ညနေခင်းက မိုးရွာပြီးစ.. ကောင်းကင်က ကြည်လင် ပြာစင်နေသည်…။ လမ်းပေါ်မှာ ရေတွေက စိုစိုစွတ်စွတ် ရှိနေသေးသည်။ လမ်းဘေးတလျှောက်မှ သစ်ပင်တန်းလေးက မိုးစိုထားသောကြောင့် ဖုန်မှုန့် သဲမှုန့်တွေ ကင်းစင်ကာ စိုလက် တောက်ပနေကြသည်…။ တချို့သစ်ရွက်ကလေးတွေပေါ်မှာ မိုးရေစက်ကလေးများက တွဲလောင်းခိုလို့…။ မြင်ကွင်းက ကြည်နူးစရာ…။ သည်လို သစ်ရွက်စိမ်းစိုလေးတွေကို တွေ့ပြန်တော့ သူ့ကို သတိရမိသည်…။ တကယ်တော့ သစ်ရွက်စိမ်းနှင့် သူနှင့် ဘာပတ်သက်လို့လဲ…။ ဖြစ်နိုင်ခြေရှိတာကတော့ ခုလို သစ်ရွက်စိမ်းစိုလေးတွေကို တွေ့လိုက်လျှင် သူ ဓါတ်ပုံရိုက်ချင် ရိုက်ဖြစ်လိမ့်မည် ထင်သည်။
သည်လိုအချိန်မှာ မမျှော်လင့်ပဲ သူ့ဆီက ဖုန်းဝင်လာတာ…။ သူ မိုး စာအုပ်ဆိုင်မှာ ရောက်နေသည်… လိုချင်သော စာအုပ်တအုပ် ရှာနေတာ မတွေ့လို့ ကျွန်မ မနေ့က ဝယ်သွားတာ ဒီဆိုင်ကပဲလား ဆိုတာ သေချာအောင် ထပ်မေးခြင်း ဖြစ်သည်…။ ကျွန်မက သူ့အကြောင်း သတိတရရှိနေချိန်မှာ သူ့အသံကြားရခြင်းအပေါ် စိတ်လှုပ်ရှား ပျော်ရွှင်သွားသော်လည်း သူကတော့ ထုံးစံအတိုင်း ခပ်ပြတ်ပြတ်… မေးစရာရှိတာ မေးပြီး ဖုန်းချသွားသည်…။ ယုတ်စွအဆုံး ကျွန်မ ရုံးဆင်းပြီလား... ဘယ်ရောက်နေသလဲ… ဘာလုပ်နေသလဲ… တခွန်းမှ မေးမသွား…။
သူ…
သူ ဆိုသည်မှာ ကျွန်မ အလွန်ချစ်ခင် တွယ်တာရသော… ကျွန်မ၏ အချိန် တော်တော်များများမှာ သတိတရရှိနေတတ်သော… စကားပြောဖေါ်၊ တိုင်ပင်ဖေါ်၊ ရန်ဖြစ်ဖေါ်၊ စာဖတ်ဖေါ်… ပြီးတော့ ကော်ဖီသောက်ဖေါ် သူငယ်ချင်းတယောက် ဖြစ်ပါသည်…။ ပြောရရင် သူက အစစ အရာရာကို သိုသိပ် ထိန်းချုပ်စွာ လျှို့ဝှက်တတ်သူ၊ ခံစားချက်တွေကို အလွယ်တကူ မဖေါ်ပြတတ်သူ၊ သူ့ရင်ထဲ သူ့အတွေးစိတ်ကူးထဲကို ဝင်ရောက်ခန့်မှန်းရန် ခက်ခဲလှသူတယောက်လေ…။ သူ့အတွေးတွေကို ဘယ်တော့မှ အလွယ်တကူ မသိရနိုင်၊ သူ့ရင်ထဲကို ဝင်ကြည့်လဲ ဘာမှ မမြင်ရနိုင်…။ ကျွန်မ အမြင်မှာတော့ သူသည် ခံစားမှုတွေကို မျိုသိပ် ထိန်းချုပ်တတ်သောပညာကို တဖက်ကမ်းခတ် တတ်ကျွမ်းသူတယောက်သာ…။
အပြန်လမ်းမှာ သူ့အကြောင်းစဉ်းစားရင်း အိမ်ကို ရောက်လာသည်။ သူ စာအုပ်ဝယ်လို့ ရခဲ့သည်ဟု အဓိပ္ပါယ်ရသော ဓါတ်ပုံလေးတပုံ သူ့ဆီမှ လက်ခံရရှိရုံမှအပ တညနေလုံး သူ အသံတိတ်နေခဲ့သည်။ ဒီအချိန်ဆို သူ စာဖတ်နေလောက်မည်ဟု တွေးကာ မနှောင့်ယှက်ဖြစ်တော့ပါ…။ ကျွန်မလဲ မနေ့က ဝယ်လာခဲ့သော ထိုစာအုပ်ကို ဒီညမှာ ဖတ်ဖို့ တွေးထားသည်။ နောက်ထက် နှစ်နာရီလောက်အကြာမှာ သူဆီမှ စာတိုတကြောင်း လာသည်…။ ထိုစာအုပ်ကို ကျွန်မ မဖတ်သင့်ပါ.. နာကျင် ကြေကွဲစရာကောင်းသည် တဲ့…။ အို… သူ ပြောကာမှ ကျွန်မ လုပ်နေလက်စအလုပ်များ အကုန်ပစ်ချကာ ထိုစာအုပ်ကို ချက်ချင်း ကောက်ကိုင်မိတော့သည်…။ သူ့စကားတခွန်းသည် ကျွန်မအတွက် ဤမျှ အစွမ်းထက်လှပါသည်…။
ထိုစာအုပ်ကို အစအဆုံး ဖတ်ပြီးသွားတော့ ည တစ်နာရီ ကျော်ပြီ။ လူက ခြေကုန်လက်ပမ်းကျပြီး အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့သည်…။ ဒါကြောင့် သူက မဖတ်သင့်ဘူးလို့ ပြောတာနေမှာ ဟုတွေးရင်း ကြောင်စီစီဖြစ်နေသော မျက်လုံးများအတွက် သောက်နေကျ ဆေးပုလင်းဆီသို့ လက်လှမ်းလိုက်မိသည်။ သူ သိရင် အပြစ်တင်ဦးမှာ…။ ဆေးမသောက်ပဲ အိပ်ဖို့ကြိုးစားခိုင်းတာ အခါတရာတောင် မကတော့…။ သို့သော် မတတ်နိုင်… ဒီညတော့ ကျွန်မအတွက် သည်ဆေးလုံးတွေ သေချာပေါက် လိုကို လိုအပ်နေပါသည်…။ စိတ်ကူးအတွေးထဲမှာ ဘာမှ ရှိမနေချင်… ဘယ်သူ့အကြောင်းမှ တွေးမနေချင်… ဖတ်ခဲ့သော ဝတ္ထုအကြောင်းလဲ ခေါင်းထဲမှာ မရှိချင်… နောက်ဆုံး… ကျွန်မအတွေးထဲမှာ သူ လဲ မရှိစေရ…။ ဒီည ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်သည်…။
ဆေးအရှိန်ကြောင့် တခဏအကြာမှာ မျက်လုံးတွေ မှေးစင်းကာ အိပ်ချင်စပြုလာသည်။ သေချာသည်… ကျွန်မ သည်ည ကောင်းကောင်းအိပ်ပျော်တော့မည်…။ သူ့ကို စိတ်ထဲမှနေ၍ Good Night ဟု တိုးတိုး လှမ်းနှုတ်ဆက်ကာ အခန်းထဲက စာကြည့်မီးကို မှိန်ချလိုက်တော့သည်…။
*****
ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထားသောအရှိန်ကြောင့် အိပ်ရာထမှာ လူက ကြည်လင်နေသင့်သော်လည်း ထင်သလောက် ကြည်လင်မနေပါ။ ညက အိပ်မက် မက်သည်။ အင်း… အားလုံးကို ခေါင်းထဲမှ ဖယ်ထုတ်ပြီး အိပ်ပါသည်ဆိုကာမှ… အိပ်မက်က မက်သေးသည်။ သေသေချာချာပြောရလျှင် ညက သူ့ကို အိပ်မက် မက်နေခဲ့သည်။ မနက် နိုးနိုးချင်းမှာ ပီပီသသ ထင်ထင်ရှားရှား မှတ်မိနေသော ထိုအိပ်မက်ကို သူ့ကို ချက်ချင်း ပြန်ပြောပြလိုက်ချင်သည်။ သို့သော် အတွေးထဲမှာတင် ခေါင်းကို တွင်တွင်ခါယမ်း ငြင်းဆန်မိသည်…။ ဘယ်ဖြစ်မှာလဲ… သူ့ကို ဘယ်လိုပြောလို့ ဖြစ်မှာလဲ…။
သူက ရိုးသား စစ်မှန်သော အဖြူရောင်ချစ်ခြင်းများနှင့် ကွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေး တယောက်လေ…။ သည်လို သူငယ်ချင်းတယောက်ကို ကျွန်မရဲ့ ထူးထွေ ရှည်လျားပြီး ဆန်းပြားသော အိပ်မက်အကြောင်း ဘယ်လို ပြောပြလို့ရမလဲ…။ ပြောလဲ မပြောသင့်ဘူး မဟုတ်လား။ နောက်ပြီး သူနဲ့ ကျွန်မက တချို့နေရာတွေမှာ သဘောထားတွေ တိုက်ဆိုင်လေ့ မရှိကြ…။ ငြင်းရ ခုန်ရတာတွေ များသည်။ သူနဲ့ ကျွန်မ တူညီတာဆိုလို့ ထမင်းနဲ့ ကော်ဖီနဲ့ လဲနိုင်တာ၊ ချောကလက်ကြိုက်တာ၊ စာအုပ်တွေ တွေ့တိုင်း လောဘတကြီးနှင့် ဝယ်ယူ သိမ်းဆည်းတတ်တာ၊ အချိန်ရသ၍ စာဖတ်တာနှင့် သီချင်းတွေကို နားနှင့်မပြတ် နားထောင်တာ… ဒါလောက်ပဲ ရှိသည်။
သူက ဓါတ်ပုံရိုက် ဝါသနာကြီးသည်။ ပိုက်ဆံရတိုင်း ကင်မရာတွေ မှန်ပြောင်း ကောင်းကောင်းတွေ ဝယ်တတ်သည်။ ဓါတ်ပုံရိုက်ရမည်ဆိုလျှင် မမောနိုင် မပန်းနိုင်၊ ထမင်းမေ့ ဟင်းမေ့…။ ကျွန်မမှာက ကင်မရာပင် မရှိ၊ တခါတခါ ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာလျှင် ဖုန်းမှာ ပါသော ကင်မရာက ကျွန်မအတွက် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် သူ ရိုက်ပြီး လာ လာပြတတ်သော ဓါတ်ပုံတွေကို ကျွန်မ မခံစားတတ်ပါ။ တရက်ကတော့ ဓါတ်ပုံတွေသည် ကိုယ်ဖေါ်ပြချင်သောအရာ သို့မဟုတ် ကိုယ့်ခံစားမှုတွေကို တိုက်ရိုက် မဖေါ်ပြနိုင်၊ အကန့်အသတ် (Limit) ရှိနေသည်… ပြီးတော့ ခံစားချက်တွေကို ဓါတ်ပုံက မည်သည့်နည်းနှင့်မျှ ပီပီသသ ပုံမဖေါ်နိုင်… ပန်းချီကသာ ပုံဖေါ် ခံစားပြနိုင်စွမ်းသည်ဟု ကျွန်မပြောလိုက်မိရာ သူ နှစ်သက်သော ဓါတ်ပုံပညာကို နားမလည် ပါးမလည် ဝေဖန်သည် ဟူသော စွတ်စွဲချက်ဖြင့် သူ ကျွန်မကို တပတ်လောက် စကားမပြောပဲ နေခဲ့သည်။ သူက တခုခုဆို စိတ်ပြေလွယ်သလောက် စိတ်ဆိုးလွယ်သူ တယောက်လည်း ဖြစ်နေသေးသည်။
ပြီးတော့ သူက မြန်မာထမင်းဟင်းတွေ ကြိုက်သည်။ ဝက်သားကြိုက်သည်၊ လဘက်ကြိုက်သည်။ ကျွန်မအတွက်က အချိန်မရွေး နေရာမရွေး အလွယ်တကူရတတ်သော ကော်ဖီနှင့် ပေါင်မုန့်သည်သာ အဓိက အစားအစာ။ ဝက်သားကို မကြိုက်လိုက်သမှ စားဖို့ဝေးလို့ နာမည်တောင် မကြားချင်၊ လဘက်ကတော့ ကျွန်မနှင့် မတည့်…။ သူက ကိုယ့်နိုင်ငံရဲ့ အလှအပတွေ ယဉ်ကျေးမှုတွေကို သေသေချာချာ ရှာဖွေ ခံစားတတ်သည်။ အချိန်ရရင် ရသလို နေရာအနှံ့သွားလာနေရမှ စားဝင် အိပ်ပျော်သူ…။ ကျွန်မက ကျန်းမာရေးကြောင့် ဘာကြောင့် ညာကြောင့်ဟူသော အကြောင်းပြချက်မျိုးစုံတို့နှင့် တားမြစ်ချက်ပေါင်း များစွာကြားမှာ ကြီးပြင်းခဲ့ရသောကြောင့် ချောင်းသာနှင့် မန္တလေးမှလွဲ၍ ဘယ်မှ မရောက်ဖူးသူ။ လက်ရှိမှာလဲ အိမ်နှင့် အလုပ်ကလွဲ၍ ဝေးဝေးမသွားဖြစ်…။ အချိန်တိုင်း အခန်းအောင်းနေတတ်သူ။
သည်လို မတူညီခြင်းတွေကြားမှာ ကျွန်မတို့နှစ်ယောက်၏ ဘာသာစကားတွေ ထပ်တူညီနေကြခြင်းမှာ တကယ် ထူးဆန်းလှပါသည်…။ ပြီးတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ခိုင်ခိုင်မာမာ တည်ရှိနေသော၊ မျက်စိဖြင့် မမြင်နိုင်သော ကြိုးမျှင်လေးတချောင်း… ထိုကြိုးမျှင်လေးကြောင့် အချိန်တော်တော်များများမှာ တယောက်ကိုတယောက် ယုံကြည်လိုအပ်စွာ တွယ်တာနေကြသည်ပဲ…။
*****
ဒီနေ့ တနေ့လုံး သူ့အကြောင်းကို တွေးရင်း၊ ညက အိပ်မက်ကလေးကို ထပ်ခါတလဲ ပြန်လည် မြင်ယောင်နေရင်း သူ့ကို တိတ်တိတ်ကလေး လွမ်းနေခဲ့သည်။ သူကတော့ ဘယ်သိနိုင်မှာလဲလေ…။ ပြီးတော့ စိတ်ထဲမှာ ဝမ်းနည်းလာမိသည်…။ အိပ်မက်ကလေးအကြောင်း အိပ်မက်ပိုင်ရှင်ကို ပြန်ပြောခွင့်ရချင်သော ဆန္ဒနှင့် ပြောသင့် မပြောသင့် ဆိုသော အတွေးတို့ လွန်ဆွဲနေကြဆဲ…။ ဟင့်အင်း… မဖြစ်နိုင်ပါ… သူ့ကို ဘယ်လိုမှ ပြောလို့ မဖြစ်နိုင်ပါ…။ အိပ်မက်ကလေး၏ ဆန်းပြားလှပခြင်းတွေ၊ သာယာချိုမြိန်ခြင်းတွေ၊ ပျော်ရွှင်ကြည်နူးခြင်းတွေ… ပြီးတော့ တခါမှ မကြုံဖူးခဲ့သော သူ့ရဲ့ ထူးခြားသော စကားလုံးတွေ၊ ဆန်းပြားသော အပြုအမူတွေ၊ ဘာသာပြန်ဖို့ ခက်ခဲသော အကြည့်တွေ… ကျွန်မအားလုံးကို သေသေချာချာ တပ်တပ်အပ်အပ် အမှတ်ရနေခဲ့သည်။
အိပ်မက်ဆိုသည်ကို လူအများစုက မက်ပြီး ပြီးရော… မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြသော်လည်း ကျွန်မအတွက်တော့ ထိုအိပ်မက်ကလေးသည် သာမန်အိပ်မက်တခုထက် အများကြီးပိုသော အဓိပ္ပါယ်တွေ ရှိနေခဲ့သည်။ ပြီးတော့ အိပ်မက်ဆိုသည်မှာ အိပ်ပျော်နေချိန်မှာ တွေ့ရတတ်သော စိတ်ကူးယဉ် အငွေ့အသက်တခု ဖြစ်သော်ငြားလည်း ထိုအိပ်မက်ကလေးကတော့ ကျွန်မအတွက် ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်အောင် စုံမက် နှစ်သက်ချင်စရာ ကောင်းနေပါသည်။
သို့သော်လည်း သူနှင့် နောက်တကြိမ် တွေ့ဖြစ်သောအခါမှာ ထိုအိပ်မက်ကလေးကို ပြန်လည် တ သ သတိရ မနေစေဖို့၊ အိပ်မက်ထဲက အကြောင်းအရာတွေကို အပြင် လက်တွေ့မှာ မတောင့်တမိ မမျှော်လင့်မိစေဖို့ ကျွန်မ သေသေချာချာ သတိထားရမည်။ ထိုတညက မက်ခဲ့သော အိပ်မက်လေးကို (သူ မသိနိုင်သော်လည်း) ခပ်ဝေးဝေးမှာ ချန်ထားခဲ့ပြီး ဘာမှ မဖြစ်သလိုနှင့် သူ့ကို ကြည်လင်စွာ မျက်နှာချင်းဆိုင်ပြီး ပြုံးရယ်နိုင်အောင် ကြိုးစားရမည်…။ အိပ်မက်ထဲမှာ ရခဲ့သော အရာတွေကို အိပ်မက်ထဲမှာသာ ချန်ထားပစ်ခဲ့ရမည်။ မဖြစ်နိုင်သော အရာတွေကို မျှော်လင့်နေတတ်ခြင်းနှင့်အတူ ခံစားချက်တွေကို မျိုသိပ် ထိန်းချုပ်နိုင်စွမ်း နည်းပါးတတ်သော ကျွန်မ… ဖြစ်နိုင်လျှင် သူ့ဆီမှ မျိုသိပ်နိုင်ခြင်း ဟူသော ပညာရပ်ကိုလည်း သင်ကြား တတ်မြောက်ချင်ပါသေးသည်။
သည်အချိန်မှာ တစုံတယောက်ကများ ကျွန်မကို သင် အတောင့်တဆုံး အလိုချင်ဆုံး ဆုတခု တောင်းပါ ဟု အခွင့်ပေးလာခဲ့လျှင်တော့ အိပ်မက်ပိုင်ရှင်ကို ပြန်ပြောပြခွင့် မရှိသော သည်လိုအိပ်မက်မျိုး ဘယ်သောအခါမှ ထပ်မမက်ပါရစေနဲ့… ဟူသော ဆုကိုသာ မက်မက်မောမော တောင်းဖြစ်မှာ သေချာပါသည်…။
အမသက်ဝေ.... ခံစားတတ်ေ၇းတတ်လိုက်တာနော်။
ReplyDeleteဟယ်.. အစ်မရယ်..
ReplyDeleteအိပ်မက်ကို ပြန်မပြောပြဘဲ နေဖို့ဆိုတာ တော်တော်ခက်မှာပဲ..
ဖတ်ပြီးတော့ ခံစားရလို့ ဘာပြောရမလဲတောင် မသိတော့ဘူး..
Khin Min Zaw : ကိုယ့်ဆီက အိပ်မက်ကို ပြောခွင့်ရသလို သူ့အိပ်မက်တွေကိုလဲ သိခွင့်ရသူ ဖြစ်ချင်ခဲ့ဘူးတယ်... ဟိုးးးးးး ရှေးရှေးတုန်းက........
ReplyDeleteဝတ္တုလေးက သိတ်လှတာပဲ သက်ဝေ...
ReplyDeleteတကယ်ဆို တချို့ဟာတွေက မပြောပဲ ထားတာပဲ ကောင်းပါတယ်။ နာကျင်တာတွေကိုတော့ ခဏ မေ့ထားကြတာပေါ့။
အဲ့လိုအိပ်မက်တွေတော့ မမက်ချင်ဘူး မမသက်ဝေရယ် ... ပြောပြခွင့်မရတဲ့ အိပ်မက်တွေ ၊ စကားသံတွေကို ညီမလေးမုန်းတယ် ။
ReplyDeleteအိပ်မက် တခုတည်းကို တညတည်း တူတူ မက်ကြလို့ မနက်မိုးလင်းတော့ အလုအယက် ပြန်ပြောကြရင်း အတူ အံ့သြခဲ့ ကြတဲ့ သူငယ်ချင်း ၃ယောက်ကို သတိရ သွားတယ်။ အိပ်မက်ကို တယောက်တပိုင်းစီ ပြောတာ တောင် အဲဒီအိပ်မက်တွေက တထပ်တည်း ကျနေတာ ပြီးတော့ အပြင်မှာပါ မှန်နေတာ သိပ် အံ့သြဖို့ ကောင်းတာပဲ။ ခုတော့ သူတို့တွေနဲ့ အိပ်မက် တွေအကြောင်း ပြောခွင့် မရှိတော့ပါဘူးလေ...
ReplyDeleteလာဖတ်သွားပါတယ် အမ...။ ဒီပို့စ်လေးကို ဖတ်ပြီး ကျနော်လည်း မပြောဖြစ်သေးတဲ့ အိပ်မက်လေးရယ်...မြိုသိပ်နိုင်လွန်းတဲ့ လူတယောက်ရယ်ကို သွားသတိရတယ်။
ReplyDeleteအရမ်းကောင်းပါတယ်။
ဒီဘလော့ကို
ReplyDeleteလျှောက်သွားရင်းနဲ့ တွေ့လို့
ဝင်လည်ရင်း ဖတ်သွားတယ် ...း)
ရေးထားတာ
အရမ်းဖတ်လို့ကောင်းတယ် ...
အားပေးလျှက်
ဆောင်းနှင်းရွက်
ကျနော်လဲနှင်းတွေကြားမှာပြန့်ကျဲနေတဲ့အိမ်မက်တွေလိုက်သိမ်းရင်း
ReplyDeleteလွမ်းအိပ်မက်တွေလာခံစားကျေးဇူးတင်
ပါတယ်ခင်ဗျာ
မမသက်ဝေရဲ့ ၀တ္ထုတိုလေးကို လာဖတ်ပါတယ်။ အဲဒီထဲက မိန်းကလေးက သနားပါတယ်နော်။ သူမ ချစ်နေတဲ့သူက မျိုသိပ်နိုင်လွန်း၊ သူငယ်ချင်း စည်း စောင့်နိုင်လွန်းတော့လည်း သူမ ချစ်နေတာတွေ ရင်ထဲမှာပဲ သိမ်းထားရတော့မှာပေါ့။
ReplyDeleteThetwai yay, i really miss ur writing when i was away from blog... Dream... Is Dream reflection of our mind... I really dont know... Anyway... I love to Dream but at the same time i scare to dream.... (sorry for english comment... I'm testing the way to in touch with blog.. 8-) )
ReplyDeleteစိတ်မကောင်းတောင်ဖြစ်သွားတယ်
ReplyDeleteလန်ထွက်အောင်နုနေတာပဲကွယ်..
ReplyDeleteအိပ်မက်ထဲမှာသူနဲ့များညားသွားလို့လား ကွိကွိ
=P
အင်းနော်... ပြန်ပြောပြလို့မရမဲ့ အိမ်မက်မျိုး ဘယ်သူမက်ချင်ပါ့မလဲ
ReplyDeleteအမ ရေးထားတာလေးအရမ်းကောင်းတယ်
ReplyDeleteသ ည် လို သ စ် ရွ က် စိ မ်း စို ေ လ း ေ တြ ကို ေ တွ့ ပြ န်ေ တာ့
ReplyDeleteသူ့ ကို သ တိ ရ မိ သ ည် . . . . . . . )))