Thursday, August 26, 2010

ဘလော့ဂ် မှတ်တမ်း - အပိုင်း (၁)


ဘလော့ဂ်သက်တမ်း ၃ နှစ်နီးပါးရှိလာပြီဖြစ်တဲ့အချိန်မှာ Blog, Blogger နဲ့ Blogging ဆိုတာတွေ အပေါ် ကိုယ် ခံစား နားလည်မိတာတွေနဲ့အတူ ကိုယ် ကြုံတွေ့ခဲ့ရတာတွေရယ်၊ ကိုယ် မြင်နေ တွေ့နေတာတွေရယ်ကို ပေါင်းစပ်ပြီး ဒီပိုစ့်ကို ဖန်တီးပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပါဘူး။ အမှန်က ပိုစ့် ၂၀၀ ပြည့်သွားတဲ့ အချိန်က အမှတ်တရအနေနဲ့ ရေးမလို့ပါ။ အဲဒီအချိန်က မရေးလိုက်နိုင်လို့ အခုမှ ရေးရတာ။

ပထမ စဉ်းစားထားတာက ဒီပိုစ့်ကို Personal မပါပဲ Review ဆန်ဆန် ရေးဖို့ပါ။ သို့သော်လည်း ဒီနေရာဟာ ကိုယ် နေ့စဉ် အချိန် အများကြီး ပေးပြီး ကျင်လည်နေတဲ့ နေရာတခုဖြစ်တဲ့အတွက် ရေးရင်း ရေးရင်းနဲ့ Personal တွေပါ ရောပါကုန်တယ်။ ပြန်ခွဲထုတ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တယ်…။

ရေးရင်းနဲ့ တော်တော်လေး ရှည်သွားတဲ့အတွက် ဖတ်ရတာ ငြီးငွေ့စရာဖြစ်နေမှာစိုးလို့ အပိုင်း နှစ်ပိုင်း ခွဲလိုက်ပါတယ်။ တရက်ခြားရင် နောက်တပိုင်းကို ဆက်တင်ပါ့မယ်။ စာရေးဖေါ် စာရေးဖက်များ၊ စာဖတ်သူများနဲ့ စိတ်သဘောချင်းတိုက်ဆိုင်တဲ့ ပိုစ့်တခုဖြစ်ဖို့ မျှော်လင့်ပါတယ်။


ဘလော့ဂ်သက်တမ်း

ဒီဘလော့ဂ်တခုအတွက် အချိန်တွေပေးခဲ့တာ (စာ စမရေးခင် ပြင်ဆင်ခဲ့ရတဲ့ အချိန် ၂ လ လောက်ကို ထည့်မတွက်ပဲ) တိတိကျကျ ပြောရရင် ၂ နှစ်နဲ့ ၈ လ ရှိခဲ့ပြီ… ပိုစ့်ပေါင်းက ၂၀၀ ကျော် ရှိခဲ့ပြီ။ ကိုယ့်အနေနဲ့ ဒီဘလော့ဂ်အတွက် အချိန်ပေးခဲ့ရတာတွေကို ပြန်တွက်ကြည့်လိုက်ရင် တော်တော်လွန်တယ်လို့ ပြောရမယ်… ဒီအတွက် အချိန်ပေးရင်း ကျန်တဲ့ ရုံးအလုပ်၊ အိမ်အလုပ်၊ မိသားစုအရေး ဆွေရေးမျိုးရေး လူမှုရေး တာဝန်တွေ ဝတ္တရားတွေ အားလုံးကိုလဲ မျှတအောင် ကျေပွန်အောင် စွမ်းဆောင်ခဲ့ရတာ ဆိုတော့ အတော်လေး ပင်ပန်းတယ်လို့ ကိုယ့်ဟာကိုယ် သိနေတယ်။ ဒါပေမယ့် ကိုယ်တိုင် ဝါသနာပါပြီး နှစ်သက်တဲ့ အရာတခုကို လုပ်ရဖို့ အချိန်ပေးရတာ အပင်ပန်းခံရတာ အိပ်ရေးပျက်ခံရတာ ခေါင်းကိုက်ရတာတွေကို တန်တယ်လို့ ယူဆခဲ့ပါတယ်။ ညည်းလဲ မညည်းခဲ့ဖူး။ ဒီလိုနဲ့ ရှေ့ကို တိုး၍သာ လျှောက်လာခဲ့တယ်။

အစပိုင်းနေ့ရက်များ

ဒီဘလော့ဂ်လေး စလုပ်ခါစက တကယ့်ကို မျက်စေ့သူငယ် နားသူငယ်နဲ့ပါ။ နည်းပညာပိုင်းအတွက်လဲ ကိုယ့်ဟာကိုယ် စာတွေလိုက်ဖတ်ပြီး ကိုယ့်စာမျက်နှာလေး ကြည့်ကောင်းအောင် မတတ် တတတ်နဲ့ အချိန်တွေ အများကြီးပေးပြီး ပြင်ဆင်ခဲ့ရပါတယ်။ ပြီးတော့လဲ မိတ်ဆွေ နဲနဲ၊ လာလည်တဲ့သူ နဲနဲ၊ မှတ်ချက်ရေးသူ နဲနဲလေးနဲ့ စခဲ့ရတာပါ။ ကိုယ်တိုင်လဲ နေရာတော်တော်များများကို လျှောက်လည်ပြီး စာဖတ်ဖြစ်ပေမယ့် ကြိုက်မှ ကြိုက်ကြပါ့မလားဆိုတဲ့ အတွေးမျိုးနဲ့ ရောက်တဲ့နေရာတွေမှာ မှတ်ချက်ရေးဖို့ကို မရဲခဲ့ဘူး။ ဒီလိုနဲ့ အချိန်အားဖြင့် တနှစ်ကျော်ကြာမှ အရင်ကထက်စာရင် မိတ်ဆွေ နဲနဲပါးပါး စ ရလာခဲ့တယ်။ ပြီးတော့ စာတွေဖတ်လာရင်းက စာရေးနေကြသူတွေထဲမှာ ရှိနေတဲ့ ကျောင်းနေဖက် သူငယ်ချင်း အရင်းတွေကိုလဲ တယောက်နဲ့ တယောက် ရိပ်မိလာကြတယ်… ပြီးတော့ စာတွေထဲကပဲ သူကတော့ ဘယ်သူ ဖြစ်နိုင်တယ်၊ သူကတော့ ဘယ်ဝါ ဖြစ်နိုင်တယ် နဲ့ ခန့်မှန်းရင်း အချင်းချင်း ပိုသိလာခဲ့ကြတယ်။ မသိသေးတဲ့သူတွေကိုလဲ စာထဲကနေတဆင့် ရင်းနှီးချစ်ခင်လာခဲ့ရတယ်။ တချို့ကတော့ မျက်နှာစာအုပ်က တဆင့် ခင်မင်လာခဲ့ကြတယ်။ တချို့ကို အပြင်မှာပါ သိကျွမ်းခင်မင်ခွင့်ရခဲ့တယ်…။ တဖြည်းဖြည်းနဲ့ ပိုပျော်စရာကောင်းလာတယ်…။ ဒီလိုနဲ့ပဲ… ဒီလိုနဲ့ပဲ…

ဘလော့ဂ်ဆိုတာ

ဒီလိုနဲ့ပဲ… ဘလော့ဂ်ဆိုတဲ့ ပတ်ဝန်းကျင်တခုမှာ ပျော်ဝင်ကျင်လည်ရင်း စိတ်ထဲမှာ နှစ်သက်တာတွေ အများကြီး တွေ့ခဲ့ရသလို တခါတခါမှာ အဲဒီ ပတ်ဝန်းကျင်ကြောင့်ပဲ စိတ်အနှောက်အယှက် ဖြစ်စရာတချို့နဲ့ တိုက်ရိုက်ကြီး မဟုတ်ဖူးလို့ ဆိုနိုင်တဲ့ ဝေဖန်မှု နဲနဲပါးပါးကို ကြုံခဲ့ရဖူးတယ်။ သို့သော် ကြီးကြီးမားမားကိစ္စတွေ မဟုတ်လို့ အများကြီး မခံစားခဲ့ရပါ။ ဘလော့ဂ်တွေမှာ စာကောင်းပေမွန်လေးတွေ ဖတ်ရရင် ဝမ်းသာပြီး ရေးတဲ့သူကို ကျေးဇူးတင်၊ မျှဝေပေးတာတွေကို ဖတ်ရရင်လဲ အချိန်ပေးပြီး မျှဝေပေးသူတွေကို ကျေးဇူးတင်ရပြန်တယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာ အသစ်အဆန်းတွေကို ဖတ်ရရင်၊ ကိုယ်မစားဖူးသေးတဲ့ စားစရာ အသစ်အဆန်းလေးတွေ တွေ့ရရင်၊ ကိုယ် မရောက်ဖူးသေးတဲ့ နေရာဒေသ အသစ်အဆန်းလေးတွေကို တွေ့ရရင် ဗဟုသုတ တိုးပြီး အားရဝမ်းသာ ဖတ်ရှုမှတ်သားရတယ်။ ပျော်စရာ ရွှင်စရာ စာတွေ ဖတ်ရတဲ့အခါ ကိုယ်ပါရောပြီး ပျော်ရွှင်ရသလို ဝမ်းနည်းစရာတွေဆိုရင်လဲ ကိုယ်ပါ ရောပြီး ဝမ်းနည်းခံစားမိတယ်။ ခံစားမှု ရသတွေ အမျိုးအစား စုံစုံလင်လင် ပေးနိုင်တဲ့ ပတ်ဝန်းကျင်တခုလို့ ပြောချင်တယ်…။

သဘောထား

တခါတခါ ပြဿနာလေးတွေ အငြင်းပွားနေကြတာလေးတွေ တွေ့ရတဲ့ အခါမှာ ဘယ်သူ့ဖက်မှ မလိုက်ပဲ ဘေးကနေ ပွဲကြည့်ပရိသတ် တယောက်အနေနဲ့ပဲ အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တယ်…။ သတ္တိမရှိဘူးလို့ ပြောချင် ပြောပါစေ… အဲဒီလို ကိစ္စတွေမှာ မလိုအပ်ပဲနဲ့ ဝင်မပါချင်ဘူး။ ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တိုင်းသာ လိုက်ပြီး အငြင်းပွားနေရရင် ကိုယ် နဲ့ ကိုယ့်စိတ်နဲ့ နေ့တိုင်းကို အတိုက်အခံပြုပြီး ငြင်းနေရပါလိမ့်မယ်။ ဒါပေမယ့် အသက်အရွယ်နဲ့ အတွေ့အကြုံတွေအရ အမှန်အမှားကို ဝေဖန်ပိုင်းခြားတတ်တဲ့ သင့်တင့်မျှတတဲ့ အသိဥာဏ်ကတော့ ရှိနေပါတယ်။ မှားတာကို မြင်တတ်သလို မှန်တာကိုလဲ တွေ့တတ်ပါတယ်။ ကောင်းတာကို သိသလို ဆိုးတာကိုလဲ သေသေချာချာ သိနေပါတယ်။ ယဉ်ကျေးတာကို ဂရုပြုမိသလို မယဉ်ကျေးတာတွေ မဖွယ်ရာတာတွေကိုလဲ သတိထားမိနေတာပါပဲ။

သို့သော်လည်း ကိုယ်တန်ဖိုးထား နှစ်သက်ရတဲ့ ဒီပတ်ဝန်းကျင်လေးမှာ စာရေးဖေါ် စာရေးဖက်တွေ အားလုံးနဲ့ သဟဇာတဖြစ်အောင် ချစ်ချစ်ခင်ခင်ဖြစ်အောင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် မုဒိတာပွားစရာတွေကို မုဒိတာပွား၊ လျှစ်လျူရှုသင့်တာတွေကို လျှစ်လျူရှု၊ ဥပက္ခာပြုသင့်တာတွေကို ဥပက္ခာပြုရင်း ဒီလမ်းပေါ်ကို ဖြေးဖြေးနဲ့ မှန်မှန်လေး လျှောက်လာခဲ့တယ်။ သေချာတာကတော့ ကိုယ်ဟာ ဒီပတ်ဝန်းကျင်မှာ တော်တော်လေး နေတတ်လာခဲ့တယ် ဆိုတာပါပဲ။

သာမန်လူတယောက်မို့ တခါတခါမှာ ကိုယ့် စိတ်နဲ့ မတိုက်ဆိုင်ရင်၊ အမြင်မတော်ရင် ပြောချင် ဆိုချင်စရာ စကားလုံးတွေကတော့ ပါးစပ်ဖျားမှာ တန်းစီနေတာပေါ့… ကိုယ်လဲ ဆူးရှိတတ်တဲ့ လူစားမျိုးပဲ။ ဒါပေမယ့် ပြောသင့် မပြောသင့်… ကိုယ် ဝင်ပြောလိုက်လို့ အကျိုး ရှိ မရှိ ဒါတွေ အားလုံးကို အမြဲတမ်း ချိန်ထိုးပြီး သတိထားခဲ့တယ်။ ကိုယ့်ကို တိုက်ရိုက်ကြီး ထိပါးလာတာမျိုး မဟုတ်ရင် အသာပဲ ကြည့်နေလိုက်တယ်။ အဲ… ကိုယ့်ကို တိုက်ရိုက်ထိပါး တိုက်ခိုက်လာခဲ့ရင်တောင် ခဏတဖြုတ်တော့ သွေးပူသွားမှာဖြစ်ပေမယ့် အရေခွံထူပြီး အပြုံးမပျက် နေတတ်ဖို့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းတတ်လာခဲ့တယ်။ ဒါတွေဟာ ဘလော့ဂ်သက်တမ်း နှစ် နှစ်ကျော် သုံးနှစ်အတွင်းမှာ ရခဲ့တဲ့ အတွေ့အကြုံတွေပေါ့…။

သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ်တောင် တရာ ရာခိုင်နှုန်း အပြည့် စိတ်တိုင်းမကျတတ်တာ ကိုယ်မဟုတ်တဲ့ တခြားသူတယောက်ကို ဘယ်နှစ်ရာခိုင်နှုန်းများ စိတ်တိုင်းကျဖို့ မျှော်လင့်ထားပါသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင် ပြန်မေးကြည့်လိုက်တော့ အမြင်မတော်တဲ့နေရာတွေမှာ ဝင်ပါချင်စိတ်တွေ၊ နှုတ်လှန်ထိုးချင်စိတ်တွေ၊ အငြင်းပွားချင်စိတ်တွေ တော်တော်လျော့ပါးသွားတယ်။

ဒီနေရာမှာ မထူးဆန်းပေမယ့် ဖြစ်တတ်တဲ့ ဖြစ်နေကျ ကိစ္စတခုကို ပြောချင်တယ်။ စာရေးနေကြတဲ့သူတွေ အားလုံးကို ကိုယ်စားပြုမယ်လို့ ထင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရေးတဲ့စာတွေနဲ့ စာရေးသူနဲ့ အတူတူ ရောနှောပြီး မဖတ်ကြဖို့ပါပဲ…။ ကိုယ်ရေးတဲ့ ပါစင်နယ်ပိုစ့်တွေက ပါစင်နယ်မှန်း တော်တော်လေး သိသာ ထင်ရှားပါတယ်။ ဒါပေမယ့် တချို့ စာစုတွေ၊ အက်ဆေးတွေကိုတော့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြင်နေ ကြားနေရတာတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြောဖြစ် ဆိုဖြစ်ခဲ့တာတွေ၊ စာတအုပ်ကို ဖတ်နေရင်းက ကိုယ့်စိတ်ကို လွှမ်းမိုးလာတဲ့ ဇာတ်ကောင်တွေ၊ ရုပ်ရှင်တကားကို ကြည့်ရင်းက ကိုယ့်အတွေးကို ဆွဲဆောင်လာတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ မြင်လိုက်ရတဲ့ မြင်ကွင်းတခု၊ နားထောင်မိတဲ့ သီချင်းတပုဒ်၊ ဖတ်လိုက်မိတဲ့ ကဗျာတပုဒ်ကနေပေးတဲ့ ခံစားမှုတွေ… အားလုံးကို ရောနှော တွေးတော ခံစားပြီးတော့ ဖန်တီးပါတယ်။ ဒါကြောင့် စာရေးသူတယောက်ကို သူရေးတဲ့စာတွေနဲ့ ချိန်ထိုးပြီး သူ လက်ရှိရပ်တည်နေတဲ့ ဘဝကို အဓိပ္ပါယ်ကောက် မလွဲကြစေချင်ပါဘူး…။

စေတနာ

လူပေါင်းမြောက်များစွာ မြင်နိုင်တွေ့နိုင်တဲ့ စာမျက်နှာပေါ်မှာ စာရေးတဲ့အခါ ရေးချင်တိုင်း မရေးပဲ အတတ်နိုင်ဆုံး သတိထားပြီး ဆင်ဆင်ခြင်ခြင်ရေးခဲ့တယ်… သုတ ရသဆိုတဲ့ ကြီးကြီးကျယ်ကျယ် လေးလေးနက်နက် စာမျိုးတွေ အကျိုးပြုစာ ဆိုတာမျိုးတွေ မရေးတတ်ခဲ့ပေမယ့် ဘာလေးပဲ ရေးရေး စေတနာအပြည့်နဲ့ ရိုးရိုးသားသား ရေးခဲ့တယ်။ ပျော်စရာတွေ ရေးလဲ စေတနာနဲ့ ရေးခဲ့တယ်။ သူတပါးကို ထိခိုက်စေတဲ့စကားလုံးမျိုး၊ ထေ့တဲ့ ငေါ့တဲ့ စကားလုံးမျိုး တွေကို ရိပ်ဖမ်း သံဖမ်းလေးတောင် မပါရလေအောင် သေသေချာချာ စီစစ်ခဲ့တယ်။ တချို့ ကိုယ်မှန်တယ်ထင်တဲ့ အရာတွေကို စိတ်ထဲရှိသလို ရေးချင်တိုင်း ရေးချလိုက်ပြီးရင် ဘလော့ဂ်ပေါ်ကို တင်ခါနီးမှာ အထပ်ထပ် အခါခါ စဉ်းစားတယ်… (အရာရာမှာ မှန်တိုင်းလဲ မကောင်းဘူး မဟုတ်လား) ကိုယ်တယောက်တည်း စဉ်းစားလို့ မရရင် ရင်းနှီးတဲ့ စာရေးဖေါ်သူငယ်ချင်း တယောက်ယောက်ကို ပေးဖတ်ပြီး စဉ်းစားပေးဖို့ အကူအညီတောင်းမိတယ်။

ဒီလိုနဲ့ အခုအချိန်မှာ ပိုစ့်ပေါင်း ၂၀၀ ကျော် တင်ခဲ့ပြီး ဖြစ်တယ်။ ရေးပြီး မတင်ဖြစ်တဲ့ စာတွေလဲ တော်တော်များများရှိနေတယ်။ အဲဒါတွေကတော့ ထားပါတော့လေ… အခုအတိုင်းကတော့ ကိုယ်တင်ထားသမျှ ပိုစ့်တွေထဲမှာ ပြဿနာကြီးတဲ့ ပိုစ့် နည်းပါတယ်။ ဒီလိုပြောရတာ ကိုယ်ရေးသမျှက သိပ်ကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ လူဆိုတာ အမှုမဲ့ အမှတ်မဲ့နဲ့ ဖြစ်တတ်တဲ့ အမှားတွေ လိုအပ်ချက်တွေကတော့ တနေရာမဟုတ် တနေရာမှာ ရှိနေကြမှာပါပဲ။

ဒီအချက်မှာတော့ စာဖတ်သူတွေရဲ့ စိတ်စေတနာနဲ့ အများကြီး သက်ဆိုင်တယ်လို့ ထင်မိပါတယ်။ ကိုယ်ရေးထားတာကို ချစ်ခင်တဲ့ စိတ်၊ ကောင်းမွန်သော စေတနာ မေတ္တာတွေနဲ့ အကောင်းဖက်ကသာ ကြည့်မြင် ဖတ်ရှုသွားကြတာမို့ ကိုယ့်ဆီ အလည်လာကြတဲ့သူ၊ စာဖတ်သူများနဲ့ မှတ်ချက်ရေးသွားကြသူများကို ပြောမပြတတ်အောင် ကျေးဇူးတင်မိတယ်။ တကယ်တော့ မှတ်ချက်တခုကို ဖတ်ကြည့်လိုက်ရင် အဲဒီမှတ်ချက်ကို ရေးခဲ့တဲ့သူရဲ့ အတွင်း စိတ်စေတနာနဲ့ သူ့ရဲ့ သဘောထားကို အထင်အရှား တွေ့မြင်နေရတာ မဟုတ်လား…။ တဦးရဲ့ စေတနာကို တဦးက တွေ့နိုင် မြင်နိုင်တဲ့ နေရာတခု ဆိုရင်လဲ မမှားပါဘူး…။

(ဆက်ရန်)



27 comments:

  1. မောင်မျိုးAugust 26, 2010 at 11:07 PM

    အစ်မ ဘလော့က င်္ဆီင်္ပုံးမှာ ပထမဆုံးကော့မန့်ပေးဖူးတာ ဘယ်သူလဲမသိ ????

    ;)

    ReplyDelete
  2. Thet Wai,
    That's the great post with good facts & good point of view for blogging.
    Waiting for part 2...

    ReplyDelete
  3. ရေးထားတာလေး ကောင်းပါတယ်။ ဘလော့ရေးသူတွေအတွက် သိမှတ်စရာလေးတွေ၊ ဂရုပြုစရာလေးတွေ မှတ်သွားပါတယ်။

    အပေါ်ကပုံကို သိပ်သဘောကျတယ် သိပ်တူတာပဲ။

    အမည်မဖော်လိုသူ သူငယ်ချင်းတစ်ဦး

    ReplyDelete
  4. ဟယ်..ဒီပုံလေး ကြည့် ရတာ.. ..သိဖူးတဲ့.. တယောက် များလား မသိဘူး..။ ဟုတ်ပါတယ်.. သူ ..မှ.. သူ.. အစစ်...။

    အဲဒါကြောင့် ..ထင်ပါတယ် လို့...

    ReplyDelete
  5. စိတ်သဘောထားချင်း တော်တော်များများ တိုက်ဆိုင်ပါတယ် အမ.. ဒုတိယပိုင်းမျှော်နေမယ်နော်.. :) မပန် ပုံဆွဲတာတော်လိုက်တာ... :))

    ReplyDelete
  6. မကြီး.. မကြီးပြောမှမဟုတ်ဘူး။ အမြဲသတိထားမိတာပဲ။
    ရေးသောစာ၊သူများဆီမှာပြောသောစကား..ဘာပဲဖြစ်ဖြစ်အကြီးတယောက်က အငယ်ကိုပြောသလိုမျိုး ညီမကိုတော့ ခံစားမိစေတာပဲ..။နူးညံ့ညင်သာမှုကိုလဲ ထိတွေ့မိစေတာပဲ..။

    ခင်မင်လျက်..

    ReplyDelete
  7. ကျနော်ပြောချင်တာ အမသက်ဝေ ရေးတာနဲ့ တူတူပါပဲ ၊ အမသက်ဝေ စာရေးတာ ကောင်းလိုက်တာ ။ စာရေးသူရဲ့စာကိုကြည့်ပြီး သူ့ရဲ့စိတ်တွေ ရှင်းနေတာကို တွေ့မိပါတယ် ။

    ReplyDelete
  8. ညီမကတော့ ဘလော့ရေးတာ ကြာလာလေ မျက်စိသူငယ်နားသူငယ် ပိုဖြစ်လာလေပဲ..
    အစက ရေးချင်တာရေးတယ်.. တင်ချင်တာတင်တယ်..
    အခုတော့ ရေးချင်တာရေးပြီးရင် ပြန်ခေါက်သိမ်းပစ်လိုက်တယ်..

    ReplyDelete
  9. မသက်ဝေ .. အမစာကို ဖတ်ရင် အမရဲ့ စေတနာကို မြင်သာပါတယ်။ အမဘလော့ကို လာဖတ်ရတာလဲ စိတ်ချမ်းသာတယ်၊ အပြစ်ကင်းတယ်။ အမြဲမဟုတ်တောင် မကြာမကြာ လာလာဖတ်ပါတယ် အမ ...

    ReplyDelete
  10. ဟုတ်ပါတယ်.. တကယ်လဲ စာတစ်ပုဒ်ကို ဖတ်လိုက်ရင် ဘယ်လိုစိတ်နေ စိတ်ထားမျိုးနဲ့ရေးတယ် ဘယ်လို ရည်ရွယ်တယ်ဆိုတာ စာဖတ်သက်ရင့်လာတာနဲ့အမျှ နားလည်ခံစားနိုင်ပါတယ်.. ကိုယ်ပိုင်ဆိုင်ရာ ဘလော့ဂ်စာမျက်နှာဆိုပေမဲ့ ကိုယ်စိတ်ထင်တိုင်း မရေးတတ်တဲ့၊ စာဖတ်သူတွေကို လေးစားတတ်တဲ့သူဆိုတာ ဖတ်ယုံနဲ့ နားလည်မိပါတယ်.. ဒီလို စာရေးသူတွေကိုလည်း လေးစား ချီးကျူးမိပါတယ်.. စေတနာနဲ့ တည်ဆောက်ထားတဲ့ စာမျက်နှာတိုင်းဟာ သန့်ရှင်းလှပနေမှာပါ... ကိုယ်တိုင်လည်း စိတ်ချမ်းသာမယ်လို့ ယုံကြည်ပါတယ်..
    ဆက်လက်ပြီး ရေးသားမျှဝေနိုင်ပါစေရှင်။

    ReplyDelete
  11. ဘလော့ဂ်အပေါ် ပြတ်သားတဲ့ သဘောထား ရှိသူ
    သက်ဝေ

    အဲ့စာလုံး အလွန် သုံးချင်နေလို့
    သုံးခွင့်ပြုပါ
    စိတ်ထဲရှိတဲ့အတိုင်း မန့်နေတဲ့ အမိုက်အမဲလေးကိုလည်း
    ခွင့်လွှတ်...

    ဒီတယောက်ကတော့ လူနဲ့ စာ တခြားစီ
    ဒါပေမဲ့ ဘုရားစူး တယောက်ထဲပါဗျာ အဲ ရှင်းP

    ဆက်ရန်ကို မျှော်နေ...

    ReplyDelete
  12. သိပ်ကို အထင်ကြီးလေးစားစရာကောင်းတဲ့ အစ်မတွေကို အပြင်လောကမှာ တွေကြုံဖူးသလို၊ virtual worldထဲမှာလဲ သိကျွမ်းခင်မင်ဖူးပါတယ်...

    အစ်မသက်ဝေ ဘယ်သူဘယ်ဝါဆိုတာ အပြင်မှာ မမြင်မတွေ့ဖူးပါဘူး၊
    အစ်မရေးတဲ့ စာတွေဖတ်ပြီး လေးစားရာကနေ ခင်မင်လာခဲ့တာပါ...

    လူဆိုတာ ၁၀၀%perfect မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့်...ဖြစ်နိုင်ရင် မြန်မာအမျိုးသမီးတိုင်းကို အစ်မသက်ဝေတို့လို အသိဥာဏ်နဲ့ စဉ်းစာဆင်ခြင်တတ်တဲ့ အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ ဖြစ်စေချင်ပါတယ်...

    ကျနော့် ဒီကွန်မန့်ကို ရေးလိုက်တာဟာ...
    အားရဝမ်းသာနဲ့ ဒါငါတို့ မြန်မာအမျိုးသမီးတွေ ဆိုပြီးတော့ ဂုဏ်ယူမိတဲ့စိတ်ကြောင့်ပါ...

    တစ်ယောက်ယောက်ကို အတင်းမျက်နှာလုပ်ချင်တဲ့စိတ်ကြောင့် လုံးဝမဟုတ်ပါဘူး...

    ဒီကွန်မန့်ကြောင့် ဘယ်သူ့ကိုမှ အကုသိုလ်စိတ် မဝင်စေချင်ပါဘူး...

    (အစ်မသက်ဝေ... ပြေးလို့မလွတ်တော့ဘူးနော်၊ လမ်းမှာတွေ့ရင် လှမ်းခေါ်မယ်။)

    ReplyDelete
  13. ဆက်ပါဦး...ရေးထားတာလေး..သဘောကျလိုက်တာ။

    ReplyDelete
  14. ဖြိုးအောင်August 27, 2010 at 7:13 PM

    ဖတ်ပြီး စိတ်အေးချမ်းရတယ်ဗျာ....
    ဘာပဲလုပ်လုပ် အသိတရားနဲ့ သတိတရားကို လက်ကိုင်ထားရင် အကောင်းဆုံးပါပဲ။ တမင်သက်သက် တယောက်နဲ့ တယောက် စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တာမျိုး၊ ကိုယ်ထင်ပေါ်ချင်တာနဲ့ သူများအားနဲချက်၊ အပြစ်မှန်သမျှ မလိုအပ်ပဲ မှိုချိုး၊ မျှစ်ချိုး ပုံကြီးချဲ့ ပြောတာမျိုးက မျက်နှာမော့ပြီး တံတွေးထွေးသလိုပါပဲ။
    တချို့ဘလော့ဂ်ဂါတွေ သူတို့ အရေးအသား အတွေးအခေါ်တွေက တယ်ဟုတ်ပါလားလို့ အထင်ကြီးမယ်ကြံတုန်းရှိသေး..သူတပါးကို ဘာအကျိုးမှမရှိနိုင်တဲ့ ကိစ္စအတွက်၊ တစ်တစ်ခွခွဝေဖန်ထားတွေ ဖတ်ပြီး စိတ်အတော်ပျက်မိတယ်။ အင်းးးး..သူလဲလေ လောကီသားပေမို့ ..ဆိုပြီး ပြန်တွေးရတယ်းး((

    ReplyDelete
  15. ၂၀၀ ကျော်ရေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ၊ ရေးကြည့်ရင်မလွယ်မှန်းသိလာခဲ့တယ်၊ ဘောင်တော့မခပ်ထားစေချင်ဘူး စေတနာတွေရော ဝေဒနာတွေပါရေးပါ

    ReplyDelete
  16. အပိုင်း(၂)ကို မျှော်နေမယ် အမရေ။

    ReplyDelete
  17. သက်ဝေရေ... ဘလော့ဂ်မှတ်တမ်းကလေးထဲက မှတ်သားစရာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို ဖတ်ရတာ ၀မ်းသာကျေနပ်ရပါတယ်။ ဘလော့ဂ်တခု ရေရှည် အဖက်ဖက်က ကောင်းမွန်အောင် ထိန်းသိမ်းထားဖို့ကလည်း တော်တော်ကို မလွယ်တဲ့ အလုပ်ပါပဲ။ ဒါကြောင့်လည်း သက်ဝေကို အားကျချီးကျူးနေမိတာ အခါခါရယ်ပါ။

    အပိုင်း(၂)ကို မျှော်နေပါတယ် သူငယ်ချင်းရေ...

    ReplyDelete
  18. အစ်မသက်ဝေက မျက်မှန်လေးနဲ့လား။
    ဘာလိုလိုနဲ့ ၃နှစ်နီးပါး ရှိသွားပြီ။ အားပေးနေပါတယ် အစ်မရေ။ နောက် ပင်စင်ယူပြီး အဖွားကြီး ဖြစ်ကြတဲ့ အထိ ဘလော့ဂ် ဆက်ရေးနေနိုင်ကြရင် ကောင်းမယ် နော် :D။

    ReplyDelete
  19. ချော(အစိမ်းရောင်လွင်ပြင် Blog မှ တ ဆင့် ပထမ ဆုံး အ ကြိမ် ဝင် ဖတ် ပြီး မန့် ခဲ့ ပါ တယ် ။
    အစ်မသက်ဝေ က သူ တ ပါး "ဖြစ၊်ပျက်" နဲ့ မိ မိ "ဖြစ၊်ပျက်" ကို သိ နား လည် အောင် ယှဉ် ပြီး စေ တ နာ ကောင်း နဲ့ ရေး ထား တာ ကောင်း ပါတယ်။ ခင် မင် လေးစား စွာ ဖြင့် ။

    ReplyDelete
  20. မမသက်ဝေ့ 
    အရမ်းဖတ်လို့ကောင်းတယ်။
    နောက်ပို့စ်တွေလည်း မျှော်နေမယ်နော်။
    ချစ်ခင်စွာဖြင့်
    ညီမငယ်
    လုလု

    ReplyDelete
  21. အတော်များများ... သဘောထား တိုက်ဆိုင်၏...
    လူချင်းတော့ သိနေသလိုလိုပဲ...း)

    ReplyDelete
  22. သူငယ်ချင်းရေ...နင့်စိတ်ကို သိနေသူဆိုတော့ ဖတ်ရင်း နင့်ကို မြင်မြင်နေမိတာပဲ။ ၃နှစ်နီးပါး ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ဘူးနော်၊ အားလုံးက ချစ်ကြတဲ့ ဘလော့ဂ်ဂါ တယောက်အဖြစ် ရပ်တည်နေနိုင်ဖို့၊ စကားနဲ ရန်စဲ နေနိုင်ဖို့၊ လျစ်လျူရှူသင့်တာတွေ ရှူနိုင်ဖို့ဆိုတာ ပိုတောင် မလွယ်သေးတယ်။ ချီးကျူးပါတယ် သူငယ်ချင်း....:)

    ReplyDelete
  23. ဟုတ်ပါတယ်...
    သက်ဝေဆိုတာ ဘယ်သူမှန်းမသိသလို မခင်ဖူး မမြင်ဖူးခဲ့ပါဘူး..ဒါပေမဲ့ သက်ဝေရဲ့စာတွေကိုဖတ်ပြီး သက်ဝေကို ခင်မင်ချစ်ခင်သူပါ။ခုတော့ စာတင်မက ဓါတ်ပုံတွေကိုပါ ချစ်နေရော။

    ReplyDelete
  24. မြသွေးနီAugust 29, 2010 at 12:10 AM

    လေးစားပါတယ် အစ်မသက်ဝေ။ ဘလော့ဂ် မှတ်တမ်း - အပိုင်း (၂)လေး တစ်ထိုင်ထဲ ဖတ်ချင်လာမိတယ်။

    ReplyDelete
  25. လေးစားပါတယ် မမ။
    မမရဲ့ခံယူချက်ကလေးက အတုယူစရာပါ။

    ReplyDelete
  26. “သာမန်လူတယောက်မို့ တခါတခါမှာ ကိုယ့် စိတ်နဲ့ မတိုက်ဆိုင်ရင်၊ အမြင်မတော်ရင် ပြောချင် ဆိုချင်စရာ စကားလုံးတွေကတော့ ပါးစပ်ဖျားမှာ တန်းစီနေတာပေါ့… ကိုယ်လဲ ဆူးရှိတတ်တဲ့ လူစားမျိုးပဲ။ ဒါပေမယ့် ပြောသင့် မပြောသင့်… ကိုယ် ဝင်ပြောလိုက်လို့ အကျိုး ရှိ မရှိ ဒါတွေ အားလုံးကို အမြဲတမ်း ချိန်ထိုးပြီး သတိထားခဲ့တယ်”
    ဟုတ်တယ်...တခါတလေ..ပြောချင်တယ်...စိတ်ထဲမှာ
    ပြောမိတယ်...။ပြီး..ပြန်စဉ်းစားတယ်...ကိုယ် ပြောလို့ရော
    ထူးမှာလား...။

    ReplyDelete
  27. ဘလောက်တခုကပေးတဲ့ လူတယောက်ရဲ့ တွေးခေါ်ပြောင်းလဲ ရှင်သန်တိုးတက်လာပုံကိုဖတ်ပြီး
    သက်ရှိရုပ်ရှင်တခုထဲဝင်ပါနေရသလိုခံစားကျေးဇူးတင်ခဲ့တယ်ခင်ဗျ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...