ချစ်ညီမငယ် ပန်ဒိုရာ ဆီက Tag ပါ…
ကမ္ဘာပျက်ခါနီး တစ်လလောက်အလို တဲ့…။ ပိုးဟပ်လို အကောင်ပိစိကိုတောင် သေမတတ် ကြောက်ရွံ့တတ်တဲ့ ကိုယ့်ကို ကမ္ဘာကြီးနဲ့ ချီပြီး ကမ္ဘာပျက်ခါနီး တလအလိုမှာ ဘယ်လိုနေမလဲ ဘယ်လိုခံစားရမလဲ ဆိုတဲ့ အတွေးတွေ တွေးခိုင်းတာ… ပန်ပန်နော်… တော်တော်ဆိုး…။
အမှန်ပြောရရင် ကိုယ်က အင်းဆက်တွေကို ကြောက်တာပါ။ သေးသေးမွှားမွှား ပိုးကောင်တွေ ဖြစ်တဲ့ ပုရစ်တို့၊ ပုရွက်ဆိတ်တို့၊ အိမ်မြှောင်တို့၊ ပင့်ကူတို့ ၊ ပိုးဟပ်တို့ကိုသာ အသေကြောက်တတ်တာ… မကြောက်ချင်တဲ့ ကိစ္စမျိုးကျတော့ နဲနဲမှ မကြောက်တတ်အောင် သတ္တိတွေက သူ့အလိုလို ကောင်းနေကြပြန်ရော…
ကဲ… ဘာပဲဖြစ်ဖြစ် အခုတော့ ကမ္ဘာကြီး ပျက်တော့မယ်တဲ့… တလပဲ လိုတော့တယ်တဲ့… ဘယ်လိုနေမလဲ စဉ်းစားကြည့်ရအောင်…
(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...
အမှန်အတိုင်းက တယောက်တည်းပဲ ရှိနေချင်တယ်။ ကိုယ်ချစ်တဲ့သူတွေကို၊ အထူးသဖြင့်တော့ အလွန်ကြောက်တတ်တဲ့ ကိုယ့်ရဲ့မေမေကို အခါများစွာကလိုပဲ “အို… မေမေကလဲ… မကြောက်ပါနဲ့… ဘာမှမဖြစ်ပါဘူး…” လို့ ကြံဖန် ဟန်ဆောင်ပြီး နှစ်သိမ့်မနေချင်သလို ကိုယ့်ကို အဲဒီလို လာနှစ်သိမ့်နေမယ့်သူတွေနဲ့လဲ ရှိမနေချင်ဘူး။ ပြောနေကြတဲ့ အတိုင်းဆို ကမ္ဘာကြီးက တကယ်ပျက်တော့မှာလေ…
(၂) ဘာတွေ ခံစားနေရမလဲ...
ရင်ထဲမှာတော့ အတော်ကို စူးစူးဝါးဝါး ကြောက်ရွံ့တုန်လှုပ်နေမှာပါ။ ဒါပေမယ့် အပြင်ပန်းမှာတော့ ကိုယ့်ကို အစဉ် အားကိုးနေတတ်တဲ့ သူတွေ ရှေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးလို့ ရယ်လို့ ဘာမှ မဖြစ်ချင်ယောင်လေး ဆောင်နေမှာပေါ့။ ဟန်ဆောင်ရတယ် ဆိုတော့ တကယ် ပင်ပန်းနေမှာပါလေ…
(၃) ဘာတွေ ပြင်ဆင်ထားမလဲ…
တရားသဘောအရဆို မသေခင်မှာ ကောင်းမှု ကုသိုလ်တွေ ဘာတွေ လုပ်ရင်တော့ နောက်ဘဝအတွက် ဘဝကူး ကောင်းမှာပေါ့… ဒါပေမယ့် ခက်တာက ဒီလောက် ကျဉ်းထဲ ကြပ်ထဲ ရောက်နေတဲ့ အချိန်ကြီးမှာ ကိုယ်ဆိုတဲ့ ကိုယ်က စိတ်ပေါက်ပေါက်နဲ့ “အားလုံး သေသွား… အေးတာပဲဟာ…” လို့ တွေးချင် တွေးနေမိမှာ… ဒီတော့ ဒီအချိန် တလလေးအတွင်းမှာတော့ ပြင်ဆင်မှုဆိုတာ လုပ်ဖြစ်မယ် မထင်…။ တကယ်လို့များ ကိုယ်ရဲ့ ချစ်သူ ခင်သူတွေ မသေပဲ အသက်ရှင်ကျန်ရစ်မယ် ဆိုရင်တော့ သူတို့ အတွက် ဘာတွေများ ပြင်ဆင်ထားခဲ့ပေးရမလဲ စဉ်းစားမိမယ် ထင်ရဲ့…
(၄) ၀မ်းနည်းမိမှာက…
ပြောရမယ်ဆို ကမ္ဘာပျက်မယ့် ၂၀၁၂ မှာ ကိုယ့်အသက်က သိပ်အကြီးကြီး မဟုတ်သေးဘူး၊ နေမယ်ဆိုရင် အသက်ရှင် နေထိုင်လို့ ကောင်းကောင်းရသေးတဲ့ အရွယ်၊ လောကကြီးမှာ ရတောင့်ရခဲ လူ့ဘဝတခု ဒီလောက် အချိန်စောစောနဲ့ အဆုံးသတ် နိဂုံးချုပ် သွားမယ် ဆိုတော့ နဲနဲတော့ နှမြောတသ ဝမ်းနည်းနေမိမယ် ထင်ရဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်ပြီး အတ္တတွေလဲ သိပ်ကြီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ မဟုတ်လား…
(၅) ကြောက်လန့်မိတာက...
ကိုယ် ဘယ်လိုနည်းနဲ့ အသက်ဇီဝိန် ချုပ်ငြိမ်းသွားမှာလဲ ကြိုမသိနိုင်တာကို ကြောက်တယ်…။ ဝုန်းဒိုင်းဆို တခုခုကြီး ကိုယ့်ပေါ် ပိကျလာပြီး သေရမှာလား… တဟုန်းဟုန်းနဲ့ တောက်လောင်နေတဲ့ မီးတောက် ပူပူတွေကြားထဲမှာ သေရမှာလား… ဆူနာမီလို ရေတွေ လှိုင်းတွေကြားထဲ ရေမွန်းပြီး သေရမှာလား… Titanic ထဲကလို ရေတွေ တဖြည်းဖြည်းခဲပြီး သေသွားရမှာလား… ဘယ်လိုပဲသေသေ သေရမယ်ဆိုရင်လဲ အချိန်တိုတိုအတွင်းမှာ တခါတည်းသာ သေသွားလိုက်ချင်တယ်။ ကယ်ရာ ကူရာမယ့် မသေမရှင်နဲ့ ဝေဒနာကြီး ခံစားနေရမှာကိုတော့ အရမ်းကြောက်တယ်…
(၆) ဆောင်ထားချင်တာ...
ဘာမှမရှိပါဘူး… သေသွားတဲ့နောက် ဘာမှမှ ယူသွားလို့ မရတာလေ…။
(၇) ဘာတွေ ရေးမိမလဲ…
ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားဆောက်တည်ရင်း တနေ့တာ တွေ့ကြုံ ဖြစ်ပျက်ခဲ့သမျှ၊ တနေ့တာ မြင်တွေ့ခဲ့သမျှတွေကို မှတ်တမ်းတခုလို ဒိုင်ယာရီလိုများ ရေးနေမိမလားမသိဘူး… သိပ်တော့ မသေချာပါဘူး။ အဲဒီလို အချိန်ကြီးမှာ အေးရာ အေးကြောင်း စာထိုင်ရေးနေနိုင်ဖို့ ဆိုတာ တကယ်တော့ ဘယ်လွယ်ပါ့မလဲ…
(ဂ) တွေးမိတွေးရာ အတွေး…
နီးလာပြီ… တရက်ထက် တရက် ပိုပိုနီးလာပြီ… သေရတော့မယ်တဲ့… သေရတော့မယ်တဲ့… လူတွေတင် သေမှာလား… ကောင်းကင်မှာ ပျံဝဲနေကြတဲ့ အတောင်ပံပါတဲ့ သတ္တဝါလေးတွေရော သေနိုင်လား… လေထဲမှာ နေနေတာပဲ… သူတို့က မလွတ်နိုင်ဘူးလား… ကိုယ်ချစ်တဲ့ တိမ်တွေထဲမှာ သွားပုန်းနေရင် လွတ်နိုင်မလား… ဟာ… တိမ်တွေထဲမှာ အစာရေစာ မရှိပဲ ဘယ်နှစ်ရက် နေနိုင်မှာလဲ… သွားပြီ… ကယောင်ခြောက်ခြားတွေ ဖြစ်ကုန်ပြီ… အား….
(၉) ဂုဏ်ယူချင်တာက…
၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ သိသိကြီးနဲ့ တုန်လှုပ်ခြင်း နဲနဲပါးပါးနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ ကိုယ်တို့ လူသားတွေရဲ့ စောင့်ဆိုင်းနိုင်မှု အစွမ်းက တကယ့်ကို ဂုဏ်ယူစရာပါ။ (နှစ်ပေါင်း နှစ်ဆယ်ကျော် ဇွဲနပဲနဲ့ စောင့်နေခဲ့ကြရတဲ့ ကိုယ်တို့ လူမျိုးတွေအတွက်ကတော့ ဒီ အချိန် တလလောက်က ဘာများကြာတာလိုက်လို့.. နော့လေ… အေးဆေးပဲ…)
(၁၀) ရှာကြံဖြေသိမ့်မိတာက…
အသက်ရှင်နေထိုင်ခဲ့ရတဲ့ အချိန်တွေမှာ ကိုယ့်အတွက်ကြောင့် သူများတွေ စိတ်မညစ်ခဲ့ရဘူး၊ သူများတွေကို စိတ်ဆင်းရဲအောင် ကိုယ် မလုပ်ခဲ့ဖူးဘူး၊ မိဘ ညီအကို မောင်နှမ၊ ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း နဲ့ ကိုယ့်အပေါင်းအသင်းတွေ အတွက် ကိုယ် တတ်စွမ်းသလောက်တော့ ကြိုးစားခဲ့ပြီးပြီပဲ…။ ကျေနပ်ရမှာပေါ့…
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
ငါသည် မုချသေရမည်။

* * * * *
ဒါတွေကတော့ ကမ္ဘာပျက်ခါနီး တလလောက်အလိုမှာ ဖြစ်နိုင်ချေရှိတာတွေကို တွေးကြည့်ထားတာပါ။ အမှန်ကတော့ အဲဒီလိုအချိန်မှာ အခုရေးထားသလို တွေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သေပြေး ရှင်ပြေး၊ ကျီးလန့် စာစား၊ ခြောက်ခြား ထိတ်လန့် တုန်လှုပ်မှုပေါင်း များစွာနဲ့ အတူ သေရမယ့်နေ့ကို လက်ရေချိုးပြီး စောင့်ဆိုင်းနေရသူတွေရဲ့ ခံစားချက်မျိုးကို ထပ်တူရဖို့ ကိုယ် မတတ်နိုင်တာကြောင့် တွေးလို့ရသလောက်ပဲ ရေးလိုက်ပါတယ်…။
ကိုအောင်သာငယ် ကလဲ Tag ပါတယ်... တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... တဲ့... ခေါင်းစဉ်က နဲနဲကွဲနေပေမယ့် အကြောင်းအရာတွေကာ အားလုံး အတူတူပဲမို့ ကိုအောင်သာငယ် Tag တာလဲ တခါတည်း ရေးပြီးသား ဖြစ်သွားပါတယ်။
ဆက်ပြီး အစဉ်အလာမပျက် ဆက် Tag ချင်သူများကတော့ ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ တန်ခူး ၊ တီတီဆွိ ၊ မသီတာ ၊ သိင်္ဂီ ၊ စုချစ်သူ နဲ့ သင်းနွယ်ဇင် တို့ကိုပါ။ ညီမလေး စူး (မိုမိဂျိ) ကတော့ အဆစ်ပေါ့…။ တွေးပေး ရေးပေးကြပါအုံး…။

အဲ.. အတည်ပေါက်ကြီးဆိုတော့ ဘယ်လို မန့်ရပါ့။ အဲလို မလုပ်နဲ့လေ.. ဒီက ဟန်လုပ်နေရတာ.. ကျောချမ်းလာဘီ။
ReplyDeleteဟောဗျာ.. ငါသည် မုချသေရမည်တဲ့.. နည်းနည်းလွဲနေသလိုပဲနော်...အဟီး။
ReplyDeleteyu ya
တကယ်ကြီးလား ၂ဝ၁၂ ကိစ္စက။
ReplyDeleteအကြွေးတွေ တကယ် လိုက်တောင်းထားတော့မယ်။
:D
လူသန်းခြောက်ထောင်ကျော် သေရမယ့်ဘေးဆိုတော့ ကပ်ကတစ်ခုတည်းတော့မဖြစ်နိုင်ဘူးထင်တယ်..။
ReplyDeleteတချို့နေရာတွေမှာေ၇တွေကြီး တချို့နေရာတွေမှာ မုန်တိုင်းတွေ တချို့နေရာတွေမှာ ငလျင်တွေလှုပ် တချို့နေရာတွေမှာ မီးတွေလောင်...အောင်မငီး လျှောက်ရေးရင်း လန့်လာပြီ..:P
အတွေးတွေတော်တော်များများတူတယ်..။ အေးလေ..နော့ ။ အေးဆေးပဲ ။ ( ကျောချမ်းလာပြီ အဟီးးးးးးး )
ReplyDeleteကိုအောင်သာငယ် တဂ်လို့ ရေးပြီးပြီရှင့်...
ReplyDeleteသက်ဝေကတော့လေ တကယ်ရီရတယ်...ကမ္ဘာကြီးပျက်မဲ့အချိန် သူ့အသက်က အကြီးကြီးမဟုတ်သေးဘူး တဲ့...။
အောက်ဆုံး ဆက်တဂ်တော့မှ ပေါ်တာ...
ချစ်သူငယ်ချင်း မသီတာလို့ ရေးလိုက်မှတော့...
(ဒီက ဖော်ကောင်ကြီးက မနေ့တနေ့ကတင် လေးဆယ်ဘူတာရောက်ကြောင်း ကျေငြာမောင်းခတ်ထားတာလေ...)
သင်းနွယ်ဇင်တို့ သိင်္ဂီတို့များ ပေါ်မှာစိုးလို့ ဘတ်ဒေးဝှစ်ရှ်လေးတောင် လာမလုပ်ဘူး သိလား...
ဟူး မောလိုက်တာ
ကမ္ဘာမပျက်မီ အပြေးအလွှား အတင်းလာပြောရတာ
အမရေးထားတာတွေ ဖတ်ပြီး ကျနော်သာဆို အဲဒီလောက် မတည်ငြိမ်လောက်ဘူးလို့ ကိုယ့်ကိုကိုယ်တွေးမိတယ်..
ReplyDeleteဟိုတလောက 9/11 နဲ့ ပတ်သက်ပြီး TV မှာ documentary လိုမျိုး ကြည့်လိုက်ရတယ်.. တချို့တွေ 9//11 မှာ သူတို့ မကြာခင်မှာ သေတော့မယ်ဆိုတာ သိတော့ အဖေက အိမ်ကို ဖုန်းဆက်ပြီး သမီးငယ်ငယ်လေး အတွက် မွေးနေ့သီချင်းဆိုပေးတာမျိုးတွေ၊ သားက သူ့ အမေဆီ ဖုန်းဆက်ပြီး နှုတ်ဆက်စကားပြောတာမျိုးတွေ၊ လက်ထက်ပြီးသိပ်မကြာသေးတဲ့ လင်မယားကလည်း ဖုန်းဆက်ရင်း နှုတ်ဆက်နေတာမျိုးတွေ ပြန်ပြတာ ကြည့်ရတော့ စိတ်ထဲတမျိုးပဲ အမ.. သေရမယ်ဆိုတာ သေချာသိနေတော့ ရသမျှ အချိန်လေးမှာ အကောင်းဆုံး ရင်ဆိုင်သွားနိုင်တာကို လေးစားရမလိုပဲ.. ဘယ်လိုပဲဖြစ်ဖြစ် သေရမှာကြိုသိရမယ်ဆိုရင်တော့ တတ်နိုင်သလောက် မိသားစုအတွက်ရော ကိုယ့်အတွက်ရော အကောင်းဆုံးပြင်ဆင်ပြီး လောကကြီးထဲကနေ ထွက်သွားချင်ပါတယ်.. သေရမှာကို မသိပဲ သေသွားမှာပဲ ကြောက်မိတယ်..
ဘာပြောရမှန်းမသိဘူး....
ReplyDeleteအခုတော့ အသက်ရှုပ်သွားပြီ.......
ကျွန်မတော့ ဘာမှ လုပ်ဖြစ်မှာမဟုတ်ဘူး အဲဒီ ဂြိုလ်က အခုဘယ်လောက် နီးလာပြီ၊ ဘယ်အချိန်မှာ ကမ္ဘာရဲ့ ဘယ်အပိုင်းနဲ့ စတိုက်ပြီး ကမ္ဘကြီးက ဘယ်လို ၀င်ရိုးပြောင်းသွားမယ်၊ ဘယ်အပိုင်းမှာ မီးစလောင်ပြီး ဘယ်အပိုင်းမှာတော့ ရေလွှမ်းမယ် နောက်ဆုံးကျန်တာက ဘယ်အပိုင်းဖြစ်လိမ့်တယ် ဆိုတာ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့တွေက တင်ဆက်နေနိုင်တဲ့ live show ပြတဲ့ အင်တာနက်ပဲ နေ့တိုင်း ထိုင်ကြည့်နေမယ်။ တလပဲ လိုတော့တယ်ဆိုတော့ မသေခင် တလတော့ အလုပ်မလုပ်တော့ဘူး။ တလစာ အစားအသောက် ကြိုဝယ်ပြီး ဒီလိုပဲ ထိုင်စောင့်တော့မယ်။
ReplyDeleteပန်ပန်က ဦးသွားသကိုး...
ReplyDeleteအကိုလည်း tag ထားတာ နောက်ကျ သွားပါပကော...း(
အတည်ပေါက်ကြီးတော့ မစောင့်နေနဲ့နော... တော်ကြာ ဒေါက်တာကိုကို စိတ်ညစ်နေရဦးမယ်...း)
ဆောရီး သက်ဝေရေ ခုနက မှတ်ချက်က အစ်မမှတ်ချက်ပါ။ အမျိုးသားက သူ့ Account ကို log off မလုပ်သွားလို့ မှားဝင်သွားတယ်။
ReplyDeleteCool....but u can change later,..."every thing is changing,,, or can B change with time..situation..treatment of people or enviromental." :'P
ReplyDelete4 me is oftenly I met that... my world is almost ,run away from me....so...if I knew the world is flee away from me B4 I leave him...I'll stop working & try 2 get back Human life...in short time.. :)
Most of the people lost their human life...until the day they die :) I love ur post &...
ချစ်တဲ့သက်ဝေ... ဟိုတနေ့  ကပဲ အိမ်က ယောင်္ကျားကို ပြောနေတာ… ၂၀၁၂ ကမ္ဘာပျက်မယ့်အတူတူ မြန်မာပြည်ပြန်နေရအောင်လို့ … သူက တို့ ငယ်ငယ်တုန်းကလဲ တခါ အဲလိုတွေ အသဲအသန်ဖြစ်ခဲ့ဘူးတာပဲ… ဘယ်မှာဖြစ်လို့ လဲတဲ့… သူပြောတဲ့အတိုင်း ဖြစ်မှာပါလေဆို မေ့ထားလိုက်တဲ့ topic… သက်ဝေက တက်ဂ်တော့ ရေးရမှာပေါ့… လေနုအေးရဲ့ themeနဲ့ လွဲနေလို့  ခေါင်းစဉ်လေး နဲနဲပြင်ပါရစေ… ကမ္ဘာကြီးကျန်းမာစေဖို့ လို့ … မကောင်းဘူးလား….
ReplyDelete၂၀၁၂ခုနှစ်မှာ တကယ်ဘဲ ကမ္ဘာပျက်မှာလား
ReplyDeletei ll write later.
ReplyDeleteတကယ်ဖြစ်မှာလား ဆိုတဲ့ အတွေးမျိုး တွေးဖို့တောင် ကြောက်တယ်..။
ReplyDeleteအဲလိုလား..သူများတွေ ဘာလုပ်နေမလဲ နည်းနာလာယူသွားပါတယ်.. အင်တာနက်က ပြုတ်ကျကျနေလို့ ဘလော့ဂ်တွေနဲ့ နှစ်ရက်လောက် ဝေးသွားတာနဲ့ ရောက်လာတာ နောက်ကျသွားတယ်..သက်ဝေ ရေးခိုင်းလို့ စောင့်ဆိုင်းကြည့်လိုက်ဦးမယ်...:)
ReplyDeleteကွန်ပျူတာရှေ့မရောက်တာ တပါတ်လောက်လို့ရှိလို့ပါ အပေါ်က သူငယ်ချင်းကြီးရေ.. (သူများတွေရောက်တာ ဖြင့်ကြာလှပြီ သူကအခုမှရောက်ပြီး... ဟင့်။)
ReplyDeleteသတိတယTag လို့ကျေးဇူးနော် သက်ဝေ..
ကလေးတွေစာမေးပွဲပြီးရင် ကြိုးစားပြီးရေးပေးမယ်။း)
အင်တာနက်နဲ့ ပြတ်နေလို့ မန့်ရမှာ နောက်တောင်ကျနေပြီ မသိလိုက်ဘဲ သေသွားရရင်တော့ အကောင်းဆုံးပဲလို့ ထင်တယ် အမသက်ဝေ မခံစားရတော့ဘူးပေါ့
ReplyDeleteမမရေ.. ၂၀၁၂ မှာ ကမ္ဘာကြီးတကယ်မပျက်ပါဘူးတဲ့.
ReplyDeleteမီးဆီ ဖောဝပ်မေးလ်ရောက်လာတာပဲ. အဟဲ
သိဘူး.. ဖြစ်ချင်တာသာဖြစ်ပေတော့..
ဖြစ်ချိန်တန်ဖြစ် ၊ပျက်ချိန်တန်ပျက်ပေါ့နော်.အဲထက်စော
သေရင်တောင်သေနိုင်ကြသေးတာပဲလေ..
မီးလည်းရေးရဦးမယ် ဒီတက်ဂ်ပို့စ်လေး.. ပညာလာယူသွားပါတယ် မမသက်ဝေ။
မွေးနေ့ဆုတောင်းလေးအတွက်ကျေးဇူးတင်ပါတယ်ရှင်။
မမရဲ့မေမေလားမသိဘူး မီးနဲ့မွေးနေ့တူတာ.း)
ပျော်ရွှင်ပါစေ မမ.
ဝါ၀ါခိုင်မင်း
ကမ္ဘာပျက်ရင်ကြောက်နေမလားလို့ လာကြည့်တာ။
ReplyDeleteမကြောက်ဘူးပဲ၊ အမက။
အင်း... စိတ်ကူးကြည့်ရမှာတော့ အခက်သားပဲ။