Thursday, October 14, 2010
မိုးရွာချိန် အတွေး
ညက လျှပ်စီးတွေ တဝင်းဝင်းနှင့် အလွန်ပြင်းထန်သော အသံများဖြင့် မိုးတွေ ခြိမ်းနေခဲ့သည်။ ထို့ကြောင့် အိပ်ရာမှ လန့်နိုးလာသည်။ မိုးရွာတော့မှာလား.. မနက် အိပ်ရာနိုးလျှင် မိုးတွေ ရွာနေမည်လား… မိုးရွာလျှင်တော့ ထိုမိုးစက်တွေထဲမှ အတွေးတစုံတရာ ရတန်ကောင်းရဲ့ဟု မျှော်လင့်မိသည်။ မျှော်လင့်ထားသည့်အတိုင်း သည်မနက် အိပ်ရာနိုးတော့ မိုးရွာနေသည်။ ရွာသည်မှာမှ သည်းသည်းမဲမဲနှင့် အညှိုးတကြီး…။ မိုးရွာသော မနက်တွေတိုင်းမှာ ပျင်းရိ လေးကန်သော စိတ်တွေနှင့် ရုံးမသွားချင် အိမ်မှာပဲ စာတအုပ် ကော်ဖီတခွက်နှင့် အိပ်လှိမ့်နေချင်သော စိတ်အစဉ်ကို သည်မနက် ရွာသောမိုးက ပြောင်းလဲပေးလိုက်သည်…။ မိုးရွာတာကို အိမ်ထဲကနေ မခံစား.. အပြင်ကနေ ခံစားကြည့်မည်..။ ပြီးလျှင်တော့ မိုးရွာချိန်အတွေး ဟူသော ပိုစ့်လေးတခု ရေးနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်နှင့် အတူ…
အိမ်မှအထွက်… လူသွားစင်္ကြန် အမိုးစွန်းလေးမှ ခြေလှမ်း ငါးလှမ်းခန့် ဝေးသော ကားဆီသို့ မိုးစက်တွေကြားမှပင် ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ မိုးရေစက်များ ကိုယ်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းလာကြသည်။ ထီး ဆောင်လေ့ မရှိသော၊ ထီး ဆောင်းလေ့ မရှိသော ကိုယ့်အတွက် ရေစက်ရေပေါက်တွေနှင့်အတူ စိမ့်ကနဲ အေးသွားသော အရသာတခု… သည်အချိန်မှာပဲ… ဘာတွေးလို့ တွေးရမှန်းမသိ ဗလာသက်သက်ဖြစ်နေသော စိတ်အစဉ်ကို မိုးစက်တွေက သူတို့ဆီ မရောက် ရောက်အောင် ဆွဲယူ ခေါ်ငင်သွားကြတော့သည်။
ကားအရှေ့မှန်၏ ရေသုတ်တံသည် မှန်ပေါ်သို့ ကျလာသော အရှိန်ပြင်းပြင်း မိုးရေစက်တွေကို အလျဉ်မှီအောင် မနည်း ကြိုးစားပမ်းစား ဖယ်ရှားနေရသည်..။ မိုးရေစက်တွေကြောင့် အရှေ့က မြင်ကွင်းသည် အချိန်တိုင်း ကြည်လင်မနေ… ဝေဝါးတလှည့် ကြည်လင်တလှည့်… အရှေ့မှန်ကို ထွင်းဖေါက်၍ မြင်နေရသော မိုးရွာသောနေ့၏ မြင်ကွင်းကို သတိထားကြည့်ရင်း အတွေးတချို့ တွေးမိစပြုလာသည်…။
မြင်နေရသမျှ မြင်ကွင်းထဲမှာ ပထမဆုံး သတိပြုမိသည်က အရှေ့ကားဆီမှ ဘရိတ်မီး နီနီရဲရဲ… မိုးတွေရွာနေချိန်ဆိုလျှင် အမြန်မောင်းလမ်းမတွေပေါ်မှာ ကားတွေအားလုံး ဖြေးဖြေးသက်သာ မောင်းနှင်ကြပြီး တချိန်လုံး ဘရိတ်အုပ်တတ်ကြသည်။ Following Distance ကို များများခွာ ထားကြသည်။ ထိုအခါ ကားကို ကိုယ်စိတ်ထင်သလို မောင်း၍ မရ…။ အရှေ့က ကားကို မျက်ခြေမပြတ် ကြည့်ပြီး အရှေ့ကနေ ဘရိတ်မီး တခါလင်းလာတိုင်း ကိုယ်လဲ အလိုလို အရှိန်သတ်ကာ ဘရိတ်ကို အချိန်မီ လိုက်နင်းရသည်…။ မဟုတ်ရင် ဝင်တိုက်မိတော့မည်။ ဒုက္ခများတော့မည်…။
အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း ခြေလှမ်းတွေကို အစဉ်သဖြင့် ကိုယ်လိုချင်သလို ကိုယ်သွားချင်သလို အရှိန်တွေနှင့် ရွေ့လျားသွားလာ၍ မရ… အချိန်တခုမှာ ရှေ့က ဘရိတ်မီးနှင့်တူသော အချက်ပြမီးတခု လင်းလာသော် သွားလက်စ အရှိန်တွေကို ကိုယ့်အသိနှင့် ကိုယ် အသာထိန်းကာ လိုအပ်ပါက ရပ်တန့်ပစ်ရသေးသည်၊ ရပ်တန့်ရန်လိုအပ်သော အချိန်မှာ မရပ်လိုက်ပါက (သို့မဟုတ်) ရပ်တန့်ရန် မပြင်ဆင်၊ မကြိုးစားပါက ကို့ရို့ကားရားဖြစ်မည်မှာ သေချာသလောက်ပင်…။ ဒါကိုမှ ဖြစ်ချင်ရာဖြစ် ဝင်တိုက်မည် ဆိုလျှင်တော့ ခေါင်းတော်တော်မာဖို့ လိုအပ်လိမ့်မည်… လုံလောက်သော ဆင်ခြေတခုရော လိုအပ်အုံးမည်လား…။
ကိုယ်တိုင်ကရော… ဘယ်လိုအချိန်တွေမှာ ဘယ်လို အရှိန်တွေနှင့် ရွေ့လျားခဲ့သည်လဲ… ဘယ်လိုအချိန်မှာ ဘယ်လိုတွေ သတိထား ရပ်တန့်ခဲ့သည်လဲ… ပြန်တွေးကြည့်လိုက်လျှင်တော့ တချို့အရာတွေကို စိတ်ရော ကိုယ်ပါ ကျေကျေနပ်နပ် ဖြတ်သန်းခဲ့သော်လည်း တချို့အရာတွေမှာ ဆန္ဒတွေ၊ လိုအပ်ချက်တွေ၊ စိတ်တိုင်းမကျခြင်းတွေ၊ တာဝန်မကျေနိုင်မှုတွေ အများကြီးနှင့်…။ အတွေးထဲမှာ ရှိနေတာတခုကို ပြောပြရလျှင် ဆုတောင်းတွေများစွာထဲမှာ “စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒ ပြည့်ပါစေ…”ဟူသော ဆုတောင်းကို အလွန်နှစ်သက်မိသည်…။ ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ အနေအထားတွေကြောင့် တချို့နေရာတွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာတွေ များစွာ ရှိခဲ့သည်…။ မည်သည့်နည်းနှင့် ဖန်တီး၍ မရ… ဖြေရှင်း၍ မရ… ပြုပြင်၍ မရ… အားလုံးကို ဖြစ်လာသလို အလိုက်သင့် အလျားသင့် လက်ခံနိုင်အောင် ကြိုးစားရသည်။ သည်းခံရသည်…။
လက်ရှိအချိန်မှာလဲ ရပ်နေ၍မရ… ကိုယ်ရော စိတ်ပါ အချိန်တိုင်း ရွေ့လျားနေရသည်… ရှေ့ကို ဘယ်လို ဘယ်ပုံနှင့် ဘယ်၍ ဘယ်မျှ ခရီးဆက်ကာ ဘယ်လောက်အထိ ရွေ့လျားသွားရအုံးမည်လဲ… ကြိုတင် မှန်းဆ၍ မရနိုင်ပါ။ သို့သော် အရာရာမှာ ပြေပြေလည်လည်နှင့် အားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် ကိုယ့်အရှိန်ကို ထိန်းသည့်အခါ ထိန်း… လျှော့သည့်အခါ လျှော့… လိုအပ်ပါက ရပ်သင့်လျှင် ရပ်ရမည်ဟု သေသေချာချာ နားလည်လက်ခံထားသည်။ ဒါမှသာ စိတ်ချမ်းသာလိမ့်မည်…။ လောကကြီးမှာ ငွေကြေးချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့သာ အရေးအကြီးဆုံးဟု ခံယူထားသည်…။
နောက် မြင်ကွင်းထဲမှာ သတိထားမိသည်က အနီ အစိမ်း အဝါ သုံးရောင်ရှိသော ယာဉ်စည်းကမ်း အချက်ပြ မီးပွိုင့်များ…။ အနီရောင် အချက်ပြမီးကို တွေ့သော အခါ ကားတွေ အကုန်ရပ်ရသည်…။ အခြားယာဉ်ကြောတခုကို အလှည့်ပေးရသည်။ အစိမ်းရောင်မီး လင်းသောအခါမှာတော့ ကိုယ့်အလှည့် ရောက်ပြီ… သွားလို့ရပြီ…။ အဲ… အဝါရောင်မီး (အမှန်ကတော့ လိမ်မော်ရောင်ဆိုလျှင် ပိုမှန်မည်) လင်းလာသော်… အရှိန်သတ် ရပ်တန့်ရန် ပြင်ဆင်ရမည်…။ သည်နေရာမှာတော့ ကိုယ့်အသိနှင့်ကိုယ် အရှိန်သတ် ရပ်တန့်ရန်၊ ကိုယ့်အသိနှင့်ကိုယ် ချင့်ချိန်၍ ဆက်လက်ထွက်ခွာ သွားလာရန်မဟုတ်… မီးရောင်တွေ၏ စနစ်တကျ တိကျသော ကန့်သတ်ချက်များကြောင့် မလိုက်နာ၍ မရ၊ မလုပ်မဖြစ် လုပ်ကို လုပ်ရမည့် အခြေအနေတွင်ရှိနေသည်…။ မလိုက်နာလျှင် အန္တရာယ် ဖြစ်မည်… အသက်ဘေးနှင့် နီးမည်… ကံကောင်းထောက်မ၍ ထိုအရာတွေ မဖြစ်ရင်တောင် အနည်းဆုံးတော့ စည်းကမ်းဥပဒေ ချိုးဖေါက်မှုကြောင့် ထိုက်သင့်သော အပြစ်ဒါဏ်ကို ခံရပေအုံးမည်…။
အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း မမြင်ရသော မီးပွိုင့်ပေါင်း မြောက်များစွာရှိနေသည်။ ဥပဒေ၊ စည်းကမ်း၊ ကန့်သတ်ချက်၊ ပညတ်ချက်၊ အတားအဆီး၊ အလျှော့အတင်း၊ ကောင်းမှု မကောင်းမှု… ဒါတွေ ဒါတွေသည် ဘဝ၏ မမြင်ရသော မီးပွိုင့်များသာဖြစ်သည်…။ တိုတိုပြောရလျှင်တော့ ခြေလှမ်းတွေကို ရပ်သင့်သော အချိန်မှာ ရပ်… သွားသင့်သော အချိန်မှာ သွား… ရပ်ဖို့ ပြင်ရမည့် အချိန်မှာ ပြင်… အရာရာမှာ စည်းကမ်းတကျနှင့်ပေါ့…။ သည်လိုနှင့် တဘဝ ကုန်လွန်သွားမည်သာ ဖြစ်သည်။
မိုးတွေက သည်းသည်းထန်ထန် ရွာနေဆဲ…။ မျက်စေ့ရှေ့မှာ တွေ့နေရသော ဘရိတ်မီး နီနီများ၊ နီ စိမ်း ဝါ သုံးရောင်ခြယ် မီးပွိုင့်ပေါင်းများစွာကို ကျော်ဖြတ်ရင်း၊ တွေးမိတွေးရာတွေ တွေးရင်း မိုးစက်တွေကြားမှာ ရုံးကို ရောက်လာခဲ့ပြီဖြစ်သည်။
မိုးရွာသော နေ့ပေါင်း ညပေါင်း များစွာကြုံဖူးပါသည်…။ မိုးရွာချိန်မှာလည်း အတွေးပေါင်း များစွာ တွေးဖူးပါသည်…။ အကြောင်းအရာပေါင်း များစွာကို တွေးဖူးသလို အကြောင်းအရာ တခုထဲကိုလည်း ထပ်ခါ ထပ်ခါ တွေးဖူးပါသည်။ မိုးနှင့်ပတ်သက်သော သတိရစရာ မြင်ကွင်းများကိုလည်း မျက်ဝါးထင်ထင် ပြန်လည် မြင်ယောင်နေခဲ့ဖူးပါသည်။ ထိုမျှသာမက မိုးနှင့်ပတ်သက်သော အိပ်မက်များကိုလည်း မကြာခဏ မက်ခဲ့ဖူးပါသည်။ မိုးနှင့်ပတ်သက်၍ အမှတ်ရဖွယ်ကောင်းသော အချိန်များနှင့်အတူ အမှတ်ရစရာ ရှိသူများကိုလည်း အမှတ်တရ… သတိရ လွမ်းဆွတ်စရာ ရှိသည်များကိုလည်း သတိတရ လွမ်းဆွတ်နေခဲ့ဖူးပါသည်…။
သို့သော် အခုတွေးမိသော အတွေးမျိုးကိုမူ သည်တခါ ပထမဆုံးအကြိမ်အဖြစ် တွေးမိခြင်းသာ ဖြစ်သည်…။ မိုးရွာချိန် အတွေးကို တွေးဖြစ်စေရန် အစပျိုးပေးခဲ့သော မိတ်ဆွေတဦးနှင့်အတူ... မိုးရွာချိန် အတွေးကို ရေးဖြစ်ရန် တိုက်တွန်းခဲ့သူများကို ကျေးဇူးတင်ပါသည်…။ နောင်ကိုလည်း တွေးမိသမျှ ရေးပြပါအုံးမည်…။
မှတ်ချက် ။ ။ အလုပ်တွေများပြီး စာမရေးနိုင်ဖြစ်နေသော ညီမ ပန်ပန် ၏ မိုးရွာချိန် အတွေး နှင့်အတူ မိုးစက် မိုးပွင့် ကလေးများလို အေးချမ်း၍ ချစ်စရာကောင်းသော ညီမ ဇွန်မိုးစက် နှင့် ညီမ မိုးငွေ့ တို့၏ မိုးရွာချိန် အတွေးကိုလည်း သိချင်ပါသည်...။ ပြီးတော့ သူငယ်ချင်း ချစ်ကြည်… ရေးလက်စ အဖေ့အကြောင်း ရေးလို့ပြီးသွားလျှင် မိုးရွာတဲ့နေ့ တနေ့မှာ စိတ်ထဲ တွေးမိသမျှကို ရေးပြစေချင်ပါသည်။
Subscribe to:
Post Comments (Atom)
မိုးရေထဲထွက်၊လမ်းလျှောက်လိုက်ကားမောင်းလိုက်နဲ့
ReplyDeleteစာဖတ်သူနှာစီးပြီးပင်ပန်းသွားပါပြီ :)
ချစ်သူကိုလဲလွမ်းသွားပါပြီ
စာအသစ်ဖတ်ရလို့ကျေးဇူးပါခင်ဗျာ :)
တွေးစရာ ငေးစရာကောင်းတဲ့ မိုးရွာချိန် အတွေးလေးပါ။ ခေါင်းကိုက်တာရော မပါဘူးလားး)
ReplyDeleteရေးဖြစ်အောင် ကြိုးစားပါ့မယ် :)
မိုးရွာချိန်အတွေးကတော့..
ReplyDeleteအပြင်ထုတ် လှမ်းထားတဲ့ အဝတ်တွေ
အမြန်ရုတ်ဖို့ပါပဲ..။
(ကဗျာမဆန်လိုက်တာနော်..)
မိုးရွာရင်မိုးရေချိုးမယ်..မေမေလာရင် နို့စို့မယ်...
ReplyDeleteဖေဖေလာရင် အုန်းသီးခွဲစားမယ်...
ပေါက်ပြောသလို ကဗျာမဆန်ပဲ တွေးရရင်တော့.. လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အရပ်မှာ နေရတဲ့ သူ တယောက်အတွက်ကတော့ မိုးရွာရင် အိမ်ပဲ ပြန်ချင်တဲ့ စိတ်စောနေတယ်.. အိမ်ရောက်မှပဲ အကျီစိုတွေ ချွတ်ပီး နွေးနွေးထွေးထွေးနေလို့ ရမှာ.. ဒီက မိုးကလဲ အေးအေးကြီးဆိုတော့ မိုးရေချိုးချင်စရာ မကောင်းဘူး
ReplyDeleteနှင်းကျတုန်းကတော့ ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် အကြာကြီး တွေးဖူးရဲ့
"မိုးရွာချိန် အတွေး" ကို သက်ဝေ ဒီလိုရေးလိမ့်မယ်လို့ မျှော်လင့်မထားဘူး.. ရသစာ ဖြစ်မယ် ထင်ထားတာ
ReplyDeleteအခုအတွေးကတော့ လေးနက်တယ်...
ပြီးတော့ တွေးပြထားတာ လှတယ်...။
ဆက်တွေးစရာတွေအတွက် ကျေးဇူး...
ဘ၀တွေမှာ မမြင်ရတဲ့ မီးပွိုင့်ပေါင်းများစွာ ရှိနေကြတယ် ဆိုတာလေးကို တော်တော်သဘောကျမိတယ်။ ဟုတ်တယ်၊ မိုးရွာရင် မြင်နေကျ မြင်ကွင်းလေးတွေပဲ။ ဘ၀နဲ့ယှဉ်ပြီး တွေးသွားတာလေးက လှတယ်။
ReplyDeleteမိုးရွာချိန်တွေကနေ ဆွဲထုတ်သွားတဲ့ အတွေးတွေက ကောင်းလဲကောင်း လှလဲ လှပါပေတယ်
ReplyDeleteဘ၀ရဲ့ မီးပွိုင့်တွေကတော့ မြန်မာပြည်က မီးပွိုင့်လို လင်းတစ်လှည့် မှောင်တစ်လှည့်ဖြစ်နေပါတယ်..
အမြဲတမ်းလင်းနိုင်အောင်တော့ ကြိုးစားရမှာပေါ့နော်။
ရေးထားတာလေး သဘောကျတယ်...။ ကိုယ်က မီးပွိုင့်တွေထက် ကားတစီးရဲ့ ဘရိတ်လို ကျင့်သုံးရမယ်။ အမြဲတမ်း ဘရိတ် မမိတတ်လွန်းလို့....။ တခါထဲ တဂ်ပါ ရေးပေးခဲ့မယ်လေ။ "ကျမ၏ မိုးရွာချိန် အတွေးမှာ စောင်ခြုံကွေးရန်သာ ဖြစ်လေသည်...."
ReplyDeleteခဏစောင့်နော် သူငယ်ချင်း အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နဲ့ ဘယ်လိုမှ မအားဘူး ဖြစ်နေလို့ပါဟာ....ရေးပါ့မယ်နော်
အစ်မသက်ဝေ ရေးလိုက်မှဖြင့် ရှယ်တွေကြီးပဲ...
ReplyDeleteမြင်တွေ့နေကျ မြင်ကွင်းတွေကို နေ့စဉ်ဘဝတွေနဲ့ ချိန်ထိုးပြသွားတဲ့ မိုးရွာချိန် အတွေးလေးက ဂွတ်တယ်...
ဆက်တွေးမိသွားတာက...
သတိရှေ့မဦးမိတဲ့အခါတွေမှာ ဘေးဖြစ်ခါနီးတော့မှ အလန့်တကြား ဘရိတ်အုပ်ရတာမျိုးတွေလဲ ဘဝမှာ ရှိခဲ့ဖူးတယ်ဆိုတာ...
ဒါကြောင့် အထိအခိုက်တွေလဲ ရှိခဲ့ဖူးတယ်...
ဒီလိုပါပဲ....
မိုးအေးအေးလေးထဲမှာဒီလိုလေးလေးနက်နက်အတွေး မျိုးတွေးဖူးလားလို့ ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်မိတယ်...
ReplyDeleteမိုးရွာရင် ဖားတွေရိုက်မယ် မေမေလာရင်ကြော်ခိုင်းမယ် ဖေဖေလာရင် အရက်နဲ့မြည်းသောက်မယ်...အဟားး
ReplyDeleteမမသက်ဝေ တဂ်ကိုရေးပေးမယ် ခဏ.....လေးပဲစောင့်နော်..း)
ခင်တဲ့
မိုးငွေ့
မိုးရွာထဲ လမ်းထွက်လျှောက်ရင်း တွေးရတာ၊ငေးရတာ၊ ဆွေးရတာ အရမ်းကြိုက်တယ်။ အသက်က သုံးဆယ်ကျော် ၄၀နားကပ် လာတော့ အရင်လို အအေး မခံနိုင်တော့ဘူး။ ဒါပေမယ့် မိုးရွာတာကို ကြည့်ပြီး တွေးတာကို ကြိုက်တုန်း.. အမ..
ReplyDeleteရပ်၊ကြည့်၊သွားရတဲ့ မီးပွိုင့်များစွာကို ကျော်ဖြတ်ရင်း၊ စောင့်စားရင်းနဲ့သာ.......
စာပိုဒ် ၅ ကို သဘောကျတယ် ၊ လက်တွေ့ကြုံနေရတာနဲ့ အံကိုက်ဆိုတော့ သတိပေးလိုက်သလိုပါပဲ အမ ။
ReplyDeleteအစ်မရဲ့ မိုးရွာချိန်အတွေးက သိပ်ကောင်းတာပဲ။ ရေးပေးမယ်နော်... ခုလောလောဆယ် စာရေးဖို့ မုဒ်ပျောက်နေလို့။
ReplyDeleteအမသက်ဝေ...
ReplyDeleteစုချစ်ကတော့ မိုးရွာတိုင်း ပထမဆုံးဖြတ်ကနဲ အရင် တွေးမိတတ်တာက ခုချိန် အိရာထဲမယ် စောင်ခြုံကွေးပြီး စာအုပ်လေး ဖတ်လိုက်ရရင် ဇိမ်ပဲလို့...
း-)
နှစ်လိုစွာ ဖတ်မိသောစာ..။ အတွေးတွေ.. အများကြီး ထပ်တွေးနေမိတယ်..။
ReplyDelete