Sunday, December 19, 2010

စွယ်တော်ရေ…

၂၀၁၀ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ အာစရိယပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ စကာင်္ပူမှာ ကျင်းပပါတယ်…။ ဆရာ ဆရာမတွေကလဲ ကျောင်းသား ကျောင်းသူတွေ အများကြီးနဲ့ ပြန်ဆုံတွေ့ကြရတဲ့နေ့တွေမို့ ဝမ်းသာ ကြည်နူးပြီး ပျော်ရွှင်နေကြသလို ကိုယ်တို့တတွေကလဲ ဆရာ ဆရာမတွေနဲ့ ပြန်တွေ့ရတာကတကြောင်း၊ မတွေ့တာကြာလှတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာက တကြောင်း၊ မုန့်ဟင်းခါးနဲ့ နန်းကြီးသုပ်က စားလို့ကောင်းတာက တကြောင်း တို့ကြောင့် အရမ်းပျော်ခဲ့ကြပါတယ်။

ပြီးတော့ ဒီနှစ် ၂၀၁၀ အာစရိယပူဇော်ပွဲ အမှတ်တရအနေနဲ့ ကိုယ်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အထင်ကရ အမှတ်အသားတွေထဲက တခုဖြစ်တဲ့ စွယ်တော်ရိပ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်…။ အဲဒီမဂ္ဂဇင်းအတွက် တခုခုလေးရေးပေးဖို့ တန်ခူးက ပြောလာတာ… အလုပ်တွေရှုပ်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးပြီးလို့ ပေးမယ်ကြံတော့ စာမူလက်ခံတဲ့အချိန် ပိတ်သွားပြီတဲ့…။ ဒီလိုနဲ့ ကိုယ်ရော တန်ခူးပါ ဘာမှ မရေးဖြစ်လိုက်ကြဘူး…။ သို့သော် ဟို ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ အကောင်ကလေးကတော့ စွယ်တော်အမှတ်တရ ဝတ္ထုတိုလေးတပုဒ် ရေးဖြစ်လိုက်တယ်…။ အဲဒီဝတ္ထုလေးက မနေ့က ထွက်တဲ့ စွယ်တော်ရိပ်မဂ္ဂဇင်းမှာ ပါလာပါတယ်။ ဒါပေမယ့် သူက သူ့ဝတ္ထုကို ဘယ်နေရာမှာမှ တင်မယ့်သူ မဟုတ်လေတော့ ကိုယ်ပဲ ယူပြီး တင်လိုက်တယ်…။ သူရေးတဲ့စာတွေ ဖတ်ချင်သူတွေအတွက် အမှတ်တရပေါ့…။ ဖတ်ကြည့်ပါနော်…။


စွယ်တော်ရေ



စွယ်တော်ရေ…. မင်းမသိလိုက်တဲ့ မင်းကို စွဲလမ်းသူတယောက်က မင်းကို သူ့ဘဝအကြောင်း ပြောပြချင်တာလေးတွေပါ…..

စွယ်တော်ရေ… ဆယ်တန်းဖြေပြီးစ လူငယ်တယောက်ရဲ့ ရင်ဘတ်ထဲကို မင်းက တိတ်တဆိတ်ဝင်ရောက်ခဲ့တာပါ။ မြို့မှာ စာမေးပွဲဖြေပြီးစ နယ်ကို ပြန်ရောက်တဲ့အချိန် စွယ်တော်ရဲ့ အကြောင်းကို ကိုဖိုးရိမ်၊ ကိုတရုတ်ကြီး၊ ကိုအသေးလေးတို့ကနေ တဆင့် တရှိုက်မက်မက် နားဆင်ခဲ့ရတယ်။ စွယ်တော်ရဲ့ အလှ၊ စွယ်တော်ရဲ့ အသံ၊ စွယ်တော်ရဲ့ မာန်တွေက ရင်ဘတ်ထဲမှာ အလုံးနဲ့ အရင်းနဲ့ ဝင်ရောက်လာ ပြီးတော့ ဟုတ်မှ ဟုတ်ရဲ့လားဆိုတဲ့ လူငယ်တယောက်ရဲ့ စူးစမ်းစိတ်ကို တစစနဲ့ လှုပ်နှိုးနေခဲ့တာ။

စွယ်တော်နဲ့ ပထမဆုံး ဆုံဖြစ်တဲ့နေ့ လေးကို ဘယ်တော့မှ မမေ့ဘူး။ ရန်ကုန်ကို ရောက်ပြီး သိပ်မကြာခင် စွယ်တော်နဲ့ ဆုံဖြစ်ဖို့ပဲ။ စွယ်တော်ဆိုတဲ့ပန်းကို မမြင်ခင်ကတည်းက တမ်းတမ်းစွဲ ဖြစ်မိသူတယောက်အတွက် တိုင်လုံးကြီးတွေ မြင်တော့ ဘယ်လောက်ရူးသွပ်သွားမလဲဆိုတာ။ ကာတွန်းတွေ ဆွဲ ဆွဲထားတတ်တဲ့ သေတ္တာလေးဆိုပြီး ပြေးကြည့်မိလား ကြည့်ရဲ့၊ သီရေတာတွေ၊ နာမည်ကျော် သြဘာလမ်းတွေ၊ ချစ်သူလမ်းတွေ၊ နွေအေး ကန်သာယာဆိုတဲ့ နေရာတွေ၊ ဆင်းရဲသားဂိတ်၊ ဦးလူပေါဂိတ် စတဲ့ စွယ်တော်ရဲ့ အခက်အလက်တွေနဲ့ ထိတွေ့ခဲ့ရပြီးနောက် စွယ်တော်ရေ... မင်း မှ မင်း ဖြစ်သွားခဲ့တော့တာပါပဲ..

ဒါပေမယ့် စွယ်တော်ရေ… တို့တွေ ချစ်ကံဆိုးခဲ့ကြတယ်။ အသိုင်းအဝိုင်းတွေ လက်မခံနိုင်လို့ ခွဲနေကြရတဲ့ ချစ်သူတွေလို့ပဲ ဒီဒဏ်ရာကို ဖြေလိုက်ပါတယ်။ စွယ်တော်ရေ မနက် မနက် ၅၃ ဘောလုံးကားပေါ်ကနေ မင်းကို ခစားမပျက်ခဲ့ပါဘူး။ ကားပေါ်ကနေ မျက်စိတဆုံး ငေးမောရင်း လွမ်းနေခဲ့ရတာပါ။

စွယ်တော်ရေ... တို့ဘဝက အမိမဲ့သား ရေနည်းငါးတွေ လိုပါပဲ။ စက်မှုလက်မှုကျောင်းတွေမှာ ကိုယ်စီကိုယ်ငှ မချစ်ပေမယ့် အကျွမ်းဝင်ခဲ့ကြရတယ်။ ဆရာတွေ ခဏခဏ လဲတာကိုလည်း စာငတ်မွတ်နေတဲ့ ကျောင်းသားတွေပီပီ စိတ်ကို အရှည်ကြီးဆွဲဆန့်ပြီး သင်ကြားခဲ့ကြလေရဲ့။

စွယ်တော်ရေ... လက်ခုပ်ထဲကရေ မှောက်လိုမှောက် သွန်လိုသွန်လုပ်ဖို့ အရေးကိုလည်း ကြုံခဲ့ရသေးတယ်။ စာသင်နှစ်အမှတ်တွေကို ကြည့်မယ်တဲ့ အမှတ်မှီမှ နောက်နှစ်ဆက်တက်ရမယ်တဲ့၊ အကယ်၍များ ကျောင်းတနှစ်ကျခဲ့လို့ရှိရင် ဘွဲ့မပေးပဲ ဒီပလိုမာပဲ ပေးတော့မယ်ဆိုတဲ့ ကြေငြာချက်ကို ဘယ်နှလုံးသားနဲ့ လက်ခံကြမလဲ။ အင်္ကျီဖြူနဲ့ ယောလုံချည် ဝတ်ပြီး ဒီအရေးကို ကန့်ကွက်ဖို့ မိဘမေတ္တာမှာ ဆွေးနွေးခဲ့ကြသေးတယ်။ ကိုမင်းခက်ရဲတို့ ကိုမင်းတစေတို့နဲ့ အတူတူပေါ့။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာထဲမှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်လို့သာ ပါရှိပြီးမှ မှော်ဘီ၊သန်လျင်၊ ဟင်္သာတ၊ တောင်ငူအစရှိတဲ့ စက်မှုလက်မှုတွေမှာ ဘာဖြစ်လို့ တက်ခိုင်းရသလဲဆိုတဲ့မေးခွန်း၊ အကယ်၍များ ကျန်းမာရေးမကောင်းလို့ ဒါမှမဟုတ် အိမ်စီးပွားရေးကြောင့် ကျောင်းတနှစ်နားခဲ့ရင် ဘွဲ့မရနိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ရဲရဲတောက် ကျောင်းသူကျောင်းသားတွေရဲ့ အရေးဆိုမှုကို နောက်ဆုံးတော့လည်း မတတ်သာလို့ လိုက်လျောခဲ့ဟန် တူပါရဲ့။

ကံကြီးပေလို့ပဲပြောရမလား၊ သေကံမရောက်သက်မပျောက်လို့ပဲ ပြောရမလား ပထမနှစ် ပထမဆုံးနေ့ မြန်မာစာဖြေဖို့ အသွား လမ်းမှာ ကားမှောက်မယ် ဖြစ်ခဲ့သေးတယ်။ သန်လျင်က ဒိုင်နာမှောက်မှု၊ အီကိုကျောင်းကားမှောက်မှုတွေမတိုင်ခင်ဆိုတော့ အကယ်၍များ ဖြစ်ခဲ့ရင် သတင်းစာမှာ အရင်ဆုံးပါမယ့် အဖြစ်လေ။ စွယ်တော်ရေ မင်းဆုတောင်းနေလို့ ထင်ပါရဲ့ အသက်ဘေးကနေ ဝေးခဲ့ရတယ်။

တတိယနှစ်မှာတော့ စွယ်တော်ကိုမမြင်နိုင်မယ့်အရပ်ဆီကို ရွှေ့လိုက်ရပြီ။ ၅၄ ဆိုတဲ့ ကားကိုစီးရတယ်။ ၃၆ ဒိုင်နာကိုစီးပြီး အိမ်ပြန်ဖူးတယ်၊ ကားထဲကဘယ်လိုမှ ပြန်မထွက်တတ်လို့ စပယ်ယာကို အကူအညီတောင်းပြီး ဆွဲထုတ်ခိုင်းရတယ်။ ရီရအခက် ငိုရအခက်ပါ စွယ်တော်ရေ။ တံတားကြီးတစင်းကိုဖြတ် အဝိုင်းကြီးသုံးဝိုင်းကို ကျော်ပြီး ရဲတပ်ရင်းတခု၊ သုဿာန်တခုကိုကျော်တဲ့နောက် ဟိုး ရန်ကုန်-ပုသိမ်လမ်းပေါ်က လမ်းကြားလေးတခုရဲ့ အစွန်အဖျားလေးမှာပေါ့။ အဲ့ဒီကျောင်းကြီး ဖွင့်ကာစက အပူရှိန်လွန်လို့ အသက်ဆုံးပါးသွားတဲ့ နောင်တော်ကြီးတယောက်လည်း ရှိခဲ့ဖူးတယ်။ သံယောဇဉ်မပြတ်သေးတဲ့ နွေအေးနဲ့ ကန်သာယာကို ပြန်တွေ့ရတယ်။ လွမ်းလိုက်တာ စွယ်တော်ရာ။

ကျောင်းသားရေးရာရှေ့မှာ သူငယ်ချင်းတွေ အကုန်လုံး စုရုံးပြီး တတိယနှစ်တက်ဖို့ ကျောင်းအပ်ခဲ့ကြတယ်။ အမှတ်တွေနဲ့ ခွဲသေးတာ မဟုတ်လို့ ဆယ်ယောက်လုံး ခုံနံပါတ်တွေ တန်းစီထွက်လာခဲ့တာ အံ့သြစရာ။ လူအယောက်လေးရာရှိတာမို့ စာသင်ခန်းကို အေနဲ့ ဘီအဖြစ်ခွဲမယ့်သာ ခွဲတာ ကိုယ်ကြိုက်တဲ့အခန်းမှာ ကိုယ်ထိုင်ကြတာပါပဲ။ ခက်တာက လူတွေ အရမ်းများတာကြောင့် ဘယ်သူဘယ်ဝါရယ် လူကိုမှတ်မိရင်တောင် လူစေ့ အမည်နဲ့ တွဲမသိနိုင်တာတော့ ဆိုးပါတယ်။ စွယ်တော်ရဲ့ အဆွယ်အပွားလေး အဖြစ် တဖြည်းဖြည်းနဲ့ လက်သင့်ခံလာနိုင်ကောင်းပါရဲ့။

အပျော်ဆုံး ကျောင်းတက်ရတဲ့နှစ်ဆိုရင်တော့ တတိယနှစ်ကိုပဲ ရည်ညွှန်းချင်တယ်။ ၃၀၂ ဖြေရတဲ့နေ့ ကလွဲရင်ပေါ့…။ အဲ့ဒီနေ့ကတော့ အခန်းထဲမှာ ငုတ်တုပ်ထိုင်ပြီး အားလုံး တယောက်မျက်နှာ တယောက်ကြည့် မျက်နှာငယ်လေးတွေနဲ့ မိန်းကလေးတွေဖက်ကလည်း ရှိုက်ငိုသံတွေကြားမိတဲ့နေ့…။ တတိယနှစ်မှာ စာမေးပွဲခန်းကို ရောက်ဖို့လည်း တရက် နောက်ကျခဲ့သေးတယ်။ သူငယ်ချင်းတွေနဲ့ အတူသွားမယ်ဆိုမှ ကားက မရခဲ့ဘူးလေ။ သည်းထိတ်ရင်ဖိုနဲ့ စာမေးပွဲခန်းကို ဝင်တယ်…။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် Material ဖြေမယ့်နေ့…။ စွယ်တော်ရေ… ခေါင်းထဲမှာ ဘာ Formula မှကို မကျန်ရစ်တော့တာ။ ပုဂံခရီးမှာ ကိုရဲမြင့်ဆိုခဲ့တဲ့ သီချင်းလိုပေါ့… ဒဏ္ဍာရီပုံဆန်တဲ့ Material နဲ့ တချိန်ချိန်မှာ ကြုံမယ်လို့မတွေးမိသေး။ အင်း… တကယ့်ကို သုံးတန်းရဲ့ ဒုက္ခတွေပါပဲ..

လေးတန်း၊ ငါးတန်း၊ ဖိုင်နယ်အထိ ခြောက်လကို တတန်း ပုံမှန်ဖြတ်သန်းလို့ပေါ့ စွယ်တော်ရေ...။ ကျောင်းသားတွေကို စာတတ်မြောက်စေချင်တဲ့ ဆရာတွေရဲ့ စေတနာတွေ Handouts တွေထုတ်ပြီး တပတ် တပတ်မှာ သင်ကြားသွားသမျှကို တရွတ်တိုက်ပါလို့…။ Device နှစ်အုပ်ကို မြင်တော့ တခြားပုဂ္ဂလိက ကျောင်းတခုမှာ စာမေးပွဲဖြေပြီး ပြန်အလာ စာရှင်းပြပေးမယ့်သူငယ်ချင်းကို ငါ့ကို စိတ်ချမ်းသာအောင်ထားပါ သူငယ်ချင်းရယ်… လို့တောင် ပြောယူမိတဲ့အထိ။ စွယ်တော်ရေ… ခက်ခဲတယ်ဆိုတာထက် ပင်ပန်းခဲ့တာလို့ပဲ မှတ်ထားပေးပါ။

စွယ်တော်နဲ့အတူ မမေ့ဖျောက်နိုင်တဲ့ အချိန်တွေပြောပါလို့ တောင်းဆိုလာခဲ့ရင်

• အပျော်ဆုံးခရီးစဉ်က သုံးတန်းနှစ် ပုဂံခရီးစဉ်
• အပျော်ဆုံး လှုပ်ရှားမှုဆိုရင် နှစ်စဉ်ကထိန်ပွဲ
• စိတ်အလှုပ်ရှားဆုံးနဲ့ အထက်သန်ဆုံးဆိုရင် အင်္ကျီဖြူနဲ့ ယောလုံချည်ဝတ်ရတဲ့ အချိန်တွေ
• ခေါင်းအစားဆုံး နဲ့ သူငယ်ချင်းတွေ ရန်ဖြစ်စေတဲ့အချိန်ကတော့ Project တွေ
• ဝမ်းအနည်းဆုံးအချိန်ကတော့ စွယ်တော်နဲ့ အတူ သူငယ်ချင်းတွေကိုပါ ခွဲရမယ့် နောက်ဆုံးနှစ် ပါပဲ

စွယ်တော်နဲ့ မနီးစပ်ခဲ့တဲ့အပြင် စွယ်တော်နဲ့ ဝေးခဲ့ရပေမယ့် ရင်ထဲမှာ အမြဲမပြတ်သတိရနေသလို စွယ်တော်ရဲ့သတင်းတွေကိုလည်း အမြဲနားစွင့်နေခဲ့ပါတယ်။ စာသင်ခန်းတွေ အိုဟောင်းနွမ်းနယ်နေတဲ့ သတင်း၊ သြဘာလမ်းမှာ လူတွေဖြတ်လျှောက်ပင်မယ့် အသံမဲ့ အသက်မဲ့နေတဲ့သတင်း၊ အပေါ်ကနေ တအုန်းအုန်းပျံနေတဲ့ လေယာဉ်တွေကလွဲရင် အကုန်လုံး ငြိမ်သက်နေတဲ့ သတင်းတွေပေါ့…

စွယ်တော်ရေ… တို့ဝေးခဲ့ကြတာ မှန်ပေမယ့် တို့တွေ ရင်ဘတ်ချင်းနီးခဲ့ကြပါတယ်။ ခွဲခွာတယ်ဆိုတာ ရုပ်ဝတ္ထုပိုင်းကိုပါပဲ။ စိတ်ချင်း နှီးနွယ်၊ သွေးချင်း ဆက်သွယ်နေတဲ့နောက် ဘယ်လောက်ဝေးဝေး အနီးလေးမှာပါပဲလေ။ ထာဝရ ရင်ထဲမှာ အမြဲမပြတ်ရှင်သန်နေမှာမို့ လွမ်းတယ် စွယ်တော်ရေ…... လွမ်းတယ်ကွာ… ...

ရွာသားလေး ဝိုင်တီယူ


14 comments:

  1. မမသက်ဝေရဲ့  စွယ်တော်ရိပ်ကို စိတ်ကူးနဲ့ခံစားသွားပါတယ်.. စွယ်တော်ရိပ်ကို ဘွဲ့ ယူတုန်းက တစ်ခါပဲ ရောက်ဖူးတယ်..

    ReplyDelete
  2. မဖတ်ရတာကြာနေတဲ့ ရွာသားလေးရဲ့ လက်ရာကို ဖတ်ရလို့ ကျေးဇူးတင်တယ် သက်ဝေ... သက်ဝေရဲ့ စွယ်တော်အမှတ်တရလေးလဲ ဖတ်ချင်ပါတယ်...

    ReplyDelete
  3. Ohhh... nice post... After I read it, I also missing our RIT. Thanks for sharing...

    ReplyDelete
  4. စာရေးသူ.. ရွာသားလေး ကတော့ လေ..ဂျုလီယန် အာဆန်း လိုလိုပဲ... ဘာတွေ လိ ကုန် လို့..ဘလော့ ပေါ်က..ပုန်းရှောင်နေပြန်ပြီလည်း မသိ..။

း)

    မသက်ဝေ..မတန်ခူဲး့.. တခြား စွယ်တော်ရွက်ကြီး များ ရဲ့ စာတွေ မဖတ်ရတော့ဘူးလား..

    ReplyDelete
  5. မဖတ်ရတာကြာတဲ့ ရွာသားလေးရဲ့လက်ရာကို ပြန်လည်ဝေမျှပေးတဲ့ အမသက်ဝေကို ကျေးဇူးပါနော်။

    အမရဲ့ စွယ်တော်အမှတ်တရကိုလည်း ဖတ်ခွင့်ရချင်ပါတယ်။း)

    ReplyDelete
  6. စွယ်တော်ရိပ်မှာ ခိုလှုံရမယ်လို့ တကယ်ပဲ ထင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဝေးလွင့်ခဲ့တာပါပဲ

    jury အချိန်။ discuss လုပ်ချိန် များတော့ ရှိခဲ့ဖူးပါတယ်။
    မှတ်မှတ်ရရ field ဆင်းတုန်းကတော့ j-hall မှာ အိပ်ခဲ့ဖူးတယ်း)

    ReplyDelete
  7. လက်စသတ်တော့ ကိုရွာသားနဲ့က စာသင်နှစ်တစ်ခုတည်း မေဂျာတူတွေ ဖြစ်ခဲ့တာကိုး...
    (အသက်၁နှစ်ငယ်နေလို့ တတန်းငယ်မယ် ထင်ခဲ့တာ)

    အဲဒါ ငါတို့မပိုင်ဆိုင်ခဲ့ရတဲ့ ချစ်သောကမ္ဘာ စွယ်တော်ရိပ်မဟာ...

    ကိုယ့်အလှည့်ရောက်ပါပြီလဲဆိုရော မြို့ပျက်ကြီး၁ခုလို တိတ်ဆိတ်ခြောက်ကပ်သွားလိုက်တာ...
    ဘယ်မှာလဲ...???

    ကြားခဲ့ဖူးတဲ့ အသံတွေ.....
    မြင်ခဲ့ဖူးတဲ့ ပုံရိပ်တွေ.....

    ပြန်လျှော်ပေး ပြန်လျှော်ပေး...

    (အစ်မသက်ဝေကို ဒီနေ့တွေ့လိုက်ပေမဲ့၊ မခေါ်ခဲ့ရဘူး) :)

    ReplyDelete
  8. အသက်၇၀ကျော်ဆရာဆရာမကြီးတွေတွေ့ရတဲ့အတွက် တစ်မျိုကြီးခံစားရပါတယ်

    ReplyDelete
  9. စွယ်တော်ရိပ် စာစောင်... ဒီနေ့ ရခဲ့လို့ ကိုရွာသားလေးရဲ့ စွယ်တော်ကို Hard Copyနဲ့ပါ သိမ်းထားလိုက်ပါပြီ

    ReplyDelete
  10. စွယ်တော် မှာ ကိုယ်တိုင် ကျောင်းလာတက်လိုက်ရသလိုပဲ ဖတ်လို့ကောင်းတယ် ပြီးတော့ ကျောင်းသားဘ၀ရဲ့ ဒီရေ အတက်ကျ လေးတွေ ပျော်လိုက် ပါးလိုက် စလိုက်နောက်လိုက်နဲ့ လွမ်းစရာလေးတွေ မတန်ခူးနဲ့ မသက်ဝေ ရဲ့ စွယ်တော်အမှတ်တရလေးတွေကိုလည်းဖတ်ချင်ပါသေးတယ် ။

    အကောင်ပေါက်ကလေးလည်း ကျန်းမာပျော်ရွှင်ပါစေ ။

    ReplyDelete
  11. အဲ့လိုလေးတွေဖတ်ရရင် ကျောင်းတော်ကြီးက လွမ်းစရာနော် ... ညီမလေးလဲ ဘာတွေများ မှတ်မှတ်ရရ ကျန်ခဲ့ပါလိမ့် လို့ ပြန်တွေးကြည့်နေမိတယ်း)

    ReplyDelete
  12. စွယ်တော်ရိပ်စာစောင်ထဲမှာ ရွာသားလေးဝိုင်တီယူရဲ့ စွယ်တော်ရေ... ကိုတွေ့တာနဲ့
    ဆရာဆရာမတွေကို ဧည့်ခံရင်းနဲ့ ညစာစားပွဲမှာ ဖတ်လိုက်တယ်၊

    ReplyDelete
  13. ဒီနှစ်ဆရာ ကန်တော့ပွဲ မတက်နိုင်လိုက်ဘူးဗျာ။ သူငယ်ချင်းတွေတင်ထားတဲ့ ပုံတွေ ကြည်ပြီးဘဲ ကျေနပ်လိုက်ရတယ်

    ReplyDelete
  14. ကျောင်းနဲ့ အဝေးမှာ ရောက်နေပေမယ့် ဆရာကန်တော့ ပွဲကို အခုလိုကျင်းပနိုင်တာ ဝမ်းသာစရာပါပဲ၊ တကယ့်ကို ပျော်စရာကြီးနေမှာပဲ၊

    ကိုရွာသားရဲ့စာလေးအတွက်လေး ကျေးဇူးပါပဲ...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...