Monday, April 26, 2010

အချဉ်ထည့်ခြင်း

အချဉ်ထည့်ခြင်း လို့ ခေါင်းစဉ်တပ်လိုက်လို့ သက်ဝေ ဘယ်သူ့ကို ဘယ်လိုများ အချဉ် ထည့်တော့မှာပါလိမ့်လို့ မတွေးကြပါနဲ့…။ ပြီးတော့ ကြောက်လဲ မကြောက်ကြပါနဲ့… စိတ်တွေ အချဉ်ပေါက်နေတာလဲ မဟုတ်ရပါဘူး…။ ညနေက အပြင်မှာ ညစာသွားစားရင်း ဆိုင်က ပေးတဲ့ အချဉ်ရည်ကို သဘောကျပြီး ကိုယ်ကြိုက်တဲ့ အချဉ်လေးတွေ အကြောင်း ဆက်တွေးမိလို့ပါ။

ကိုယ်က အချဉ် အရမ်းကြိုက်ပါတယ်…။ ငယ်ငယ်ထဲက ကြိုက်တာပါ။ ဘာပဲစားစား အချဉ်လေးပါမှ စားလို့ကောင်းသွားတယ်လို့ ထင်မိတယ်…။ ဘယ်လောက်တောင် အချဉ်ကြိုက်သလဲဆို အချဉ်ရည်တွေ့ရင် ဇွန်းနဲ့တောင် ခပ်ပြီး သောက်ချင်လောက်အောင်ကို ကြိုက်ပါတယ်။ တကယ်ပြောတာပါ။ ကျောင်းသူဘဝတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ အင်းလျားကန်စောင်းက ဘူးသီးကြော်ဆိုင်တွေမှာ သွားစားဖြစ်တုန်းက လောင်းကြေး စားကြေးနဲ့ အချဉ်ရည်တွေကို သစ်သီးဖျော်ရည်လို တခွက်ပြီး တခွက် မော့သောက်ခဲ့ကြဖူးတာ ဘယ်တော့မှ မမေ့နိုင်စရာပါ။

ပြီးတော့ အဲဒီအချိန်တုံးက ပြည်လမ်းမကြီးပေါ်မှာရှိတဲ့ Hi တို့၊ အင်းလျားလမ်းမှာရှိတဲ့ Smile တို့ Full moon တို့တွေမှာ ရတဲ့ ကော်ပြန့်ကြော်သုပ်မှာ ဆမ်းပေးတဲ့ အချဉ်ရည်… ကော်ပြန့်ရဲ့ အရသာ ကောင်းမကောင်း သိစရာမလို၊ သိလဲ မသိခဲ့…။ အချဉ်ရည်က ကောင်းလွန်းလို့ အဲဒီဆိုင်တွေရောက်တိုင်း ကော်ပြန့်ကြော်သုပ် တမျိုးထဲကိုပဲ အမြဲမှာစားဖြစ်ခဲ့တာ…။ စပြီး မှာကထဲက အချဉ်ရည် များများ ထည့်ပေးပါနော် လို့ မှာတတ်တာ..။

အခု ဒီမှာကတော့ ပုလင်းထဲက အသင့်ပြုလုပ်ထားတဲ့ အချဉ်တွေကို ကြိုက်လဲစား မကြိုက်လဲစား စားနေရတာကို…။ အဲဒါတွေကို စားရတာ အားမရတိုင်း ရန်ကုန်မှာ စားရတဲ့ တရုတ်တန်းက ဝက်သားဒုတ်ထိုး အချဉ်ရည် နီနီတွေကို သိပ်သတိရပါတယ်…။ ဒီမှာ အဲဒီလို ဆေးဆိုးနဲ့ အချဉ်နီနီတွေ မရဘူးလေ…။ အဲဒီလို အချဉ်နဲ့ ခပ်ဆင်ဆင်တူတဲ့ အချဉ်မျိုး အလွယ်တကူ စားချင်ရင်တော့ ဒီမှာဝယ်လို့ရတဲ့ Maggie က ထုတ်တဲ့ အချဉ်ပုလင်းတွေထဲကမှ Hot Chili ဒါမှမဟုတ် Extra Hot ကို ဝယ်စားပါတယ်။ အဲဒီ အချဉ်ကို ကြေးအိုး၊ ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ် တွေနဲ့ အတူတူစားဖြစ်တယ်။ တခါတခါ ကြက်ကင်တို့ ငါးကြော်တို့နဲ့လဲ အတူတူ စားပါတယ်။

အလုပ်အားလို့ အချိန်ရတဲ့နေ့တွေမှာ ဘူးသီးကြော်တို့ ကြက်သွန်ကြော်တို့ ကော်ပြန့်ကြော်တို့ ကြော်စားဖြစ်ရင်တော့ မန်ကျည်းသီးနဲ့ အချဉ်ရည် လုပ်စားတာပေါ့။ မန်ကျည်းသီးကို အရည်ဖျော်ထားတာထဲကို ငြုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို သကြားလေးနဲနဲနဲ့ ရောပြီးထောင်းထားတာကို ထည့်… ပြီးရင် အချိုမှုန့်၊ ငန်ပြာရည် နဲ့ ငြုတ်သီး အလှော်မှုန့်လေး ထည့်တယ်။ နောက်ဆုံးမှာ နံနံပင်လေး ပါးပါးလှီးထည့်…။ တခြား ဘာဟင်းမှမပါလဲ အကြော်နဲ့ အချဉ်နဲ့ဆိုရင်တောင် ထမင်းစားလို့ ကောင်းနေပြီ…။

အဲဒီလို အချဉ်ရည်ဆိုရင် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကပ်ကြေးကိုက် စတာတွေနဲ့လဲ တွဲစားလို့ရတာမို့ အိမ်မှာတော့ ခဏ ခဏ လုပ်ဖြစ်ပါတယ်။ တခါတလေ အချိန်နဲနေတဲ့ နေ့တွေမှာတော့ ကြက်သွန်နီ နဲ့ ငြုတ်သီးစိမ်းလေး ပါးပါးလှီးပြီး သံပုရာရည်ညှစ်ထားတဲ့ အချဉ်မျိုးနဲ့ စားလိုက်ရတာပါပဲ။

အခုတလောမှာ ရန်ကုန်က အိမ်ကလူတွေ လာရင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေ ရင်းချာတွေ လာရင်ပဲ ဖြစ်ဖြစ် Lucky Seven က ပေါက်ဆီတို့ ဝက်သားပေါင်းတို့ ဝယ်လာတတ်ကြတယ်။ အဲဒါတွေနဲ့ အတူတူ ကိုယ်ကြိုက်မှန်းသိလို့ မပျက်မကွက် ဆက်ဆက် ပါလာတတ်တာကတော့ အချဉ်ရည် နီနီတွေ…။ တခါက သွားဝယ်တဲ့သူက အဲဒီ ပေါက်ဆီနဲ့ ဝက်သားပေါင်းကို စင်္ကာပူကို ယူသွားချင်လို့ ဗူးနဲ့ သေသေချာချာ လုံအောင် ထည့်ပေးပါ အချဉ်ရည်လဲ များများ ထည့်ပေးပါလို့ အမှာ… ရောင်းတဲ့သူတွေရဲ့ စိတ်ထဲမှာ နိုင်ငံခြားကို ယူမှာဆိုတော့ ဒီအချဉ်နီနီတွေတော့ မလိုချင်လောက်ဖူး၊ မထည့်ပေးပါနဲ့လို့ ပြောတာပဲ ထင်ပြီး လုံးဝ ထည့်မပေးလိုက်…။ အချဉ်မပါပဲ အဲဒါတွေ ရတဲ့နေ့က ကိုယ် စိတ်အဆိုးဆုံးနေ့ပါပဲ…။

နောက် ကိုယ်ကြိုက်တဲ့ အချဉ်တခုကတော့ Coca Suki မှာ ပေးတဲ့ Suki Sauce ပါ။ ဘယ်လိုလေးမှန်းမသိ အရမ်းစားလို့ ကောင်းပါတယ်…။ နံနံပင်လေးတွေ စဉ်းထားတာပါတယ်… နှမ်းလေးတွေလဲ ပါတယ်… ငယ်ငယ်တုန်းကလိုသာဆို သူငယ်ချင်းတွေနဲ့ အတူတူ မော့သောက်လို့ သိပ်ကောင်းမယ့် အချဉ်မျိုးပေါ့…။

ကြေးအိုးနဲ့စားရတဲ့ အချဉ်ရည် နီနီကိုလဲ ကိုယ်အရမ်းကြိုက်တယ်…။ ဟိုတလောက Marina Square က အင်းလေးမှာ ကြေးအိုးစားတာ အဲဒီ ဆိုးဆေးနဲ့ အချဉ်မျိုးမရဘူး ပုလင်းထဲက အချဉ်မျိုးပဲရလို့ ကြေးအိုးအရသာ ပျောက်သွားတာ…။ ဘာရမလဲ နောက်တနေ့မှာ ပင်နီစူးလားက အင်းလေးမှာ နောက်တခေါက်သွားစားတာပေါ့…။ အဲဒီမှာတော့ အချဉ်ရည် နီနီတွေရတယ်… ကောင်းမှ ကောင်း…။

နောက် အချဉ်တမျိုးကတော့ ဂျပန်စာ ဆူရှီတို့ ဆာရှိမိတို့နဲ့ အတူတူတွဲစားရတဲ့ ဂျင်းချဉ်ပါ။ ဂျင်းနုနုလေးတွေကို အချဉ်ထည့်ထားတာ… အရသာက ပူရှိန်းရှိန်း၊ ချိုချို ချဉ်ချဉ်နဲ့ စားလို့သိပ်ကောင်းပါတယ်…။ ဂျပန်ဆိုင်ရောက်ရင် ဆူရှီစားတာက နဲနဲ... အဲဒီ ဂျင်းအချဉ်ကို စားတာက များများဖြစ်နေလို့ ဘယ်နေ့ ဆိုင်က ရိုက်ထုတ်မယ် မသိဘူးလို့ စားတိုင်း တွေးမိပါတယ်…။ ရိုက်မထုတ်ခင်တော့ စားထားအုံးပေါ့လေ… ရိုက်ထုတ်တော့လဲ ပြေးရုံပေါ့… ဟုတ်ဖူးလား…။

ပြီးတော့ အခုတလော မကြာခဏ ရောက်နေတဲ့ Seafood ဆိုင်က ပေးတဲ့ အချဉ်လေးကို ကြိုက်နေပြန်တယ်…။ ကြက်သွန်နီလေးတွေ ပါးပါးလှီးထားတာကို ငြုတ်သီးအချဉ်ရည် နီနီ ချိုချိုချဉ်ချဉ် လေး ဆမ်းထားတာ။ အဲဒီဆိုင်ရဲ့ Home-made Specialty Sauce လို့ ဆိုတယ်…။ ထမင်းကြော်၊ ကြက်သားကြော်၊ ငါးပေါင်း ဘာနဲ့ပဲဖြစ်ဖြစ် တွဲစားလို့ အရမ်းကောင်းတဲ့ အချဉ်လေးပါ။ အဲဒီဆိုင်မှာ ရတဲ့ နာမည်ကြီး အစားအသောက်တွေထက် အချဉ်ကိုကြိုက်လို့ မကြာခဏ လာစားပါတယ် ဆိုရင် အဲဒီ ဆိုင်ရှင် စိတ်လေသွားမှာ သေချာတယ်…။

နေရာ အသစ် တခုခုမှာ သွားစားဖြစ်တိုင်း ဆိုင်တွေကပေးတဲ့ တကျောင်း တဂါထာ တရွာ တပုဒ်ဆန်းတဲ့ အချဉ်ရည်တွေကို စိတ်ဝင်တစား လေ့လာကြည့်တတ်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုပေမယ့် အချဉ်ရည်တွေ တွေ့ရင် ဘယ်လိုမှ ဘရိတ်အုပ်လို့ မရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အားပေး အားမြှောက်ပြုတဲ့ အနေနဲ့ရော… ကိုယ်ကြိုက်တဲ့ အချဉ်ရည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ပါ ဒီပိုစ့်လေးကို အမှတ်တရ ရေးဖြစ်ပါတယ်…။

အဆင်ပြေရင် အချဉ်ကြိုက်သူများ အသင်းဖွဲ့ချင်ပါတယ်…။ အချဉ် တကယ်ကြိုက်ပြီး အသင်းဝင်ဖို့ စိတ်ဝင်စားသူများ ကြိုတင် စာရင်းပေးခဲ့နိုင်ပါတယ်…။ ပြီးတော့ အသင်းဝင်များ အနေနဲ့ ကိုယ်သိဖူး စားဖူးခဲ့တဲ့ ကမ္ဘာတလွှားမှ ထူးထူးခြားခြား အချဉ်ရည်များနှင့် လုပ်ကိုင်ပုံ အဆင့်ဆင့်တို့ကိုလဲ ဗဟုသုတအဖြစ် မျှဝေ ပေးခဲ့စေချင်ပါတယ်။ အသင်း ဝင်ဝင်ချင်းမှာ ကြိုဆိုခြင်း အထိမ်းအမှတ် လက်ဆောင်အဖြစ် သံပုရာသီး တလုံးစီ ပို့ပေးပါ့မယ်…။ ပျော်ပျော် ပါးပါးပေါ့...။


29 comments:

  1. အချဉ်တော့ကြိုက်တယ်..ဒါပေမဲ့ သက်ဝေလောက်တော့ မကြိုက်ဘူးလားလို့။ အသင်းဝင်ပါမယ်။ သံပုရာသီးလိုချင်လို့ပါ )))))း

    ReplyDelete
  2. အသင်းဝင်ပါတယ်၊ မြန်မာပြည်က အနီရောင် ဆိုးထားတဲ့ ငရုပ်ဆီဝယ်ခိုင်းတာ အိမ်ကလူတွေက chit to ပုလင်းကြီး ၀ယ်ပေးလိုက်လို့ စိတ်တွေဆိုးလိုက်ရသေးတယ်၊ နောက်တော့မှ အဖေကိုယ်တိုင် မြို့ပတ်ရှာလိုက်ရတယ်၊ အဲဒါလေးကို ရွှေရသလို အရိပ်တကြည့်ကြည့်နဲ့ ကုန်သွားမှာစိုးလို့ ချွေစားနေရတယ်၊ ရွှေဘဲက ဘဲကင်နဲ့ စားတဲ့ ငရုပ်ဆီကိုလဲ အရမ်းကြိုက်ပါတယ်၊

    ReplyDelete
  3. အချဉ်ကြိုက်သူများ အသင်းဖွဲ့ရင် ပါမယ်နော့်။

    ReplyDelete
  4. အသင်းဝင်မ၀င်တော့မသိ ... ဖတ်ရင်းနဲ့ သွားကျိန်းထှာ ... ကျိန်းပါတယ်ဆိုမှ သူကသံပုရာသီးနဲ့တောင် အဆုံးသတ်လိုက်သေး ...

    အလကားနောက်တာနော်။ နဲနဲတော့ ကျိန်းပါတယ်း)))
    ဂျပန်ဆိုင်က ဂျင်းချဉ်ကြိုက်တာတော့တူတယ်။ ကော်ပြန့်နဲ့စားတဲ့ အချဉ်လဲ ကြိုက်ပါတယ်။

    ReplyDelete
  5. အချဉ်တော့ကြိုက်တယ်။ ဒါပေမဲ့ အချဉ်ထုပ်။ ဇီးသီး မက်မန်းသီး သရက်သီး သံပုရာသီး။ နဲ့ အချဉ်ထုပ်ပေါင်းံစုံ။
    အမကြိုက်တဲ့အချဉ်ကဆေးနီနီတွေနဲ့ မကြိုက်ဘူး
    ငယ်ငယ်ကတည်းက အိမ်ကလုပ်တဲ့ အချဉ်ပဲစားရတာ။ ဆေးနီတွေပါလို့။

    မြတ်နိုး

    ReplyDelete
  6. မသက်ဝေ...19လမ်း ကြေးအိုးဆိုင်က ငရုတ်ဆီနီနီ အချဉ်ရည်ကို စားရင်း အားမရလို့ မော့သောက်ဖူးတဲ့အထိကြိုက်တယ်။ ကျန်းမာရေးအရ မကောင်းမှန်းသိလဲ ...မမုန်းနိုင်
း) အချဉ်ရည်အသင်းဝင်တင်မဟုတ် ကော်ဖီအသည်းစွဲ ကြိုက်တဲ့အသင်းပါ ဖွင့်မယ်ဆို..ထိပ်ဆုံးက အသင်းဝင်ဖို့ အဆင်သင့်။
    mm

    ReplyDelete
  7. အမ... အချဉ်ကြိုက်သဆို နောက်တခါ အိမ်မှာ ကင်ချီဖေါက်ဖြစ်ရင် ပေးလှဲ့မယ်...
း-)

    ReplyDelete
  8. အချဉ်...မီးမီးကြောက်ကြောက်.... ဆူရှီဆိုင်က ဂျင်းချဉ်တော့ကြိုက်တယ်....အင်းလေးက အချဉ်အချိန်ရရင်သွားစားဦးမယ်... :)

    ReplyDelete
  9. :) အချည်လေး ပါရင် ထမင်းစားမြိန်တာတော့ အမှန်ပဲ။ မကြာခဏ လုပ်စားဖြစ်တာတော့...ကြက်သွန်ကို ပါးပါးလှီးပြီး ငရုပ်သီးစိမ်း နဲ့ ဆားထည့် ၊ သံပုရာရည်ညစ်.. ၊ ဒါမှ မဟုတ်..ကြက်သွန် ကို အပေါ်က ငရုတ်ဆီ ဆမ်းလိုက်တဲ့ အချည်။ အဲ့ဒါထက်ပိုပြီးတော့ မလုပ်ဖူးပါ...မမသက်ဝေ ရေးသွားတဲ့ မန်ကျီးချဉ် လေးကို လုပ်ပြီး အကြော်နဲ့ စားဦးမယ်။း))

    ReplyDelete
  10. အချဉ်ကြိုက်သူများ အသင်းဝင် အမာခံ ဂိုဏ်းသူလေးလာပါပီခင်ဗျာ။
    မြန်မာပြည်ပြန်တုံးက
    မားသားကလမ်းဘေးကအချဉ်နီနီတွေ မစားခိုင်းဘူး၊
    မသန့် လို့ ကိုယ်တိုင်ကျိုပေးတယ်။ ဘယ်လိုကောင်းမှန်းမသိဘူး။
    အဲဒီအချဉ်နီနီလိုမျိုးကိုနည်းနည်းပဲထည့် ၊ ထန်းညက်လေးတစ်ခဲ၊ မန်ကျည်းရည်၊ ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်းထောင်း၊ ဆား ထည့်ပီးမှ ကျိုထားပေးတာ ။ဘူးနဲထည့်ထားအကြာကြီးအထားခံတယ်။
    မာသားဆီချက်ခေါက်ဆွဲလုပ်ကျွေးရင် ခေါက်ဆွဲပေါ်ကိုလောင်းချပီးစားတာ ။
    အချဉ်မပါရင်ထမင်းမစားဘူး ၊မသက်ဝေနဲ့ တူတူပဲ။ ကျနော်ကတောင်ပိုဆိုးအုံးမလားလို့ ။
    စားစရာမရှိရင် သံပုရာသီးကိုပါးပါးလှီးပြီး ဝါးစားတာ။
    ဂျပန်ဆိုင်က ဂျင်းချဉ်ရော အသားစိမ်းနဲ့ တို့ စားတဲ့ အချဉ်ရော အရမ်းကြိုက် ၊ အရင်အလုပ်က ဂျပန်MD ကဆို ဂျပန်ကပြန်လာတိုင်း အဲဒီဂျင်းဘူးလိုက်ရယ် ၊ အသားနဲ့ တို့ စားတဲ့အချဉ်ရယ် ပုလင်းလိုက်ဝယ်လာပေးတယ် ၊ စားစမ်းတဲ့။ဟိဟိ။
    သူတို့ နဲ့ ညစာစားတိုင်းကျနော်က အဲဒါတွေအရမ်းစားတာကိုး။
    အိမ်မှာကိုကိုရော ကျနော်ရော အချဉ်အရမ်းစားတာ။
    ကျနော်တို့ ဆောင်ပုဒ်တောင်ရှိတယ်။
    “ အချဉ်မကြိုက် လူမိုက် “ ။ဟက်ဟက်။

    ReplyDelete
  11. အကြိုက်တူတွေ လာတွေ့နေပြီ အစ်မရေ။ ဆူရှီက ချင်းဖတ်လေးတွေ ပုံရိပ်လည်း ကြိုက်တယ်။ ဂျင်းအချဉ်ထုပ်နဲ့ ဆင်လို့ ထင်တယ်။ ကော်ပြန့်အကြော် အစိမ်းနှစ်မျိုးလုံးကို အချဉ်ရည်ရွှဲရွှဲ ဆမ်းပြီး စားရမှ ကြိုက်တယ်။ အတူတူပဲ။ ဘာမှ မရှိရင် ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး သံပုရာသီး ညှစ်၊ ဆားဖြူးပြီး အချဉ်လုပ်စား လိုက်တယ်။

    ReplyDelete
  12. ညကတည်းကလာဖတ်ပါတယ်။ မရေးခဲ့တာ။
    ကြက်သွန်နီငရုတ်သီးစိမ်းပါးပါးလျှီးထားတာနဲ့။ရှာလကာရည်ကလေးဆမ်းထားတကိုကြိုက်ပါတယ။် ရှာလကာရည်ကို Ntuc မှာ အဂ်လိပ်လိုမပြောတတ်လို့ မဝယ်တတ်တာနဲ့သ့ပုရာသီးညှစ်ပြီး စားပါတယ။် ခြောက်လတစ်ခါလောက်ပေါ့။

    ReplyDelete
  13. ရှာလကာရည်=Vinegar လေ မမ....:)

    ReplyDelete
  14. myo: မမသက်ဝေပို့စ်ကို စဖတ်ဖတ်ခြင်းသွားကျိန်းတယ် ပြိးတော့ သားရည်ယိုတယ် ပြီးတော့ ပြီးတော့ ကွန်မန့်တွေ အီး ချဉ်လိုက်တာ..
    အီး=အာမေဋိတ်

    ReplyDelete
  15. အမရေးပြတာတွေ ဖတ်ရင်း ဗိုက်ဆာလာပြီ။း( ရန်ကုန်က အစားတွေ လွမ်းပါတယ်ဆိုမှ ဒါဖတ်မိတာ ပိုဆိုးသွားပြီ။

    ReplyDelete
  16. အချဉ်ရည်ဆို ကြိုက်မှကြိုက်ပဲ.. အသင်းဝင်တယ် အမ.. မော့တော့ မသောက်ဖြစ်ဘူးပေါ့နော်..:D ကြေးအိုးနဲ့ဆို ငရုတ်ဆီ နီနီနဲ့ အချဉ်ရည်ပဲ စားတယ်.. အဲဒီလို အချဉ်ရည်နဲ့စားမှ စားရတာ အရသာရှိတာ..မတည့်ဘူး ဆိုးဆေးပါတယ်ပြောပေမယ့် နည်းနည်းတော့ စားရမှ ကျေနပ်တယ်... မစားရရင် မနေနိုင်ဘူး… အမရေ.. ကျနော့် အမေဖျော်ပေးတဲ့ အသုပ်ထဲထည့်စားတဲ့အချဉ်ရည်နည်းကို မေးလ်ပို့လိုက်မယ် သိလား.. သံပုရာသီးတော့ မလိုချင်ဘူး... ရှောက်သီးဆိုရင်တော့ စိတ်ဝင်စားတယ်.. အဟိ.. ဒီမှာ ရှောက်သီးမရှိလို့.. :P

    ReplyDelete
  17. Suki sauce recipe
    1. Tomato ketchup
    2. salted soya bean paste (ဆီတိုဟူး) .can buy in NTUC.
    3. ground peanut. (NTUC - see on cake accessories shelves)
    4. sugar
    5. sesame oil
    6. sesame

    mix altogether.

    ReplyDelete
  18. ဟေ့ ငါတို့က အမေ့ဗိုက်ထဲမှာ မမွေးခင် ကတည်းက ရှောက်သီးအလုံးလိုက် ချဉ်ချင်းတပ်လို့ အမေက စားပေးရတာနော်...ဒါပေမဲ့ အသင်းမဝင်ဘူး သံပုရာသီးတလုံး နဲတယ်...။

    အချဉ်ကောင်းကောင်းလုပ်ပြီး ၄င်းနှင့် လိုက်ဖက်သော အစာအာဟာရတခွက် နှင့် တွဲဖက်ချက်ကျွေးလျင် စဉ်းစားမည် ဖြစ်ကြောင်း... :)

    ReplyDelete
  19. ၀က်သားတုတ်ထိုးနဲ့စားတဲ့ငရုတ်ဆီနီနီကိုလွမ်းမိပါသည်။

    ReplyDelete
  20. Min ( Another Min)April 27, 2010 at 8:27 PM

    <>

    Hi Ma Nu San,
    Please publish in comment if it is not a secret recipe.:)

    ReplyDelete
  21. အချဉ်လာဖမ်းသွားတယ်..
    အများကြီးပဲ မိတယ်..
    ဒီနေ့အတွက် ဖူလုံသွားပြီ..။။


    ပေါက်

    ReplyDelete
  22. ဇွန်လည်း အချဉ်သိပ်ကြိုက်တာ။ အချဉ်ရည်ရော၊ အချဉ်ထုပ်ရော အကုန်ကြိုက်။ ငယ်ငယ်ကဆို သွားတွေကျိန်းတဲ့အထိ စားပစ်တာ။ အချဉ်စားစရာမရှိရင် အိမ်မှာရှိတဲ့ သံပုရာသီးလှီးပြီး စားခဲ့သေးတယ်။း)) ဂျပန်စာနဲ့တွဲစားရတဲ့ ဂျင်းဖတ်လေးတွေနဲ့ အချဉ်လည်းကြိုက်တယ်။ အသင်းဝင်ပါမယ်မမ။ ဒါပေမဲ့ အစ်မချစ်နဲ့အတူ ထောက်ခံပါတယ်။ သံပုရာသီးတစ်လုံးဆို နည်းတယ်နော်။ နောက်ကတွဲဖက်လေး တစ်ခုခုပါမှ ... အဟက်း)

    ReplyDelete
  23. အချဉ်အကြောင်းကို လှိုက်လှိုက်လှဲလှဲ အားပေးသွားကြသူတွေ၊ အချဉ်ကြိုက်သူများ အသင်းဝင်မယ့်သူတွေ၊ အချဉ် Recipe ပေးသွားတဲ့သူတွေနဲ့ အကြိုက်ချင်း တူကြတဲ့ ညီအမ တတွေကို
    ကျေးဇူး အများကြီးတင်ပါတယ်...။ ကိုယ်လိုလူတွေ အများကြီးဆိုတာ သိလိုက်ရလို့ တကယ်ကိုပဲ နှစ်ထောင်းအားရ ဖြစ်မိပါတယ်...။

    အချဉ်မကြိုက် လူမိုက် ဆိုတဲ့ စကားကလဲ ရှိနေတယ်မဟုတ်လား...း))

    ကော်မန့်တွေဖတ်ရင်း တွေးနေမိတာ တခုက ယောင်္ကျားလေးတွေ အချဉ် ကြိုက်ပုံ မရကြဘူး ဆိုတာပါပဲ...။ အခါးကြိုက်သူများ အသင်းဖွဲ့ရင်တော့ ရောက်လာကြမလား မသိ...း))

    ReplyDelete
  24. ကြည့် လုပ်...ဖြုပ်.. ကလေးလဲတွေလာနားနေဦးမယ်...
    Anyway...လူမိုက်တွေကိုလဲတည့်အောင်ပေါင်းတတ်ပါတယ်,
    Blue skyမဏ္ဏပ်မှာသက်ဝေမှူး၊ပန်ဒိုရာ၊ဆရာယောတို့နဲ့
    ရေလာကစားရဲတာဘဲကြည့်ပေါ့၊
    ...အဟတ် :)

    ReplyDelete
  25. အချဉ်ထည့်မယ်ဆိုလို့ လန့်သွားတာဘဲ
    အချဉ်တော့ ကြိုက်ပါတယ် မသက်ဝေ ပြောတဲ့ အချဉ်နီနီ တွေတော့ သိပ်မစားဖြစ်ဘူး မန်ကျီးမှည့် ကြက်သွန်ဖြူ နံနံပင် ချဉ်လေး ကိုတော့ ကြိုက်ဆုံးဘဲ

    ReplyDelete
  26. အချိုကြိုက် အဖွဲ့ရော မဖွဲ့ကြဘူးလားဟင်။ အချဉ်မကြိုက်..လို့ မပြောရဲပါကြောင်း။ ၀ိုင်းချဉ်ကြမှာစိုးလို့.. :)

    ReplyDelete
  27. တို့များမှာတော့
    သံပုရာသီးတလုံး နဲ့ ဝေးရပါပြီ ဝေ

    ReplyDelete
  28. အမလဲ အချဉ်ကြိုက်တယ်.. ထမင်းစားရင် အချဉ်မပါရင်ကို မစားတတ်ဘူး။ သက်ဝေကြိုက်တဲအချဉ်နီနီက ဆန်မှုန့်ရယ်ရှာလကာရည်ရယ် ဆိုးဆေးတွေ ကြာကြာခံအောင် ထည့်တဲ့ဆေးတွေ ထည့်ထားတာ။ အဲဒါတော့ သိပ်မကြိုက်ဘူး ကျန်တဲ့အချဉ်တွေ အကုန်စားတယ်။ ကျောင်းတက်တုန်းက မရမ်းသီးပေါင်းကို အရမ်းကြိုက်ခဲ့တယ် ။ ခု အဲလိုမျိုး ပေါင်းထားတာ ဘယ်မှာမှ မတွေ့တော့ဘူး စားချင်လိုက်တာ ပြောနေရင်းနဲ့...။ ဒီနေ့ အိမ်မှာ သရက်သီးကြော်စားတယ် သိလား။

    အမခင်မင်းဇော်

    ReplyDelete
  29. အစ်မသက်ဝေ ညွှန်းလို့ လာဖတ်တာ ပို့စ် အပောာင်းလေး ပဲနော်။ ပီားးပိာ ဖတ်ရင်း ရယ်မိတာ အခါခါပဲ။ အစ်မက အချဉ်ရည်ကို မော့သောက် လောက်တဲ့ အထိ ကြိုက်တာကိုး။ ရို့စ် အချဉ်ရည် လုပ်ရင်လေ ဒီက ထိုင်းဆိုင် အာရှဆိုင်တွေက ကြက်ဖ တံဆိပ် စပ်စပ် အနီရောင် အချဉ်ရည် ပြစ်ပြစ် တစ်ဗူး ၀ယ်တယ်။ ပြီးတော့မှ အိမ်မှာ စိတ်ကြိုက် ပြန်စပ်တယ်။ မန်ကျည်းသီးရည်လေးနဲ့ အဲ့ ဗူးထဲက အချဉ်ရည်ရယ်၊ သံပုရာသီးလေး ညှစ်ထည့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ နံနံပင်လေး ထည့်လို့ မြန်မာပြည်က အချဉ်ရည် အတိုင်းပဲ အပာုတ်း)))

    http://redroseofburma.blogspot.com/

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...