Saturday, October 16, 2010

သူမ၏ ပန်းချီဆရာ


ခပ်ဟောင်းဟောင်း သစ်သားတံခါးချပ်တခု၏ ရှေ့တွင်ရပ်ရင်း တံခါးကို ခပ်ဖွဖွ ခေါက်လိုက်မိသည်။ ထုံးစံအတိုင်း အထဲမှ အသံ တစုံတရာ မကြားရ… ဝင်ခဲ့ပါ ဟုလည်း အသံမပြု…။ သည်လိုနှင့် စေ့ထားသောတံခါးကို အသာတွန်းဖွင့်လိုက်သည်။ ဆီမရှိသော ပတ္တာများကြောင့် တံခါးသည် ကျွီ… ဟူသာ အသံနှင့်အတူ ခပ်ဖြေးဖြေး ပွင့်ဟ သွားသည်။ ဘယ်တုန်းကမှ နွေးထွေးဖွယ်ရာစွာ ဆီးကြိုမှု မရှိသော ပန်းချီဆရာသည် ထိုတံခါးသံကြောင့် စိုးစဉ်းမျှ မလှုပ်ရှား… အနည်းငယ်မျှ အနှောက်အယှက်မဖြစ်… ဘာဆို ဘာမှ မထူးခြားသလို… သူ့အခန်းထဲ မည်သူတဦးတယောက်မှ ရောက်မလာသလို… ဆွဲလက်စ ကင်းဗတ်စ်ကို မျက်နှာမူကာ သက်တောင့်သက်သာ အနေအထားဖြင့် ထိုင်နေခဲ့သည်။

ဆွဲလက်စ ပန်းချီကားကို ဘာရယ်ဟု သဲသဲကွဲကွဲ မမြင်လိုက်ရခင်မှာပင် ပန်းချီဆရာသည် အနီရောင် အပြားကြီးကြီး စုတ်တံ၏ အကူအညီဖြင့် ထိုပန်းချီကားချပ်ပေါ်တွင် ကန့်လန့်ဖြတ်မျဉ်း နှစ်ကြောင်းကို ခပ်ကြမ်းကြမ်း ဆွဲချလိုက်သည်။ ပြီးတော့ ပါးစပ်ကလဲ တစုံတခုကို ခပ်တိုးတိုး ရေရွတ်လိုက်သလိုပင်… ဆဲရေးတိုင်းထွာခြင်းတော့ မဟုတ်တန်ရာ… ဖြစ်ခြင်းဖြစ် ငြီးငြူသံ တခု သို့မဟုတ် စိတ်အလိုမကျစွာ မြည်တွန် တောက်တီးလိုက်သံ တခုမျှသာ ဖြစ်ပါလိမ့်မည်…။

ပန်းချီဆရာ၏ အခန်းသည် အခါများစွာကလိုပင်… ခြောက်သွေ့နေသည်…။ တိတ်ဆိတ်နေသည်…။ နေရောင်မဝင်အောင် တံခါးတွေကို အလုံပိတ်ထားသောကြောင့် အသက်ရှုလိုက်တိုင်း မွန်းကြပ်ကြပ်နှင့် ဖုန်နံ့တမျိုးကို ရနေသေးသည်…။ လှောင်ပိတ်ပိတ် အခိုးအငွေ့တမျိုးနှင့် အုံ့မှိုင်းမှိုင်းလဲ ဖြစ်နေသေးသလို…။

ကျောခိုင်းထားသော ပန်းချီဆရာ၏ ဘေးဘီဝဲယာကို မျက်စေ့ကစားလိုက်မိသည်…။ အိပ်ခန်းလဲဟုတ် ပန်းချီခန်းလဲဟုတ်သော ထိုအခန်းငယ်ထဲတွင် ကုတင်တလုံး၊ ပန်းချီဆွဲသော သုံးချောင်းထောက်စင် တခုနှင့် သစ်သား ကုလားထိုင်နှစ်ခုမှလွဲ၍ အခြားပရိဘောဂများ ရှိမနေပါ။ ထိုကုလားထိုင်နှစ်ခုအနက် တခုမှာ သူ ထိုင်နေပြီး နောက်တခုကို ပစ္စည်းတင်စရာ စားပွဲသဖွယ် အသုံးပြုထားသည်…။

ပန်းဖျီဆရာ ထိုင်နေသော ကုလားထိုင်နှင့် လက်တကမ်းအကွာတွင်ရှိသော နောက် ကုလားထိုင်တခုပေါ်တွင် ကော်ဖီမှုန့် အစအနများ ပေနေသေးသော ဇွန်းတချောင်းနှင့် သောက်လက်စ ကော်ဖီ မတ်ခွက်တခုကို တွေ့ရသည်။ သည်ပန်းချီဆရာက အခါးကြိုက်သည်…။ သို့သော် သူကြိုက်သော အခါးတွေက အညိုရင့်ရောင် ကော်ဖီခါးခါးနှင့် အနက်ရောင် ချောကလက် ခါးခါးတွေသာ… သည့်ထက်ပိုသော အခါးတွေကို သူ စားသုံးလေ့မရှိ။ သူ့ဆီမှာ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် စသည့် သောက်လက်စ ဆေးလိပ်တိုတွေ၊ ဆေးလိပ်ပြာ အစအနတွေ ရှိမနေ။ သို့သော် ဖတ်လက်စ စာအုပ်များနှင့် သတင်းစာများကတော့ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

အခန်းထောင့်မှာ အရောင်မှိန်ပြီး အပေါ်ယံ မျက်နှာပြင်အလွှာ ကွာစပြုနေသော ဂစ်တာတလုံး ထောင်ထားသည်။ ကြိုးမျှင် ခြောက်ချောင်းအနက်မှ နံပါတ် နှစ်ကြိုးမှာ ပြတ်တောက်နေသည်ကို တွေ့ရသည်။ ပန်းချီဆရာသည် စိတ်လိုလက်ရရှိချိန်များတွင် သံစဉ်များကိုလည်း စိတ်ဝင်တစား တီးခတ် ရှာဖွေတတ်သူ တယောက်ဖြစ်ခဲ့ဖူးသည်။ သို့သော် သည်ဂစ်တာကို သူ လက်နှင့် မထိတွေ့သည်မှာ အချိန်အတော် ကြာပြီဖြစ်ကြောင်း အနေအထားက ကောင်းကောင်း သက်သေပြနေသည်…။ သူ သီဆိုလေ့ရှိသော သီချင်းသံစဉ်တွေသည်လည်း သူ၏ ဂစ်တာလိုပင် ဟောင်းနွမ်း သွေ့ခြောက်ကာ ကြိုးပြတ်နေခဲ့လေပြီ…။ ပြတ်တောက်နေသော ထိုဂစ်တာကြိုးကို ပြန်ဆက်ပေးရန် ကြိုးစားခဲ့ဖူးချိန်များကို အမှတ်ရနေသေးသည်… သို့သော် မအောင်မြင်… သူမ လက်လျော့ခဲ့ရသည်…။

ဖြူညစ်ညစ် ကင်းဗတ်စ် နှင့် သုံးချောင်းထောက်စင်၏ ဘေးပတ်ပတ်လည်မှာ အရောင်စုံ ဆေးဗူးများ… ဆေးရောင်စုံတွေ ပေကျံနေသော ဆေးစပ်သည့် ဗန်းကလေးများ တွေ့ရသည်။ ရေဆေးတွေ ဆီဆေးတွေ ဖြစ်ပါလိမ့်မည်… သိပ်တော့ မခွဲခြားတတ်… ။ ပြီးတော့ အတို အရှည် အတိုင်းအတာ အစုံ အရွယ်စုံ စုတ်တံတွေ…။ စုတ်တံတွေကို နှစ်၍ ဆေးကြောသော ရေပုံးကလေးတွေ… ဖွင့်လက်စ ဆေးဗူးများနှင့် တွေ့သမျှ စုတ်တံတော်တော်များများ၏ ထိပ်မှာ အစိမ်းရောင်နှင့် အနီရောင် ဆေးများသာ… သည်ရက်ပိုင်းအတွင်းမှာ ပန်းချီဆရာသည် သူ၏ ပန်းချီကား အတော်များများကို အစိမ်းရောင်နှင့် အနီရောင်များကို အသုံးပြု၍ ရေးဆွဲချယ်မှုန်းခဲ့ဟန်တူပါသည်။

နီကျင်ကျင် မီးသီးတလုံးက မျက်နှာကြက်မှာ ခိုတွယ်နေကာ နံရံ၏ အပေါ်ပိုင်း တရုပ်ကပ်မှန်များမှတဆင့် လေဝင်လာတိုင်း လှုပ်ခါနေသည်…။ တခါတရံတွင် ပန်းချီဆရာသည် သည်မီးသီး၏ လှုပ်ရှားမှု ရွေ့လျားမှုကို လိုက်၍ ပန်းချီကားများကို အသက်ဝင်စေတတ်သည်။ သူ၏ ပန်းချီကားများသည် လေငြိမ်သော အချိန်တွင် ငြိမ်သက်သော စုတ်ချက်များနှင့် ပုံဖေါ်ထားသလို လေပြင်းပြင်း တိုက်နေချိန်များမှာတော့ ထိုလေပြင်းနှင့်အတူ ကြမ်းတမ်းသော စုတ်ချက်တွေဖြင့် ပုံဖေါ်လေ့ရှိသည်ဟု တချိန်က ပြောပြခဲ့ဖူးသည်…။ ကြာတော့ ကြာခဲ့ပါပြီလေ…

အခုဆို ပန်းချီဆရာ၏ ခပ်သွက်သွက် ကွဲရှရှ စကားသံများ၊ နံနက်ခင်း နှုတ်ဆက် စကားသံများ၊ ကြည်ရွှင်ရယ်မောသံများကို မကြားရတော့သည်မှာ အတော်ကြာနေခဲ့ပြီ…။ အနှောက်အယှက်ပြုရန်လည်း မကြိုးစားချင်ပါ။ သူ့ အတွေး သူ့ အာရုံထဲမှာ သူ ပျော်သလိုသာ နေပါစေ…။ ပြည့်စုံသော ချစ်ခြင်းတခု ဖြစ်တည်ရန်မှာ အလိုက်တသိနှင့် နားလည်ပေးနိုင်မှုက အလွန် အဓိကကျ သည် မဟုတ်လား…။

ဘာပဲဖြစ်ဖြစ် သည်အချိန်မှာ သူမကို ကျောခိုင်းထားသော ပန်းချီဆရာကို အရင်က တွေ့မြင်ခဲ့ဖူးသော စွဲမက်ဖွယ်ရာ သူ၏ ပန်းချီကားများ၊၊ အရင်က ကြားခဲ့ဖူးသော သူ၏ သီချင်းသံ တိုးဖွဖွများ၊ အရင်က မြတ်နိုးခဲ့ဖူးသော သူ၏ စကားသံ အက်ကွဲကွဲများနှင့်အတူ သူမ သိပ်ချစ်ပါသည်…။ သူ့ထံမှ စကားပြန်လည် ပြောဆိုလာချိန်ကို စောင့်ဆိုင်းနေရသော အချိန်တွေသည် ဘဝ တသက်စာမက ကြာမြင့်ကောင်း ကြာမြင့်နိုင်မည်ဖြစ်သော်လည်း သူမ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေဦးမည် ဖြစ်သည်…။ သည်အခန်းလေးကိုလည်း သူ ဖိတ်ခေါ်သည် ဖြစ်စေ၊ မဖိတ်ခေါ်သည်ဖြစ်စေ အစဉ်အလာမပျက် အရောက်လာနေမိဦးမည် ဖြစ်သည်…။ နောက်ဆုံး ထိုအခန်းလေးကို သော့ခတ်၍ အလုံပိတ်လိုက်စေဦးတော့ မြင်ရသမျှ တံခါးရွက်များကို ဝမ်းနည်းစွာ လာရောက် ငေးမောနေဦးမည်သာ…။

အကယ်၍များ…
အကယ်၍များ သူမကို ချစ်ခင်ကြင်နာသော စိတ်ကလေး အနည်းငယ် ဝင်လာကာ ကျောခိုင်းထားရာမှ လှည့်ကြည့်ပြီး သူမ အလာကို အပြုံးတစဖြင့် ကြိုဆိုခဲ့မည် ဆိုလျှင်… အခါများစွာမှာ အဓိပ္ပါယ်ဖေါ်ရန် ခက်ခဲလှသော ပန်းချီဆရာ၏ မျက်ဝန်း အကြည့်တွေကို ကောင်းကောင်း အဓိပ္ပါယ်ဖေါ် ဘာသာပြန်နိုင်ခဲ့မည်ဆိုလျှင်… သူ၏ ဆွဲလက်စ ကင်းဗတ်စ် ပေါ်တွင် ကောင်းကင်ပြာပြာ တိမ်လိပ်ဖြူဖြူ မြက်ခင်းစိမ်းစိမ်းတွေနှင့် ငှက်ငယ်လေးများ ပျံဝဲနေကြသော ကြည်နူးစရာ ပန်းချီကားတချပ် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ် အသက်ဝင်လာမည် ဆိုလျှင်… သူမ အတိအကျ နားမလည်သော်လည်း အရောင် နွေးနွေးတွေဖြင့် ကြည်လင်လှပသော အနာဂတ်ကို ကိုယ်စားပြု ဖေါ်ကျူးသည့် ပန်းချီကား တချပ်ကို စတင် ရေးဆွဲနေပြီဆိုလျှင်… သို့တည်းမဟုတ် ပန်းချီဆရာ၏ ဆွဲလက်စ ကင်းဗတ်စ်ပေါ်တွင် ခဲခြစ်ရာပေးထားသော သူမ၏ မျက်နှာ တစွန်းတစကို မြင်လိုက်ရပြီ ဆိုလျှင်…

သည်သို့ဆိုလျှင်တော့… သူမ ဘာကိုမှ ဂရုမစိုက်ချင်… အချိန်တွေလည်း ကြာရှည် ဆွဲမနေချင်တော့ပါ…။ ပန်းချီဆရာက စတင်၍ မေးလာသည်ဖြစ်စေ၊ မမေးလာသည် ဖြစ်စေ… သူ သိချင်သည် ဖြစ်စေ၊ မသိချင်သည် ဖြစ်စေ… သူ့အနားကို ညင်သာစွာ တိုးကပ်ကာ ရှင့်ကို ကျွန်မ သိပ်ချစ်တယ်… ဟု ခပ်တိုးတိုး ပြောလိုက်မိတော့မှာ သေချာပါသည်...။



19 comments:

  1. ဘာလို့ အစကထဲက ချစ်ကြောင်း မပြောထားတာလဲ လို့ ယောကျာင်္းလေးတစ်ယောက်နေရာက ခံစားတွေး တွေးသွားပါတယ် ။

    ReplyDelete
  2. ပန်းချီဆရာက ခုတော့ ဟင်းချက်နေတယ်ထင်ရဲ့... ဟီးဟီး (ခင်လို့နောက်မိသည် )

    ReplyDelete
  3. သူမ၏ ပန်းချီဆရာအကြောင်းကို စိတ်နှစ်ပြီးဖတ်သွားလိုက်တယ်။ ပန်းချီဆရာတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကိုမျက်စိထဲမှာပေါ်နေတယ်....သူမကိုတော့စာနာသနားမိသလိုပဲ။

    ReplyDelete
  4. ရသ ဖွဖွ လေး.. တပုဒ်

    ReplyDelete
  5. ပန်းချီဆရာ....
    အစ်မ ပန်းချီဆရာမအကြောင်းရော...
း-)

    ReplyDelete
  6. ပန်းချီတွေကိုတော့ ကြိုက်တယ် .. ပန်းချီဆရာကိုတော့ ...အင်းးး စဉ်းစားဖို့အချိန်နဲနဲပေးပါး)

    ReplyDelete
  7. ကောင်းတယ်နော်၊မိန်းမဆိုတာအဲလိုတွေးရဲရေးရဲ....လုပ်ရဲရတယ်...မိုက်တယ်ကွာ :)

    ReplyDelete
  8. သူမ ဘလော့မှာ စာရေးနေလျင်ပန်းချီဆရာခမြာ ထမင်းချက်ရမှာ ကြောက်ရွံ့ ထိတ်လန့်ပါသောကြောင့်..စကားပြန်လည်မပြောပဲ ပန်းချီဆွဲနေခြင်း ဖြစ်ပါသည်။

    ReplyDelete
  9. ပန်းချီဆရာရဲ့ ပုံကြမ်းကိုတော့ မြင်ရပြီ။ "ပန်းချီဆရာရဲ့ သူမ" ကိုလည်း ဆက်ရေးပါဦး။ :)

    ReplyDelete
  10. အဲဒီ ပန်းချီဆရာ ကြက်ဥကြော်နေတဲ့ပုံ တင်ပေးပါ မမသက်ဝေ ရှန့်.....

    ပုံ /အမာခံ ပိတ်သတ်တဦး

    ReplyDelete
  11. ပန်းချီဆရာရော
    သူမရော စိတ်ဝင်စားစရာလေး
    ပန်းချီပုံလေးလည်း ချစ်စရာကောင်းတယ်

    ReplyDelete
  12. မကြာသေးခင်ကမှ ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ ရမ္မက်မီး ဆိုတဲ့ ဗင်ဂိုး အကြောင်းဖတ်ထားမိလို့ ဒီထဲက ပန်းချီဆရာရဲ့ ဖြစ်ပေါ်နိင်တဲ့ စိတ်တချို့ကို နားလည်သလို ဖြစ်မိတယ်။ သူတို့မှာ တခြား အာရုံခံစား ဖို့ စိတ်ဝင်စားမှုတွေ လျော့ကျကုန်ပြီလေ။

    ReplyDelete
  13. ဒါဟာ အချစ်လား တကယ်ပါ...
    အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ...

    ReplyDelete
  14. အစ်မရေးသွားတာလေးကို ကြိုက်တယ်။
    ပန်းချီဆရာလို အနုပညာတစ်ခုတည်းကိုပဲ တစိုက်မတ်မတ် အာရုံစိုက်မယ့်သူမျိုးကို ချစ်ရတာ တကယ်မလွယ်ဘူး။ အတော့်ကိုနားလည်ပေးရမှာနော့။

    ReplyDelete
  15. အပေါ်က ပန်းချီဆရာကို ဟင်းချက်နေတယ်၊ ကြက်ဥကြော်နေတယ်ပြောတဲ့သူတွေနော် ... ဟင့် ... ဟိုက ပန်းချီဆရာရဲ့ချစ်သူအဖြစ် ရိုမန်းတစ်ဆန်ဆန် သေချာရေးသွားတာကို ... သွားနောက်နေကြတယ် ...

    တကယ်တော့ ပန်းချီဆရာက ဟင်းချက်နေတာဟုတ်ဝူး။ ဟင်းချက်ဖို့ ဈေးသွားဝယ်နေတုံးရှိသေးတာ။ Just kidding ;))

    အတည်ရေးရရင် အက်ဆေးအတော် အရေးကောင်းသူလို့ပြောရမယ်။ ဒီလို အရေးတွေကို ဟိုးအရင်က မ၈ဇင်းတွေမှ ခဏခဏဖတ်ဖူးတယ်။ တကယ်ကို စာရေးဆရာတစ်ယောက်လိုကို ရေးတတ်ပါပေတယ်။

    ReplyDelete
  16. သက်ဝေ...
    သက်ဝေ ခုတလောရေးတဲ့စာတွေ သိပ်ဖတ်လို့ကောင်းတာပဲ... သက်ဝေရဲ့ ဘလော့ဂ်လေးက တကယ်ကို ဆေးရောင်စုံ သက်ငြိမ် ပန်းချီကားလေး တချပ်လိုပါပဲ...
    အစဉ်အားပေးလျှက်...

    "ပြည့်စုံသော ချစ်ခြင်းတခု ဖြစ်တည်ရန်မှာ အလိုက်တသိနှင့် နားလည်ပေးနိုင်မှုက အလွန် အဓိကကျ သည် မဟုတ်လား…"

    သိပ်လှတာပဲ... ပြီးတော့ သိပ်မှန်တာပဲ...

    ReplyDelete
  17. မပန်ရဲ့ ပန်းချီလက်ရာနဲ့ မမသက်ဝေရဲ့ အက်ဆေးထဲမျောသွားတယ် ...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  18. ................
    ................
    ................
    ကင်းဗတ်စပေါ်မှာမိမိပုံလေးကို မြင်လိုက်ရမှ..
    သို့ မဟုတ် စွေစွေမှေးမှေးစိုက်ကြည့်တတ်သော
    မျက်ဝန်းကို တွေ့ ရမှ.....
    သို့ ဆိုလျှင် သူမ မမြင်နိုင်လို့ ဖြစ်နိုင်ပါသည်..။
    ပြတ်နေသော ဂစ်တာကြိုးလေးတွေကိုတောင် ဆက်ပေးဘို့ ကြိုးစားခဲ့ ဘူးသူတစ်ယောက်ကို သူ ဥပေက္ခာပြုမည်မထင်..။
    ဆန့် ကျင်ဘက်အရောင်ဖြစ်သော အစိမ်းနဲ့ အနီကို အတူ(ပန်းချိးကားတွင်) ရောဆွဲဘို့ ပန်းချီသမားတွေ သာမန်အချိန်မှာ စိတ်မကူးပါ..။
    ဖွင့်ထုတ်ရခက်သော စကား...ဝေဒနာ
    စိတ်ခံစားမှုကို ရက်ရက်စက်စက်ရင်မှဖောက်ထုတ်ပြချင်သောအခါ...
    ပူလောင်ခြင်းနဲ့ လမ်းခွဲခြင်းကို အံချချင်သောအခါ....သုံးလေ့ရှိသည်..။
    သူမ ၀င်လာချိန်လေးမှာ အနီရောင်ကို အသုံးပြုပြီး ပန်းချီကားပေါ်တွင် ကန့် လန့် ဖြတ်ရေးဆွဲလိုက်သော
    စုတ်ချက်တွင် ...
    သူမအတွက် စကားတွေ အများကြီးရှိနေနိုင်ပါတယ်..။

    ReplyDelete
  19. ကိုယ်သာဆို အဲ့လောက်ထိ စိတ်ရှည်ရှည်စောင့်နိုင်ဖို့ မလွယ်လောက်ဘူးး)


    နောင့်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...