မြို့လေးနဲ့ သူ
သိပ်ချစ်စရာကောင်းတဲ့ မြို့လေးတစ်မြို့မှာပေါ့... ... ... ...
အဲ့ဒီမြို့မှာ လတ်ဆတ်တဲ့ လေထုတွေ ရှိတယ်။ သင်းပျံ့တဲ့ ဆင်းရနံ့နဲ့ ပန်းကလေးတွေ ရှိတယ်။ မြူနှင်းတွေ အုပ်ဆိုင်းနေတတ်တာ အဲ့ဒီမြို့ရဲ့ ပုံမှန်တဲ့။ မိုးတွေ အချိန်အခါမရွေးလည်း ရွာတတ်ပြန်တယ်တဲ့။ ပြီးတော့ တိမ်တွေ.... မြို့ကိုက တိမ်တွေထဲမှာလိုလို…။ နတ်ပြည်အလား သူ ထင်မှတ်မှားလောက်အောင် တိမ်တွေက သူ့ကိုဆွဲငင် ဖျားယောင်းကြလိမ့်မယ်တဲ့။ ဒါသူတို့ အပြော.....
မင်း လိုက်ခဲ့စမ်းပါ… ရောက်သွားရင် မင်းသဘောကျမှာ သိပ်သေချာပါတယ်… ဆိုတဲ့ စကားလုံးတွေနဲ့ မိတ်ဆွေတွေက ချည်နှောင်ကြတယ်။ အဲ့ဒီအချိန်တွေတုန်းမှာ မြို့လေးက ဒီထက်တွယ်ငြိစရာ ကောင်းနေလိမ့်မယ်လို့ သူမသိတတ်ခဲ့သေးဘူး။ နောက်ပိုင်းမှာ မြို့လေးနဲ့ သူနဲ့ တသားတည်းကျသွားလိမ့်မယ်လို့တောင် မသိခဲ့ဖူးပေါ့.......
လာရတဲ့ ခရီးက သိပ်ဝေးလွန်းတယ်လို့စိတ်က ထင်နေမိသေးတယ်။ တောင်တွေကို ပတ်လှည့်ပြီး ကားမောင်းနေတဲ့အခိုက်မှာ ဖြစ်နေကြ မူးဝေဝေ အသိနဲ့ တလမ်းလုံး လုံးချာပတ်ချာ လိုက်နေခဲ့တာ။ အော့အန်မလိုဖြစ်နေတဲ့ စိတ်ကို တလမ်းလုံး ထိန်းချုပ်ရင်းပေါ့။ မြို့လေးကို မဝင်ခင် လက်ဖက်စိုက်ခင်းကို တွေ့တဲ့အချိန်မှာတော့ မူးနေတဲ့အသိတွေ အားလုံး လွင့်စင်ပျောက်သွားကြတယ်။ လတ်ဆတ်ရှင်းသန့်တဲ့ လေတွေ၊ မျက်စိတဆုံး အစိမ်းရောင် လှိုင်းတွေနဲ့ သိပ်လှတဲ့ မြင်ကွင်းပါလား......
မဆလာ ကော်ဖီတစ်ခွက်နဲ့ ရင်ထဲက စိတ်လှုပ်ရှားမှုတွေရော၊ စိတ်ဝင်စားမှုတွေပါ ထည့်ပြီးသောက်ဖို့ ကြိုးစားလိုက်တယ်။ ဒါတောင် မြို့လေးကို မရောက်သေးဘူးတဲ့လေ…။
ကုန်းမြင့်တွေ ဆင့်ဆင့်ပြီးတက်လာတဲ့နောက် မြို့လေးကို ပြက်ပြက်ထင်ထင် မြင်ခဲ့ရပြီ။ လှတယ်ဆိုတာထက် အေးချမ်းမှုတွေက ရာသီဥတုတွင် မကဘူး မျက်စိအမြင်နဲ့ပါ လိုက်ပါခံစားလို့ ရနေခဲ့တယ်။
ဒီ SmokeHouse လေးတွေကလည်း မင်းတို့ကို စိတ်ဝင်စားမှုပေးလိမ့်မယ် ဆိုတာ ငါယုံကြည်တယ်… လို့ လမ်းညွှန်က ညွှန်းဆိုပြန်တော့ ခေါင်းအသာငြိမ့်မိတယ်။ ဟုတ်ပါတယ်… မြို့ပြတွေ အားလုံးထက် သဘာဝအလှအပတွေပေါ်မှာ ထုဆစ်ထားတဲ့
မြို့လေးမှာ ဒီ့ထက်နစ်ဝင်စရာတွေ အများကြီး ရှိနေလိမ့်မယ်လို့ စိတ်ထဲကနေ အသာတကြည် ထောက်ခံလိုက်မိတယ်။
မင်းတို့တည်းရမယ့် နေရာက လရောင်ခြည် ဘန်ဂလို (Moonlight Bungalow) ပါဆိုပြီး အထုတ်တွေ ချရင်း ဟိုတယ်ကို check in ဝင်လိုက်ကြတယ်။ အဲ့ဒီနေ့က မတ်လ ၂၄ရက်နေ့ပေါ့။ ရာသီဥတုက သာယာနေခဲ့တယ်။ ပြာရှင်းနေတဲ့ ကောင်းကင်နောက်ခံနဲ့အတူ သစ်ပင်အိုလေးတွေ ဘောင်ကွပ်ထားတဲ့ ဘန်ဂလိုလေးက တကယ့်ကို နေချင့်စဖွယ်ပါပဲ။ သူငယ်ချင်းလေးယောက် အသီးသီး အသက အခန်းတွေကို နေရာယူပြီး မြို့လေးထဲကို အသာလေး စီးမျောဖို့ ပြင်ဆင်ကြတယ်။
နှင်းဆီခြံကိုရောက်တဲ့အခါ မြို့လေးရဲ့ ရာသီဥတုကြောင့်လား… မြို့သူ မြို့သားတွေရဲ့ ကိုယ်ကျင့်သီလကြောင့်လား… ထူးခြားဆန်းပြားစွာ ပွင့်တဲ့ ပန်းတိုင်းလှပြီး မွှေးပျံ့နေတော့တာ။ မိန်းမရွယ်လေးတိုင်း ခြံထဲကို ဝင်လာခါစမှာ အိနြေ္ဒအပြည့်နဲ့ ဝင်လာနိုင်ပြီး ခြံထဲရောက်ရင် သူတို့ရဲ့ စိတ်လှုပ်ရှားတွေကို မထိန်းနိုင် မသိမ်းနိုင်ကြတော့လောက်အောင် အဲ့ဒီနှင်းဆီတွေက ပြုစားထားကြလေရဲ့။ အသွေးအရောင်စုံလင် လှပတဲ့ ပန်းခင်းထဲမှာ ကော်နီနဲ့ ဟယ်လင်တို့ရဲ့တခဏ လိပ်ပြာဘဝတွေကို တနာရီလောက် အချိန်ပေးလိုက်ရတယ်။ စတော်ဘယ်ရီ ပျိုးခင်းတွေဆီကို သွားရအောင်လို့ မနည်းတိုက်တွန်းလိုက်ရတယ်။ ဒါတောင် ဒေါက်တာလင်းက နှိုးဆော်ပေလို့…။ သူ့အလိုအရဆိုရင်တော့ ဆက်ပြီး နှင်းဆီအိပ်မက်တွေ မက်လိုက်ချင်သေးတယ်။
စနစ်တကျ တန်းစီစိုက်တဲ့ စတော်ဘယ်ရီပျိုးခင်းထဲမှာ လေ့လာလိုစိတ်တွေ တဖွားဖွား။ ဘန်ကောက်က ပိုးလုပ်ငန်းတွေအပြင် ဒီစိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ရရင် ဆိုတဲ့ အတွေးတွေကို တပြိုင်နက် မွေးဖွားစေခဲ့တယ်။ ချစ်စရာစတော်ဘယ်ရီတွေကို ကိုယ်တိုင် ခူးဆွတ်ရင်း သူ့ခြံလေးသာ ဖြစ်ပါစေတော့ရယ်လို့ ဆုမတောင်း စကောင်း ဆုတောင်းနေမိတယ်။ အဲ့ဒီညနေက လရောင်ခြည် ဘန်ဂလိုကို ပြန်ရောက်တဲ့အထိ သူဟာ မြို့လေးကို တိတ်တခိုး စွဲလမ်းသွားခဲ့တယ်။
သူ့ထုံးစံအတိုင်း ဘန်ဂလိုက မီးလင်းဖိုဘေးမှာ စာအုပ်တအုပ်ရယ် စီးကရက်တဘူးနဲ့အတူ သူ့ရဲ့ အတွေးအိမ်တွေကို နယ်ချဲ့နေခဲ့တယ်။ ချောင်ဖရားမြစ်ကမ်းဘေးက အိမ်ထက် ဒီလရောင်ခြည် ဘန်ဂလိုလေးကို ပိုချစ်ခင်သလိုလို…။ ပိုးချည်တွေကို ကိုင်တွယ်နေရတဲ့ လုပ်ငန်းဆီကနေ ဒီချစ်စရာမြို့လေးမှာ ပုံစံအဆန်းနဲ့ အိမ်လေး တစ်လုံးလောက် သူ့ကိုယ်ပိုင် ဒီဇိုင်းဆွဲပြီး နေရရင်ကောင်းမလား ဆိုပြီး အတွေးတွေက လွန်းထိုးစေပြန်တယ်။
ဂျင်မ် အိပ်တော့ မနက်စောစော ထပြီး BOH စိုက်ခင်းတွေကို ကြည့်ကြရအောင်လို့ ဒေါက်တာလင်းက အိပ်ရာဝင် နှုတ်ဆက်စကားနဲ့အတူ သူ့ကိုပါ တိုက်တွန်းသွားလေရဲ့။ မီးလင်းဖိုထဲက မီးသွေးတွေကို နည်းနည်းဖြန့်ပေးပြီး သိပ်မကြာခင်မှာ သူ အိပ်ရာဝင်ခဲ့တယ်။
လက်ဖက်စိုက်ခင်းတွေအတွက် တောင်ကုန်းအမြင့်တနေရာမှာ BOH လက်ဖက်ခြောက်ထုတ်လုပ်ငန်းကို လေ့လာနိုင်တယ်။ တောင်တန်းတွေ အကုန်လုံးမှာ လက်ဖက်ပင်တွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းကို ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးဘူးလေ။ လက်ဖက်ရွက်အနုတွေကို လက်နဲ့ တို့ထိပြီး ပြေးလွှားသွားချင် လိုက်တာ ဆိုတဲ့စိတ်ကို မနည်း မြိုသိပ်ထားခဲ့ရတယ်။ လက်ဖက်ရွက်တွေကနေ တဆင့် သူ့ဆီ စီးဝင်လာမယ့် အရာတွေက အများကြီးပါ။ စီးပွားရေးအမြင်နဲ့တင် မဟုတ်ပဲ သဘာဝပတ်ဝန်းကျင် ခံစားမှုအနေနဲ့ပါ လက်ဖက်ရွက်တွေက သူ့ကို ညို့ငင်နေကြတယ်။ စက်ရုံလုပ်ငန်းစဉ် အဆင့်ဆင့်ကို တာဝန်ရှိသူက ရှင်းပြတယ်။ မြို့လေးနဲ့ နည်းနည်းကွာဝေးတဲ့ တောင်ပေါ်နဲ့ လိုက်ဖက်စွာ ဝန်ထမ်းတွေအတွက် နေထိုင်ရေးသာမက ဝန်ထမ်းမိသားစု ပညာသင်ကြားရေးကိုပါ ထည့်သွင်းပေးထားတာမို့ စက်ရုံရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကို သူ ချီးကျူးလေးစားမိပြန်တယ်။ လက်ဖက်စိုက်ခင်းတွေကို ငေးမောနေမိတာ အချိန်အတော်လေးကြာမှ လက်ထဲမှာ အေးစက်နေတဲ့ English Tea တစ်ခွက်ကို ပြန်နွေးဖို့ သတိရမိတော့တယ်။ အပြင်က အေးစက်တဲ့လေထု နောက်မှာ သူ့ခံစားချက်တွေနဲ့အတူ တခဏ အေးခဲသွားတာထင်ပါရဲ့။
ညနေစောင်းမှ လက်ဖက်ခင်းတွေဆီကနေ ပြန်လာခဲ့လိုက်တယ်။ လက်ဖက်ခင်းတွေဆီက အဆင်းမှာ ပျားမွေးမြူရေးစခန်းကိုလည်း ဝင်ဖြစ်ခဲ့တယ်။ လေထဲမှာ ဝတ်မှုန်တွေကို အိမ်အပြန် သယ်ဆောင်လာကြတဲ့ ပျားတွေရဲ့ အကြောင်းကလည်း သူ့အတွက် နောက်ထပ် အကြောင်းအရာ အသစ် ဖြစ်စေပြန်တယ်။ ရေနွေးပူပူ ထဲမှာ ထည့်ထားတဲ့ ပျားရည်တခွက်နဲ့ တည်ခင်းဧည့်ခံတာကို မြည်းစမ်းကြည့်ရင်း ပျားအုံတွေနားကို တိုး တိုးကြည့်တယ်။ ပျားတွေ ဝင်ထွက်နေကြပေမယ့် သူ့ကို အန္တရာယ်ပြုမယ့် အရိပ်အယောင်တောင် မတွေ့တော့ အံ့သြနေမိပြန်ရော…။
ဘန်ဂလိုကို ပြန်ရောက်တဲ့ အချိန်မှာ သူအရမ်းပင်ပန်းနေခဲ့ပြီ။ စိတ်ရောကိုယ်ပါ ခရီးတစ်ခု သွားလာခဲ့ဖြစ်တာမို့ ညစာ စားအပြီးမှာ အားလုံးကို နှုတ်ဆက်ပြီး အိပ်ရာဝင်ခဲ့လိုက်တယ်။ ဒီညတော့ အတွေးတွေ ဖြန့်ကျက်ဖို့ အချိန် သိပ်မရလိုက်ဘူး။ ဟောက်သံ ခပ်တိုးတိုးနဲ့အတူ လရောင်ခြည် ဘန်ဂလိုရဲ့ ညတညက အေးဆေးတည်ငြိမ်စွာ ကုန်ဆုံးသွားစေခဲ့တယ်။
အီစတာနေ့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဘုရားကျောင်းကို သွားကြတယ်။ ဘုရားသခင်ဆီမှာ ဝတ်ပြုရင်း ဆုတွေတောင်းမိတော့.... မြို့လေးကို ချစ်မြတ်နိုးလွန်းစွာဖြင့် သူနဲ့ မြို့လေးကို တသားတည်းဖြစ်စေကြောင်း ဘုရားသခင်ဆီမှာ တိုင်တည် ဆုတောင်းလိုက်တယ်။ ဘုရားသခင် ကောင်းချီးမွမ်းမယ်ဆိုရင် သူနဲ့ မြို့လေး ဘယ်တော့မှ ခွဲရတော့မှာ မဟုတ်ပါဘူး။
ဘုရားကျောင်းက အပြန် မီးလင်းဖိုနားမှာ ခပ်ယောင်ယောင်လုပ်ရင်း ဆေးလိပ်ထိုင်သောက်နေခဲ့တယ်။ စိတ်ကူးတခုရတာနဲ့ ဆေးလိပ်ဘူးနဲ့ အတူ မီးခြစ်ကို စားပွဲပေါ်ပစ်တင်ရင်း ညစာပြင်ဆင်နေကြတဲ့ ဟယ်လင်တို့ကို ကောင်းသောညပါ… လို့ နှုတ်ဆက်ပြီး အပြင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ခပ်ဖွဖွခြေလှမ်းတွေနဲ့… မြို့လေးရဲ့လမ်းတွေ နာကျင်သွားမယ့်အလား စိုးရိမ်စွာ လျှောက်နေခဲ့တယ်။ မြို့လေးကို ချစ်ခင်စိတ်တွေ တဖြည်းဖြည်းနဲ့ တိုးသထက် တိုးဝင်လာခဲ့တယ်။ တိုက်နေတဲ့ လေတွေကိုလည်း ချစ်တယ်၊ မြင်ရတဲ့ တောင်တွေကိုလည်း ချစ်တယ်၊ မြင်ရပြီး တွေ့ထိလို့မရတဲ့ မြူတွေကိုလည်း ချစ်တယ်၊ အထပ်ထပ်ပိတ်ဖွဲ့နေတဲ့ တိမ်တွေကိုလည်း ချစ်တယ်......
သိပ်မကြာခင်...
အင်း… ဟုတ်တယ်... ... ...
သိပ်မကြာခင်မှာပဲ…
မြို့လေးနဲ့ အတူ သူ တသားတည်းကျသွားခဲ့တာ… ယနေ့ထက်ထိပါပဲ... ... ...
Reference: http://en.wikipedia.org/wiki/Jim_Thompson_(designer)
အဲဒီမြို့လေးကို တစ်ခါလောက် သွားလည်ကြည့်ချင်တယ်..
ReplyDeleteအတောင်ပေါက်ပြီး မိုးပေါ်ပျံသွားတာ ဖြစ်မယ်။ ဒါမှမဟုတ် ဘိုးဘိုးအောင် လာခေါ်သွားတာလည်း ဖြစ်နိုင်တယ်။ :D
ReplyDeleteမမသက်ရယ်
ReplyDeleteငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ရေသူမလေးပုံပြင် ၊ အန်ဒါဆင်းပုံပြင်ထဲကို ပြန်ရောက်သွားသလိုခံစားရတယ်...အဲလိုမျိုးလေးတွေကိုသိပ်ချစ်တာ..
I'm gonna go there after collecting the passport cos your post pushed me to do so. Thanks!
ReplyDeleteစာလေးကို ဖတ်ကောင်း ကောင်း နဲ့ ဖတ်နေတာ..ဘာမှန်းမသိ.. အောက်ရောက်မှ ၀ီကီ ကီး ကြည့်တော့မှ..သိတော့တယ်။
ReplyDeleteတကယ့်..လျှို့ဝှက် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်လေးပဲ..။
မသက်ဝေ ရေးတာလေးက လည်း.. ကောင်း ။
Thet Wai...
ReplyDeleteI just copied some comments from your Facebook... Thanks for the post & your friend who got idea for it. Really great post...!!
Daung Dauag : တောင်တွေကိုလည်းချစ်တယ်...တွေ့ထိလို့မရတဲ့ မြူတွေကိုလည်းချစ်တယ်း)
Swe Zin Htun : သွားကို သွားမှ ဖြစ်တော့မယ်။ ပို့စ်က အရမ်း ဆွဲဆောင်လွန်းတယ်။ :))
အရမ်းလှတာနော် .. Berjaya Hills ရောပဲ အရမ်းသဘောကျတယ်
ReplyDeleteMy fav place, I am planning to go again there.
ReplyDeleteOh..what a coincidence!
ReplyDeleteWe are planning to visit there in coming CNY.
Thanks for the lovely post. Your written is beautiful. :)
I have just read through the wikipedia link as well.
ReplyDeleteHis disappearance is strange and mistery indeed.
Thanks for sharing, sis.
ဟုတ်ပ....တကယ့်ကိုချစ်စရာပိုစ့်လေးပဲ။
ReplyDeleteဂျင်းတို့တောင် အဲဒီကိုသွားမလို့စီစဉ်နေကြတာ။း))
အစ်မသက်ဝေ....စာလာဖတ်ပါတယ်။ အဲဒီလူက အဲ့ဒီ မြို့လေးကနေ ပျောက်သွားတာ ပြန်မတွေ့တော့ဘူးလားပာင်။ စာအရေးအသားလေး ကောင်းတယ်။
ReplyDeleteအဲဒီမြို့လေးဆီ နှစ်သစ်ကူးချိန်မှာ သွားလည်ချင်
ReplyDeleteလိုက်တာ အမရယ်။
ဒီပိုစ့်ကို ဖတ်ပြီးတော့ ပြုံးမိပါတယ်၊
ReplyDeleteသဘောကျနှစ်ခြိုက်တဲ့ အရေးအသားဟန်မျိုးကို
ဖတ်လိုက်ရလို့ပါ။
လိုချင်နေတဲ့အရာကို ရသွားလို့ အားရသွားသလိုမျိုး။
ကွန်မန့်နှစ်ခါ ထပ်သွားလို့နော်။
ReplyDeleteအမရေးထားတာအရမ်းကောင်းတယ်
ReplyDelete်ဖတ်ရတာနဲ့တင် မြို့လေးကချစ်စရာ
ရောက်ဖူးချင်တယ်
စဖတ်လိုက်ကတည်းက မြို့ကလေးကိုစွဲလန်းသွားခဲ့တယ်...။
ReplyDeleteသက်ဝေရေ
ReplyDeleteခုတလော ဒီမြို့လေးရဲ့ကောင်းသတင်းလေးတွေ ကြားရစိတ်နေတုန်း ဒီပို့ စ်လေးဖတ်လိုက်ရတော့ အရောက်သွားချင်တဲ့စိတ်တွေ ထိန်းမရတော့ဘူး ...မြို့လေးရဲ့ဖမ်းစားမှုကြောင့်လား...သက်ဝေအရေးအသားရဲ့ ညို့ငင်မှုကြောင့်လား
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
ReplyDelete╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......
သက်ဝေအတွက် အနုပညာပိုမြောက်တဲ့ နှစ်သစ်ဖြစ်စေဗျား။ ကျန်းမာပါစေ။
ReplyDeleteမြို့လေးကသိပ်ကိုချစ်စရာကောင်းမှာနော်..သွားကြည့်ချင်စရာကောင်းအောင် မမ ကရေးတတ်လွန်းတယ်..
ReplyDeleteစကားမစပ်..လင့်ခ် ယူခွင့်ပြုပါ မမ..ပြောပြောဆိုဆိုယူသွားပါပြီ..း))
လေးစားချစ်ခင်စွာ..
ပန်းချီး)
စိမ့် စမ်းလေးတွေကော ရှိလား အစ်မသက်ဝေ...
ReplyDeleteအေးမြလတ်ဆတ်မှုတွေနဲ့မွေ့လျော်စရာ သဘာဝအလှအပနဲ့ အငွေ့အသက်တွေကို ခေတ်မီအဆောက်အဦးတွေဆီက မရနိုင်ဘူး...
ဒါကြောင့်မို့...
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အမှတ်တရ”(သက်ဝေ) :)
ဒီပို့စ် နဲ့သက်ဆိုင်တဲ့ ပုံလေးတွေ မနေ့ကဘဲ ဖေ့စ်ဘွတ်မှာ ညီမလေးတယောက်တင်ထားတာကြည့်ရတယ်။ စတော်ဗယ်ရီတွေ ကို စနစ်တကျ အိုးတွေနဲ့စင်တွေပေါ်တင်စိုက်ထားတာ။ပန်းစိုက်ခင်း လဘက်စိုက်ခင်း အားလုံးလှမှလှဘဲ။ တကယ်နေချင်စရာမြို့လေးပါ။
ReplyDeleteအလည်သွားချင်တဲ့ မြို့ကလေး...။
ReplyDeleteတစ်ချိန်ချိန် အလည်မသွားဖြစ်ခင် ဒီအက်ဆေးလေးကို တစ်ခါ ပြန်ဖတ်ဖြစ်အောင် ကြိုးစားမယ်..။ ဒါဆို မြို့ကလေးဆီ သွားတဲ့ခရီးဟာ ပိုကြည်နူးဖို့ ကောင်းလာမယ် ထင်တယ်..။
One of my favourite trip is visiting to Cameron Highland. It is peaceful, lovely and attractive place. Very nice post.
ReplyDelete