Tuesday, April 29, 2008

လွမ်းတဲ့စိတ်

အလွမ်း တဲ့…
လူတိုင်းလူတိုင်းဘဲ အကြောင်းအမျိုးမျိုးနဲ့ လွမ်းဖူးကြမှာပါ။ လွမ်းတယ် ဆိုတဲ့နေရာမှာ သက်ရှိလူသားတွေ အချင်းချင်း တစ်ဦးကိုတစ်ဦး လွမ်းကြတာတွေတင်မက သက်မဲ့တွေဖြစ်တဲ့ အ၀တ်အထည်၊ အစားအသောက်၊ အသုံးအဆောင် ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ကုန်လွန်သွားခဲ့တဲ့ အချိန်ကာလတွေ၊ ကြုံတွေ့ ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ကိုလဲ သူ့ နည်းသူ့ ဟန်နဲ့  အမျိုးမျိုး အဖုံဖုံ လွမ်းဆွတ် တမ်းတ တတ်ကြပြန်ပါတယ်။
အခုလောလောဆယ်မှာ…
သက်ဝေတစ်ယောက် ဘာတွေကိုများ လွမ်းနေပါသလဲ လို့ မေးလာခဲ့သည်ရှိသော်….


အလွမ်းဆုံးကတော့…

- အဝေးတစ်နေရာက အချစ်ဆုံး (အချစ်ဆုံး) သူငယ်ချင်းလေး တစ်ယောက်
(တစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ် နားလည်မှု အယူအဆ အစစ အရာရာမှာ ညီမျှကြတာရယ်၊ ဘယ်လို ကိစ္စ အကြောင်းကြီးငယ်မဆို ယုံကြည်စိတ်ချစွာ ဖွင့်ဟ တိုင်ပင်ဖေါ် တိုင်ပင်ဖက်…)


- Inner Circle တွေ လို့  အားလုံး လက်ခံထားကြတဲ့ သူငယ်ချင်း တစ်စု
(ဟိုးအရင် အချိန်တွေတုံးက တစ်အုပ်စုလုံး အတူစား အတူသွား စာတွေအတူကျက် အတူတူစုအိပ် စကားတွေ တတွတ်တွတ်ပြော မမောနိုင် မပန်းနိုင်…)

နောက်ထပ် လွမ်းစရာတစ်ချို့ ကတော့…
- မိုးလေးတဖွဲဖွဲကျနေတဲ့ ညနေခင်းလေးတွေမှာ ထိုင်နေကျ ယုဇန ဂါးဒင်း ဟိုတယ်လ် က ကော်ဖီခပ်ကျဲကျဲလေး နဲ့  ဘဲခြေထောက်သုပ်
(အဲဒီ ကော်ဖီကျဲလေးဟာ ဒီက Starbucks တို့  ၊ Coffee Bean တို့ ၊ TCC တို့ က ကော်ဖီတွေထက် အရသာ ပိုမကောင်းလှတာ မှန်ပေမယ့်…)

- တရုတ်တန်း လမ်းဘေးက ထိုင်ခုံ ပုပုလေးတွေနဲ့ ထိုင်စားရတဲ့ ၀က်သားတုတ်ထိုး
(အချဉ်ရည် နီနီတွေက ဆိုးဆေးတွေပါတယ် တဲ့… ကျန်းမာရေးနဲ့ မညီညွတ်ဖူး တဲ့… သို့ သော်… သို့ သော် ပေါ့လေ…)

- ၁၂ လမ်းထိပ်က မောင်မြင့် ဆိုင်က မှို ကန်စွန်း နဲ့  ၀က်သားလိပ်
(တစ်ခါတုံးက ဒီကသူငယ်ချင်းတွေနဲ့ စကားစပ်ရင်း ရန်ကုန်က မောင်မြင့်ကို လွမ်းလိုက်တာ လို့ ပြောမိတော့ သူတို့ က ပြူးပြူးပြာပြာနဲ့  မေးကြတယ်။ ရန်ကုန်က ပြန်တုံးက ရလာတဲ့ Boy Friend လားတဲ့…)

- ကောင်းကောင်း က မာလာဟင်း နဲ့  ငါးကင်
(ဘယ်လိုမှ ချက်လို့ မတတ်တဲ့ ဟင်းထဲမှာ အဲဒီ မာလာဟင်းက ထိပ်ဆုံးက…)

- Blazon, City Mart နဲ့  စိန်ဂေဟာ အစရှိတဲ့ Super Market လေးတွေ
(ဒီမှာရှိတဲ့ အလွန်တရာ ခန်းနား လှပကျယ်ဝန်း လှတဲ့ ဆိုင်ကြီးတွေနဲ့ မယှဉ်သာ သော်ငြားလဲ တူညီဝတ်စုံလေးတွေနဲ့ ဖေါ်ရွေတဲ့ အပြုံးလေးတွေ ကတော့…)

ဆက်ရေးရရင်တော့ ကုန်နိုင်ဖွယ် မရှိ…။
ဒါတွေအားလုံးဟာ အခုလောလောဆယ် အတွက်သာ…
ကျန်တာတွေက အများကြီးရှိနေသေး…။ ဆက်ရေးဖို့ ရာ ခွန်အားက မရှိ…။
လွမ်းတဲ့စိတ်က လူကို ပြင်းပြင်းထန်ထန် ဖိစီး…။


တကယ်တမ်း အားလုံးကို ကောက်ချက်ချ ကြည့်လိုက်ရရင်တော့ အဲဒီအလွမ်းတွေဟာ နေ့ စဉ် နေ့ တိုင်း ကျင်လည်လှုပ်ရှား တွေ့ မြင် နေရတဲ့ မတူညီတဲ့ Life Styles တွေရယ်၊ ကွဲပြားခြားနားကြတဲ့ ယဉ်ကျေးမှုတွေရယ်၊ တစ်ခါတစ်ရံမှာ သိပ်ပြင်းထန်လာတဲ့ စိတ်ဖိစီးမှုတွေရယ် ကြောင့် ဖြစ်လာတယ် လို့ ထင်မိတာဘဲ…။
ဒီတော့ အဲဒီ အလွမ်းတွေအတွက် ဘယ်သူ့ ကို ဘယ်လို လက်ညှိုးညွှန်လို့  ဘယ်လို အကြောင်းပြချက်နဲ့ စွဲချက်တင်ပြီး ဘယ်လို အရေးယူရမှာလဲ…။ ဒီလိုဆိုပြန်ရင်ရော… လွမ်းတာတွေ သက်သာသွားမှာလား…။ အဖြေက မရှိ…။
ဒီလိုနဲ့ ဘဲ… တစ်နေ၀င် တစ်နေထွက်… အသက်တွေကဖြင့် တစ်ရက်ပြီး တစ်ရက် ပိုပိုကြီး…။


အခုအချိန်မှာ…
ခိုင်ထူးရဲ့  အိမ်အလွမ်း နဲ့  ထူးအိမ်သင်ရဲ့  အမေ့အိမ်
အဲဒီ လွမ်းစရာ သီချင်းနှစ်ပုဒ်ကို အထပ်ထပ် အခါခါ နားထောင်ရင်း…
ချစ်သူ့ လက်ကို အားကိုးမြဲမြံစွာ တွဲခို ဆုပ်ကိုင်ရင်း…
ဆန္ဒတွေကို အိမ်မက်တွေထဲမှာ ၀ိုးတ၀ါး ပုံဖေါ်ရင်း…
အိမ်က အလှမွေး ရွှေငါးကလေးများကို အစာကျွေးရင်း…
လက်ရှိ အနေအထား ထဲမှာ နေသားတစ်ကျ ဖြစ်အောင်ကြိုးစားရင်း…
ရင်ထဲက တသသ အလွမ်းတွေကို အသာအယာ သိုဝှက် သိမ်းဆည်းထားရင်း…
တစ်လောကလုံးမှာ နှင်းဆီဖြူများ ဝေေ၀ဆာဆာ ပွင့်လန်းမယ့် အချိန်ကို မျှော်လင့်ရင်း…
မျှော်လင့် ယုံကြည်ချက် တစ်ခုဆီသို့  ဆက်ပြီး လျှောက်လှမ်းသွားကြစို့ ….။

4 comments:

  1. သက်ဝေရေ...အလွမ်းတွေက ထပ်တူပဲ...သူငယ်ချင်းတွေ၊ တရုတ်တန်းက့ ၀က်သားတုတ်ထိုး၊ မောင်မြင့်ဆိုင်၊ မာလာဟင်း...အကုန်ပဲ...။သက်ဝေရေ...stressတွေ သိပ်များရင် breakလေးနဲနဲပေးကြည့်ပါလား။ ခရီးတိုလေးထွက် ဒါမှမဟုတ်beachကိုသွား ဒါမှမဟုတ်postတွေများများရေးလိုက်(ဒါမှတို့တွေဖတ်ရမှာ..ဟိဟိ)။ ဘေးမှာ အလွမ်းတွေမျှဝေနိုင်မယ့် အရာရာနားလည်ပေးမယ့် ချစ်သူရှိနေတာကကို အားရှိစရာပါ။ တစ်လောကလုံးမှာ နှင်းဆီဖြူများ ဝေေ၀ဆာဆာ ပွင့်လန်းမယ့် အချိန်ကို တို့လဲ မျှော်လင့်နေတယ်။ ပျော်ရွှင်ပါစေ သက်ဝေ။

    ReplyDelete
  2. လွမ်းတာကို စာဖွဲ့ရရင်တော့ ကုန်နိုင်မယ် မထင်ဘူးနော်။ တို့လည်း ရန်ကုန်က အစားအစာတွေရယ်နဲ့ မိသားစု ထမင်းဝိုင်းရယ်ကို လွမ်းတယ်။ ဒီကနေ အိမ်ပြန်ချင်တယ်လို့အော်နေယုံကလွဲပြီး ခရီးစရိတ်က ကြီးလွန်းလို့ ငြိမ်ကုပ်နေရတယ်။ ဟုတ်တယ်.. မတန်ခူး ပြောသလို ခရီးထွက်ကြည့်ပါလားဟင်။ ဒါမှ မဟုတ်လည်း ပို့စ်များများရေးကြည့်ပါလား...:)

    ReplyDelete
  3. တရုတ်တန်း ၁၉ လမ်းထိပ်က ဘဲသားဆီချက်၊ ဘဲသားဘဲသွေးသုပ် ၊ဘဲဆံပြုတ်။
    ကြက်လျှာစွန်း ဒံပေါက် နဲ့  ရွှေဘဲ က ခေါက်ဆွဲကြော် ၊ကြာဇံကြော်၊ အစိမ်းကြော်။
    မုန့် စိမ်းပေါင်း၊ မုန့် ကြာစိ ၊ အုန်းနို့ သာကူ ရွှေရင်အေး
    ပဲနံပြား ပဲပလာတာ စမူဆာ အီကြာကွေး နဲ့  ကျစိမ့် လဘက်ရည် တခွက်
    ရွှေ တောင်တန်း ကြေးအိုး နဲ့  မြောင်းမြဒေါ်ချို စံပြဒေါ်ကြည် မုန့် ဟင်းခါး
    မဂိုလမ်းက သဲဝါရ် တိုရှည် ၊ မတ်ပဲကြော်
    မြေနီကုန်းက ရွှေခိုင် အသားကင်ဆိုင်
    အဲဒါ လေးတွေပါ ထပ်ထည့်လိုက်လေနော့ ။

    ReplyDelete
  4. လွမ်းကောင်းတုန်းလားအစ်မရေ..
    ဆက်သာလွမ်းဗျ..
    ငွေကုန်တာမှ မဟုတ်တာ..
    လွန်းသာလွမ်း ၊ လွမ်းရတာလည်းအရသာတစ်မျိုးပဲ..
    တစ်ချို့များဆို( မုတ်သုန်လည်းပါမည် ) လွမ်းချင်လွန်းလို့..
    အလွမ်းတွေတောင် မွေးထားရတယ်..
    အချိန်မရွေးထလွမ်းလို့ရအောင်လေ..
    လွမ်းချင်တယ် အလွမ်းရေ အနားလာစမ်းပါဦး...
    ကဲ ... ဘယ်နှယ့်ရှိစ....

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...