Monday, December 14, 2009

ကိုယ်ပိုင် နေ့စွဲ

ထိုနေ့စွဲတခုကို လူတိုင်းပိုင်ဆိုင်ကြသည်။
ထိုနေ့သည် ဘဝအတွက် အမှတ်ရစရာ နေ့စွဲ တခု ဖြစ်၏။
ဘဝကို ဖြတ်သန်းသွားလာနေရစဉ် ထိုလမ်းတလျှောက်တွင် ခလုတ်ကန်သင်းများလဲ တွေ့ခဲ့ဖူးသည်။ ချောမွေ့ပြေပြစ်သော လမ်းမကျယ်များကိုလည်း တွေ့ခဲ့ရသည်။ မိုးများ သည်းထန်စွာ ရွာသွန်းသော နေ့များကိုလဲ တွေ့ကြုံခဲ့ရသလို နှင်းများဖွဲသွန်းသော နေ့များကိုလည်းတွေ့ခဲ့ ကြုံခဲ့ရသည်။ ထို့အတူ တိမ်သား မိုးသားများ ကင်းစင်ပြီး ကြည်လင်တောက်ပသော နေသာနေ့များကိုလည်း ကြုံခဲ့ရသည်ပင်…။

သည်လို အနိမ့်အမြင့် အကွေ့အဝိုက်တွေနှင့် ဖြတ်သန်းလာရာ လမ်းတလျှောက်တွင် အမှတ်ရစရာ နေ့စွဲ အများအပြားကိုလည်း ကျော်ဖြတ်ခဲ့ဖူးသည်။ ထိုနေ့စွဲများထဲတွင် တချို့ကို စွဲစွဲလမ်းလမ်း မှတ်မိနေတတ်ပြီး တချိ့ကိုမူ ဖာသိဖာသာပင် အမှတ်တမဲ့ ကျော်ဖြတ်သွားလိုက်သည်။ လူဆိုသည်မှာ ကိုယ့်အတ္တကိုသာ ရှေ့တန်း တင်တတ်ကြသူများ မဟုတ်ပါလား…။

ထိုနေ့စွဲများအကြောင်းကို စဉ်းစားလိုက်တိုင်း ဘဝကိုယ်စီအတွက် အချိန်များကို တိုင်းတာ သတ်မှတ်ပေးသော ကိုယ်ပိုင်နေ့စွဲတခုသည် ဟိုး ထိပ်ဆုံးမှ ပါဝင်နေလေသည်။ ထိုနေ့စွဲတခုတွင် ဘဝကို စတင်ခဲ့သည်။ ဘဝကို မွေးဖွားခဲ့သည်။ သည်လိုနှင့် ဘဝတခု အသက်ဝင် ရှင်သန်စေခဲ့သည်။ သို့သော် ဘဝကို နိဂုံးချုပ် အဆုံးသတ်မည့် နေ့စွဲကိုတော့ မည်သူမျှ သေချာတပ်အပ် မပြောနိုင်ချေ။

လောလောဆယ်တွင် ထိုနေ့စွဲတခုကို ကိုယ်စီကိုယ်ငှ အကြိမ်ပေါင်း အတော်များများ ဖြတ်ကျော်ခဲ့ကြဖူးပြီ…။ ထိုနေ့စွဲတခုကို ဖြတ်ကျော်ပုံခြင်း အနည်းအကျင်းသာ ကွဲပြားခြားနားနိုင်ကြသော်လည်း အမှတ်တမဲ့ ကျော်ဖြတ်ခဲ့သူတော့ဖြင့် လွန်စွာမှပင် နည်းပါးပေလိမ့်မည်။ အများစုကတော့ ထိုနေ့စွဲများကို မိဘ ဆွေမျိုးများ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်း မိတ်ဆွေများ၊ ပြီးတော့ ချစ်သူ ခင်သူများနှင့် အတူတူ ရှိနေပြီး တပျော်တပါး ကုန်ဆုံး ကျော်လွန် ဖြတ်သန်းတတ်ကြသည်ချည်းသာ…။ ဒါတွေသာမက ထိုနေ့စွဲလေးအတွက် ရည်ရွယ်ကာ ကျေးဇူးရှင် မာတာမိခင်ကို ကျေးဇူးတင် ဂါရဝပြုတတ်ကြသလို အလှုဒါနပြုကြသူ၊ ကျောင်းကန် ဘုရားများတွင် ကောင်းမှု ကုသိုလ်ပြုကြသူများလည်း အများအပြား...။

ပြီးတော့ မိမိတို့ အမှတ်တရ အလေးထားတတ်ကြသော ထိုနေ့စွဲတခုတွင် မိမိတို့ ချစ်သူ ခင်သူတို့ကို အနီးအနားတွင် အတူတကွ ရှိစေချင်သည်မှာ ဆန္ဒတခု။ အလားတူ မိမိ၏ ချစ်သူ ခင်သူတဦး တယောက်၏ အမှတ်တရ ထိုနေ့စွဲ တွင်လည်း ထိုသူ၏ အနားတွင် ကိုယ်တိုင် ကိုယ်ကျ ရှိနေပြီး ကြည်နူးစရာ အချိန်များကို အတူတူ ကျော်လွန် ဖြတ်သန်းချင်ကြသည်မှာလည်း အမှန်ပင်…။ သို့သော် အခြေအနေ အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် တယောက်နှင့်တယောက် ဝေးကွာနေရသော အချိန်ကာလများတွင်မူ အဝေးတနေရာမှ ဆုတောင်းပေးခြင်းတခုသာ ပျြုနိုင်ခဲ့ကြသူများလည်း မနည်း…။ အမျိုးမျိုးပေါ့…။

မည်သို့ပင်ဖြစ်စေ...
ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း… ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် စွမ်းဆောင်ရင်း… ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း… ကိုယ့် စိတ်ကူး၊ ကိုယ့် အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း… ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြရစေဖို့ မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…





*** ဒီဇင်ဘာလ ၁ ရက်၊ ၆ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၅ ရက် နဲ့ ၂၈ ရက်တွေမှာ ကျရောက်သော မွေးနေ့ရှင် ချစ်သူငယ်ချင်းများ နှင့် ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် အမှတ်တရ ရည်ရွယ် ရေးသားပါသည်။ ပျော်ရွှင် ကြည်နူးစရာကောင်းသော ကိုယ်ပိုင်နေ့စွဲလေးများ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ…။

21 comments:

  1. happy birthday!


    momiji

    ReplyDelete
  2. ပျော်ရွှင်သောမွေးနေ့လေးတွေဖြစ်ပါစေ အမသက်ဝေရဲ့ သူငယ်ချင်းများ...

    ပျင်းလိုက်တာကလည်းလွန်ပါရော... လူတွေအများကြီးအတွက် တစ်ပုဒ်ပဲရေးတယ် :P

    ReplyDelete
  3. သူငယ်ချင်း သက်ဝေ နင် အဲဒါမျိုးတွေ မှတ်ဥာဏ် သိတ်ကောင်းတာပဲ...ငါဖြင့် တနှစ်က အိမ်ကလူကြီး မွေးနေ့တောင် မေ့နေလို့...ဟက်..ဟက်..ဟက်..။ ကဲ....မွေးနေရှင်များ ကျွေးလိုက ယနေ့ စတင်၍ ဘွတ်ကင် တင်နိုင်ပါပြီ။ First come first serve မို့ နောက်ကျသွားရင်ဖြင့် လိုက်စားနိုင်မှာ မဟုတ်ကြောင်း ....။

    ReplyDelete
  4. ဟင် အမချစ်ကြည်အေးနဲ့ တပြိုင်တည်း တင်မိနေပါလား :D

    ReplyDelete
  5. မမ
    နောက်ဆုံးနား ဖတ်မိတော့ ဆုတောင်းဖို့ပဲ ကျန်ပါတော့တယ်လေ လို့ စိတ်ထဲ ဖြစ်မိသွားသေးတယ်။ ကိုယ့်ဘာသာပါ။ အဲဒီ ဂယက်က စိတ်ထဲ မပြီးနိုင်သေးလို့။ :)

    ဘာပဲဖြစ်ဖြစ် Happy Birthdays ပါ။

    ReplyDelete
  6. ကိုပီတိ ပြောပုံအရဆို မချစ်ကြည်အေးနဲ့ တစ်ပြိုင်တည်း တင်ရင် ငရဲကြီးနိုင်သလားပဲ (မသိလို့မေးတာနော် လမ်းမတော်ကို ကြောက်စ်)

    မွေးနေ့ရှင်တွေက တစ်သီချည်းပါလား ကျွေးရင်တော့ စားရချည်သေးရဲ့

    ReplyDelete
  7. မွေးနေ့ရှင်တွေအတွက် လှတဲ့အက်ဆေးလေးပါ အမသက်ဝေ။

    ReplyDelete
  8. ကိုယ့်ဘာသာ ဆုတောင်းမှာ မဟုတ်ဘူး မမ။ ရုံးကနေ ရေးလိုက်မိလို့။
    ကိုယ့်ဘာသာ လိုရာဆွဲတွေးပြီး ပြောလိုက်တာပါ လို့ ဆိုလိုတာ။

    ဆုတောင်းရမှာက ချစ်လှစွာသော နိုင်ငံတော်ကြီး အတွက်...
    (ဘယ်သူ့မှ မယုံလို့ ဆုတောင်းရုံပဲ ကျန်တော့တာ)

    ဒါပေမဲ့ ဆုတောင်းတာလဲ မယုံဘူး။

    ReplyDelete
  9. Happy Birthday.. ၀င်ဆုတောင်းသွားတယ်။
    mm

    ReplyDelete
  10. သူဘဲ ရေးတတ်တတယ် တစ်ဖွဲ့တစ်နွဲ့

    ReplyDelete
  11. ချမ်းချမ်းစီးစီး မွေးတဲ့သူတယ်များပါ့လား

    ReplyDelete
  12. မွေးနေ့ရှင်အားလုံး ပျော်ရွှင် ကျန်းမာကြပါစေ။
    အပြင်မှာ တကယ်စားလို့ မရတဲ့ လေထဲက အစာတွေ မကျွေးဘဲ လက်တွေ့ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ..

    ReplyDelete
  13. 12.21. :)
    Happy birth day 2 some one .....

    ReplyDelete
  14. ဒီဇင်ဘာ မွေးနေ့ရှင်တွေ အတော် များသားနော်... မသက်ဝေ စာရင်း ပြုစုထားပုံရတယ် :)

    ReplyDelete
  15. သူငယ်ချင်းတွေ ကို အလေးအနက် တန်ဖိုးထားတတ်တဲ့ သက်ဝေ ဆိုတာ ငြင်းစရာမရှိတော့ပါဘူး။ သက်ဝေ သူငယ်ချင်းများအားလုံး ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ သက်ဝေနဲ့ အတူ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  16. ဝေါင်းးး နိဂုံးမှာ စာတစ်ကြောင်းတည်းနဲ့ သိမ်းကျုံးပြီးချုပ်သွားပုံက ကျောင်းတုန်းက သားစာစီစာကုံးရေးပုံနဲ့ဆင်တယ်.. ဟိဟိ.. အဲ့လိုပဲ လူလည်ကျနေကျ။
    အန်တီသက်ဝေက ရေးတတ်လိုက်တာ။ ဖတ်လို့လည်းကောင်းတယ်။ အချက်လည်းကျနတယ်။

    ReplyDelete
  17. မနာလိုဘူး… Aprilလရောက်ရင် တပုဒ်ရေးပေးရမယ်… အကြွေး…
    အလကားစတာပါ သက်ဝေရေ… ဒီဇင်ဘာမွေးနေ့ ရှင်များအားလုံး ဆောင်းလို ငြိမ်းချမ်းအေးမြကြပါစေလို့ …

    ReplyDelete
  18. UMM....HAPPY Birth Day 2 U :P

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...