Friday, December 24, 2010

အိမ်အပြန်

... ... ... အလွမ်း ပြန်ချင်စိတ်ကြောင့်... အလွမ်း ပြန်ချင်ဇောကြောင့်...
နေ့ခင်း အိပ်မက်ထဲမှာ... အတွေး အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်... ... ...


၂၀၁၁ တရုပ်နှစ်ကူးမှာ ထူးထူးဆန်းဆန်း ရုံးက တပတ်လုံး ပိတ်မည်။ ရှေ့နောက် စနေ တနင်္ဂနွေ နှစ်ပတ်ပါ ပေါင်းလိုက်တော့ စုစုပေါင်း ပိတ်ရက် ကိုးရက် ဖြစ်သွားသည်…။ ဖြစ်နိုင်လျှင်တော့ ရှားရှားပါးပါး ရလာသည့် ထိုပိတ်ရက် ကိုးရက်မှာ အိမ်ကို ပြန်ချင်သည်။

ပြန်မရောက်တာ ကြာလှပြီဖြစ်သော ချစ်စရာ အိမ်ကလေးမှာ၊ ဖေဖေ နဲ့ မေမေ့ အနားမှာ နားနားနေနေလေး နေပြီး ဒီမှာ တနေ့တနေ့ ပြေးရ လွှားရ၊ မောရ ပန်းရ သမျှတွေကို ဖြေဖျောက်ချင်သည်။ တကိုယ်ကောင်းဆန်သည်ဟုပဲ ပြောပြော… အလုပ်မဟုတ်ဖူးပဲ ဆိုဆို… သည်အချိန်လေးမှာတော့ ကျန်တဲ့ အဆွယ် အပွားတွေ၊ သံယောဇဉ်တွေ၊ နှောင်ကြိုးတွေ၊ အလုပ်တွေ အားလုံးကို ခဏချန်ထားခဲ့ပြီး ကိုယ်တယောက်တည်း ငယ်ငယ်ကလို ဖေဖေနဲ့ မေမေတို့နားမှာ တိုးဝှေ့ကာ ကလေးပြန်လုပ်ချင်သည်။

ထိုပိတ်ရက် ကိုးရက်မှာ မေမေချက်ကျွေးသော ထမင်း ဟင်းတွေ စား၊ အိမ်နေရင်း ချည်အင်္ကျီလေး ပေါ့ပေါ့ပါးပါးလေးဝတ်၊ သနပ်ခါး ထူထူလိမ်းပြီး သီချင်းနားထောင်ရင်း၊ စာဖတ်ရင်း၊ ဖေဖေ မေမေတို့နဲ့ စကားတွေ မဆုံးနိုင်အောင် ပြောရင်း၊ ဟိုးတုန်းက ဆောင်းမနက်ခင်းတွေမှာလို ဖေဖေနှင့်အတူတူ ရွှေတိဂုံဘုရားကို လမ်းလျှောက်၊ အပြန်မှာ မြေနီကုန်းမှ တင်တင်အေး မုန့်ဟင်းခါး ဝင်စားရင်း၊ နေ့လည် နေ့ခင်းတွေမှာ အိမ်သားတွေ၊ ဝမ်းကွဲ မောင်နှမတွေနဲ့ အတူ လဖက်သုတ် တပန်းကန်ကို အလယ်မှာချရင်း ရေနွေးကြမ်းဝိုင်းလေး တည်ပြီး ရောက်တတ်ရာရာ စကားတွေပြောရင်း၊ သူငယ်ချင်း အရင်းအချာ တချို့နှင့်အတူ ငယ်ငယ်တုန်းကအကြောင်းတွေ မမောမပန်းတမ်း ပြောဆိုရယ်မောရင်း ကုန်ဆုံးလိုက်ချင်သည်…။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ပြောစရာ စကားတွေကတော့ အများကြီး ရှိနေမှာ သိပ်ကို သေချာပါသည်။

သည်လိုတွေးနေရင်း အခု လောလောဆယ်မှာတော့ အတွေးစိတ်ကူးထဲမှာ အိမ်ကို အစမ်း ပြန်ကြည့်လိုက်ဦးမည်…။

နှစ်ကူးပိတ်ရက်တွေ၏ ပထမဆုံးနေ့မှာ မေမေတို့ ဖေဖေတို့ အံ့သြသွားရအောင် ဘယ်သူ့ကိုမှ ကြိုတင် အကြောင်းကြားမထားပဲ တိတ်တိတ်ကလေး ပြန်သွားမည်။ လေဆိပ်မှဆင်းပြီး အငှားကားဖြင့် အိမ်ပြန်သွားလိုက်မည်…။ အိမ်နားနီးလာလေ… အပျော်တွေဖြင့် ရင်ခုန်လာလေ… လက်ဖျား ခြေဖျားတွေ အေးစက်လာလေ… ဖြစ်လိမ့်မည် ထင်သည်။ အိမ်ရှေ့ရောက်ရင်တော့ ခြံစည်းရိုးတံခါးကို သော့မခတ်ထားပါစေနဲ့ ဟု ဆုတောင်းမိမည်။ အရင်ကလို ခြံတံခါးကို ဖွဖွလေး ဖွင့်တာတောင် သိနေတတ်သော၊ အကင်းပါးပြီး အိမ်သိပ်လုံသော ခွေးပုကလေး မရှိတော့ပြီ…။ ထို့နောက် သော့ခလောက်ကို ချိတ်ရုံသာ ချိတ်ထားသော ခြံစည်းရိုး သံပန်းတံခါးကို အသံမမြည်အောင် အသာ ထိန်းပြီး ဖွင့်လိုက်မည်။ ပြီးရင်တော့ ကားဂိုဒေါင်တဲခါးမှ တဆင့် မြင်နေရသော ထမင်းစားခန်းကို လှမ်းကြည့်ရင်း ခေါင်းလောင်းလေးကို လှုပ်ခါရင်း ပါးစပ်ကလဲ အသံကျယ်ကျယ်နှင့် "အိမ်ရှင်တို့… အိမ်ရှင်တို့…” ဟု အော်ခေါ်လိုက်မည်…။

နေ့လည် ထမင်းစားပြီးချိန်ဖြစ်နေသောကြောင့် ဖေဖေနဲ့ မေမေတို့ကတော့ တရေးတမော အိပ်နေလောက်မည်။ သို့သော် ကိုယ့်အသံ စွာလောင်လောင်ကြောင့် အိပ်ခန်းထဲမှ ဇဝေဇဝါ မျက်နှာတွေနှင့် ထွက်လာကြမှာ… ထိုအခါ ကိုယ်က စိတ်လှုပ်ရှား ဝမ်းသာစွာ ရယ်မောရင်း “ဒီမှာ ဒီမှာ… အထူးဧည့်သည် လာနေတယ်လေ… တံခါးဖွင့်ပါအုံးဗျ…” ဟု ပြောလိုက်မည်…။ တံခါးဖွင့်ပြီး အိမ်ထဲရောက်သည်အထိ အံ့သြတကြီးဖြစ်နေကြသော သူတို့ရဲ့ မျက်နှာတွေကို ကျေနပ်စွာ ကြည့်နေလိုက်အုံးမည်။ သို့သော် ရုတ်တရက် ဘာကြောင့် တယောက်တည်း ပြန်ချလာပါလိမ့်ဟု စိတ်ပူသွားမှာ သေချာသော မေမေ့ကို စိတ်မပူဖို့တော့ အရင် ပြောရအုံးမည်လေ…။ ရုံးပိတ်ရက်တွေ ဆက်နေသောကြောင့် အိမ်ကို လွမ်းသောကြောင့် ပြန်လာပါသည်… တခြားဘာအကြောင်းမှ မရှိပါ… ဟု ပြောပြရမည်…။ ဘာစကားမှ မဆိုပဲ အပြုံးတွေပြည့်နေသော မျက်နှာဖြင့် ကိုယ့်ရဲ့ ခရီးဆောင် သေတ္တာ ခပ်သေးသေးကို လာဆွဲယူနေသော ဖေဖေ့ကိုတော့ သူ့ကျောကို (ထုံးစံအတိုင်း) လက်သီးနှင့် မနာအောင် ခပ်ဖွဖွ ထုလိုက်အုံးမည်…။

ပြီးရင်တော့ စကားတွေ တလစပ် ပြောရင်း လက်ကလဲ ထမင်းစားပွဲပေါ်က ရှိသမျှတွေကို လှန်လျောပြီး တွေ့တာတွေကို ဟိုစပ်စပ် ဒီစပ်စပ် နှိုက်စားလိုက်မည်။ ရေခဲသေတ္တာဖွင့်ပြီး ဘာတွေရှိနေသလဲ ဟုလဲ စပ်စပ်စုစု လုပ်မိမည်…။ ကြိုက်တာတွေ တွေ့လျှင် ယူစားလိုက်မည်။ ခဏနေလျှင် အိမ်ပေါ်ထပ်မှာရှိနေသော တူကလေးတွေ မောင်တွေ ညီမတွေကို ခြောက်လှန့်ဖို့ ခြေကို အသာ ဖွကာ အိမ်ပေါ်ထပ်ကို တက်သွားမည်…။ မမျှော်လင့်ပဲ ကိုယ့်ကို တွေ့လိုက်သောအခါ ကစားနေရာမှ ထပြေးလာသော ကလေးငယ်တွေရဲ့ အံ့သြတကြီး အော်သံ ဆူဆူညံညံတွေ၊ မောင်လေးနှင့် ယောင်းမလေး၏ တအံ့တသြ နှုတ်ဆက်သံတွေကြားမှာ ကြည်နူးပျော်ရွှင်စိတ်တွေနှင့် တူအငယ် အသေးအကွေးလေးကို ချီမြှောက်ကာ ဝှေ့ယမ်းပစ်လိုက်မိမည် ထင်သည်။

ကလေးတွေနှင့် ခဏဆော့ပြီးလျှင်တော့ ပန်းထိမ်မနိုင်ပန်းတွေ ဝေနေသော အိမ်ပေါ်ထပ်က ဘုရားစင်မှာ ကြည်လင်သော စိတ်အစဉ်နှင့် ဘုရားဝတ်ပြုလိုက်အုံးမည်…။ ထိုညနေခင်းကို ဖေဖေ၊ မေမေ၊ မောင်တွေ ညီမတွေ တူကလေးတွေ တရုန်းရုန်းနှင့် ပျော်ရွှင်ရယ်မောကာ ကုန်လွန်စေမည်။ အော… မေ့တော့မလို့… အချစ်ဆုံး မွေးနေ့တူ သူငယ်ချင်းလေးဆီကို အသံနဲနဲဖျက်ကာ ဖုန်းဆက်ရအုံးမည်ပဲ…။ စကားတွေ အများကြီး တမေ့တမော ပြောနေမိသောအခါ သူကတော့ ကိုယ် စလုံးက ဆက်နေသည်ဟု ထင်ပြီး ထုံးစံအတိုင်း “နင် ပိုက်ဆံတွေ အများကြီး ကုန်နေအုံးမယ်… တော်တော့လေ…” ဟု ဆိုကာ စကားကို ဖြတ်ပေလိမ့်အုံးမည်။ သည်တော့မှ တဟားဟားရယ်မောရင်း သူ့ကို ကိုယ်ပြန်ရောက်နေကြောင်း အသိပေးလိုက်မည်…။ အလွန်အမင်း အံ့သြသွားမည်ဖြစ်သော သူငယ်ချင်းလေးရဲ့ မျက်နှာကို မျက်လုံးထဲ မြင်ယောင်ရင်း သူ့ရဲ့ ဆူသံ ပူသံတွေကိုလဲ ပျော်ပျော်ကြီး နာခံလိုက်မည်…။ ဒါတွေအပြင် ဆွေမျိုးအရင်းကြီးတွေဆီကိုလဲ ဖုန်းဆက်ပြီး ကိုယ် ပြန်ရောက်နေကြောင်း၊ နောက်နေ့ကျရင် လာလည်မည်ဖြစ်ကြောင်း ပြောပြရအုံးမည်…။ ဆိုင်းမဆင့် ဗုံမဆင့် ကိုယ်တယောက်တည်း ပြန်ရောက်လာခြင်းအတွက်တော့ သူတို့ နားလည် ခွင့်လွှတ်နိုင်မည်ဟု ယုံကြည်ပါသည်။

ထိုအချိန်မှာ မေမေကတော့ မီးဖိုထဲမှာ ချွေးတလုံးလုံးနှင့် ကိုယ်ကြိုက်နှစ်သက်သော ဟင်းလျာတွေ ချက်နေပေလိမ့်မည်။ မီးဖိုထဲမှာ အလုပ်တွေရှုပ်နေသော မေမေ့ကို “ထွေထွေထူးထူးတွေ လုပ်မနေပါနဲ့ မေမေရယ်… ဟင်း လေး ငါးမျိုးလောက်ပါရင် တော်ရောပေါ့…” ဟု သွားနောက်လိုက်အုံးမည်…။ ညစာကို ထမင်းစားပွဲအကြီးကြီးမှာ လူစုံ တက်စုံ ခုံတွေ ထပ်ဖြည့်ကာ ဝိုင်းဖွဲ့ကြမည်။ မေမေချက်ထားသော ဟင်းတွေထဲမှ ကိုယ်အကြိုက်ဆုံး ငါးကျည်း ငါးဆုပ်နှင့် မုန်လာပင်ပေါက် ချဉ်ရည်ဟင်းကို ငြုတ်သီးထောင်းနှင့်အတူ ထမင်းတွေ အများကြီး စားလိုက်မည်။ အို… သည်ကိုးရက်မှာတော့ ဝချင်လဲ ဝပါစေတော့…။

အပြင်က စားစရာတွေကို မက်မက်မောမောမရှိ ဟုဆိုသော်ငြားလည်း ညမိုးချုပ်လျှင်တော့ တူကလေးတွေ လက်ဆွဲကာ လမ်းလျှောက်ရင်း လမ်းထိပ်နားမှာ ဆိုင်သေးသေးလေးနှင့် ရောင်းတတ်သော ပူပူနွေးနွေး ခေါက်မုန့်တို့ ဘိန်းမုန့်တို့ သွားဝယ်စားဖြစ်မည်။ ချောင်းဆိုးကာမှ ဆိုးရော… ဆိုးဆေးတွေနှင့် ရောင်စုံခြယ်သထားသော ရေခဲခြစ်လဲ စားအုံးမည်။ ညအိပ်ချိန်မှာ ကံကောင်းထောက်မ၍ မီးလာနေလျှင်တော့ ဖေဖေနှင့် မေမေတို့ကြားမှာ သွားတိုးကာ အိပ်လိုက်မည်၊ မအိပ်ခင်တော့ စကားတွေ အများကြီး ပြောကြမှာပေါ့…။

မီးပျက်သဖြင့် မီးစက်နှိုးရတာတွေ၊ အဲကွန်းမရသောကြောင့် ပူလောင် အိုက်စပ်တာတွေ၊ ရေကို ချွေတာသုံးရတာတွေ၊ မီးမလာလျှင် သူ့အလိုလို ပျက်သွားသော တယ်လီဖုန်း စနစ်သစ်တွေ၊ လူကြီးမင်းနှင့် အမြဲ ဆုံစည်းခွင့်ပေးသော မိုဘိုင်းလ်တွေ၊ မီးပြန်လာချိန်မှာ အချိန်မဟုတ် အချိန်ဟုတ် ရေစက်ထဖွင့်ရတာတွေ၊ မီးလာချိန်တွေမှာ မီးပူ အမြန်တိုက်ရတာတွေ၊ အင်တာနက် အလွယ်တကူ မရတာတွေ အစရှိသော အခက်အခဲ ခပ်သေးသေးတွေကိုလည်း ကိုယ့်အိမ်ဆိုသော အသိနှင့် လက်ခံနိုင်မည်ဟု ကိုယ်တိုင် သေချာနေသေးသည်။

သည်လိုနှင့် ရသမျှအချိန် ကိုးရက်ကို အိမ်ကလေးမှာ ဖေဖေ မေမေတို့နှင့် ချစ်စရာ မောင်ငယ် ညီမငယ် မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ စိတ်အေးချမ်းသာစွာ၊ လွတ်လပ်ပေါ့ပါးစွာ ကုန်ဆုံးစေမည်…။ အတွေးစိတ်ကူးထဲမှာပင် ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူး ပျော်ရွှင်စရာကောင်းလှသည်ပဲ။

သေချာပါသည်… အစစ အရာရာ အဆင်ပြေ၍ အကြောင်အကျိုးးတွေ ညီညွတ်ခဲ့လျှင်တော့ ထိုရက်တွေမှာ အိမ်ကို ပြန်ဖြစ်ပါလိမ့်မည်။ သတ်မှတ်ထားသော ပိတ်ရက်များ ကုန်လွန်ပြီး ဒီကို ပြန်ရောက်လာလျှင်တော့ အိမ်ကို လွမ်းရင်း အိမ်မှာ နေခဲ့ရသော နေ့ရက်များအကြောင်း ပိုစ့်တခုတော့ ရေးဖြစ်ဦးမည်သာ…။




27 comments:

Anonymous said...

ဟွန့်

မေဓာဝီ said...

အဲလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့်လေး အိမ်ပြန်ချင်လိုက်တာ ... ။

ဖြူ said...

ရေးထားတာ ပီပြင်လွန်းလို့ ဖတ်ပြီး ငိုင်သွားတယ်...
ဘာမှ မပြောနိုင်တော့ပါ...
သက်ဝေ သိတ်ရက်စက်တယ်....

ရွှေရတုမှတ်တမ်း said...

အင်း.......ရုတ်တရက် အဲလိဲုပြန်တာ ငယ်ငယ်က ခနခန လုပ်တယ်... ခုတော့လဲ...အဖေတို့ အမေတို့ မရှိတော့လို့..... ပြန်တယ်ဆိုလဲ....တရက်ကုန်လို့ ၂ရက်မြောက်နေ့မှာ....သူစိမ်းတွေအလည်မှာလို ခံစားရတယ်...အင်းလေ....ကိုယ်လဲမကြာခင်...အဖေတို့အမေတို့နောက်လိုက်ရတော့မယ်...ထင်ပါရဲ့...

Anonymous said...

အိမ်ပြန်ချင်တယ် ဟူး ဟူး ဟူးးးးးးးးးးးးးးး

တီသက် အိမ်ပြန်ချင်တယ် ၂၀၁၂ သင်္ကြန်မှာပြန်မယ်..ကမ္ဘာမပျက်ခင်လေးအိမ်ပြန်မှဖြစ်မယ်

ခင်တဲ့
ဆုမြတ်

Anonymous said...

I cried after reading this post because I miss my parents so much. This is really a good post.

မောင်လေး said...

ပြန်နိုင်သေးဘူးဗျာ....၂၀၁၁ အတွင်းမှာ...။နှစ်ကုန်ကာနီး
ဒါမှမဟုတ် ၂၀၁၂ နှစ်ဆန်းမှ ပြန်နိုင်တော့မယ်...။
အစ်မပို့စ်လေးဖတ်ရတော့ ပြန်ချင်လာပြီ...ဟင်း....။

Soe Yu said...

ဖတ် ပြီး ငို ချင် သွား တယ် . တီတီ သက် ဝေ ရက် စက် တယ် :'( :'(

သက်ဝေ said...

အမှန်ဆို ဖေဖေနဲ့ မေမေ ပြန်သွားတာ နှစ်ပတ်ပဲ ရှိသေးပေမယ့် ဒီရက်တွေမှာ အိမ်ပြန်ကြတဲ့သူတွေ၊ မကြာခင်မှာ အိမ်ပြန်ကြမယ့်သူတွေ ကိုယ့်အနားမှာ အများကြီးတွေ့နေရတော့ ကိုယ်လဲ အိမ်ကို သိပ်လွမ်းလာပါတယ်... အဲဒီစိတ်နဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်...

ကိုယ်နဲ့ခံစားချက်ခြင်း တူတဲ့သူတွေကို တွေ့လို့ အားတက်မိပေမယ့် အိမ်လွမ်းနေတဲ့သူတွေကို ပိုပြီး စိတ်ထိခိုက်အောင်လုပ်လိုက်မိသလို ဖြစ်သွားတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး... ကိုယ်တိုင်လဲ ဒီစာကြောင်းတွေကို မျက်လုံးထဲမှာ မျက်ရည်တွေ ဝေဝါးနေတဲ့ကြားက ရေးဖြစ်ပါတယ်...

သူငယ်ချင်းတွေ၊ မောင်နှမတွေ အားလုံး ဆန္ဒရှိတဲ့အချိန်မှာ အိမ်ပြန်နိုင်ကြပါစေ....

PAUK said...

အိမ်ပြန်ချင်ပါတယ်။
ဒီနှစ်တော့ အိမ်မပြန်နိုင်သေးပါဘူး။
အိမ်ပြန်ရင် မသက်ဝေလိုပဲ အိမ်ထမင်း အိမ်ဟင်းတွေပဲ
စားချင်ပါတယ်။ ညဆိဲု ညဈေးတန်းလျှောက်ပြီး
တွေ့ကရာ ဝယ်စားချင်ပါသေးတယ်။

rose said...

မမသက်ဝေ စိတ်ကူးထဲက အိမ်ပြန်တဲ့ အကြောင်းလေး လာဖတ်ပါတယ်။ ရို့စ်တောင် ရန်ကုန်ပြန်လည်ချင်စိတ် ဖြစ်သွားတယ်။ ရို့စ် ကံကောင်းတာက ကိုယ့်မှာ အဖေရော၊ ညီမလေးတွေရော ရေခဲနေတဲ့ ဒ်ီနိုင်ငံမှာ အတူ ရှိနေကြတာပါပဲ။ အိမ်ကို လွမ်းတဲ့သူတွေ အိမ်ပြန်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

sosegado said...

လက်မှတ်အရင်လုပ်ထား၊ Sat/ Sunday ကုန်ပြီပြောတယ် unless ပိုပေးနိုင်မှ၊
ရတဲ့ကိုးရက်က ရှစ်ရက် ခုနှစ်ရက်ဖြစ်သွားဦးမယ်။

ဇွန်မိုးစက် said...

အမဆန္ဒရှိတဲ့အတိုင်း အဆင်ပြေပြေနဲ့ ပြန်ခွင့်ရပါစေ။
ညီမက ဧပြီ၊ မေ လောက်မှပဲ ပြန်ဖြစ်တော့မယ်။

baby taster said...

ဒီပို့စ်လေးက ကျမကို မျက်ရည်တောင်လည်စေပါတယ်
အရမ်းကောင်းတာပဲ။ ကျမလို အိမ်ပြန်ချင်ရဲ့နဲ့ ပြန်ခွင့်
မရှိတဲ့ လူတယောက်အတွက်တော့ ရုတ်တရက်သာ ပြန်ခွင့်ကြုံခဲ့မယ်ဆိုရင် အပျော်လွန်ပြီး နှလုံးရပ်သွား မယ်ထင်တယ်။

Shinlay said...

အိမ်ပြန်ချင်သူတွေ ထဲမှာကျမလဲပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မသက်ဝေရဲက အိမ်ပြန်ချင်တဲ့ ဆန္ဒလေး ပြည့်စုံပါစေရှင်။။
စိတ်ကူးလေးက ချစ်စရာကောင်းလိုက်တာ
တကယ်လုပ်နေသလိုဘဲ..
ပျော်စရာခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေနော်..

nu-san said...

မမပို့စ်လေးဖတ်ပြီး ကျနော်လည်း စိတ်ကူးနဲ့ အိမ်ပြန်လိုက်ဦးမယ် မရယ်..သူများတွေ အိမ်ပြန်ကြရင် ကျနော်လည်း ပြန်ချင်တယ်.. အိမ်ကိုလည်း လွမ်းတယ်.. :((

Hmoo said...

I can feel very well ...Sweet

ငွေစန္ဒာ said...

အမသက်ဝေရေ...အရမ်းကောင်းတဲ့ပို့စ်လေးပါ။
အေးချမ်းတဲ့အမေ့အိမ်လေးနဲ့ပျော်ရွှင်စရာကောင်းတဲ့
မိသားစုဘဝလေးကိုအရမ်းသတိယလွမ်းမိပါတယ်။

ညီမလေး said...

အိမ်ကိုလွမ်းတယ် မမသက်ဝေရယ်....လွမ်းတယ် ။
" အလွမ်း ပြန်ချင်စိတ်ကြောင့်... အလွမ်း ပြန်ချင်ဇောကြောင့်...
နေ့ခင်း အိပ်မက်ထဲမှာ... အတွေး အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်... ... ..."
တကယ်ပါပဲ။ အိပ်မက်တွေကို ပြန်ရေတွက်ရင် အိမ်ပြန်ရက်တွေနဲ့ချည်း ပြည့်နှက်နေတယ် မမသက်ဝေ..

Anonymous said...

Everybody wants to go home.ME TOO:(( With tear n running nose.....Gyidaw

ZZZ said...

အိမ်ပြန်ချင်သော်လည်း ဒီနှစ်အဖို. ခွင့်က တစ်ရက်ခွဲ အနုတ်ပြနေလို. မပြန်နိုင်ပါ ၊

sonata-cantata said...

တို့များလည်း အဲ့လိုမျိုး ပြန်ချင်တယ်

ကြည်ဖြူပိုင် said...

ပြန်နိုင်ပါစေ
မမသက်ဝေ
:)

ပုံရိပ် / Pon Yate said...

မသက်ဝေလုပ်တာနဲ့ အိမ်ပြန်ချင်လာပြီ။

★Craton said...

ဖတ်ပြီး ပျော်ရမယ့်အစား ငိုချင်သွားတယ်။ :S

အမိမြေ အလွမ်းပြေ said...

How lovely!