Saturday, December 11, 2010

အိမ်ပြန်ကြသူများ

... ... ... အလွမ်း ပြန်ချင်စိတ်ကြောင့်... အလွမ်း ပြန်ချင်ဇောကြောင့်...
နေ့ခင်း အိပ်မက်ထဲမှာ... အတွေး အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်... ... ...


ဟေ့ကောင်.. မင်း ဘယ်တော့ ပြန်မှာလဲ… ငါကတော့ လာမယ့် ဖေဖေါ်ဝါရီလမှာ တရုပ်နှစ်ကူးနဲ့ ရောပြီး ပြန်မယ်… အော… မင်းလဲ ပြန်မှာလား… မင်းက Silk Air နဲ့လား MAI နဲ့လား… Jet Star မှာ Promotion ရှိတယ် ကြားတာပဲ… ပြန်မယ့်ရက်တွေက Fix လုပ်ရမှာနော်…။ ဖေဖေါ်ဝါရီပြန်ဖို့ ခုထဲက ကြိုဝယ်ထားမှ ရမယ်… ဈေးတော့ သက်သာတယ် ကိုယ့်လူ… အေးကွာ… ကမ္ဘောဒီးယားကို အလည် သွားမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီ… အမေက နေသိပ်ကောင်းတာ မဟုတ်ဖူးကွ… အမေ့ဆီပဲ ပြန်ပါတော့မယ်…

ရုံးမှာ ခွင့်တင်ပြီးပြီလား… ခွင့်လက်ကျန်တွေ ရှိနေသေးလား… နောက်နှစ်ခါ တရုပ်နှစ်ကူး ပိတ်ရက်တွေနဲ့ဆို ခွင့် တော်တော် သက်သာသွားမယ်… ဟုတ်တယ်နော်… ဒီတိုင်းဆို နှစ်ကုန်ပိုင်းတခေါက် ပြန်လို့ရသေးတာပေါ့… ဒီကြားထဲ ကိစ္စကြီးငယ်ရှိရင်တော့ MC ပေါ့ကွာ… ဟဲဟဲ..

ဒီနေ့ ငွေဈေး ဘယ်လောက်ပေါက်လဲ… ငွေလွှဲပါမယ်ဆိုမှ ဈေးကလဲ ကျလိုက်တာကွာ…
ဟေ့ကောင်ရ ဒီလိုမပြောပါနဲ့… ငါတို့ မြန်မာငွေတန်ဖိုး မာနေတယ် လို့ ပြောစမ်းပါ… မင်းကွာ.. တော်တော်အပြောအဆို မတတ်တဲ့ကောင်… အဘကြားရင် နာအုံးမယ်…

သံရုံးမှာ ဒီနေ့ လူတွေ တိုးနေတာပဲ… သံရုံးက လူမတိုးတဲ့ရက်ရော ရှိသေးလို့လား… ပွဲစားနဲ့ သွားရင်သွား မဟုတ်ရင်ကတော့ ခွင့် ၃ ရက်က အသာလေး ကုန်မှာပဲ…။ ပွဲစားနဲ့က ၈၀ တောင်ပေးရမှာကွ…။ ဈေးကြီးလို့ ကိုယ်တိုင်ပဲ အပင်ပန်းခံလိုက်တယ်…။ ဘယ်တတ်နိုင်မှာလဲကွာ.. အမေ့အိမ်က ပြန်ချင်သေးတာကိုး…။

ဒီနေ့တောင် သံရုံးမှာ အခွန်လာဆောင်တဲ့ ကောင်မလေးတယောက် ပြောနေတာ ကြားခဲ့သေးတယ်… ဘာတဲ့… သေတာပဲ အေးပါတယ် တဲ့… ငါ့မှာ ရယ်လဲ ရယ်ချင် သနားလဲ သနား…။ အခွန်က ရန်ကုန်မှာ ဆောင်ရင် ပိုသက်သာတယ်… ဟုတ်လား… ဟုတ်မှလဲ လုပ်ပါ ဟေ့ကောင်ရာ… တော်ကြာ စာအုပ်ပါ အချိန်မှီပြန်ထွက်မလာမှ ကိုယ်ကျိုးတွေ နည်းနေပါအုံးမယ်…။ အေး… ပိုက်ဆံအကုန် သက်သာမယ်ဆိုတာတော့ သိပါတယ်… ဒါပေမယ့် ငါ ကြောက်တယ်ကွ…

အောချတ်မှာ ဘာတွေ ဈေးချသလဲ… သတင်းကြားရင်ပြောနော် လို့ သူငယ်ချင်းမတွေကို မှာထားရအုံးမယ်… အိမ်ပြန်ရင် လက်ဆောင်ပေးရမယ့်သူတွေက အများကြီးလေ… ဟိုတနေ့က သူတို့ ပြောနေကြတဲ့ ပါတိတ်ဆိုင် ဆိုတာလေ… ဒိုင်ဆို… ဝယ်လို့ကောင်းတယ် ဈေးသက်သာတယ်လို့ ပြောကြတယ်… လိပ်စာ မေးထားအုံးမှ…။ Expo မှာ လာတွေ ဈေးချသေးလဲ… ဒီရက်တွေဆို Sales တွေ အများကြီးရှိမှာပါ… အမေ့ဖို့ ပိုက်ဆံအိတ်တလုံးနဲ့ အနွေးထည် တထည်လောက် ဝယ်ချင်တယ်… အဖေကတော့ ဘာမှ မမှာတတ်ပါဘူး… ဘာမှမလိုပါဘူး သားရယ်လို့ ဖုန်းဆက်တိုင်း ပြောတာ… ဒါပေမယ့် ရှပ်အကျီလက်ရှည် ကောင်းကောင်းလေး တထည်လောက်တော့ ဝယ်သွားမယ်ကွာ….။ အမဖို့တော့ ပါတိတ်ပေါ့…

အိမ်ရောက်ရင် အတတ်နိုင်ဆုံး ဘယ်မှမသွားဘူး… ရောက်ပြီးရင် အရင်ဆုံး ရွှေတိဂုံဘုရားသွားဖူးမယ်… ပြီးရင်တော့ အမေချက်ကျွေးတာစားပြီး အမေ့အနားပဲ နေမယ်… နားလို့ အားရမှ ဟိုကောင်တွေနဲ့ တညနေလောက် တွေ့လိုက်မယ်… လေဆိပ်ကနေ သူတို့အတွက် အမည်းတလုံး ဝယ်သွားမယ်လေ… ဒါဆိုသူတို့ ကျေနပ်မှာပါ။ လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးတော့ စုံစုံလင်လင်လုပ်သွားမှာ… ဘာ… လေဆိပ်မှာ ရစ်ရင်… ဟုတ်လား… မတတ်နိုင်ဘူး ဒါကိုမှ ရစ်ရင်… ပေးဖို့လိုလဲ ပေးတာပေါ့ကွာ… အပြင်မြန်မြန်ရောက်ပြီး အမေတို့နဲ့ မြန်မြန်တွေ့ရဖို့က လိုရင်း မဟုတ်လား…

ဟိုရောက်ရင် ငါ စားချင်တာတွေကို စာရင်းလုပ်ထားတယ်ကွ…အမေနဲ့ အမက အားလုံး ချက်ကျွေးမယ် ပြောတယ်… ရောက်ရောက်ချင်းတော့ ပဲပြုတ် ထမင်းကြော်စားချင်တယ်လို့ ပြောထားတယ်…။ သိပါတယ်ကွာ… ပင်နဆူလာမှာ ပဲပြုတ်ဝယ်လို့ရတယ်ဆိုတာ… ဒါပေမယ့် မတူဘူး ဆရာ… လမ်းထဲမှာ လာရောင်းတဲ့ ပဲပြုတ်သည် အဒေါ်ကြီးရဲ့ ပဲပြုတ်ကမှ ချို အိနေပြီး စားလို့ ကောင်းတာကွ…။

တချို့ညနေတွေတော့ တရုပ်တန်းသွားမယ်… အဲဒီမှာ စားချင်တဲ့ တိုလီမိုလီလေးတွေ စားရင်း လမ်းလျှောက်ရင်း မျက်စေ့ အစာကျွေးရင်းပေါ့ကွာ… မနှစ်ကပြန်တုန်းကတောင် လုံချည်ပါတဲ့ ကောင်မလေးတွေ တော်တော်ရှားနေတာ တွေ့ရတယ်…။ မျက်လုံးပြူးမသွားပါနဲ့ကွ… စကပ်တွေ ဘောင်းဘီတွေနဲ့ပဲ တွေ့ရတာ များတယ် လို့ ပြောချင်တာပါ။

သတိရလို့ ပြောရအုံးမယ်… အမေ့နား ရောက်ရင်တော့ အမေက ငါ့သား မငယ်တော့ဘူးနော်… ဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်အုံးတော့မှာ ကြားယောင်သေး… ဟေး.. ဟေး…

တညနေတော့ ရွှေခိုင်မှာ မာလာဟင်း ငါးကင်နဲ့ ဘီယာလေးဘာလေး သောက်ဖို့ တွေးထားတယ်… မိုးချုပ်ချုပ်မှာ မီးလုံးလေးတွေ ခပ်မှိန်မှိန်နဲ့ သူဌေးမင်းက ပဲပလာတာ နဲ့ လဘက်ရည်သောက်ဖို့လဲ တွေးထားသေးတယ်…။ ပြီးတော့ ရွှေညောင်ပင်က ကြက်သားသုပ်… မဂိုလမ်းတလျှောက်က ဟိုအကြော် ဒီအကြော်လေးတွေ… စကော့ဈေးက ဦးကြွိဆီချက်… အေးကွာ… စားချင်တာတွေ သွားချင်တာတွေ၊ လုပ်ချင်တာတွေကတော့ စုံနေတာပဲ… ဘယ်လောက် လုပ်ဖြစ်မယ်တော့ မသိဘူး…။

အော… အရေးကြီးတာ မေ့တော့မလို့… ရန်ကုန်ရောက်ရင် အံသွားနှစ်ချောင်း ပေါက်နေတာ ဖါရမယ်… ပြီးတော့ မျက်မှန်လဲ တလက်လောက်လဲ အသစ်လုပ်အုံးမှ… ဒီမှာလုပ်ရင်လဲ ရတော့ရပါတယ်… ဒါပေမယ့် ဈေးကြီးတာကတကြောင်း ပြီးတော့ မြန်မာလို အားရပါးရ ပြောလို့ မရတာက တကြောင်းပေါ့… လုပ်ရတာ အဆင်ပြေတယ်ကို မထင်ဘူး…။

ဟေ… လူကြုံ ဟုတ်လား… အေးလေ.. သယ်နိုင်သလောက်တော့ သယ်သွားမှာပေါ့… ဟိုတခါကလို ကော်ဖီမိတ်အထုပ်တွေ ထောပတ်ဘူးတွေတော့ မပေးလိုက်ကြနဲ့နော်… အရင်တခေါက်က လေယာဉ်ကွင်းမှာ ပေါင်ပိုတွေ ပေးလိုက်ရတာ မမေ့ဘူး… တီဗွီ အပြားတွေလည်း ဈေးချတာတွေ့တော့ အိမ်ဖို့ ဝယ်ချင်သား… တန်ဖိုးထက် လက်ခကြီးဆိုသလို… ပို့ခက ဈေးကြီးနေလို့ စဉ်းစားနေရတာ… ကိုယ်နဲ့ အတူ ယူသွားမယ်ဆိုရင်တော့ ၃၂ လက်မပဲ ဝယ်ရလိမ့်မယ်…။

အင်း… အိမ်ပြန်ဖို့ရက်ကို လက်ချိုးရေတွက်… အိမ်မပြန်ခင် ဒီမှာ လုပ်စရာရှိတာ ဝယ်စရာရှိတာတွေကို မမေ့အောင် စာရွက်မှာ ချရေးထား… ပြီးတော့ အိမ်ရောက်ရင် လုပ်ချင်တာတွေ သွားချင် စားချင်တာတွေ အားလုံးကိုလဲ ချရေးထားမှပါပဲ…။ အသက်တွေက ကြီးလာတာကြောင့်လား ဒီမှာနေထိုင် လုပ်ကိုင်ရတာ Stress များလို့လား မသိပါဘူး… မှတ်ဥာဏ်က အရင်လို တယ် မကောင်းချင်တော့ဘူး… ခဏ ခဏ မေ့တတ်လာတယ်…။

ပြောရင်းဆိုရင်းနဲ့ အခုမှ သတိရတယ်… ညနေစာစားဖို့ ကြက်ဥပြုတ်ထားတာ သွားကြည့်အုံးမှ… ဟာ… ရေတွေခမ်းပြီး တူးနေပါရောလား… ကဲပါလေ… ဖြစ်ချင်ရာဖြစ်… ခွာကြည့်လိုက်မယ် အတွင်းထဲက အကာတွေ အနှစ်တွေတော့ မတူးတန်ကောင်းပါဘူး… ထမင်းကို ဆီဆမ်းပြီး အတူးစား ကြက်ဥပြုတ်နဲ့ပဲ စားလိုက်တော့မယ်… နောက်လ အမေ့အိမ် ပြန်ရောက်မှ အတိုးချပြီး စားတာပေါ့နော….

အမေရေ… မကြာတော့ပါဘူး…
အမေ့လက်ရာတွေ အားပေးဖို့ သားကလေး မောင်ရွှေသွေး အမေ့နား ပြန်လာတော့မယ်နော်… မျှော်နေပါ အမေ… မျှော်နေပါ… … …



*** လောလောဆယ် အမေ့အိမ်ကို ပြန်သွားကြသူများ၊ မကြာခင်မှာ အမေ့အိမ်ကို ပြန်ရန် ခြေလှမ်းပြင်နေကြသူများနှင့် အမေ့အိမ်ကို ပြန်ကြမည့် သား သမီးများ အားလုံးအတွက်.... အမှတ်တရ....

27 comments:

  1. မယ်ကိုးDecember 11, 2010 at 12:36 AM

    She wants to go home, but nobody's home.
    It's where she lies, broken inside.
    With no place to go, no place to go to dry her eyes.

    Broken inside. (Avril Lavigne - Nobody's Home)

    ReplyDelete
  2. ဟုတ်ပါတယ်..
    မှန်ပါတယ်..
    အမေ့အိမ်ကိုရောက်ချင်ဇောနဲ့..ရန်ကုန်မှာ တစ်စက္ကန့်လေးတောင် မနေချင်ပါဘူး.။
    ဒါပေမယ့်..ပြန်တိုင်း ခခအမျိုးအိမ်မှာ ၂ရက်လောက်နေပြီးမှ ပြန်ဖို့ လွှတ်တတ်ပါတယ်။
    အမေ့အိမ်ပြန်ရောက်ရင်လဲ မနက်ဆို အိမ်နောက်က
    သူငယ်ချင်းအိမ်က နံနက်စာစားဖို့ လာခေါ်ပါတယ်..။
    အားနာနာနဲ့ သွားစားရပါတယ်..ဟဲ...။
    အမေ့အိမ်ပြန်တိုင်း အပြင်စာ စားနဲပါတယ်။
    သူငယ်ချင်းက အပြင်လိုက်ကျွေးမယ်ဆိုရင်တောင်မစားပဲ.သူတို့အိမ်မှာရှိတဲ့ ဟင်းနဲ့ သွားစားတတ်ပါတယ်..။
    မြန်မာပြန်တိုင်း ဘယ်မှ မလည်ဖြစ်ပါ.။
    မေမြို့မှာပဲ နေလို့မဝနိုင်ပါ.။

    ပေါက်
    (ထူးထူးခြားခြား.မနှစ်က မပြန်ဖြစ်ဖူး..ဟင်းး)

    ReplyDelete
  3. ပြန်ရတာ စဉ်းစားကြည့်တော့ ပျော်စရာကြီး..
    ဟိုလဲရောက်ရော...အညာတခွင်ပြဲပြဲစင်အောင် စကားတွေပတ်ပြောနေလိုက်တာ..ဧည့်သည်လုပ်ပြီးစားလို့ကောင်း..ဒါပေမဲ့ တလ ကျော်လာရင်တော့ မနေချင်တော့ဘူး..

    ReplyDelete
  4. ပြန်လို့ရတဲ့ သူတွေ ပြန်ကြတာ ၀မ်းသာပါတယ်
    အမရေ၊ အပြန်လက်ဆောင်အနေနဲ့ ဓါတ်ပုံတွေ
    အများကြီး ရိုက်ခဲ့ပါလားလို့ ....

    ReplyDelete
  5. ဟဟ
    အိမ်ပြန်ဖို့ စိတ်ကူးကြည့်ရုံနဲ့ ပျော်နေရတာ....
    ရင်လဲမော ပျော်လဲပျော်...

    နှင်းနဲ့မာယာ

    ReplyDelete
  6. ပြန်ရမယ်ဆိုရင် လူတိုင်းပျော်ကြတယ် ပြီးတော့ ပျော်ရွှင်စွာကော စိတ်ရှုပ်စွာကော ရှုပ်ရှက်ခတ်ကုန်ရေား)
    မမသက်ဝေရေးထား ပေါ်လွင်လွန်းလို့ အိမ်တောင်ထပြန်ချင်စိတ် ပေါက်လာပြီ မမရယ် ..

    ReplyDelete
  7. ;(
    ပြန်နိုင်သေးဘူး။ ပိုက်ပိုက်စုလိုက် ကုန်လိုက်ပဲ
    mm

    ReplyDelete
  8. "မီးလုံးလေးတွေ ခပ်မှိန်မှိန်နဲ့ သူဌေးမင်းက ပဲပလာတာ"
    May I know where is "သူဌေးမင်း" located? Somebody says in Nawaday Road, near Tha_ma_Da Hotel" but couldn't find. Thanks in advance.

    ReplyDelete
  9. သူဌေးမင်းက စမ်းချောင်း ဗဟိုလမ်းပေါ်က ရွေခိုင်ဘေးကလား အမ။ ပဲပလာတာ စားချင်လာပြီ။ အိမ်ပြန်ချင်လာပြီ။

    မြတ်

    ReplyDelete
  10. ပေါ့ပေါ့ပါးပါး ပျော်စရာလေး ရေးထားပေမယ့် အိမ်အလွမ်းတွေနဲ့ ဘဝအမောတွေကို သေသေချာချာ တွေ့လိုက်ရတယ်...
    စာရေးသူရဲ့ အတွေးကို ချီးကျူးပါတယ်...

    ReplyDelete
  11. ပြန်ချင်တယ်...ပြန်ဖြစ်ဘူး....:(...။

    ReplyDelete
  12. ပြန်မလို့ပဲ... မပြန်ရသေးဘူး

    ပုံ
    ဘယ်တော့ ပြန်ရမလဲ
    အစဉ်တစိုက် ချောင်းနေသူ

    ReplyDelete
  13. ခွင့်ရက်မရှိတော့ပါသဖြင့် အိမ်မပြန်နိုင်တော့ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဟင့် ဟင့်

    ReplyDelete
  14. ပြန်မယ် လို့ တော့
    အစီအစဉ် စဆွဲနေပြီ၊
    ရင်တွေခုံပြီး
    စိတ်တောင် လှုပ်ရှားတယ်။

    ReplyDelete
  15. အိမ်မပြန်ခင် အိမ်ပြန်ဖို့ စိတ်ကူးယဉ်ရတဲ့ ဖီလင်လောက် ကောင်းတာ မရှိတော့ဘူးနော်
    အိမ်နဲ့ဝေးသူတိုင်း အိမ်ရိပ်ကို ပျော်ရွှင်စွာ ခိုလှုံခွင့်ရကြပါစေရှင်

    ReplyDelete
  16. လေယာဉ်ဆင်းခါနီး လယ်ကွက်တွေကို တွေ.လိုက်ရင် အလိုလိုပျော်လာတယ် ၊ မြန်မာပြည်က ဆင်းရဲပေမဲ့ ခဏပြန်လို.ထင်ပါရဲ့ ၊ နေလို.အကောင်းဆုံး တစ်နေရာဖြစ်ပါတယ် ၊ နောက်ပြီး မြန်မာပြည်ရောက်ရင် ကမ္ဘာသတင်း သာမက မြန်မာ့သတင်းကိုပါ မသိတော့ပါ ၊ အလွန်ပင်စိတ်ချမ်းသာလှ ပါသည် ၊ စလုံးမှာလို လူတွေပြေးလွှား တာလည်းမတွေ.ရပါ ၊ အေးအေး ဆေးဆေး နေတတ်သော မြန်မာ့လူအဖွဲ.အစည်း ၊ ပတ်ဝန်းကျင်ကိုကြည့်ပြီး အလွန်ပင်အေးချမ်း လှပါသည် ၊

    ဒါပေမဲ့ ခွင့်နဲ. မြန်မာပြည်ကို ခဏပြန်သူများ က နိုင်ငံခြားမှာလို stress အပြည့်နဲ. အလုပ် လုပ်စရာမလိုတဲ့အချိန် ၊ မိဘဆွေမျိုးများနဲ. တွေ.ရတဲ့အချိန် ပိုက်ဆံကိုလည်း အတိုင်းအတာတစ်ခုအထိ သုံးနိုင်တဲ့အနေ အထားကြောင့် ပျော်နေသည်ဟုထင်မိပါ တယ် ၊ တကယ်လို.သာ မြန်မာပြည်ကို အပြီး ပြန်သွားခဲ့ရင်တကယ်ပျော်နိုင်မလားဆိုတာ ကိုတော့သံသယဖြစ်မိပါတယ် ၊

    မသက်ဝေရဲ့ ပို.စ်က အိမ်ပြန်ချင် သူများအတွက်တော့ "ငိုချင်ရဲ့ လက်တို.များ" ဖြစ်နေမလားမသိဖူး ...

    ReplyDelete
  17. အမသက်ဝေ အတွေးနဲ့ရေးထားပုံလေးက မှန်လိုက်၊ ကောင်းလိုက်တာ။း)
    ဇွန်က ၂၀၁၀အတွက် ခွင့်ကုန်သွားလို့ မပြန်ဖြစ်တော့ဘူး။ ရှေ့နှစ်မှပဲ။
    “ဒီမှာနေထိုင် လုပ်ကိုင်ရတာ Stress များလို့လား မသိပါဘူး… မှတ်ဥာဏ်က အရင်လို တယ် မကောင်းချင်တော့ဘူး… ခဏ ခဏ မေ့တတ်လာတယ်…” ဟုတ်တယ်အမရယ် ဇွန့်မှတ်ဉာဏ်တွေလည်း အရင်လောက် မကောင်းတော့ဘူး။း(

    ReplyDelete
  18. ရေးဖို့ကျန်သွားလို့... လေယာဉ်အတောင်ပံနဲ့ ဓာတ်ပုံလေးကို သိပ်ကြိုက်တယ်ဆိုတဲ့အကြောင်းး)

    ReplyDelete
  19. အန်တီသက်ဝေကတော့ ငိုချင်ရက် လက်တို့ ... အဲလေ ပြန်ချင်ရက် လက်တို့လုပ်နေပြီ ...

    ပြန်ရမယ်ဆို တွေးရတာ အတွေးထဲမှာတောင် တော်တော်ပျော်နေပြီ ...

    ReplyDelete
  20. ပြန်လို့ မရတဲ့ သူတွေကျတော့ရော သက်ဝေရယ်။
    အမခင်မင်းဇော်

    ReplyDelete
  21. ဖေဖော်ဝါရီကပဲ ၁ လ ပြန်ထားတာ ခွင့်ရက်လုံးဝမကျန်တော့တာ ပြန်ချင်လွန်းလို့ မပြန်ရရင် ရူးများသွားမလားလို့ ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်၊ သနားစိတ်တွေဝင်ပြီး no pay leave ၅ရက်ယူပြီးတော့ကို ပြန်မှာ ... :(

    ♫ ♪ အမေ့ကိုပဲ ချစ်သမီး လွမ်းပါတယ် ♫ ♫ ဆိုတဲ့ ရေဒီယိုသီချင်းလေးထဲကလိုပဲ.... ပြန်ပဲ ပြန်ချင်နေတော့တာ..

    မမသက်ဝေ လူကြုံထည့်ဦးမလား... :)

    ခင်မင်စွာဖြင့်
    ညီမ ပူးတေ

    ReplyDelete
  22. ဘာကြောင့်မှန်းမသိ...အဲသလောက် အိမ်ကို မလွမ်းဘူး၊ ဒီမှာလည်း အိမ်မှာ နေ နေတာပဲလေ...:) "တနေ့နေ့ အပြီး အခြေချဖို့ ပြန်မှာ" ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်မယ် ထင်ပါရဲ့။ ပျော်ရာမှာ မနေရတဲ့ ဘဝတွေအတွက် နေရတဲ့ နေရာမှာပဲ ပျော်အောင် ကြိုးစားတယ်။ ZZZ ရဲ့ ကော်မန့်ဖတ်ပြီး နဲနဲ တွေသွားတယ်....ခဏမို့လို့များ ပျော်တာလား တဲ့.....အင်းးးးး

    ReplyDelete
  23. ဘယ်တော့များပြန်ရဦးမှာလဲ
    ဒီကနေ ရန်ကုန်
    ရန်ကုန်ကနေ နယ်အထိ
    အော်...ဘ၀ဘဝ

    ဆုမြတ်

    ReplyDelete
  24. မိဘရင်ခွင်နဲ့ ဝေးပြီး ရေခြားမြေခြားမှာ..
    အလုပ်လုပ်ရသူတွေ ၊ နိုင်ငံရပ်ခြားမှာ အိမ်လွမ်းသူတွေ အားလုံးအတွက်...
    ထူးအိမ်သင်ရဲ့ အမေ သီချင်းတွေကတော့....
    မြန်မာနိုင်ငံသားတွေ သူများနိုင်ငံမှာ အလုပ်သွားနေရသရွေ့ တော့.........................
    ဘယ်တော့မှ ရိုးသွားမယ် မထင်ပါ..။
    တို့ တွေ အားလုံးအတွက်များ ရည်၇ွယ်ပြီး
    ဆိုခဲ့ လေသလားမသိ။

    ReplyDelete
  25. အိမ်မပြန်ရလို့ ငိုချင်နေတယ်... အမေနဲ့ အရမ်းတွေ့ချင်တယ် :(

    ReplyDelete
  26. မမချစ်ကြည်အေးလိုပဲ အိမ်ကိုလွမ်းတယ်ဆိုတာ သိပ်မရှိသလိုပဲ.. မိသားစုဝင်တွေ အိမ်မှာမရှိကြတော့တာမို့ထင်တယ်.. တနေ့ကျရင်ပြန်အခြေချမယ်ဆိုတဲ့ အတွေးကြောင့် ဆိုတာချင်းလဲ တူတယ်..း)

    ReplyDelete
  27. ဒီအတိုင်းတောင်အိမ်ကိုလွမ်းနေတာ။ ဒီပို့စ်လေးလည်း ဖတ်လိုက်ရော ချက်ချင်းထပြန်ချင်စိတ်တောင်ပေါက်လာပြီ။ မိသားစုတွေအားလုံးနဲ့ စားလိုက်၊သောက်လိုက် နဲ့ ပျော်စရာနေ့လေးတွေ ပြန်သတိရတယ်။ ညီမက အစား သမားဆိုတော့ ရန်ကုန်က စားစရာတွေလည်းပိုပြီးသတိရမိတယ်။း-)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...