Saturday, October 17, 2009

ခြားနားခြင်း

သည်ညနေ ရုံးက ပြန်ရောက်ရောက်ချင်း အိပ်ခန်းထဲကို အဝင်မှာ ထိုအရာကို စတွေ့ခဲ့ရတာ ဖြစ်သည်။ တွေ့တွေ့ချင်း ကိုယ် အရမ်းလန့်သွားသည်။ အနောက်ကို ခြေတလှမ်း ဆုတ်လိုက်ပြီး ပါးစပ်မှ အား.. ကနဲ အော်မိမလို ဖြစ်သွားသည်။ သို့သော် တကယ့်တကယ်မှာ အသံက အပြင်ကို ထွက်မလာ…။ သူကတော့ ကိုယ့်ကို ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။ ပြီးတော့ တလှုပ်လှုပ်လဲ လုပ်နေသေးသည်။ ကိုယ် အနောက်ကို ခြေလှမ်း နှစ်လှမ်းလောက် ဆက် ဆုတ်လိုက်မိသည်။ ခြေလှမ်းက ယိုင်သွားမှန်းလဲ သိလိုက်သည်။ ယိုင်သွားသော ကိုယ့်ခြေလှမ်းကို အနောက်မှ ထိန်းသိမ်း တည့်မတ်ပေးမည့်သူ တယောက်မှမရှိ။ သူ ဒီနေ့ အစည်းအဝေးရှိ၍ အိမ်ပြန်နောက်ကျမည် ဆိုတာ ခေါင်းထဲဝင်လာသည်။ ဘုရားရေ… ကိုယ်တယောက်ထဲ ဘာဆက်လုပ်ရပါ့..။

ထူပူနေသော ကြောက်စိတ်တွေကို အသာ ဘေးဖယ်ထားရန် ကြိုးစားပြီး ဘာဆက်လုပ်ရရင် ကောင်းမလဲ ဆိုတာကို ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားကြည့်မိသည်။ စဉ်းစားကာမှပဲ ခေါင်းထဲမှာ ဘာဆို ဘာမှမရှိတော့သလို အားလုံး အမှောင်ကျ... Totally black out…!!!

“စဉ်းစား.. စဉ်းစား.. ဘာလုပ်ရမလဲ ဆိုတာ စိတ်အေးအေးထားပြီး စဉ်းစားစမ်း…”

ကြောက်အား လန့်အားနှင့် ကိုယ့်ကိုယ်ကိုယ် သတိတွေ ပေးနေမိသည်။ တဆက်တည်းမှာပင် ကိုယ်ဘာတွေ လုပ်ရဲသလဲ ဆိုတာကိုပါ စဉ်းစားမိသည်။ စဉ်းစားရုံနှင့်ပင် ကိုယ့်ခြေထောက်တွေ ခွန်အားမရှိတော့အောင် ယိုင်နဲ့လာကြသည်။ နီးရာနေရာမှာ ထိုင်ချလိုက်ဖို့ တွေးမိသည်။ သို့သော် အနီးအနားမှာ ဘာ ကုလားထိုင်မှ မရှိ။ ဒါဆို ကြမ်းပြင်ပေါ်မှာ သည်အတိုင်းသာ ထိုင်ချလိုက်တော့မည်။ သို့သော် ကြမ်းပေါ်မှာ ထိုင်ချလိုက်ပါက သူနှင့် ကြမ်းတပြေးတည်း ဖြစ်သွားပြီး ပို နီးကပ်သလို ဖြစ်သွားနိုင်သည်ပဲ။ ဒီလိုတော့ဖြင့် မဖြစ်ချေပြီ။ ကြောက်တယ်…

ခေါင်းထဲမှာ အရင်ဆုံး သတိရလာသည်က ဆေး…။ သူ့ကို ဆေးနှင့်ဖြန်းလို့ရမည် ထင်သည်။ တီဗွီကြော်ငြာတွေထဲမှာ တွေ့ဖူးသည်။ ထိုဆေးနှင့် ပက်ဖြန်းလိုက်ပါက သူတို့ ကိစ္စတုံး သွားကြတာ တွေ့ရသည်။ ဟာ.. ဒါဆို သူများ အသက်ကို သတ်တာပေါ့… ဘယ်မှာလဲ ငါးပါးသီလ...။ ဒုက္ခပါလား...။ ကိုယ် သတ်ရဲသလား… ခေါင်းကို တွင်တွင် ခါယမ်းမိသည်။ ဆေးနဲ့ ဖြန်းလိုက်လို့ တခါတည်း ကိစ္စပြတ်သွားရင် တော်ပါရဲ့.. မဟုတ်ပဲ ဝေဒနာခံစားပြီး ကိုယ့်ရှေ့မှာ တလူးလူး တလွန့်လွန့် ဖြစ်နေရင်ကော…။ တွေးရင်းနဲ့ အာခေါင်တွေ ခြောက်လာသည်။ လူလဲ အားအင်တွေ ဘာမှမရှိတော့သလို ပို၍ ပို၍ နုံးနယ်လာသည်။ ဟာ… ဒါတွေတွေးနေတာ အဲဒီ ဆေးက အိမ်မှာရော ရှိလို့လား။

မှတ်မိသလောက်ကတော့ ထိုဆေးကို စတိုခန်းထဲမှာ တွေ့ဖူးသလိုလိုပဲ။ ဒီအိမ်ကို ပြောင်းမလာခင် သန့်ရှင်းရေးလုပ်ကြစဉ် အခါတုန်းက ဆေးကြောသန့်စင်စရာ အရည်ဘူးပေါင်း၊ ပုလင်းပေါင်း များစွာထဲမှာ ထိုဆေးဘူးကို မျက်စေ့ထဲမှာ တွေ့လိုက်မိသလိုလို။ သိပ်တော့ မသေချာ...။ ဘူးပေါ်မှာ ပါသော ပုံကို သေသေချာချာ မကြည့်ရဲသောကြောင့် ကိုယ် လွယ်လွယ် မတွေ့နိုင်သော တချောင်ချောင်မှာ သူ သိမ်းထားမည် ထင်သည်။ အိမ်ပြောင်းလာပြီး စတိုထဲကို ပစ္စည်းတွေ အပြည့်ထည့်ပြီးချိန်မှာ ထိုဆေးရည်ဘူးကို ကိုယ်ဘယ်လို ပြန်ရှာရပါ့…။ အရေးထဲ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိသေးသည်။ ဆေးရည်ဘူးတွေ့တော့ရော ကိုယ်က ဖြန်းရဲမှာ ကျလို့…။

ညနေသည် တဖြည်းဖြည်းနှင့် အလင်းရောင် နဲလာသည်။ မီးဖွင့်ရင် ကောင်းမလား။ သို့သော် ကိုယ် လှုပ်ရှားမှု တခုခု ပြုလိုက်ပါက သူ လန့်ဖြန့်ပြီး အပြင်ကို ထွက်လာတာတို့၊ ကိုယ့်ခြေထောက်နား ရောက်လာတာတို့ ဘာတို့ ဖြစ်လာမှာလဲ ကြောက်ရသေးသည်။ မရဲတရဲနှင့် သူ့ကိုလှမ်းကြည့်တော့ သူက ခပ်တည်တည် အရင်နေရာမှာပင်။ ကိုယ်ထည်က လှုပ်မနေပေမယ့် ခေါင်းပေါ်က ထိုးထိုးထောင်ထောင်အရာ နှစ်ခုကတော့ တလှုပ်လှုပ်…။ နင်ဘာမှမလုပ်ရင် ငါလဲ ဘာမှမလုပ်ဖူး ဟု ကိုယ့်ကို အသံတိတ် စကားဆိုနေသယောင်…။ ငါ့နှယ့်နော်… အချိန်တွေကုန်လိုက်တာ.. သတ္တိကလဲ နည်းပါးလိုက်သည့်ဖြစ်ခြင်း။

နောက်တနည်းက ဘာရှိသေးလဲ…
အော… သတိရပြီ။ သူ့ဆီကို ဖုန်းဆက်ကြည့်ဖို့…။ အိမ်ထဲဝင်လာချိန်ထဲက လက်ကမချရသေးသော ပိုက်ဆံအိပ်ထဲမှာ ဖုန်းကို ဖြေးဖြေးချင်း ရှာဖွေနှိုက်ယူမိသည်။ လှုပ်ရှားမှုအားလုံးကို အသံတိတ် အနှေးပြကွက်မျိုးဖြင့် လုပ်ဆောင်နေမိသည်။ သို့သော် သူက ဖုန်းမကိုင်ချေ။ ခုမှ သတိရသည်။ အစည်းအဝေးရှိလို့ နောက်ကျမည် ဟု မနက်က သူပြောသွားသည်ပဲ။ သေစမ်းပါကွာ…

ချက်ချင်းပင် ကိုယ့်အိမ်နှင့် မလှမ်းမကမ်းမှာနေသော သူငယ်ချင်းတယောက်ဆီကို ဖုန်းဆက်ရန် သတိရသွားသည်။ သူများ ကိုယ့်ကို ကူညီနိုင်လေမလား…။ သူ့ကို အကြောင်းစုံ လေသံ ခပ်တိုးတိုးနှင့် ပြော၍ အပြီးမှာ သူက စိတ်မရှည် လက်မရှည် အသံမျိုးဖြင့် “နင်ကလဲ.. ဒါလေးများ… သတင်းစာ တထပ်လောက်ယူပြီး ထက်ပိုင်းခေါက်ပြီးတော့သာ ရိုက်ချလိုက်…” ဟု ပြောလေသည်။ ဘုရားရေ… အဲလိုကြီးလား... အတွေးနှင့်တင် လူက မူးဝေ နောက်ကျိ လာသလို ခံစားရသည်။ သို့သော် သူငယ်ချင်းကိုလဲ အကြင်နာတရား ခေါင်းပါးလှသည် ဟု မစွတ်စွဲရဲပဲ ကျေးဇူး ဟု ပြောကာ ဖုန်းချလိုက်ရသည်။ “ငါ သည်လို လုပ်ရဲမှဖြင့်တော့ နင့်ဆီတောင် ဖုန်းဆက်မနေတော့ဘူး…” ဟု စိတ်ထဲက အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ဆိုးလိုက်တာ...

ညက အမှောင်တော်တော်လွှမ်းလာပြီ။ လက်ထဲက နာရီကို ကြည်လိုက်တော့ ည ၇ နာရီခွဲ။ ရုံးက ပြန်ရောက်တာက ၆ နာရီခွဲတုန်းက ဆိုတော့ အချိန် တနာရီ ကုန်သွားပြီ။ ရှစ်နာရီလောက်ဆိုရင်တော့ သူပြန်ရောက်လာတန် ကောင်းပါရဲ့။ စောင့်လိုက်မည်လေ… စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းအောင်ထားကာ သူ့ပြန်အလာကိုသာ စောင့်နေလိုက်တော့မည်။ စိတ်ကို အေးချမ်းအောင်ထားမည်ဟု တွေးနေရင်းမှပင် ဗိုက်က အတော်ဆာနေတာကို သတိထားလိုက်မိသည်။ ညစာ... ညစာ... မတတ်နိုင်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်ကို ဒုန်းဒုန်းချကာ အပြင်ဖက် လူသွားစင်္ကြန်က မီးအလင်းရောင်ကို အမှီပြုနေထိုင်ရင်း သူပြန်ရောက်လာချိန်ကိုသာ စောင့်တော့မည်။ ရှစ်နာရီရယ် မြန်မြန်ထိုးပါတော့…။

ကြိုးတိုးကြဲတဲ မီးအလင်းရောင်ထဲမှာ ထိုသတ္တဝါလေးကို လှမ်းမြင်နေရသေးသည်။ သူကလဲ သူ့ကို ရန်ပြုမှာစိုး၍လား မသိ။ သတိအနေအထားဖြင့် နေ နေသလို၊ ဘာလှုပ်ရှားမှုမှမပြု။ ခဏနေတော့ ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်လာသည်။ သူ လှုပ်မှ လှုပ်ရှားနိုင်ရဲ့လား၊ အတောင်များ ကျိုးနေသလား၊ ခြေထောက်တွေ လက်တွေ စုံမှ စုံရဲ့လား၊ နေမှ ကောင်းရဲ့လား၊ ဘာလို့ မလှုပ်ရှားတာပါလိမ့်။ အကြောင်း တစုံတရာကြောင့်သာ သူဟာ မလှုပ်ရှားနိုင်တဲ့သူ ဖြစ်နေခဲ့ရင် ခုနက ကိုယ်သူ့ကို မျက်စေ့ရှေ့က ပျောက်ကွယ်သွားအောင်၊ ကိစ္စတုံး ပစ်ဖို့ ကြံစည်နေမိတာ ဘယ်တရားပါ့မလဲနော်။ စိတ်ထဲမှာ ဒွိဟတွေ ဖြစ်လာပြန်သည်။ အတွေးတွေ… အတွေးတွေက မဆုံးနိုင်...။

ဟော... အဝေးမှ ရှုးဖိနပ်သံ တိုးသဲ့သဲ့… ထိုအသံသည် တဖြည်းဖြည်း နီးကပ်လာသည်။ ကိုယ် လက်ထဲမှ နာရီကို ကြည့်လိုက်သည်။ ရှစ်နာရီ ထိုးရန် ငါးမိနစ်အလို...။ သေချာတယ် သူပဲ ဖြစ်လိမ့်မည်။ ကိုယ် ဝမ်းသာမှုကို ဘာနဲ့မှ ပြောမပြတတ်။ တဖြည်းဖြည်း နီးလာသော ဖိနပ်သံက အိမ်ရှေ့မှာ တိတ်သွားသည်။ အပြင် သံဗန်းတံခါး သော့ကို ဖွင့်သံ… ပြီးတော့ သစ်သားတံခါး သော့ကို ဖွင့်သံ… ထိုအသံတွေ အဆုံးမှာတော့ “ဟာ.. ဘာလို့မီးတွေ ပိတ်ထားတာလဲ… အမှောင်ထဲမှာ ဘာထိုင်လုပ်နေတာလဲ…” ဟူသော အသံနှင့်အတူ လူက ချက်ချင်း ကိုယ့်အနားသို့ ရောက်လာသည်။ ကိုယ် ကြောက်ရွံ့မှု၊ ထိတ်လန့် တုန်လှုပ်မှုတို့နှင့် အားကိုးစရာ ရှာတွေ့သွားသောကြောင့် ဝမ်းသာမှုတို့ ပေါင်းစပ် ရောနှောကာ သူ့မေးခွန်းတွေကို ဖြေစရာ အသံထွက်၍ မရတော့ချေ။ ချက်ချင်းပင် မီးပွင့်တွေ လင်းလာသည်။ အလင်းရောင်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်နေရသော ခေါင်းပေါ်က ထိုးထိုးထောင်ထောင်နှစ်ခု တလှုပ်လှုပ်နှင့် ကိုယ့်ကို သွေးပျက်နေစေသော အရောင်ညိုညို အကောင်ရှိရာ အိပ်ခန်းဆီသို့ လက်ဖြင့်သာ ညွှန်ပြလိုက်နိုင်တော့သည်။

ဟာကွာ… ဟု မချင့်မရဲ ရေရွက်သံနှင့်အတူ အိပ်ခန်းထဲကို သူဝင်သွားသည်။ ကိုယ် ဘာကိုမှ မကြားရဲ.. မကြည့်ရဲ… ။ သို့သော် စက္ကန့်အနည်းငယ်သာ ကြာလိုက်သည် ဟု ထင်ပါသည်။ သူက “လာတော့.. လာတော့.. ဘာမှမရှိတော့ဘူး… အခန်းထဲ ဝင်လာခဲ့တော့…” ဟု လှမ်းခေါ်ပါသည်။ ဟင်.. တကယ်လား… မယုံနိုင်စရာ… ဘာဆေးမှ မဖြန်းပဲ.. ဘာ အသံမှမကြားရပဲ… ဘာ သတင်းစာစက္ကူ၏ အကူအညီမှ မလိုပဲ… သည်လိုပဲ တိတ်ဆိတ်စွာ ရှင်းလင်းလိုက်နိုင်သည်လား။ ထိုစဉ် သူက နောက်တခွန်း ထပ်ခေါ်လေသည်။

“လာတော့လေ.. ရေလာချိုး အဝတ်လဲ ထမင်းသွားစားကြမယ်… ဘာမှ မစားရသေးဘူး မဟုတ်လား.. ဆာနေရောပေါ့…”

ထိုင်နေရာမှ ထဖို့၊ မတ်မတ်ရပ်နိုင်ဖို့၊ ခြေလမ်းများ လှမ်းနိုင်ဖို့ ကိုယ်တော်တော်လေး ကြိုးစားလိုက်ရသည်။ ပြီးတော့ မျက်လုံးတွေကို ထိုသတ္တဝါလေး တည်ရှိနေခဲ့သော နေရာမှာ စူးစူးစိုက်စိုက် ရပ်တန့်နေမိသေးသည်။ သေချာပါသည်။ ကိုယ် တညနေလုံး သေမတတ် ကြောက်ရွံ့ခဲ့ရသော ထိုအရာကား တကယ်ကို မရှိတော့ပြီပဲ။

ထိုညက အပြင်မှာ ထမင်းသွားစားပြီး အိမ်ပြန်ရောက်လာချိန်မှာလဲ ထိုနေရာကိုသာ အရင်ဆုံး ကြည့်မိသည်။ မရှိပါ.. ဘာဆို ဘာမျှ မရှိပါ။ သည်လိုနှင့် အိပ်ရာဝင်ခဲ့သည်။ သူက ခဏလေးနှင့် အိပ်ပျော်သွားသော်လည်း ကိုယ်ကတော့ မျက်စေ့တွေ အကြောင်သားနှင့်…။ ကိုယ့်ကို တညနေလုံး ထိတ်လန့် ကြောက်ရွံ့နေစေပြီး သွေးလည်ပတ်မှုတို့ ရပ်တန့်အေးခဲစေမတတ် ချုပ်နှောင် ဖမ်းစား ထားခဲ့သော ထိုသက်ရှိ အရာတခုကို အချိန်တိုတိုလေးအတွင်းမှာ မည်သည့်အရာကို အသုံးချ၍ မည်သို့မည်ပုံ ရှင်းလင်း သုတ်သင်လိုက်ပါသနည်း ဆိုသည့် မေးခွန်းကိုတော့ နောက်တနေ့ မနက်မှာ ကိုယ် သူ့ကို မေးကြည့်မိမည် ထင်ပါသည်။ အခုလောလောဆယ်တော့ အိပ်ပျော်အောင် ကိုယ်အရင် ကြိုးစားလိုက်ပါဦးမည်…။

29 comments:

  1. သြော်.. ပိုးဟပ်...
    တကောင်တလေပဲ။ ခတ်စရာမရှိရင် ဟင်းထဲ ထည့်ချက်လိုက်ပေါ့။
    :P

    ReplyDelete
  2. အားနွဲ့သူပါရှင်..
း)
    စကားချပ်..ဖတ်လို့ကောင်းတယ်။

    ReplyDelete
  3. ကြမ်းပိုးမှတ်နေတာ.. ပန်ပန်ပြောမှ ပိုးဟပ်လား....

    ထပျံမလာတာ ကံကောင်း... ဟိ... ခြိမ်းခြောက်သွားတာ...

    ဒီကတော့ မရဘူး၊ သူသေ ကိုယ်သေပဲ ဟိ...။

    ReplyDelete
  4. အော်..သက်ဝေကြောက်တာ အဲဒီအကောင်လား..နောက်တခါဆို နှုတ်ခမ်းမွှေးကဆွဲပြီး ဘူးထဲ ထည့်ထားလိုက်..ဒါမှမကိုင်ရဲရင် အဖုံးကျယ်ကျယ် ဘူးတစ်ခုနဲ့ ဆတ်ကနဲ လှမ်းအုပ်ထားလိုက်..ပြီးမှ လွှင့်ပစ်လိုက်လေ..ဟဲဟဲ..
    ဖတ်လို့ကောင်းတယ် သက်ဝေရေ...aliens များလားလို့...:)

    ReplyDelete
  5. ပိုးဟပ်လား မမ။ ကြောက်တော့ ကြောက်ပေမဲ့ ချတော့ ချရမှာပဲ လို့ အားတင်းထား။ ဟူးးးး တော်သေးတယ်၊ ကိုကြီး ပြန်လာပေလို့။
    ချိုသင်းကျတော့ မျှော့ ကြောက်တာ သေမတတ်။ ခန္ဒာကိုယ်နဲ့မှ မလိုက် လို့ အမြဲအပြောခံရတယ်။ :D

    ReplyDelete
  6. အော် ဖြစ်ရလေ သက်ဝေရယ်..ဘာများလည်းလို့..(အားနည်းချက်ကိုသိပြီ)..တို့ကတော့လာထား သတင်းစာလေးနဲ့တင် ကိစ္စတုံးပလိုက်တာ..

    ReplyDelete
  7. ကျွန်တော်တော့ ကြောက်တတ်တယ် ရယ်လို့ မမြင်မိပါဘူး။ စိတ်ထဲမြင်မိတာလေးကို အကြောင်းပြုပြီး စိတ်ဝင်စားစရာ ဆောင်းပါး တစ်ပုဒ်ဖြစ်အောင် စီကာပတ်ကုံးရေးသား နိုင်တာကိုပဲ လေးစားတယ်။

    (ဆက်လက်ရေးသားနိုင်ပါစေ)

    ReplyDelete
  8. ပိုးဟပ်မြင်တိုင်း တံမြက်စည်းနဲ့လိုက်ရိုက်တတ်တဲ့ သူငယ်ချင်းကိုတောင် သတိရမိတယ်...
    (စင်စင့်လိုလူဖြစ်မယ်.. :)

    ReplyDelete
  9. ဟယ် ဂလိုလား သနားထှာ
    တို့ များတော့ မြွေတောင်မကြောက် ။။
    ဒါပေမယ့်ယောင်္ကျားလေးတန်မယ့်ပိုးဟပ်ကြောက်တာတွေ့ ဖူးတယ် ။။။

    ReplyDelete
  10. ဟီးဟီး

    ရယ်ရတယ်။
    အဲလိုမျိုး ကြောက်တာ သိပ်မရှိဘူး။
    ကိုင်တော့ မကိုင်ရဲဘူး ဘာမှ။
    ဒါပေမဲ့ သူဟာသူ နေရင်တော့ မကြောက်ဘူး။(ထင်တာပဲ)

    :D

    ReplyDelete
  11. vista ပြောသလိုပဲ
    မကြောက်ပါဘူး
    ဟိ
    ရွံတော့ရွံတယ်...

    ပိုးဟပ်က ဘယ်နားရောက်သွားလဲ မသိ..
    စတာ

    ReplyDelete
  12. ပိုးဟတ်တွေအများကြီးကြောင့် ရည်းစားနဲ့ လွဲရတဲ့ ဟာသကားတကားကြည့်ဖူးတယ်...

    ကိုသက်ဝေရဲ့စာကတော့ ကောင်းလွန်းလို့ အဆုံးအထိ ဆွဲခေါ်သွားတော့တာပဲ...

းဝ)

    ReplyDelete
  13. မသက်ဝေလား...းD

    သိမှသိပဲကိုးဗျာ... ချောဒီးးး

းဝ)

    ReplyDelete
  14. မမရယ်.. ဖြစ်မှဖြစ်ရတယ်လို့.. နာ့မမကို သနားလိုက်တာ.. မမိုးချိုသင်းလိုပဲ ကျနော်ကတော့ မျှော့တို့ ကျွတ်တို့ အသေကြောက်... :D

    ဒီမှာလည်း နွေဘက်ဆိုတော့ ပိုးဟပ်တွေ ရှိတယ်.. သူတို့က တနှစ်လုံးများ တွင်းအောင်းထား လို့လားမသိဘူး.. အရောင်က မဲပြောင်နေတာပဲ... ပိုးဟပ်လို့တောင် မထင်ရဘူး.. ဟိုတလောကဆို ပူတော့ အပြင်ထွက်လမ်းသလားတယ်.. ကျနော်ကတော့ ဘာမှ မလုပ်ဘူး.. သူ့ကိုပဲ ပိုးဟပ်တွေ့တဲ့နေရာပြောပြလိုက်တယ်.. သူက တစ်ရှုးနဲ့ အုပ်ပြီး အပြင်ဘက်လွှင့်ပစ်လိုက်ရော.. နောက် သိပ်မကြာဘူး.. ၂ ရက် ၃ ရက်လောက်ဆို အိမ်ထဲပြန်ရောက်လာပြန်ရော.. ပိုးဟပ်မလာအောင်တဲ့..ဆေးဘူးလေးတွေ ၀ယ်ပြီး နေရာအနှံ့လိုက်ချထားတာပဲ..မရပါဘူး.. အသည်းတော့ယားတယ.်. ကြောက်တော့ မကြောက်ဘူး..:)

    ReplyDelete
  15. ဟာ... အားကိုးချင်စရာ အပေါင်းအသင်းတွေ တယ်များပါလား...
    ခတ်စရာမရှိရင် ဟင်းထဲ ထည့်ချက်ခိုင်းတဲ့သူ...
    နှုတ်ခမ်းမွှေးက ဆွဲပြီး ဘူးထဲ ထည့်ထားခိုင်းတဲ့သူ...
    သူသေ ကိုယ်သေ ချရဲတဲ့သူ...
    မြွေကိုတောင် မကြောက်တတ်တဲ့သူ...
    သတင်းစာနဲ့တင် ကိစ္စတုံးစေနိုင်တဲ့သူ...
    တံမြက်စည်းနဲ့ လိုက်ရိုက်တတ်တဲ့သူ...
    တစ်ရှုးနဲ့ တောင် အုပ်ကိုင်ပြီး လွှင့်ပစ်ရဲတဲ့သူ...

    ပြီးတော့ ကြောက်ပါတယ်ဆိုမှ
    ထပျံလာတတ်တယ် လို့ အားပေးသွားသူ...
    ပိုးဟပ်က ဘယ်နားရောက်သွားလဲ မသိ လို့ ခြောက်သွားသူ... (ကိုယ်က ကုတင်အောက်မှာများ ရှိနေအုံးမလားလို့ ခုထိ တွေးနေမိသေးတာ...)
    ဖတ်လို့ကောင်းတယ်လို့ အားပေးစကားဆိုသွားကြသူများ အားလုံးကို ကျေးဇူးတင် ချစ်ခင်လျှက်...

    ReplyDelete
  16. မျက်စေ့မှတ်ပြီးဆေးဖြန်းပလိုက်တယ်။

    ReplyDelete
  17. တစ်သျှူးလေးယူ..
    အဲ့အကောင်လေးအပေါ် အသာလေး ဖိနှိပ်လိုက်..
    ဗြစ်...ကနဲ...
    ပြီးရော..
    ကိစ္စပြတ်ပြီ..

    ReplyDelete
  18. ငယ်တုန်းက နှုတ်ခမ်းမွှေးဆွဲပြီး ကိုင်ပေါက်ဘူးတယ်

    လောလောဆယ် ကြောက်နေတာတော့ ဘာတုန်းဆိုတဲ့လူမိုက်ကြီး အပြောပါ...

    ReplyDelete
  19. အိမ်ကသမီးတွေလည်း ပိုးဟပ်မြင်ရင် ကြောက်ကြတယ်။ မကိုက်တတ်လို့ ကြောက်တော့မကြောက်ပါဘူး။ သူ့ အနံ့ ကိုတော့မခံနိုင်ဘူးလေ။ ကျောင်းတုန်းက ပိုးဟပ်၊ ဖား အကုန်ခွဲခဲ့ရတော့ မကြောက်တော့ဘူး။
    ရေးထားတာဖတ်လို့ ကောင်းပါတယ်။ ပိုးဟပ်ကိုရေးနေတယ်လို့ တောင်မထင်ရဘူး။

    ReplyDelete
  20. ဟိ အမသူငယ်ချင်းယောက်ျားလေးတယောက်ကလဲ ပိုးဟပ်ကြောက်တာ အသေပဲ။
    အမက ပိုးဟပ်မြင်တာနဲ့ ခြေထောက်နဲ့ နင်းသတ်ပစ်ရင် သူက သွေးဆုတ်နေတာ ။
    ခြေထောက်နဲ့မမိရင် မိတာနဲ့ သတ်ပစ်တယ်။ သက်ဝေ ညီမလေး မကြောက်နဲ့ အမ ရှိတယ် နောက်တခါဖြစ်ရင် ဖုန်းဆက်လိုက်နော် ဟိဟိ
    အမ ခင်မင်းဇော်

    ReplyDelete
  21. Call me next time....I'll shoot them :(
    by the way...let me know..if u need body guard...

    ReplyDelete
  22. နောက်တခါဆို အိမ်မှာ အမှိုက်ကျုံးတဲ့ လက်ကိုင်အရှည်နဲ့ ဂေါ်ကို အရင်ဆုံးယူ…တံမြက်စည်းယူ… အိမ်ရှေ့ တံခါးကို အသင့်ဖွင့်ထား… ပိုးဟပ်အနားကို အသာလေးသွား… သူက ကိုယ့်ထက်လျင်တယ်လေ… ဖြတ်ကနဲ တံမြက်စည်းလေးနဲ့  အမှို က်ထည့်သလို ဂေါ်ထဲထည့် တံမြက်စည်းနဲ့ အမြန်အုပ်… သေမသွားအောင် ဖွဖွလေးပဲအုပ်… ပြီးရင် အိမ်ရှေ့ အပေါက်ကို မြန်မြန်ပြေးပြီး ဂေါ်ကို ခါလိုက်… တံခါးမြန်မြန်ပြန်ပိတ်…ပြီးရော… ဟဲဟဲ…နဲနဲတော့ စွံ့ စားဖို့ လိုတာပေါ့လေ… သူ့ အသက်လဲ သတ်စရာမလို သူနဲ့ လဲ ခပ်ဝေးဝေးကနေ ဖြေရှင်းတဲ့နည်း… တို့ စမ်းဖူးတယ်…အောင်မြင်တယ်… တို့ ကတော့ ချိုသင်းနဲ့ ဂိုဏ်းတူ… တွားသွားအုပ်စု အကုန်ကြောက်… ခုအိမ်မှာ ဘောက်ဖတ်တကောင် ရှောက်ပင်ကို စားပစ်တာ တပင်လုံးကုန်တော့မယ်… ကြောက်လို့  လက်ပိုက်ကြည့်နေရတယ်… ထုံးစံအတိုင်း အိမ်ကလူကို အားကိုးရတော့မှာပေါ့… တီကောင်၊မျှော့၊ ခူ… ပြောရင်းတောင် အသဲယားတယ်… အကြောက်ဆုံးနဲ့ အမုန်းဆုံးသတ္တ၀ါကတော့ မြွေပဲ… သက်ဝေရေးထားတာ ဖတ်လို့ အတော်ကောင်း… ဒါလေးဖတ်ပြီး မမေငြိမ်း ၀တ္ထုတိုလေးတောင် သတိရသွားတယ်…

    ReplyDelete
  23. ဖတ်လို့ကောင်းတယ် အမ၊
    စိတ်ခံစားမူကို ရေးပြနိုင်တယ်။
    တကွက်ချင်းလိုက်မြင်မိတယ်၊ ရူးဖိနပ်သံရဲ့ အားဆေးကို တောင် ကြားမိသလို့ပဲ။

    ReplyDelete
  24. အရေးအသားတယ်ဟုတ်ပါလား။ တမင်ကြောက်ချင်ယောင်ဆောင်ပြီး ရေးသွားတာမဟုတ်လား။ :)

    ReplyDelete
  25. အမအရေးအသားကောင်းတာ ပိုဟပ်မကြောက်တတ်တဲ့လူတောင် နည်းနည်းကြောက်သွားတယ်။

    သူငယ်ချင်းတစ်ယောက်လည်း ပိုဟပ်ကြောက်တာ တွေ့တာနဲ့ ငယ်သံတောင်ပါအောင်အော်တယ်။ အဲဒါတောင် ယောက်ျားလေးနော်... အဲတော့ အမလည်း အားမငယ်နဲ့ အော်သာအော်.. ရဲရောက်လာမှ ပိုဟပ်ကိုဖယ်ခိုင်းလိုက်.. :D

    ReplyDelete
  26. ပိုးဟပ်ပျံတာကတော့ ဒီမှာ တကယ်မြင်ဘူးတာ။ ညမှောင်မှောင်မှာ ဘယ်က လိပ်ပြာ အခန်းထဲရောက်နေလဲမှတ်တာ။ သေသေချာချာ ကြည့်မှ ပိုးဟပ်။

    ReplyDelete
  27. သားငယ်ရေစင်လည်း အင်းဆက်တွေ သိပ်ကြောက်ပါတယ်...သူကြောက်ပုံက သနားဖို့တောင်ကောင်းတယ်...အရွယ်ရောက်လာရင်တော့ အကြောက်လျော့ပါစေ မျှော်လင့်မိပါတယ်...

    ReplyDelete
  28. မမ.. နောက်တခါကျရင် ဆေးလာကူဖြန်းပေးမလား...

    ပေါက်က တော်တော် သတ္တိကောင်းတာပါလား...

    ကိုရွာသားကို မခေါ်တော့ဘူး.. လူကို နာမည်ဖျက်တယ်... ကိုယ်ဒီလောက် မဆိုးပါဘူး...

    တန်ခူး... နည်းပညာ အသစ်အတွက် ကျေးဇူး...
    ကျိုးစားကြည့်မယ်... အဟဲ...

    ရီ အပြုံးပန်း ပန်းခရမ်းပြာ... ဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်...

    အမ ခင်မင်းဇော်... တကယ် ခေါ်ချင်ပါတယ်... ဖုန်းနံပါတ်ပေးပါ... :D

    Hmoo... နောက်တခါကျ ခေါ်လိုက်မယ်... ဘယ်ကိုခေါ်ရမှာလဲ 999 လား... :-P

    ကလူသစ်... တကယ်ကြောက်တာပါဗျ...

    ကိုပီတိ... ပိုးဟပ်တွေ့ရင် ရဲခေါ်ရမယ် ဟုတ်စ.. ဝတ္တရားနှောက်ယှက်မှုနဲ့ အဖမ်းခံရရင်တော့ ကိုပီတိကို လွှဲချလိုက်မှာ...

    သီတာ... ဒီမှာကြီးတဲ့ ကလေးတွေ ဒီလိုချည်းပဲ... အရမ်းကြောက်တတ်ကြတယ်... ကြီးလာရင်တော့ ကြောက်သင့်တဲ့ အကောင် ဟုတ်မဟုတ် ခွဲခွဲခြားခြား သိသွားမယ်လို့ မျှော်လင့်ရတာပဲ...

    အားလုံးကို ကျေးဇူး အကြီးကြီးပါဗျို့....

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...