Thursday, October 14, 2010

မိုးရွာချိန် အတွေး


ညက လျှပ်စီးတွေ တဝင်းဝင်းနှင့် အလွန်ပြင်းထန်သော အသံများဖြင့် မိုးတွေ ခြိမ်းနေခဲ့သည်။ ထို့ကြောင့် အိပ်ရာမှ လန့်နိုးလာသည်။ မိုးရွာတော့မှာလား.. မနက် အိပ်ရာနိုးလျှင် မိုးတွေ ရွာနေမည်လား… မိုးရွာလျှင်တော့ ထိုမိုးစက်တွေထဲမှ အတွေးတစုံတရာ ရတန်ကောင်းရဲ့ဟု မျှော်လင့်မိသည်။ မျှော်လင့်ထားသည့်အတိုင်း သည်မနက် အိပ်ရာနိုးတော့ မိုးရွာနေသည်။ ရွာသည်မှာမှ သည်းသည်းမဲမဲနှင့် အညှိုးတကြီး…။ မိုးရွာသော မနက်တွေတိုင်းမှာ ပျင်းရိ လေးကန်သော စိတ်တွေနှင့် ရုံးမသွားချင် အိမ်မှာပဲ စာတအုပ် ကော်ဖီတခွက်နှင့် အိပ်လှိမ့်နေချင်သော စိတ်အစဉ်ကို သည်မနက် ရွာသောမိုးက ပြောင်းလဲပေးလိုက်သည်…။ မိုးရွာတာကို အိမ်ထဲကနေ မခံစား.. အပြင်ကနေ ခံစားကြည့်မည်..။ ပြီးလျှင်တော့ မိုးရွာချိန်အတွေး ဟူသော ပိုစ့်လေးတခု ရေးနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်နှင့် အတူ…

အိမ်မှအထွက်… လူသွားစင်္ကြန် အမိုးစွန်းလေးမှ ခြေလှမ်း ငါးလှမ်းခန့် ဝေးသော ကားဆီသို့ မိုးစက်တွေကြားမှပင် ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ မိုးရေစက်များ ကိုယ်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းလာကြသည်။ ထီး ဆောင်လေ့ မရှိသော၊ ထီး ဆောင်းလေ့ မရှိသော ကိုယ့်အတွက် ရေစက်ရေပေါက်တွေနှင့်အတူ စိမ့်ကနဲ အေးသွားသော အရသာတခု… သည်အချိန်မှာပဲ… ဘာတွေးလို့ တွေးရမှန်းမသိ ဗလာသက်သက်ဖြစ်နေသော စိတ်အစဉ်ကို မိုးစက်တွေက သူတို့ဆီ မရောက် ရောက်အောင် ဆွဲယူ ခေါ်ငင်သွားကြတော့သည်။

ကားအရှေ့မှန်၏ ရေသုတ်တံသည် မှန်ပေါ်သို့ ကျလာသော အရှိန်ပြင်းပြင်း မိုးရေစက်တွေကို အလျဉ်မှီအောင် မနည်း ကြိုးစားပမ်းစား ဖယ်ရှားနေရသည်..။ မိုးရေစက်တွေကြောင့် အရှေ့က မြင်ကွင်းသည် အချိန်တိုင်း ကြည်လင်မနေ… ဝေဝါးတလှည့် ကြည်လင်တလှည့်… အရှေ့မှန်ကို ထွင်းဖေါက်၍ မြင်နေရသော မိုးရွာသောနေ့၏ မြင်ကွင်းကို သတိထားကြည့်ရင်း အတွေးတချို့ တွေးမိစပြုလာသည်…။

မြင်နေရသမျှ မြင်ကွင်းထဲမှာ ပထမဆုံး သတိပြုမိသည်က အရှေ့ကားဆီမှ ဘရိတ်မီး နီနီရဲရဲ… မိုးတွေရွာနေချိန်ဆိုလျှင် အမြန်မောင်းလမ်းမတွေပေါ်မှာ ကားတွေအားလုံး ဖြေးဖြေးသက်သာ မောင်းနှင်ကြပြီး တချိန်လုံး ဘရိတ်အုပ်တတ်ကြသည်။ Following Distance ကို များများခွာ ထားကြသည်။ ထိုအခါ ကားကို ကိုယ်စိတ်ထင်သလို မောင်း၍ မရ…။ အရှေ့က ကားကို မျက်ခြေမပြတ် ကြည့်ပြီး အရှေ့ကနေ ဘရိတ်မီး တခါလင်းလာတိုင်း ကိုယ်လဲ အလိုလို အရှိန်သတ်ကာ ဘရိတ်ကို အချိန်မီ လိုက်နင်းရသည်…။ မဟုတ်ရင် ဝင်တိုက်မိတော့မည်။ ဒုက္ခများတော့မည်…။

အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း ခြေလှမ်းတွေကို အစဉ်သဖြင့် ကိုယ်လိုချင်သလို ကိုယ်သွားချင်သလို အရှိန်တွေနှင့် ရွေ့လျားသွားလာ၍ မရ… အချိန်တခုမှာ ရှေ့က ဘရိတ်မီးနှင့်တူသော အချက်ပြမီးတခု လင်းလာသော် သွားလက်စ အရှိန်တွေကို ကိုယ့်အသိနှင့် ကိုယ် အသာထိန်းကာ လိုအပ်ပါက ရပ်တန့်ပစ်ရသေးသည်၊ ရပ်တန့်ရန်လိုအပ်သော အချိန်မှာ မရပ်လိုက်ပါက (သို့မဟုတ်) ရပ်တန့်ရန် မပြင်ဆင်၊ မကြိုးစားပါက ကို့ရို့ကားရားဖြစ်မည်မှာ သေချာသလောက်ပင်…။ ဒါကိုမှ ဖြစ်ချင်ရာဖြစ် ဝင်တိုက်မည် ဆိုလျှင်တော့ ခေါင်းတော်တော်မာဖို့ လိုအပ်လိမ့်မည်… လုံလောက်သော ဆင်ခြေတခုရော လိုအပ်အုံးမည်လား…။

ကိုယ်တိုင်ကရော… ဘယ်လိုအချိန်တွေမှာ ဘယ်လို အရှိန်တွေနှင့် ရွေ့လျားခဲ့သည်လဲ… ဘယ်လိုအချိန်မှာ ဘယ်လိုတွေ သတိထား ရပ်တန့်ခဲ့သည်လဲ… ပြန်တွေးကြည့်လိုက်လျှင်တော့ တချို့အရာတွေကို စိတ်ရော ကိုယ်ပါ ကျေကျေနပ်နပ် ဖြတ်သန်းခဲ့သော်လည်း တချို့အရာတွေမှာ ဆန္ဒတွေ၊ လိုအပ်ချက်တွေ၊ စိတ်တိုင်းမကျခြင်းတွေ၊ တာဝန်မကျေနိုင်မှုတွေ အများကြီးနှင့်…။ အတွေးထဲမှာ ရှိနေတာတခုကို ပြောပြရလျှင် ဆုတောင်းတွေများစွာထဲမှာ “စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒ ပြည့်ပါစေ…”ဟူသော ဆုတောင်းကို အလွန်နှစ်သက်မိသည်…။ ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ အနေအထားတွေကြောင့် တချို့နေရာတွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာတွေ များစွာ ရှိခဲ့သည်…။ မည်သည့်နည်းနှင့် ဖန်တီး၍ မရ… ဖြေရှင်း၍ မရ… ပြုပြင်၍ မရ… အားလုံးကို ဖြစ်လာသလို အလိုက်သင့် အလျားသင့် လက်ခံနိုင်အောင် ကြိုးစားရသည်။ သည်းခံရသည်…။

လက်ရှိအချိန်မှာလဲ ရပ်နေ၍မရ… ကိုယ်ရော စိတ်ပါ အချိန်တိုင်း ရွေ့လျားနေရသည်… ရှေ့ကို ဘယ်လို ဘယ်ပုံနှင့် ဘယ်၍ ဘယ်မျှ ခရီးဆက်ကာ ဘယ်လောက်အထိ ရွေ့လျားသွားရအုံးမည်လဲ… ကြိုတင် မှန်းဆ၍ မရနိုင်ပါ။ သို့သော် အရာရာမှာ ပြေပြေလည်လည်နှင့် အားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် ကိုယ့်အရှိန်ကို ထိန်းသည့်အခါ ထိန်း… လျှော့သည့်အခါ လျှော့… လိုအပ်ပါက ရပ်သင့်လျှင် ရပ်ရမည်ဟု သေသေချာချာ နားလည်လက်ခံထားသည်။ ဒါမှသာ စိတ်ချမ်းသာလိမ့်မည်…။ လောကကြီးမှာ ငွေကြေးချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့သာ အရေးအကြီးဆုံးဟု ခံယူထားသည်…။

နောက် မြင်ကွင်းထဲမှာ သတိထားမိသည်က အနီ အစိမ်း အဝါ သုံးရောင်ရှိသော ယာဉ်စည်းကမ်း အချက်ပြ မီးပွိုင့်များ…။ အနီရောင် အချက်ပြမီးကို တွေ့သော အခါ ကားတွေ အကုန်ရပ်ရသည်…။ အခြားယာဉ်ကြောတခုကို အလှည့်ပေးရသည်။ အစိမ်းရောင်မီး လင်းသောအခါမှာတော့ ကိုယ့်အလှည့် ရောက်ပြီ… သွားလို့ရပြီ…။ အဲ… အဝါရောင်မီး (အမှန်ကတော့ လိမ်မော်ရောင်ဆိုလျှင် ပိုမှန်မည်) လင်းလာသော်… အရှိန်သတ် ရပ်တန့်ရန် ပြင်ဆင်ရမည်…။ သည်နေရာမှာတော့ ကိုယ့်အသိနှင့်ကိုယ် အရှိန်သတ် ရပ်တန့်ရန်၊ ကိုယ့်အသိနှင့်ကိုယ် ချင့်ချိန်၍ ဆက်လက်ထွက်ခွာ သွားလာရန်မဟုတ်… မီးရောင်တွေ၏ စနစ်တကျ တိကျသော ကန့်သတ်ချက်များကြောင့် မလိုက်နာ၍ မရ၊ မလုပ်မဖြစ် လုပ်ကို လုပ်ရမည့် အခြေအနေတွင်ရှိနေသည်…။ မလိုက်နာလျှင် အန္တရာယ် ဖြစ်မည်… အသက်ဘေးနှင့် နီးမည်… ကံကောင်းထောက်မ၍ ထိုအရာတွေ မဖြစ်ရင်တောင် အနည်းဆုံးတော့ စည်းကမ်းဥပဒေ ချိုးဖေါက်မှုကြောင့် ထိုက်သင့်သော အပြစ်ဒါဏ်ကို ခံရပေအုံးမည်…။

အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း မမြင်ရသော မီးပွိုင့်ပေါင်း မြောက်များစွာရှိနေသည်။ ဥပဒေ၊ စည်းကမ်း၊ ကန့်သတ်ချက်၊ ပညတ်ချက်၊ အတားအဆီး၊ အလျှော့အတင်း၊ ကောင်းမှု မကောင်းမှု… ဒါတွေ ဒါတွေသည် ဘဝ၏ မမြင်ရသော မီးပွိုင့်များသာဖြစ်သည်…။ တိုတိုပြောရလျှင်တော့ ခြေလှမ်းတွေကို ရပ်သင့်သော အချိန်မှာ ရပ်… သွားသင့်သော အချိန်မှာ သွား… ရပ်ဖို့ ပြင်ရမည့် အချိန်မှာ ပြင်… အရာရာမှာ စည်းကမ်းတကျနှင့်ပေါ့…။ သည်လိုနှင့် တဘဝ ကုန်လွန်သွားမည်သာ ဖြစ်သည်။

မိုးတွေက သည်းသည်းထန်ထန် ရွာနေဆဲ…။ မျက်စေ့ရှေ့မှာ တွေ့နေရသော ဘရိတ်မီး နီနီများ၊ နီ စိမ်း ဝါ သုံးရောင်ခြယ် မီးပွိုင့်ပေါင်းများစွာကို ကျော်ဖြတ်ရင်း၊ တွေးမိတွေးရာတွေ တွေးရင်း မိုးစက်တွေကြားမှာ ရုံးကို ရောက်လာခဲ့ပြီဖြစ်သည်။

မိုးရွာသော နေ့ပေါင်း ညပေါင်း များစွာကြုံဖူးပါသည်…။ မိုးရွာချိန်မှာလည်း အတွေးပေါင်း များစွာ တွေးဖူးပါသည်…။ အကြောင်းအရာပေါင်း များစွာကို တွေးဖူးသလို အကြောင်းအရာ တခုထဲကိုလည်း ထပ်ခါ ထပ်ခါ တွေးဖူးပါသည်။ မိုးနှင့်ပတ်သက်သော သတိရစရာ မြင်ကွင်းများကိုလည်း မျက်ဝါးထင်ထင် ပြန်လည် မြင်ယောင်နေခဲ့ဖူးပါသည်။ ထိုမျှသာမက မိုးနှင့်ပတ်သက်သော အိပ်မက်များကိုလည်း မကြာခဏ မက်ခဲ့ဖူးပါသည်။ မိုးနှင့်ပတ်သက်၍ အမှတ်ရဖွယ်ကောင်းသော အချိန်များနှင့်အတူ အမှတ်ရစရာ ရှိသူများကိုလည်း အမှတ်တရ… သတိရ လွမ်းဆွတ်စရာ ရှိသည်များကိုလည်း သတိတရ လွမ်းဆွတ်နေခဲ့ဖူးပါသည်…။

သို့သော် အခုတွေးမိသော အတွေးမျိုးကိုမူ သည်တခါ ပထမဆုံးအကြိမ်အဖြစ် တွေးမိခြင်းသာ ဖြစ်သည်…။ မိုးရွာချိန် အတွေးကို တွေးဖြစ်စေရန် အစပျိုးပေးခဲ့သော မိတ်ဆွေတဦးနှင့်အတူ... မိုးရွာချိန် အတွေးကို ရေးဖြစ်ရန် တိုက်တွန်းခဲ့သူများကို ကျေးဇူးတင်ပါသည်…။ နောင်ကိုလည်း တွေးမိသမျှ ရေးပြပါအုံးမည်…။




မှတ်ချက် ။ ။ အလုပ်တွေများပြီး စာမရေးနိုင်ဖြစ်နေသော ညီမ ပန်ပန် ၏ မိုးရွာချိန် အတွေး နှင့်အတူ မိုးစက် မိုးပွင့် ကလေးများလို အေးချမ်း၍ ချစ်စရာကောင်းသော ညီမ ဇွန်မိုးစက် နှင့် ညီမ မိုးငွေ့ တို့၏ မိုးရွာချိန် အတွေးကိုလည်း သိချင်ပါသည်...။ ပြီးတော့ သူငယ်ချင်း ချစ်ကြည်… ရေးလက်စ အဖေ့အကြောင်း ရေးလို့ပြီးသွားလျှင် မိုးရွာတဲ့နေ့ တနေ့မှာ စိတ်ထဲ တွေးမိသမျှကို ရေးပြစေချင်ပါသည်။

Saturday, October 9, 2010

စိမ်းလန်းခြင်း


ဒီဓါတ်ပုံလေးကို ချစ်ခင်ရတဲ့ ကိုကြီးကျောက် အတွက် ရည်ရွယ်ပါတယ်...
ခြောက်သွေ့မှုတွေကြားထဲက စိုပြေစိမ်းလန်းခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ...
ကိုယ်ရော စိတ်ပါ အေးချမ်းပါစေ...




Tuesday, October 5, 2010

မိုးရွာချိန် အတွေး

မိုးတွေက သည်းသည်းထန်ထန် ရွာနေကြသည်။ မိုးကို မမုန်းသော်လည်း တခါတခါ မိုးရွာလျှင် အလွန် စိတ်ညစ်မိသည်။ တခါတခါမှာတော့ မိုးရွာနေချိန်မှာ မိုးစက်များကို ငေးကြည့်ရင်း စိတ်အစဉ်သည် ဟိုဟို ဒီဒီ လွင့်ပါးနေတတ်သည်။ တခါတခါမှာတော့လည်း မိုးရေစက်များကို ကြည့်ရင်း ငယ်ငယ်က မိုးရေထဲမှာ လမ်းလျှောက်ခဲ့ဖူးသော အချိန်များကို သတိတရရှိမိသည်။ သည်လိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က မိုးတွေ ရွာနေသောနေ့တနေ့တွင် မိတ်ဆွေတယောက်နှင့် စကားပြောဖြစ်သည်။ ဘာရယ်မဟုတ် မိုးရွာနေချိန်မှာ မိုးနှင့်ပတ်သက်သည်များကို စိတ်ထဲ ပေါ်လာသမျှ တယောက်တလှည့် ပြောဖြစ်ကြရင်း သူက သူ့စိတ်ကူး အတွေးတချို့ကို အခုလို ပုံဖေါ်ပေးခဲ့သည်။

မိုးရွာချိန် အတွေး

မိုးတွေက တဖွဲဖွဲရွာစပြုပြီ။
ရေကူးကန်ထဲကို ရေတွေ ဝင်နေတာ အဟောသိကံဖြစ်နေသလိုလို။

အနွေးထည်မပါတာမို့ အေးစပြုလာတာကို မသိသလို သိသလို။ လက်မောင်းတွေ အေးနေတာကို လက်ဖဝါးတွေနဲ့မထိမချင်း မသိမိ။ လက်ဖဝါးတွေက နွေးနေဆဲမို့ မသိလိုက် မသိဖာသာ။ လက်ဖဝါးတွေရဲ့ နွေးထွေးမှုနဲ့ လက်မောင်းတွေရဲ့ အေးစက်မှုတို့ အချင်းချင်း သတိပြုမိချိန်မှာ အခန်းထဲကို ပြန်ဝင်မှ ဖြစ်ပေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မိုးရွာချိန် အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိသည်။ ပက်လက်ကုလားထိုင်တစ်လုံးကို ဝရန်တာမှာချပြီး မိုးစက်တွေကိုကြည့်ရင်း ဆေးလိပ်သောက်ချင်နေသည်။ ခံတွင်းက စပ်ဖြင်းဖြင်းဖြစ်လာပြီဆိုတော့ သေချာသည်… ဆေးလိပ်တလိပ်သောက်မှ ဖြစ်ပေတော့မည်။

ဆေးလိပ်… အင်း ဆေးလိပ်မသောက်ဖို့ လူတိုင်းက ပြောကြသည်။ မကောင်းဘူးတဲ့… လေ။ သို့သော် မည်းနေပြီဖြစ်သော ဒီနှုတ်ခမ်းတွေရယ် လက်ညိုးနဲ့လက်ခလည်ကြားက အသားမာဘုလေးတွေရယ်က စိမ်းကားဖို့ ဆိုတဲ့ အရေးကို ဘယ်လိုမှ လက်မခံနိုင်ကြ။

ရှစ်တန်းလောက်က စ သောက်ခဲ့သည် ထင်ပါသည်။ ဆောင်းမနက်ခင်း သူငယ်ချင်းတွေနှင့် ကျောင်းသွားခြင်းက အစပြုခဲ့သည်။ ပုဆိုးတွေခြုံထားရင်းကမှ နွေးထွေးတဲ့ နောက်ထပ် အရသာတစ်ခုကို သင်ကြားတတ်မြောက်ခဲ့ခြင်း။ တယောက် တလက်သောက်ခြင်းဖြင့် သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေ ခိုင်မာစေမည်လို့ ယူဆတာလည်း တကြောင်း။ အခုပြန်တွေးကြည့်တော့ ဘယ်လောက် ရူးသွပ်ခဲ့လဲလို့လေ။ ဖြစ်နိုင်တာ တခုက အခုခေတ်လို ရောဂါပိုးမွှားတွေ သိပ်မထွန်းကားတာကြောင့်များလားလို့လဲ ခပ်ကြောင်ကြောင် တွေးမိသေး။ သက်ရှိနှုတ်ခမ်းတစ်စုံကို တယောက်တည်း ပိုင်ဆိုင်လိုသူရဲ့ အတ္တက သက်မဲ့ဆေးလိပ်တခုကို သူငယ်ချင်းတွေနဲ့ တယောက်တလှည့် သောက်ခဲ့ဖူးတာကို မေ့လျော့နေခဲ့မိတာပါလား။ ဟာ.. နားကွာ..

နှစ်ပေါင်း ဆယ်စုနှစ်တခု မကွဲမကွာ ရင်းနှီးခဲ့တဲ့ အရာကို စွန့်လွှတ်ဖို့ ပြောလျှင် အမြဲတမ်း ရယ်မောချင်စိတ် ဖြစ်လာစမြဲ။ အဲ့ဒီဆယ်စုနှစ်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားသော်ငြား ဆေးလိပ်နဲ့တော့ တရက်မှ အဆက်အသွယ်မပြတ်ခဲ့။ ဆေးပေါ့လိပ် အရသာ… ဆေးပြင်းလိပ် အရသာ… ငါးသုံးလုံး၊ လန်ဒန်ကနေ အခုခေတ် ရူဘီအထိ သူ့ဖက်က သစ္စာမဖောက်ခဲ့။ ရွှေပတ်မှ ရွှေပတ် စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးတာလဲ ရှိရဲ့။ ဖင်ဆီခံနားမှာ ပလတ်စတစ်ကိုမခွာပဲ သောက်ပြန်တော့ ဒါ ရူးသွပ်ခြင်းတမျိုးလို့ ဆိုကြပြန်သည်။ ဆေးလိပ်ခေါင်းကို တတောက်တောက်ခေါက်ပြီး ဖင်ဆီခံကို လက်သည်းနဲ့ခြစ်ပြီးမှ သောက်တာလည်း ရှိပြန်သေးသည်။

ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးဟုလည်း ဆိုကြသေးသည်… သိပ်မောနေရင် ဆေးလိပ်သောက်လိုက်မှ အမောပြေသလို ခံစားရတာ စိတ္တဇတခု ဖြစ်နိုင်သည်။

ဆေးလိပ်မသောက်ရသောအချိန်မှာ အရှေ့က ဆေးလိပ်သောက်ပြနေသောသူလောက် မုန်းဖို့ကောင်းတာမရှိ။ နှုတ်ခမ်းများ၏ တပ်မက်မှုက စိတ်ထဲကလောက် ဘယ်လိုမှ မပြင်းပြနိုင်တာ ခံစားရမှ သိပါလိမ့်မည်။ စိတ်ထဲက အာသာရမ္မက်သည် တကယ်တော့ ကြောက်မက်ဖို့ကောင်းပါသည်။

ချစ်ခင်ရင်းနှီးမှုကို အခြေပြုထားသော ထိုရမ္မက်က ဆယ်စုနှစ်တခုစာ မကတော့သော လောင်ကျွမ်းမှုများဖြင့် သက်သေပြနေပါသည်။ ဆေးလိပ်မီးပေါက်နေသော လုံချည်များစွာတို့ တန်းတွင်ရှိနေခြင်းက အဓိက တရားခံကို ညွှန်းဆိုကြသည်။ သို့သော် တရားခံနှင့် ခွဲခွာခြင်းဆိုသော အမှုကိစ္စကို ဘယ်သောအခါမျှ မရောက်ရှိ။

ဆေးလိပ်များပြတ်လပ်သွားသည် ဟု ဈေးကွက်ထဲတွင် မကြားမိသေး။ အကယ်၍ ဆေးလိပ်များ ပြတ်လပ်သွားခြင်းကို သူတို့ဖက်မှ သစ္စာဖောက်မှုဟု ခေါင်းစဉ်တပ်မိကောင်း တပ်မိမည်။ သို့သော် ခေါင်းစဉ်ချရေးဖို့ပင် အခွင့်အရေးမရခဲ့။

လက်ကိုခါလိုက်တော့မှ နီးစပ်ရာဆွဲပြီး သောက်မယ်လို့ မီးညှိထားတဲ့ စီးကရက်ပြာ အတောင့်လိုက် ပြုတ်ကျသွားသည်။

လေက အပင့်မှာ ပြာတို့လွင့်နေကြသည်။
ထို့အတူ ညှိထားသောမီးက ဖင်ဆီခံနားအထိ တရဲရဲ ဝင့်ကြွားနေဆဲ…
မိုးက အေးအေး ဆေးလိပ်မီးငွေ့ဖြင့် နွေးနေသည် ဟု နှစ်သိမ့်လိုက်သည်။ ထိုနေ့က ဆေးလိပ်မသောက်မိပဲ ဆေးလိပ်ငွေ့တွေပဲ ရှူလိုက်ရသည်ဟု ထင်သည်။

ပြီးတော့ မိုးတိတ်သွားပြန်သည်။
အင်း… နောက်တခေါက် မိုးရွာတာကို စောင့်ဦးမှပါလေ……….


Sunday, October 3, 2010

မြင်တွေ့သမျှ ပြောပြပါမည် (၁)

ပြီးခဲ့သော တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲကြီး စည်ကား သိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်စွာ ပြီးဆုံးသွားချေပြီ…။ သည်နှစ် လာရောက်ဟောပြောကြသူများမှာ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ဆရာ အော်ပီကျယ် တို့ဖြစ်ကြသည်။ ထိုစာပေဟောပြောပွဲကို သွားဖြစ်သူ များလည်းရှိ၊ မသွားဖြစ်သူများလဲ ရှိကြလိမ့်မည်။ ကိုယ်တိုင်ကတော့ ကိစ္စတခုရှိနေ၍ အဆုံးအထိ မနေနိုင်ခဲ့။ ပထမပိုင်းမှာ ဟောပြောခဲ့သော ဆရာ လယ်တွင်းသား စောချစ်နှင့် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၏ ဟောပြောချက်များအပြီး ညစာစားရန် ခေတ္တအနားပေးသော အချိန်မှာ ပြန်ခဲ့ရသည်။

ဆရာများ၏ ဟောပြောချက်များနှင့် အခန်းအနားတခုလုံး၏ အကြောင်းစုံကို အင်တာနက် စာမျက်နှာ အတော်များများမှာ စာများ၊ ဓါတ်ပုံများ၊ အသံဖိုင်လ်များနှင့် ဝေဝေဆာဆာ ဖတ်ကြ မြင်ကြ တွေ့ကြ ကြားကြ ရပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများကို မရေးပြတော့ပါ။ ထိုနေ့က မျက်စေ့ထဲ မြင်ခဲ့ တွေ့ခဲ့သည်များထဲမှ တချို့ကိုသာ ကိုယ် မြင်သလို ရေးပြချင်ပါသည်။

ခန်းမနေရာကို မြေပုံထဲမှာ အသေအချာ ရှာကြည့်ထားပြီးသော်လည်း တရုတ်တန်း၏ တလမ်းမောင်း ယာဉ်စည်းကမ်းကြောင့် အတော်လေး ရွာလည်ပြီး နေ့လည် ၂ နာရီထိုးခါနီးမှ ရောက်သွားခဲ့သည်။ ကားရပ်စရာ တနေရာကို ခက်ခက်ခဲခဲရှာပြီး ခန်းမရှေ့ကို အရောက်… တွေ့လိုက်ရသည်က ခန်းမထဲဝင်ရန် တခဲနက် တန်းစီနေကြသော ရောင်စုံ လူအုပ်ကြီး… ဘုရားရေ… ၂ နာရီထိုးတောင် ပေးမဝင်သေးတာ ဘာကြောင့်ပါလိမ့်ဟု တွေးနေစဉ်မှာပင် ထိုလူအုပ်ကြီး ဖြည်းဖြည်းချင်း ရွေ့လျားသွားတာ တွေ့လိုက်ရသည်။ အထဲ ဝင်လို့ရပြီ…

ခန်းမထဲမဝင်ခင် အချိန်လေးမှာ စာအုပ်ဝယ်ရန် စာအုပ်ရောင်းသောနေရာကို လိုက်ရှာမိသည်..။ ဟော… တွေ့ပါပြီ… နောက် လူတန်းရှည် တတန်း… ရောက်သွားသောအချိန် နောက်ကျနေ၍လားတော့ မသိ၊ ဒီနှစ်အဖို့ ဝယ်စရာ စာအုပ် နည်းသည်။ သို့သော်လည်း အမှတ်တရအနေဖြင့် ဆရာတယောက်စီ၏ စာအုပ် တအုပ်စီကို ဝယ်လိုက်သည်။ ဆရာများ အမှတ်တရ လက်မှတ်ရေးထိုးသော နေရာကိုကြည့်လိုက်မိတော့ ဘုရား တသိန်း တ ကာ အသာ ပြန်လှည့်ထွက်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို ကင်မရာအလုံးပေါင်း များစွာဖြင့် ချိန်ရွယ်ထားကြခြင်းကြောင့်ပင်…။ ကိုယ်တိုင်က ကင်မရာတလုံးဖြင့် နေရာတကာ လူတကာကို အလိုက်ကန်းဆိုးမသိစွာ ချိန်ရွယ် ရိုက်နှက်ခဲ့လေသော်လည်း ကိုယ့်ကို လာချိန်နေတာကိုတော့ဖြင့် မခံချင်ပြန်… ။ ဝဋ်ဆိုသည်မှာ နောင်ဘဝကို မကူး… ချက်ချင်း လည်တတ်သည်ပဲ…။ သည်လိုနှင့် ဆရာတွေရဲ့ လက်မှတ်တွေ မရခဲ့...

ပြီးတော့ အဝင်ဝမှာ ပေးနေသော ရေသန့်ဗူး တဗူးနှင့် Goodie Bag တခုကိုယူကာ အခန်းထဲ ဝင်ခဲ့သည်။ ရုတ်တရက် နေရာအတွက် အခက်ကြုံ… ခဏနေတော့မှ အဆင်ပြေ…။ သည်လိုနှင့် ပွဲစလေသည်။ ခုနက ရလာခဲ့သော Goodie Bag ထဲကြည့်လိုက်တော့ ကြော်ငြာစာရွက်များ၊ ကော်ဖီမစ် တထုပ်၊ Feed Back Form နှင့် ဘောပင်တချောင်း ကို တွေ့ရသည်။ အော်… လက်စသတ်တော့ Goodie Bag ဆိုသည်မှာ ဒါမျိုးပါလား ဟု နားလည် သဘောပေါက်ရသည်။

မိတ်ဆွေ သူငယ်ချင်း ဘလော့ဂ်ဂါ အပေါင်းအသင်း ရောင်းရင်းများကို တွေ့ချင် မြင်ချင်သော်လည်း ကိုယ်တိုင်က နောက်ကျ၊ နေရာရတော့ ရှေ့နားက၊ ပြီးတော့ အဝေးမှုန်… သည်လိုနှင့် အနီးအနားက သူငယ်ချင်း တယောက်စ၊ နှစ်ယောက်စမှ လွဲ၍ ဘယ်သူ့ကိုမှ မတွေ့လိုက်ရ။ မီးတွေမှိန်ကာ အခန်းအနားစတင်သည်။ ရှေ့ပြေး မိတ်ဆက်တွေကို အချိန်ပေးတာ များသည်ဟု မြင်မိသည်။ နေ့လည် နှစ်နာရီမှ ဆယ်နာရီ ဟူသော ပွဲချိန်ကို အနည်းငယ် ထပ်ချုံ့လို့ ရသေးသည်ဟုလည်း တွေးမိသည်… ရှိပါစေတော့…။

ဆရာ လယ်တွင်းသား စောချစ်၏ ချစ်စဖွယ် အေးချမ်းသော အပြုံးမျက်နှာနှင့် “လွမ်းလိုက်တာ…” ဟူသော လေယူ လေသိမ်းလေးကို နားထဲ စွဲနေသည်။ ဆရာက မီးထိုးထားသောကြောင့် ပရိတ်သတ်က သူ့ကို မြင်နေရပြီး မီးမှောင်ထဲမှ ပရိတ်သတ်ကို သူက မမြင်ရသည်မှာ မတရားပါ ဟု ဆိုလေသောကြောင့် ခန်းမထဲမှာ ရုတ်ချည်း မီးတွေ ပြန်လင်းလာသည်။ သတ္တိခဲ ကိုယ်က တယောက်တည်းဆိုလျှင် အမှောင်ကို အသေအကြေ ကြောက်တတ်သော်လည်း အခုလို လူတအုပ်ကြီးနဲ့ကတော့ မကြောက်ရေးချ မကြောက်… မှောင်မှောင်လေးမှာ နေရင်း နားထောင်ရတာ ပိုကောင်းသည်ဟုတောင် ခံစားရသည်။ အခုတော့ လင်းလင်း ရှင်းရှင်းကြီး…။

လူ ၁၂၀၀ ဆံ့ ခန်းမထဲမှာ ပရိတ်သတ်က ပြည့်ရုံမက လျှံနေသည်။ စီတန်းချထားသော ကုလားထိုင်များမှာ ရှေ့နောက် အနည်းငယ် ကျဉ်းသည်။ ထိုအခါ အဝင်အထွက် အတော်ခက်လှသည်။ ကိုယ့်အရပ်နှင့်တောင် ခြေညောင်း လက်ဆန့် လုပ်၍ မရ… ကိုယ့်ထက် အရပ်ရှည်သူများ ရှေ့ခုံ၏ ကျောမှီနှင့် ဒူးတိုက် ဆွေးနွေးခဲ့ကြရသည် ဟူ၏။ ပြီးတော့ ခုံတန်းတွေကို နေရာလပ်မရှိ ဆက်တိုက် ချထားသည်… ထိုအခါ အရေးဆို ဟိုးရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာမှသာ ဖြတ်သန်း သွားလာရချေ၏။ အတော်လေး အဆင်မပြေ…။ ထို့ကြောင့် နောင်နှစ်ခါကျရင် စာပေဟောပြောပွဲကို Esplanade က Theatre တခုခုမှာ ကျင်းပဖို့ ပွဲစီစဉ်သူများကို အကြံပေးရန် တေးထားလိုက်သည်…။ (သဘောတူလျှင် လက်ခုပ်တီးပါ…)

ဆရာ လယ်တွင်းသား စောချစ် ဟောပြော၍ အပြီး ဆရာ မောင်စိန်ဝင်း အလှည့် မရောက်သေးခင်မှာ ရှေ့ပြေး မိတ်ဆက်သူများ ရောက်လာကြပြန်သည်။ ထိုအချိန်တွင် ပရိသတ်ကြီးများ အတော်လေး ယောက်ယက်ခတ်စွာဖြင့် အခန်းငယ်တခုကို ဦးတည်ကြသည်။ ဖြစ်ချင်တော့ ထိုအခန်းငယ်သည် ပရိတ်သတ်များနှင့် မျက်နှာချင်းဆိုင်၊ စင်မြင့်၏ ညာဖက် ထောင့်တွင် တည်ရှိလေသည်။ ထိုအခါ စင်မြင့်ကို မျက်နှာမူနေသော ဘယ်ဖက်ပိုင်းနှင့် အလယ်ပိုင်းအရပ်မှ အရောင်စုံ အသွေးစုံ၊ အရွယ်စုံ ဆိုဒ်စုံ ပရိတ်သတ်အပေါင်းတို့သည် အပေါ်မှာ ပြောခဲ့သလို ခန်းမအတွင်း တခုတည်းသော လမ်းလိုဖြစ်နေသည့် ခန်းမ၏ ရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာကွက်လပ်မှ ဖြတ်သန်းကာ ထိုအခန်းဆီသို့ သွားလာရလေ၏။ ခန်းမတခုလုံး၏ မျက်စေ့ရှေ့၊ လူကြီးများ၏ မျက်စေ့ရှေ့မှနေ၍ တဦးချင်း တယောက်ချင်း သော်လည်းကောင်း၊ နှစ်ဦးသား ပူးတွဲ၍သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အလျှို အလျှို ထိုနေရာကို သွားနေကြသည့်မြင်ကွင်းမှာ ကြည့်ရတာ တဆိတ်တော့ သိပ်အဆင်မပြေလှ။ သွားကြသူများကို အဆင်မပြေဟု ပြောခြင်းမဟုတ်… နေရာထိုင်ခင်း၏ အားနည်းချက်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြခြင်းမျှသာ ဖြစ်သည်။

ထို့နောက် ရုပ်ရည် အမူအရာ အသံသာမက ဟန်ပန်ပါ မိုက်လှသော ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ အလှည့် ရောက်လာသည်။ အရင်ကထက်စာလျှင် အနည်းငယ် ပိုပိန်သွားသော်လည်း နီညိုရောင် ရင့်ရင့် ယောလုံချည် နှင့် နံ့သာရောင် တိုက်ပုံနှင့် ဆရာက လိုက်ဖက်စွာ ကြည့်ကောင်းနေဆဲပါ…။ ကိုယ်တို့ရဲ့ စီနီယာ ကျောင်းတော်သားကြီးဟူသော အသိကလဲ စိတ်ကို အလွန်အမင်း မျက်နှာလိုက်တတ်သေးသည်ပဲ...။ သုတ ဆိုတာ ဒီထဲကို တိုက်ရိုက်ပို့ပေးတာ ဟုဆိုကာ နားထင်ကို လက်နှင့် ထောက်ပြသောဟန်၊ ရသ ဆိုတာ ဒီထဲကို အရင်ဝင်တာ ဟုဆိုကာ ရင်ဘတ်၏ လက်ဝဲဖက်နေရာကို ညွှန်ပြသော ဆရာ့ဟန်ကို အလွန် သဘောကျမိသည်။ ကဗျာရွတ်ပြသော ဆရာ့အသံကတော့ တကယ့်ကို ရှယ်ပါပဲ…

ပွဲချိန်အတွင်း ကင်မရာကြီးများဖြင့် ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြသည်ကို တွေ့ရသည်။ ဤမြင်ကွင်းမျိုးကို မနှစ်က စာပေဟောပြောပွဲမှာ တွေ့ခဲ့ရပြီး ကင်မရာလိုချင်သော ရောဂါ ရခဲ့ပုံနှင့် ရေးခဲ့ဖူးသော နှစ်ကျပ်ခွဲဇာတ်လမ်းပိုစ့်ကို သတိရသွားသောကြောင့် ပြုံးမိသေးသည်။ သို့သော် ထိုနေ့ကတော့ အိမ်မှ အလောသုံးဆယ်နှင့် ထွက်လာခဲ့ရာ ကင်မရာယူလာရန် မေ့သွားသည်။ ထို့ကြောင့် ဘာပုံမှ မရိုက်ခဲ့ရ…။

မျက်နှာစာအုပ်ထဲမှာ၊ ဘလော့ဂ် တချို့မှာ ဘယ်သူတွေက ဘယ်သူတွေကို တွေ့ခဲ့သည်… ဘယ်သူတွေက ဘယ်သူတွေကို လာရောက်နှုတ်ဆက်သည်... ဘယ်သူကတော့ဖြင့် တွေ့ရက်နှင့် လှမ်းမခေါ်… ဘယ်သူကတော့ဖြင့် အင်္ကျီဘာအရောင်နှင့်… စသည်ဖြင့် ရေးသားထားသည်ကို ဖတ်ရင်း ကိုယ်ကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရခြင်းအပေါ် မချင့်မရဲ…။

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ဟောပြောချက်များအပြီးမှာ ထမင်းစားချိန် ၄၅ မိနစ် ပေးသည်။ ကိုယ်နှင့် ကိုယ့်အမျိုးသားကတော့ အိမ်ပြန်ရန် ခြေလှမ်းပြင်ရသည်။ သည်လိုနှင့် ခန်းမထဲက အထွက်မှာ ဒန်ပေါက်ထမင်းဗူးများ ဝေငှသည်။ အအေးကတော့ လက်မှတ်ပြမှ ယူလို့ရမည်ဟု ပြောသည်။ သည်တခါကျွေးသော ညနေစာကိုတော့ များစွာ စိတ်တိုင်းကျကြသည်ဟုလည်း သတင်းကြားရသည်။ တချို့တွေကတော့ ဒီတဗူးနှင့် မဝနိုင်ပါဟု ရင်းနှီးပွင့်လင်းစွာ ပြောဆိုကာ တယောက်လျှင် နှစ်ဗူးကျစီ ယူသွားသူများလည်း ရှိသေးသည်ဟု တဆင့်စကားဖြင့် ကြားသိရသည်။ စားနိုင် သောက်နိုင် ရှိကြသည်မှာ ဝမ်းမြောက်ဖွယ်ရာ…

ကိုယ်တိုင်ကတော့ လက်ထဲရောက်လာသော ဒန်ပေါက်တဗူးကို ကိုင်ကာ မပြန်ခင် ခန်းမအပြင်ဘက်မှာ ဟိုဟိုဒီဒီ လိုက်ပြီး မျက်စေ့ကစားရင်း ဘယ်သူ့များ တွေ့ရအုံးမလဲ ရှာမိသေးသည်။ ဒန်ပေါက်ဗူးများ အအေးဗူးများ ကိုယ်စီ ကိုင်ဆောင်ကာ ဟိုနေရာတစု သည်နေရာတစု စုဝေးစားသောက်ရန် ပြင်ဆင်နေကြသူများကို တွေ့ရသည်။ သို့သော် ကိုယ်နှင့် သိသူ ဘယ်သူ့မှ မတွေ့ရ…။ သည်လိုနှင့် မပြတ်ချင်သော သံယောဇဉ်ကို ဇွတ်အတင်းဖြတ်ကာ ထိုနေရာမှ မခွာချင့် ခွာချင်နှင့် ခွာခဲ့ရသောကြောင့် ကိုယ် မြင်သမျှ စာပေဟောပြောပွဲ မြင်ကွင်းများလဲ ဤနေရာတွင် တဝက်တပျက်နှင့် အဆုံးသတ်သွားလေတော့သတည်း…။



စာကြွင်း ။ ။ အများ သူငါတွေ ရေးကြသလို စာပေဟောပြောပွဲအကြောင်းကို ဆရာသမားတွေရဲ့ ဟောပြောချက်တွေကို ကိုးကားပြီး လေးလေးစားစား မရေးပဲ ထင်ရာတွေ လျှောက်ရေးတယ်လို့ အပြစ်မမြင်ကြပါနဲ့…။ ကိုယ်လဲ သူများတွေလို ရေးချင်စိတ်ပေါ်လာလို့ ကိုယ်မြင်တာတွေကို မြင်သလို ရေးပြတာပါလေ… လာမဆူရဘူးနော်… ဒါပဲ…။

Thursday, September 30, 2010

ပြန်မရနိုင်တော့သော…

ရီဝေ မူးမိုက်ရင်း အိပ်ရာမှ နိုးးလာခဲ့သည်…။ နာကျင်ခံခက်စွာ မူးမိုက်နေရခြင်း၏ အကြောင်းရင်းနှင့် အတူ ကုန်လွန်ခဲ့သော ညက အကြောင်းကို ပြန်တွေးမိသွားသည်…။ ထိုအတွေးနှင့်တဆက်တည်း သူ့ကိုယ်သူ သတိထားလိုက်မိသည်မှာ သူသည် သက်ရှိ လူသားတယောက် မဟုတ်တော့… အသက်ဝိဥာဉ် ကင်းမဲ့နေသော ခန္ဗာကိုယ် တခုသာ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ မနေ့ညက သေဆုံးသွားခဲ့ပြီး ဖြစ်သောကြောင့်ပင်…

သေချာသည်…။ ညက သူ သေဆုံးခဲ့ပြီးပြီ…။
ဘယ်တော့မှ ပြန်လည် သက်ဝင် ရှင်သန်ဖို့ မဖြစ်နိုင်တော့… အမှန်တကယ် သူ သေဆုံးခဲ့သည်။ ဘယ်သူ့ကြောင့် သူ သေဆုံးခဲ့ရသနည်း… သူ့ကို ဘယ်သူက သေစေခဲ့ပါသနည်း ဟု မေးစရာရှိပါသည်…။ မည်သူ့ကြောင့်မှ မဟုတ်ပါ… တရားခံမှာ သူ ကိုယ်တိုင်သာ ဖြစ်သည်။ သူ သည် သူ့ကိုယ်သူ အစီအစဉ်တကျနှင့် လှပ သေသပ်စွာ ကျကျနန အကွက်ချပြီး အဆုံးစီရင်သွားခဲ့ခြင်းသာ ဖြစ်ပေသည်။


ကုန်လွန်ခဲ့သော ရက်ပေါင်း လပေါင်းများစွာကစ၍ အိပ်မက်များ၊ စိတ်ကူးအတွေးများထဲတွင် သူ့ကိုယ်သူ သေလူတယောက် အဖြစ် ကြိမ်ဖန်များစွာ ကြိုတင် တွေ့မြင်နေခဲ့ရဖူးသည်။ အထူးသဖြင့်တော့ အနီရဲရဲ နှင်းဆီပွင့်တွေ အများကြီးပါသော အိပ်မက်မျိုးတွေ မကြာခဏ မက်လေ့ရှိသည်…။ အိပ်မက်တွေထဲတွင် သူသည် နှင်းဆီဆူးများကို မကြောက်မရွံ့ နှင်းဆီခင်းများပေါ်မှာ လှဲလျောင်း အိပ်စက်ရင်း အပြာရောင် ကောင်းကင်ပေါ်ကို မျှော်ငေးကြည့်နေတတ်သည်။ ထိုအခါ နှင်းဆီဆူးများ သူ့ကိုယ်ပေါ် အချက်ပေါင်းများစွာ တစိမ့်စိမ့် ဖေါက်ဝင် ထိုးနှက်… ဆူးချက်များကြောင့် သူ့ခန္ဗာကိုယ်မှာ အပေါက်ပေါင်း မရေမတွက်နိုင်… တကိုယ်လုံး နှင်းဆီနီတို့နှင့်အပြိုင် သွေး ချင်းချင်းနီလျှက်… သို့သော် ရုန်းထွက်ရန် မကြိုးစားမိ… နှင်းဆီဆူးများကြားမှာ ရုန်းလေ နစ်လေ… ထိုအခါ အနီရဲရဲ နှင်းဆီခင်း အိပ်မက်များကြားတွင် သူသည် ပီဘိ သေလူ တယောက်သာ…။

ထိုနှင်းဆီပွင့် အိပ်မက်များထဲမှာ၊ စိတ်အတွေးတွေထဲမှာ သူ့ကိုယ်သူ သေအံ့ဆဲဆဲ လူတယောက် အဖြစ်သာမက သေဆုံးသားပြီး လူတယောက်အဖြစ်ပါ မြင်တွေ့နေရသော အကြိမ်တွေ များစွာ… ကြည့်နေရင်း ကြည့်နေရင်းနှင့် နေရာမှာတင် လဲကျ သေဆုံးသွားခဲ့ရသော အချိန်တွေ များစွာ… ရှိခဲ့ဖူးသည်။

သောက်ခဲ့မိသော မိုခါးတခွက်ကြောင့် သေဆုံးခဲ့ဖူးသည်… စားလိုက်မိသော အညိုရင့်ရင့် ခါးသက်သက် ချောကလက် တခုကြောင့် သေဆုံးခဲ့ဖူးသည်… နမ်းရှိုက်မိသော နှင်းဆီဖြူတပွင့်ကြောင့် သေဆုံးခဲ့ဖူးသည်… မြင်လိုက်ရသော အပြုံးတပွင့်ကြောင့် သေဆုံးခဲ့ဖူးသည်… ဖတ်လိုက်မိသော စာတပုဒ်ကြောင့် သေဆုံးခဲ့ဖူးသည်… ကိုယ်တိုင် ရေးလိုက်မိသော စာတကြောင်းကြောင့် သေဆုံးခဲ့ဖူးသည်… ကြားလိုက်ရသော ငိုရှိုက်သံတိုးသဲ့သဲ့ကြောင့် သေဆုံးခဲ့ရဖူးသည်...

ပြီးတော့ ကြည့်လိုက်မိသော ဓါတ်ပုံတပုံကြောင့်… ရွတ်လိုက်မိသော ကဗျာတပုဒ်ကြောင့်… အကြည့်တချက်ကြောင့်… စကားတခွန်းကြောင့်… မြင်ကွင်းတခုကြောင့်… ရည်ရွယ်၍ ဖြစ်စေ မရည်ရွယ်ပဲနှင့်ဖြစ်စေ အကြိမ်ပေါင်းများစွာ သူ သေဆုံးခဲ့ဖူးသည်…။ ယုတ်စွအဆုံး ခပ်တိုးတိုး မြည်လာသော တယ်လီဖုန်းခေါ်သံများကြောင့်ပင် သူ အခါခါ သေဆုံးခဲ့ဖူးသည်ပဲ…။ ထိုအခါ သေဆုံးခြင်းဆိုသည်မှာ သူ့အတွက်တော့ လက်ပွန်းတတီး ရင်းနှီးပြီးသား… သိပ်ထူးခြား ဆန်းပြားသောအရာတခု မဟုတ်လှပါ…။

သူ မသေဆုံးခင် ညနေမှာ မြို့လေး၏ အနောက်ဖက်ကမ်းခြေကို ရောက်ခဲ့သည်။ ဆုံးဖြတ်ရခက်နေသော သူ့ကိုယ်သူ အားပေးနှစ်သိမ့်ရင်း… ပြီးတော့ တခုခုကို မျှော်လင့် ရင်ခုန်ရင်းပေါ့…။ ပင်လယ်ကမ်းခြေ၏ နေဝင်ရီတရောအချိန်သည် လိုအပ်သည်ထက် ပို၍ လှပနေသည်ဟု မလိုတမာ တွေးနေမိသည်…။ ကမ်းခြေ၏ မြင်ကွင်းတွင် လက်ချင်းချိတ်၍ လမ်းလျှောက်ရင်း ပျော်ရွှင် ရယ်မောနေကြသော ချစ်သူ စုံတွဲများ၊ ကမ်းစပ်တွင် ရေကစားရင်း တယောက်နှင့် တယောက် ကျီစယ်နေကြသော ချစ်သူ စုံတွဲများ၊ ရေစပ်နှင့် မလှမ်းမကမ်း ကော်ဖီဆိုင်လေးတခုတွင် ကော်ဖီခါးခါးတခွက်စီ ရှေ့မှာချကာ တယောက်နှင့် တယောက် အကြည့်ချင်းပြိုင်နေကြသော ချစ်သူ စုံတွဲများကို တွေ့နိုင်သည်။ ချစ်စဖွယ် လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးများကို လက်တဖက်စီ ဆွဲ၍ လမ်းလျှောက် လေ့ကျင့်ပေးနေကြသော ပျော်စရာ မိသားစုလေးများကိုလည်း တွေ့နိုင်သည်…။

ထို့အပြင် အသက်အရွယ် ကြီးရင့်လာသော်လည်း တယောက်ကို တယောက် ချစ်ခင်နှစ်သက်စွာ လိုအပ်နေကြဆဲဖြစ်သော အဖိုး အဖွားစုံတွဲလေးများကိုလည်း ကြည်နူးစရာ တွေ့မြင်နိုင်ပါသေးသည်…။ ပြီးတော့ သဲများဖြင့် သဲအိမ်ဆောက်တမ်း ကစားနေကြသော ကလေးငယ်ငယ်များ၊ ရေစပ်မှာ ဘောလုံးရောင်စုံများဖြင့် ပြေးလွှား ဆော့ကစားနေကြသော လူရွယ်များ၊ စွန်လွှတ်နေကြသူများ၊ စက်ဘီးစီးနေကြသူများ၊ ချစ်စဖွယ် မိန်းမငယ်ကလေးများ… ကြီး လတ် ငယ် အရွယ် အမျိုးမျိုး စုံလင်လှသည်။ ကမ်းခြေ၏ အရောင်စုံ မြင်ကွင်းသည် သူ့အားဖမ်းစားလှသည်…။ သို့သော် ထိုမြင်ကွင်းကိုကြည့်ရင်း မျှော်လင့်ထားသလို သူ ပျော်ရွှင်မလာပါ… စိတ်ကြည်လင် ရွှင်ပြ မလာပါ…။ ဆုံးဖြတ်ချက်တခုကိုသာ ခိုင်မာသည်ထက် ခိုင်မာလာစေသည်…။

ကြည့်နေစဉ်မှာပင် ကမ်းခြေစပ်တွင် မေးတင်နေသော နေလုံးနီနီသည် ရေထဲသို့ စုန်းစုန်းမြုတ်အောင် ဝင်ရောက် ပျောက်ကွယ်သွားပြီ…။ ကမ်းခြေတလျှောက်တွင် သဘာဝ အလင်းမဟုတ်သော မီးရောင်စုံတွေ တခုပြီးတခု လင်းလက်လာကြသည်ကို တွေ့ရသည်…။ သူ သွားရတော့မည်… သူ သွားမှ ဖြစ်တော့မည်… အချိန်နဲနေပြီ…။ ဖြေးညှင်းစွာ လျှောက်လာရာ လမ်းတလျှောက်တွင် မျက်စေ့ကို စုံမှိတ်ရင်း ခေါင်းကို ငိုက်စိုက်ချ ခါယမ်းနေမိသေးသည်…။

ပြန်မရနိုင်တော့သော အချိန်တွေ… ပြန်မရနိုင်တော့သော ရင်ခုန်ခြင်းတွေ… လိုက်ရှာသော်လည်း ဘယ်မှာမှ မရှိနိုင်တော့သော ယုံကြည်မှုတွေ… အစားထိုးမရနိုင်သော ပျော်ရွှင်ကြည်နူးမှုတွေ… ပြီးတော့ ဆုံးရှုံးမှု၊ နာကျင်မှုတွေ... သွားပြီ… ကမ်းစပ်မှာ အနီရောင် နေလုံးကြီး ဝင်ရောက် ပျောက်ကွယ်သွားသလို ထိုအရာတွေအားလုံးလဲ သူနဲ့ အတူတူ တခါတည်း လိုက်ပါ ပျောက်ကွယ်သွားကြဖို့ အဆင်သင့် ဖြစ်နေပြီ…။ မသေချာ မရေရာမှုတခုကို စိတ်တထင့်ထင့်ဖြင့် တွေးဆ မျှော်လင့်နေရသည်နှင့် စာလျှင် သေဆုံးသွားရသည်က ပို၍ အေးချမ်းမည် မဟုတ်လား…။

မမျှော်လင့်ပဲ စောစောက တဖျတ်ဖျတ် တောက်ပနေသော ရောင်စုံ မီးရောင်တွေ ရုတ်တရက် မှိန်ကျသွားသည်…။ ညက လ မရှိ... တိတိပပပ မှောင်မိုက်နေသည်…။ ထိုအချိန်မှာပဲ ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသား ချကာ ဓါးသွားထက်က ပျားရည်စက်နှင့်တူသော စာကြောင်းများ၊ သူ့ထက်ငါ အလုအယက် ခုန်ပေါက်ကာ ထွက်ကျလာသော စကားလုံးများနှင့်အတူ သူ့ကိုယ်သူ လှပစွာ ချေမှုန်း အဆုံးစီရင်လိုက်မိတော့သည်…။