အခုတလော…
စာမျက်နှာတွေပေါ်မှာလဲ ကမ္ဘာပျက်
အင်တာနက်ကြီးထဲမှာလဲ ကမ္ဘာပျက်
သတင်းတွေထဲမှာလဲ ကမ္ဘာပျက်
ရုပ်ရှင်ထဲမှာလဲ ကမ္ဘာပျက်
အဲ… ဘလော့ဂ်စာမျက်နှာတွေပေါ်မှာပါ မကျန်
ကမ္ဘာကြီး အစိတ်စိတ် အမွှာမွှာ ကွဲပြိုပျက်ခဲ့တယ်…
ပြုံးသူတွေ ပြုံးလို့ မုန်းသူတွေလဲ မုန်းခဲ့ကြတယ်…
အပြစ်မြင်တဲ့သူတွေ ရှိသလို ချစ်ခင်တဲ့သူတွေလဲ ရှိခဲ့တယ်ပေါ့…
ကမ္ဘာကြီးရေ… စိတ်တော့ မဆိုးပါနဲ့…
မင်းရဲ့ ပျက်စီးခြင်း ဂယက်ဟာ
နေရာတိုင်းမှာပျက်လို့ အားမရ
အိပ်မက်ထဲအထိပါ လိုက်ပျက်နေတော့တာ…
ကမ္ဘာပျက်တော့မယ်တဲ့….
မြင့်မားပြီး မတ်စောက်တဲ့ တောင်တန်းရှည် တခုရဲ့ ခြေရင်းမှာ
လူသားအားလုံးကို ကျောခိုင်း… တောင်တွေဖက်ကို မျက်နှာမူ
ကမ္ဘာပျက်ချိန်ကို သွေးအေးအေးနဲ့ စောင့်ဆိုင်းနေတဲ့
မိန်းမငယ်တယောက်….
ဟော… ကမ္ဘာပျက်တော့မယ်…
တောင်တွေပြိုတော့မယ်....
သူ့ရှေ့က တောင်တန်းဟာ အရှိန်နဲ့ စတင် လှုပ်ခါလာပြီ…
ကျောက်တုံး ကျောက်ခဲ အစအနတွေ တလိမ့်လိမ့် ကျလာနေပြီ…
ခပ်သေးသေး အစအနတွေကနေ တဖြည်းဖြည်းနဲ့ ကြီးမားတဲ့
ကျောက်စိုင် ကျောက်သားတွေ ပဲ့ပြိုကျလာ...
သစ်ကိုင်းတွေ ကျိုးကျ သစ်ပင်တွေ လဲပြို...
ဒီလိုအချိန်မှာ...
လှည့်ထွက်ပြေးဖို့ ဟန်မပြင် ခြေတလှမ်းမှ မရွှေ့…
ကျောက်ရုပ်တရုပ်လို မတ်မတ်ရပ်ပြီး
တောင်တန်းတွေရဲ့ တုန်ခါနှုန်းကို
မမှိတ်မသုန် စောင့်ကြည့်နေတဲ့
မိန်းမငယ် တယောက်…
တဖြည်းဖြည်းနဲ့
တောင်တန်းကြီးရဲ့ လှုပ်ခါနှုန်းဟာ ပိုပိုပြင်းထန်လာ
အဲဒီ မိန်းမငယ်လေးရဲ့ မျက်နှာ ပြုံးနေသလား…
ဝမ်းနည်း မျက်ရည်တွေများ ကျနေသလား…
သူ ကြောက်ရွံ့နေမှာလား… ဒါတွေမှမဟုတ်
သူ့ရဲ့ နောက်ဆုံးအချိန်လေးအတွင်းမှာ
ချစ်ရတဲ့သူ တယောက်ယောက်ကိုများ လွမ်းဆွတ်နေမလား ရယ်လို့
အိပ်မက်ထဲမှာ ကိုယ်တွေးနေတုန်း…. တွေးနေတုံး…
သွေးပျက် ခြောက်ခြားစရာ ပြင်းထန်တဲ့ အသံဆိုးဆိုးကြီး တခုနဲ့ အတူ
တောင်တန်းကြီး တခုလုံး သူ့အပေါ်ကို အရှိန်ပြင်းပြင်းနဲ့ လဲပြိုကျ သွားတော့တယ်…
ဒီအခါ တောင်ခြေရင်းမှာ
ခြေစုံရပ်ရင်း တချိန်လုံး နဲနဲမှ မတုန်လှုပ်တဲ့
မိန်းမငယ်လေးနှုတ်ဖျားက ရဲ့ တိုးသဲ့ ညင်သာ အသံတခုဟာ
တောင်တွေဆီကနေ ပဲ့တင်သံအဖြစ် ပြန်ရိုက်ခတ်လာရင်း
ဟို အသံဆိုးကြီးကိုတောင် လွှမ်းသွားစေခဲ့တယ်…
သူ ရေရွတ်လိုက်တာက တိုးဖွဖွလေးဖြစ်ပေမယ့်
နားထဲမှာတော့ အကြယ်ကြီး (အကြယ်ကြီး...) ကြားလိုက်ရတယ်…
သူ ရေရွတ်လိုက်တာက စကားလုံးလေး နှစ်လုံးထဲပါ…
အဲဒါကတော့… “မေမေ” တဲ့…။
*** ခလုပ်ထိမှ အမိတ ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို တွေးမိတဲ့ည၊ မေမေ့ကို ထူးထူးခြားခြား သတိရနေတဲ့ညက မက်ခဲ့တဲ့ အိပ်မက်လေး အကြောင်းပါ။ တွေးထားတုန်းကတော့ အက်ဆေးလေး ရေးမလို့ပါပဲ… ဒါပေမယ့် လက်က သူ့အလိုလို ထွက်ကျသွားခဲ့တာက အပေါ်က စာလိုလို ကဗျာလိုလို ဟိုမရောက် ဒီမရောက် စာကြောင်းတွေသာ ဖြစ်နေပါကြောင်း….
ွှအဲဒီကောင်မလေးဖြစ်ချင်နေသူက ကိုယ်ပါကွယ်။
ReplyDeleteကြည်... ကြည်... ကြည်...
ReplyDeleteပျောက်သွားတတ်လွန်းလို့ အမြန်လိုက်ခေါ်နေတယ်...
ကြည့် ဘလော့ဂ်မှာ CBox မရှိ
Comment လဲ ရေးလို့မရအောင် ပိတ်ထား...
တဖက်သတ်နဲ့ ကိုယ့်ကို ချန်ထားသွား...
ဘယ်လိုအညှိုးများလဲကွယ်...
အဆက်အသွယ် တခုခုပြုပါ ကြည်...
Profile မှာ ကိုယ့် မေးလ်ရှိပါတယ်...။
ကျေးဇူး...
ခလုတ်ထိမှမဟုတ်ဘူး အမေ့ကိုအမြဲတတယ်
ReplyDeleteဟိ..
ကျွန်မက တော်ရုံတန်ရုံ အာမေတိတ်ဆို ဘုရားဘုရားလို့ ဘုရားပဲ တမိတယ်။ ဒါပေမယ့် တကယ်ကို ပြင်းပြင်းထန်ထန် အလန့်တကြား ဖြစ်ရင် ဘာကြောင့်ရယ်မသိ ဘုရားမတမိပဲ အမေပဲ တဖြစ်တယ်။
ReplyDeleteရင်ထဲက တကယ် ခံစားနေရတုန်း ရေးထားတာမို့ ဖတ်လို့ ပို အသက်ဝင် နေပါတယ် မသက်ဝေ
ReplyDeleteမေမေ တဲ့..
ReplyDeleteနားဝင်ချိုလိုက်တာ။ အားရှိလိုက်တာ။ လွမ်းလိုက်တာ။
i want to call may may these days.
ReplyDeleteI ve no chance to call my mum since i was 7 yrs.
momiji
တီချယ်ဖတ်မိရင် ကြည်နူးမှာပဲ...သမီးလိမ္မာလေး...:D
ReplyDeleteမိန်းမငယ်လေး ရေရွတ်လိုက်တဲ့
ReplyDeleteမေမေ ဆိုတာကို
အကျယ်ကြီးမို့
ဒီကနေတောင်ကြားမိပါတယ် မသက်ဝေ။
သူလဲ"မေမေ"လို့အော်နေတယ်ပေါ့။ ဒီမှာလဲ"မေမေ"ပြန်သွားလို့ ဟီး..အော်နေရတယ်။
ReplyDeleteစာလိုလို ကဗျာလိုလို.. အိမ်မက်လိုလို.. ဘာလိုလို လား..
ReplyDeleteး)
ဒီလောက်အကျယ်ကြီးခေါ်မှတော့ အမေလည်း ကြားမိမှာပါလေ...
ReplyDeleteးဝ)
စာလိုပဲဖြစ်ဖြစ်..ကဗျာလိုပဲဖြစ်ဖြစ်..
ReplyDeleteဖတ်လို့ကောင်းတာ..အမှန်ပဲ..