Friday, November 21, 2008

မိသားစု ထမင်းဝိုင်း

နေ့ တိုင်း နေ့ တိုင်း ထမင်းစားချိန်တွေမှာ အိမ်က မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းလေးကို အရမ်း သတိရမိပါတယ်…။ ဟိုးအရင် အချိန်တွေ… မိသားစုတွေ အတူတူနေရတဲ့ အချိန်တုန်းကပေါ့…။ သက်ဝေတို့ အားလုံး နေ့ လည်စာကို ထမင်းဘူးထည့်သွားပြီး အလုပ်ထဲမှာ၊ ကျောင်းမှာ အဆင်ပြေသလို စားတတ်ကြပေမယ့် ညနေစာတွေတိုင်းကိုတော့ မိသားစု စုံစုံညီညီရှိမှသာ စားတတ်ကြပါတယ်။ ဖေဖေ (သို့ ) မေမေ တစ်ယောက်ယောက် အိမ်အပြန် နောက်ကျတဲ့နေ့မျိုး ဆိုရင်လဲ အဆာပြေ မုန့် တစ်ခုခု စားပြီး လူစုံအောင် စောင့်တတ်ကြပါတယ်။ ထမင်းဝိုင်းမှာ အတူတူထိုင်ကြပြီးရင်လဲ ထမင်း ဟင်းတွေ ကို (ဟိုးငယ်ငယ်လေးထဲက အဖိုးအဖွားတွေ သင်ထားတဲ့အတိုင်း) အသက်ကြီးစဉ်ငယ်လိုက် စည်းကမ်းနဲ့  နှိုက်ယူလေ့ရှိကြပါတယ်။ အဖိုး ပြီးရင် ဖေဖေ၊ မေမေ၊ ပြီးတော့ သက်ဝေ.. ပြီးတော့ မောင်လေးပေါ့…။ သူက အငယ်ဆုံးဆိုတော့ နောက်ဆုံးမှ ယူရတာမို့  သူမို့  ဗိုက်ဆာနေပြီဆို လူကြီးတွေ မြန်မြန်ယူကြပါတော့ဗျို့ လို့ ပူညံပူညံလုပ်တတ်သေးတာ တွေးမိတော့ ပြုံးရသေး…။

မိသားစု စုံစုံညီညီနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့  စားသောက်ခဲ့ရတဲ့ နွေးထွေးလှတဲ့ မိသားစု ထမင်းဝိုင်းလေး အကြောင်းကို ပြန်တွေးမိတိုင်း တစ်ယောက် တစ်နေရာစီမှာ တကွဲတပြား ရောက်နေရတဲ့ ကိုယ့်ရဲ့  လက်ရှိ အခြေအနေတွေကို တကယ်ဘဲ ၀မ်းနည်းမိပါတယ်။ ဘယ်တော့မှ ပြန်ရနိုင်မယ်မှန်း မသိနိုင်တဲ့ မိသားစု ထမင်းဝိုင်းကလေး… အသက် ၈၀ ကျော် (အခုတော့ ဆုံးသွားပါပြီ) အဖိုးရဲ့ ဟိုးတုန်းကဆိုရင်… အစချီတဲ့ စကားဆိုသံတွေ၊ မောင်နှမ နှစ်ယောက်ရဲ့ မမောနိုင် မပန်းနိုင် ငြင်းခုံ စကားနိုင်လုသံတွေ၊ ဖေဖေ မေမေ တို့ ရဲ့  တစ်နေ့ တာ အလုပ်ခွင်အတွေ့ အကြုံ တွေကို ပြန်ပြောပြကြတဲ့ ချိုသာ စကားသံတွေ စည်စည်ညံညံနဲ့  ဘယ်အခါမဆို စားမြိန်ခဲ့ရတဲ့ မေမေ့လက်ရာ ထမင်းဝိုင်းကလေးရဲ့  တန်ဖိုးကို အခုအချိန်မှာ တကယ်ဘဲ အရမ်း လွမ်းဆွတ် တမ်းတမိပါတယ်…။

*****

ဒီလိုနဲ့  မနေ့ ညနေက ထမင်းစားခါနီးမှာ မိုးတွေ သည်းသည်း မဲမဲရွာနေတာကို တွေ့တော့ မိုးဦးကျ ကာလတွေ မိုးတွင်းကာလတွေမှာ မေမေ ချက်လေ့ရှိတဲ့ ဟင်း အတွဲအစပ်လေးတွေကို ပြန်တွေး စိတ်ကူး ပုံဖေါ် ကြည့်မိပါတယ်…။

ပုဇွန်ဆိတ် သေးသေးလေးတွေကို အခွံမခွာပဲ အမြီးနဲ့ ခေါင်းကိုဖြုတ် ရေစင်စင်ဆေး၊ ဆီများများ ကြက်သွန်ဖြူ များများ ငရုတ်သီး စပ်စပ်နဲ့ ကျော်၊ သခွားသီးတွေကို ခြစ်ပြီး ကြက်သွန်စိမ်းရယ်၊ ဆီမပါဘဲ လှော်ထားတဲ့ ပုဇွန်ဆိတ်လေးတွေကို မျှင်ငပိ၊ ငြုတ်သီးစိမ်းနဲ့ ပြီး ရောထောင်းထားတာရယ် နဲ့ သံပုရာရည် ညှစ်ပြီး သုပ်ရတဲ့ သခွားသီးသုပ်ရယ်၊ တွဲဖက် ကတော့ ဘူးသီးဟင်းခါးလေးကို ငြုတ်ကောင်း နိုင်နိုင်နဲ့ ချက်ပြီး ပူပူလေးသောက်...။

မိုးရာသီတွေမှာသာ ပေါပေါများများတွေ့ ရတတ်တဲ့ ငါးသလဲတိုး (သို့ ) လယ်ငါးခူ ခပ်သေးသေးလေးတွေကို ဆီများများထဲမှာ ကြွပ်ကြွပ်ကလေးကြော်ထားတဲ့ ငါးကြော်ရယ်၊ ဈေးထဲမှာ တစ်ခါတရံမှ ရတတ်တဲ့ ကောက်ရိုးမှိုလေးတွေကို ရေစင်စင်ဆေး၊ ပြီးတော့ ဆီလေးနဲနဲ နဲ့ လှိမ့်၊ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငြုတ်သီးစိမ်းတောင့်လေးတွေကို တုတ်ချောင်းကလေး ထိုးပြီးမီးကင် မညက် တညက်ထောင်း၊ ခုနက မှိုကြော်လေးနဲ့ရော သံပုရာရည်ညှစ်ပြီးသုပ်တဲ့ မှိုချဉ်သုပ်ရယ် ကြာဆံဟင်းခါး (သို့ ) ဘူးသီးနဲ့ ပုဒတ်စာဟင်းခါး ပူပူလေးရယ်နဲ့ တွဲစားရတဲ့ ဟင်းတွေကတော့ မေမေ့ရဲ့  ဘယ်တော့မှ မရိုးနိုင်တဲ့ လက်ရာပါ။

*****

ဆောင်းဦးပေါက် ချမ်းချမ်းစီးစီး မနက်တွေမှာတော့ မေမေက မနက် အိပ်ရာက အစောကြီးထပြီး ကောက်ညှင်းဆန်အသစ် စေးစေးလေးတွေနဲ့  ဆီထမင်း ထိုးတတ်ပါတယ်။ ဆီထမင်းကျက်လို့  အဖိုးနဲ့ မေမေတို့ ဘုရား ဆွမ်းတော်ကပ်ပြီးချိန်နဲ့  သက်ဝေတို့ တွေ အိပ်ရာနိုးတဲ့ အချိန်နဲ့ တော့ အကိုက်ပါဘဲ။ ဆီထမင်းနဲ့ တွဲဖက် စားစရာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့  မေမေက အားလုံးရဲ့  အကြိုက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်ပါတယ်။ အဖိုးအတွက်က နှမ်းလှော်ထောင်း မွှေးမွှေးလေး၊ ဖေဖေ့အတွက်က ငါးရံ့ ခြောက်ဖုတ်ကို ပဲဆီမွှေးမွှေးလေးဆမ်းလို့ တမျိုး၊ ကောက်ညှင်းဆိုရင် အုန်းသီးနဲ့ မှစားချင်တဲ့ သမီး နဲ့ သား အတွက်ကတော့ အုန်းသီးနုနု ဖြူဖြူလေးတွေ ခြစ်လို့ ပေါ့…။

ခရမ်းချဉ်သီး လှိုင်လှိုင်ပေါတဲ့ ဆောင်းတွင်းမှာ မေမေ့ရဲ့ ဟင်း တော်တော်များများမှာ ခရမ်းချဉ်သီးတွေ ပါလေ့ရှိပါတယ်။ ငါးရံ့ ကို ခရမ်းချဉ်သီးများများနဲ့ အရည်စပ်စပ်လေးချက်၊ မချခင်မှာ နံနံပင်လေးအုပ်၊ ဒီဟင်းက အသက်ကြီးလို့  သွားတွေ သိပ်မကောင်းတော့တဲ့ အဖိုးနဲ့ မေမေ့ရဲ့  အကြိုက် ပါ။ အဲဒီ ငါးဟင်းနဲ့ တွဲဖက်စားဖို့ က ငြုတ်သီး၊ ကြက်သွန်ဖြူ ဆီသပ်၊ ပုဇွန်ခြောက်မှုန့် နဲ့ ရောချက်တဲ့ ငန်ပြာရည်ချက်ရယ်၊ ခရမ်းသီးသေးသေး၊ ဘူးသီး သေးသေးလေးတွေကို မကျက်တကျက် ပြုတ်ထားတဲ့ တို့ စရာရယ်…။

အားလုံး အလုပ်အား ကျောင်းအားကြတဲ့ စနေ တနင်္ဂနွေလိုနေ့ မျိုးတွေမှာတော့ မေမေက လုပ်ရတာ နဲနဲလက်ဝင်တဲ့ ငါးရံ့  ဆန်လှော်ဟင်းကို ချက်လေ့ရှိပါတယ်။ ငါးရံ့ ကိုဘဲ အကောင်လိုက် ဆား၊ ဆနွင်း၊ ဆီ၊ ငြုတ်သီး ကြက်သွန်ဖြူ နီတွေရော ပြီးနယ်၊ စပါးလင် အပင်လိုက်ကို ငါးမှာ ချည်၊ မွှေးနေအောင် လှော်ထားတဲ့ ဆန်ကို လေးစိတ်ကွဲလေး ထောင်းပြီး ကြက်သွန်ဖြုလေး ဆီသပ်၊ ပြီးတော့မှ ငါးအကောင်လိုက် ကိုထည့်ချက်ရတဲ့ အဲဒီ ဆန်လှော်ဟင်း ကတော့ တစ်အိမ်သားလုံးရဲ့  အကြိုက်ပေါ့…။ ငါး ဆန်ပြုတ်လို သူ့  အတိုင်းစားလို့ ရသလို ထမင်းနဲ့ အတူ ဟင်းလိုလုပ်ပြီး စားရင်လဲရတာမို့  အဲဒီဟင်းချက်တဲ့နေ့ ဆို အချိန်မဟုတ်သေးဘဲ ဗိုက်က အလိုလိုနေရင်း ဆာနေတတ်ပါတယ်။

တခါတခါ မီးမလာတဲ့နေ့ မျိုးမှာ မီးသွေးမီးဖိုနဲ့  ထမင်းဟင်း ချက်ရတဲ့အခါ မီးသွေးမွှေးရတာ ပင်ပန်းလို့  စိတ်ညစ်စွာ ငြီးငြူမိပေမယ့် ထမင်းဝိုင်းမှာ ခရမ်းချဉ်သီးကို မီးဖုတ်လို့  နံနံပင်နံ့  ငြုတ်သီးနံ့ မွှေးနေတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် စားရတဲ့အခါမှာတော့ မောသမျှတွေ အကုန်ပျောက်ပြီး ထမင်းမြိန်ရပြန်ပါတယ်…။

*****

ပူလောင်လောင် အိုက်စပ်စပ် နွေရာသီအခါမျိုးတွေမှာတော့ မေမေ့အတွက် နွေရာသီကျောင်းပိတ်ရက်တွေမို့  ခါတိုင်းနဲ့ မတူ ထူးခြားတဲ့ ထွေလီကာလီ ဟင်းမျိုးတွေ စားရတတ်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့ ရာသီဥတုကြောင့် လူတွေတော်တော်များများ ထမင်းစားပျက်တတ်ကြပေမယ့် အိမ်သားတွေအဖို့ ကတော့ မေမေ့လက်ရာတွေကြောင့် ပိုလို့  တောင်မှ စားကောင်း သောက်ကောင်း ဖြစ်ကြရတယ်လေ။

မေမေချက်လေ့ရှိတဲ့ဟင်းတွေထဲက သက်ဝေ အကြိုက်ဆုံးဟင်းကတော့ မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ် ချဉ်ဟင်းပါ။ ငါးကျည်းအကောင် ခပ်လတ်လတ်တွေကို မန်ကျည်းသီးနဲ့  ဆားနဲ့ နယ်ပြီး ရေစင်စင်ဆေး၊ ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း၊ ပြီးတော့မှ ဆား၊ အချိုမှုန့် ၊ ငြုတ်သီး တို့ ရယ်၊ စပါးလင် နုတ်နုတ်စင်းရယ်၊ ဆန်လှော်မှုန့် နဲနဲရယ်ထည့်ပြီး နာနာလေးထောင်း၊ မုန်လာပင်ပေါက် နုနုလေးတွေကို ချဉ်ဟင်းအိုး အရင်တည်… ဟင်းအိုး ပွက်ပွက်ဆူလာပြီဆိုမှ ပြီးမှ ခုနက ထောင်းထားတဲ့ ငါးကျည်းတွေကို လက်နဲ့  အနေတော် လုံး ဆုပ်ပြီး ထည့်…။ ငါးဆုပ်လုံးလေးတွေ ကျက်လောက်ပြီဆိုရင် ချ…။ သူနဲ့  လိုက်ဖက်တဲ့ အတွဲက ငြုတ်သီး ဆားထောင်းပါ။ ငြုတ်သီး အလှော်မှုန့် ကို ဆားလေးနဲနဲ နဲ့  ကြက်သွန်ဖြူလေးရောပြီး ထောင်း၊ စားကာနီးမှ ဆီဆမ်းစားရတဲ့ အညာငြုတ်သီးထောင်းပေါ့။ အဲဒီဟင်းချက်တဲ့နေ့ ဆို တအိမ်သားလုံး ခေါင်းမဖေါ်နိုင်အောင် ထမင်းစား ကောင်းခဲ့တာကို ခုထက်ထိ စွဲစွဲလမ်းလမ်း မှတ်မိနေပါတယ်…။ အခုဆိုရင် အဲဒီ ဟင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီပေါ့…။

နွေရာသီရဲ့နေ့လည်ခင်းတွေမှာတော့ မေမေက လဖက်ကို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေနဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူနဲ့ ကျွေးတတ်ပါသေးတယ်။ နွေနေ့လည်ခင်း ပူပူမှာ ရေမိုးချိုး၊ ချည်သား အင်္ကျီလေးဝတ်၊ သနပ်ခါး ပါးကွက်ထူထူကွက်ပြီး လဖက်သုပ် ချဉ်ချဉ် စပ်စပ်ကို ရေနွေးကြမ်းပူပူနဲ့စားခဲ့ရတာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့လည်စာပါဘဲ…။

*****

စားသောက်ဖွယ်ရာတွေကို မိသားစုတွေ အတူတကွ တစ်ပျော်တပါး စားသောက်ကြတဲ့အခါတိုင်း မှတ်မှတ်ရရ အဖိုးပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “လက်ရည်တပြင်တည်း” ဆိုတဲ့ စကားလေးပါဘဲ။ နှီး ဒေါင်းလန်းကြီးတွေထဲမှာ ထမင်းတွေရော ဟင်းတွေပါ စုထည့်ပြီး မိသားစုတွေ ကလေး လူကြီးတွေအားလုံး ပျော်ပျော်ပါးပါး ၀ိုင်းဝန်းနှိုက်ယူ စားသောက်ကြတဲ့ ဟိုး ရှေးရှေးက ချစ်စရာ စည်းလုံးညီညွတ်မှုကို ပြတဲ့ ဓလေ့လေး တစ်ခုပေါ့။

အခုခေတ်မှာတော့ နှီး ဒေါင်းလန်းတွေနဲ့ စားတဲ့ခေတ်မဟုတ်တော့ပေမယ့် မိသားစု ဆိုတာ ဘယ်လို အရာမျိုးမှာမဆို အေးအတူ ပူအမျှ၊ အစစ အရာရာမှာ ကောင်းအတူ ဆိုးအတူ သာတူ ညီမျှ ခွဲဝေ ခံစားကြရတယ် ဆိုတာကို သိရှိ နားလည်ဖို့ အတွက် တခြားအချိန်တွေမှာ မဟုတ်တောင် ထမင်းစားချိန်မှာတော့ အားလုံး အတူတူ စကားလေး တပြောပြောနဲ့အေးအေးလူလူ စားသောက်ကြဖို့ သင့်တယ်လို့  အဖိုးက ခနခန ပြောဖူးပါတယ်။

အဲဒီအချိန်နဲ့ ဆယ်စုနှစ် တစ်ခုလောက်သာ ဝေးကွာတဲ့ အခု လက်ရှိ အချိန်မှာတော့ သွား သုတ်သုတ် စား သုတ်သုတ်နဲ့  ဖွယ်ဖွယ်ရာရာ မဖြစ်တဲ့ အေးစက်စက် မာတောင့်တောင့် ခြောက်ကပ်ကပ် ထမင်းဟင်းတွေကို မိုက်ခရိုဝေ့ဖ် ရဲ့အကူအညီနဲ့  ပူအောင်လုပ်ပြီး သောက်ရေတစ်ခွက် အနားချလို့  မြန်မြန်ပြီး အေးရော သဘောမျိုးနဲ့စားလိုက်ရတဲ့ ထမင်း အနပ်တွေတိုင်းမှာ အော်… အဖိုးသာမြင်ရင် ဘယ်လို ကောက်ချက်မျိုးများ ချမှာပါလိမ့်လို့  တွေးတောရင်း၊ ဖေဖေ မေမေ မောင်လေးတို့ နဲ့နွေးထွေးလှတဲ့ မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းကလေးကို အရမ်း သတိရ လွမ်းဆွတ်နေမိပါတော့တယ်။

24 comments:

  1. မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ်ဟင်း ချဉ်ဟင်း .. ဟွန်း ရင်ထဲက ဝေဒနာကို လာဆွသွားတယ်။

    ReplyDelete
  2. လက်ရည်တစ်ပြင်တည်း ထမင်းဝိုင်းကို တသသ လွမ်းဆွတ် အမှတ်ရမိပါတယ်။

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. အမသက်ဝေ ထမင်းဝိုင်းလေးရဲ့နွေးထွေးမှုကို သတိရလွမ်းမိပါတယ်။ ဗိုက်တွေဆာ အလွမ်းတွေဖြာသွားတယ်။

    ReplyDelete
  4. မိသားစု ထမင်းဝိုင်းလေးဖတ်ပြီး အိမ်ကိုလဲလွမ်း ဗိုက်လဲဆာပြီး တဂလု ဂလု မြိုချပြိး ပြန်သွားပြီ သက်ဝေရေ

    ReplyDelete
  5. ဟုတ်တယ်နော်.. သက်ဝေရေ..အခုများတော့ မိသားစုတွေ ထမင်းဝိုင်းမှာ ဆုံချင်ရင် အပြင်စားသောက်ဆိုင်တွေမှာပဲ ဆုံဖြစ်နေရတယ်။

    သက်ဝေတို. ငယ်ငယ်က ထမင်းဝိုင်းလေးက လွမ်းလောက်စရာလေးပါပဲ...

    ReplyDelete
  6. သက်ဝေရယ် လွမ်းရမလို၊ငတ်ရမလိုပါပဲကွယ်။

    ReplyDelete
  7. မမ မတွေ့ရတာကြာနေပြီ လွမ်းတယ်

    ReplyDelete
  8. ကျနော်လည်း မိသားစု ထမ်ငးဝိုင်းလေးကို ပိုမျှော်လင့်မိတယ်

    ReplyDelete
  9. သားရေတွေမထိမ်းနိုင်လို့်နဲနဲ၊နဲနဲဆီလာဖတ်နေရတယ်၊
    ဖြစ်ပုံများ။

    ReplyDelete
  10. အဲဒါမျိုးတွေပေါ့ ငိုရတယ်ဆိုတာ..

    ReplyDelete
  11. ကျော်ပြီး ရှပ်ဖတ်သွားတယ်။ မခံစားနိုင်လို့ :P

    ReplyDelete
  12. အမအမေချက်တဲ့ ဟင်းမျိုးလေးတွေ မစားဖူးဘူး။
    ဖတ်ရတာနဲ့တင် စားချင်စိတ်ဖြစ်မိတယ်။ တကယ်ပြောတာ

    ReplyDelete
  13. အပေါ်လူတွေပြောတဲ့အတိုင်းပါပဲ..
    တံတွေးအတင်းမြိုချ(မျိုချလားမသိ)
    ရတယ်။။

    ReplyDelete
  14. အားရက်မှာ ချက်စားပေါ့ မသက်ဝေရာ။

    ReplyDelete
  15. Dinner ပြီးမှပဲအဆုံးသတ်ကိုဖတ်ရဲပါတော့တယ်၊မသက်ဝေရေ "ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း"ဆိုတော့ငါးကျည်းရိုးတွေရောဘယ်လိုလုပ်သလဲဗျ၊မနောက်ပါ၊တကယ်သိချင်လို့ပါ။

    ReplyDelete
  16. မနောက်ပါ၊တကယ်သိချင်လို့ပါ။

    ReplyDelete
  17. သက်ဝေရေ...လာလည်ပါတယ်။ ဟင်းအစပ်တွေရယ် နွေးထွေးတဲ့မိသားစု စုံစုံညီညီရယ်ကို ဖတ်ပြီး ပျော်စရာကြီးလို့ တွေးမိတယ်။ ဟင်းကောင်းစားချင်ရင် ဒီပို့စ်လေး ထပ်လာဖတ်ဦးမယ်။

    ReplyDelete
  18. မမသက်ဝေ.. သူများကို ငိုအောင်လုပ်တယ်.. ကျနော်လည်း အိမ်ထမင်း အိမ်ဟင်းကို အရမ်းလွမ်းတာပဲ.. အမရေးထားတဲ့ ဟင်းအစပ်တွေကို မစားဖူးပေမယ့် စားကောင်းမှာပဲ.. မသက်ဝေအမေက ဟင်းချက်တော်တယ်နော်... အမလည်းအဲဒီလိုပဲ ဖြစ်မှာပါ.. ကျနော်တို့လည်း အိမ်မှာထမင်းစားရင် ညစာကို အဲဒီလိုပဲ စုစားတတ်တယ်.. တခါတလေ အိမ်က လူတွေ ထမင်းစားပြီးချိန်လောက် ဖုန်းဆက်လိုက်ရင် ပိုငိုချင်တယ်.. “သမီးဘာဟင်းချက်လဲ” လို့ အမေမေးရင် ပြန်ဖြေရခက် မဖြေရခက်.. ဖြစ်သလို စားနေတာတွေ များလို့...
    ဒီပို့စ်ဖတ်ပြီးတော့ Heart ထိသွားပြီ အမရေ.. :(

    ReplyDelete
  19. ရာသီအလိုက်လိုက်ဖက်အောင်ချက်ထားတဲ့
    သက်ဝေမေမေ့ဟင်းလေးတွေကိုအတုယူသွားပါတယ်

    ReplyDelete
  20. သွားရည်ကျသွားတယ်
    မခင်ဦးမေလို ကျော်ပြီး လျှပ်ဖတ်မိရင်လည်း ကောင်းသား :(

    ReplyDelete
  21. သက်ဝေမေမေရဲ့ ဟင်းချက်လေးကလဲ ကောင်း…
    သရုပ်ဖော်တဲ့ သက်ဝေရဲ့ အရေးအသားလေးကလဲ ကောင်း ဆိုတော့
    ကိုယ့်ရှေ့ မှာ ထမင်းဝိုင်းလေးရောက်လာသလိုပဲ… လွမ်းလိုက်တာနော်…
    ဟင်းချက်ရတာထက် ဟင်းစပ်ရတာ သိပ်ခက်တာမို့  ဟင်းစပ်လဲတော် ဟင်းချက်လဲတော်တဲ့ သက်ဝေမေမေ့ကို အားကျမိပါဘိ… သက်ဝေကလဲ သက်ဝေမေမေလို ဟင်းချက်တော်မယ့်ပုံပဲနော်… တရက်လောက် ထမင်းဖိတ်ကျွေးပါလားဟင်… ဒီပို့ စ်ထဲက ဟင်းစပ်လေးတွေနဲ့ လေ…

    ReplyDelete
  22. မိသားစု ထမင်းဝိုင်းကလေးကို လာရောက် အားပေးကြသူများကို ကျေးဇူးတင်ပါတယ်...။
    ကိုယ်နဲ့  ဝေဒနာချင်း၊ ခံစားချက်ချင်း တူတဲ့သူတွေ...
    ကိုယ့်လို အိမ်ထမင်း အိမ်ဟင်းလွမ်းတဲ့သူတွေ...
    တော်တော်များပါလားလို့  အဖေါ်ရ အားတက်သွားရတဲ့ ပိုစ့်လေးတစ်ခုပါ...။
    ကျေးဇူး... နော်...။

    ReplyDelete
  23. အိမ်လွမ်းနေတဲ့သူကို ဝေဒနာတွေတိုးသွားစေပြီ.... :)

    စတာပါ မမသက်ဝေ....ဖတ်ရင်းနဲ့တံတွေးမျိုမျိုချရတာ အခါခါ... :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...