ဘလော့ဂ် မှတ်တမ်း - အပိုင်း (၁) မှ အဆက်
မှတ်ချက် (သို့) ဘလော့ဂ်ရဲ့ အနှစ်သာရ
မှတ်ချက် ဆိုတာကို ဘလော့ဂ်ရဲ့ အနှစ်သာရ တခုလို့ ကိုယ် ခေါင်းစဉ်တပ်လိုက်တာ မှန်ချင်မှ မှန်မယ်… ဒီလိုပြောလို့ ရချင်မှလဲ ရမယ်။ ဒါပေမယ့် မှတ်ချက်ရေးတာနဲ့ ပတ်သက်ပြီး ကိုယ်မြင်တာကို နဲနဲပြောပြချင်တယ်။ မှတ်ချက်ရေးခြင်းဆိုတာက စာတပုဒ်ကို ဖတ်ပြီး စာရေးသူကို ချစ်ခင်စွာနဲ့ နှစ်သက်စကား ဆိုခွင့်ရတာ၊ တူညီတဲ့ ရှုထောင့်က ဖြစ်စေ၊ မတူညီတဲ့ ရှုထောင့်က ဖြစ်စေ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးကို စာရေးသူ သိအောင် ချပြလို့ရတာ၊ တခြား စာရေးဖေါ်တွေ စာဖတ်သူတွေရဲ့ ထင်မြင်ယူဆချက်လေးတွေကို တွေ့မြင်ရတာ… အဲဒါလေးတွေဟာ စာတပုဒ်ကို ဖန်တီးမှုနဲ့ စာရေးသူရဲ့ အားထုတ်မှု၊ ဘလော့ဂ်တခုရဲ့ ဖြစ်တည်မှု တို့အပြင် စာရေးသူနဲ့ စာဖတ်သူကို တိုက်ရိုက် ဆက်သွယ်ပေးနိုင်တဲ့အတွက် ကြည်နူးစရာ ပျော်စရာ ဖြစ်ရပ်တခုလို့ မြင်ပါတယ်။ ရှိသင့် ရှိထိုက်တဲ့ ပေါင်းကူးတံတားတခုလို့လဲ မြင်ပါတယ်။
ရေးထားတဲ့ စာကို သဘောကျလို့ အကြောင်းအကျိုး တိုက်ဆိုင်လို့ မှတ်ချက်ရေးတယ်။ ခံစားချက်တွေ ထပ်တူညီလို့ မှတ်ချက်ရေးတယ်။ သဘောထားချင်း မတိုက်ဆိုင်လို့ မှတ်ချက်ရေးတယ်။ စာရေးတဲ့သူကို မတွေ့ဖူး မမြင်ဖူးသော်လည်း စာတွေကတဆင့် ခင်နေလို့ မှတ်ချက်ရေးတယ်။ စာရေးသူနဲ့ သူငယ်ချင်းတွေမို့ မှတ်ချက်ရေးတယ်။ သံတမန်ရေးရာအရ မှတ်ချက်ရေးတယ်။ ကိုယ့်ဆီလာရေးသွားလို့ ကိုယ်ကလဲ တလှည့် ပြန်သွားရေးတယ်… စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်…။
ဘယ်လိုပဲ ဖြစ်ဖြစ် စာတပုဒ်ဖြစ်လာဖို့ စာရေးသူတယောက်ဟာ အချိန်ရော အတွေးရော အရေးရောအတွက် အားထုတ်ရသလို မှတ်ချက်တခုအတွက်လဲ မှတ်ချက်ရေးသူဟာ အတိုင်းအတာ တခုတော့ အားထုတ်ရတယ်လို့ မြင်ပါတယ်။ စာကို စစ ဆုံးဆုံး သေသေချာချာ ဖတ်ရတယ်…။ နောက် ခံစားကြည့်တယ်… တွေးကြည့်တယ်… ပြီးတော့ ကိုယ့်စိတ်ထဲမှာ ထင်မြင်တဲ့ သဘောထားကို မှတ်ချက်အဖြစ် ချရေးတယ်…။ ယုတ်စွအဆုံး အပျော် အပျက် နောက်နောက်ပြောင်ပြောင် မှတ်ချက်မျိုး ရေးရင်တောင် မှတ်ချက်ရေးရန်ဆိုတဲ့ အကွက်မှာ စာလုံးတွေ တသီတတန်း ရိုက်ထည့်ရသေးတယ် မဟုတ်လား…။ ဒီတော့ စာရေးသူတယောက်အနေနဲ့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မှတ်ချက်ဆိုတာ တန်ဖိုးထားသင့်တဲ့ အရာတခုလို့ မြင်ပါတယ်။ ကိုယ် ကိုယ်တိုင်လဲ မှတ်ချက်တွေအပေါ်မှာ အလွန် လေးလေးစားစား မြတ်မြတ်နိုးနိုး တန်ဖိုးထားတယ်ဆိုတာ ကိုယ့်ရဲ့ စာဖတ်သူတွေကို ဒီနေရာကနေ အသိပေးလိုက်ပါရစေ။
တခါတခါမှာ တချို့စာမျက်နှာတွေမှာ ပိုစ့်နဲ့ မပတ်သက်တဲ့၊ မယဉ်ကျေး မဖွယ်ရာတဲ့၊ အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေကိုလဲ မြင်ဖူး တွေ့ဖူး ဖတ်ဖူးပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကိုယ်တိုင် မကြုံဖူးသေးတာမို့ အများကြီး မပြောတတ်ပါဘူး။ ရေးထားတဲ့စာကို မနှစ်သက်ရင် မနှစ်သက်တဲ့ အလျောက် စာဖတ်သူက သူ့ရဲ့သဘောထားကို သူကြိုက်တဲ့ နည်းနဲ့ ချပြသွားတာ ဖြစ်နိုင်ပါတယ်။ ဒါ စာဖတ်သူတွေရဲ့ လွတ်လပ်ခွင့်ပါပဲ…။
ဘလော့ဂါဆိုတာ
ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါဖြစ်ရောလား… ဘလော့ဂ်ပေါ်မှာ စာတွေရေးတိုင်း ဘလော့ဂါ ဖြစ်ရောလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ အကျယ် အကျယ် မပြောလိုတော့ပါ…။ ကိုယ့် ခံယူချက်၊ ကိုယ်ပိုင် ရပ်တည်ချက်တွေနဲ့ အတူ စိတ်တိုင်းကျပဲ အကဲဖြတ်ပြီး ယူဆ တွေးတောကြပါတော့။ ကိုယ်တိုင်ကတော့ အဲဒီမေးခွန်းနဲ့ ပတ်သက်လို့ ဘလော့ဂ်နဲ့ ဆိုင်တဲ့ မကေ ရဲ့ ပိုစ့်တခုမှာ အခုလို ကော်မန့် ပေးခဲ့ဖူးတာ ပြန်သတိရနေပါတယ်။
ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါဖြစ်ရောလား ဆိုတာကို သေသေချာချာ တွေးမကြည့်ခဲ့ဖူးပါ...။
စိတ်ထဲရှိသလို စိတ်ချမ်းသာသလို ချရေးလို့ ရတဲ့ နေရာလေးတစ်ခု..
သူငယ်ချင်း မိတ်ဆွေတွေ တိုးပွားလာစေတဲ့ နေရာလေးတစ်ခု...
အသိပညာ ဗဟုသုတတွေ ဖလှယ်နိုင်တဲ့ နေရာလေးတစ်ခု...
စိတ်တွေ ပင်ပန်းတင်းကျပ်နေတဲ့ အခါမျိုးတွေမှာ ထွက်ပေါက်လေးပေးနိုင်တဲ့ နေရာလေးတစ်ခု...
အဲဒါလေးတွေကြောင့် ဘလော့ဂ်နေဖြစ်တယ် ဆိုပါတော့...
ဘလော့ဂ်ရေးတိုင်း ဘလော့ဂ်ဂါဖြစ်မဖြစ် ဆိုတဲ့ အချက်ကတော့ နားလည်တဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်...
ပတ်ဝန်းကျင် အခြေအနေ
အသက်အရွယ် အပိုင်းအခြား နဲ့ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ စကားအတိုင်း ဒီနှစ် ၂၀၁၀ မှာ စာရေးဖေါ် သူငယ်ချင်းတချို့လဲ စာအရေးကျဲကုန်ကြတာ သတိထားမိတယ်။ တချို့ဆို အရှင်းကို ပျောက်သွားတယ်။ တချို့ကတော့ ခပ်ကျဲကျဲနဲ့ မှန်မှန်လေးရေးနေတယ်။ တချို့ကတော့ တလ နှစ်လ လောက်နေမှ ပိုစ့်တခုလောက် တက်လာကြတယ်။ ပိုစ့်တွေ အဆက်မပြတ် တင်နေနိုင်တဲ့သူတွေရဲ့ ဝါသနာနဲ့ အချိန်ပေး အားထုတ်မှုကိုတော့ တကယ် လေးစားစွာနဲ့ ချီးကျူးမိပါတယ်။ အများစုက ဘလော့ဂ်ဂင်းဆိုတာကို ခေတ်မှီအောင်၊ နာမည်ကြီးအောင် ပေါ်ပင်သက်သက် မဟုတ်ပဲ ဝါသနာပါလို့ အချိန်ပေးပြီး လုပ်နေကြတဲ့သူတွေမို့ ပျောက်နေလဲ အခိုက်အတန့်ပဲ… အချိန်ရတာနဲ့ ဒီနေရာကို ပြန်ရောက်လာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေဆဲပါ…။
ဒီလို ပျောက်နေတဲ့ စာရေးဖေါ်အဟောင်းတွေ နေရာမှာ စာရေးဖေါ် အသစ် အသစ်တွေလဲ အများကြီး ရောက်လာကြတယ်…။ အများစုကတော့ ကိုယ်တို့ထက် ဆယ်စုနှစ်တခုစာလောက် ငယ်ရွယ်တဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေရေးတဲ့ စာ ကဗျာတွေကိုလဲ အချိန်ရရင် ရသလို လေးလေးစားစား လိုက်ဖတ်ပါတယ်။ ကိုယ်မသိသေးတာတွေရှိရင်လဲ မှတ်သားပါတယ်။ ဖတ်ဖြစ်သမျှ စာတိုင်းမှာ မှတ်ချက်တွေကို အတတ်နိုင်ဆုံး ရေးဖြစ်အောင် ကြိုးစားပါတယ်…။ သို့သော် အချိန်မရလိုက်လို့ မှတ်ချက် မရေးဖြစ်တဲ့ အခါတွေအတွက်တော့ စိတ်မရှိကြစေဖို့ တောင်းပန်ချင်ပါတယ်…။
လက်ရှိ အခြေအနေ နဲ့ ချင့်ချိန်နိုင်တဲ့ အသိ
အခုတလောမှာ လူက ဘာဖြစ်နေသလဲ မသိ… စာရေးရတာ တအား ဘောင်ကျဉ်းလာတယ်လို့ ခံစားမိတယ်။ ရေးချင်တာတွေကို စိတ်ရှိသလို မရေးရတော့ လူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာတယ်။ တခုခုရေးလိုက်ရင် အမှားတွေပဲ ပါသွားတော့မလိုလို၊ ပြဿနာပဲ ဖြစ်တော့မလိုနဲ့ အလိုလိုနေရင်း ခြောက်ခြားတတ်လာတယ်။
တဖက်ကလဲ လေး ငါး ရက်လောက်ခြားလို့မှ စာအသစ်လေး မတင်ဖြစ်ရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ ဝတ္တရားတွေပဲ ပျက်ကွက်မိနေသလို (မလိုအပ်တဲ့ ကြီးကြီးကျယ်ကျယ် အတွေးမျိုးတွေနဲ့) အားတုံ့အားနာတွေ ခံစားနေရပြန်တယ်… သိပ်ခက်ပါတယ်။ တကယ်တော့ အဲဒီလို တာဝန်ကြီး တရပ်လို ခံစားနေရတာ မကောင်းဘူး… ဝါသနာပါတာကို Relax ဖြစ်ချင်လို့ လုပ်ပါတယ်… Relax မဖြစ်ပဲ Stress ဖြစ်နေရတာ ဘယ်ကောင်းမှာလဲ… သို့သော် အခုအချိန်အထိတော့ ဘလော့ဂ်ရေးတာကို Stress ဖြစ်နေလို့ ရပ်မယ်လို့ တခါမှ မတွေးမိတာ အမှန်ပါ…။ တတ်နိုင်သလောက်တော့ ရေးနေမိမယ် ထင်ပါတယ်…။
ဘာလုပ်လုပ် (ကျောင်းစာကလွဲလို့) အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ မအိပ်မနေ လုပ်တတ်တဲ့ အကျင့်ကြောင့် ဒီဘလော့ဂ်နဲ့ ပတ်သက်လို့ တခါတခါမှာ တော်တော်လေး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတယ်။ အဓိက ကတော့ ချင့်ချိန်နိုင်တဲ့ အသိ အောက်က လွတ်လွတ်သွားလို့ပါပဲ…။ အခု လောလောဆယ်မှာတော့ ဘဝမှာ အဓိကနဲ့ သာမညကို ခွဲခြားသိတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတယ်။
လူ့ဘဝဆိုတာ တိုတိုလေးလို့ အားလုံးက ဆိုကြတယ်.. အဲဒီ အချိန်တိုလေးအတွင်းမှာ ကိုယ့်ဘဝအတွက် ဘယ်အရာက အရေးကြီးသလဲ… ဘယ်အရာကို အဓိကထား ဦးစားပေးသင့်သလဲ၊ ဘယ်အရာကို လျှစ်လျှူရှုထားလို့ ရသလဲ ဆိုတာတွေကို သေသေချာချာ တွေးကြည့်လိုက်မိရင် တခုခုဆို အလွန်အကျွံ မဖြစ်ရလေအောင် ဆင်ခြင် တွေးတော ချင့်ချိန်နိုင်စွမ်း ရှိလာဖို့ မျှော်လင့်တယ်။ မလိုအပ်ပဲ အတင်း ခေါင်းမာနေပြီး ကိုယ်စိတ်ပျော်ရာတွေကို ဆန္ဒအလျောက် အချိန်ကုန်ခံပြီး ဇွတ်တရွတ်လုပ်နေရလောက်အောင် ဘဝက ခွင့်မပြုတော့ဘူး။ အသက်ကလဲ တော်တော်ကြီးနေပြီ…။ ဒီတော့ မော်နီတာကို မျက်နှာအပ်နေချိန်တွေ လျှော့ပြီး တခြား ကုသိုလ်ရေး လုပ်ငန်းလေးတွေ၊ လူမှုရေး လုပ်ငန်းလေးတွေမှာ တတ်နိုင်သလောက် ပါဝင်ဖို့ စဉ်းစားထားတယ်။ ဘာပဲလုပ်လုပ် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အရာရာမှာ အသင့်အတင့်ပဲ ရှိအောင် ကြိုးစားတော့မယ်။
ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်ကြည့်လိုက်ရင် လုပ်ချင်တာကို မချင့်မချိန် ပေတေပြီး လုပ်နေတဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို အထင်းသား ပြန်မြင်လာရတယ်။ အအိပ်ပျက်တာတွေရယ် တနေ့တနေ့ မလှုပ်မရှားနဲ့ မော်နီတာနဲ့ မျက်နှာအပ်နေတဲ့ အချိန်တွေများတာရယ်ကလဲ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် မကောင်းဘူး။ မကြာ မကြာကိုက်နေတတ်တဲ့ ကိုယ့်ရဲ့ ခေါင်း နဲ့ တဖြည်းဖြည်း ဝေဝါးလာတဲ့ ကိုယ့်ရဲ့ အမြင်အာရုံအကြောင်းကို ကိုယ်သာသိတယ်…။ နောင်တ ဆိုတာ နောင်မှ တ ကြရတာမှန်ပေမယ့် ဒီဘလော့ဂ်နဲ့ ပတ်သက်လို့တော့ ခုချိန်အထိ တခါမှ နောင်တ မရဖူးသေးပါဘူး။
မှတ်တမ်း
ကိုယ်ရေးတဲ့စာကို ဒီစာမျက်နှာတွေပေါ်မှာ တင်ပြီဆိုမှတော့ စာဖတ်သူ ရှိစေချင်တာ ရိုးသား မှန်ကန်တဲ့ ဆန္ဒပါပဲ…။ စာဖတ်သူ မရှိစေချင်ရင်၊ ကိုယ်ရေးတဲ့ စာကို သူများတွေ မဖတ်စေချင်ရင် ဒီနေရာမှာ ဘယ်သူက လာ ချပြပါ့မလဲ… ကိုယ့်ဟာကိုယ် သိမ်းထားမှာပေါ့… ဟုတ်ဖူးလား..။ ဒီတော့ ကိုယ်ရေးတဲ့ စာတွေကို အချိန်ပေးပြီး လာဖတ်ကြတဲ့ စာဖတ်သူ အားလုံးကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းတင်ချင်ပါတယ်။
ဒီဘလော့ဂ်လေးနဲ့ ပတ်သက်လို့ အမြဲ အမှတ်တရရှိနေတဲ့သူ နှစ်ယောက်ကတော့ ကိုယ့်စီဘောက်စ်မှာ ပထမဆုံး နှုတ်ဆက်စကားဆိုခဲ့သူ မောင်မျိုး နဲ့ ပထမဆုံး မှတ်ချက်ရေးခဲ့တဲ့ လေးမ တို့ပါ။ မောင်မျိုးကတော့ ဟိုအရင်တလောက ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပေမယ့် အခုတော့ စာတွေမှန်မှန်ဆက်ရေးနေတယ်…။ လေးမကတော့ မြန်မာလိုရေးတဲ့ ဘလော့ဂ်မှာ ပျောက်နေပြီး အင်္ဂလိပ်လိုရေးနေတဲ့ ဘလော့ဂ်မှာ ပိုစ့်အသစ်တချို့ တွေ့ရတယ်။ ကိုယ့်အတွက် ပထမဦးဆုံး လက်ခံရရှိခဲ့တဲ့ နှုတ်ဆက်စကားနဲ့ မှတ်ချက်လေးအတွက် သူတို့နှစ်ယောက်ကို အမြဲ အမှတ်တရ ရှိနေမှာပါ။
ပြီးတော့ ချစ်ခင်ရတဲ့ စာရေးဖေါ် အကို အမ မောင် ညီမများ၊ စီဘောက်စ်မှာ နှုတ်ဆက်စကားဆိုကြသူများ၊ မှတ်ချက်ရေးသွားကြသူများ၊ မျက်နှာစာအုပ်မှာ သိကျွမ်းခင်မင်ခွင့်ရတဲ့ မိတ်ဆွေများ နဲ့အတူ အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းတင်ထားပါရစေ…။
ဒီ ဘလော့ဂ် မှတ်တမ်း ပိုစ့်ကို မတင်ခင်မှာ စာအကြမ်းကို ကူဖတ်ပေးခဲ့တဲ့ ကိုရွာသားလေး နဲ့ စာကူဖတ်ပေးရုံသာမက အပြင်မှာထက် ပိုလှတဲ့ ချစ်စရာပုံလေးကို (အလဲ့… ကိုယ့်ပုံကိုယ် ချစ်စရာ ဆိုပဲ) ဆွဲပေးခဲ့တဲ့ ညီမ ပန်ပန် ကိုလဲ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။
အခုရေးခဲ့တာတွေ အားလုံးဟာ ကိုယ်တိုင် ပါဝင် စီးဆင်းရင်း သိမြင် တွေ့ထိ ခံစားလာခဲ့ရတဲ့ ကိုယ့်ရဲ့ ဘလော့ဂ်မှတ်တမ်း ပါပဲ…။
Kaung Htet Myint - နေ့ခင်းတုန်းက ဒီပိုစ့်တက်လာမလား ကြည့်နေသေးတယ်
ReplyDeleteSteve Evergreen - မသက်ဝေ အရေးအသား တော်တော်တည်ငြိမ်တယ်
FaceBook မှာတွေ့လို့ ကူးလာပေးတာ
ပုံ/
မသက်ဝေ၏ စာဖတ်ပရိသတ်တဦး
ဘလော့ဂ်ရှိတိုင်း ဘလော့ဂါ မဟုတ်လောက်ပါဘူး။
ReplyDeleteကိုယ့်ကိုယ်ကို ပြောတာပါ..။
ဒီနေ့မှ တခါတည်း ပေါင်းဖတ်တယိနော်..။
ဖတ်လို့ကောင်းတယ်..။
အမျိုးတစ်ယောက်
ငါ့နှမမယ်သက် ဒီတခါရေးတာ ဘလော့လောကရဲ့ အရှိကိုအရှိအတိုင်းပဲ...ကိုကြီးကျောက်လဲ အဲသလိုမျိုးရေးချင်တာ..၊ လူကအနောက်အရွှတ်ပြောနေကြဆိုတော့ အတည်ကိုရေးလို့မရဘူး..၊သရဲလိုလိုမှင်စာလိုလို နတ်လိုလို ဓါတ်လိုလိုတွေ လျှောက်ရေးတာတောင် ရုပ်တည်ကြီးထားလို့ကိုမရဘူး..၊essayလေးတွေရေးပါဦးမယ်သက်ရေ့...........
ReplyDeleteကျွန်မလဲ ကိုယ့်ကိုယ်ကို ခုချိန်ထိ ဘလောဂ့်ဂါတစ်ယောက်ရယ်လို့ မသတ်မှတ်မိဘူး.. သူများတွေက ဘလော်ဂါလို့ သုံးနှုန်းလာရင်တောင် ကိုယ်နဲ့စိမ်းနေတဲ့ အသုံးအနှုန်းတစ်ခုလို ခံစားမိတယ်..
ReplyDeleteသေချာတာကတော့ ဘလော်ဂါဖြစ်ချင်လို့ စာရေးလာတာ မဟုတ်ဘဲ စာရေးချင်လာလို့ ဘလော့ဂ်လုပ်မိတယ်ဆိုတာပါဘဲ...
ဘလော်ဂါဘဲဖြစ်ဖြစ် ရေးချင်လို့ရေးသူဘဲဖြစ်ဖြစ် စေတနာလေးနဲ့ ရေးတယ်ဆိုရင် စာဖတ်သူတွေဆီက တူညီသော တုံ့ပြန်မှုလေးတွေ ရလာမယ်လို့ ယုံကြည်မိပါတယ်..
သက်ဝေရေ နင်ကလည်း ဘယ်လိုကြီးရေးလိုက်တာလဲဟာ
ReplyDeleteငါ့မှာ စာဖတ်ရင်း ငိုချင်လာတယ်
...
မျက်ရည်ထွက်အောင် မှန်သွားလို့
...
ဟုတ်ပါ့ တကယ့် အမှတ်တရပဲနော့်း) အဲ့တုန်းက အစ်မကိုရွယ်တူထင်လို့ ခပ်တည်တည်နဲ့ ” သက်ဝေရေ ပထမဆုံးအကြိမ် လာလည်ပါတယ်“လို့ရေးခဲ့ဖူးတာ မှတ်မိသေး ၂ နှစ်နေမှ ကန်တော့လာလုပ်တာ ကန်တော့နော် အစ်မ ဟဲဟဲ
ReplyDeleteဘလော့ဂ်အပေါ် သဘောထားလေးတွေ တော်တော်များများ တိုက်ဆိုင်ပါတယ်။ အချိန်ပေးရတာကတော့ ပေးရတာပဲ...ရေးရတာ ပျော်နေတာကိုး၊ ကိုယ်က ပျော်ပျော်နေတတ်သူမို့ စာ စရေးကတည်းက ဟာသပဲရေးချင်တယ်လို့ ပြောခဲ့ဖူးတာ သူငယ်ချင်း မှတ်မိပါလိမ့်မယ်။ စာဖတ်သူရဲ့ အကြိုက် အမျိုးမျိုးထဲမှာ ကိုယ်လည်း ဝေဖန်ခံခဲ့ရတာပဲ။ အားလုံးနည်းတူ တချို့ အနောနိမတ်တွေရဲ့ ကော်မန့်ကြောင့် စိတ်ညစ်ခဲ့ရဖူးတိုင်း ကိုယ့် ဘေးဘီပတ်ဝန်းကျင်က ရေးဖော်တွေကို ကြည့်ပြီး အားမွေးခဲ့ရတာ။ သူငယ်ချင်းရဲ့ အားပေးစကားတွေလည်း ပါတာပေါ့။ အရေခွံထူအောင်တော့ ကြိုးစားနေတုန်းပဲ....။ မကြာခင်မှာ ၃နှစ်ပြည့်တော့မဲ့ သူငယ်ချင်းရဲ့ ဘလောဂ့်အပေါ် အားထုတ်မှုအတွက် ဂုဏ်ယူပါတယ် သူငယ်ချင်းရေ...:)
ReplyDeleteBlog
ReplyDeleteBrought
Lock
Block
(ဘာရေးရမှန်းမသိလို့..လျှောက်ရေးသွားတယ်..)
း)
ဘလော့ဂ် ဆိုတာ..ကျမတို့ ပြတင်းပေါက်.. ဖွင့်..ပိတ်..ကြည့်..မြင်..သိ..ခင်..နှစ်သက်..အမြင်ကပ်(ခံ)..ညစ်..ငြင်း..ညိ..ညိုး.. ညံ..
အရမ်းငေးလို့ ကောင်းတဲ့..ပြတင်းပေါက်..
ဟန်နီ
ReplyDeleteဘယ်လိုပဲ ဖြစ်ဖြစ် တွေးစရာရေးစရာလေးတွေကို အိပ်ပျက် စားပျက်ခံ
အဿပြာနတ္တိ ဝါသနာ ဗရပွတွေနဲ့ ကြိုးပမ်းအားထုတ်နေကြသူများအားလုံးကို
လေးစားအားကျလျှက်ပါ။
ချမ်းမြေ့ပါစေ ဟန်နီ။
ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}
စာရေးချင်လို့ ဘလော့လုပ်ဖြစ်တယ်။
ReplyDeleteဘလော့လုပ်လို့ စာပိုရေးဖြစ်တယ်။
ဘလော့က စာရေးဖို့အတွက် လေ့ကျင့်ကွင်း တခုလိုပဲ။
ဒါပေမဲ့ အမသက်ဝေပြောသလိုပဲ နောက်ပိုင်း ဘောင်ကျဉ်းလာတယ်။ အရင်လို ထင်သလို မြင်သလို မရေးဖြစ်တော့ဘူး။
ကွန်မန့်တွေကြောင့် ပျော်ရသလို စိတ်အနှောက်အယှက်လဲ ဖြစ်ရတယ်။ ဒါကြောင့် နောက်ဆုံး မော်ဒရိတ်မလုပ်ချင်ဘဲ လုပ်ထားလိုက်ရတယ်။
အမရေးတာ တော်တော်လေး ပြည့်စုံမှန်ကန်ပါတယ်။ ညီမလဲ ဘလော့သက်တမ်း ၄ နှစ်ပြည့်တော့မယ်။
အမသက်ဝေ ရေးထားတာ အားလုံး စာရေးတဲ့သူတိုင်း ပြောချင်နေတဲ့ ပြောမိမယ့် စကားတွေပါပဲ
ReplyDeleteတစ်ခါတစ်ခါ comment ကိုမျှော်ရတာ ကောင်မလေးကို ရည်းစားစာပေးပြီး reply ကိုစောင့်ရသလိုပဲ :D
ReplyDeleteဝါသနာအလျောက်ရေးရေး၊ စေတနာနဲ့ပဲ ရေးရေး (ဘာရေးရေး၊ ဘာပေးပေး)အစ်မရေးတဲ့စာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ပါတယ်...
ReplyDeleteထပ်ပြီးလည်း ဖတ်ချင်ပါသေးတယ်...
အစ်မအချိန်တွေ တော်တော်ပေးရမှန်း သိရက်၊ အားနာနာနဲ့ ပြောရတာပါ...
အစ်မဘဝမှာ အမှတ်တရတွေများစွာ၊ အကျိုးတွေများစွာ(မှန်သောစေတနာကြောင့်)ဖြစ်နေစေမယ့် ဒီဘလော့ဂ်ကို တတ်နိုင်သလောက် carry onပါလို့...
ခင်မင်လေးစာတဲ့
TOI
နိဂုန်းချုပ်သွားပြီးလား ဒီမှာဖတ်လို့ကောင်းနေတုံး..း)
ReplyDeleteဘလော့ကင်းခြင်းနဲ့ပတ်သတ်လို့ ရေးပေးပါဆိုရင် အဲသလို စနစ်ကျကျသေသေချာချာတော့ မရေးတတ်ဘူး။ ဒါပေမဲ့ ကိုယ်ပြောချင်တာတွေ ဆန္ဒချင်းထပ်တူကျတာတွေ ဒီပို့စ်ထဲမှာ တော်တော်များများ ပါသွားတယ်။ ဘလော့ရေးသူတွေ အကြောင်း နားလည်နိုင်ကြပါစေ။
ReplyDeleteကျေးဇူး။
သက်ဝေရဲ့ စာတွေထဲမှာ ဖတ်နေရင်းနဲ့ တစ တစ ပြောင်းလဲလာတဲ့ ရင့်ကျက်မှုတွေကို မြင်လာရတယ်...
ReplyDeleteစေတနာကို မြင်လာရတယ်...
အတွင်းစိတ်ကို မြင်လာရတယ်...
ကောင်းသော အရာတွေပါ...
(((ဒါထက် ဒီပိုစ့်ရေးပြီး ဘလော့ဂ် နားတော့မယ်လို့ ဆိုလိုတာတော့ မဟုတ်လောက်ပါဘူးနော်...)))
ဘလောက်တခုကပေးတဲ့ လူတယောက်ရဲ့ တွေးခေါ်ပြောင်းလဲ ရှင်သန်တိုးတက်လာပုံကိုဖတ်ပြီး
ReplyDeleteသက်ရှိရုပ်ရှင်တခုထဲဝင်ပါနေရသလိုခံစားကျေးဇူးတင်ခဲ့တယ်ခင်ဗျ
တံတိုင်းတွေက ကျဉ်းကျဉ်းလာတော့ အချိန်တွေ ကြာလာတာနဲ့အမျှ ရေးသားတာ ပိုပြီးလေးနက်လာသလို.. ခံစားချက်နုနုကလေးတွေ ထင်ဟပ်တဲ့ စာလေးတွေ ပျောက်ပျောက်သွားတာတော့ နှမြောစရာပါ။
ReplyDeleteအရှတဆုံးတွေနဲ့ အသင့်တော်ဆုံးတွေရဲ့ကြားမှာ ဘလော့ဂ်ကလေး ဆက်လက်လှပနိုင်ပါစေ။
အမသက်ဝေရဲ့ ဘလော့ အရေးအသားက ညက်ညက်ကလေး...
ReplyDeleteချစ်စရာကောင်းအောင် ရေးတတ်တယ်...
ဟိုတုန်းက လမင်းမိုမို အရေးအသားမျိုးနဲ့ တချက်တချက်ဆင်တယ်... ဒါပေမယ့်လည်း ကိုယ်ပိုင်ဟန်ရှိပါတယ်...
အစဉ် အားပေးလျက်...
ချစ်ခင်စွာ... စုချစ်
နှစ်ခေါက်ပြန်ဖတ်သွားတယ်... အတော်များများမှာ တူညီတဲ့သဘောထားတွေ တွေ့ရလို့ သဘောကျမိပါတယ်... အချိန်တွေအများကြီး ပေးပြီးရေးနိုင်တာ တကယ်ဘဲချီးကျူးပါတယ်...
ReplyDeleteဘလော့ဂ်မှတ်တမ်းကို ရိုးရိုးလေး ရေးသွားတာ ချစ်ဖို့ ကောင်းလိုက်တာ..။ တကယ်လဲ ဒီလိုပဲ ခံစားမိစေတာ အမှန်ပဲ။
ReplyDeleteစာတွေ အကြွေးတင်နေပြီ မမရေ။ နောက်မှ လာစုဖတ်တော့မယ်။ ပြန်ရောက်ကြောင်း သတင်းလာပို့တာပါ။
ခရီးထွက်နေလို့  ခုမှပဲ ပို.စ်အဟောင်းတွေကို အတိုးချပြီး ဖတ်ရူ့ သွားပါကြောင်း
ReplyDeleteအမြဲတမ်းလာရောက်အားပေးနေပါ့မယ်...
ခင်တဲ့
Z
စိတ်မရှိပါနဲ့နော်..မသက်ဝေရဲ့ ရေးဟန်က သိပ်သတိထားလွန်းတော့ (ဆင်ခြင်တာတွေ အပြောလွတ်အောင်ရှောင်တာတွေများလွန်းသလိုပဲ) IDENTITY ပျောက်နေသလိုပဲ။ ဥပမာ..မကေ နဲ့ မေဓါဝီဆို မတူတဲ့ IDENTITY တခုစီကိုမြင်ရတယ်။ သူတို့စာတွေကနေ သူတို့ကို မြင်ရသလိုပဲ။ ရပ်တည်ချက်တခုခိုင်ခိုင်မာမာရှိတယ်ပေါ့။ မသက်ဝေသတိထားလွန်းတော့ မသက်ဝေစာတွေက အဖြူရောင်ပေါ်မှာ OFF WHITE နဲ့ ရေးတဲ့ ပန်းချီကားတချပ်ကို ကြည့်ရသလိုဖြစ်နေတယ်။ ဆွဲထားတဲ့ ပညာ၊ ဆွဲသူရဲ့ စေတနာနဲ့ ကားရဲ့ လေးနက်မှူက ဘယ်လိုပဲ အနှစ်သာရပါပေမယ့် VIVID မဖြစ်ဖူး။ အမသိပ်ထိမ်းနေတာကို ခံစားနားလည်ပေးလို့ရပေမယ့် ဒါထက်အများကြီးပိုကောင်းတဲ့ စာတွေရေးနိုင်ရက်နဲ့ အမဆီက မဖတ်ရတာ အားမလိုအားမရဖြစ်တာကို ပြောပြတာပါ။
ReplyDeleteချစ်ခင်ရတဲ့ အစ်မသက်ဝေရေ... ဇွန်အရောက်နောက်ကျလို့ စိတ်မဆိုးနဲ့နော်... ခုတလော တကယ့်ကို အလုပ်တွေများလို့ ဘလော့မလည်နိုင်ဘူးဖြစ်နေတယ်။
ReplyDeleteအစ်မရေးထားတာ တော်တော်များများ ညီမတို့ရေးချင်ပြောချင်နေတာနဲ့ တထပ်တည်းကျနေတယ်။ ဇွန်တို့ ခံစားချက်ကို ကိုယ်စားပြုနေသလိုပါပဲ။
အစ်မသက်ဝေ ၃နှစ်လုံးလုံး အချိန်ပေးပြီး ရေးသွားနိုင်တာကို ချီးကျူးမိပါတယ်။ ဇွန်ဆို မသေချာဘူး။
အချိန်ပိုရတဲ့အခါ၊ စာရေးချင်စိတ်ပေါ်လာတဲ့အခါ၊ ရေးဖို့ အကြောင်းအရာတွေ ဖြစ်တည်လာတဲ့အခါတွေမှာ စာတွေ ဆက်ရေးဖြစ်နေဦးမယ် မဟုတ်လားဟင်...?
ပုံ/
အစ်မသက်ဝေရေးသောစာများကို ဆက်ဖတ်ချင်နေသူတစ်ဦး
မကြီးသက်ဝေရေ..
ReplyDeleteဘယ်သူတွေဘာပြောပြော စိတ်ချမ်းသာသလို စာတွေဆက်ရေးပါ.. အားပေးနေဦးမှာပါ..
မသက်ဝေရဲ့ စာတွေကတစ်ဆင့် မသက်ဝေကို ခင်ပါတယ်။ ရေးတဲ့လူရဲ့ စေတနာကို မြင်ရပါတယ်။