Monday, April 12, 2010

သင်္ကြန် ဖိတ်စာ


မနက်ဖြန်ဆို သင်္ကြန် အကြိုနေ့ ဖြစ်ပြီ…
ငယ်ငယ်ကထဲက သင်္ကြန်နားနီးလာရင် သင်္ကြန်ကို မပျော်တတ်ပေမယ့် မျှော်တော့ မျှော်တတ်တယ်... ကိုယ်တိုင် ရေမကစားပေမယ့် သူများတွေ ကစားတာ ကြည့်ရင်း တူးပို့ တူးပို့ သီချင်းသံတွေအောက်မှာ ပျော်နေတတ်တယ်... သို့သော် အသက်ဝင် ပျော်ရွှင်စရာ သင်္ကြန်နဲ့ ဝေးဝေးမှာရောက်နေတာ ကြာလာတော့ သင်္ကြန်နဲ့ နီးတာတွေ ဝေးတာတွေ ဘာမှ ခံစားလို့ မရတော့ပါဘူး... လို့ မနှစ်က ပန်ဒိုရာ စီစဉ်တဲ့
ဘလော့ဂါတွေ ရင်ထဲက သင်္ကြန် (အထူး အစီအစဉ်) မှာ အိုက်တင်အပြည့်နဲ့ သွားပြောခဲ့ဖူးတယ်…။ (ခပ်တည်တည်ပဲ...)

အဲလို ပြောခဲ့ပြီး ဘယ်လောက်မှ မကြာလိုက်ဖူး…။
B L U E S K Y F O R E S T ဘလော့ဂ်မှာ
သံချပ်ထိုးကြစို့ ဆိုတဲ့ အစီအစဉ်လေးကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်။ ပြဿနာက အဲဒီမှာ စ တာပါပဲ…။ ကိုယ့် ရှေ့က နောင်တော်တွေ မိတ်ဆွေ အပေါင်းအသင်းတွေ ရေးထားကြတဲ့ သံချပ်တွေကို ဖတ်ရင်း ကိုယ်တိုင်လဲ တကယ်ကို ပျော်ရွှင်လာလို့ ဟိုမရောက် ဒီမရောက် သံချပ်လေး တခု မနေနိုင် မထိုင်နိုင် ဝင်ရေးဖြစ်သွားတယ်။ (ရှေ့စကား နောက်စကား မညီလိုက်ပုံများ…)

ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကိုယ့်ဘလော့ဂ်ရဲ့ သတင်းစကားမှာ “ခေါင်းတွေ အရမ်းကိုက်နေလို့ စာမရေးနိုင်သေးပါ…” ဆိုပြီး ဝက်ဝံလေး ကတ်ကြေးနဲ့ ခေါင်းကို ဖြတ်နေတဲ့ ပုံလေး တင်ထားမိတဲ့ အချိန်ပေါ့…။ အော… သက်ဝေက ခေါင်းသာ ကိုက်တယ် သံချပ်တော့ ထိုးနိုင်သလား… လို့ အမေးခံခဲ့ရတာ ခုထိ မှတ်မိနေသေးတယ်…။ လူက နေပေမယ့် သင်္ကြန်ပိုးက မနေတဲ့ သဘောပေါ့လေ…။

အဲဒီ သံချပ်လေး ကောင်းမှုကြောင့် ဒီနှစ်မှာလဲ သူတို့ မဏ္ဍပ်မှာ သံချပ်ထိုးဖို့ လာခေါ်ကြတယ်။ ဝါသနာက မပါဘူး ဆိုတော့ နှစ်ခါ မခေါ်ရပဲ သံချပ်တွေနဲ့ အတူ သူတို့ဆီ ရောက်သွားဖြစ်ပါတယ်…။ ဒီမှာလေ... မဏ္ဍပ်နာမည်က
ရွှေပြည်ဝေး တဲ့…။ အမိမြေနဲ့ ဝေးနေကြတဲ့ ပြည်ပရောက် မြန်မာများအတွက် ပျော်စရာ သင်္ကြန်လေးတခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်...။ အခုချိန်လောက်ဆို လူတွေလဲ တော်တော်စုံ၊ သံချပ်တွေလဲ တော်တော်များများ ရောက်နေလောက်ပါပြီ…။

ပြီးတော့ ရွေပြည်ဝေး မဏ္ဍပ် ပိုင်ရှင်တွေက ကိုယ့်ဆီကို လာလည်ကြတဲ့ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကိုလဲ သူတို့ရဲ့ မဏ္ဍပ်ကို လာပြီး အတူတူ သံချပ်ထိုးရင်း သင်္ကြန်လာကျဖို့ ဖိတ်ပေးပါ လို့ ပြောလာတာကြောင့် ဒီနေရာကနေ ဖိတ်စာဝေ လိုက်ပါတယ်…။

မုန့်လုံးရေပေါ် အပါအဝင် မြန်မာမုန့်၊ သင်္ကြန်မုန့် မျိုးစုံ တွေနဲ့ တနေ့တမျိုး မရိုးရလေအောင် ဧည့်ခံမှာဖြစ်ပြီး အချမ်းပြေ ဘာညာ ဘာညာ တွေလဲ အဝ တိုက်မယ်လို့ ဆိုနေပါတယ်…။ ပြီးတော့ ဒီနှစ်မှာ အတော် နာမည် ကျော်ကြား လူကြိုက်များနေတဲ့ (ကိုကိုတို့ အကြိုက်) ဟို အတိုတော် အဲလေ… အဆိုတော် မမလေး တယောက်လဲ လာမယ် ဆိုလား…။ ဒီတခါတော့ သူလေးက ဘယ်လိုလေးများ တိုမလဲ… (ဟာ… မှားပြန်ပြီ…) ဘယ်လိုလေးများ ဆိုမလဲ ဆိုတာလဲ သွားကြည့်ကြရအောင်လေ… နော်…။

လှပတဲ့ ကောင်းကင်ပြာပြာ အောက်က သစ်တောရနံ့လေး သင်းမွှေးနေတဲ့ ရွှေပြည်ဝေး သင်္ကြန်မဏ္ဍပ်မှာ ရိုးရာ အတာ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြရအောင်… သံချပ်ထိုးရင်း၊ သီချင်းဆိုရင်း၊ မုန့်စားရင်း၊ ရေလောင်းရင်း၊ စကားလက်ဆုံ ပြောကြရအောင် သူငယ်ချင်း မိတ်ဆွေတွေ အားလုံး မပျက်မကွက် ဆက်ဆက် အရောက် လာခဲ့ကြစေချင်ပါတယ်…။

See you there…

21 comments:

  1. မသက်ဝေ ရေ

    သင်္ကြန်သံချပ်တွေကို ကြိုက်သွားပြီဗျာ

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  2. သွားကြည့်အုံးမှ မမ။
    နှစ်သစ်မှာ အတာရေအေးနဲ့ ရွှင်လန်းချမ်းမြေ့ပါစေလို့နော်..

    ReplyDelete
  3. မသက်ဝေရေ...
    စောစောစီးစီး တစ်ပိုဒ်နှစ်ပိုဒ် ဝင်နွဲခဲ့ပြီဗျ..း)

    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    ReplyDelete
  4. ဝေမျှပေးတာကျေးဇူး... သွားကြည့်လိုက်ဦးမယ်

    ReplyDelete
  5. တစ်ခေါက်ရောက်သွားပြီးပေါ့....။ သံချပ်တွေရော ပုံတွေရော မိုက်တယ်....

    ReplyDelete
  6. အပျော်လေးတွေ ကူးစက်မျှဝေ သွားပါတယ် .

    ReplyDelete
  7. ဖိတ်စာအတိုင်း သွားလည်ခဲ့ပြီးပြီ...
    သက်ဝေရဲ့ သံချပ်တွေ တအားမိုက်တယ်...
    ပညာရှင်ပဲ...း))

    ပုံ/
    အံ့သြသွားသူ တဦး

    ReplyDelete
  8. ဘယ်သူလဲ သူ့တို အဲ့ သူ့ကို ထိကပါးရိကပါးလုပ်တာ။ အိုးမဲသုတ်လိုက်ရမလား

    ReplyDelete
  9. ဟုတ်ပ… သက်ဝေတို့ များတော်ချက်နော်… တို့ က သံချပ်သာအားပေးတတ်တာ… အဲလိုတော့ မရေးတတ်လို့ … ဟိုးအရင်ကလို စင်ပေါ်မှာ ခေါင်းပေါ်မှာ အ၀တ်ကလေးစည်းပြီး ဒဲ့ဒိုးအကျီင်္လေးဝတ်ပြီး အားရပါးရ သံချပ်ထိုးနေတဲ့ သက်ဝေနဲ့ ပန်ပန်ကို မြင်ယောင်ကြည့်သွားတယ်… တို့ ကတော့ နောက်နားလေးက ခြေထောက်လေးဘယ်ထိုးညာထိုးနဲ့  ဝေလေလေပေါ့…

    ReplyDelete
  10. ဗျို့..အိမ်ရှင်ရှိလား၊ ရေလောင်းချင်လို့ပါ။

    ရွှေပြည်ဝေးကို ရောက်ခဲ့ပြီးပြီ။ ကောင်းမှကောင်း..သံချပ်တွေ တစ်ဝကြီးနားထောင်ခဲ့တယ်။

    ဒါနဲ့မမနေတာဝက်စ်ကုတ်အနီးမှာဟုတ်။ သိပ်မဝေးဘူးဘဲ။

    ဟဲ...ဟဲ...ရေလောင်းဖို့ ချောင်းနေသူ :P

    ReplyDelete
  11. တို့မမ သံချပ်လဲ ရေးတတ်တယ်၊း)

    ReplyDelete
  12. ရွှေပြည်ဝေးကဘယ်နားမှာလဲ မသက်ဝေ...

    မသက်ဝေတို့မိသားစု
    နှစ်သစ်မှာပျော်ရွှင်ပါစေ ။။

    ReplyDelete
  13. ရိပ်သာမှာ..အိပ်ယာပြောင်းအိပ်မလို့စိတ်ကူးနေတုန်း..
    သင်္ကြန်လာဖိတ်ရသလားဟဲ့..DJ နဲ့ပဲ သင်္ကြန်ကျနေကြ..မော်ဒယ်ကျောက်..သိလား...
    မီးမလာလို့...သပြေခက်နဲ့ပဲရေပက်သွားပါသည်။

    ReplyDelete
  14. အတူဆုံရတဲ့ သင်္ကြန်လေးဟာ အချိုဆုံးကဗျာ.

    ReplyDelete
  15. မသက်ဝေရဲ့ သံချပ်သွားဖတ်ခဲ့တယ်။ ရယ်ရတယ်။ အမ လက်သံပြောင်လိုက်တာ။ ကလူသစ်ပါ မနေရဘူး။ :P
    အမကို ရေလောင်းသွားတယ်နော်။
    မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ ... ။

    ReplyDelete
  16. အတူဆုံရတဲ့ သင်္ကြန်လေးမှာ မီးသတ်ပိုက်နဲ့ပက်၊ ရေမြုပ်နဲ့ ဖြန်း၊ အိုးမဲသုတ်၊ ရေပူဖေါင်းနဲ့ပေါက်၊ ရေခဲထုပ်နဲ့ပါ ထု ပေးလိုက်တယ် ၀ုန်း ဖုန်း ဒုန်း အုန်း ခွပ် .. ဟင်းဟင်း.. အမှတ်တရပေါ့။

    ReplyDelete
  17. အန်တီ သက်ဝေရဲ့ သံချပ်ကို သွားဖတ်ပြီးပြီ။ ရယ်လိုက်ရတာ။ ခေတ်ကြီးကို သရော်ထားတာ စုံနေတာပဲ။ သံချပ်အထိုးကောင်းတဲ့ ဒေါ်သက်ဝေကို ရေခဲရေနဲ့လောင်းသွားတယ်။ ဟီဟိ ... ဘာမှလဲ ဆိုင်ဘူး။

    ReplyDelete
  18. ရေခဲထုတ်နဲ့ပါထုသွားတယ်၊သိပ်အချစ်ကြမ်းတာဘဲ...

    ReplyDelete
  19. အမသက်ဝေ... မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  20. အမရေ.. အခုမှ ကမန်းကတမ်း blog လည်ထွက်ရတယ်.. သင်္ကြန်နဲ့ ဝေးတာ ကြာတော့လည်း သင်္ကြန်ဆိုတာ ကိုယ်နဲ့ ဘာမှ မဆိုင်တော့သလိုပဲ.. အဝေးကနေပဲ သူများတွေ ဆော့ကစားတာကို မျှော်နေရတော့တယ်.. ဘာလိုပဲဖြစ်ဖြစ် သင်္ကြန်ကတော့ ပြီးသွားပြီ။

    မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...