ဒီတပါတ် သူ ခရီးသွားနေသည်။ သူ သွားသွားချင်း ပထမတရက် နှစ်ရက်မှာ လူက ဘယ်လိုမှ နေလို့ မကောင်း။ စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ဖြစ်နေတာကြောင့်လဲ ပါမည်ထင်သည်။ သူမရှိတော့ အလိုလို ပျင်းနေပြီး ဟိုဟို ဒီဒီ ဘယ်မှလဲ မသွားချင်၊ အားနည်းနေသလိုလို အိပ်ရေးပဲ မဝသလိုလို နေပဲ မကောင်းချင်သလိုလို ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိ... လူက နုံးနေသည်။ လွမ်းသလားလို့ မေးလာရင်တော့လဲ အရမ်းလွမ်းတယ်လို့ ပြောရမှာပါပဲ…။ တခါတလေလေး ခဏတဖြုတ်လေး ခွဲရတာများ အဖြစ်သည်းမနေနဲ့လို့ ပြောလာလျှင်လည်း ခံရရုံ။ အတူတူရှိနေချိန်များမှာ ကိုယ့်ကို အရာရာကို ထိန်းကျောင်း တည့်မတ်ပေးနိုင်သော၊ အချိန်နှင့်အမျှ လိုအပ်သမျှ ဂရုစိုက်တတ်သော၊ သူ့တာဝန်၊ မိသားစု တာဝန်တွေကိုသာမက တွေသာမက ကိုယ့်တာဝန်တွေကိုပါ အစဉ်အမြဲ မငြီးမငြူ ကူညီဆောင်ရွက်ပေးတတ်သော သူ့ကြောင့် အရာများစွာသည် အဆင်ပြေပြေ အေးအေးချမ်းချမ်း…။ ကိုယ်က သူ့အနောက်ကနေ အချောင်လေးခိုကာ သက်တောင့်သက်သာ နေ နေရုံ၊ သည်တော့ သူမရှိသည့်အချိန်တွေမှာ သူ့ကို လွမ်းသည်ပေါ့…။ ဘာလုပ်လို့ လုပ်ရမှန်းမသိ… လူက အူကြောင်ကြောင် ယောင်လည်လည်…။ အိပ်ရာထဲခွေပြီး သူ့ဆီက ဖုန်းကို မျှော်လိုက် Message တွေ မျှော်လိုက်နှင့် အချိန်တွေကလဲ ကုန်နိုင်ခဲဘိခြင်း။
ကော်ဖီ ပေါင်မုန့်နှင့် ပန်းသီး လိမ်မော်သီးများဖြင့် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ကို ဖြတ်ကျော်လာပြီးသောအခါ လူက မခံနိုင်တော့…။ တခုခုတော့ စားမှဖြစ်ချေမည်။ ထို့ကြောင့် မနက်စောစော ထမင်းတအိုးတည်ကာ ကြက်ဥကြော်ပြီး ဘုရားလဲ ဆွမ်းတော်ကပ်၊ ကိုယ်လဲ အဲဒါပဲ အလွယ်တကူ စားလိုက်သည်။ ဖရီဇာထဲမှာ ငါးတွေ ပုဇွန်တွေ တွေ့သော်လည်း စောစောစီးစီး မကြော်ချင် မချက်ချင်တော့။ အစာနဲနဲဝင်သွား၍လားမသိ၊ လူက နဲနဲလန်းဆန်းလာသည်။ သည်လိုနှင့် ရုံးမှာ တနေ့ ကုန်သွားသည်။ ညကျတော့ အိမ်မှာ စာဖတ်လိုက် မျက်စေ့တွေညောင်းလာရင် ခဏနားလိုက်၊ တီဗီရှေ့ရောက်လိုက်၊ ကွန်ပျူတာရှေ့ထိုင်လိုက် ဘလော့ဂ်တွေ ဖတ်လိုက်၊ Facebook ကို သွားလည်လိုက်၊ ဟိုရေး ဒီရေး ရေးလိုက်နှင့် တည ကုန်သွားပြန်သည်။ ဒီနေ့တော့ အရင်နေ့တွေကလို ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ သူ့ကို လွမ်းနေသော စိတ်တွေ အနည်းငယ် ရော့သွားသလိုလို…။
ညဖက် သူဖုန်းခေါ်တော့ အရင်ရက်တွေကလောက် အခြေအနေ မဆိုးတော့… စကား ကောင်းကောင်းပြောလို့ရလာသည်။ လိုချင်တာတွေ မှာအုံးလေ... ဟု ပြောလာသောကြောင့် အင်း... အီးမေးလ် ပို့လိုက်မည်... ဟု ပြန်ပြောလိုက်သည်။ တယောက်တည်း ပျင်းမနေနဲ့... အစားလဲ မှန်မှန်စားအုံးနော် ဟူသော သူ့အပြောကို ဟုတ်ကဲ့ပါ… စားနေပါတယ် ဟု သွက်သွက်လက်လက် ပြန်ပြောလိုက်နိုင်သည်။ အမှန်တကယ်လဲ စားတာပဲကို... နော့လေ... ခါတိုင်း အကြောင်းပြချက် အမျိုးမျိုးနှင့် ရှောင်နေသော ကြက်ဥတောင် စားလိုက်သေး…။ အမှန်ကတော့ ပျင်းလို့ လွယ်တာ လုပ်စားတာ ဖြစ်ကြောင်း သူ မသိရှာ…။
နောက်တနေ့…
တနေ့တာ သုံးဆောင်ထားသော ကော်ဖီ ၄ ခွက်၏ ကောင်းမှုကြောင့် ထိုညက အိပ်မရ…။ ဖတ်စရာစာအုပ်တွေ ရှာပြီး အိပ်ရာပေါ်တင်ထားလိုက်သည်။ စိတ်ထဲပေါ်လာသလို ဟိုတစ ဒီတစ ဟိုတအုပ် ဒီတအုပ် ယူဖတ်မည်။ အိပ်မရတဲ့ အတူတူ ပဉ္စမမြောက် ကော်ဖီခွက်ကို ဖန်တီးပြီး စာအုပ်တွေဖတ်သည်။ စာဖတ်လို့ အရမ်းကောင်းသည်။ နာရီကြည့်လိုက်တော့ ည ၁၂ နာရီကျော်ကျော်…။ သူသာရှိနေရင် အတင်းအိပ်ခိုင်းနေလောက်ပြီ။ ကောင်းကောင်းပြောလို့ မရလျှင် မီးပိတ်တော့မည်… ဘာညာ ဘာညာနှင့် ဆူပူတတ်သော အချိန်…။ အခုတော့ ဆူပူမည့်သူ မရှိ…။ သည်လိုနှင့် မနက် ၄ နာရီကျော်ကျော်အထိ စာဖတ်နေလိုက်သည်။ လုပ်ချင်တာကို အတားအဆီးမရှိ လုပ်ရသောကြောင့်လား မသိ၊ လူက အိပ်ရေးမဝသော်လည်း ကြည်လင်နေသည်။ လူများ တယ်ခက်သနော်…။ မနက် ရှစ်နာရီ ရုံးသွား၊ ရုံးမှာလဲ ကော်ဖီတွေသောက်… အလုပ်လုပ်… လုပ်ဖေါ်ကိုင်ဖက်များနှင့် စကားပြော… တရက်ကုန်သွားပြန်သည်။
အိမ်ရောက်တော့ အသင့်ရှိနေသော ကြက်ဥကိုပင် ဟင်းအဖြစ် ဖန်တီးပြီး ညစာစားလိုက်သည်။ အရွက်စိမ်းတချို့ကို တွေ့သော်လည်း အပျင်းစိတ်က စိုးမိုးသည်။ အိပ်ရာပေါ်မှ ဖတ်လက်စ စာအုပ်များကလဲ ကိုယ့်ကို မျက်စပစ်နေလေသည်။ လောဘစိတ်ကြောင့် စင်ပေါ်မှ စာအုပ်တချို့ကိုပါ ထပ်ယူပြီး အိပ်ရာပေါ်ကို ပုံထားလိုက်မိရာ အိပ်ရာပေါ်တွင် စာအုပ်စင် တည်ထားသလို ဖြစ်နေသည်။ အိပ်စရာ တနေရာစာ ကွက်ကွက်လေးသာ ကျန်နေတော့သည်။ ထမင်းစားပြီး တီဗွီရှေ့ ခဏထိုင်မိသော်လည်း ဘာမှကြည့်စရာမရှိ…။ သူငယ်ချင်းတယောက်နှင့် ခဏ ဖုန်းပြော ပြီးတော့ ဘလော့ဂ်လည်ထွက်။ ပြီး ရေမိုးချိုးပြီး စာအုပ်တွေ စဖတ်တော့သည်။ ဇိမ်ကျလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ကော်ဖီတွေ အများကြီးသောက်လို့ ဆူမယ့်သူမရှိ၊ ညမိုးချုပ်ထိ စာဖတ်နေလို့ ဆူမယ့်သူမရှိ၊ အိပ်ရာပေါ်မှာ ရှုပ်ဖွထားလို့ ဆူမယ့်သူမရှိ၊ ထမင်းကောင်းကောင်းမစားလို့ ဆူမယ့်သူမရှိ၊ သူငယ်ချင်းတွေနှင့် ဖုန်းအကြာကြီးပြောနေလို့ ဆူမယ့်သူ မရှိ…။ တယောက်တည်း အကြိုက်တွေ့နေသည်။
ညက အရှိန်တွေကြောင့် မနက်စောစော သူ့ဆီက ဖုန်းလာတော့ ဖုန်းမြည်နေတာ အကြာကြီး... လူက တော်တော်နဲ့ မနိုး…။ သူက ကိုယ့်ကို သိပ်သိသည်လေ…။ ချက်ချင်း မေးလာသည်…။ ညက ဘယ်အချိန်အိပ်သလဲ တဲ့…။ အင်း… အဲ… နဲ့ တော်တော်နဲ့ အဖြေမပေးသော ကိုယ့်ကို သိပ်တော့မဆူ၊ ညနက်နက်အထိ မနေဖို့နှင့် ထမင်းကောင်းကောင်းစားဖို့သာ ပြောသည်။ ကိုယ်ကလဲ ဟုတ်ကဲ့ပါ ခြင်း ထပ်နေအောင် ပြောလိုက်သည်။ ယုံပုံတော့မရ... မမြင်ရသောကြောင့် ပြောမရ၍ သည်းခံခြင်းမျိုးဖြင့် သည်းခံလိုက်ပုံရသည်။
ရုံးမှာလဲ အလုပ်က ခပ်ပါးပါး…။ သူငယ်ချင်းတယောက်က သူကြည့်ပြီးသော ကိုရီးယားကားလေး သိပ်ကောင်းကြောင်း ပြောလာသည်။ မင်းသားကလဲ အတော်ချော အတော်လှ ဆိုပဲ…။ အချိန်ရရင် ကြည့်ပါလား တဲ့။ အိုကေ… လုပ်လိုက်လေ ကြာသလားလို့…။ သိပ်မကြည့်ချင်ရှာပုံက ညနေရုံးအဆင်းမှာ သူငယ်ချင်းအိမ်ကို အခွေလိုက်ယူမိသည့်အထိ။ ထိုနေ့ညစာကတော့ သူငယ်ချင်းနဲ့အတူ အပြင်မှာ စားလိုက်သောကြောင့် နဲနဲစိုပြေသည်ဟု ပြောလို့ရပေသည်။ အိမ်ရောက်တာနှင့် ရေချိုး၊ အစဉ်အလာမပျက် ကော်ဖီတခွက်ဖျော် ပြီးတာနဲ့ ကိုရီးယားကားကို စကြည့်တော့သည်။ စုစုပေါင်း ဇာတ်လမ်းတွဲ နှစ်ဆယ် တဲ့…။ ဘုရားရေ… သွား မစမိလျှင် ကောင်းမည် ထင်သည်။ အို.. ဘာပဲဖြစ်ဖြစ် သူငယ်ချင်းက ဒီလောက်တောင် ပြောနေမှဟာ နဲနဲတော့ ကြည့်ကြည့်လိုက်မည်။ ကိုယ် မကြိုက်ရင် အချိန်မရွေးရပ်လို့ရတာပဲ…။ သို့သော် တိုတိုပြောရလျှင်တော့ ထိုညက ၄နာရီခွဲသွားသည်။ ကိုရီးယားကားကြည့်ရင်း အရာရာကို မေ့သွားသည်။ တကယ်ပါ မင်းသားက သူငယ်ချင်းပြောတာထက်တောင် ပိုချောသေး…။
ကြည့်လိုက်မိသော ထို ကိုရီးယားကားကြောင့် နောက်တနေ့ရုံးမှာ ဘာမှလုပ်လို့ စိတ်မပါတော့…။ စားလဲ ဒီစိတ် သွားလဲ ဒီစိတ်ဆိုတာ တော်တော်မှန်နိုင်သည်။ ထိုနေ့က သူ ဖုန်းဆက်တော့ ဘာတွေလုပ်နေလဲ... အဆင်ပြေရဲ့လား... ပျင်းနေသလား... မေးလာသဖြင့် အချိန်တွေ မြန်မြန်ကုန်အောင် ကိုရီးယားကား ကြည့်နေသည် ဟု ပြောလိုက်သည်။ ညဖက် ဘယ်အချိန်တွေ အထိ ကြည့်နေသလဲဟု သူကမမေးသလို ကိုယ်ကလဲ မပြော…။ (ဒါ ပြောစရာလား…)။ ကိုယ် ကိုးရီးယားကားတွေ တခါမှ မကြည့်ဖူးမှန်း သိနေသောကြောင့် ကြာရှည်ကြာမြင့် စွဲစွဲလမ်းလမ်းတွေ ကြည့်နေလိမ့်မည်ဟု သူနဲနဲမှ မျှော်လင့်မထားသည်မှာ အထင်အရှား…။ ရှိစေတော့…။ ရှိစေတော့...။
ညနေမှာ အိမ်ကို မြန်မြန်ပြန်ရောက်ချင်ဇောက လူကို ကြီးစိုးနေသည်။ ညစာအတွက် ခေါက်ဆွဲပြုတ် စားလိုက်မည်။ အဲဒါက အချိန်ကုန်သက်သာသည်လေ… တဖက်က ခေါက်ဆွဲပြုတ်ထားရင်း ကိုယ်က ရေကို ခပ်မြန်မြန် ချိုးလိုက်သည်။ ကော်ဖီလဲ ဖျော်ထားလိုက်သေးသည်။ အားလုံး တပြိုက်နက်ပြီးသွားတော့ တီဗွီရှေ့ကို စားစရာများ ယူချလာပြီး ဧည့်ခန်းကို ထမင်းစားခန်းအဖြစ်သို့ အသွင်ကူးပြောင်းလိုက်သည်။ သူတွေ့ရင် ဆူမှာမလွဲ…။ ထိုညကလဲ ၄ နာရီကျော်သွားသည်။ အပိုင်း နှစ်ဆယ်မှာ ဆယ်ပိုင်းတိတိ ပြီးသွားလေပြီ။ အောင်မြင်မှု…။
နောက်တညမှာလဲ ထိုနည်းလည်းကောင်း… ပြီးတော့ နောက်ထပ် တည… စုစုပေါင်း လေးညတိတိနှင့် ဇာတ်လမ်းတွဲ နှစ်ဆယ်ကို အပြတ်ဖြတ်နိုင်သော ကိုယ့်ကို သူငယ်ချင်းက လူထူး လူဆန်းသဖွယ် ကြည့်သောအခါ ကိုယ် ပြုံးနေမိသည်။
စာရင်းချုပ်လိုက်တော့ သူမရှိသော နေ့ရက်များအတွင်း ပထမ နှစ်ရက်က သူ့ကို လွမ်းသည်။ နောက်နှစ်ရက်က စာအုပ်တွေ မိုးလင်းလုနီးနီး ဖတ်သည်။ နောက် လေးရက်က ကိုရီးယားကားကို အပိုင်ပေးလိုက်သည်။ သောက်မိသည့် ကော်ဖီခွက်တွေက မရေမတွက်နိုင်၊ ရေခဲသတ္တာထဲမှာ အသားဗူးတွေကတော့ဖြင့် အရာမယွင်း၊ အရွက်စိမ်းတွေက နွမ်းလုလု၊ ပန်းသီးက ကုန်နေပြီး ကြက်ဥကတော့ သုံးလုံးပဲကျန်တော့သည်၊ လျှော်ပြီးသားအဝတ်တွေ အခြောက်ခံစက်ထဲမှ ထုပ်လာသော အနေအထားအတိုင်း တပုံ၊ မီးပူလဲ မတိုက်ရသေး၊ အိပ်ရာပေါ်မှာကျတော့ ပြန့်ကျဲနေသော စာအုပ်တွေ တောင်ပုံ ယာပုံနှင့် အတူ သီချင်းစီဒီတွေ၊ ဗွီစီဒီတွေ၊ စာတိုက်ပုံးထဲမှ ထုပ်လာသော မဖေါက်ရသေးသော စာတွေ၊ မပေးဖြစ်သေးသော ဘေလ်တွေ၊ တယ်လီဖုန်း၊ ပိုက်ဆံအိပ်၊ အိမ်သော့၊ ကားသော့၊ အခန်းသော့တွေ... ပြီးတော့ စာရွက်ဖြူ အလွတ်တွေနှင့် ဘောပင်တွေ၊ နှိုးစက်နာရီ နှင့် လက်ပတ်နာရီ၊ ကွန်ပျူတာရှေ့မှာကျတော့ ရေဗူးနှင့် သောက်လက်စ ရေခွက်၊ သကြားလုံး ချောကလက် ဘီစကစ် စသည့် မုန့်မျိုးစုံဗူးတွေအပြင် ဖေါက်လက်စ Panadol တကဒ်လဲ ရှိနေသေးသည်။ မီးဖိုထဲမှာတော့ ဘာမှ မရှုပ်ပွလှ… မရှုပ်ဆို ဘာမှမှ သိပ်ချက်မစားဖြစ်တာလေ...။ ဧည့်ခန်းထဲမှာတော့ ဧည့်ခန်းကို ထမင်းစားခန်းအဖြစ်သို့ အသွင်ပြောင်းထားသည့်အတွက် စားပွဲသေးသေးနှစ်လုံးနှင့် ကော်ဖီခွက် တခွက်၊ တစ်ရှုးလိပ် တခု၊ သတင်းစာခေါက်တွေ၊ ပေါက်ပေါက်ရှာရှာ ခေါင်းအုံးတလုံးတောင် အဆစ်ပါနေသေး…။
သေချာတာ တခုကတော့ သည်ည ကိုယ် အိပ်ရမည်မထင်…။
ဖတ်ချင်နေသေးသော ဖတ်လက်စ စာအုပ်တွေ နှင့် တချို့အပိုင်းတွေ (မင်းသား.. မင်းသား…) ပြန်ကြည့်ချင်နေသေးသော ကိုရီးယားကားကို အသာ ဘေးဖယ်ထား… ရှင်းစရာ ရှိတာတွေ အကုန်လုံးကို ဒီတညနှင့်အပြီး ရှင်းနိုင် လင်းနိုင်ပါမှ အဆင်ပြေလိမ့်မည်။ မနက်ဖြန် မနက်ဆို သူ ပြန်ရောက်လာတော့မည်လေ…။
မှတ်ချက် ။ ။
ရေးထားတာတွေ အားလုံး ရာနှုန်းပြည့် အမှန်တွေချည်း မဟုတ်ပါ…။
အဟုတ်ကြီးမှတ်ပြီး ဟာ… သက်ဝေ တော်တော်ဆိုးပါလား ဆိုပြီး အပြစ်တွေ ဝိုင်းပြော မသွားကြပါနဲ့နော် …။ အဲဒါတွေ သူ ဖတ်ပြီးရင် အားတက်ပြီး ကိုယ့်ကို ဆူစရာ အကွက်တွေ ပိုရသွားလိမ့်မယ်…။ အခုလဲ အိမ်ရှင်းနေရတာ မောနေတာပါပဲ...။ ကျေးဇူးပြု၍ ကြင်နာကြပါ…။

ကြင်နာပါတယ်ကွယ်... အိမ်ဖြည်းဖြည်းရှင်း...မောနေဦးမယ်
ReplyDeleteသနားအောင် ရေးတတ်တယ်တာ သိနေတော့ အမှန်တွေ မဟုတ်ဘူးဆိုတာလည်း သိနေပါတယ်။ ကြင်နာပါတယ် အမရယ်... ညမအိပ်ပဲ နားနားပြီးရှင်းပေါ့နော်။
ReplyDeleteလိုအပ်ရင် ခေါ်လိုက်နော်...
အိပ်နေမယ်.. အဟိ :P
လွမ်းပေးဖော်ရှိနေတာသိရင် ကျေနပ်နေမှာ အမှန်ပါ။
ReplyDeleteအိမ် မရှင်းထားလဲ ခွင့်လွှတ်ပေးမယ်ထင်ပါတယ်။
(အဆူခံရရင်တော့ ကျွန်တော်မပါဘူးနော်)
ဟားဟားဟား, သနားစရာလေးကွယ် အဲလိုပြောချင်တာ အကြာင်းသိနေတော့လဲ ခက်သကွယ်:D
ReplyDeleteMiss Him...wanna 2 see.....Gift :)
ReplyDeleteအ ဟက် ဟက် ဟက် လို့
ReplyDeleteရီချင်တာ..
မရီပါဘူး။
မမကို သနားလို့။
:D
ကိုရီးယားကားက ဂျူမုံကားကြည့်မလား မသက်ဝေ
ReplyDelete99 တွဲ ရှိတယ်။ ယူမယ်ဆိုရင် အနီးဆုံး MRT မှတ်တိုင်ထိ လာပေးမယ်
ပုံ / အဆူခံရတာကို မြင်ချင်နေသူ ပြည်သူတစ်ဦး
ချစ်ကြပါ ချစ်ကြပါ
ReplyDeleteဒီလိုမှန်းသိ အိမ်လာပီး ဟင်းချက်ကျွေးခိုင်းပါတယ် ဟိ
သူဖတ်များ ဖတ်နေပြီလားဟု မချင့်မရဲတွေး..
ReplyDeleteသူ့ဆီ ဒီပို့စ် မရောက်ရောက်အောင် ဓါတ်ချောစာ ပို့လိုက်ရမည်လားဟု ကိုယ်တွင်း စေတန်က remind လုပ်...။
အို သူ့ကို မလွမ်းရအောင် စိတ်ကို တင်းထားနိုင်အောင် မကောင်းတာတွေမှန်းသိရက်နဲ့ ကြံဖန်နေရတာ သူသိတန်ကောင်းပါရဲ့ သက်ဝေရယ်။
ReplyDeleteတကယ်ဆို သူမရှိတုန်း နန်းကြီးသုတ်တို့ အုန်းနို့ခေါက်ဆွဲတို့ လုပ်ပြီး အပေါင်းအသင်းတွေကို တနေ့လုံး အိမ်ခေါ်ကျွေးသင့်တာ....
ReplyDeleteဟားဟားဟား ရီလိုက်ရတာ။
ReplyDeleteမဂျူးရဲ့ စောင့်ဆိုင်းခြင်းရဲ့ နိယာမ ဆိုတဲ့ဝတ္ထုတိုလေးတောင် သတိရသွားတယ်။
အိမ်ရှင်းသာရှင်း မမရေ။ ကြောင်မရှိတုန်း ကြွက်သောင်းကျန်းထားတာလေးတွေ.. :)
(ဒါနဲ့ ကိုကြီးက ရန်ကုန် ပြန်တာလား မမ)
တို့ကဒါမျိုးလုပ်နေကျ။
ReplyDeleteမသက်ဝေ ရေးတာ ဖတ်ပြီး မမ KOM ကို မြင်ယောင်နေတာ.. ကော်မန့်တွေ ဖတ်တော့ သူရေးတာတွေ့ပြီး ပြုံးမိတယ်။ အမတယောက်ထဲ မဟုတ်ပါ... အဲ့သလိုတခါတလေ လုပ်ရတာ အပြစ်ရှိတယ်လို့ ခံစားရပေမယ့် ကျေနပ်စရာလည်း ကောင်းသား
ReplyDelete:)ဟာ..ဒီလိုမှန်းသိလာလည်ပါတယ်။ ခေါ်လိုက်တာမဟုတ်ဘူး။
ReplyDeleteဆင်ဆင်ရေ.. ကျုပ်ကို အဲဒီ၉၉ခွေစာတိုက်ကပို့ပေးပါလား။
mm
နောက်တညမှာလဲ ထိုနည်းလည်းကောင်း… ပြီးတော့ နောက်ထပ် တည… စုစုပေါင်း လေးညတိတိနှင့် ဇာတ်လမ်းတွဲ နှစ်ဆယ်ကို အပြတ်ဖြတ်နိုင်သော ကိုယ့်ကို သူငယ်ချင်းက လူထူး လူဆန်းသဖွယ် ကြည့်သောအခါ ကိုယ် ပြုံးနေမိသည်။
ReplyDeletehar har...u r so longer than me, for me.. only one day.
start 7pm to till morning 12 pm.
:D
that's why i m afraid to watch Korea movie.
:)
ကျေးဇူးပြု၍ ကြင်နာကြပါ…။
:D
အစ်မက တယ်ဆိုးတာပဲ။ :D (ပုံရိပ်က အစ်မထက်ဆိုးသေး။ အားမငယ်နဲ့။)
ReplyDeleteတော်တော်ဆိုးပါလား..လို့မပြောတော့ဘူး... :))
ReplyDeleteဆင်ခြေ ၊ ဆင်လက်တွေ ရောင်းရန်ရှိသည်..။
အမြန်ဆက်သွယ်ပါ... :P
မမသက်ဝေရေ.. ကိုရီးယားကား စွဲတာတော့ယုံတယ်... ကျနော့်တုန်းကတော့ ၁၆ ပိုင်းကို ၄ ရက် ကြည့်ယူရတယ်.... တပိုင်းပြီး တပိုင်း ဆက်ဆက်ကြည့်ချင်နေတာဆိုတော့ ဒီတပိုင်းပြီး အိပ်ပါမယ်လေ လုပ်ရင်းက မိုးလင်းတယ်... :D
ReplyDeleteအမရေ.. ကော်ဖီတွေ အဲလောက် သောက်လား... မအိပ်ချင်အောင် သောက်တာလားဟင်.. ကျနော်တော့ ၂ ခွက်လောက် သောက်မိရင် အိပ်မရတော့ဘူး..:)
ဘာပဲဖြစ်ဖြစ် အမ စိတ်ကြိုက်နေလိုက် ရတာလည်း လွတ်လပ်ခြင်းတစ်မျိုးပဲပေါ့နော်.. အခုလောက်ဆို အိမ်ရှင်းပြီးသွားလောက်ရောပေါ့.. :D
ဟားဟား...ဟုတ်ပ သူငယ်ချင်းရေ...ဇိမ်ပဲကွာ..အားကျလိုက်တာ. တကယ်တမ်းကျတော့ သူ့ကို လွမ်းလို့ စိတ်ပြေလက်ပျောက်ပေါ့...ဟဲဟဲ..ကိုးရီးယားဇာတ်လမ်းတွဲတွေ အခွေကြည့်ရတာ မသက်သာဘူး သက်ဝေရေ.. တော်တော်အိပ်ရေးပျက်တာ..ကိုယ်တို့ကတော့ အဆူမခံရအောင် မီးပူစင်လေး ရှေ့ချပြီး...ဟိဟိ
ReplyDeleteအရာအားလုံးကို မယုံနဲ့ဆိုပေမဲ့ .. အားလုံးကို ယုံသွားပါတယ်။
ReplyDeleteကိုယ်လဲ ဘ၀တူပဲလေ။
ကိုးရီးယားမင်းသားဘယ်သူလဲ။ ဘေးယုံကျင်းလား ... ဂျမ်းဒေါင်ဂွမ်းလား ... မရှင်းသွားသေးဘူး။ သူသိပ်ဆိုးတယ် ...
same as me, now readying your blog for 2 hours with unpaid bills, coffee and everything exactly, at 2pm, and the professional exam is in next week
ReplyDelete