Wednesday, December 2, 2009

ကော်ဖီခွက်ထဲက မိုးတိမ်

ကဗျာတွေ အများကြီး ရေးချင်ပေမယ့် မရေးတတ်တဲ့ ကိုယ့်အတွက်၊ ပြီးတော့ Sweet December အတွက် လက်ဆောင်ရလာတဲ့ ကဗျာလေးတပုဒ် နဲ့ ဓါတ်ပုံလေးပါ...။



ကော်ဖီခွက်ထဲက မိုးတိမ်

ငါက… အန္တရာယ်များမှ
ကခုန်လှုပ်ရမ်း
ခရီးကြမ်းပေါ် ပျော်တဲ့သူ…

ငါက… အသွင်အမျိုးမျိုးဆောင်
တောတောင်တွေ သိမ်းပိုက်ဖူးသူ…
မြစ်ချောင်းတလျှောက် ပင်လယ်ပေါက်ထိ
ရှိသမျှအကုန် သိမ်းပိုက်ဖူးသူ…

နောက်ပြန် မကြည့်တတ်သူဆို
ဘယ်သူမှ မငြင်းကြ
ရူးသွပ်ခြင်းနဲ့ မုန်တိုင်းတွေကို
သည်းသည်းပါအောင် သတ်လုံး
ဟောဒီ မိုးတိမ်က ရှုံးပွဲမရှိ…

ကံကျချိန်
ဓါတ်ဘူး တိမ်တိမ်လေးထဲ
ရွှဲရွှဲစိုတဲ့ အခါကျ
ဝီစကီခွက်ထဲက
သတိရ စိတ်ပူမိတဲ့
အမေ့ရဲ့ စားဝတ်နေရေး
ချစ်သူရဲ့ ဆေးရေးပန်းချီ
အချိန်တန်ပြီ ပြေးဖက်လွမ်းရင်း
အော်… ကိုယ်မင်းအတွက် ဆင်တိမ်နဂါး
တိုးနယားတွေ ပြန်ဆင်ပေးရအုံးမယ်…

ချစ်သူရေ…
တို့တွေ ခရီးရှည် ဘယ်မျှ
ချီတက်ရစေအုံးတော့
မလျှော့တဲ့ အနမ်းတွေ
လေပြေနဲ့ စေမြန်း
မခမ်းတဲ့ အချစ်တွေ
ပင်လယ်လို ဝေဆင်း
ပေါင်းစပ်ခြင်းရှိလာတဲ့ အခါကျ
ဘာမှ မလပ်စေရဘူးကွယ်…

အဲဒီနေ့ဟာ
နွေ သို့မဟုတ် မိုး
တိုးဖက်ရမယ့်ဆောင်း
အကြောင်းမဟုတ်ရ
တလှပ်လှပ်ရင်
ခုံမင်ချိုမြ
ဟောဒီက မိုးတိမ်တစင်း
ချစ်ခြင်းနဲ့ မင်းအတွက်
ကိုယ်… ကော်ဖီခွက်ထဲမှာလေ
စိတ်ကြိုက်သာ ကိုယ့်ကို သောက်ပါ မေ…


အမှတ်တရ ရေးပို့လာတဲ့ ကဗျာလေးရဲ့ပိုင်ရှင်ကို ကျေးဇူး အများကြီးတင်ပါတယ်…။
နောင်ကိုလဲ မိုးတိမ်တိုက်တွေလို လှပတဲ့ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်…။




13 comments:

  1. ကိုယ့်ချစ်သူသာ ကိုသောက်မဲ့ကော်ဖီ ဖြစ်နေခဲ့ရင် ကိုယ်သောက်ရက်မှာ မဟုတ်ဘူး........

    ReplyDelete
  2. မသက်ဝေ ကဗျာလေးက နူးညံ့လိုက်တာ... ကတိတွေ အစုံ မျှော်လင့်တွေ တပုံကြီးလည်း ပေးထားလိုက်သေးတယ်။ တူးတူးရဲ့ ဇာတ်ပေါင်းခန်း သီချင်းလေးတောင် သတိရမိသေး... Sweet December ပါ

    ReplyDelete
  3. လှလိုက်တဲ့ကဗျာလေး...

    "ဟောဒီက မိုးတိမ်တစင်း
    ချစ်ခြင်းနဲ့ မင်းအတွက်
    ကိုယ်… ကော်ဖီခွက်ထဲမှာလေ
    စိတ်ကြိုက်သာ ကိုယ့်ကို သောက်ပါ မေ…"

    ......
    'ဒါကို အကြိုက်ဆုံးပါပဲ'

    ReplyDelete
  4. ဟင်..ချစ်သူဟာ ကော်ဖီဆို မသောက်ပါဘူး။ တော်ကြာ..ငန်နေရင် ဘယ်လိုလုပ်မလဲ။
    ကြော်တယ်။
    ကဗျာမဆန်လိုသူ
    mm

    ReplyDelete
  5. ကော်ဖီလည်းကြိုက်တယ်။ မိုးတိမ်လည်းကြိုက်တယ်။ ကော်ဖီနဲ့မိုးတိမ်ရော ပြီးတော့မသောက်ဖူးသေးပါ။ ကော်ဖီခွက်ထဲရောက်နေတဲ့မိုးတိမ်ကဗျာကို တော့ဖတ်ဖူးသွားပါပြီ။ အိမ်ကိုလာလည်တာကျေးဇူးတင်ပါတယ်။ သက်ဝေ ဘလော့ဂ်က ပိုလှလာတယ်နော်။ လင့်ခ်လုပ်ခွင့်ပေးပါဗျာ။

    ReplyDelete
  6. ကောင်းလိုက်တဲ့ ကဗျာလေး.... ကော်ဖီ တစ်ခွက်လိုပဲ ဖတ်ရတာ အရသာရှိလိုက်တာ...

    ReplyDelete
  7. Usually whisky & drinking water advertisements R with stream
    or creek from some where...water...
    May B this coffee is latest starbug :)
    Thx :P

    ReplyDelete
  8. ဒီအဒေါ်ကြီး ကော်ဖီတော်တော်ကြိုက်ပုံရတယ် :P

    ReplyDelete
  9. တီတီ သက်ဝေတို့များ ချစ်သူ ခင်သူတွေပေါပါ့၊ ငါ့ကိုများ အဲလို ဘလော့ဂ်ဖတ် ပရိသတ် တယောက်ယောက်က ချစ်ခြင်းများစွာနဲ့ ကဗျာလေး တပုဒ်ရေးပေးပြီး သူ့ကို ကော်ဖီလေး တခွက် အနေနဲ့ သောက်ပါလို့ ပြောလာရင် ငါကတော့ သူ စိတ်ချမ်းသာအောင်....

    မျက်စိ ကို မှိတ်
    နှာခေါင်း ပိတ်၍
    ကြိတ်မှိတ်မြိုချ လိုက်ပါမည်။
    သာဓု..သာဓု..သာဓု..။

    ReplyDelete
  10. ကော်ဖီတခွက်လိုပါပဲ၊ အရသာတမျိုးကို ရလိုက်တယ်၊
    ဘယ်လိုလဲဆိုတာတော့ ကော်ဖီကပေးတဲ့ ယစ်မူးလိုခြင်းလိုပါပဲ။

    ReplyDelete
  11. ကဗျာလေးကို ရိုးရိုးလေး ခံစားသွားတယ်

    ReplyDelete
  12. ကဗျာလေးကောင်းတယ။်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...