Sunday, June 20, 2010

အိပ်မက်ထဲက ည

ကမ္ဘာဖလား ဘောလုံးပွဲ ကိုက်နေတဲ့ သက်ဝေ... စာကောင်းကောင်းမရေးပဲ ရိုက်ထားတဲ့ ဓါတ်ပုံတွေ တင်လိုက်၊ မျက်နှာစာအုပ်က ပိုစ့်ရယ် ကော်မန့်တွေရယ်ကို ကူးပြီး တင်လိုက်နဲ့ ဆားချက်နေတယ်လို့ ရင်းနှီးသူ တချို့က ပြောလာပါတယ်…။ ဟုတ်ပါတယ်... အလုပ်တဖက်နဲ့ ဘောလုံးပွဲကြောင့် အိပ်ရေးပျက်ရတာတင်မက စိတ်နှလုံး နောက်ကျိစရာ ကိစ္စတချို့ကြောင့် နေရတာ ပျော်လဲ မပျော်၊ စာရေးစရာလဲ ဘယ်လိုမှ အာရုံမရပါ…။ ရေးထားသမျှတွေ အားလုံးကလဲ ဟိုမရောက် ဒီမရောက် တပိုင်းတစနဲ့ အဆုံးသတ်လို့ မရတာတွေ ချည်းပဲဖြစ်နေတာ…။

ဒီလိုအချိန်မှာ မိတ်ဆွေ ကဗျာဆရာတယောက်က ချစ်စရာ ကဗျာလေးတပုဒ် ရေးပြီး အမှတ်တရ ပေးလာပါတယ်…။ ကဗျာလေးရဲ့ နာမည်က အိပ်မက်ထဲက ည တဲ့…။ ဖတ်ကြည့်ပါအုံး…



အိပ်မက်ထဲက ည

ဟောဒီဘဝက
အမှောင်နဲ့ အလင်း ရှင်သန်ခြင်းဆိုတာလေ…


ခရီးထွက်ခဲ့တဲ့ည
လရောင်ထဲမှာ အရိပ်ရှာတဲ့ည
မီးတတို့ရရင် ဝမ်းသာတဲ့ည
အသက်မရှုနိုင်ပဲ နားစွင့်တဲ့ည
အသွင်သာကွဲပြီး ရင်ကွဲတာတူတဲ့ ညတွေ...

ငါ ရထားတဲ့ တပိုင်းတစ ဟောဒီညတွေကို
ငိုနေသူတွေလဲ ဝေမျှ လိုနေသူတွေလဲ ဝေမျှ
ငါ့မှာရှိတာ နေ့နဲ့ ညပါပဲ…

ဟောဒီမှာ ကိုယ်ရေးကိုယ်တာည
အခုမှ အဆန်းလုပ်ပြီး သက်ကြီးခေါင်းချချိန်
ငါ့မှာ ချိန်ကွင်းမရှိတော့ပါဘူး
အာရုံဦးနဲ့အတူလျှောက်
ရောက်တဲ့ နေရာ တခါတလေနား
ငါ့ကိုယ်ပေါ်မှာ တွားသွားနေတဲ့ လမ်းတွေဟာ
မင်းရဲ့လိပ်စာကို ရှာဖွေနေကြလေရဲ့
ငါ့ရဲ့အထီးကျန်ညတွေအတွက် လမင်းရဲ့လိပ်စာ ရှာဖွေနေကြလေရဲ့...


တည်ကြည်တဲ့ နှလုံးသားမှာ ရူးချင်လဲ ရူးလို့မရ
လှည့်စားလို့ မရတဲ့ နှလုံးသား
ဝယ်ထားပြီး လွှင့်ပစ်ရတဲ့ ပန်းသီးခြင်းတွေရဲ့ည
ခေါင်းကိုက်ခြင်းသာ အဖတ်တင်တဲ့ ဝိုင်ပုလင်းတွေနဲ့ည
သွေးထဲက တမ်းတခြင်းတွေ
ကောလက်စထရောကျဆေး သောက်မရ
အိပ်ဆေးနဲ့ကျော်မရ
ဝန်ခံရမဲ့ အသဲကွဲအောင်ချစ်တဲ့ ညတွေ...


မင်း မရှိတဲ့ ညအကြောင်း မေးရင်
ကိုယ်ကောင်းကောင်း မဖြေနိုင်ခဲ့
အလင်းနဲ့ အနားသတ်ညတွေ
ဘဝကို ဆန့်ပေးတဲ့ည မရချင်တော့ပါဘူး
ကူးမယ်ဆို ကူးတော့ ရူးအောင်လွမ်းတဲ့ ညတွေ…


လသာတဲ့ ည ကြယ်စုံတဲ့ ည
ဆေးပေါင်းခတဲ့ ည
ဘယ်လိုည ဖြစ်ဖြစ် ချစ်သူ မရှိမှတော့
ငါ့ ကိုယ်ရေး ကိုယ်တာ ညတွေ အကုန်
လုံခြုံတဲ့ ခွက်ထဲကိုထည့်
အတူဆုံတဲ့နေ့မှ
တထောင့်တညဆက်ပြီး
ရင်ငွေ့မီးလှုံ တိမ်တွေစုန်စီး အိပ်ကြမယ်…


မှတ်ချက် ။ ။ သူ ရေးပေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ကို ဒီမှာ ဖတ်လို့ရပါတယ်။ အလုပ်တွေ များတဲ့ကြားက အချိန်ယူပြီး ရေးပေးခဲ့တဲ့ ကဗျာဆရာကို ကျေးဇူး အထူး (အထူး) တင်ပါတယ်…။

Friday, June 18, 2010

ဝမ်းနည်းစကား


ဝမ်းနည်းစရာ ကြားဖြတ်ပိုစ့်လေး တခုပါ…
ဒီနေ့ ညနေပိုင်းက မေးလ်တခု ဝင်လာပါတယ်...။

စာဖတ်ပြီးပြီးချင်း ဝမ်းနည်းပြီး ဘာလုပ်ရမှန်းမသိပဲနဲ့ အချိန်တွေ တော်တော်ကြာသွားပါတယ်…။

ဘာသတင်းလဲ ဆိုတော့…
Sakura Myanmar ဘလော့ဂ်လေး ပိုင်ရှင်… အေးချမ်းတဲ့ စာလှလှလေးတွေ ရေးတတ်တဲ့... ပန်းအိုးလှလှလေးတွေ ထိုးပြတတ်တဲ့... စားသောက်ဖွယ်ရာတွေ ချက်နည်း ပြုတ်နည်းတွေကို မျှဝေတတ်တဲ့... ပြီးတော့ မကြာသေးခင်ကမှ ချစ်စဖွယ် သမီးလေးတယောက် ပိုင်ဆိုင်ခဲ့တဲ့...
ညီမငယ် နုစံ ရဲ့ ချစ်ရတဲ့ ဖခင် မေလ ၃၁ ရက်နေ့က ကွယ်လွန်သွားပါတယ်…။ ဒါလေးက သူရေးလိုက်တဲ့ စာထဲက တပိုင်းတစပါ…။

“ကျွန်တော် ဇွန်လ ၄ ရက်နေ့က မြန်မာပြည်ကို အရေးတကြီး အကြောင်းပေါ်လာလို့ ပြန်သွားရတယ်... မေလ ၃၁ ရက်နေ့က အဖေဆုံးသွားလို့ပါ... တိုက်ဆိုင်ချင်တော့ အဖေဆုံးတဲ့နေ့က ပတ်စပို့စ်ကို သက်တမ်းတိုးထားတာနဲ့ ကြုံပြီး အားချင်း မပြန်နိုင်ခဲ့ဘူး... ဒါကြောင့် အဖေ့မြေချတာကို မမီလိုက်နိုင်ဘူး... ရက်လည်မှပဲ မီတော့တယ်… စိတ်မကောင်းစရာသတင်းမို့ ဘယ်သူ့မှလည်း မပြောတော့ပဲ ပြန်သွားလိုက်တာပါ...”

နှေးနှေး သွားသွား မြန်မြန် သွားသွား တနေ့မှာ လူတိုင်းသွားကြရမယ့် ရောက်ကြရမယ့် လမ်းတခုဖြစ်ပေမယ့် ဖခင်တယောက်ကို ဆုံးရှုံးရတဲ့ ထိခိုက် ခံစားမှုကတော့ ဘာနဲ့မှ အစားထိုးလို့မရပါဘူး...။ ပြီးတော့ ကိုယ်တိုင်ကလဲ မိဝေး ဖဝေး တကွဲတပြား နေကြရသူတွေချင်းမို့ ကိုယ်ချင်းစာပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ်…။ စိတ်ကို ဖြေပါ ညီမရယ်လို့ အားပေးရအောင်ကလဲ ဒီလိုအကြောင်းမျိုးကို ဘာနဲ့ ဖြေရမှာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်…။

ဒါပေမယ့်လဲ ညီမ ဖေဖေ သက်ရှိထင်ရှားရှိချိန်မှာ ကိုယ့်ကြောင့် သူ စိတ်ချမ်းသာခဲ့ရတာတွေ… ကိုယ့်ကြောင့် သူ ဝမ်းသာပျော်ရွှင်ခဲ့ရတာတွေ… လိမ်မာတဲ့ သမီး တယောက်အနေနဲ့ မိဘအပေါ် ကျေးဇူးဆပ်နိုင်ခဲ့တာတွေ… မိဘကို စိတ်ချမ်းသာစေခဲ့တာတွေ... မြေးမလေးရလို့ အဖိုးတယောက်နေရာက သူ ကျေနပ် ကြည်နူးနေခဲ့ရတာတွေ ကို ပြန်တွေးပါ ညီမ… နဲနဲတော့ ဖြေသာပါလိမ့်မယ် လို့ မရဲတရဲ အားပေးမိပါတယ်…။

ဒီပိုစ့်လေးကို လာဖတ်မိတဲ့ သူငယ်ချင်း မိတ်ဆွေတွေလဲ နုစံကို သွားပြီး အားပေးပေးပါလို့ ပြောချင်ပါတယ်…။ ကျေးဇူးနော်…

ညီမငယ် နုစံရဲ့ ဖေဖေ ကောင်းရာ မွန်ရာ ဘုံဘဝ တခုမှာ ငြိမ်းချမ်းပါစေ လို့ ဆုတောင်းလိုက်ပါတယ်…။


Wednesday, June 16, 2010

အပျင်းပြေ တနင်္ဂနွေ

အခုတလော အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်မစားဖြစ်တာ ကြာပြီ…။ ဒီတပတ်တော့ မေမေ ရန်ကုန်ကပို့လာတဲ့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ပုဇွန်ကြော်တွေ ကြောင့် ဟင်းချက်စားဖို့ရာ အကြောင်းဖန်လာပါတယ်…။ ဒီတော့ စိတ်အား လူအား တိမ်ပြာပြာ နေ့တနေ့ ဆန်းဒေးလေးမှာ ပုဇွန်လေးတွေကို ကြက်သွန်အနီ ကြက်သွန်အဖြူ ဆီသတ်ပြီး ပြန်ကြော်… အဲဒီပုဇွန်ကြော် တချို့နဲ့ ချဉ်ပေါင်ရွက်မွှေ နဲ့ မျှစ်နဲ့ကို ရောကြော်… ငြုတ်သီစိမ်း ထည့်… ပြီးတော့ နဲနဲ စပ်မယ့်ဟင်းတွေမို့ အစပ်ပြေအောင် အရွက်စိမ်း ကြော်ချက်တခုချက် ဖြစ်ပါတယ်…။

ထမင်းစားဖို့ ခူးခတ်နေရင်း တစုံတခုကို သတိရသွားပြီး စားတော့မယ့် ဆဲဆဲလူတွေကို ဟိုး…….. စတော့ပ် လို့ အကျယ်ကြီးအော်… အိပ်ခန်းထဲကို အပြေးဝင်… လက်စွဲတော် နှစ်ကျပ်ခွဲကို ယူ… အချိန် သုံးမိနစ်လောက်ယူပြီး ဓါတ်ပုံနဲ့ မှတ်တမ်းတင်ပါတယ်…။ စိတ်ကူးတုန်းကတော့ စားစရာတွေ လုပ်ပေးလိုက်တဲ့ မေမေ့ကို ပြန်ပြမလို့ပါ… ရှုမငြီးတဲ့ ချစ်သမီးလေးရဲ့ လက်စွမ်း… ဘာညာ သာရကာတွေ ရေးပြီးတော့ပေါ့လေ…။

ဒီလိုနဲ့ စားသောက်ပြီး အနားယူနေရင်း မီးပူတိုက်ရမှာတွေရှိနေတာကို အသာမေ့ထားပြီး မျက်နှာစာအုပ်ကို လက်ကရောက်သွားတယ်… ဖြစ်ချင်တော့ စားစရာတွေ တင်ထားတဲ့ စာမျက်နှာတချို့ကို ရောက်အသွားမှာ… ခေါင်းထဲက မီးလုံးလေး ဖျတ်ကနဲ လင်းသွားတယ်…။ ဒီတခါလဲ အိပ်ခန်းထဲကို အပြေးဝင်… လက်စွဲတော် နှစ်ကျပ်ခွဲထဲက မှတ်ဥာဏ်ပြားလေးကို ယူ… ဒီလိုနဲ့ သူများတွေလိုမျိုး မျက်နှာစာအုပ်မှာ တင်စရာ တည်ခင်းဧည့်ခံစရာ ဟင်းပွဲလေး ရခဲ့တယ်…။


ဒါတင်မက သူတို့တွေ ချက်ကြ ပြုတ်ကြ စားကြတုန်းက ကိုယ့်ကို မစားရ ဝခမန်း တက်ဂ်ထားကြတဲ့ သူတွေ အားလုံးရော… ကိုယ်က စားစေချင်တဲ့ သူတွေ အားလုံးကိုပါ ကဲ… လာပြီကွ ဆိုပြီး တက်ဂ်လိုက်တယ်…။ တက်ဂ်တာမှ ကိုယ်က သေသေချာချာ တွေးတော စဉ်းစားပြီး တက်ဂ်တာပါ…။ ဥပမာ… ကျန်းမာရေး လိုက်စားတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့နေတဲ့သူတွေကို အရွက်ကြော်ချက်ဟင်း၊ မမခင်ဦးမေတို့ အကိုကြီး ကိုအောင်သာငယ်တို့ကိုတော့ လူကြီးတွေမို့ လေးလေးစားစားနဲ့ ပုဇွန်ဟင်း၊ မောင်ငယ် ညီမငယ်တွေ ကိုတော့ လူငယ်ကြိုက် ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်ကြော်… စသဖြင့် ရွေးချယ်ပြီးတော့ကို တက်ဂ်တာပါ…။


အဲ… အဲဒီလို တက်ဂ်ပြီး တမိနစ်တောင်မခြား ကော်မန့်တွေ ဝင်လာပါတော့တယ်…။ ထိပ်ဆုံးက ကျွန်တော်ကတော့ ပန်ပန် ဖြစ်ပါတယ်… သူကလဲ သူချက်တဲ့ ဟင်းစပ်ကို အခုလို ရေးပြပါတယ်…။ (ဘုရားရေ… စားချင်စရာ ကောင်းလှပါဘိ…)

Pandora ပန်ဒိုရာ
တို့အိမ်မှာက ကြက်သားဗူးသီး၊ ငါးကြော်၊ မြင်းခွာရွက်သုတ်၊ ချဉ်ပေါင်ဟင်း၊ ငါးပိထောင်း…

ဒီလိုနဲ့ သူ့နောက်မှာ တောက်လျှောက်တက်လာကြတဲ့ ကော်မန့်တွေ၊ ပြီးတော့ တယောက်နဲ့ တယောက် အပြန်အလှန် ရေးကြတာတွေနဲ့ တခဏအတွင်းမှာ စုစုပေါင်း ကော်မန့် ၆၀ ကျော်သွားပါတယ်…။ ကိုယ်လဲ မော်နီတာကို မျက်နှာက မခွာနိုင် တချိန်လုံး ပါးစပ်မပိတ်နိုင်အောင်ကို ရယ်နေရတော့တာ... တကယ့်ကို တနင်္ဂနွေ အပျင်းပြေပါပဲ…။

အဲဒီ့အကြောင်းကို မမခင်ဦးမေက သူ့ပိုစ့်မှာ ထည့်သွင်း ရေးသားလိုက်တဲ့အခါမှာ အဲဒီထမင်းပွဲနဲ့ ကော်မန့် ၈၀ ကျော်ကို ပြပါလို့ ကော်မန့်မှာရော စီဘောက်စ်မှာပါ မေးလာကြပါတော့တယ်…။ ဒါကြောင့် တောင်းဆိုထားကြတဲ့ သောတရှင်များကို ချစ်ခင်စွာနဲ့ ဒီပိုစ့်လေးကို ရေးပါတယ်...။ ပိုစ့်သိပ်ရှည်သွားမှာစိုးလို့ ကော်မန့်တွေ အကုန်လုံးတော့ ကူးမရေးနိုင်တော့ပါ…။ ပျော်စရာကော်မန့်တချို့တဝက်ကို လူစုံအောင် ရွေးပြီး တင်လိုက်ပါတယ်…။ အချို့က နာမည်ရင်းတွေ နာမည်ဖျားတွေနဲ့ဆိုတော့ ကော်မန့် မှာပါတဲ့ နာမည်တွေကို ဒီအတိုင်းပဲ တင်လိုက်ပါတယ်…။ သူ ဘယ်သူ ဘယ်ဝါ ဆိုတာသိချင်ရင် တိုးတိုးတိတ်တိတ် မေးနိုင်ပါတယ်…။ ကာယကံရှင် ခွင့်ပြုရင် ပြောပြပါ့မယ်…။

Khaing Su Latt
မမသက်ဝေရဲ့ အပျင်းပြေ တနင်္ဂနွေက မီးမီးကို ရန်စနေသလိုပဲး(
အဲ့ဒါတွေအားလုံး ကြိုက်တယ်ဆိုမှ ၊ ချက်လဲချက်တတ်ဘူး ဆိုနေမှ ဟီးးးးးးးးးး
ရက်စက်ချက်တော့ ကန်းကုန်ပဲ T.T

MaMon Mon
အကုန် စားချင်တယ်။ ဒါနဲ့ အမ ဘောလုံးပွဲမကိုက်ဘူးလား။ :P

Myo Aung
ကနေ့တော့ အပျင်းပြေ မိုးအေးတာနဲ့ ရခိုင်မုန့်တီချက်စားတယ်ဗျာ

May Lay
ပုချွန်ဆိတ်လေးတွေ စားချင်လိုက်ထှာ ဒီမှာပုချွန်တွေကအရသာမရှိဘူးး((

မက် မွန်
တို့အိမ်မှာ ငါးမုန့်ကြော်ကို ယိုးဒယားစတိုင်လ်ချဉ်စပ်လေး ကြော်တယ်။ မှိုနဲ့မုန်ညင်းကြော်၊ ဗမာရမ်းဟင်းချို…

Khin Oo May
ပုဇွန်တစ်ထုတ်လုံးအသုံးချနည်း. (မနာလိုသူတစ်ဦး)
ဆီများတယ် ရေဝပ်တယ်။ ခြောက်တယ် ညှင်းညှင်း…
ဘာကင်မရာနဲ့ ရိုက်တယ်ဆိုတာ ထည့်ပြောမှ ပြည့်စုံမယ်
(စေတနာရှိသယောင် တွန်းပို့သူ)

Thet Wai
ဝိတ်ချနေတဲ့သူ၊ ဝိတ်ချသင့်တဲ့သူနဲ့ ကျန်းမာရေး လိုက်စားသင့်တဲ့သူတွေကို အရွက်ကြော်ချက်မှာ Tag ထားတယ်... အပွက်တော့ ခံရတော့မယ်ထင်တယ်...း))

Khin Oo May
ကွိုင်ဘဲ ခေတ်မှီအောင်ဝင်ပြောဦးမှ..
ပုဇွန် မုန်လာဥ ဒန့်ဒလွန် ပဲပြားပဲ့ပင်ပေါက် ကန်ဇွန်းဥ ဝယ်ပြီး ညက မအိပ်သောကြောင့် ခေါင်းကိုက်ပြိး မချက်တနိုင်သေးရွေ့ ပလာတာဝယ်စားပြီး မလေးထမင်းဖြင့် ညားသွားသူ။
ပန်ဒိုရာက မြန်မာသွေးများတယ်။ ကိုကိုဒီဘီက.. အင်း.. ဘယ်သူချက်တာလဲ
မွန်ကတော့တီလုပ်သွေး နည်းနည်းပါပုံဘဲ။ ဗမာရမ်းဟင်းချိုဆိုတာ ဘာလဲ။ ငါမုန့်ကြောက်က ငါးမုန့်ကြော်ပေါ့ ဘယ်လိုချဉ်စပ်ဖြစ်သွားတာလဲ ။ ပန်ဒိုရာ ဟင်းကို ထပ်ခါတစ်လဲလဲဖတ်နေမိတယ်။

မက် မွန်
ဒေါ်ဒေါ်ခင်ဦးထုံ.. တရုတ်သွေးတစ်စက်မှ မပါတာ။ ဒီတစ်ခါ စိတ်ရှည်ရှည်ထား ရှင်းပြမယ်။ စာရွက်သွားယူပြီး သေချာမှတ်နော်။ tom yam ကို ဗမာစတိုင်လ်နဲ့ချက်တော့ ဗမာရမ်းပေါ့လေ.. သို့သော် ရမ်းချက်တာမို့ ဗမာရမ်း။ ငါးမုန့်ကြော် ချဉ်စပ်ဆိုတာ ဒီလိုမျိုးပြောတာပါ။ http://thestar.com.my/archives/2009/7/15/central/m_13fish.jpg

ဂွမ်း ပုံ
ယနေ့ကား ကြာသပတေးနံ ခေတ်စားသောနေ့ ဖြစ်တော့သကိုး၊ ပုဇွန်ဆီပြန်၊ ပုဇွန်ချဉ်ပေါင်မျှစ်ကြော်၊ အရွက်ကြော်ချက်မှာလည်း ပုဇွန်တွေ့တယ်။ အဲဒါ ဗူးညွန့်တွေလား အစ်မ..။

Thet Wai
ဂွမ်းပုံ... အင်း... ပုဇွန်တွေ လွှမ်းမိုးနေတယ်နော်... အရွက်စိမ်းက China Puay Leng ဆိုတဲ့ အရွက်ပါ.. နူးညံ့တယ်... Hot Pot ထဲ ထည့်စားကြတာ တွေ့ဖူးတာပဲ...း))

Khin Oo May
မသိပါဘူး ငါးမုန့်ကြော်ချဉ်စပ်ဆိုတော့သိတဲ့အတိုင် တဂျွမ်းရျွမ်း ကိုက်စားရတဲ့ ပါပလာလို့ ငါးမုန့်ကြော်မှတ်လို့ အဲဒါကို ဘယ်လိုချဉ်စပ်ချက်မှာလဲစဉ်းစားလို့ကို မရတာ။ စူပါထုံ..။

ကောင်း ကင်
အိမ်မှာ အသုတ်စုံ လုပ်တယ်.. ပြာ ဗိုက်အောင့်နေလို့ အစပ်တွေ စားလို့ မရသေးလို့..း(
ကိုကိုဒီဘီ တို့ မုန့်တီတောင် သွားမစားနိုင်ဘူး..

Thet Wai
အိမ်ဝေးတာ နာတယ် ပြာရယ်... (အလဲ့... မိုက်နေရော...)

Khin Oo May
အီတလီကောင်လေးတွေကတော့ချောတတ်တယ် ဘယ်အချိန်လဲသက်ဝေ. နီးရင်လက်တို့ပေးပါ။ အသက်ကြီးလာတော့ဂလိုပေါ့. ကြက်အိပ် ကြက်နိုး. ပန်ဒိုရာပျောက်သွားတယ်။ မျှော်လိုက်ဦးမယ်။

မက် မွန်
ပန်ဒိုရာ.. အိုင်စီးယူ... အဲလိုနှုတ်ဆက်ရမယ်။ အခု ငှက်သွားဖမ်းနေတယ် ထင်တယ်။

Thet Wai
ပန်ပန်... ဖဘမှ သင့်ကို အလိုရှိသည်... ရောက်ရာအရပ်မှ အမြန်ပြန်လာပါ....း))

Steve Evergreen
ဟင်းတွေက decent ဖြစ်တယ်

Aung Tha Nge
ဟေး... တို့ ဆီမှာတော့ ... ဒန်ပေါက်... မုန့်ဟင်းခါး... ဝက်သားတုတ်ထိုး... အုန်းနို့ခေါက်ဆွဲ... နဲ့... အင်းသားဟင်း... ကွယ့်... ညည်းတို့တွေကို... သနားတယ်...း) ဒီဇွီဘီ သတင်းထောက်ကြီး ကိုယ်တိုင် ချက်တာကွယ့်...

Aung Tha Nge
လောဆယ် ... အုန်းနို့ခေါက်ဆွဲ စားနေသကွယ်... ကင်မရာ ပျောက်နေလို့... ဒါ့ပုံတော့ ရိုက် မပေးလိုက်ဘူး... ပဲကျော်ကလည်း ကောင်းမှ ကောင်း...း) ဝက်သားတုတ်ထိုးတွေတော့ ကျန်နေသေးတယ်... စားချင်ရင် ပြော... ဝက်တကောင်လုံးကို တုတ်ထိုး လုပ်ထားတာကွယ့်... နှာခေါင်းတောင်ပါတယ်... မှတ်ကရော...

Khin Min Zaw
အပျင်းပြေတနင်္ဂနွေ ဆိုပေမယ့် တို့ကတော့ ချင်းမိုင်မှာ အပျင်းမပြိုင်ပဲ ခွေခေါက်ကာ နေတာပဲ။ သူများချက်ကျွေးတာတွေ စားလို့။ (ငါးပတ်မွှေ၊ ဆူးပုတ်ရွက်ခတ်တဲ့ ပဲဟင်းချို၊ ကန်ဇွန်းရွက်ကြော်၊ ငါးပိရည် ကိုယ်တိုင်ဖျော် နဲ့ သရက်သီးစိမ်းတို့စရာ)
(ဟမ်းးး ဘာရမလဲ)

Moon Lay
ဟင်... နောက်ကျသွားပြီ တနင်္ဂနွေနေ့တောင် ကုန်တောင်မယ်..
ခုပဲ သူများကလေးမွေးနေ့မှာ ကြက်သားပလာတာ သွားစားပြီး ပြန်လာပါတယ်.. မီတဲ့နေရာက လိုက်တာ

Thet Wai
အမ မခင်မင်းဇော်..... ငါးပတ်မွှေ...း((
မွန်းလေး... မီရာ အချစ်နဲ့ လိုက်ခဲ့ပါ...း))

ရွှေ သန့်
အကုန်ကြိုက်... အကုန်ကြိုက်... :))

Nan Thandar Soe
တဂ်ထားတဲ့အတွက် ကျေးဇူးပါ မမသက်ဝေ။း)
@မက်မွန်... အီတလီအားပေးတာခြင်းတူလို့ add ထားတယ်နော်။း) အီတလီပွဲကြည့်ပြီး နောက်နေ့ MC ယူမလား စိတ်ကူးနေတယ်။ ဟဲ...ဟဲ..။ :D
@မမKOM, အီတလီကောင်လေးတွေ ချော၍ အားပေးခြင်း မဟုတ်ပါ။ အားပေးမိတဲ့အသင်းက ကစားသမားတွေ ချော၍ နေခြင်းသာ ဖြစ်ပါသည်။ ;)

Khin Oo May
ငါးပတ်မွှေ...း(( ရနံသစ်မှာရတယ် ဘာမှ အားမငယ်နဲ့သက်ဝေ အစ်မ ဝယ်စားနေကျ.
ဆူးပုတ်ရွက်နဲ့ပဲလဲ မြန်မာဆိုင်မှာရှိတယ်။ သရက်သီးစိမ်းလဲရှိတယ် အိမ်မှာမရှိတာတစ်ခုဘဲ။
ဘရက်ဒယ်ကနေဆင်းခဲ့ပါ ဘတုတ်ကို… ကောင်းကင်
သွေးတွေတော့ တိုးတော့မှာပဲ ATN…
ကြက်သား ပလာတာ.. အိမ်း…

Naw Phaw
ကျန်းမာရေး လိုက်စားသင့်တဲ့သူ စာရင်းထဲပါသွားတာ ကျေးဇူးပါနော်...
ချဉ်ပေါင်ကြော်နဲ့ ပုဇွန်အိုးကပ်လေး မိုက်တယ်... အရွက်ကြော်ချက်ကတော့ ကျန်းမာရေးအတွက်ပေါ့နော်...

Thet Wai
ဟုတ်တယ် ပြာပြာ... West ကို ပြောင်းလာခဲ့ပါ...
အဲ.. ပလုတ်တုတ်... Rose ကို နေရာချပေးတာ မှားတွားဘီ... နောက်တခါကျ သေသေချာချာ ကြည့်ပြီးချပါ့မယ်...

Avo Ca Do
အမသက်ဝေ ကြိုက်တယ် တီကွန် ဒါကြိုက်တဲ့ထဲပါတဲ့ အစားစာဖြစ်နေလို့ပါ ဟီးး
အားကျမခံပြန်ကြွားသွားမယ် ဒီနေ့ nasi lemak ၀ယ်စားတယ်

Khaing Su Latt
မမသက်ဝေရဲ့ အပျင်းပြေ တနင်္ဂနွေက စည်ကားလိုက်လေခြင်းး)

Mae Win Naing
နှိပ်စက်တယ်.. အဲ့ဒီပုဇွန်ဆိတ်က my favourite food!! ပို့ပေးပါ မမသက်ဝေ

Thet Wai
အခုလောလောဆယ်တော့ ဓါတ်ပုံလေးပဲ ကြည့်ထားပါ မေ... အခါအခွင့်သင့်တာနဲ့ လေဟုန်စီးပီး လာပို့ပေးမယ်... ဟုတ်ပြီလား...း))

Nan Thandar Soe
ညီမ ချဉ်ပေါင်ကြော် ကြိုက်တာ ဘယ်လိုများ သိသနော်။
နေ့လည်က မှိုကင်စားရတယ်။ ညနေ ကြက်သားသုပ်နဲ့ ကြာဇံဟင်းခါး.. ခုပဲစားပြီးတယ်။း)

Moe Cho Thinn
အစားအသောက်စုံအောင် ချက်စားတာ ဘာမှ မပြောကြပါနဲ့တော့...။
ဘဲဥသမားကို ကြင်နာပါ။ :(

Victor Feng
message မဟားဒယားဝင်လာလို့ လန့်တောင်သွားတယ်..
လက်စသတ်တော့ သူကိုး.. ညှင်းညှင်း

Pe Ti
အမကတော့လုပ်ပြီ... ကန်စွန်းရွက်ကိုမှ တက်ရတယ်လို့... :P
နောက်တခါဆို လှမ်းသာခေါ်လိုက် ၅မီနစ်အတွင်းအရောက်လာမယ် :P

Vistaz Aung
ဗိုက်ဆာဒယ်

Pandora ပန်ဒိုရာ
ဟီး.. အလိုရှိနေတာ အခုမှသိတယ်... ကုန်တွားပီ.. ချောဒီး…

ကဲ… အပျင်းပြေ တနင်္ဂနွေ… သက်ဝေရဲ့ ထမင်းပွဲ အကြောင်းကတော့ ဒါပါပဲ…။ နောင်ကိုလဲ အခါအခွင့်သင့်လေတိုင်း (ထမင်းဟင်း သေသေချာချာ ချက်စားဖြစ်လေတိုင်း) အခုလို တနင်္ဂနွေ အပျင်းပြေလေးတွေ လုပ်ပါအုံးမယ်…။ မျက်နှာစာအုပ်မှာ တပျော်တပါး အားပေးခဲ့ကြတဲ့ ကွန်မန့်ပိုင်ရှင်များကို ကျေးဇူးအများကြီး တင်ပါတယ်…။ မျက်နှာစာအုပ်မှာ မရှိလို့ အားမပေးလိုက်ရတဲ့ အပေါင်းအသင်းတွေကိုလဲ ဒီတခါတော့ ဒီနေရာမှာ တက်ဂ်ပြီး ဧည့်ခံကျွေးမွေးတယ်လို့ သဘောထားပေးပေါ့နော်… ။

ချစ်ခင်စွာဖြင့်




Saturday, June 12, 2010

မတူညီသော…

အနိမ့် အမြင့်
အချိုး အကွေ့
အရောင် အဆင်းခြင်းမတူ…
အပူ အအေး အရိပ်အာဝါသ…
ဘေးပတ်ဝန်းကျင်တွေခြင်း မတူ…
လမ်းသွယ်တွေ ခွဲထွက်ပုံခြင်း မတူ…
ချောမွေ့ခြင်း ကြမ်းတမ်းခြင်းတွေ ကိုယ်စီနဲ့
တန်ဖိုးထားရာ အဆုံးသတ် ပန်းတိုင်တွေ မတူညီကြတဲ့ လမ်းကလေးတွေပါ…




ထူးထူးခြားခြားတွေ မဟုတ်သလို ရှည်ရှည်လျားလျားတွေလဲ မတွေးကြစေချင်ပါ…။ ဒီပုံလေးတွေကိုကြည့်ပြီး အပေါ်မှာရေးခဲ့သလို မတူညီတာလေးတွေကို တွေးမိသွားစေဖို့ပဲ ရည်ရွယ်ပါတယ်…။

လူတိုင်းဟာ ကိုယ်ယုံကြည်ရာ လမ်းမတွေပေါ်မှာ ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းနေကြတာမို့ ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ မတူညီတဲ့ လမ်းတခုပေါ်မှာ လျှောက်နေတဲ့သူတယောက်ကို လမ်းမှားနေတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုပဲ ကိုယ်လျှောက်နေတဲ့လမ်းကို မှားနေတယ်လို့ ပြောလာရင်လဲ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းနေတဲ့လမ်းရဲ့ အမှား အမှန်၊ ကောင်းကျိုး ဆိုးကျိုးတွေတိုင်းဟာ ကိုယ်တိုင်နဲ့သာ သက်ဆိုင်ပါတယ်…။ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ကိုယ်ကိုယ်သာ ရောင်ပြန်ထင်ဟပ်စေပါတယ်…။

အရိပ်အာဝါသကောင်းပြီး ချောမွေ့ဖြောင့်ဖြူးတဲ့ လမ်းကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပြီး သာယာ ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေ…။



(ပုံလေးတွေကို Pasir Ris Green မှာ ရိုက်ခဲ့ပါတယ်…)

Saturday, June 5, 2010

ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်...

ဒီနေ့ တနေ့လုံး အပြင်သွားနေတယ်…
ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်… ရောက်သွားတဲ့ နေရာတခုမှာ မထင်မှတ်ပဲ ကိုယ်သဘောကျတာတွေကို တွေ့လိုက်ရတယ်…။ ဖြစ်ချင်တော့ လက်ထဲမှာ နှစ်ကျပ်ခွဲကလဲ အဆင်သင့်ပါသွားတယ်…။ ဒီလိုနဲ့ပဲ ဒီဓါတ်ပုံတွေ ရလာခဲ့တယ်…။













အချိန်အခါနဲ့ အခြေအနေနဲ့ လိုက်ဖက်နေလို့ အမှတ်တရ တင်လိုက်ပါတယ်…။ ကိုယ်တိုင်က သဘောကျနေတာမို့ ကိုယ့်အတွက် ကံကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ဘလော့ဂ်ဖတ်လာ မိတ်သဟာတွေအတွက်တော့ ကံဆိုး ကံကောင်း မသေချာပါ…။
သို့သော် ကိုယ်နဲ့ ဝါသနာတူ အကြိုက်တူသူများအတွက် ရည်ရွယ်ပါတယ်…။
ဝါသနာမပါလို့ မနှစ်သက်တဲ့သူတချို့အတွက် မျက်စေ့နောက်စရာများ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဆောရီးပါလို့ တောင်းပန်ပါတယ်…။