Saturday, August 10, 2013

ဆယ်ပြားတန် ချောကလက်နှင့် ဆက်စပ်၍...

တနေ့က တီဗွီမှာ လာသွားတဲ့ အစီအစဉ်တစ်ခုထဲက အစိတ်အပိုင်းတစ်ချို့ ဆိုပါတော့…။


ချောကလက်ဆိုင် တစ်ဆိုင်မှာပါ…။
နာမည်ကြီး တံဆိပ်နဲ့ ချောကလက်… တစ်ခုကို သုံးကျပ် တန်ပါတယ်…။ အဲဒါကို ဆိုင်က တစ်ကျပ် လျှော့ပြီး တစ်ခု နှစ်ကျပ်နှုံးနဲ့ ရောင်းပါတယ်…။ တချိန်ထဲမှာပဲ နောက် နာမည်သိပ်မကြီးတဲ့ ဆယ်ပြားတန် ချောကလက်တစ်မျိုးကိုလည်း ကြော်ငြာတဲ့ သဘောမျိုးနဲ့ ရောင်းနေပါတယ်။ ဈေးဝယ်သူတွေဟာ ဆယ်ပြားတန် ချောကလက်ကို ယောင်လို့တောင်မှ လှည့်မကြည့်ကြပဲ ဈေးချထားတဲ့ နာမည်ကြီး ချောကလက်တွေကိုသာ ဝယ်ယူနေကြတာ တွေ့ရပါတယ်…။

နောက်တနေ့မှာ အရင်နေ့ကရောင်းခဲ့သလိုပဲ သုံးကျပ်တန် နာမည်ကြီး ချောကလက်ကို နှစ်ကျပ်နဲ့ ဆက်ရောင်းပါတယ်…။ ဒါပေမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုတော့ တစ်ယောက် တစ်လုံး အမြည်းသဘောမျိုးနဲ့ အလကား ပေးပါတယ်…။ အဲဒီနေ့မှာ ဆိုင်ကို လာသမျှလူတွေဟာ သုံးကျပ်တန် အကောင်းစား ချောကလက်ကို တစ်ကျပ်တိတိ လျှော့ပြီး နှစ်ကျပ်နဲ့ ဈေးချရောင်းနေတာကို ဘယ်သူမှ ခေါင်းထဲ မရောက်ကြတော့ပါဘူး။ အလကားရမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုသာ အချိန်ပေး တန်းစီ စောင့်ဆိုင်းရင်း အရယူနေကြပါတယ်။

အကောင်းစား ချောကလက်ကို ဈေးချချိန်မှာ နှစ်ကျပ်နဲ့ ပျော်ပျော်ကြီး ဝယ်စားရမဲ့အစား ဆယ်ပြားတန် အလကားပေးတဲ့ ချောကလက်နဲ့ တင်းတိမ်လိုက်ရတာ….။ အလကား (Free of Charge) ဆိုတဲ့ စကားလုံးရဲ့ လှည့်စားမှုအောက်ကို ဆယ်ပြားတန် ချောကလက်စားရင်း တည့်တည့်ကြီး ဝင်သွားရတာပါ။

အဲဒါနဲ့ ဆက်စပ်ပြီး ပြန်စဉ်းစားကြည့်တော့ မနက်ပိုင်း ရုံးချိန် Peak Hour မှာ ရထားခ ပြားဂဏန်းလောက် လျှော့ပေးတာကို လူတွေ အလုအယက် တက်သုတ်ရိုက်ပြီး သွားစီးနေကြတာ သူတို့ရဲ့ Quality of Life တွေ အင်မတန် ကျဆင်းတယ်လို့ ယူဆမိပါတယ်။ အလကားရတဲ့ ဆယ်ပြားတန် ချောကလက်ကို စားကြတဲ့သူတွေလိုပါပဲ…။ ရထားနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းကလည်း ရုံးချိန်မှာ ရထားကြပ်တဲ့ ကိစ္စကို ထိထိရောက်ရောက် မဖြေရှင်းပေးပဲ ရုံးချိန်ထက် စောတဲ့ ဒီအချိန်ကနေ ဒီအချိန် စီးရင် လျှော့ပေးတယ်ဆိုပြီး ဘူတာရုံ တချို့ အထွက်မှာ ရထားခကို မဖြစ်စလောက် ပြားဂဏန်းလေး လျှော့ပေးရင်း လေကျယ်နေတာပါ။

အမှန်ဆို အဲဒီ ပြားစွန်းလောက် သက်သာဖို့အရေး အိပ်ရာကလည်း စောစောထရတယ်… အလုပ်ကိုလည်း မလိုအပ်ပါပဲနဲ့ အချိန် စောပြီးရောက်နေရတယ်…။ မနက်စောစောလာလို့ ညနေ စောပြန်ရတဲ့ ရုံးဆို တော်သေးရဲ့… မဟုတ်လို့ကတော့ ကိုယ့်ရဲ့ အချိန်တွေ အပိုကုန်သွားတာသာ အဖတ်တင်မယ်။ မနက် ရုံးမလာခင် နာရီဝက်ဆိုတဲ့ အချိန်ဟာ ညနေစာအတွက် ဟင်းတစ်အိုးလည်း ချက်လို့ ပြီးနိုင်တယ်။ စာဖတ်နေရင် အနည်းဆုံး စာမျက်နှာ နှစ်ဆယ် အစိတ်လောက် ပြီးနိုင်တယ်။ စိတ်အေး လက်အေး ဘုရား ရှိခိုးလို့ရတယ်။ အိမ်သန့်ရှင်းရေး လုပ်အုံးမလား… ရသေးတယ်…။ မိန်းကလေးတစ်ယောက်အတွက် အေးအေးဆေးဆေး အလှပြင်လို့ ရသေးတယ်…။ အဲဒီလို အချိန်ကို ဘာမဟုတ်တဲ့ ပိုက်ဆံ ပြားဂဏန်းနဲ့ လဲလှယ်လိုက်ရတာ တော်တော်ကို မတန်တဲ့ ကိစ္စတစ်ခု လို့ ယူဆပါတယ်။ ပိုက်ဆံဟာ ပြန်ရှာလို့ရပေမဲ့ ကုန်သွားတဲ့ အချိန်တွေဟာ ဘာနဲ့မှ ပြန်အစားထိုးလို့ မရဘူးဆိုတာလည်း သတိပြုသင့်တယ်။

သေသေချာချာ ပြန်စဉ်းစားကြည့်ပါ…။ အလကားရတယ် ဆိုပြီး စားရရင် ဆယ်ပြားတန် ချောကလက်ပဲ ဖြစ်တော့မှာပေါ့…။ ဆယ်ပြားတန် ချောကလက်ရဲ့ အရသာဟာလည်း ဆယ်ပြားပဲ တန်မှာပေါ့…။ အဲဒီလိုပဲ ရထားခ ပြားဂဏန်း သက်သာတာကို ကြည့်လိုက်ရင် ကိုယ့်ရဲ့ အချိန်တွေ ဆုံးရှုံးမှုကိုလည်း မမေ့စေချင်ဘူး…။

လည်ဝယ်ပါးနပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လူတို့ရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ Discount ဆိုတဲ့စကားကို ထည်လဲ သုံးပြီး လူတွေကို လှည့်ဖျားနေကြတာ…။ ရှိသေးတယ်… Buy 1 Get 1 Free တို့… Minimum 3 Pieces တို့… 2nd Piece 50% Off တို့…. အများကြီး…။ အဲဒီလို သူတို့ရဲ့ လှည့်ကွက်တွေထဲကို အလွယ်တကူ ရောက်မသွားအောင်… ဘဝမှာ ဆယ်ပြားတန် ချောကလက်ကို တန်းစီ စားရုံနဲ့တင် ကိစ္စ ပြီးမသွားအောင်… သက်သာတယ် သက်သာတယ် ဆိုတိုင်း မျောပါမသွားအောင်... သတိထားဖို့ အများကြီးလိုသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိရင်း ဒီစာကို ရေးပါတယ်….။


8 comments:

  1. မှန်၏ လို့ပဲ ပြောတော့မယ်... အင်း နောက်ဆက်စပ်စဉ်းစားမိသွားတာလေးတစ်ခုက စင်ကာပူမှာနေတုန်းက အမြဲလိုလိုပြောဖြစ်တယ့် စကားလေးတစ်ခွန်း ရှိတယ် Good No Cheap, Cheap No Good ဆိုတာပဲ

    ReplyDelete
  2. ဒို့ကတော့ရှင်းရှင်းဘဲ၊အောက်ဈေးနဲ့လာရောင်းတာ :)

    ReplyDelete
  3. အမှန်ပဲဗျို့...၊ အခုနောက်ပိုင်း စီးပွားရေး သမားတွေက အသုံးချ စိတ်ပညာကို အရည်ကျို သောက်ထားသူတွေချည်းပဲ...၊ လူတွေရဲ့ တွေးခေါ်ပုံကို ကျေညက်လွန်းလို့ ဘယ်လိုဆင်လိုက်ရင် ဘယ်လို ဝင်လာမလဲဆိုတာ အတပ်သိနေပြီးသား...၊း)

    အင်း.. အိမ်ကနေ စောစောထွက်ပြီး ဆယ်ပြားတန် ချောကလက်ကို သွားတန်းစီနေမယ့် လူတွေကတော့ ဆက်ပြီးရှိနေဦးမှာ သေချာတယ် အစ်မသက်ဝေ...။း))

    ReplyDelete
  4. အပြည့်အဝထောက်ခံမိတယ်သက်ဝေ. အချိန်ရဲ့တန်ဖိုးကို မေ့လျော့သွားစေအောင် စီးပွားရေးသမားတွေရဲ့ သားကောင်ဖြစ်သွားတာ တွေးကြည့်ရင် ခါးသက်စရာပါ. နောက်တခု သံသယဖြစ်မိတာက ဒီနိုင်ငံကလူတွေ အလုပ်ချိန်ပိုတိုးလုပ်မိအောင် ပါးနပ်စွာချထားတဲ့အကွက်များလားလို့ ပါ.

    ReplyDelete
  5. ဆုမြတ်တို့စီနီယာလည်း ရထားခပိုက်ဆံလျော့ပေးတည်းက အမြဲတမ်းရုံးစောလာတော့တာပါပဲ ၊ ပိုက်ဆံလေး ပြားစွန်းနဲ့ တော်တော်အပင်ပန်းခံကြတယ်နော် ။

    ReplyDelete
  6. ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ စီးပွားရေးလောကလို့ ဆိုရလေမလား မသက်ရေ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. မှန်ပါ့ မမသက်ဝေ ရယ်။ အလကားသာပေးရင်ပေကပ်တန်းစီနေတဲ့စလုံးတွေအများကြီးပဲနော်။ ဒါမျိုးဆိုသူတို့ဇွဲသိပ်ကြီး

    ReplyDelete
  8. စားစရာမရှိရင်တော့တန်းစီတာကိုဘဲပျော်စရာပွဲတော်လုပ်ခွင့်ပေးပါအန်တီရယ်၊ချော့လက်ချားမယ်၊ဘယ်လောက်ရှည်ရှည်ဒို့ဘယ်တော့မှဝေးဘူး ... :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...