Thursday, October 29, 2009

အတူတူဆိုရင်…

အမှန်ဆိုလျှင် ကိုယ့်ဘဝထဲကို ကိုယ့်အတွေးတွေထဲကို သူမ ဝင်ရောက်လာတာ သိပ်မကြာလှသေး။ အချိန်ကာလတွေကို သေသေချာချာ လက်ရေချိုး ရေတွက်ကြည့်မိတော့ ဒီနှစ် ကိုယ့်မွေးနေ့ ပတ်ဝန်းကျင်က စပြီး သူမနှင့် ရင်းနှီးခင်မင်ခဲ့ရတာ ဖြစ်သည်။ ကိုယ်ပိုင် ဘဝတခုကို ကိုယ်တယောက်တည်း တည်ဆောက်နေစဉ် မမျှော်လင့်သော အချိန်တခုတွင် သူမနှင့် မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ကြုံ ဆုံဆည်းခဲ့ရသည်။ တောင်တန်းတွေကြားမှာ၊ တိမ်လိပ်တွေအောက်မှာ၊ နှင်းမုန်တိုင်းတွေ ကြားထဲမှာ၊ ကြမ်းတမ်းသော မိုးစက် မိုးပေါက်တွေအောက်မှာ၊ အစာရှာထွက်ရင်း လူကိုတွေ့လျှင် လာ လာပုတ်တတ်သော ဝက်ဝံစုံတွဲတွေ ရှိရာ နေရာဒေသတချို့ဆီသို့ တကိုယ်တည်း ခရီးသွားနေရင်း သူမသည် ကိုယ့်နံဘေးမှာ ရှိနေတတ်သော ခရီးဖေါ်တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကိုယ့်ရဲ့ ဘဝ တစိတ်တဒေသ အကြောင်းနှင့် ကိုယ့်ရဲ့ အလုပ်အကိုင် အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမ၏ ဘဝအကြောင်းကိုလည်း တစေ့တစောင်း သိခွင့်ရခဲ့သည်။ သည်လိုစကားတွေပြောရင်း၊ တယောက်အကြောင်း တယောက် ပြောပြကြရင်း ကိုယ်တို့ နှစ်ယောက် ရင်းနှီးခဲ့ရသည်။

သူမ၏ ဘဝကတော့ သာမန် မိန်းကလေးတယောက်၏ ရိုးစင်း ရှင်းလင်းသော ဘဝတခုသာ။ သို့သော်လည်း ကိုယ့်မှာ ရှိမနေသော ကန့်သတ်ချက်မျိုးတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော တာဝန်ဝတ္တရားတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော ထောက်ထား ငဲ့ညှာစရာတွေ သူမဆီမှာ ရှိနေသည်။ ထို့အပြင် ရိုက်ချိုး ဖျက်ဆီး၍မရနိုင်သော နံရံတံတိုင်း တခုလဲ သူမနှင့်အတူ အခိုင်အမာ ရှိနေလေသည်။ သည်အကြောင်းကို တွေးမိကြတိုင်း၊ ပြောမိကြတိုင်း ကိုယ်တို့နှစ်ယောက်လုံး ဝမ်းနည်းကြေကွဲကြရသည်။ ထိုအကြောင်းတွေကို အတတ်နိုင်ဆုံး မေ့ဖျောက်ထားဖို့ နှစ်ဦးသား (တိုင်ပင်စရာမလိုပါပဲ) ကြိုးစားမိကြသည်။ တခါတရံ အမှန်တရားကို မဖြစ်မနေ လက်ခံကြရမည့် အချိန်မျိုးမှာတော့ ထိုမေ့ထားသော အကြောင်းအရာများကို စကားဝိုင်းအတွင်းသို့ အတင်း ဆွဲခေါ် သယ်ဆောင်လာဖြစ်ကြသည်ပေါ့။ ထိုအကြောင်းတွေ ပြောမိလျှင် ပြောနေရင်းနှင့်ပင် တခါတခါ ငြိမ်သက်နေမိကြသည်။ သူမကတော့ သက်ပြင်းတွေကို မကြာခဏ ချတတ်သည်။ ထိုသို့သော အခြေအနေတွေကြားမှပင် တစထက်တစ တိုးပွားလာသော သံယောဇဉ်ကြိုးတွေက ကိုယ့်တို့ နှစ်ယောက်စလုံးကို အထပ်ထပ် ရစ်နှောင်နေကြသည်။

အဝေးကြီးမှာ နေကြရသော်လည်း နှစ်ဦးသား အစဉ်နီးနီးလေးရှိနေသလို ခံစားကြရအောင် အချိန်များစွာမှာ ကိုယ်တို့နှစ်ဦးက နီးကပ်နိုင်ခဲ့ကြသည်လေ။ ပျော်ရွှင်စရာအချိန်များကို အတူတူ မျှဝေခံစား၊ ဝမ်းနည်းစရာ အကြောင်းများကို အတူတူ ဝမ်းနည်း၊ တယောက်၏ ပြဿနာတွေကို တယောက်က နားထောင်၊ ဖြေရှင်းလို့ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေပေးကြ၊ အချင်းချင်းလဲ ဖေးမ ကူညီစောင့်ရှောက်ရင်း၊ အဖေါ်ပြုရင်း တယောက်ကို တယောက် ကောင်းတူ ဆိုးဖက် ရဲဖေါ် ရဲဖက်တွေပမာ တွယ်တာလာကြသည်။ ထိုအရာတွေကို ကိုယ်က အချစ် ဟု ပြောပြခဲ့သော်လည်း သူမက သံယောဇဉ် ဟူသော စကားလုံးကိုသာ ပိုမိုနှစ်သက်သည်ဟု ဆိုစမြဲ။ ကိုယ့်ကို ချစ်လား လို့ မေးမိလျှင် သူမက ဘယ်တော့မှ အဖြေ ပေးလေ့မရှိ…။ သိရက်သားနဲ့ မမေးပါနဲ့ကွာ ဟု ပြန်ပြောတတ်သော သူမကို ချစ်ခင် ကြင်နာစိတ်ဖြင့် အစဉ် နားလည်ပေးခဲ့ရသည်ပဲ…။

အချစ်ဆိုသည်မှာ ပူလောင်သည် မှန်သော်လည်း၊ ရယူပိုင်ဆိုင်လိုစိတ်တို့နှင့် ယှဉ်သော အချစ်မျိုး ကိုယ့်ဆီမှာ ရှိမနေသော်လည်း အမှန်အတိုင်းဆိုရလျှင် သူမနှင့် အတူတူရှိချင်မိသည်။ သူမနှင့် အတူရှိနိုင်မည့် အချိန်ကလ တခုကိုလည်း တောင့်တ မျှော်လင့်နေမိသည်။ သူမ ကရော… တခါတခါ စိတ်လိုလက်ရ ရှိနေချိန်များတွင်တော့ စာတိုစာရှည်တွေ ရေးလေ့ရှိသည်။ သူမ၏ မာဆတ်ဆတ် စကားသံတွေထဲမှာ ရှာမတွေ့ရတတ်သော အရာတချို့ကို စာတွေထဲမှာ တွေ့ရတတ်သည်။ ထိုစာများမှတဆင့် သူမ၏ ရင်ထဲကို အတားအဆီးမရှိ မြင်ရလေ့ရှိသည်။ ထိုစာများကို ဖတ်ရလေတိုင်း စာလုံးဝိုင်းဝိုင်းလေးများနှင့်အတူ လိုက်ပါခံစားမိပြီး ဝမ်းသာ ဝမ်းနည်း ခံစားချက်မျိုးကို တပြိုင်နက် ခံစားရတတ်သည်။

ကိုယ်တို့နှစ်ယောက်သည် အသက်အရွယ်နှင့်လိုက်ကာ အမျိုးမျိုး ပြောင်းလဲနေကြသော တာဝန်များ ဝတ္တရားများ၊ စာနာ ထောက်ထား ငဲ့ကွက်စရာများစွာတို့ကို ဖယ်ခွာ ချန်ထားခဲ့နိုင်သော၊ ကိုယ့်ဘဝကို ကိုယ် ရာနှုန်းပြည့် ပိုင်ဆိုင်နိုင်သော အချိန်တချိန်ကို အတူတူ တောင့်တ မျှော်လင့်မိကြသည်။ နှစ်ဦးသား အတူတူ ရှိနေနိုင်မည့် အချိန်တွေအကြောင်းကို မကြာခဏ တွေးတော စဉ်းစားကြည့်ကြသည်။ တယောက်ကို တယောက် အချိန်ပြည့် အဖေါ်ပြုနိုင်ကြမည့် ကာလများကို ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တော့ဖြင့် လူနေသိပ်မထူထပ်လှသော၊ လှပ၍ တိတ်ဆိတ်ငြိမ်းချမ်းသော တောင်ပေါ်မြို့လေးတခုမှာ ဘဝနှစ်ခုကို တခုတည်း ပေါင်းစည်းနိုင်ရန် အရင်ဆုံးကြိုးစားကြမည်။ နှစ်ယောက်ဟာ တယောက်ထည်း ဖြစ်သွားကြမည့် အချိန်ကာလတခုဆီသို့ပေါ့…။ ထိုအခါ…

အတူတူဆိုရင်…
တယောက်ကို တယောက် အတတ်နိုင်ဆုံး ချစ်ခင်ကြင်နာကြမည်။ တယောက်ကို တယောက် အတတ်နိုင်ဆုံး နားလည်မှုတွေထားပြီး စိတ်ရှည်သည်းခံကြမည်။ မကြည်မလင် အမြင်မတော်သည်များကို ချစ်ခင်သော စိတ်ကလေးဖြင့် ဖြည့်ယူကာ ကြည်လင်စေကြမည်။

နံနက်စောစော နေထွက်ချိန်များတွင် ဟိုး အရှေ့ဖက်အရပ်မှ တောက်ပသော နေလုံးကြီးကို ငေးမောကြည့်ကာ အတူတူ နိုးထကြမည်။ ပြီးတော့ အပြာရောင် တိမ်လိပ်တွေ သိပ်လှတဲ့ နေ့တွေမှာ ကြည်လင်သော စိတ်နှလုံးတို့ဖြင့် ကောင်းကင်ပေါ်က တိမ်တွေကို အတူတူ မော့ကြည့်ကြမည်။ ကိုယ်ရော သူမပါ တိမ်တွေကို သိပ်ချစ်ကြသူတွေ မဟုတ်လား…။

ပြီးလျှင်တော့ ကိုယ်တို့နှစ်ယောက်ရဲ့ တနေ့တာ အချိန်တွေကို စားစရာတွေ အတူ ပြင်ဆင် ချက်ပြုတ်ရင်း၊ စာတွေ အတူတူဖတ်ရင်း၊ ကဗျာတွေ အတူတူစပ်ရင်း၊ သီချင်းသံတွေကြားမှာ စီးမျောရင်း ကုန်ဆုံးစေကြမည်ပေါ့…။ စာတွေဖတ်လို့ ညည်းငွေ့လာကြသည့် တချို့သော အချိန်မျိုးတွေမှာတော့ ချစ်စရာ ခွေးပုပုလေးတကောင်နှင့် ဘောလုံးလေး တလုံးနှင့် အတူတူ ဆော့ကစားကြအုံးမည်လေ…။

ညနေခင်း နေဝင်ချိန်များမှာတော့ ကမ်းစပ်တနေရာဆီကို လမ်းလျှောက်ထွက်ရင်း စကားတွေ အများကြီးပြောကြအုံးမည်။ တယောက်လက်ကို တယောက်က ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကြရင်းပေါ့…။ ထိုအခါ ဓါတ်ပုံရိုက်တာ ဝါသနာပါသော ကိုယ်က သူမကို နောက်ခံရှုခင်း လှလှတွေနှင့် သဘာဝကျသော ဓါတ်ပုံလှလှတွေလဲ ရိုက်ပေးမိမည် ထင်သည်။

ညအိပ်ရာဝင်ချိန်များမှာတော့ အခန်းမီးကို မှိန်မှိန်လေးထားပြီး ကြယ်တွေဆီကို အတူတူ ကြည့်ကြမည်…။ ကြယ်ကြွေချိန်တွေ ကြုံခဲ့လျှင်တော့ နောင်ဘဝဆက်တိုင်း အတူတူ ရှိနေနိုင်ပါရစေ ဟူသော မရိုးနိုင်သည့် ဆုတခုကို စိတ်တူ ကိုယ်တူ တောင်းဖြစ်ကြမည် ထင်သည်…။ လသာသော ညတွေမှာတော့ ကိုယ်တို့နှစ်ယောက်လုံး လှပသော လရောင်၏ ဖျားယောင်း ဖမ်းစားမှုတွေကို ကျေကျေနပ်နပ်ကြီး လက်ခံကြမည်ပေါ့လေ…။ အတွေး စိတ်ကူးတွေထဲမှာတော့ အနှိုင်းအဆမဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းလှသည်…။

လက်ရှိအနေအထားမှာ ကိုယ်တိုင်က လူ့ဘဝ၏ တဆစ်ချိုးဟု ဆိုလျှင် ရနိုင်သော အသက်အရွယ် အပိုင်းအခြားတခုကို ရောက်မှန်းမသိ ရောက်ရှိနေခဲ့ပြီ။ ကိုယ်တို့နှစ်ယောက်၏ လုပ်ရပ်များကို မှန်သည် မှားသည် ကဲ့ရဲ့ ကန့်ကွက် အပြစ်တင် စကားတင်း ဆိုစရာများ မရှိနိုင်တော့မည့် အချိန်ကာလ တခုကို ရောက်ရှိရန် ကိုယ်တို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြရပေဦးမည်။ ကိုယ့်သက်တမ်း မည်ရွေ့ မည်မျှ ကျန်ရှိနေသေးသည်ကို ကိုယ်တိုင်လဲ မသိနိုင်…။ သူမ၏ သက်တမ်းကိုလဲ ကိုယ် မမှန်းဆနိုင်..။ သို့သော်လည်း ကိုယ်တို့နှစ်ယောက်၏ သက်တမ်းတွေကို အတတ်နိုင်ဆုံး အရှည်ကြာဆုံး ဆွဲဆန့်နိုင်ရန်၊ ကိုယ်တို့နှစ်ယောက်အတွက် အချိန်တွေ များများ ကျန်ရှိနေရန်၊ ကျန်းမာစွာ ရှင်သန်နေထိုင်ရန် အတွက် ကိုယ် သူ့ကို အထပ်ထပ် သတိပေးနေမိသည်။ သို့မှသာ တချိန်ချိန်မှာ ကိုယ်တို့နှစ်ယောက် ဖန်တီးချင်သော ဘဝလေးတခုဆီသို့ အတူတူ လှမ်း၍ မျှော်လင့်နိုင်မည် မဟုတ်ပါလား…။



(သူငယ်ချင်းတယောက်က အခုတလော သူ့ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် တချို့နဲ့ အတွေးတချို့ ကို ပြောပြလာပါတယ်။ ပြီးတော့ သူပြောပြတာတွေကို ပိုစ့်လေးတခုအဖြစ် ဖန်တီးပါလား လို့လဲ ပြောလာသေးတယ်။ ဒါကြောင့်မို့ သူ့အတွေးတွေကို သူနဲ့အတူတူ လက်လှမ်းမှီသလောက် လိုက်ပါတွေးတော၊ သူနဲ့ အတူတူ ခံစားပြီး ပုံဖေါ်လိုက်တဲ့အခါ ဒီစာစုလေးကို ရလာပါတယ်။ ရေးပြီးတော့ သူ့ကို အရင်ပြပြီးမှ သူ့ရဲ့ခွင့်ပြုချက်နဲ့ ဒီပိုစ့်လေးကို တင်လိုက်ပါတယ်… လာဖတ်ကြတဲ့ သူငယ်ချင်းတွေကို သူက ကြိုတင်ပြီး ကျေးဇူးတင်နေပါတယ် တဲ့… ပြီးတော့ သူ့တို့နှစ်ယောက်ရဲ့ ဆန္ဒတွေ လက်တွေ့မှာ တကယ် ဖြစ်လာပါစေလို့ ဝိုင်းကူပြီး ဆုတောင်းပေးဖို့လဲ ပြောသွားပါသေးတယ်…။)

အတူတူဆိုရင်

21 comments:

  1. အမသက်ဝေရဲ့ အရေးအသားကောင်း နဲ့ ကောင်းကောင်းခံစားလို့ရပါတယ်...

    အတူတူဆိုရင်... ဆိုတာတွေ ချစ်တဲ့သူနဲ့ အတူတကွ ပျော်ရွှင်စွာလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမသက်ဝေရဲ့ သူငယ်ချင်းကို... :)

    ReplyDelete
  2. စိတ်ကူးယဉ်မိစေတဲ့ ပို့စ် ကလေး။

    ရုံးမှာ အလုပ်ရှုပ်နေတဲ့ကြားက အဲလက်စ် သီချင်းကို စိတ်ထဲက ညည်းရင်း ဖတ်မိတယ်။

    (... လူတွေနဲ့ ဝေးတဲ့နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင် ...)

    ဆန္ဒတွေ ပြည့်ပါစေ။

    မှန်တာ ဝန်ခံရရင်တော့ ဘာကိုမှ မမျှော်လင့်ချင်တော့။

    ReplyDelete
  3. မသက်ဝေရဲ့ ပိုစ့်လေးကိုဖတ်ရင်း ချစ်တဲ့သူတွေ အတူတကွ ပျော်ရွှင်ခြင်းတွေနဲ့ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. တစ်ခါဆုတောင်းဖူးတယ် ကျွမ်းလျက်မကွာရစေနဲ့လို့
    အမမွန်ကတော့သူ့ ငါးကျော်ကို ပြောသွားတယ်..

    ချစ်ခြင်းနဲ့ပတ်သတ်ပြီး အခုအချိန်ထိ အကျွမ်းဝင်မရှိသေးတာမို့ ငေးရုံလေးပဲငေးသွားတယ်ခင်ဗျ

    ReplyDelete
  5. စဖတ်တုန်းက အဆုံးထိ ဖတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့တာအမှန်ပဲ။ ဒါပေယ့် အရေးအသားကောင်းလွန်းလို့ အဆုံးထိ ဖတ်ဖြစ်သွားတယ်။ ချစ်သူနှစ်ဦး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  6. life is so short... လို့ တွေးမိတဲ့အခါ အတူတူနေဖို့ တားဆီးထားတဲ့ ကန့်သတ်ချက်တွေ စည်းခြားထားတဲ့ နံရံတွေကို ကျော်နိုင်တဲ့ ခွန်အားတွေနဲ့ ပြည့်လာပါစေလို့ပဲ ဆုတောင်းပေးချင်တယ်

    ReplyDelete
  7. အရေးအသားကောင်းလိုက်တာ

    ReplyDelete
  8. ချစ်သူတွေ အတူတူဆုံနိုင်ကြဖို့ လာဆုတောင်းပေးပါတယ် မသက်ဝေ။ ရေးတာကောင်းလွန်းလို့ အရမ်းခံစားရပါတယ်။

    ReplyDelete
  9. အေ၇ှ့က ပြောသွားတဲ့သူတွေလိုပဲ..
    အရေးအသားက အထူးပြောစရာ မလိုပါ။။
    ကောင်းပါ၏။။

    ReplyDelete
  10. ရေးတာတွေက လန်းသထက်လန်းလာတယ်။
    ဖြစ်တတ်ပါတယ်။ အားလုံးပျော်ဖို့ ဆုတောင်းပါတယ်။ :)

    ReplyDelete
  11. ဆုတောင်းပေးပါတယ်။ ကြည်နူးစရာ၊ လွမ်းမောစရာလေးတွေပါ။

    ReplyDelete
  12. မမစာရေးကောင်းလိုက်တာ.. “အတူတူဆိုရင်” ဆိုတဲ့ စာသားလေး မြင်လိုက်တော့ ၀ိုင်ဝိုင်းနဲ့တင်ဇာမော်လား မသိဘူး.. သူတို့ဆိုထားတဲ့ အတူတူဆိုရင် သီချင်းလေးကို သတိရမိတယ်.. :)

    ReplyDelete
  13. သူငယ်ချင်း၂ဦးရဲ့ ဆန္ဒနဲ့ လက်တွေ့ တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  14. rrrr,..
    so nice post.

    I love to read.

    I wish ... they will get happy ending.

    :)


    momiji

    ReplyDelete
  15. သက်ဝေရဲ့ ချောမွေ့ ဆွဲဆောင်တဲ့အရေးအသားကြောင့်ဖတ်ရင်းနဲ့  ကိုယ်ပါမျောဝင်သွားတယ်…
    သူတို့ နှစ်ဦးနီးကြပါစေလို့  ဆုတောင်းပေးချင်ပါတယ်သက်ဝေ…
    ဒါပေမယ့် တနေရာမှာ သက်ဝေရေးခဲ့တာလေး ဖတ်ပြီး
    “သို့သော်လည်း ကိုယ့်မှာ ရှိမနေသော ကန့်သတ်ချက်မျိုးတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော တာဝန်ဝတ္တရားတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော ထောက်ထား ငဲ့ညှာစရာတွေ သူမဆီမှာ ရှိနေသည်။ ထို့အပြင် ရိုက်ချိုး ဖျက်ဆီး၍မရနိုင်သော နံရံတံတိုင်း တခုလဲ သူမနှင့်အတူ အခိုင်အမာ ရှိနေလေသည်။”

    တကယ်လို့ များ သူတို့ နှစ်ယောက်ရဲ့ ငဲ့ညာထောက်ထားစရာဟာ တခြားတယောက်ယောက်ရဲ့ နှလုံးသားမဟုတ်ခဲ့ရင်... သိပ်ချစ်ကြသူနှစ်ဦးအမြန်ဆုံးနီးကြပါစေလို့  ဆုတောင်းမိပါတယ် သက်ဝေရယ်….

    ReplyDelete
  16. အပြစ်ကင်းတဲ့ ချစ်ခြင်းတိုင်း အမြန်ဆုံး ဆုံဆည်းနိုင်ပါစေ။

    သူများကို ခံစားနားလည်ပေးတဲ့ မမ သက်ဝေလဲ ပျော်ရွှင် ကြည်နူးရပါစေ။

    ReplyDelete
  17. Really nice & hit....
    Life is ...
    I trust love

    ReplyDelete
  18. လူတိုင်း လူတိုင်းဟာ ကိုယ်စီဘဝတွေမှာ အပြစ်ကင်းစင်တဲ့ ချစ်ခြင်းကိုသာ အလိုရှိကြ တောင့်တကြစမြဲ ဖြစ်ပေမယ့် တခါတခါမှာ ကြိုတင်မမြင်နိုင်တဲ့ တထောင့် တနေရာကနေ သူ့အလိုလို ဖြစ်ပေါ်လာတတ်တဲ့ ချစ်ခြင်းတွေလဲ ရှိနေတတ်တာမို့...
    သူငယ်ချင်းကို ချစ်ခင် ကြင်နာတဲ့စိတ်နဲ့ ဒီပိုစ့်လေးကို အမှတ်တရ ရေးဖြစ်ပါတယ်...။

    ချစ်ခင်စွာ အားပေးသွားကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးပါ။ ကိုယ်တိုင်သိနေတဲ့ ဖြစ်ရပ်လေးတခုမို့လဲ ဒီလောက် ရေးနိုင်သွားတာပါ။
    ဆုတောင်း စကားတွေအတွက်လဲ သူငယ်ချင်းက ပြောမပြတတ်အောင် ကျေးဇူးတင် ဝမ်းသာမိပါတယ်တဲ့...။

    ကိုယ် ကိုယ်တိုင်ကလဲ သူ့တို့နှစ်ယောက်ရဲ့ ဆန္ဒတွေ အတွေးစိတ်ကူးတွေ အမှန်တကယ် အကောင်အထည်ပေါ်လာနိုင်တဲ့ တချိန်မှာ ကြည်နူး ပျော်ရွှင်စရာ ပိုစ့်လေးတခုကိုလဲ အမှတ်တရ ရေးခွင့်ရချင်ပါသေးတယ်...။
    ထူးအိမ်သင်ရဲ့ ဇာတ်ပေါင်းခန်း ဆိုတဲ့ သီချင်းလေးနဲ့ အတူပေါ့...

    ReplyDelete
  19. The more you love...
    The more you live with ...."who" you love :)

    ReplyDelete
  20. မမ ရေးခဲ့တဲ့ ကဗျာတပုဒ်ရဲ့ comment မှာ
    တယောက်က ဒီ link လေးထားပြီး သွားဖတ်ကြည့်လိုက်ပါလားဆို့လို့ လာဖတ်တာ

    သည်အတွေးနဲ့ အရေးထဲ နစ်မျောနေမိတာ အချိန်တွေ ဘယ်လောက်ကြာသွားခဲ့ သလဲ.. သတိမထား မိတော့ ဘူး

    အစ အဆုံး အကြိမ်ကြိမ်ပြန်ဖတ်ရင်း.. တစုံ တရာ အတွက်
    ကြေကွဲ သလိုလို.. ကြည်နူးသလိုလို.. ပြီးတော့ ဘယ်လို ပြောရမှန်းမသိတဲ့ ခံစားချက်တွေပါ ပေါ်လာခဲ့တယ်

    အရမ်းကောင်းတယ် .. သက်ဝေ

    အဲဒီချစ်သူ နှစ်ဦး တနေ့နေ့ မှာ ဆုံ ပါစေ လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...