Sunday, August 18, 2013

မြင်တွေ့သမျှ ပြောပြပါမည် (၃)

မနေ့ညနေက ခရီတာဧရာ ခန်းမမှာ ကျင်းပတဲ့ စွယ်တော်ရိပ် သုခုမည ပွဲကို သွားခဲ့ပါတယ်…။
စွယ်တော်ရိပ်ပွဲကို နှစ်စဉ်လုပ်နေကျ ဖြစ်သော်လည်း မနှစ်က ၂၀၁၂ မှာ မလုပ်ဖြစ်တဲ့အတွက် ဒီနှစ် ပွဲ ကြော်ငြာတွေ့တော့ ဝမ်းသာသွားပါတယ်။ ညနေ ငါးနာရီ တိတိမှာ ထူးခြားတဲ့ အစီအစဉ်တခုနဲ့အတူ အခန်းအနားကို စတင်မယ်လို့ Facebook မှာ ရေးထားတာ တွေ့ရတာမို့ အချိန်မီ အရောက် သွားခဲ့ပါတယ်။ ငါးနာရီ တိတိ မဟုတ်သော်လည်း ငါးနာရီ နဲ့ ဆယ့်ငါးမိနစ် မှာ ပွဲကို စပါတယ်။

အဲဒီ ခန်းမကို ဟိုးတနှစ်က စာပေဟောပြောပွဲတုန်းက တစ်ခေါက် ရောက်ဖူးပါတယ်…။ ဒီတစ်ခေါက် ခန်းမထဲရောက်တော့ သတိထားမိတာကတော့ အရင်နဲ့ မတူ ထူးခြား သပ်ရပ်တဲ့ အဆင်အပြင်ပါ။ ကျွန်မထင်တာ မမှားဘူးဆိုရင် ထိုင်ခုံတွေရော၊ အောက်က ကြမ်းခင်း ကော်ဇောတွေရော အသစ်တွေ လို့ ထင်ပါတယ်။ ပြီးတော့ တတန်းနဲ့ တတန်းလည်း ထိုင်ခုံတွေ ခြားထားတာ အရင်ကလို ဒူးတိုက်မနေပဲ အနည်းငယ် ပိုကျယ်ဝန်းလာပါတယ်….။ သန့်စင်ခန်းကတော့ အရင်လိုပဲ ခန်းမရဲ့ အရှေ့ညာဖက်မှာ ရှိနေတုန်းပါ။ ဒါပေမဲ့ အသစ် ပြန်လည် ပြုပြင်ထားတဲ့အတွက် သန့်ရှင်း သပ်ရပ်နေတာ တွေ့ရပါတယ်။

ပွဲစစချင်းမှာ ပုပ္ပါးမယ်တော်ကို ပူဇော်ပသတဲ့ ကကွက်၊ ပွဲကြိုက်ခင် သီချင်း အဆိုနဲ့ အက၊ ခေတ် လေးခေတ် ရခိုင်လူမျိုးတို့ရဲ့ ဝတ်စား ဆင်ယင်မှု ရိုးရာကို ဖေါ်ပြတဲ့ ကကွက် တွေနဲ့ စပါတယ်။ ရိုးရာအက လှလှပပတွေ မမြင်ရတာ ကြာနေပြီဆိုတော့ စိတ်ထဲမှာ တော်တော် ကြည်ကြည်နူးနူးနဲ့ နှစ်သက် သဘောကျမိပါတယ်။ အဲဒီနောက်မှာ ကပြတာကတော့ မောရ မာယာ ဆိုတဲ့ အစီအစဉ်ပါ… အဲဒီ ကိန္ဒရီ ကိန္ဒရာ ကကွက်မှာ ကတဲ့ မင်းသား မင်းသမီး နှစ်ယောက်စလုံး တကယ် အက ကောင်းကြတာ တွေ့ရတယ်။ ပြီးတော့ သူတို့ရဲ့ ဝတ်စုံတွေ သိပ်လှတယ်လို့ သိသိမှတ်မှတ် သတိပြုမိပါတယ်…။

အဲဒီနောက်မှာတော့ ဂီတပဒေသာလို့ ခေါ်တဲ့ တခန်းရပ် ပြဇာတ်ဆန်ဆန် ကကွက်… အဲဒါပြီးတော့ ပန်းကောက်တေး သီချင်းနဲ့ တေးသရုပ်ဖေါ် အစီအစဉ်ပါ။ ပန်းကောက်တေး သီချင်းကို ငယ်ငယ်တုန်းကသာ ကြားဖူးပြီး နောက်ပိုင်းမှာ မကြားရတာ ကြာလှပြီ ဖြစ်လို့ အခုလို မမျှော်လင့်ပဲ ပြန်ကြားရတော့ တော်တော် သဘောကျမိပါတယ်။ အဲဒီလိုချစ်စရာသီချင်းလေးကို လိုက်လိုက်ဖက်ဖက် ရွေးချယ် ကပြတဲ့ စိတ်ကူး အတွေးလေးကိုလည်း တကယ် သဘောကျမိပါတယ်။ ပန်းကောက်တေး တေးသရုပ်ဖေါ် ပြီးတော့ မင်းသား မင်းသမီး စုံတွဲ သုံးတွဲရဲ့ စန်းနွေဦး ခေတ်ဆန်း နှစ်ပါးသွား အစီအစဉ်ပါ။ အကတွေ များနေလို့ ပျင်းသလိုလို ဖြစ်လာတဲ့ အချိန်မှာ မေဓါဝီနဲ့ ဗေဒါရီ တခန်းရပ် ပြဇာတ်ကို ကပါတယ်။ ရယ်လည်း ရယ်ရ ကြည့်လို့လည်း ကောင်းတဲ့ ပြဇာတ်လေးပါ။ အဲဒါပြီးတော့ သင်္ကြန်အမှတ်တရအဖြစ် ရေတွေ စိုကုန်ပြီ သီချင်းနဲ့ အဆို အက… သီချင်းလိုက်ဆိုရင်း လက်ခုတ်တီးရင်းမှာပဲ တွေးမိကြတာက ဒါပြီးရင် ပထမပိုင်းတော့ ပြီးလောက်ပြီ.. ညနေစာ စားရတော့မယ်လို့ပါ…။

ဒါပေမဲ့ ချစ်သော ငွေတောင်သူ လို့ အမည်ရတဲ့ ကကွက်တခု လာပြန်ပါတယ်…။ ဗိုက်တွေလည်း ဆာနေကြပြီမို့ အဲဒီကကွက်မှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ မငြိမ်လှတော့ပါဘူး..။ အချိန်ကလည်း အတော်လင့်နေပြီမို့ ညနေစာ စားဖို့ ကြေငြာတဲ့အသံကို မျှော်နေကြပါတယ်။ အဲဒါပြီးတော့ စားရပြီဟဲ့လို့ ထင်ထားရာကနေ နောက်ထပ် အစီအစဉ်တခုအတွက် ဆက်ကြေငြာတော့ အပြင်ထွက်တော့မလို စားရတော့မလို ဖြစ်နေကြတဲ့ ပရိတ်သတ်ကြီးလည်း နေရာမှာ ပြန်ထိုင်လိုက်ကြတာ တွေ့ရပါတယ်။ ပြဇာတ်ကတော့ အထေ့ အငေါ့လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရပါတယ်…။ ဝ.ဝ.က ဆိုတာ ဝိညာဉ် ဝင်မှု ကြီးကြပ်ရေး ဆိုလို့ ရယ်လိုက်ရတာ…။ နာရီကြည့်လိုက်တော့ အချိန်ကလည်း ရှစ်နာရီခွဲကျော်ကျော်ဆိုတော့ နာရီဝက်နီးပါး ကပြနေတဲ့ ဒီပြဇာတ်ပြီးရင်တော့ ညစာ စားရတန်ကောင်းရဲ့ လို့ ထင်ထားမိတာပေါ့…။

ပြဇာတ်လည်း ပြီးရော အစီအစဉ်ကြေငြာသူတွေ တခေါက် ပြန်ထွက်လာပြီး Hip Hop တေးသရုပ်ဖေါ်လို့ ကြေငြာပြန်ပါတယ်…။ သူငယ်ချင်းအချို့ကတော့ အပြင်ထွက်လာခဲ့… စားလို့ရနေပြီလို့ Message လှမ်းပို့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ ကပြနေတဲ့ ကလေးတွေကို အားနာတာကတကြောင်း၊ စားလို့ရပြီလို့ တရားဝင် မကြေငြာသေးတာက တကြောင်းမို့ ထွက်မသွားဖြစ်ပါဘူး…။ အဲဒီ Hip Hop အကတွေ ပြီးမှ ညစာ စားလို့ရပြီ ဆိုတဲ့အကြောင်း ကြေငြာပါတယ်။

ညစာအနေနဲ့ ကျွေးတာတော့ ဖေါ့ဗူးအဖြူရောင်တွေနဲ့ ထည့်ထားတဲ့ ထမင်းကြော်နဲ့ ရေသန့်ဗူး တဗူးစီပါ။ မြန်မာပိုင် ဟိုတယ်တစ်ခုက စပွန်ဆာပေးတယ်လို့ သိရပါတယ်။ အားနာနာနဲ့ ပြောရရင် စားရတာ တော်တော်လေးကို အဆင်မပြေတဲ့ ထမင်းကြော်ပါ။ အရသာ မကောင်းရုံတင်မက တချို့ဗူးတွေမှာဆို ထမင်းကြော်က တဝက်လောက်ပဲ ပါတာ တွေ့ရပါတယ်။ အသားစ တချို့ကို တွေ့လို့ ကြက်သားနဲ့ ကြော်ထားတယ်လို့ ယူဆပါတယ်… ဒါပေမဲ့ ကြက်သားဖတ်ကို ဝါးကြည့်တော့ ဆီနံ့လိုလို အနံ့တမျိုးရပါတယ်…။ တိုတိုပြောရရင်တော့ အရင်ပွဲတွေမှာ စားရတဲ့ ဒန်ပေါက်ထမင်းတို့… ဆီထမင်းနဲ့ ငါးခြောက်ကြော်တို့လောက်ကို ခံတွင်းမတွေ့တဲ့ ညစာပါ…။ စားသောက်ပြီး အထဲပြန်ဝင်ချိန်မှာ ရေသန့်ဗူးတွေ ရုံထဲကို ပြန်မယူသွားရဘူး ဆိုတဲ့ စည်းကမ်းအတိုင်း သောက်လက်စ ရေဗူးတွေကို အပြင်မှာပဲ ထားခဲ့ရပါတယ်... (နည်းနည်းတော့ wasted ဖြစ်တယ်လို့ ခံစားရပါတယ်) အဲဒီလောက် ပြောနေ တားနေတဲ့ကြားထဲကတောင် ရေဗူးတွေကို ဖွက်ပြီး ရုံထဲ ယူလာတဲ့သူတွေကိုလည်း ရယ်ချင်စဖွယ် တွေ့ရပြန်ပါသေးတယ်...။

ညစာစားချိန် ၁၅ မိနစ် ပြီးရင် ပွဲပြန်စမယ်လို့ ကြေငြာထားတဲ့အတိုင်း တကယ် ပြန်စပါတယ်…။ ပရိတ်သတ်ကလည်း စားမကောင်းကြလို့လား… ဆာဆာနဲ့ မြန်မြန် သွက်သွက် စားလိုက်ကြလို့လား… ဗူးတွေမှာ ထမင်းကြော်က တဝက်လောက်ပဲ ပါလို့လား… မသိ… အရင်ပွဲတွေလိုမဟုတ်ပဲ ရုံထဲကို ၁၅ မိနစ်အတွင်းမှာ ပြန်ရောက်လာကြပါတယ်…။

ဒုတိယပိုင်းအနေနဲ့ ကပြတာကတော့ ပရိတ်သတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ စွယ်တော်ရိပ်ရဲ့ အငြိမ့်ခန်းပါ။ မင်းသမီးချောလေး နှစ်လက်နဲ့ အတူ လူရွှင်တော် သြဘာ၊ ချိန်သီး၊ ဓါတ်ကြိုးနဲ့ ပူလီ တို့ပါဝင်ပါတယ်…။ တော်တော်လေး ရယ်ရပါတယ်…။ ဒါပေမဲ့ ဒီနှစ်မှာ ပြက်စရာ ပြက်လုံး နည်းသွားသလိုပဲ… လို့ အနားက သူငယ်ချင်းနဲ့ ပြောဖြစ်ပါတယ်…။ အရင်တုန်းကတော့ မြန်မာပြည်က အဆီအငေါ် မတည့်မှုတွေ၊ အစိုးရအပေါ် မကျေနပ်ချက်တွေ၊ ဒီက သံရုံးရဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေနဲ့ အတူ ထေ့စရာ ငေါ့စရာ ပြက်လုံးတွေများပြီး ပြက်ရတာလည်း ပိုပြီး ထိထိမိမိနဲ့ ချက်ကျ လက်ကျ ရှိလှတယ်လို့ ထင်မိပါတယ်။ အခုတော့ ၁၅၀၀ တန် တယ်လီဖုန်း မဲနှိုက်ရတာလောက်… ရန်ကုန်မှာ ကားလမ်းတွေ ကျပ်တာလောက်… သစ်ပင်တွေ ခုတ်တာလောက်သာ ပြောဖြစ်တာကို တွေ့ရပါတယ်။ တဖက်က တွေးတော့လည်း သရော်စရာ ကလော်စရာ နည်းပါးသွားတာဟာ ကောင်းလာတဲ့ လက္ခဏာပဲ မဟုတ်လား… လို့ သူငယ်ချင်းကို ပြောရင်း ကြံဖန် ကျေနပ်ရပါသေးတယ်။ အဲဒီနောက်မှာတော့ အချိန်ကန့်သတ်ချက်အရ လူရွှင်တော်တွေ ပြက်လုံး တကွက် ကျန်နေသေးသော်လည်း ည ၁၁ နာရီမှာ ရွှေမိုး ငွေမိုး သီချင်းနဲ့အတူ ပွဲကို သိမ်းလိုက်ရပါတယ်…။



ဒီပွဲမှာ အရင်နှစ်တွေ အရင်ပွဲတွေကလို မိတ်ဆွေ ဘလော့ကာတွေ များများစားစား မတွေ့ခဲ့ရပါဘူး…။ ကျွန်မတွေ့သလောက်ကတော့ ပွဲအစကနေ အဆုံး ဓါတ်ပုံရိုက်ပေးနေတဲ့ ဂျစ်တူး (မုံရွာ) ရယ်၊ သူငယ်ချင်း ချစ်ကြည်၊ တန်ခူး၊ စင်စင်၊ TOI နဲ့ ခမမ တို့ပါပဲ…။ ပွဲရှိတာကို မသိလို့ပဲလား… အလုပ်တွေပဲ မအားကြလို့လား… လို့ တွေးနေမိပါတယ်။ နောက်တခုက ဒီပွဲကို Sky Net ကလည်း လာရောက် ရိုက်ကူးတယ်လို့ သိရပါတယ်…။ ဒီတော့ နောက်ရက် အနည်းငယ်ကျရင် မြန်မာပြည်က Sky Net ပရိသတ်တွေ ကြည့်ကြရမယ်လို့ ထင်ပါတယ်။

ခြုံကြည့်ရရင် မနေ့ညက ပွဲဟာ အလွန် ကောင်းမွန်ပြီး လှပ သေသပ်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီလို ပွဲတစ်ပွဲဖြစ်ဖို့ စီစဉ်ရတာ လွယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပွဲစီစဉ်သူတွေ၊ ဇာတ်ညွှန်း ဇာတ်ကွက် စီစဉ်သူတွေ၊ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကပြသူတွေဟာ အလုပ်တာဝန်တွေ ကိုယ်စီ၊ မိသားစုတာဝန်တွေ ကိုယ်စီနဲ့ မအားမလပ်တဲ့ကြားက အချိန်ပေးပြီး ဒီပွဲကို ဖြစ်မြောက်အောင် ကြိုးစားခဲ့ကြရလို့ စွယ်တော်ရိပ်အဖွဲ့သူ အဖွဲ့သား တယောက်ချင်းစီရဲ့ ဝါသနာနဲ့ အားထုတ်မှုကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်…။ နောင်နှစ်များမှာလည်း အခုလိုပဲ စွယ်တော်ရိပ်ပွဲကို လှလှပပ စည်စည်ကားကား ကျင်းပနိုင်ဖို့ မျှော်လင့် ဆုတောင်းပါတယ်…။



မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)

Saturday, August 10, 2013

ဆယ်ပြားတန် ချောကလက်နှင့် ဆက်စပ်၍...

တနေ့က တီဗွီမှာ လာသွားတဲ့ အစီအစဉ်တစ်ခုထဲက အစိတ်အပိုင်းတစ်ချို့ ဆိုပါတော့…။


ချောကလက်ဆိုင် တစ်ဆိုင်မှာပါ…။
နာမည်ကြီး တံဆိပ်နဲ့ ချောကလက်… တစ်ခုကို သုံးကျပ် တန်ပါတယ်…။ အဲဒါကို ဆိုင်က တစ်ကျပ် လျှော့ပြီး တစ်ခု နှစ်ကျပ်နှုံးနဲ့ ရောင်းပါတယ်…။ တချိန်ထဲမှာပဲ နောက် နာမည်သိပ်မကြီးတဲ့ ဆယ်ပြားတန် ချောကလက်တစ်မျိုးကိုလည်း ကြော်ငြာတဲ့ သဘောမျိုးနဲ့ ရောင်းနေပါတယ်။ ဈေးဝယ်သူတွေဟာ ဆယ်ပြားတန် ချောကလက်ကို ယောင်လို့တောင်မှ လှည့်မကြည့်ကြပဲ ဈေးချထားတဲ့ နာမည်ကြီး ချောကလက်တွေကိုသာ ဝယ်ယူနေကြတာ တွေ့ရပါတယ်…။

နောက်တနေ့မှာ အရင်နေ့ကရောင်းခဲ့သလိုပဲ သုံးကျပ်တန် နာမည်ကြီး ချောကလက်ကို နှစ်ကျပ်နဲ့ ဆက်ရောင်းပါတယ်…။ ဒါပေမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုတော့ တစ်ယောက် တစ်လုံး အမြည်းသဘောမျိုးနဲ့ အလကား ပေးပါတယ်…။ အဲဒီနေ့မှာ ဆိုင်ကို လာသမျှလူတွေဟာ သုံးကျပ်တန် အကောင်းစား ချောကလက်ကို တစ်ကျပ်တိတိ လျှော့ပြီး နှစ်ကျပ်နဲ့ ဈေးချရောင်းနေတာကို ဘယ်သူမှ ခေါင်းထဲ မရောက်ကြတော့ပါဘူး။ အလကားရမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုသာ အချိန်ပေး တန်းစီ စောင့်ဆိုင်းရင်း အရယူနေကြပါတယ်။

အကောင်းစား ချောကလက်ကို ဈေးချချိန်မှာ နှစ်ကျပ်နဲ့ ပျော်ပျော်ကြီး ဝယ်စားရမဲ့အစား ဆယ်ပြားတန် အလကားပေးတဲ့ ချောကလက်နဲ့ တင်းတိမ်လိုက်ရတာ….။ အလကား (Free of Charge) ဆိုတဲ့ စကားလုံးရဲ့ လှည့်စားမှုအောက်ကို ဆယ်ပြားတန် ချောကလက်စားရင်း တည့်တည့်ကြီး ဝင်သွားရတာပါ။

အဲဒါနဲ့ ဆက်စပ်ပြီး ပြန်စဉ်းစားကြည့်တော့ မနက်ပိုင်း ရုံးချိန် Peak Hour မှာ ရထားခ ပြားဂဏန်းလောက် လျှော့ပေးတာကို လူတွေ အလုအယက် တက်သုတ်ရိုက်ပြီး သွားစီးနေကြတာ သူတို့ရဲ့ Quality of Life တွေ အင်မတန် ကျဆင်းတယ်လို့ ယူဆမိပါတယ်။ အလကားရတဲ့ ဆယ်ပြားတန် ချောကလက်ကို စားကြတဲ့သူတွေလိုပါပဲ…။ ရထားနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းကလည်း ရုံးချိန်မှာ ရထားကြပ်တဲ့ ကိစ္စကို ထိထိရောက်ရောက် မဖြေရှင်းပေးပဲ ရုံးချိန်ထက် စောတဲ့ ဒီအချိန်ကနေ ဒီအချိန် စီးရင် လျှော့ပေးတယ်ဆိုပြီး ဘူတာရုံ တချို့ အထွက်မှာ ရထားခကို မဖြစ်စလောက် ပြားဂဏန်းလေး လျှော့ပေးရင်း လေကျယ်နေတာပါ။

အမှန်ဆို အဲဒီ ပြားစွန်းလောက် သက်သာဖို့အရေး အိပ်ရာကလည်း စောစောထရတယ်… အလုပ်ကိုလည်း မလိုအပ်ပါပဲနဲ့ အချိန် စောပြီးရောက်နေရတယ်…။ မနက်စောစောလာလို့ ညနေ စောပြန်ရတဲ့ ရုံးဆို တော်သေးရဲ့… မဟုတ်လို့ကတော့ ကိုယ့်ရဲ့ အချိန်တွေ အပိုကုန်သွားတာသာ အဖတ်တင်မယ်။ မနက် ရုံးမလာခင် နာရီဝက်ဆိုတဲ့ အချိန်ဟာ ညနေစာအတွက် ဟင်းတစ်အိုးလည်း ချက်လို့ ပြီးနိုင်တယ်။ စာဖတ်နေရင် အနည်းဆုံး စာမျက်နှာ နှစ်ဆယ် အစိတ်လောက် ပြီးနိုင်တယ်။ စိတ်အေး လက်အေး ဘုရား ရှိခိုးလို့ရတယ်။ အိမ်သန့်ရှင်းရေး လုပ်အုံးမလား… ရသေးတယ်…။ မိန်းကလေးတစ်ယောက်အတွက် အေးအေးဆေးဆေး အလှပြင်လို့ ရသေးတယ်…။ အဲဒီလို အချိန်ကို ဘာမဟုတ်တဲ့ ပိုက်ဆံ ပြားဂဏန်းနဲ့ လဲလှယ်လိုက်ရတာ တော်တော်ကို မတန်တဲ့ ကိစ္စတစ်ခု လို့ ယူဆပါတယ်။ ပိုက်ဆံဟာ ပြန်ရှာလို့ရပေမဲ့ ကုန်သွားတဲ့ အချိန်တွေဟာ ဘာနဲ့မှ ပြန်အစားထိုးလို့ မရဘူးဆိုတာလည်း သတိပြုသင့်တယ်။

သေသေချာချာ ပြန်စဉ်းစားကြည့်ပါ…။ အလကားရတယ် ဆိုပြီး စားရရင် ဆယ်ပြားတန် ချောကလက်ပဲ ဖြစ်တော့မှာပေါ့…။ ဆယ်ပြားတန် ချောကလက်ရဲ့ အရသာဟာလည်း ဆယ်ပြားပဲ တန်မှာပေါ့…။ အဲဒီလိုပဲ ရထားခ ပြားဂဏန်း သက်သာတာကို ကြည့်လိုက်ရင် ကိုယ့်ရဲ့ အချိန်တွေ ဆုံးရှုံးမှုကိုလည်း မမေ့စေချင်ဘူး…။

လည်ဝယ်ပါးနပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လူတို့ရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ Discount ဆိုတဲ့စကားကို ထည်လဲ သုံးပြီး လူတွေကို လှည့်ဖျားနေကြတာ…။ ရှိသေးတယ်… Buy 1 Get 1 Free တို့… Minimum 3 Pieces တို့… 2nd Piece 50% Off တို့…. အများကြီး…။ အဲဒီလို သူတို့ရဲ့ လှည့်ကွက်တွေထဲကို အလွယ်တကူ ရောက်မသွားအောင်… ဘဝမှာ ဆယ်ပြားတန် ချောကလက်ကို တန်းစီ စားရုံနဲ့တင် ကိစ္စ ပြီးမသွားအောင်… သက်သာတယ် သက်သာတယ် ဆိုတိုင်း မျောပါမသွားအောင်... သတိထားဖို့ အများကြီးလိုသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိရင်း ဒီစာကို ရေးပါတယ်….။


Thursday, July 25, 2013

ရေပတ်လည် ဝိုင်းရံလျှက်ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်သည်


ထိုမြို့လေးကို ကျွန်မရောက်သွားတော့ လေယာဉ်ကွင်းမှ ထွက်ထွက်ချင်း အေးမြသော လေငွေ့ကို သတိထားလိုက်မိသည်။ နေပူပူ နေ့လည်ခင်းပင်ဖြစ်သော်လည်း တိုက်ခတ်လာသော လေငွေ့က အေးမြမြနှင့် ချစ်စရာကောင်းစွာ ဆီးကြိုသော မြို့ကလေး ဖြစ်သည်။ ငယ်ငယ်က သင်ခဲ့ရသော ရေပတ်လည် ဝိုင်းရံလျှက်ရှိသော ကုန်းမြေကို ကျွန်းဟု ခေါ်သည် ဆိုသော စာသားလေးကို သတိရပြီး ကျွန်မ ပြုံးရယ်မိပါသည်။ ကားရပ်နားရာ နေရာတွင် ကျွန်မ တည်းခိုနေထိုင်မည့် ဟိုတယ်အမည်ကို ရေးသားထားသော မီနီဘတ်စ်တစ်စီးက အသင့် စောင့်ကြိုနေပါသည်။ ထိုကားဖြင့် ဟိုတယ်သို့ အသွားလမ်းတလျှောက်တွင် ဘေးဘီဝဲယာကို မျက်တောင်မခတ် ကြည့်ရှုရင်း လိုက်ပါသွားခဲ့ပါသည်။ အများအားဖြင့်တော့ ညီညာစွာ စီတန်းစိုက်ပျိုးထားသော ရော်ဘာစိုက်ခင်းများကို တွေ့မြင်ရပါသည်။ မြို့ထဲသို့ အရောက်တွင် လုံးချင်း အိမ်ကလေးများရှေ့တွင် သစ်ပင် ပန်းပင်လေးများ စိုက်ပျိုးထားသည်ကိုလည်း ချစ်စဖွယ် တွေ့မြင်ရပါသေးသည်။ ထို့နောက်တွင်တော့ ကျွန်မ အလွန် တွေ့ချင် မြင်ချင်လှသော စိမ်းပြာပြာ ရေပြင်ကျယ်ကြီးကို မျက်စိတဆုံး တွေ့လိုက်ရပါတော့သည်။



ရေစပ်တလျောက်တွင် ထီးရောင်စုံများကိုလည်း ဓါတ်ပုံတွေထဲမှာလိုပင် အစီအရီ တွေ့ရပါသည်။ ကျွန်မကို ခေါ်ဆောင်လာသော ကားသည် ထိုကမ်းစပ်တလျောက် ဖြတ်မောင်းပြီး တောင်ကုန်းကလေးတစ်ခုပေါ် တက်သွားပါသည်…။ မကြာခင်မှာပင် ကျွန်မနေထိုင်မည့် ဟိုတယ်သို့ ရောက်လာပါသည်။ လေဆိပ်မှ ဟိုတယ်ကို အရောက် စုစုပေါင်း နှစ်နာရီနီးပါး မောင်းနှင်ရပါသည်…။





ဟိုတယ်ဝန်ထမ်းများက ဆောင်ရွက်စရာကိစ္စများကို လက်အုပ်ကလေး တချီချီဖြင့် ပြုံးချိုဖေါ်ရွေစွာ ကူညီကြပါသည်။ ကျွန်မ နေရမည့် အခန်းမှာ ပထမထပ် ထောင့်ခန်းဖြစ်ပြီး ရေကူးကန်ကို တိုက်ရိုက် ဆင်းစရာ လှေခါးလေးလည်း ပါရှိပါသည်။ အခန်းထဲအရောက် ပစ္စည်းများ ချ၊ ရေချိုး အဝတ်အစားလဲပြီး မြို့ထဲ သွားရန် ပြင်ဆင်ပါသည်။ ကျွန်မနေထိုင်ရာ ဟိုတယ်မှ မြို့ထဲသို့ ကားအကြိုအပို့ လုပ်ပေးပါသည်။ မြို့ထဲသို့ ကျွန်မရောက်သွားသောအခါ လမ်းမတခုလုံး ဈေးဆိုင်တန်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပါသည်။ သစ်သီးများ၊ အကင်များ၊ ရေခဲချောင်း ရေခဲမုန့်များ၊ ပြောင်းဖူးမီးဖုတ်များ ရောင်းသော လက်တွန်းလှည်းများကလည်း နေရာအနှံ့…။ အံ့သြစရာကောင်းသော အချက်မှာ ဆိုင်တိုင်းလိုလိုတွင် ဈေးဝယ်သူများနှင့် စားသုံးသူများ အပြည့်အနှက် ရှိနေခြင်းပင်…။ ကျွန်မ အကြိုက် ကော်ဖီဆိုင်ကို တွေ့လိုက်သောအခါ ဟန်မဆောင်နိုင်တော့ပဲ ကော်ဖီ တစ်ခွက်ကို အမြန်ဆုံးဝယ်ယူပြီး ထိုကော်ဖီဆိုင်လေးရှေ့မှ စားပွဲတစ်လုံးတွင် ထိုင်ရင်း မြင်ကွင်းထဲ ဝင်လာသမျှကို သူ့အတိုင်းသော်လည်းကောင်း၊ ကင်မရာ မှန်ဘီလူးမှ တဆင့်သော်လည်းကောင်း ငေးမော နေမိပါတော့သည်။


ထိုမြို့လေးမှာ ကျွန်မကဲ့သို့ အလည်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များဖြင့် အလွန် စည်ကားလှပါသည်။ လတ်ဆတ်သော ပင်လယ်စာများ၊ သစ်သီးများကိုလည်း ဈေးနှုန်းချိုသာစွာ ပေါပေါများများ စားသုံးနိုင်သောကြောင့် ခရီးသွားဧည့်သည်များ အနေဖြင့် သဘောကျ နှစ်သက်စရာ ကောင်းလှပါသည်။ ထိုကော်ဖီဆိုင်လေးတွင် နေစောင်းသည်အထိ ကျွန်မ ထိုင်နေပြီးမှ ညစာစားရန် ထိုဈေးတန်းလေးကို လျှောက်လာခဲ့မိပါသည်။

စားစရာများမှာ အမျိုးအမည် စုံလင်လှပြီး စားချင်စဖွယ်ရှိလှသောကြောင့် ကျွန်မ ဘယ်နေရာမှာ ဘယ်လို စားရမည်ကိုပင် မဝေခွဲတတ်အောင်ပင်…။ နောက်ဆုံးတွင် ပင်လယ်စာများ ရောင်းသော ဆိုင်တဆိုင်ကို ရောက်ပြီး ပုဇွန်ကင်တစ်ပွဲ၊ ခေါက်ဆွဲကြော်တစ်ပွဲနှင့် ဝက်သားကင် တစ်ပွဲ၊ အုန်းသီးစိမ်းတစ်လုံးတို့ကို မှာယူလိုက်ပါသည်။ ပိုက်ဆံပေးသောအခါ မျှော်လင့်ထားသည်ထက် များစွာ ဈေးချိုနေသည့်အပြင် စားကြည့်သောအခါ အရသာလည်း အလွန်တရာ ကောင်းမွန်ကြောင်း သိလိုက်ရပါသည်။




ညစာ စားအပြီး ထိုဈေးတန်းတလျှောက် လှည့်ပတ်ကြည့်နေရင်း တနေရာအရောက်တွင် ထိုမြို့ကလေး နာမည် စာတန်းပါ တီရှပ်ရောင်စုံများရောင်းသော ဆိုင်ကလေးကို တွေ့ရပါသည်။ လက်ဆောင်ပေးရန်ဖြစ်စေ အမှတ်တရ ဝတ်ဆင်ရန် ဖြစ်စေ ထိုတီရှပ် အနည်းငယ် ဝယ်ယူရန် ဆိုင်ထဲသို့ ၀င်သွားမိပါသည်။ ဆိုင်ထဲအရောက်တွင် အမျိုးသား ခပ်ငယ်ငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦးက လှိုက်လှဲဖေါ်ရွေသော အပြုံးဖြင့် ဆီးကြိုကာ ကျွန်မ အလိုရှိသည်များကို စိတ်ရှည်စွာ ပြသပါသည်။ အထည်များကို ကြည့်ရင်း ရွေးချယ်ရင်း ဈေးမေးသောအခါ အမျိုးသမီးက သူတို့ ဘာသာစကားဖြင့် ပြောပါသည်။ ကျွန်မက နားမလည်ကြောင်း လက်ခါပြရင်း အမူအယာဖြင့် ပြောသောအခါမှ ဂဏန်းပေါင်းစက်ကို ယူလာကာ ဈေးနှုန်းများကို ရေးပြပါသည်။ ဘေးနားမှ ကြည့်နေသော အမျိုးသားလေးက အစ်မက မြန်မာလား ဟု မေးလာသောအခါ ရုတ်တရက် ကျွန်မ လန့်သွားပါသည်။ ဟုတ်တယ် အစ်မ မြန်မာပါ… ဟု ပြန်ဖြေသော် ကျွန်မကို ဂဏန်းပေါင်းစက် တပြင်ပြင်ဖြင့် ဈေးပြောနေသော အမျိုးသမီးကို သူတို့ ဘာသာစကားဖြင့် တစုံတခု လှမ်းပြောလိုက်ပါသည်။ ထိုအခါ အမျိုးသမီးက ကျွန်မတို့ အနားမှ ဖယ်ခွာပြီး ဆိုင်ခန်းထဲသို့ ဝင်သွားပါသည်။

ထို့နောက် ဈေးရောင်းသူ အမျိုးသားလေးက ကျွန်မ ရွေးချယ်ထားသော တီရှပ်များကို ကျသင့်ငွေ တွက်ပေးပါသည်။ အစ်မ အလည် လာတာပဲလား…ဘယ်လောက်ကြာအုံးမှာလဲ… စသည့် မေးခွန်းများကို ဖြေဆို… အလ္လာပ သလ္လာပ စကားများ ပြောဆိုပြီး ကျသင့်ငွေကို ပေးချေမည်အလုပ်တွင်… စုစုပေါင်း ကျသင့်ငွေထက် တဝက်မက လျှော့ချထားသောကြောင့် ကျွန်မ အံ့သြသွားပြီး မဟုတ်တာ… နည်းနည်းပါးပါး လျှော့ရင် ရပါပြီ အခုက ခေါက်ချိုးတောင် မကဘူး… ယူပါ… ကျသလောက် ယူပါ.. ဟု ပြောလိုက်ရာ… သူက ရပါတယ် အစ်မရယ်.. ကျွန်တော်က အလည်လာတဲ့အထဲ ကိုယ့်လူမျိုးတွေ တွေ့ရရင် ပျော်လို့ပါ… အခုကလည်း ကျွန်တော် လျှော့ပေးနိုင်တဲ့ အတိုင်းအတာထဲကမို့ လျှော့ပေးတာပါ… ယူပါ အစ်မ.. အားမနာပါနဲ့… ဟု ပြောလေသည်။ အားနားနာဖြင့် ကျသင့်ငွေကို ပေးရင်း ကျေးဇူးတင်စကားဆိုကာ ထိုဈေးတန်းလေးမှ ထွက်၊ တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်လာခဲ့ပါသည်။ ညနက်စပြုလာပြီ ဖြစ်သောကြောင့် ဘားများ ကလပ်များလည်း အတော် လူစည်ကားနေကာ သီချင်းသံများမှာ လမ်းမပေါ်သို့ လျှံထွက်နေပါသည်။




ဒုတိယနေ့… ဟိုတယ်မှ ကျွေးသော မနက်စာများအနက် ကျွန်မ အကြိုက်ဆုံး ကွေ့တီယိုကိုသာ တဝ စားပြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း မနီးမဝေးမှ ကျွန်းကလေးကို အလည်သွားရန် လာကြိုသည့် ကားကို စောင့်ဆိုင်းနေခဲ့သည်။


ချိန်းဆိုထားသော အချိန် အတိအကျတွင် ကား လာကြိုပါသည်...။ ထို့နောက် သင်္ဘောဆိပ်သို့ရောက်… အသင့်စောင့်ဆိုင်းနေသော သင်္ဘောကို စီးကာ ပြာလဲ့နေသော ရေပြင်တလျောက် ခရီးဆန့်ခဲ့ပါသည်။ နာရီဝက်ခန့် မောင်းပြီးသောအခါ အလွန်လှပသော သဘာဝ ကျောက်တောင်များနှင့်အတူ အရင်နေရာများထက် အဆပေါင်းများစွာ ပိုမိုကြည်လင် စိမ်းပြာသော ရေပြင်ကျယ်ကို တွေ့လိုက်ရပါသည်။ ရေအောက်တွင် လူးလာခေါက်ပြန် ကူးခတ်နေကြသော အရောင်စုံ အသွေးစုံ အရွယ်စုံ ငါးများကိုလည်း ဝေးဝေးမှ လှမ်းမြင်နိုင်လောက်အောင်ပင် ရေက ကြည်လင် စိမ်းမြလေသည်။ အချို့သော ခရီးသွားများက ပစ္စည်းကရိယာ အစုံအလင် တပ်ဆင်ကာ ရေအောက်တွင် ငုတ်လျှိုးကာ သဘာဝ အလှအပများကို ကြည့်ရှုနေချိန်တွင် ကျွန်မက လှပသော… ပြီးတော့ ခိုင်ခံ့မာကျောလှပါသည်ဆိုသော ကျောက်တောင်များပင် ရေတိုက်စားခြင်းခံရသောကြောင့် အောက်ခြေတွင် အရစ်လိုက် နစ်ဝင် ပါးလျလာပုံကို ကြည့်ရင်း စိတ်ထဲတွင် စာတစ်ပုဒ်ကို စီနေမိသေးသည်။





ထိုကျွန်းလေးမှ အပြန်တွင် လက်မှုပစ္စည်းများနှင့် ချည်ထည်များ၊ ဆွဲကြိုး လက်ကောက်များ၊ အသင့် ထုတ်ပိုးပြီးသော လက်ဆောင်ပေးနိုင်သော စားဖွယ်သောက်ရာများကို ရောင်းသော ရေပေါ်ကျွန်းလေး တခုကို ရောက်ခဲ့ပါသေးသည်။ ချည်အင်္ကျီလေးများ၊ ပုတီးစေ့ ဆွဲကြိုးများနှင့် ပုဝါသုံးထည်ကို ဝယ်ယူပြီး ဆက်လျှောက်လာသောအခါ သစ်သီးခြောက်အမျိုးမျိုးနှင့် သစ်သီးယိုအမျိုးမျိုး ရောင်းသော ဆိုင်လေး တစ်ဆိုင်ကို တွေ့ရပါသည်။


ဆိုင်ရှေ့တွင် အမြည်းပေးထားသော သစ်သီးခြောက် အမျိုးမျိုးကို စားကြည့်ပါ… ဟု ခေါ်ယူနေသော ကောင်မလေး၏ ချိုမြသော ပြုံးမျက်နှာကို တွေ့ရသောအခါ စိတ်ထဲတွင် ရင်းနှီးနေသလို ဖြစ်ပြီး ထိုဆိုင်ထဲသို့ ရောက်ခဲ့ပါသည်။ ထိုကောင်မလေး ယူလာသော အမြည်းများကို အနည်းငယ်စီ မြည်းစမ်းကြည့်ရင်း တစ်ယောက်နှင့်တစ်ယောက် ဘာစကားမျှ မဆိုရသေးခင်မှာပင် သူက ကျွန်မကို အစ်မက မြန်မာလား… ဟု မေးလာပါသည်။ ကျွန်မ မျက်လုံးအဝိုင်းသားဖြင့် စားလက်စ အမြည်းကို အမြန် မျိုချကာ ကျွန်မ မြန်မာလူမျိုးဖြစ်ကြောင်း ခေါင်းကို တွင်တွင်ညိတ်ပြလိုက်ပါသည်။ သူက တွေ့ရတာ ဝမ်းသာလိုက်တာ အစ်မရယ်.. အစ်မ အလည်လာတာပဲလား… ဘယ်မှာ တည်းလဲ… ဘယ်နှစ်ရက် နေမှာလဲ… စသည်ဖြင့် မေးခွန်းများ ထုတ်ပါတော့သည်။ သူ မေးသမျှကို ပြန်လည် ဖြေကြားရင်း ကျွန်မ ဝယ်လိုသော အသီးခြောက်များကိုပါ တလက်စတည်း လက်ညှိုးညွှန်ပြလိုက်ရာ ကောင်မလေးက သွက်လက်စွာဖြင့် အသီးခြောက်များကို တစ်ထုတ်ပြီး တစ်ထုတ် ချိန်တွယ် ထုတ်ပိုးပါတော့သည်။ စတော်ဘယ်ရီသီးခြောက်၊ ကီဝီသီးခြောက်၊ အုန်းသီးခြောက် များမှာ အလွန် အရသာ ရှိသောကြောင့် ကျွန်မ တော်တော်များများ ဝယ်ဖြစ်ပါသည်။

ကျသင့်ငွေ ရှင်းသောအခါ ကျွန်မ တွက်ထားသည်ထက် အတော် နည်းနေသောကြောင့် ကောင်မလေးအား ပြန်မေးသောအခါ မည်သည့် အသီးခြောက်မဆို ငါးရာဂရမ် သုံးထုတ် ဝယ်လျှင် နောက်တစ်ထုတ် အပိုပေးသည် ဟု ဆိုပါသည်။ ထို့အပြင် ကျွန်မ စားဖို့ လက်ဆောင်… ဟု ဆိုကာ စတော်ဘယ်ရီသီးခြောက်တစ်ထုတ် သပ်သပ် ပေးပြန်ပါသည်။ ကျွန်မ ဝယ်ထားသမျှကို အလေးချိန် ပိုပိုသာသာ ချိန်တွယ်သည်သာမက အပိုလည်းပေး၊ လက်ဆောင်လည်း ပေးနှင့် ကျွန်မဆီမှာ အသီးခြောက်များ တပုံတပင်…။ ကျသင့်သလောက် ယူပါ ဟု အထပ်ထပ် ပြောသော်လည်း မရ…။ သည်လိုနှင့် ကျွန်မလည်း မကြာခင်က ဝယ်လာသော ပုဝါများထဲမှ တစ်ထည်ကို ထုတ်ယူကာ ထိုကောင်မလေးကို လက်ဆောင်အဖြစ်ပေးရင်း၊ ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်ရပါသည်။ ကောင်မလေးမျက်ဝန်းတွင် တွဲခိုလာသော မျက်ရည်စများကိုမူ ဝမ်းသာမျက်ရည်လား ဝမ်းနည်းမျက်ရည်လား… ကျွန်မ ကောင်းကောင်း မခွဲခြားနိုင်ခဲ့ပါ။

တည်းခိုရာ ဟိုတယ်သို့ အပြန်လမ်းတွင် အမေ့အိမ်နှင့် အဝေးတနေရာမှာ နေထိုင်ရင်း ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်နေကြသော ကိုယ့်လူမျိုးကလေးများ၏ တန်ဖိုးမဖြတ်နိုင်သော စိတ်ကောင်း စေတနာကောင်းလေးများကို ဝမ်းသာ ကြည်နူးစွာ အသိအမှတ်ပြု တွေးတောရင်း ကျွန်မကိုယ်တိုင်လည်း ဝမ်းသာ ဝမ်းနည်း ခံစားရပါသည်။



တတိယနေ့တွင်မူ ဟိုတယ်မှာပင် မနက်စာ စားပြီး ဟိုတယ်ရှေ့တွင် မြင်နေရသော ကမ်းစပ်တလျောက် အေးအေးလူလူ လမ်းလျှောက်ရင်း… အသက်ဝဝရှူရင်း… အနားယူခဲ့ပါသည်။ ညနေစောင်းတွင်မှ ကမ်းစပ်သို့ ဆင်းကာ ပင်လယ်ရေနှင့် ထိတွေ့ခဲ့ပြီး… သဲသောင်ပြင် ပင်လယ် ပြာပြာ တောင်တန်းညိုညို ကောင်းကင်ပြာပြာ တိမ်တိုက် ဖြူဖြူ… ဟိုး…. မိုးကုတ်စက်ဝိုင်း အဆုံးအထိ မြင်နေရသော မြင်ကွင်းများကို ဓါတ်ပုံရိုက်ယူရင်း.. နေဝင်ချိန်ကို စောင့်ကြည့်ရင်း… မြို့ကလေးကို နှုတ်ဆက်ရင်း…. နောက်တနေ့ မနက် အစောကြီးတွင် ကျွန်မ ချစ်သော ထိုကျွန်းမြို့ကလေးမှ ပြန်လာခဲ့ပါတော့သည်။



စာကြွင်း - ဟိုးအရင်တုန်းကလို စာနဲ့ ဓါတ်ပုံလေးတွေ ဝေဝေဆာဆာ တွဲတင်ချင်စိတ်ပေါ်လာလို့ ဖူးခက်သွား တောလား ပိုစ့်လေးကို ရေးပါတယ်။ ပုံတချို့ကို ကင်မရာအကြီးနဲ့ ရိုက်ပြီး တချို့ပုံတွေကတော့ အိုင်ဖုန်းနဲ့ ရိုက်ထားတာ ဖြစ်ပါတယ်။


Bonus - ဒါလေးကတော့ ဟောလီးဒေးက ပြန်လာပြီး ရုံးပြန်တက်ရတော့မှာမို့ ငှက်နာလေး လည်လိမ်နေတဲ့ပုံ ဖြစ်ပါတယ်...။ ဝမ်းနည်းစရာပါ....

Monday, July 22, 2013

တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ (၂)

အရင်ပိုစ့်… တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ ရဲ့ နောက်ဆက်တွဲပါ…။ တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်တယ် ဆိုတဲ့နေရာမှာ တကယ်ပဲ တန်းစီရတာကို နည်းနည်းမှ မတွန့်ဆုတ်ပဲ အသားကျ ပျော်မွေ့တဲ့သူများရဲ့ အကြောင်းကို ပြောပြချင်တာ၊ ဒါပေမဲ့ ကျွန်မ တင်ပြပုံ ညံ့ဖျင်းသွားလို့ တန်းစီတာဟာ တစ်စက်မှ နှစ်သက်စရာ မကောင်းတဲ့ လုပ်ရပ်ကြီး လိုလို၊ အပိုအလုပ်ကြီးတစ်ခု လိုလို ဖြစ်သွားခဲ့တယ်။ အမှန်က လူအများနဲ့ အတူ ဆောင်ရွက်ရတဲ့ ကိစ္စတွေတိုင်းမှာ တန်းစီပြီး စောင့်ဆိုင်းခြင်းဆိုတာ သိပ်ကောင်းပါတယ်… စည်းကမ်းရှိရှိ စနစ်တကျ တန်းစီတာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ။

တကယ်တမ်း ကျွန်မ ပြောပြချင်တဲ့ တန်းစီပုံ တန်းစီနည်းက ဒီလိုပါ…။
လွယ်တာလေး ဥပမာ ပြရရင် iPhone (သို့) iPad စတဲ့ ပစ္စည်း အသစ်ထွက်တဲ့နေ့ဆို မနက် ဆယ်နာရီမှာ ဖွင့်မဲ့ ဆိုင်ကို ည အိပ်ပြီး တန်းစီကြတယ်။ တစ်ရက်လေးမှ မစောင့်နိုင်ပဲ ထွက်ထွက်ချင်း ကိုင်ချင်ကြတဲ့ ရောဂါပါ…။ ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ကလည်း အမြဲတစေ မမျှတလေတော့ ဒီလိုမှ တန်းမစီရင် နောက်ထပ် တစ်ရက် နှစ်ရက် ကနေ တစ်ပတ်လောက်အထိ စောင့်ရမှာ ဆိုတော့ ဒီလိုပဲ ညအိပ် တန်းစီကြတာပါ။

တလောက ဒီမှာ H & M ဆိုတဲ့ အဝတ်အစားတွေ ရောင်းတဲ့ဆိုင် ဖွင့်ပါတယ်။ ပထမဆုံး စဖွင့်တဲ့နေ့မှာ ဝယ်တဲ့သူ တွေကို ဒေါ်လာ နှစ်ဆယ်တန် Gift Voucher ပေးမယ် လို့ ကြေငြာတယ်…။ ဒီက လူသားအပေါင်းတို့ဟာ အဲဒီ နှစ်ဆယ်တန် Gift Voucher ရဖို့အတွက် ညလုံးပေါက် ဆိုင်တံခါးရှေ့မှာ အိပ်ပြီး တန်းစီကြပါတယ်…။ အဲဒီလိုပါ…

စားသောက်ဆိုင်တွေထဲမှာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ဆိုင် ဒါမှမဟုတ် တခုခု လျှော့ဈေး၊ ပရိုမိုးရှင်းရှိတဲ့ဆိုင်… စားဖို့ စဉ်းစားလိုက်ရင် အနည်းလေး နာရီဝက်ကနေ တနာရီ တန်းစီ စောင့်ရတယ်။ တန်းမစီနိုင်၊ မစောင့်နိုင်ရင် မစားရုံပဲလေ…။ သူတို့ကတော့ စိတ်ရှည်တယ်ဗျား… ဖုန်းလေးတွေ ကိုယ်စီ ကိုင်လို့ ဂိမ်းကစားရင်း ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ကြတယ်…။

နာမည်ရ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တခုဆို ဆိုင်ဖွင့်ချိန် မနက် ရှစ်နာရီမှာ ၄၂ လက်မ တီဗွီက ဘယ်နှစ်လုံး… ဟုမ်းသီရေတာ က ဘယ်နှစ်လုံး… အဝတ်လျှော်စက် ရေခဲသေတ္တာ ဘယ်နှစ်လုံး… စသည်ဖြင့် ဦးရာလူစနစ်နဲ့ ရောင်းမယ်လို့ ကြော်ငြာတယ်။ ဈေးကလည်း တော်တော်လေး သက်သက်သာသာ ရောင်းပါတယ်။ လျှပ်စစ် ရေနွေးအိုးတို့ ပေါင်မုန့်ကင်စက်တို့ ဘာတို့ဆို ကိုးဒေါ်လာ ဆယ်ဒေါ်လာလောက်နဲ့ကို ချရောင်းတာပါ။ အဲဒီမှာလည်း အပေါ်မှာ ပြောခဲ့သလို နောက်တနေ့ ဖွင့်မဲ့ ဆိုင်တံခါးရှေ့မှာ ညအိပ် ညနေ တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူကြပါတယ်။ အဲဒီမြင်ကွင်းတွေအတွက် ကျွန်မမှာသာ ရင်သပ်ရှုမော ဖြစ်ရတာ သူတို့ကတော့ တကယ့်ကို နေသားတကျ၊ မမောမပန်း၊ အေးအေးလူလူ နဲ့ သက်သက်သာသာ တန်းစီကြတာပါ…။

စကားကြုံလို့ ဆက်ပြောပါအုံးမယ်…
တလောက Mc Donald မှာ အပတ်စဉ် ကြာသာပတေးနေ့တိုင်း Hello Kitty တစ်မျိုးကျစီ ရောင်းပါတယ်။ တစ်ပတ် တစ်ကောင်… ငါးပတ်စာအတွက် ငါးကောင်နဲ့ အိမ်ကို မှာစားရင် ရနိုင်တဲ့ Delivery Kitty လေးက တကောင်၊ စုစုပေါင်း ခြောက်ကောင်ပါတဲ့ Hello Kitty Set ပါ…။ အပတ်စဉ် ကြာသာပတေးနေ့မှာ ဆိုင်တိုင်းမှာ လူကြိတ်ကြိတ်တိုး တန်းစီရပါတယ်။ ပြောရရင် ဆိုင်အပြင်ကို လျှံထွက်အောင် စီနေတဲ့ လူတန်းကြီးထဲမှာ ကလေးသူငယ် တယောက်မှ မပါပါဘူး။ အားလုံး လူကြီးတွေပါ။ အဲဒီမှာမှ နောက်ဆုံးတစ်ပတ်မှာ ရောင်းတဲ့ Singing Bone အမည်ရ အမည်းရောင်အကောင်လေးကို သူတို့က Limited Edition လို့ ကြော်ငြာလိုက်ပါတယ်။ ပွဲကြီးပွဲကောင်းပါပဲ…။

အဲဒီ အရုပ်လေးကို ၂၄ နာရီဖွင့်တဲ့ Mc Donald ဆိုင်တွေမှာ ဗုဒ္ဗဟူးနေ့ ည ၁၂ နာရီက စပြီး ရောင်းမှာ ဖြစ်သလို ပုံမှန် ဆိုင်တွေကတော့ ကြာသာပတေးနေ့ မနက် ၆ နာရီမှာ စ ရောင်းမှာ ဖြစ်ပါတယ်။ ဒီတော့ Hello Kitty Crazy တွေဟာ ဗုဒ္ဗဟူးနေ့ည မှာ စပြီး တန်းစီကြရမှာ ဖြစ်ပါတယ်။

အမှန်ကို ဝန်ခံရရင် ကျွန်မလည်း အဲဒီ Hello Kitty အရုပ်လေး တွေကို သိပ်ချစ်ပါတယ်။ အရင်အပတ်တွေက ရောင်းသမျှ အကုန်ရပြီးသားပါ…။ ကျွန်မ ဝယ်လို့မရတဲ့ တတိယအပတ်မှာ ညီမလေး မေဇင်က ဝယ်ပြီး လက်ဆောင်ပေးပါတယ်၊ နောက်တစ်ပတ်မှာတော့ အမျိုးသားက သူ့ အလုပ်ထဲက Hello Kitty Crazy တွေနဲ့ အတူတူ စုမှာပြီး ဝယ်ထားပေးပါတယ်...။ ဒီတော့ Collection တစ်စုံလုံး အပြည့်ဖြစ်ရလေအောင် နောက်ဆုံးအရုပ်ကိုလည်း ကျွန်မ တော်တော်လေး လိုချင်ပါတယ်။ သဘောကောင်းတဲ့ အမျိုးသားက အိမ်နားက ၂၄ နာရီဖွင့်တဲ့ ဆိုင်မှာ ဗုဒ္ဗဟူးနေ့ည ၁၂ နာရီမှာ လိုက်ဝယ်ပေးမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ အဲဒီညမှာ ညစာ စားသောက်ပြီး အေးအေးဆေးဆေးပေါ့… ည ၁၁ နာရီလောက်ကျ သွားလိုက်မယ်ပေါ့.. တန်းစီရလည်း ခဏပေါ့လို့ တွေးထားတုန်း… ည ကိုးနာရီ မထိုးခင်မှာ ဘဝတူတွေဆီက ဖုန်းဝင်လာပါတယ်။ ဆိုင်တွေမှာ တန်းစီနေတဲ့ လူတန်းတွေ အရှည်ကြီး ဖြစ်နေပြီတဲ့… ဝယ်မယ်ဆို မြန်မြန် သွားကြတော့တဲ့…။ ဘုရားရေ အခါ တစ်သိန်း တ ပြီး အိမ်နဲ့ တော်တော်လေး လှမ်းတဲ့… လူသွားလူလာ နည်းမယ်လို့ ထင်ရတဲ့ (ဆိုလိုတာက MRT ရထား ဘူတာနဲ့ ဝေးလို့ အလွယ်တကူ လူမလာနိုင်တဲ့) ဆိုင်ကို သွားပါတယ်…။ ကိုယ့်ကိုယ်ကိုယ်တော့ လည်လှပြီပေါ့…။

အဲဒီဆိုင်ရောက်တော့ ကားပါ့ကင် အဝင်မှာ တန်းစီနေရထဲက သိလိုက်ပြီ… အခြေအနေမကောင်းပါလားလို့…။ ကားရပ်ပြီး ဆိုင်နားသွားလိုက်တော့ ထင်ထားတာထက် ပိုဆိုးနေပါတယ်…။ ကိုယ့်ရှေ့မှာ ဘယ်အချိန်ထဲက စီနေမှန်းမသိတဲ့ လူ နှစ်ရာလောက် ရှိနေပါပြီ…။ ဒါနဲ့ ဟိုဟို ဒီဒီ ဖုန်းဆက်ကြည့်တော့ မိတ်ဆွေတွေက အိမ်နဲ့ နီးတဲ့ Park တခုမှာ ကားနဲ့ Drive Through ဝယ်ဖို့ အကြံပြုကြပါတယ်…။ ရရင် သူတို့အတွက်လည်း ပိုဝယ်ခဲ့ပါ… သူတို့ရနိုင်ရင်လည်း ကျွန်မအတွက် ပိုဝယ်လာခဲ့မယ်လို့ ညှိနှိုင်း သဘောတူကြပါတယ်။ အဲဒီအချိန်အထိ ကိုယ်တွေ တော်တော်လေး လည်လှပြီ လို့ တွေးနေမိတုန်းပါ…။

Park ထဲက ဆိုင်ကို သွားတော့ ဆိုင်နဲ့ အဝေးကြီးမှာထဲက ကားတွေ တန်းစီနေပါပြီ…။ ပြီးတော့ အဲဒီ ကားတန်းဟာ လုံးဝ မရွေ့ပါဘူး။ ကားနဲ့ ဝင်ဝယ်လို့ရရင် ကားနဲ့ဝယ်… ကျွန်မကတော့ လူတွေ အခြေအနေကြည့်မယ်ဆိုပြီး ကားပေါ်က ဆင်းလာခဲ့ပါတယ်။ တွေ့ပါပြီ… လူတွေ တန်းစီနေတဲ့နေရာ… ခုနက နေရာထက် နှစ်ဆ လောက် ပိုများပါတယ်။ ပြီးတော့ ရဲကားရော၊ လုံခြုံရေးကားတွေနဲ့ ယူနီဖေါင်းဝတ်လူတွေ လည်း ရောက်နေပါပြီ…။ ကားနဲ့ စီတဲ့သူတွေကိုလည်း တစ်နေရာမှာ ရဲကားနဲ့ ပိတ်ပြီး ဖြတ်ချထားပါတယ်… လုံးဝ အဝင်မခံ၊ အရှေ့ကို လည်း လုံးဝ ပေးမတိုးတော့ပါဘူး။

နာရီကြည့်တော့ ည ဆယ်နာရီတိတိပါ။ သေချာတာက နောက် နှစ်နာရီ ဒီနေရာမှာ တန်းစီနေရမယ်… Limited Edition ဆိုတော့ ရမယ် မရဘူးလည်း မသေချာ…။ ဒီတော့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပါတယ်။ ကျွန်မထက် စိတ်ရှည်တဲ့ အမျိုးသားက နောက်တစ်နေရာကို လိုက်ပို့ပြန်ပါတယ်…။ အဲဒီနေရာက ရုံးတွေနားဆိုတော့ ရုံးချိန်မဟုတ်ရင် လူနည်းလိမ့်မယ်လို့ သူ တွေးပုံရပါတယ်…။ အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲပါတယ်။ ကားတန်းရှည်တွေဟာ ဆိုင်ဝင်း အဝင်ဝရဲ့ ဘယ်ဖက်ကရော ညာဖက်ကပါ တန်းစီနေတာ မြင်မကောင်းပါပဲ…။ လူတန်းကြီးကလည်း တွန့်လိမ်ခွေခေါက်နေတာ အရှည်ကြီးမှ အရှည်ကြီးပါ။ လုံခြုံရေးတွေ ရဲတွေကလည်း ခုနနေရာကထက် ပိုများပါတယ်…။

ပတ်ဝန်းကျင်မှာ ကိုယ့်ထက် လည်တဲ့သူတွေ အများကြီး ရှိနေပါလားလို့ ကောင်းကောင်း သဘောပေါက်သွားပါပြီ။ ဒါနဲ့ပဲ ပြန်ကြပါစို့ လို့ ပြောပြီး ပြန်လာတာ…။ အိမ်နဲ့ အနီးဆုံး ဆိုင်နားအရောက်မှာ အပြင်က လှမ်းကြည့်တော့ လူသိပ်များပုံမရဘူး… တစ်ချက်ဝင်ကြည့်လိုက်လေ ဆိုလို့ ကျွန်မ ဆင်းကြည့်ပါတယ်။ လူတန်းရှည်ကြီးပဲ တွေ့ရပါတယ်။ တန်းစီနေတဲ့ လူတန်းရှည်ကြီးနောက်မှာ ကျွန်မ မယောင်မလည် ဝင်ရပ်တော့ အရှေ့ကပ်လျက်က တရုတ်လေးက နောက်ဆုံးအခြေအနေမှာ ဖြစ်သွားတဲ့ တိုကင်စနစ်အကြောင်း ရှင်းပြပါတယ်။ သူတို့က ရှိနေတဲ့ အရုပ် အရေအတွက်အရ တစ်ယောက်ကို အများဆုံး လေးခုပဲ ရောင်းနိုင်မယ် ဆိုပြီး ရှေ့ဆုံးက တန်းစီနေသူတွေက စပြီး တိုကင်တွေ ဝေလိုက်တယ်တဲ့…။ လူ တစ်ရာလောက်မှာ တိုကင်တွေ ကုန်သွားပါတယ် တဲ့။ ဒီတော့ တိုကင်ရတဲ့သူတွေသာ ဝယ်ခွင့်ရှိမှာပါ။ ပြီးတော့ တရုတ်ကလေးက ဆက်ပြောပါတယ်… No more token.. Hopeless.. တဲ့…။ သူ့ရဲ့ စိတ်ပျက်လက်ပျက်ပုံစံကို ရယ်ချင်နေတဲ့ ကျွန်မက ခေါင်းညိတ်ပြပြီး ဟုတ်ပါပြီ… ဒါဆို နင်ကရော ဘာလို့ တန်းစီနေတုန်းပဲလဲ ဆိုတော့ သူက Try my luck… ခပ်တိုးတိုး လို့ ပြန်ပြောပါတယ်။ ဝယ်လို့ မရနိုင်တော့ပါဘူး ဆိုတာတောင် မျှော်လင့်ချက်ကို မစွန့်လွှတ်ပဲ ဆက်ပြီး တန်းစီနေချင်တဲ့ သူပါလားရယ်လို့ လေးစားမိပါတယ်…။



နောက်တနေ့မနက် သတင်းစာထဲမှာ မျက်နှာဖုံးမှာ စာလုံး အမဲကြီးနဲ့ ပါလာတာလည်း Hello Kitty အကြောင်းပါပဲ….။ စီရင်း တန်းရင်း နေရာလုကြ ရန်တွေဖြစ် အော်ကြ ဟစ်ကြ နဲ့ ဗီဒီယိုတွေလည်း အင်တာနက်ပေါ် တက်လာပါတယ်။ အဲဒီညက အချိန်မီ တန်းမစီနိုင်လို့ မရခဲ့တဲ့ Singing Bone အကောင်လေးကို နောက်တနေ့မှာ အမျိုးသားက eBay က နေ ၄၅ ဒေါ်လာနဲ့ မှာပြီး ဝယ်ပေးပါတယ်။ ပုံမှန်ဈေးက တစ်ကောင်ကို လေးဒေါ်လာနဲ့ ပြား ခြောက်ဆယ်ပါ…။ ဘာပဲပြောပြော နောက်ဆုံးတော့ ကျွန်မမှာ Hello Kitty တစ်စုံစာ ရှိသွားပါတယ်။ မနေ့ကလည်း Despicable Me ရုပ်ရှင်ထဲက အရုပ်လေးတွေကို ကြိတ်ကြိတ်တိုး တန်းစီကြပြန်ပါသေးတယ်…။ အရုပ်မရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေသူတွေလည်း ဒုနဲ့ ဒေးပါ။

တကယ်တမ်း ကျွန်မ ပြောပြချင်တဲ့ တန်းစီခြင်းမှာ နေသားတကျ ဖြစ်နေသူများ နဲ့ သူတို့ရဲ့ တန်းစီပုံ တန်းစီနည်းက အဲဒီလိုပါ…။ ကြားရတာ အံ့အားသင့်စရာလည်း ကောင်း၊ ရယ်ချင်စရာလည်း ကောင်းမှန်း သိပေမဲ့ တခါတရံမှာ မသိမသာနဲ့ ကိုယ်တိုင်တောင် ရောနှော ပါဝင်သွားတတ်သေးတာမျိုး….


Tuesday, July 16, 2013

တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ

အပူပင် အကြောင့်ကြမဲ့စွာနဲ့ အေးအေးလူလူ ရှေ့ဆင့် နောက်ဆင့် တန်းစီနေကြတဲ့ လူတန်းရှည်ရှည်တွေကို တွေ့တိုင်း ကျွန်မစိတ်ထဲမှာ တစ်ခုခု အလိုမကျသလို ခံစားရစမြဲပါ။ တန်းစီနေကြတယ် ဆိုတဲ့နေရာမှာ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအတွက် မဖြစ်မနေ တန်းစီနေတဲ့သူတွေကို အသာ ဖယ်ထားပြီး အခု လတ်တလောမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု တွေ့နေ မြင်နေရတဲ့ လူတန်းရှည်တွေဟာ ဘာအတွက်များပါလဲ လို့ ကျွန်မ စပ်စပ်စုစု လေ့လာမိတယ်။ ကျွန်မကိုယ်တိုင်ကတော့ ကိုယ်ပိုင်အချိန်နည်းလွန်းသူ၊ စောင့်ဆိုင်းခြင်းကို အကြောင်းမဲ့ ပျင်းရိတတ်သူ ပီပီ တမျှော်တခေါ် တန်းစီယူမှ ရလာမဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ ဒါတင်မက အေးအေးလူလူ စီတန်းနေကြတဲ့သူတွေကို ကြည့်ပြီး သူတို့နှယ့် အချိန်တွေ ပိုနေရန်ကော လို့ မနာလိုဖြစ်မိလား… ဖြစ်မိပါရဲ့…။


ဒါပေမဲ့လည်း ကျွန်မရောက်နေတဲ့ ဒီကျွန်းပိစိလေးမှာက နေရာတကာမှာ တန်းစီကြရတယ်။ တန်းစီခြင်းဟာ နေ့စဉ်ဘ၀ထဲက အစိတ်အပိုင်းတစ်ခုလို့ ဆိုရမလောက်ကို နေရာတိုင်းမှာ တန်းစီကြရပါတယ်။ စည်းကမ်းရှိတယ် လို့ ပြောရင် ရသားပေါ့…။ ဘယ်လိုတွေ တန်းစီသလဲ ဆိုရင်တော့ ပြောမကုန်ပါပဲ…။ လှေခါးတက်ဖို့က စလို့ တန်းစီရတယ်။ ကားစီးဖို့လည်း တန်းစီရတယ်။ ကားငှားဖို့လည်း တန်းစီရတယ်၊ အစားစားဖို့လည်း တန်းစီရတယ်၊ ယုတ်စွအဆုံး အများသုံးအိမ်သာတွေမှာလည်း အခန်းအပြင်လျှံနေတဲ့အထိ တန်းစီပြီး စောင့်ရတတ်ပါတယ်။ ဘယ်လို ၀န်ဆောင်မှုကိစ္စမျိုးမဆို လူနည်းနည်း များလာတာနဲ့ အလိုလိုနေရင်း လူတန်းရှည်ကြီးတစ်ခုဖွဲ့လို့ စောင့်ဆိုင်းကြရတဲ့ အဖြစ်ပါ။ တချို့နေရာတွေမှာတော့ တိုကင်လေးတွေ ပေးထားတာမို့ ကိုယ့်အလှည့်မရောက်ခင်မှာ အဆင်ပြေတဲ့ တစ်နေရာမှာ သက်တောင့်သက်သာ ထိုင်စောင့်နေရတတ်တာမျိုးတွေလည်း ရှိပါသေးတယ်။

မနက်စောစော အခမဲ့ ဝေငှတဲ့ သတင်းစာတစ်စောင် ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာ အဝင်ဝမှာ တစ်ရှူးပေပါ အထုတ်ကလေးတွေ အခမဲ့ ဝေနေတာကို ရဖို့အတွက် တန်းစီရတယ်။ ရထားဘူတာနဲ့ မနီးမဝေးက ကုန်တိုက်တွေကို ပြေးဆွဲတဲ့ အခမဲ့ ဘတ်စ်ကားကြီးတွေ စီးရဖို့အတွက် တန်းစီရတယ်။ ဒါတွေက ကိုယ် အခမဲ့ ရဖို့ အတွက် စီရတာတွေမို့ အသာ ထားလိုက်ကြစို့…။ သူ့ထက် ဆိုးတာတွေက… ရိုးရိုး Food Center တွေမှာ စားစရာ တစ်ခုခု ဝယ်ဖို့အတွက် တန်းစီရတယ်။ စားစရာ ရပြီး ပြန်တော့ ထိုင်စားစရာ နေရာ တစ်နေရာစာလေး အတွက်လည်း တန်းစီ စောင့်ဆိုင်းရတယ်။ ဈေးကြီးကြီး ပေးစားရတဲ့ နာမည်ရ ဆိုင်မျိုးမှာတောင်မှ ဆိုင်အဝင်ဝက Wait to be Seated လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေး ရှေ့မှာ တန်းစီ စောင့်ဆိုင်းရပါသေးတယ်။ အဝတ်အစား ဝယ်မယ်ဆိုလည်း ကိုယ်နဲ့ သင့် မသင့်၊ တော် မတော် အရင် စမ်းဝတ်ကြည့်ဖို့လိုတယ် မဟုတ်လား… ဆိုတော့ အဲဒီလို အဝတ်လဲခန်းအတွက်လည်း တန်းစီရတယ်။ ဝတ်ကြည့်ပြီးလို့ နှစ်သက်လို့ ဝယ်မယ် တန်ရာတန်ဖိုး ပေးချေတော့မယ် ဆိုလည်း Cashier ရှေ့မှာ အဝတ်လေးတွေ ကိုယ်စီ ပိုက်လို့ တန်းစီကြရပြန်တယ်။ ဘယ်နေရာမှာမဆို တန်းစီစောင့်ဆိုင်းနေရတဲ့ အချိန်တွေဟာ ကျွန်မ အမုန်းဆုံး အချိန်တွေပါပဲ…။ ဒါကြောင့် အလွန်အမင်း မလွှဲသာ မရှောင်သာ အချိန်မျိုးကလွဲရင် တန်းစီရတဲ့ နေရာတွေကို ကျွန်မ ရှောင်လေ့ရှိပါတယ်။

အဲဒီလို တန်းစီနေကြသူတွေကို လေ့လာလိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို လိုအပ်လို့ စီကို စီမှ ဖြစ်မှာမို့လို့ တန်းစီကြရတာမျိုးနဲ့ သိပ် အရေးမပါတာတွေအတွက် (သို့မဟုတ်) တစ်ခုခုကို အခမဲ့ လိုချင်တာတွေ အတွက် အချိန်နဲ့ ငွေကြေးကို အလဲအလှယ်လုပ်လို့ တန်းစီတာမျိုးရယ်လို့ နှစ်မျိုး တွေ့ရပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလိက ဆန်တဲ့ ထင်မြင်ချက် သက်သက်ပါ။ အမှန်ကတော့ တန်းစီနေတဲ့သူတိုင်းမှာ ကျွန်မ သေသေချာချာ မသိနိုင်တဲ့ အရေးပါမှုတွေ ကိုယ်စီ ရှိနေကြမှာ မလွဲပါ။

တနေ့က အိမ်နားက ဈေးလေးကိုအသွား… ပိတ်ထားတဲ့ အလူမီနီယံတံခါးရှေ့မှာ စီတန်းနေတဲ့ လူတန်းရှည်တစ်ခုကို တွေ့ရတယ်။ ကြည့်လိုက်တော့ အသက်ကြီးကြီး အမျိုးသမီး အချို့နဲ့ အသက်ငယ်ငယ် အမျိုးသမီးတွေ အများဆုံးပါဝင်တယ်။ အချိန်ကတော့ မနက် ဆယ်နာရီနီးနီး...။ ဒါနဲ့ ကျွန်မ သူတို့အနား ကပ်သွားပြီး အခြေအနေကို အကဲခတ်မိတယ်။ သူတို့ စီနေတာ ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ မှာ ဆိုတော့ ဆိုင်နာမည်ကို မော့ကြည့်မိတယ်။ ဆိုင်နာမည်ကို တွေ့တော့ သိလိုက်တယ်၊ ဒါ ရွှေငွေ လက်ဝတ်လက်စားတွေ ရောင်းတဲ့ ဆိုင်ပဲ။ ဒီဆိုင်ရှေ့မှာ ဒီလို လူတန်းရှည်ကြီး စီနေတာ ဘာကြောင့်လဲ… တယောက်ကို ပုလဲ တစ်လုံး ဒါမှမဟုတ် စိန်တစ်လုံးစီ ပေးမှာ မို့လို့လား…။ မဖြစ်နိုင်လိုက်တာ…။ စပ်စုလက်စနဲ့ ဆိုင်တံခါးနားအထိ ကျွန်မ တိုးကပ်သွားမိတယ်။ အဲဒီမှာ တွေ့လိုက်ရတာက ဆိုင်ဖွင့်ဖွင့်ချင်း လာတန်းစီတဲ့သူ အယောက်ငါးဆယ်ကို ဈေးဝယ်အိတ် တစ်လုံးစီ လက်ဆောင်ပေးမယ်ဆိုတဲ့ ကြော်ငြာပဲ…။ ပြထားတဲ့ ဈေးဝယ်အိတ် ဆိုတာကလည်း ခပ်ညံ့ညံ့ ပလတ်စတစ်သား လက်ဆွဲ ဈေးဝယ်အိတ်လေးရယ်ပါ။ သူတို့ဆိုင်က ပစ္စည်းကို ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ လာတန်းစီရင်ကိုပဲ ဈေးဝယ်အိတ် တစ်လုံးစီ ရမယ် လို့ ကြော်ငြာထားတာ။ သူတို့ဆိုင်ကို လူတွေ ဂရုပြုမိအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလွဲရင် ဘာများ ရှိအုံးမှာပါလဲ။ ကျွန်မလို လူမျိုးတွေချည်းသာဆိုရင်တော့ အဲဒီဆိုင်ရှေ့ လူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ အခုတော့ တွန့်လိမ် ကွေ့ကောက်နေတဲ့ လူတန်ရှည်းကြီးဟာ အကြံပိုင်လှတဲ့ စီးပွားရေးသမားတို့ရဲ့ လှည့်ကွက်တစ်ခုထဲ အချိုးတကျ စီးမျောပါဝင်လို့..။

အဲဒီလို အဖြစ်မျိုးတွေ နေရာတိုင်း လက်ညှိုးထိုး မလွဲဘူး ဆိုတာ တဖြည်းဖြည်းနဲ့ သိလာရတယ်။ ဟိုတလောက အုံးအုံးကြွက်ကြွက် ဖြစ်သွားတဲ့ Mc Donald က Hello Kitty အရုပ်ကလေးတွေရဖို့ တန်းစီရင်းမှာ ကြားဖြတ်ကြ၊ နေရာလုကြနဲ့ ရဲကားတွေ၊ လုံခြုံရေးတွေ ရောက်လာတဲ့အထိ ဖြစ်သွားတဲ့ အကြောင်းကလည်း သတင်းစာထဲမှာ စာလုံးအမဲတွေနဲ့ အထင်အရှား နေရာယူ လို့…။

တခါကတော့ တန်းစီတာနဲ့ ပတ်သက်လို့ ရယ်စရာကောင်းတဲ့ အဖြစ်တစ်ခု ကျွန်မ ကြုံခဲ့ဖူးတယ်။ အောချတ်ရဲ့ စနေနေ့ ညနေစောင်း ငါးနာရီဟာ လင်းလက်တဲ့ နေရောင်တွေအောက်မှာ လှပစွာ စည်ကားနေခဲ့တယ်။ ဟိုငေး ဒီငေးနဲ့ လမ်းလျှောက်လာရင်း တစ်နေရာ အရောက်မှာ ပလက်ဖေါင်းတလျောက် စီတန်းနေတဲ့ လူတွေကိုကြည့်ပြီး စိတ်ထဲ ဘာများ ပါလိမ့်ပေါ့။ သူတို့ ဦးတည်နေတဲ့ နေရာတလျောက်လုံးမှာက နာမည်ကြီး ကုန်တိုက်တွေချည်းပဲ…။ ဒီတော့ ဘယ်နေရာမှာ ဘာတွေများ ဈေးလျှော့နေတာလဲ လို့ မိန်းမပီပီ ကျွန်မ တွေးမိတယ်။ အဲဒီနေ့က ကိုယ်တိုင်ကလည်း ဈေးဝယ်ချင်လို့ လာတဲ့သူဆိုတော့ လျှော့ဈေးလေး ဘာလေးများ ရှိရင် ဆိုတဲ့ စပ်စုချင်စိတ်၊ သက်သာချင်စိတ်ကလေး တပိုင်းတစကလည်း ပါဝင်နေသေးသပေါ့။

အဲဒီလိုနဲ့ အစရှာမရတဲ့ လူတန်းကြီးနား ကျွန်မ အသာ တိုးကပ်သွားရင်း အေးစက်စက် မျက်နှာနဲ့ အမျိုးသမီးတွေ ကြားထဲမှာ အနည်းငယ်လေး ဖေါ်ရွေမယ် (သို့မဟုတ်) ကျွန်မ မေးတာလေးကို အရေးတယူ ပြန်ဖြေပေးနိုင်မယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်အနားကို ချဉ်းကပ်သွားမိပါတယ်။ ဘာကို တန်းစီနေကြတာလဲ လို့ မေးခွန်းထုတ်လိုက်တော့ သူလည်း မသိပါဘူးတဲ့ ရှေ့မှာ လူတွေ တန်းစီနေတာ တွေ့တာနဲ့ တခုခုတော့ ထူးခြားလို့သာ စီနေတာ ဖြစ်ရမယ်လို့ ယူဆတဲ့ အတွက်ကြောင့် သူလည်း တွေ့တဲ့နေရာကနေ ၀င်စီနေလိုက်တာပါတဲ့…။ ဘုရားရေ… တန်းစီခြင်းမှာ သက်တောင့်သက်သာ ပျော်မွေ့နေသူမျိုးလည်း လောကမှာ ရှိပါသေးလား လို့ ရယ်ချင်စိတ်တ၀က်နဲ့ ကျေးဇူးတင်စကား ဆိုပြီး ကျွန်မ ပြန်လှည့်လာခဲ့ပါတယ်။ နောက်မှ ပြန်သိရတာကတော့ အဲဒီနေ့က တန်းစီတဲ့သူတွေဟာ Road Show တခုမှာ စီနေကြတာ ဖြစ်ပြီး တစ်ယောက်ကို ခေါက်ထီး တစ်ချောင်းစီ ရခဲ့ပါတယ် တဲ့…။

အမှန်ဆိုရရင် တန်းစီခြင်းဟာ စောင့်ဆိုင်းခြင်းပါပဲ… ပြီးတော့ ဒါဟာလည်း ဒီခေတ် ဒီအချိန်မှာ ရှိသင့်တဲ့၊ ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကိုယ့်အလှည့်ကို ရောက်ဖို့အတွက် နေရာလုရ တိုးရ ကြိတ်ရတာမျိုး မရှိပဲ အိနြေ္ဒရရနဲ့ စီတန်း စောင့်ဆိုင်းနိုင်တာမို့ လက်ခံသင့်၊ ကြိုဆိုသင့်တဲ့ စနစ်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကို ကျွန်မ စိတ်မရှည်နိုင်သရွေ့ကတော့ မဖြစ်မနေ တန်းစီမှရမဲ့ အရေးကိစ္စတွေမှာ သေချာပေါက် ဒုက္ခတွေ ရောက်နေအုံးမှာပါပဲ…။ အကြောင်းအကျိုး ညီညွတ်တဲ့ တန်းစီခြင်းမျိုးမှာ အကျွမ်းတ၀င်၊ ပြီးတော့ နေသားတကျဖြစ်လာဖို့ကိုတော့ ကျွန်မ တဖြည်းဖြည်းချင်း ကြိုးစားနေဆဲပါ…။



စာကြွင်း - စာဖတ်သူ မိတ်ဆွေတို့ရော… တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်ကြပါသလား… တန်းစီတာနဲ့ ပတ်သက်လို့ အကောင်း အဆိုး ဘာတွေများ အတွေ့အကြုံ ရှိကြပါသလဲ… ဘယ်လို အတွေးမျိုးတွေ တွေးမိကြပါသလဲ… ပြီးတော့ တစ်နေရာမှာ ဆယ့်ငါးမိနစ်ကျော် တန်းစီစောင့်ဆိုင်းခဲ့ဖူးတာ ဘယ်တုန်းက နောက်ဆုံးလဲ ဆိုတာရော မှတ်မိကြပါသလား ဆိုတာလေးတွေ သိချင်မိပါတယ်… ပိုစ့်တခု အနေနဲ့ ရေးဖြစ်ရင်လည်း ဖတ်ချင်ပါတယ်… မှတ်ချက်မှာလည်း ရေးထားခဲ့လို့ ရပါတယ်နော်…

မှတ်ချက် - 2013 September - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။