Thursday, April 24, 2008

တစ်ခုသောညခင်း လမင်းလဲမသာ
မိုးရိပ်မိုးငွေ့ တွေက အုံ့ အုံ့ ဆိုင်းဆိုင်း
ကိုယ့်ရဲ့ စိတ်တွေက မှုန်မှုန်မှိုင်းမှိုင်း
အတွေးအာရုံထဲမှာတော့ အရာရာဟာ ထုံထုံထိုင်းထိုင်း…။


ခက်တယ်… ခက်တယ်…
ဒီလိုညတစ်ည ဘယ်လိုအိပ်အိပ် အိပ်မရတာကြောင့်
ခေါင်းရင်းက မီးခလုတ်ကို နှိပ်လို့ 

စီပီယူကို အသက်သွင်း
မော်နီတာကို မျက်နှာအပ်
မိုက်ခရိုဆောဖ့်ဝပ်ကို ခေါ်ကာတင်
ကီးဘုတ်ပေါ် လက်ချောင်းတွေထား
ကြိုးစားပမ်းစား ရိုက်ချလိုက်ချင်ပေမယ့်
အတွေးတွေမူးနောက် ကာရန်တွေပျောက်
အကြံတုံး ဥာဏ်တုံး ဘာဆိုဘာတစ်လုံးမှ ထွက်မလာ…။

ဒီလိုနဲ့ ဘဲ…
အချိန်တွေကုန် မျက်လုံးတွေကျိန်းစပ်
စိတ်တွေကဟိုရောက်ဒီရောက် ရှုတ်ရှက်ခတ်
ရှည်လျားကိုယ့်ည တစ်ညတာ
အဆုံးစွန် ကုန်လွန် ကျော်ဖြတ်…
အပြင်ဖက်မှာတော့ တစ်မိုးသောက်လို့ 
အလင်းတောင် ရောက်နေခဲ့ပြီဘဲ…။

နံနက်ခင်းသစ် တစ်ခုကိုရောက်…
ခပ်ဖျော့ဖျော့လင်း နေမင်းရောင်ခြည်ရဲ့အောက်
အိပ်မရ ဒီတစ်ညကို
မုန်းမုန်းတီးတီး သုံးသပ်ကြည့်လိုက်တော့
အသုံးမကျ မဆင်မခြင် ကိုယ့်ကိုယ်ကိုသာအပြစ်တင်…။

အခုအချိန်မှာတော့…
ဆေးခွင့်တစ်ရက်ရဖို့ အရေး
ဆေးခန်းကို အမြန်ပြေးလို့ ယူ
ဘောစ့်နဲ့  ပရောဂျက်
ဒီဇိုင်း နဲ့  အတွက်အချက် ရောယှက်ကာ မေ့ထား
စိတ်ဖိစီးမှုတွေကို အဆုံးစွန်လျော့ရင်း
လေညှင်းနုနုကို တစ်ဝရှု…
ဆူဆူညံညံ လူသံသူသံတွေကင်း
ကိုယ့်ရဲ့ အခန်းကျဉ်းလေးထဲမှာ
ခန်းဆီးလိုက်ကာတွေ တင်းတင်းပိတ်
နေ့ ခင်း ကြောင်တောင်ကို
ညခင်း မှောင်မှောင်လို့ အမှတ်ထား
ကိုယ့်စိတ်ကို ကိုယ်တိုင်လှည့်စား ကာပေါ့
ကဲ…
ဒီတစ်နေ့ တာအဖို့  အားလုံးကို အပြီးမေ့လို့ 
ကိုယ်… စိတ်ချလက်ချ အိပ်ပါရစေတော့…။


(စီပီယူ - CPU, မော်နီတာ - Monitor, မိုက်ခရိုဆော့ဖ်ဝပ် - Microsoft Word, ကီးဘုတ် - KeyBoard,

ဘော့စ် - Boss, ပရောဂျက် - Project, ဒီဇိုင်း - Design)

7 comments:

  1. အမ.. ဖတ်ရတာ နေမကောင်းနေသလိုပဲ
    စိတ်ဖိစီးမှူများနေပုံ။
    ရီစရာတွေဖတ် ပေါ့အမရေ..။
    အားလုံးကောင်းသွားမှာပါ။

    ReplyDelete
  2. ကဗျာက အထာကျ လှချည်လား။
    ပို့ စ် မော်ဒန် များလား။ ဟီးဟီး ။
    ငါ့မှာတော့
    အပူလုံးကြွ ယူကျုံးမရ ထူအုံးဟ လို့ 
    ဟစ်ဟော့ပ် ဆန်ဆန်
    ထပ်ဖြည့်ပေးလိုက်ပြီဗျာ။

    ReplyDelete
  3. ဒါဆိုရင် အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးပါတယ်.. အိပ်ရေးဝလို့ နိုးလာရင် စိတ်ကြည်လင်သွားမှာ.. Sweet Dream!!

    ReplyDelete
  4. အိပ်ရအောင်အိပ်ဗျို့ ကျနော်ကတော့ တံခါးလေးတစ်ချပ်ရှေ့မှာ ခုတိ ငုတ်တုတ်မေ့နေတုန်းပါပဲ။

    ReplyDelete
  5. အဲဒီလိုညတွေ မကြာမကြာကြုံဖူးလို့ သက်ဝေကဗျာလေးကိုထပ်တူ ခံစားလို့ရတယ်။ MCမရလို့ ခေါင်းတွေတစစ်စစ်ကိုက်ပြီး ရုံးမှာ ထိုင်လျှက်နဲ့ငိုက်ခဲ့ဖူးသေး။သက်ဝေရေ...ဘာပဲဖြစ်ဖြစ် အဲဒီညလေးကပဲ ဒီကဗျာလေးလဲ မြစ်ဖျားခံရာပေါ့နော်။

    ReplyDelete
  6. အိပ်မရရင် ဘေးက လူကိုပြေးဖက်လိုက်လေ..မသက်ဝေရဲ့...။
    နည်းလမ်းကောင်းလေး...ပေးတာပါ..။ ဟိ..။

    ReplyDelete
  7. မြတ်နိုးရေ... ဟုတ်ပါတယ်။ ဒီရက်တွေထဲ အလွန်ပင်ပန်းနေတယ်။ မေဒေး ကျော်ရင်တော့ ပုံမှန်ပြန်ဖြစ်လောက်ပါပြီ။

    ကိုသူကြီး... အဟီး ပို့ စ် မော်ဒန် ဘာညာ သာရကာတွေ သိလို့ တော့မဟုတ်ရပါ။ သေချာတာကတော့ ရင်ထဲက အစစ်အမှန် တွေပါ။ ထူပေးမယ့်သူ ရှာထားလေ... ဟိ

    နုစံရေ... ညကအိပ်ရေးဝလို့ ဒီနေ့ တော့ ကြည်ကြည်လင်လင်ပါ။ ဆုတောင်းနဲ့ အညီ လှပတဲ့ အိမ်မက်ထဲ မှာတော့ ပိုစ့် အသစ်လှလှလေးတွေရေးလို့ ပေါ့...။

    Younggun မောင်လေးရေ... စိတ်ချမ်းသာစွာ ရှင်သန်နိုင်ဖို့ ကြိုးစားပါ။

    တန်ခူး... တူညီလှတဲ့ Life Style တွေလေ...။ ဘာဘဲဖြစ်ဖြစ် ဒီတစ်ပါတ်တော့ အတော် အသက်ရှုချောင်သွားပါပြီ။ မေဒေး ဟောလီးဒေးရယ်... ပြီးတော့ Friday ပါ ဆက်ပြီး ခွင့်တင်ထားခဲ့သလေ.. ဟီဟိ။

    လေးမရေ... သင်္ကြန်တွင်းထဲက ပျောက်သွားတာ အခုမှဘဲတွေ့ ရတော့တယ်။ ဘေးကလူ ပြေးဖက်ချင်ပေါင်... သူက တခေါခေါနဲ့  အိပ်မောကျနေတာမို့ မနာလို တိုရှည်စွာနဲ့ ထုရိုက် ကုတ်ခြစ် ချင်စိတ်ပဲရှိပါတယ်...။ ဟီဟိ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...