမ္ဘာတခုမှာ…"


*****

ရှုမဝ မဂ္ဂဇင်းကို ကဗျာများ ဝတ္ထုတိုများ ရေးပို့သောအခါ သူ့ ကလောင်နာမည်က လင်းထက်… သူ့ ခံစားချက်တချို့ကို အမေ့ထံ တိုင်တည်ဟန်ဖြင့် တစွန်းတစ ရေးသားခဲ့သော ကဗျာလေးက…

အမေ… သားတော့ မီးလောင်နေပြီ…
လူတွေကတော့ ရယ်မှာပဲ…
သားရင်ထဲမှာ ကဗျာ… ကဗျာ… ကဗျာ…
သက်သာရာ ရမလားလို့ပါ…
(ဒီတခါတော့ဖြင့်) ဝမ်းရည်စပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ…
သားတော့ မီးလောင်နေပြီ…


ပထမဆုံး ဝတ္ထုတိုဖြစ်သော "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည် ဖြစ်၍..." ရှုမဝ မဂ္ဂဇင်းမှာ ဖေါ်ပြခြင်းခံရချိန်မှာ သူ့အသက်က ၁၉ နှစ်…

*****

တကယ်တော့ သူ့ရဲ့ စိတ်ဆန္ဒက အဆိုတော်ဖြစ်ဖို့ မဟုတ်ခဲ့… သူရေးထားတဲ့ သီချင်းတွေကို သီဆိုမဲ့သူ ရှာတွေ့ဖို့သာ…။ ဆိုတဲ့သူ ရှိလျှင် ရောင်းမည်… လူတွေ ကြားထဲ သူ့သီချင်းလေးတွေ ပျံ့နှံ့သွားရင် ကျေနပ်ပြီ ဆိုတာမျိုးသာ…။ သို့သော်လည်း ကံကြမ္မာက သူ့ကို သီချင်းတွေ ဆိုဖြစ်အောင် တွန်းပို့ ခဲ့သည်..။ နာရီပေါ်မှ မျက်ရည်စက်များ ၏ အစ… အိုအေစစ် စတူဒီယိုတွင် သူ အရင်ဆုံး စသွင်းခဲ့သော သီချင်းက သီချင်းလေး သက်သေ…

"သာယာချိုမြန်ပါစေ သူ့စိတ်မှာ…
ကိုယ်လေ ရည်ရွယ်ပါတယ် သူတယောက်သာ….
ရင်မှာ ဆိုနေမယ် သီချင်းလေးများ နားဆင်ပါ…"


ထူးအိမ်သင်၏ နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တပုဒ်က အမေ့အိမ်…
အဲဒီသီချင်းကို သူ သုဝဏ္ဏအိမ်မှာ နေထိုင်စဉ် အချိန်… မီးရထားလမ်းနှင့် နီးနေသောကြောင့် မီးရထား အဝင်အထွက် ဥသြသံကို နေ့စဉ် နားထောင်ရင်း ရေးဖြစ်ခဲ့…။

"မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ်မှာ စီးမျောရင်းလေ…
မပြီးသေးတဲ့ ခရီးတခု အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ...
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့….
မြင်ယောင်ကာ အိပ်မက်ရင်… အလိုလို ငိုချင်တယ်…
အိမ်ပြန်ချင်တယ်… ဟူး… အငြိမ်းချမ်းဆုံး အမေ့အိမ်…
အိမ်ပြန်ချင်တယ်… ဟူး… အနွေးထွေးဆုံး အမေ့အိမ်…
အိပ်မရတဲ့ ညများစွာထဲ…. အိုး… ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး…."


နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာ အိပ်မက် နှင့် သက်ငြိမ် တေးစီးရီးစ် သုံးခွေ ထွက်ပြီးချိန်… မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ သူ့ သီချင်းသံတွေ နေရာယူ လွှမ်းမိုးနေသော အချိန်တွင် ထို သီချင်းခွေများအတွက် သူရခဲ့သည်ကတော့ ငွေ ငါးထောင်ကျပ်ရယ်… ဆယ့်လေးလက်မ တီဗွီ တလုံး ရယ်… ဟု ရယ်စရာ ပြောခဲ့သည်…။

*****

တနေ့တွင် ဆရာ စိုင်းခမ်းလိတ်က သူ့ကို အော်တိုရေးခိုင်းဖူးသည်…။ သူက ဆရာ ကျွန်တော့ကို မနောက်ပါနဲ့.. ဟု ပြောတော့ ဆရာ စိုင်းခမ်းလိတ်က ပြုံးစိစိဖြင့် သူ့ အော်တို မဟုတ်… သူ့ သမီး အော်တိုစာအုပ် ဖြစ်ကြောင်း ရှင်းပြ… အမှတ်တရအဖြစ် တခုခု ရေးပေးစေလိုကြောင်းပြောလေသည်…။

ထိုအခါ ထူးအိမ်သင်က

"ကြွေနေတဲ့ ပန်းလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝရတဲ့ ချစ်သမီးလေးရယ်…
ဒီလိုသာ အမြဲ ရောင့်ရဲ နေတတ်ရင် ဘယ်လောက်ကောင်းမလဲ…"
အစချီသော နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ် ကို အစအဆုံး တလုံးမကျန် ရေးပေးကာ သူ့ လက်မှတ် ထိုးပေးလိုက်သည်။

ထိုသီချင်းကို အစအဆုံး တလုံးမကျန် အလွတ်ရနေခြင်းသည် ဆရာ စိုင်းခမ်းလိတ်နှင့် ဆရာ့ အနုပညာကို သူ မည်မျှ လေးစား တန်ဖိုးထားကြောင်း ဖေါ်ပြပြီးသား ဖြစ်သွားခဲ့သည်သာမက ဖခင်တယောက် သမီးအပေါ် ထားရှိသော မေတ္တာကိုလည်း ပိုမို ထင်ရှား သွားစေခဲ့သည်…။

*****

အဲဒီနောက်တွင်…………….. ဂီတငှက် အမြင့်ပျံ ခရီးကို ပျံသန်း ခရီးနှင်သွားခဲ့သည်…။
အိပ်မက်ထဲက ရထားကြီး ခုတ်မောင်း သွားခဲ့…. ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့…

"အိပ်မက်ဆန်းတခု ညစဉ်တွေ့မြင်… ကိုယ်လေ ရထားကြီး တစင်းနဲ့ပေါ့…
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်… အမှောင်မှာ ခုတ်မောင်းရင်း…
ကိုယ်ဟာ တဦးတည်းသော အမြဲတမ်း ခရီးသည်…
နေရာ အချိန် ပညတ်ချက်မဲ့… ဆူညံ ကွဲအက်တဲ့ နှလုံးသား ခေါင်းလောင်း မြည်သံတွေ…

အမှောင်နဲ့ အလင်း မကွဲပြားတဲ့ ကောင်းကင်… ညလွင်ပြင်ကို ဖြတ်သန်းတိုးဝင်…
မီးရထားကြီးတစင်း ကိုယ့်ဝိညာဉ်ကို သယ်ဆောင် ခုတ်မောင်းရင်း…
သံသရာ ရှည်မယ့် ခရီး… ဘယ်မှာ ဆုံးမယ် ကိုယ်လည်း မသိ….
ဒီအိပ်မက်က နိုးတိုင်း ရင်မှာ ကြေကွဲမိ…
အိပ်မက်ထဲက ရထားကြီး ခေါ်သံ ကိုယ် ကြားမိ…"


*****

ဝေးသွားသော်လည်း ယနေ့ထက်တိုင် သူ့သီချင်းတွေကို နှစ်ခြိုက်မက်မောစွာ နားထောင်နေဆဲ… တီးတိုး ရေရွတ် သီဆိုနေဆဲ…
အဆုံးသတ်တွင် ဆရာနိုင်ဇော်က ထူးအိမ်သင် ကိုယ်တိုင်ရေးသားခဲ့သော ကဗျာတိုလေး တပုဒ်ဖြင့် နှုတ်ဆက်ခဲ့သည်…။

သက်တံ့မြစ်

ညနေခင်း တစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ

ဟာ…
လှလိုက်တဲ့
သက်တံ့ကြီး တစ်စင်း
စီးဆင်းနေတာ တွေ့တယ်…

ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့

ဘဝဆိုတာ
သက်တံ့လိုပါလား….
ရှိတော့ ရှိရဲ့
ဒါပေမယ့်
အရှိမဲ့…..


*****

ထူးအိမ်သင် ဟူသော အမည်နာမ တခုအတွက် သူ ဖြတ်သန်းခဲ့ရသော နေ့စွဲများအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရသည့်အတွက် ပုံတူ ကောက်ကြောင်း ဖန်တီးရှင် ဆရာနိုင်ဇော်ကို အထူး ကျေးဇူးတင်ပါသည်။ ထို ပုံတူ ကောက်ကြောင်းကလေးကို ဖတ်ရှုရင်း... စိတ်ကူးထဲတွင် ပြန်လည် ခေါ်ယူ တွေးတော ပုံဖေါ်ရင်း... သူ သီဆိုခဲ့သော သီချင်းများထဲတွင် တီးတိုးညင်သာ စီးမျောလိုက်ပါရင်း… သူ့မွေးနေ့ အမှတ်တရ အဖြစ် သည်ပိုစ့်ကို ရေးပါသည်။

Happy Birthday to You…!!


Saturday, June 29, 2013

တိမ် ပျောက် သူ . . .


သူ ပိုင်ဆိုင်သော ပစ္စည်းများကို ပြပါဆိုလျှင် အိပ်ခန်းထောင့်တနေရာတွင် တွေ့မြင်နေရသော တိမ်လိပ်များကို လက်ညှိုးညွှန်၍ ပြမိပါလိမ့်မည်…။ ဟုတ်ပါသည်… သူ နေထိုင်ရာ မကျဉ်းမကျယ် အခန်းထောင့်လေးတွင် ဖြူဖွေးလွလွ ရှိလှသော တိမ်လိပ်များ အစုလိုက် အပုံလိုက်ရှိနေကြပါသည်…။ ဟိုး အဝေး မိုးကောင်းကင်ပေါ်မှ တိမ်လိပ်များ ဤအခန်းထောင့်တွင် မည်သို့ရှိနေနိုင်ပါသနည်းဟု မေးလာပါက သူ ပြုံး၍သာ နေမည် ဖြစ်သည်…။ ဖန်ဆင်းရှင်တဦး (သို့မဟုတ်) တန်ခိုးရှင်တဦးက လူယောင်ဖန်ဆင်းကာ ဥုံဖွ မန်းမှုတ်ပြီး ထိုအခန်းထဲသို့ တိမ်လိပ်များ အစီအရီ ရောက်ရှိစေရန် စီမံသွားသည် ဟူသော ခပ်ဆန်းဆန်း အဖြေမျိုးကို သူ မပေးတတ်ပါ။ ရိုးရှင်း သေချာသည်ကတော့ သူ့ အခန်းထောင့်တွင် သူနှစ်သက်မြတ်နိုးလှသော တိမ်လိပ်များ အများအပြား ရှိနေခြင်းပင်…

သူ့အိပ်ခန်းကို ပုံဖေါ်ပြရသော် ဆေးဖြူသုတ်၊ လေးထောင့် စပ်စပ် မကျဉ်းမကျယ် အခန်းတစ်ခုမျှသာ ဖြစ်သည်။ အဝင်အထွက် ပြုစရာ တံခါးမ တစ်ခုနှင့် လေဝင်လေထွက် သိပ်မကောင်းလှသော ပြူတင်းပေါက် ခပ်သေးသေး တစ်ခုရှိသည်။ သို့သော် ထိုတံခါးများသည် ပိတ်ထားသည်က များပါသည်။ တံခါးပေါက်တွေ ဖွင့်ထားပါလား… ဟု လာပြောသူများကို သူ့ တိမ်လိပ်များ လေနှင့်အတူ လွင့်ပါးသွားမှာ စိုးရိမ်သောကြောင့် မဖွင့်နိုင်ပါ… ဟု တီးတိုး ဖြေရှင်း ပြတတ်ပါသည်။ အခန်း၏ တထောင့်တွင် တယောက်အိပ် ကုတင်တစ်လုံးနှင့် ခပ်ဟောင်းဟောင်း စားပွဲ ကုလားထိုင် တစ်စုံရှိပါသည်။ မနက် ည ထမင်းစားချိန်များတွင် လာခေါက်လေ့ရှိသော တံခါးခေါက်သံ ခပ်ပြင်းပြင်းမှတပါး သူ့ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လှသည်။ သူ့ဘဝတွင် သူနှစ်သက်သော တိမ်လိပ်များရှိနေလျှင် ပြည့်စုံပြီ ဖြစ်သည်။ သူ့ကမ္ဘာသည် ထိုတိမ်လိပ်များ ဖြစ်သည်…။ သူ့ဘဝသည် ထိုတိမ်လိပ်များ ဖြစ်သည်။ သူ့ အတွေး စိတ်ကူးများသည် ထိုတိမ်လိပ်များထဲတွင် ရှိသည်။ ထိုတိမ်လိပ်များကို စီးမျောရင်း နေရာအနှံ့ ရောက်တတ်ရာရာ သွားလာနိုင်သည်…။ ထိုတိမ်လိပ်များကို အသုံးပြု၍ ဘဝ အမျိုးမျိုး၊ အနေအထား အမျိုးမျိုးကို သူ ဖန်တီးနိုင်သည်…။ အလွန်တရာ အစွမ်းထက်သော တိမ်လိပ်များပါပင်…

အချိန်ရှိသ၍ ထိုတိမ်များအနီးတွင် သူ နေထိုင်သည်…။ တိမ်များသည် လှပသည်၊ နူးညံ့သည်၊ ဖြူစင်သည်၊ အေးချမ်းသည်။ ထိုတိမ်များတွင် တပါးသူကို စွတ်စွဲ ရန်မူလိုခြင်း၊ အထင်သေး နှိမ်ချလိုခြင်း၊ မတူမတန် ဖယ်ခွာ ရှောင်ရှားလိုခြင်း၊ နေရာ မပေးလိုခြင်း၊ မိမိကိုယ် မိမိ အထင်ကြီးခြင်း၊ ကြွားဝါလိုခြင်း၊ ပြိုင်ဆိုင် အနိုင်ယူလိုခြင်း၊ အထက်စီးမှ နေထိုင်ကာ မောက်မာလိုခြင်းများ အလျဉ်းမရှိ… ပကတိ ရိုးသား ဖြူစင်လှသည်…။ ထို တိမ်လိပ်များကို ထိတွေ့ ကိုင်တွယ်ကြည့်သည်၊ ဆုပ်ကိုင် ပွေ့ဖက်ကြည့်သည်၊ ထွေးလုံး ပေါင်းစည်းကြည့်သည်၊ တခါတရံတွင် တစစီ ခွဲခွာကြည့်သည်။ တိမ်လိပ်များနှင့် စကားပြောသည်၊ တိမ်လိပ်များပေါ်တွင် သူ ရေးလိုရာကို ရေးသားသည်…။ ထို့အပြင် အိပ်ချိန်များတွင် တိမ်များကို ခေါင်းအုံး၍ပင် အိပ်နိုင်သေးသည်…။ တခါတရံ စိတ်ဆိုးလာပါက တိမ်လိပ်များကို လက်သီးနှင့် ထိုးကြိတ်လိုကလည်း ထိုးကြိတ်နိုင်သေးသည်…။ သူ့စိတ်အစဉ်ကို တိမ်လိပ်များက ရာနှုန်းပြည့် နားလည်မှုပေးနိုင်သည်ဟု သူ ယုံကြည်သည်…။ တိမ်လိပ်များက သူ့ကို အချိန်ပေးသည်၊ သူ ပြောသမျှ နားထောင်သည်၊ သူ ဆူသမျှ နာခံသည်၊ သူ ထားသလို နေသည်၊ သူ အလိုမကျသမျှ သည်းခံသည်။ ထို့ကြောင့် သူ… တိမ်တွေကို အလွန်တရာ မြတ်နိုး ခုံမင်လှသည်…။ တိမ်လိပ်များနှင့် အမြဲတစေ နီးနီးကပ်ကပ် နေထိုင်လိုလှသည်…။

*****

ဟိုးအရင် အချိန်များကတော့ သူ့ဘဝသည် ထိုတိမ်များ မဟုတ်သလို ထို အခန်းကျဉ်းလေးထဲမှာလည်း မဟုတ်ခဲ့ပါချေ။ လှပသာယာသော သစ်တောလမ်းကလေးရှိ နီညိုရောင် တထပ်အိမ်ကလေးထဲတွင် ပျော်ရွှင် ချမ်းမြေ့ဖွယ် မိသားစုကလေး တစ်ခု၏ အိမ်ရှင်မ ဟူသော ရာထူးဖြင့် လွန်စွာ ခန့်ညားခဲ့ဖူးလေသည်။ ခေတ်ပညာတတ် ခင်ပွန်းသည်နှင့်အတူ သားတစ်ယောက် သမီးတစ်ယောက် ရှိသော မိသားစုလေးအတွက် အရာရာသည် သူ့ ခြေ သူ့ လက်… တန်ဖိုးရှိခဲ့ဖူးသည်။ ကိုယ်တိုင်က ပညာ ပါရမီ နည်းခဲ့သော်လည်း သားနှင့် သမီးကို ပညာတတ်ကြီး ဖြစ်စေရန် သူ တတ်သမျှ မှတ်သမျှ ပံ့ပိုးခဲ့သည်။ ယခုတော့ သားနှင့် သမီးလည်း ပညာတွေ ကိုယ်စီ ရကြပြီး လောကအလယ်မှာ တင့်တယ်စွာ လူလားမြောက်ခဲ့ပြီ။ တစ တစ သူတို့ လူလားမြောက် ကြီးပြင်းလာသည်နှင့်အမျှ သူနှင့် ကလေးနှစ်ယောက်အကြားမှာ ဘာသာဗေဒများ စတင် ကွဲလွဲလာခဲ့တာ ဖြစ်သည်။ သူတို့ ပြောသော ဘာသာဗေဒများကို သူ နားမလည်… သူ နားလည်သော ဘာသာစကားမျိုးကိုလည်း သားနှင့် သမီးက မပြောတော့ချေ။ ဧည့်ခန်းထဲမှာ သူတို့ ဖေဖေနှင့်အတူ သူ နားမလည်သော ရုပ်ရှင် ဇာတ်လမ်းများကို အသံ အကျယ်ကြီး ဖွင့်ကာ ကြည့်ကြသည်။ သူ နားမလည်သော စကားများကို ပြောကြသည်။ တစ်ခါ နှစ်ခါတော့ သူတို့နှင့် အတူတူ ရုပ်ရှင် လာကြည့်ရန် သူ့ကို ခေါ်ပါသေးသည်။ သူ သွားထိုင်ကြည့်သော်လည်း ဘာမျှ နားမလည်ချေ။ တခွန်းစ နှစ်ခွန်းစ ဝင်မေးကြည့်သော်လည်း မည်သူ တဦးတယောက်ကမျှ အရေးတယူ ပြန်မဖြေ။ သည်လိုနှင့် သူ ဧည့်ခန်းထဲမှာ တစတစ နေရာ ပျောက်ခဲ့တာ ဖြစ်သည်။

နောက်ပိုင်းတွင် သူ မီးဖိုခန်းထဲမှာသာ အနေများသည်။ ခင်ပွန်းနှင့် သား သမီး တို့အတွက် ဟင်းလျာများကို အကောင်းဆုံးဖြစ်အောင် ချက်ပြုတ်သည်။ သို့သော် ညနေစာ လူစုံစုံ ထမင်းဝိုင်းတွင် အသားဟင်းများက ဆီများသည်၊ အရွက်ကြော်များက နွမ်းနေသည်၊ အရည်သောက်များက အငန်ကဲသည်… ကျန်းမာရေးနှင့် မညီညွတ်… ဟူသော အဖြစ်များ၊ အဝတ်လျှော်လျှင် အရောင်စွန်းတတ်သော အဝတ်များကို အဖြူရောင် အဝတ်များနှင့် အတူ ရောလျှော်မိသော အဖြစ်များ၊ သူတို့၏ တန်ဖိုးကြီး အဝတ်များကို မီးပူတိုက်လျှင် အချိန်အဆ မမှန်းတတ်ပဲ မီးကျွမ်းသွားသော အဖြစ်များနှင့်အတူ သူ့ကို ဟင်းချက်ခွင့် အဝတ်လျှော် မီးပူတိုက်ခွင့် ပိတ်လိုက်ကြသည်…။ အိမ်အကူ တစ်ယောက်နှင့် သမီးက မီးဖိုချောင်နှင့် အိမ်မှုကိစ္စ အဝဝကို ဦးစီးသည်။ ထိုအချိန်မှာပဲ သူ အနှစ် နှစ်ဆယ်ကျော် ကျင်လည်ခဲ့သော မီးဖိုခန်းမှ ဖယ်ခွာခဲ့ရပြန်လေသည်။

ခင်ပွန်းသည်ကလည်း အချိန်တော်တော်များများမှာ အလုပ်ကိစ္စဖြင့် ခရီးသွားနေရတာက များသည်။ မီးဖိုချောင်မှာ စီမံခန့်ခွဲရေးသည် သူ့တာဝန် မဟုတ်တော့သောကြောင့် သူ့ကို ပိုက်ဆံ အပ်ရန်လည်း မလိုတော့ပြီ ဟု ယူဆပုံရသည်။ သူ့တွင် အသေးသုံးငွေစ အနည်းငယ်မျှ အပ ပိုင်ဆိုင်မှု ကင်းမဲ့စွာ…။ သားဖြစ်သူ ကလည်း အိမ်တွင် အနေနည်းလှသည်…။ နေလျှင်လည်း သူ့ အခန်းထဲတွင် သူ့ဟာသူ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်သည်။ စကား ခွန်းငယ် ပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်အရွယ် ကွာခြားချက်များ၊ ဘာသာဗေဒ ကွဲလွဲလာမှုများ၊ တန်ဖိုးထားရာ မတူညီကြခြင်းများ အကြားတွင် အိမ်သားများနှင့် သူ များစွာ ဝေးကွာခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူ့ဘဝသည် လက်ရှိ သူနေထိုင်နေသော အခန်းကျဉ်းလေးသာ…။ နေ့လည် နေ့ခင်း အချိန်များတွင် ပြူတင်းပေါက်မှ တဆင့် မြင်နေရသော မိုးကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ထိုအချိန်မှာပဲ တိမ်တွေကို သူ စတင် စွဲလမ်းခဲ့တာ ဖြစ်သည်။ တိမ်တွေသည် ဖြူစင်သည်၊ လှပသည်၊ အမြင်နှင့်ပင် နွေးထွေး နူးညံ့မှုကို ကူးစက် ခံစားနိုင်သည်…။ တိမ်တွေကို သူ ချစ်သည်။ ကောင်းကင်ပေါ်က တိမ်များကို သူ့အနားကို ခေါ်ယူလိုလှသည်။ ထိုအခါ တိမ်တွေကို သူ့အနားသို့ ရောက်လာစေရန် နည်းအမျိုးမျိုးဖြင့် သူ ကြိုးစား အားထုတ်ခဲ့သည်။ သည်လိုနှင့် နောက်ဆုံးတွင် သူ့ အခန်းထောင့် တနေရာမှာ တိမ်လိပ်များ ရောက်ရှိလာအောင် သူ ကြံဖန် နိုင်ခဲ့သည်။ သည်အတွက် သူ့ဘဝသည် များစွာ နေပျော်စရာ ဖြစ်ခဲ့ရသည်…။

*****

ထိုတနေ့…
ထိုနေ့ကို သူ ဘယ်တော့မှ မမေ့ချေ…။ တဒုန်းဒုန်းနှင့် အခန်းတံခါးကို ထုနှက်သံ ပြင်းပြင်းတို့သည် ထမင်းစားချိန်မဟုတ်သေးသော မနက် စောစောတွင် ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်…။ ထိုအချိန်တွင် သူသည် တိမ်များကို ယုယစွာ ကိုင်တွယ်ရင်း စကားပြောနေချိန်ဖြစ်သည်…။ တံခါးခေါက်သံကြောင့် တိမ်များအနီးမှ လေးလံစွာ ထကာ တံခါးကို ဖွင့်ပေးလိုက်သည်။

”အလုပ်က မအားရတဲ့ အထဲ အမှိုက်သိမ်းဖို့က အလုပ်တခု… အိမ်မှာ ဘာမှလိုလေသေး မရှိထားတာ… အလကားနေရင်း ဒီအမှိုက်တွေကို ဖွနေတယ်... ဒီကလူတွေက အားနေတာ မဟုတ်ဘူးလေ… အခုလည်း ကြည့်ပါအုံး… တခန်းလုံး ဖွထားလိုက်တာ မြင်လို့တောင် မကောင်းဘူး… ဖယ်… ဖယ်… ဒီအမှိုက်တွေ အကုန်ရှင်းပစ်ရမယ်… ကြာလာရင် ပိုးကောင်တွေတောင် ခိုနိုင် အောင်းနိုင်လောက်အောင်ကို ဖွထားလိုက်တာ…”

”ဖယ်လေ… ဖယ်ပေးပါဆို… အဲဒါတွေ အကုန် လွှင့်ပစ်ရလိမ့်မယ်… ဘယ့်နှယ့်… ဂွမ်းတွေ တစ်ရှူးတွေကိုများ ဆော့စရာ အောက်မေ့နေသလား မသိပါဘူး… တနေ့ တနေ့ ဂွမ်းနဲ့ တစ်ရှူးတွေ ဆိုတာ အိမ်မှာ ဝယ်လို့ကို မလောက်နိုင်ဘူး…”

ပါးစပ်ကလည်း ပြော… လက်ကလည်း သူ ချစ်မက်လှသော တိမ်လိပ်များကို အမှိုက်ခြင်း ခပ်ကြီးကြီး တခုထဲသို့ အငြိုးတကြီးဖြင့် ကောက်ယူ ထိုး ကြိတ် ထည့်နေသူကို အငေးသား ကြည့်နေမိသည်…။ ထိုသူသည် သူ၏ သမီး အရင်းခေါက်ခေါက်သာ ဖြစ်သည်။ ဖွင့်ထားသော တံခါးအနီးတွင် ခြေစုံရပ်ရင်းမှ ”သမီးရယ်… မလုပ်ပါနဲ့… ငါ့ တိမ်တွေကို မယူသွားပါနဲ့… တိမ်တွေကို ပြန်ပေးပါ… တိမ်တွေကို ထားခဲ့ပါ…” ဟု တိုးတိုးကလေး ရေရွတ်နေမိသည်…။ သို့သော် အသံကား လည်ချောင်းဝမှာပင် ကွယ်ပျောက်သွားလေသည်…။ တား၍ ရလို ရငြား ရပ်နေရာမှ ခြေကို အသာ ကြွ၍ ရှေ့သို့ တလှမ်း နှစ်လှမ်း တိုးကပ်သွားမိသည်…။

”မလာနဲ့… မလာနဲ့… အဲဒီအနားမှာပဲနေ… ဒီအမှိုက်တွေ ဒီနေ့ ရှင်းကို ရှင်းပစ်မှ ရမယ်… မဟုတ်ရင် အခန်းထဲမှာ ခြင်တွေ ပိုးဟပ်တွေ ကြွက်တွေ လာအောင်းနေလိမ့်မယ်…”

ကြည့်နေရင်းမှာပင် သူ ချစ်သော တိမ်လိပ်တွေ အားလုံးနီးပါး အမှိုက်ခြင်းထဲသို့ ရောက်ကုန်ကြသည်။ သူ့ အခန်းထောင့်မှာ ဟာလာဟင်းလင်းကြီး ဖြစ်သွားသည်…။ ခဏကြာတော့ သူ့ သမီးက သူ့ကို တလှည့် သူ့အခန်းကို တလှည့် ဝေ့ဝဲ ကြည့်ပြီး လက်ထဲမှ ခြင်းတောင်းကို မ ယူကာ အခန်းထဲမှ ခြေသံပြင်းပြင်းဖြင့် ထွက်ခွာသွားတော့သည်…။

သွားပြီ… သူ ပိုင်ဆိုင်သမျှ တိမ်တွေ အကုန် ပါသွားပြီ…။ တိမ်တွေနှင့်အတူ သူ့ ဘဝတခုလုံး ပျောက်ဆုံးသွားသလို နာနာကျည်းကျည်း ခံစားလိုက်ရသည်…။ ထို့နောက် အခန်းတံခါးကို အသံမမြည်အောင် ထိန်း ပိတ်ရင်း တံခါးရွက်များကို မှီကာ အသာ ထိုင်ချလိုက်သည်…။ လစ်ဟာသွားသော အခန်းထောင့်ကို နာကျင်ခံခက်စွာ ငေးမောနေရင်းက သူ့ကိုယ်သူ သတိထားမိချိန်တွင် တိမ်တွေကို ပြန်ခေါ်ပေးပါ… တိမ်တွေကို ပြန်ခေါ်ပေးပါ… ဟု တဖွဖွ ရေရွတ်ရင်း အသံတိုးတိုးဖြင့် သူ ရှိုက်ငိုနေမိပြီ ဖြစ်သည်…။

*****

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော လမ်းသွား လမ်းလာများအနေဖြင့် တထပ်တိုက် နီညိုညိုတလုံး၏ အောက်ထပ် အခန်းတခန်းတွင် ပြူတင်းပေါက် ဘောင်ပေါ် မေးထောက်ရင်း မိုးကောင်းကင်ကြီးကို မော့ကြည့်ကာ ပါးစပ်မှ တစုံတရာကို အဆက်မပြတ်… တတွတ်တွတ် ရေရွတ်နေသော အသက် ခပ်ကြီးကြီး အမျိုးသမီး တစ်ယောက်ကို တွေ့မြင်ပါကာ ဝါဂွမ်းစ အနည်းငယ် သို့မဟုတ် တစ်ရှူးစ အနည်းငယ်ကို ကြင်နာသော နှလုံးသားဖြင့် ပေး ပေးပါဟု ကျွန်မ အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်…။ ကျေးဇူး အထူး တင်ရှိပါသည်။


Wednesday, June 12, 2013

အနေချောင်အောင် ရွှေတောင်ကို စားပါ…

အခုတလော ပျင်းတာတွေများနေတယ်…
စာရေးရမှာ ပျင်း… စာဖတ်ရမှာ ပျင်း… အိမ်ရှင်းရမှာ ပျင်း… အိပ်ရာထရမှာ ပျင်း… အလုပ်သွားရမှာ ပျင်း… ပျင်းပုံ ပျင်းနည်း အစုံအလင်နဲ့ ပျင်း… သီချင်းထဲကလိုပဲ… ကိုယ့်မှာ ပျင်းရမှာတောင် ပျင်း… ဆိုတာ တကယ်ပါပဲ…။ အဲဒီလို ပျင်းတယ်ဆိုပေမဲ့လည်း နေ့စဉ် မလုပ်မဖြစ်တွေကိုတော့ ပျင်းပျင်းနဲ့ လုပ်နေရာတာပါပဲ…။ အဲ… မလုပ်လို့ ရတာတွေ မလုပ်ပဲထားတဲ့အထဲမှာ ထမင်းဟင်း ဖွယ်ဖွယ်ရာရာ မချက်တာ တခု ပါနေတယ်…။ သုံးယောက်သား ပျင်းပျင်းနဲ့ အဆင်ပြေသလို သင့်တော်သလို အလွယ်တကူ စားနေတာ… ဖွယ်ဖွယ်ရာရာ ချက်စားဖို့ကို ပျင်းနေတာ…။ ချက်ရမှာ လုံးဝ ပျင်းတဲ့နေ့တွေမှာ အပြင် ထွက်စား… အဲဒီ့ထက် ပိုပျင်းးလာရင် Delivery မှာစား… အဲလိုနဲ့ နေလာတာ တပတ်လည်း မက… နှစ်ပတ်လည်း မက… အဲဒီလိုနဲ့….

အဓိက ကတော့ အပြင်စာတွေ စားရင်း အရမ်း ငြီးငွေ့လာတာက စတယ်…။ ဖဘမှာ တင်ထားတဲ့ စားစရာပုံတွေ လိုက်ကြည့်ရင်းက ဒီနေ့တော့ တခုခု ချက်စားမှ ဖြစ်တော့မယ်ဆိုပြီး… စားနေကျ ချက်နေကျ မဟုတ်တဲ့ ရွှေတောင်ခေါက်ဆွဲကို ချက်ဖို့ တွေးလိုက်ပါတယ်…။ ကဲ… လာလေရော့… “အနေချောင်အောင် ရွှေတောင်ကို စားပါ..” လို့ ကိုယ့်ဟာကိုယ် ကာရန်ရှာပစ်လိုက်တယ်…။ ပြီးတော့ အခုလို ပိုစ့်တပိုစ့်ရေးပြီး ဆားချက်ဖို့ တွေးမထားမိလို့ ချက်နည်း အဆင့်ဆင့်၊ ပြင်ဆင်နည်း အဆင့်ဆင့်ကို ဓါတ်ပုံတွေ ရိုက်မထားဖြစ်တာ တွေးရင်း စိတ်မကောင်းဖြစ်ရင်း ဒီစာကို ရေးပါတယ်….

ရွှေတောင်ခေါက်ဆွဲ အတွက် အဓိက လိုတာကတော့ နူးညံ့တဲ့ ခေါက်ဆွဲ အလုံးသေးသေးလေးတွေ ၊ ကြက်သား အသား၊ ကြက်ရိုးနည်းနည်းနဲ့ အုန်းနို့ပါ။ ကျန်တာတွေကတော့ ထုံးစံအတိုင်း ကြက်သားဟင်းချက်ဖို့ ဆီ၊ ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်နီ… နောက်ပြီး ခေါက်ဆွဲထဲ ထည့်စားဖို့က ပဲမှုန့် အကျက်၊ သံပုရာသီး၊ နံနံပင်၊ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီး အလှော်မှုန့် နဲ့ ခေါက်ဆွဲကြွပ်ကြော်…။ မုန့်ပွဲပြင်တဲ့အခါ ပိုလှအောင် ကြက်ဥပြုတ်ပြီး ပါးပါးလှီးထည့်ရင်လည်း ရသေးတယ်…။

ပထမဆုံး ကြက်ရိုးကို ဆား အချိုမှုန့် ငန်ပြာရည်နဲ့ နယ်ပြီး ပြုတ်တယ်…။ နောက်ပြီးတော့ ကြက်သား အသားကို သေးသေးလေးတွေ တုံး၊ ဆား အချိုမှုန့် နယ်ပြီး ဆီနည်းနည်း၊ ကြက်သွန်နီ အနှစ် များများ ကို ငရုတ်သီး အရောင်တင်မှုန့် (အရောင်လေးပါတယ် ဆိုရုံ) နဲ့ ဆီသတ်ပြီး ချက်ပါတယ်…။ ကြက်သား ဆီသတ်ချက်ရင်း သကြား တဇွန်းလောက် ထည့်ပါတယ်။ ကြက်သား တော်တော်လေး ကျက်တော့ ခုနက ပြုတ်ထားတဲ့ ကြက်ရိုးပြုတ်ရည်ကို ထည့်ပါတယ်။ ဆီနည်းနည်း၊ အရည် ကျဲကျဲလေးနဲ့ ကြက်သားဟင်း ချိုချိုလေးပေါ့...။ ဟင်းပိုလှသွားအောင် ကြက်သွန်နီ အရွယ်တော်အလုံးလေးတွေကို လေးစိတ်စိတ်ပြီး အလွှာ အလွှာလေးတွေ ခွာပြီး ထည့်ပါတယ်…။

အုန်းနို့ရည်ကို နည်းနည်း ပြစ်လာအောင် မီးအေးအေးနဲ့ ကြိုပါတယ်…။ မကြိုခင် အုန်းနို့ရည် အနည်းငယ်ကို ဖယ်ထားပြီး ခုနက ကြက်သားဟင်းထဲ ထည့်ပါတယ်…။ ဟင်းကို အပေါ့အငန် မြည်းပြီးရင် စားလို့ရပါပြီ…။

ခေါက်ဆွဲအတွက်ကတော့ ဒီမှာ အလွယ်တကူ ၀ယ်လို့ရတဲ့ White Japanese Noodle ဆိုတဲ့ ခေါက်ဆွဲအချောင်းလေးတွေ သုံးပါတယ်။ သူက နူးလည်း နူးညံ့ပြီး ပြုတ်ရတာလည်း အချိန် ငါးမိနစ်လောက်ပဲ လိုပါတယ်။ ရေနွေး ဆူဆူထဲကို ခေါက်ဆွဲအချောင်းလေးတွေ ထည့် ပြုတ်… သုံးမိနစ်လောက်မှာ ခေါက်ဆွဲကြွပ်ကြော် ကြော်ဖို့အတွက် နည်းနည်း ဆယ်ယူပြီး ရေစစ် ထားပါတယ်…။ ကျန်တာတွေကိုတော့ နှစ်မိနစ် သုံးမိနစ်လောက် ဆက်ပြုတ်ပြီး ရေအေးလောင်း အအေးခံပြီး ရေစစ်ထားပါတယ်…။ ခုနက ဖယ်ထားတဲ့ သုံးမိနစ် ပြုတ်ပြီးသား ခေါက်ဆွဲတွေကို ဆီများများထဲမှာ အကြွပ်ကြော်ပါတယ်…။

ကြက်သားဟင်းရော ခေါက်ဆွဲရော အဆင်သင့်ဖြစ်တဲ့အခါ မုန့်ပွဲပြင်ဖို့ အတွက် ပဲမှုန့်အကျက်၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အလှော်မှုန့်၊ ကြက်သွန်နီ ပါးပါးလှီး... နောက်ပြီး ခုနက ချက်ထားတဲ့ အုန်းနို့ချက်… ခေါက်ဆွဲကြွပ်ကြော်… ကြက်ဥပြုတ် ပါးပါးလှီးတွေနဲ့… အခုလို လှပပြီး စားချင်စရာ ကောင်းတဲ့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့… အနေချောင်တဲ့ ရွှေတောင် တပွဲ ရလာပါတော့တယ်…။


အဲဒီလို အနေချောင်တဲ့ ရွှေတောင်ကို တချို့က အရည်များများနဲ့ စိုစိုရွှဲရွှဲလေး စားကြသလို တချို့ကျတော့လည်း အရည်နည်းနည်းနဲ့ ပဲမှုန့်နဲ့ အသုပ်ဆန်ဆန် စားတတ်ကြပါတယ်။ အဲဒီလို အသုပ်စားတဲ့သူတွေအတွက် အခုနက ကြက်ရိုးပြုတ် အရည်ကို ဟင်းချိုလုပ် ကြက်သွန်မြိတ်လေး ဖြူးပြီးတော့ တည်ခင်းနိုင်ပါတယ်…။

ကဲ… မောင် ညီမလေးတို့ရေ… ဒီနေ့တော့ ဒီမျှပါပဲကွယ်…
ပျင်းလို့ရေးတဲ့စာ ဆိုပေမယ့် စာဖတ်သူတွေအတွက် အရသာ ရှိတဲ့ စာတပုဒ်တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်… ခိခိခိ



Tuesday, June 4, 2013

ကြက်ခြေခတ်တို့၏ နောက်ကွယ်မှ လှပသော တေးတပုဒ်


မိုး ပြောသွားသော စကားလုံးတိုင်းသည် သူမ၏ နှလုံးသားကို ဒါးထက်ထက်ဖြင့် တလွှာချင်းစီ လွှာချနေသကဲ့သို့ နာကျင်ခံခက်စွာ… စွေးစွေးနီနေသော သွေးစက်တို့သည် ပါးပါးလွှာထားသော နှလုံးသားအချပ်များနှင့်အတူ တစက်ချင်းစီ စီးဆင်းကျနေဆဲ…။ နောင်တ (သို့) ယူကျုံးမရသော စိတ်ခံစားမှုတို့သည် ဆံဖျားမှသည် ဟိုး… ဖဝါးအောက်ခြေသို့တိုင်အောင် တစိမ့်စိမ့် စီးဆင်းနေဆဲ…။ ခွင့်လွှတ်နိုင်ခြင်းငှာ ခက်ခဲလှသော အမှုကိုမှ မိုး ပြုမူခဲ့သည်ပဲ…။ ခေါင်းမာသော၊ နှလုံးသား မာကျောသော၊ လူတဖက်သား၏ အမှားကို တစက်ကလေးမျှ လက်မခံနိုင်၊ ခွင့်မလွှတ်နိုင်တတ်သော သူမ၏ စိတ်အစဉ်ကို သူမကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် ခါးသီး မုန်းတီး မိပေပြီ…။ လွယ်လင့်တကူ ကြေအေး ခွင့်လွှတ်တတ်သော နှလုံးသားမရှိသည့်အပြင် အညှိုးအတေးကလည်း ကြီးခဲ့မိသောကြောင့် သူမမှာ နောင်တရစရာ အကြောင်းတရပ် ဖြစ်ခဲ့ပြီးလေပြီ…။ ယခု ဒုတိယအကြိမ်အဖြစ် သူမ နောင်တ မရချင်ပါ…။ ထို့ကြောင့် သူမကို မျက်နှာပျက်ပျက်ဖြင့် ကြည့်နေသော မိုးကို ခွင့်လွှတ်ကြောင်း ပြန်ပြောနိုင်ရန် ကြိုးစားနေဆဲမှာပင်… မိုးက… ငါပြန်တော့မယ်နော်… ဟု ခပ်တိုးတိုး ပြောလာခဲ့တာ… ပြောပြောဆိုဆိုနှင့် ထိုင်နေရာမှ ထရပ်လိုက်သော မိုးကို ဖျတ်ကနဲ လက်ကို လှမ်းဆွဲလိုက်မိသည်…။

မိုး အံ့သြသွားသည်ဟု ထင်ရသည်။ သူမ၏ စိတ်နှင့် သူမ၏အကြောင်းကို မိုး ကောင်းကောင်းသိသည်လေ…။ မိတ်ဆွေ သူငယ်ချင်းများအပေါ်တွင် လိုအပ်လျှင် လိုအပ်သလို အနစ်နာခံတတ်၊ ကိုယ်ကျိုးမငဲ့ပဲ လိုက်လျော ကူညီတတ်၊ စေတနာထားတတ်သော သူမ အကြောင်း၊ တဦးတယောက် အကူအညီလိုလေတိုင်း ကိုယ်တတ်နိုင်သလောက် ကူညီတတ်ပြီး အချို့အချိန်များမှာ မိဘများ၏ အကူအညီကိုယူ၍ တမျိုး၊ မိဘများနှင့် အတိုက်အခံပြု၍ တဖုံ မရ ရအောင် ကူညီတတ်ခဲ့သော သူမအကြောင်းကိုလည်း မိုး မေ့လိမ့်ဦးမည်မထင်…။

ထားတော့လေ… အခုအချိန်မှာတော့ သူမ၏ စိတ်အစဉ်ကို အတတ်နိုင်ဆုံး လျှော့ချကာ မိုးကို ခွင့်လွှတ်ကြောင်း ပြောဖို့ လိုအပ်နေပါပြီ…။ မိုး… ငါ နင့်ကို ခွင့်လွှတ်တယ် နော်… ဟူသော စကားစု တိုတိုလေးကို ပြောရန် သူမ နှုတ်ခမ်းလွှာတို့ကို ဖွင့်ဟရန် သူမ မည်မျှ ကြိုးစားရကြောင်း သူမသာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ကြိုးစားပမ်းစား ပြောရသော ခွင့်လွှတ်ခြင်းထက် ရင်ထဲက လာသော ခွင့်လွှတ်စကားကိုသာ သူမ လိုလားသကဲ့သို့ မိုးလည်း လိုလားမည်မှာ အမှန်ပင်…။ သူမ လှိုက်လှိုက်လှဲလှဲ တချက် ပြုံးလိုက်သည်… တဆက်တည်းမှာပင် ပြန်ခါနီးဆဲဆဲ မတ်တပ်ရပ်လျှက် အနေအထားဖြင့် သူမကို ငုံ့ကာ ငေးစိုက်ကြည့်နေသော မိုးကို ဆက် ပြုံးပြလိုက်သည်။ သူမအပြုံး အသက်ဝင် မဝင်ဆိုသည်ကို သူမနှင့် နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် ပေါင်းသင်းလာခဲ့သူ မိုး သေသေချာချာ သိပါသည်။ ပြီးတော့ နှုတ်ခမ်းဖျားမှာ အပြုံးတဝက်နှင့်ပင်… မိုးရယ်… နင့်ကို ငါ ခွင့်လွှတ်ပါတယ်… စိတ်ထဲ ဘာမှ မထားနဲ့တော့နော်… ပြီးခဲ့တာတွေကို မေ့ပစ်လိုက်ပါ… ငါလည်း မေ့လိုက်ပြီ… နော် ဟု ချိုမြ အေးချမ်းစွာ ပြောလိုက်ပါသည်။

အံ့သြမှုကို မျိုသိပ်မထားနိုင်သော မိုးက မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝေ့ဝဲလာသည့်အထိ စိတ်လှုပ်ရှားနေမှန်း သူမ သိလိုက်သည်။ ပြီးတော့ သူမ ကျေနပ်သွားသည်။ မိုးလို သူငယ်ချင်း ငယ်ပေါင်းတယောက်ကို သူမ မဆုံးရှုံးချင်ပါ…။ နင် တကယ်ပြောတာနော်… ဟု မိုးက တုန်ယင်သော အသံဖြင့် ပြန်မေးပါသည်..။ ထိုအခါ သူမက ခေါင်းကို သေသေချာချာ ညိတ်ပြရင်း တကယ်ပေါ့ဟ… ဟု ပေါ့ပေါ့ပါးပါး… ပြီးတော့ အေးအေးသက်သာ ပြန်ပြောလိုက်သောအခါ မိုးက ထိုင်နေသော သူမကို အတင်း ဆွဲထ စေကာ သူမ၏ မျက်ဝန်းတွေထဲကို မျက်နှာချင်းဆိုင် စူးစိုက်ကြည့်ရင်း သူမကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်တော့တာ ဖြစ်သည်။

*****

သူမနှင့် မိုးတို့၏ အခင်ဆုံး အချစ်ဆုံးဟု ပြောနိုင်သည့် ငယ်ပေါင်း သူငယ်ချင်းတယောက် လွန်ခဲ့သော ရက်အနည်းငယ်က ကွယ်လွန်ခဲ့သည်လေ…။ သူ့အမည်အရင်းကို ရံဖန်ရံခါမှသာ ခေါ်ဖြစ်ပြီး ငယ်ငယ်ထဲက တွင်နေ နှုတ်ကျိုးနေသော နာမည်ပြောင်ကိုသာ အမြဲတစေ ခေါ်ဖြစ်ခဲ့သည်။ နာရေးကြော်ငြာတွင် သူ့နာမည်ရင်းကို တွေ့လိုက်ရသောအခါ ရုတ်တရက် လက်မခံချင်သော စိတ်အစဉ်ကြောင့် လူမှားတာ ဖြစ်ပါစေဟု သူမ ကြိတ်ဆုတောင်းခဲ့ပါသေးသည်။ သို့သော် ဆုတောင်းမပြည့်ခဲ့ပါချေ။ သူ့မှာ စွဲကပ်နေသော ပျောက်ကင်းရန် အခွင့်အလမ်း ပါးလျလွန်းသော ရောဂါအကြောင်း သူမ သတင်းကြားထားနှင့်ပြီးသားပဲ…။

သူ ဆုံးပါးသွားပြီဟု လက်ခံလိုက်ရသောအခါ စိတ်ထိခိုက်မိသော်လည်း နာကျည်းချက်များက သူမကို အနိုင်ယူခဲ့သည်။ သူမ မာန ကြီးခဲ့သည်။ အညှိုးအတေး ကြီးခဲ့သည်။ ထိုနာရေးကို သူမ မသွားခဲ့ပါ။ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်မည်မှန်း၊ မလွဲမသွေ သွားရောက် နှုတ်ဆက်သင့်မှန်း သိသိကြီးနှင့် သူမ ခေါင်းမာခဲ့သည်။ အတူသွားရန် ဖုန်းဆက်ခေါ်ကြသော သူငယ်ချင်းများကို သူမ လှပစွာ ရှောင်တိမ်းခဲ့သည်။ သူမ သတိမထားခဲ့မိသည်မှာ သူမကို ဖုန်းဆက်ကာ နာရေး သတင်းမေးသွားရန် ခေါ်ကြသော သူငယ်ချင်းများအနက်တွင် မိုး တယောက် မပါဝင်ခဲ့ခြင်းပင်…။ သို့သော် သူမ ဘာမျှ မရိပ်မိခဲ့ပါ။ ကွယ်လွန်သူ သူငယ်ချင်းကိုသာ နာကျည်းလျက်၊ ခွင့်မလွှတ်နိုင်ခြင်းများ ပြည့်နှက်လျက်… မရိုးသားသူ ကတိ မတည်သူ… သူမကို အရှက်ရစေသူ… အစရှိသော စွတ်စွဲချက်များဖြင့် ပစ်ပေါက်လျက်…။ ထိုညနေက သည်းသည်းမဲမဲ ရွာချသော မိုးစက် မိုးပေါက်တွေကြားမှာ မဆုံးနိုင်အောင် နာကျင် ခံခက် နေခဲ့မိတာ ဖြစ်သည်။

*****

သူ၏ နာမည်ပြောင်မှာ ပေါင်ပေါင် ဖြစ်သည်။ ငယ်စဉ်က ထမင်းဘူးထဲတွင် ထမင်းထက် ပေါင်မုန့် ထောပတ်သုပ် (သို့) ပေါင်မုန့် ယိုသုပ်များသာ အမြဲတစေ ပါလာတတ်သော သူ့ကို နောက်ပြောင်ရင်း တတန်းလုံးက ပေါင်ပေါင်ဟု ခေါ်ကြသည်။ တက္ကသိုလ်ရောက်သောအခါ သူ့အနီးအပါးမှာ ဝိုင်းဝိုင်းလည်နေသော မိန်းမလှလှလေးများက သူ့နာမည် အပြည့်အစုံကို ကို တပ်ပြီး တိုးညင်းစွာ ကနွဲ့ကလျ ခေါ်ဆိုနေကြသော်လည်း သူမနှင့် မိုးကတော့ဖြင့် ဟဲ့… ပေါင်ပေါင်… အကောင်စုတ်… ဟု တရင်းတနှီး ခေါ်ဝေါ်ကာ နင် တလုံး ငါ တလုံးဖြင့် ပြောဆို နောက်ပြောင်ကြမြဲပင်…။

ထိုနေ့က သူမ နေထိုင်ရာ အပြင်ဆောင်ကို တခါမှ မဆက်စဖူး ဖုန်းဆက်လာသူမှာ ပေါင်ပေါင်ဖြစ်သည်။ အသံကလည်း အမောတကော၊ ရေးကြီး သုတ်ပြာနှင့်…။ သူ ပြောသွားသော စကားတိုတိုများထဲတွင် နားလည်လိုက်သည်က သူ ငွေကြေးပြဿနာတခုတွင် ပါဝင်နေလျက် လောလောဆယ် အရေးတကြီး ငွေလိုနေသည်… ထိုငွေကို အချိန်မီ ရှာမရလျှင် သူ အမှုပတ် ဒုက္ခရောက်ရလိမ့်မည်… ဟူ၍သာ…။ အပြင်ဆောင်တွင် နေထိုင်ရင်း ကျောင်းတက်နေရသူ သူမမှာ သူပြောသလောက် ပိုလျှံသော ငွေကြေး ပမာဏ ရှိမနေပါ။ သို့သော် သူ့ကို ကူညီချင်သော၊ သူ ဒုက္ခမရောက်စေလိုသော စိတ်အစဉ်ကြောင့် သူမ အိမ်ကို ငွေပြန်မှာရန် ဆုံးဖြတ်လိုက်မိတာ ဖြစ်သည်။ များပြားသော ငွေကြေးပမာဏကြောင့် မိဘများက မေးမြန်းလာသောအခါ သူမကလည်း ရိုးသားစွာပင် ပေါင်ပေါင် အရေးတကြီး ငွေလိုနေလို့… ဟု ပြောခဲ့လိုက်တာ…။ မိဘများကလည်း သူမတို့ ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးနေမှု အတိုင်းအတာကို သိရှိပြီးဖြစ်သောကြောင့် ဘာမှ ဆက်မမေးသော်လည်း ပြန်ရပါ့မလား ဟူသော သံသယစွက်သည့် စကားမျိုး ဆန်ဆန်တော့ ပြောခဲ့လေသည်။ ထိုအခါ သူမကပဲ ပေါင်ပေါင့်အစား မခံမရပ်နိုင် ဖြစ်ခဲ့မိသေးတာ… သူမကပဲ ပေါင်ပေါင့်အစား အထပ်ထပ် အာမတွေ ခံပေးခဲ့တာ… ပေါင်ပေါင် ဒီလိုလူစားမဟုတ်ဘူး ဟု သူမကိုယ် သူမ သိပ်သေချာခဲ့တာ…။ ပေါင်ပေါင်နှင့် ခင်မင်လာသော သက်တမ်းတလျောက် သူ့အကျင့် သူ့သိက္ခာကို သူမ သေသေချာချာ သိမြင် ယုံကြည်ခဲ့တာ…။

သို့သော်… ပေါင်ပေါင်ကိုယ်တိုင် ပြန်ပေးမည်ဟု ပြောသွားသော နေ့ရက်ကို ရောက်လာခဲ့ပြီ…။ ပေါင်ပေါင့်ထံမှ ဘာသတင်းစကားမျှ မကြားရချေ။ နောက်ထပ် နောက်ထပ်သော နေ့စွဲများစွာကိုလည်း ကျော်လွန်လာခဲ့ပြီ။ ကာယကံရှင် ပေါင်ပေါင်ကား ပျောက်ချင်းမလှ ပျောက်လျက်…။ မည်သည့်နည်းနှင့်မျှ ပေါင်ပေါင့်ကို ဆက်သွယ်၍ မရခဲ့။ ထိုအခါ သူမ မိဘများထံမှာ သူမ လှလှပပ အရှက်ရခဲ့တာ ဖြစ်သည်။ ထင်သားပဲ… ဒါကြောင့် အစက မပြောလား.. ဟူသော စကားကို ကြားရသောအခါ သူမ အလွန်အမင်း ထိခိုက် နာကျင်ရပြန်သည်။ ငွေဆိုတာ လူတွေရဲ့ သည်းခြေကြိုက်… ငွေနှင့်ပတ်သက်လျှင် လူအတော်များများသည် ကိုယ်ထင်ထားသလို မရိုးသားနိုင်ကြ… ဟုလည်း ဆိုလာခဲ့သေးသည်။ ငွေကြေး အမြောက်အများ လိမ်လည်သွားသူ၊ မရိုးသားသူ၊ ကတိမတည်သောသူ ဟူသော စွတ်စွဲချက်များမှာ ပေါင်ပေါင့်အတွက် မထိုက်တန်ဟု သူမ ယုံကြည်ခဲ့သမျှ အခုတော့ အချည်းအနှီးပင်…။ သိက္ခာ နှင့် ကိုယ်ကျင့်တရားတို့ကို မဆိုစလောက်သော ငွေကြေး နှင့် လဲလှယ်နိုင်ခဲ့လေသူပေပဲ…။

သည်လိုနှင့် သူမ ဘဝထဲက ပေါင်ပေါင့်ကို အပြီးအပိုင် ဖယ်ထုတ်ခဲ့တာဖြစ်သည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီး နောက်ပိုင်း သူ့ဆီမှ ဝင်လာသော ဖုန်းကောလ်များကိုလည်း သူမ ရှောင်ခဲ့သည်။ နောက်ဆုံး သူမကိုယ်တိုင် ပေါင်ပေါင် မဆက်သွယ်နိုင်သော နေရာအသစ်တခုမှာ ပြောင်းရွှေ့နေထိုင်ဖြစ်ခဲ့တာ…။ မစုံစမ်း မမေးမြန်း၊ နားမစွင့်သော်လည်း သူငယ်ချင်းများထံမှ သူနှင့် ပတ်သက်သော သတင်းများ တစွန်းတစ ကြားဖြစ်သည်။ နှစ်အနည်းငယ်ကြာသောအခါ ကြားလိုက်ရသော သတင်းမှာမူ ပေါင်ပေါင်တယောက် ကုသရန် ခက်ခဲသော ရောဂါကြီး တခုနှင့် နောက်ဆုံး အချိန်ကို စောင့်နေရသည် ဟူ၏။ သို့သော်လည်း သူနှင့် ပတ်သက်၍ သူမ ဆုံးဖြတ်ထားပြီးသား ဆုံးဖြတ်ချက်ကို မည်သို့သော အကြောင်းအရာမျိုးကမှ မယိမ်းယိုင်နိုင်စေခဲ့ပါ။ သူမ ဘဝထဲတွင် ပေါင်ပေါင် မရှိနေတော့ပါ။ သူမ ဘဝထဲတွင် ပေါင်ပေါင် အပြီးတိုင် သေဆုံးခဲ့ပြီး ဖြစ်သည်…။

*****

မိုး ပြောခဲ့သော စကားများ အဆုံးတွင် မိုး… နင်တကယ် ပြောနေတာလားဟင်… ဟူသော မေးခွန်းကို သူမ ထပ်ခါတလဲ မေးနေခဲ့မိသည်။ မျက်ရည်များဖြင့် ပြည့်နေသော မျက်ဝန်းအစုံတို့က မိုး ညာမပြောနေကြောင်း သက်သေပင်…။ ဖြစ်မှ ဖြစ်ရလေ… ရောက်လေရာ ဘဝမှ ခွင့်လွှတ်ပါတော့ ပေါင်ပေါင်… ဟု စိတ်ထဲမှ တီးတိုးညင်သာ… ပြီးတော့ ကြေကြေကွဲကွဲ ရေရွတ်နေခဲ့မိသည် ထင်၏။

ငွေကြေးနှင့် ပတ်သက်ပြီး ကတိမတည်သူ၊ လိမ်လည်တတ်သူ၊ သူမကို အရှက်ရစေသူ ဟု မြောက်များစွာသော စွဲချက်တို့ဖြင့် သူမ အထင်လွဲ အထင်သေးနေခဲ့သော ပေါင်ပေါင်…။ သူမကို ဆက်သွယ်၍ မရခိုက်မှာ (သူမထံ မြန်မြန် ပြန်ရောက်စေချင်သော ဆန္ဒဖြင့်) သူမနှင့် အမြဲ တတွဲတွဲရှိနေတတ်သော မိုးဆီမှာ ငွေများ ပြန်ပေးခဲ့သည်… မိုးက လက်ထဲရောက်လာသော ငွေများကို လက်လွယ်စွာ တတိတိ (သို့) ခဏတဖြုတ် သုံးစွဲရင်း ကျွံခဲ့သည်လေ။ ငွေများ တလုံးတခဲထဲ ပြန်ပြည့်ရန် မစွမ်းသာခဲ့…. ထိုအခါ သူမကို လုံးလုံး အသိမပေးတော့ပဲ ပေါင်ပေါင်၏ ရိုးသားမှုတို့ကို သူမထံမှာ ပြောင်းပြန်လှန်ပစ်ခဲ့သည်ကိုး…။ သူမကလည်း အညှိုးအတေး ကြီးလှစွာဖြင့် နာမကျန်း ဖြစ်နေသူကို မစာနာခဲ့ရုံသာမက တမလွန်ဘဝသို့ ရောက်သွားပြီဖြစ်သူကိုပင် နည်းနည်းလေးမျှ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေခဲ့သည်လေ…။ သူမ သိပ်မှားခဲ့သည်နော်…

အဖြစ်မှန်ကို သိလိုက်ရသော ထိုအခိုက်အတန့်လေးမှာ သူမကိုယ်သူမလည်း ခွင့်မလွှတ်ချင်၊ မျက်နှာငယ်ငယ်နှင့် ဝန်ခံရင်း တောင်းပန်စကား ပြောနေခဲ့သော မိုးကိုလည်း ခွင့်မလွှတ်ချင်… ဖြစ်နိုင်လျှင် သူမ တစစီ ကြေမွပြီး ပျောက်ဆုံးသွားချင်ခဲ့တာ…။ မပြောမဆိုနှင့် တဖက်သတ် ရှောင်တိမ်းနေခဲ့သော သူမကို ပေါင်ပေါင် ဘယ်လိုများ ထင်မြင်ယူဆ သွားပါသလဲ… နောက်ဆုံးထွက်သက်မှာ သူမနှင့်ပတ်သက်သော နှောင်ငင်မှုမျိုး ကင်းစင်ပါရဲ့လား… အတွေးများနှင့်အတူ သူမကိုယ်သူမ မည်သို့မျှ ခွင့်မလွှတ်နိုင် မငြိမ်းအေးနိုင်အောင် ဖြစ်နေခဲ့ရသည်။

ပြီးတော့… မိုး…
ပြောရလျှင် ငယ်ပေါင်းသူငယ်ချင်း အရင်းအချာတယောက်ကို သူမ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးပြီ…။ ပြန်လည် ဖြေရှင်း၍ မရ၊ တောင်းပန်၍ မရသော တဖက်သတ် အထင်လွဲမှုမျိုးကို သူမဘဝမှာ နောက်ထပ်တကြိမ် မဖြစ်စေချင်တော့ပါ။ ငယ်စဉ်ထဲက ရင်းနှီးချစ်ခင်စွာ အကြောင်းသိ သူငယ်ချင်းတယောက်ဖြစ်သော မိုးကိုလည်း မရိုးသားမှု၊ အလွဲသုံးစားမှု၊ ထိန်ချန် လျှို့ဝှက်ထားမှု… အစရှိသော စွဲချက်များဖြင့် အမည်တပ်ရင်း သူမ ထပ်မံ မဆုံးရှုံးချင်တော့ပါ။ လူတယောက်သည် ဘဝတွင် တကြိမ်တခါတော့ မှားယွင်းတတ်ကြမှာပဲ မဟုတ်လား… သူမ ကိုယ်တိုင်ရော ဘယ်လိုအမှားမျိုးမှ မမှားဖူးဘူးလား… အမှားကို ဝန်ခံရဲသော သတ္တိလေးကပင် မိုးကို ပိုမို ချစ်ခင်ဖွယ်၊ အထင်ကြီး ယုံကြည်ဖွယ် ဖြစ်စေခဲ့တာ မဟုတ်လား…

အတွေးတို့ဖြင့် သူမ အတန်ကြာငြိမ်သက်သွားခဲ့သည်…။ အသိဝင်လာသောအခါ မိုးက သူ့ကို ကြင်နာစွာ ဖက်တွယ်ထားဆဲဖြစ်သည်ကို သိလိုက်ရသည်။ ထိုအသိကြောင့် သူမ နှလုံးသွေးတို့ ပိုမိုနွေးထွေးလာကာ မိုးကို ချစ်ခင်နှစ်လိုစွာ ပြန်လည် ဖက်တွယ်လိုက်မိသည်…။ မိုးဆီမှ ရှိုက်ငင်သံ ခပ်တိုးတိုးနှင့်အတူ မိုး ကိုယ်လေး သိမ့်ကနဲ ဖြစ်သွားကြောင်း သူမ သိလိုက်ရသည်…။ ထိုအခါ မိုးကို ပိုမိုတိုးဖက်ရင်း သူမ၏ မျက်ရည်စများကို မိုးမမြင်အောင် ကွယ်ဝှက် ထားလိုက်ချင်သော်လည်း တချိန်တည်းမှာပင် သူမ နှုတ်ခမ်းမှ ကြည်မွေ့သော အပြုံးလဲ့လဲ့ကိုမူ မိုး သေသေချာချာ တွေ့မြင်စေချင်ပြန်သေးသည်လေ…။




- ၂၀၁၃ ဇန်န၀ါရီလ - ရောင်စုံစက္ကူ (Color Papers) E Book
- ၂၀၁၃ ဧပြီလ - Look Magazine