Monday, April 5, 2010

တိမ်များနှင့် တညနေ

မိုးကောင်းကင်ပေါ်ကို မော့ကြည့်လျှင် ဝါဂွမ်းများသဖွယ် ဖြူဖွေး၍ အလိပ်လိုက် အလိပ်လိုက် လှပသော တိမ်များကို တွေ့နိုင်သည်။ သို့သော် နေ့တိုင်းတော့ မဟုတ်…။ တချို့နေ့များတွင် အဝေးမှကြည့်လျှင်ပင် သူတို့၏ နူးညံ့မှုကို မိမိထံသို့ ကူးစက် ခံစား စေနိုင်သော လှပသော တိမ် များကို ကောင်းကင်ကြီး တခုလုံးနှင့် အပြည့် တွေ့နိုင်သော်လည်း တချို့သောနေ့ရက်များတွင် ကောင်းကင် တခုလုံး တိမ်သား တိမ်လိပ်များ ကင်းစင်ကာ ပြာလွင် ကြည်လင်နေသည်ကိုလည်း တွေ့နိုင်ပါသည်။ ထို့အပြင် တချို့သော နေ့ရက်များတွင်မူ မှောင်မိုက်ကာ မိုးသားများပါဝင်သော တိမ်ညိုများဖြင့် ဖုံးလွှမ်းနေသော မိုးရွာချတော့မည့် ကောင်းကင်မျိုးကိုလဲ တွေ့နိုင်ပါသေးသည်။

မည်သို့ပင်ဖြစ်စေ ကိုယ်တိုင်က တိမ်များကို ချစ်တတ်သူ၊ သူတို့၏ နူးညံ့မှုတွင် စိတ်တိုင်းကျကာ ကျေနပ်နေတတ်သူ၊ သူတို့၏ လှပစွာ ဖမ်းစားတတ်မှုတွင် စီးမျောကာ ပျော်ဝင်နေတတ်သူ တယောက် ဖြစ်သောကြောင့် တိမ်ကင်းစင်နေသော နေ့များကို မနှစ်သက်တတ်ခဲ့ပါ…။ ကိုယ့်နေ့တွေတိုင်းမှာ တိမ်အကြောင်း မတွေး၊ တိမ်များကို မငေးမောဖြစ်သည့်နေ့ဟူ၍ မရှိခဲ့ပါ။ ကောင်းကင်ပေါ်တွင် တိမ်ကင်းစင်သည့်နေ့များ၊ မိုးများ သည်းထန်စွာ ရွာသွန်းသော မိုးနေ့များတွင်မူ ကိုယ့် ကွန်ပျူတာ Desktop ပေါ်မှာ ရှိနေသော တိမ်လိပ်များ၊ Screen Saver မှ တိမ်များကို ကြည့်ရင်း ကျေနပ်နေခဲ့ရပါသည်။

တိမ်တွေနှင့် ပတ်သက်၍ ကိုယ်တိုင်က ရူးသွပ်နေသည်လား… တိမ်တွေက ကိုယ့်ကို ရူးသွပ်အောင် ပြုစားနေတတ်ကြသည်လား… ကိုယ် သေသေချာချာ အဖြေရှာမရပါ…။ ရှာလည်း မရှာကြည့်ချင်ပါ။ သို့သော် ဘယ်သူတွေ ဘာပြောပြော တိမ်တွေကို ကိုယ် သိပ်ချစ်ပါသည်။


ကုန်လွန်ခဲ့သော နေ့ရက်တခုမှာ မမျှော်လင့်ပဲ ချစ်စရာတိမ်များနှင့် ကိုယ် နေ့တဝက်နီးပါးမျှ နီးကပ်စွာ ရှိနေခဲ့ဖူးသည်။ သိပ်ချစ်စရာကောင်းသော ဖြူလွလွ တိမ်လိပ်များသည် အခါများစွာကလိုပင် ကိုယ့်ကို နူးညံ့ပြီး လှပသော ကျေနပ် နှစ်သိမ့်မှုတွေ ပေးစွမ်းနိုင်သည်သာ။ ထိုတိမ်လိပ်တွေသည် ကိုယ် ကြိုတင် မျှော်လင့်ထားသလိုပင် သိပ်လှ၍ လွန်စွာမှ စွဲမက်ဖွယ်ကောင်းကြသည်။ သည်လိုနှင့် တိမ်တွေကြားထဲသို့ ကိုယ် ဖြေးဖြေးညင်သာ တိုးဝင်သွားခဲ့မိသည်။ နီးလွန်းလျှင် မမြင်နိုင် ဟူသော စကားအတိုင်း အရာဝတ္ထုတွေတိုင်းသည် သိပ်နီးကပ်လာသောအခါ အမြင်အာရုံတွေ ဝေဝါးသွားတတ်ကြသည်။ ထို့အတူပင် ကိုယ် ချစ်ရသော တိမ်တွေသည် သူတို့နှင့် လွန်စွာ နီးကပ်လာပြီး သူတို့တွေနှင့် တသားထဲ ဖြစ်သွားချိန်မှာ မှုန်မှိုင်းကာ ဝေဝါးသွားကြသည်။ သို့သော် အေးမြမြ အထိအတွေ့နှင့် ဝေဝါးဝါး တိမ်မှုန်တို့သည်လည်း ကိုယ့်စိတ်ကို တနည်းတဖုံ ချမ်းမြေ့စေခဲ့ပြန်သည်။


ထိုညနေက ကိုယ် သူတို့နှင့် စကားများစွာ ပြောဖြစ်ခဲ့သည်။ ချစ်စရာကောင်းသော တိမ်တွေသည် ကိုယ်ပြောသမျှ စကားလုံးတိုင်းကို မညီးမညူ စိတ်ရှည် လက်ရှည် နားထောင်ကြသည်။ ကိုယ် ပြုံးလျှင် လိုက်ပြုံး၊ ကိုယ် ရယ်လျှင် ကိုယ်နှင့် အတူတူ လိုက်ပါ ရယ်မောကာ ကိုယ် ငိုလျှင် ဝမ်းနည်းစွာ လိုက်၍ ငိုတတ်ကြသည်။ ကိုယ် တခုခုကို မကျေမနပ် ဖြစ်နေသောအချိန်များတွင်မူ ကိုယ့်ကို စာနာ နားလည်စွာ အားပေး နှစ်သိမ့်တတ်ကြသည်။ ထိုမျှသာမက ချစ်စရာကောင်းသော သူတို့သည် ကိုယ်သွားလေရာ လမ်းတလျှောက် ဘေးမှနေ၍ ထပ်ချပ်မကွာ လိုက်ပါ အဖေါ်ပြုပေးခဲ့ကြသည်။

ကိုယ်ချစ်သော တိမ်များနှင့် ရှားပါးစွာသော အနီးကပ် တွေ့ရချိန်လေးမှာ ကိုယ့် စိတ်အတွေးထဲမှာ စာတွေ ကဗျာတွေ များစွာ ရေးဖြစ်ခဲ့သည်။ တိမ်စိုင် အစုသေးသေးလေးတွေပေါ်မှာ သုံးကြောင်းစပ် ကဗျာတိုလေးတွေ ရေးခဲ့သလို တိမ်စိုင် ခပ်ရွယ်ရွယ်လေးတွေပေါ်မှာ အက်ဆေးတွေ… ပြီးတော့ သိပ်လှတဲ့ တိမ်လိပ် အကြီးကြီးတွေအပေါ်မှာ ကဗျာရှည်တွေ… စာစုရှည်တွေ… မမောနိုင် မပန်းနိုင် ကိုယ် ရေးဖွဲ့ခွင့် ရခဲ့သည်။ ကိုယ့်အတွက် သာယာ ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းမြေ့ စရာကောင်းသော အချိန်များကို သူတို့ ဖန်ဆင်းပေးခဲ့သည်။ ကိုယ့် ညနေခင်းသည် သူတို့ကြောင့် ထင်ထားသည်ထက် ပို၍ လှပခဲ့သည်။

သို့သော်… အချိန်တန်ရင် အိမ်ပြန်ရစမြဲ…
ညသည် အမှောင်ဖက်ကို သိသိသာသာ ရောက်လာခဲ့သည်။ နောက်ဆုံးမှာ ကိုယ်ချစ်သော တိမ်တွေကို ထားခဲ့ရတော့မည်…။ သူတို့တွေ ကိုယ့်အနီးကို ရောက်လာခဲ့သောကြောင့် ကျေးဇူးတင်စကားနှင့် နှုတ်ဆက်စကား ပြောရန် စဉ်းစားနေစဉ်မှာပင် သူတို့တွေသည် ကိုယ့်အပါးက တိတ်တဆိတ် ပျောက်ကွယ် ဖယ်ခွာသွားကြသည်။ ညက လုံးဝကို မှောင်မိုက်သွားလေပြီ…။ သို့သော် ကိုယ် ကျေနပ်ပါသည်။ ကျေးဇူးလဲ တင်ပါသည်။ ကိုယ်ချစ်သော တိမ်များက ကိုယ့်ကို အချိန်ပေးပြီး အနားမှာ နီးကပ်စွာ ရှိနေပေးခဲ့သော ထိုညနေခင်းတခုကို ကိုယ် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။


19 comments:

  1. အချိန်တန် အိမ်ပြန်ရစမြဲတဲ့လား.............

    တိမ်တွေ နောက်ထပ် တစ်ပုဒ်လောက်ပါ

    ReplyDelete
  2. တိမ်တစ်ခွက် ဖြည်းဖြည်းသောက်သွားပါတယ်။

    ReplyDelete
  3. တိမ်တွေကြား၊ရောက်မှ....

    ReplyDelete
  4. လွမ်းစရာပါလားအမ..

    ReplyDelete
  5. တိမ်တွေက ဖမ်းစားလွန်းတယ်... ။ Genting Highlands သွားခဲ့တာလားအစ်မ....

    ReplyDelete
  6. ဒါက ဓာတ်ပုံရိုက်တဲ့ ဂျီးဒေါ်သက်အတွက် အထူးမှတ်ချက်...
    ဓာတ်ပုံဆိုတာ ကိုယ်မြင်ရတဲ့ မြင်ကွင်းကို ကင်မရာအကူနဲ့ ရိုက်ချလိုက်တာပဲ...အနုပညာဆန်အောင် ရိုက်ကွင်းရိုက်ကွက် အလင်းအမှောင် အယူအဆ အချိန်အဆတွေနဲ့ ကင်မရာကိုင်ထားသူရဲ့လက်ကို မောင်းနှင်တဲ့ ရင်ခုန်သံ ...ဒါတွေ ...ဒါတွေ ပါမှာပေါ့လေ ထားတော့...
    အဲ..ပန်းချီကတော့ ကိုယ်မြင်ထား (မြင်ဖူးထားတဲ့) မြင်ကွင်းကို ကိုယ့်နှလုံးသား၊ ဦးနှောက်နဲ့ဘာသာပြန်ပြီး အာရုံတွေကို ပုံဖော်တာတဲ့...
    ဒီပို့စ်ကတော့ တိမ်တွေကို ရေးတဲ့ စာပန်းချီ...ပါ

    သက်ဝေ ပန်းချီ သင်ပါဦးလား

    ReplyDelete
  7. သက်ဝေရဲ့တိမ်လေးတွေကို လာရောက်ငေးမော ခံစားသွားပါတယ်...

    ReplyDelete
  8. တစ်နေ့ထားကိုထားခဲ့ရမဲ့အထဲမှာ တိမ်တွေလဲပါတယ်....

    ReplyDelete
  9. ကိုယ်လည်း တိမ်တွေကို ချစ်တယ်.. ဆည်းဆာကိုလည်း သဘောကျတယ်..
    ညရောက်သွားလို့ တိမ်တွေ မရှိတော့တာမှ မဟုတ်တာ.. မမြင်နိုင်တော့တာပဲလေ ...

    ReplyDelete
  10. (((((((တိမ်တွေနှင့် ပတ်သက်၍ ကိုယ်တိုင်က ရူးသွပ်နေသည်လား…...........
    ...............
    .............. ဘယ်သူတွေ ဘာပြောပြော တိမ်တွေကို ကိုယ် သိပ်ချစ်ပါသည်။)))))))))


    မှန်ပါသည်။။

    ReplyDelete
  11. ဒီ ကောင်းကင်ကြီး ကိုရော ချစ်လားဟင်...

    ReplyDelete
  12. ငယ်ငယ်ကတော့ တိမ်တွေကြည့်ပြီး အရုပ်တွေပုံဖေါ်ခဲ့ဘူးတယ်။

    ReplyDelete
  13. ကောင်းကင်ပြာရော ဖြူလွလွ တိမ်စိုင်တိမ်လိပ်တွေကိုပါ ချစ်တယ်။း)

    ReplyDelete
  14. တိမ်တွေဟာ မော့ကြည့်ငေးမောစရာလို့ တိမ်တွေနဲ့ အဝေးကြီးမှာ ရှိနေခဲ့တုန်းက ထင်ခဲ့တာ၊
    သူတို့ ဖွဲ့တည်ပုံလေးက လှပတာကိုးနော်၊
    တိမ်တွေ ကိုယ့်အနား ဖြတ်သန်းသွားတော့ ပုံသဏ္ဍာန် မမြင်ရတော့ပေမယ့် အေးမြလန်းဆန်းတဲ့ အထိအတွေ့ကို ပေးတတ်သေးတယ်နော်၊
    ဘာပဲဖြစ်ဖြစ်လေ၊ တိမ်တွေဟာ သူတို့ရဲ့ အလှအပနဲ့ တိမ်ချစ်သူတွေကို ဖမ်းစားမြဲပဲ မဟုတ်လား၊

    (မသက်ဝေကို အားကျလို့ လိုက်ရေးပါသည်။)

    ReplyDelete
  15. အချိန်တန် အိမ်ပြန်ရစမြဲတဲ့လား.............

    တိမ်တွေ နောက်ထပ် တစ်ပုဒ်လောက်ပါ

    ReplyDelete
  16. ဒီမှာဆို တိမ်တွေက ပိုတောင် ထူးဆန်းသေးတယ်မမသက်ဝေ
    ဒီပြောင်းလာခဲ့ ;)

    ReplyDelete
  17. မျက်စိလည် လမ်းမှားရောက်လာတာ တိမ်တွေဓါတ်ပုံမြင်မှ ကောင်းသောလမ်းမှားခြင်းမှန်း သိလိုက်ရတယ်...

    ReplyDelete
  18. မယ်သက်essay ကတော့ကောင်းချက်..နွေနှောင်းတိမ်ပလီအလှပန်းချီ လေးတွေရိုက်စမ်းပါဦး..

    ReplyDelete
  19. ခံစားသွားပါသည် မသက်ဝေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...