Tuesday, October 19, 2010

Fashion Show

အခုတလော ပေါ့ပေါ့ပါးပါးတွေ ရေးလို့ မထွက်တာမို့ တွေးမိသမျှတွေ ရေးပြီး စာဖတ်သူတွေကို နှိပ်စက်တာ များသွားပြီ…။ ဒါကြောင့် ဒီနေ့တော့ စာဖတ်သူများ စိတ်အာရုံရော စက္ခုအာရုံပါ ကြည်လင်စေခြင်းအလို့ငှာ ပြီးခဲ့တဲ့ စနေနေ့က Metro Orchard မှာ လုပ်တဲ့ Model Show သွားတုန်းက ရိုက်လာတဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ Custo Barcelona နဲ့ RafflesPrivato ဆိုတဲ့ Fashion Company နှစ်ခုရဲ့ Winter & Summer Collection 2010 အတွက် ကျင်းပတဲ့ Show ဖြစ်ပါတယ်...။

ပိန်ရုံသာမက ပါးလှပ်နေတဲ့ လှလှပပ မော်ဒယ်လေးတွေကို ကြည့်ပြီး…ဟင်း… လို့ သက်ပြင်း အနည်းငယ် ချလိုက်မိသေးတယ်ဆိုတာ ဝန်ခံပါတယ်…။ ဒါပေမယ့် ဓါတ်ပုံ ကောင်းကောင်းရချင်စိတ်က လူကိုကြီးစိုးနေတာမို့ သူတို့ရဲ့ အလှအပတွေကို သေသေချာချာ မခံစားနိုင်ခဲ့ပါဘူး။ ပြီးတော့အဲဒီလို Show မှာ ဓါတ်ပုံရိုက်ရတာ အတော်လေး ခက်ခဲ ပင်ပန်းပါလားဆိုတာ အဲဒီနေ့ကမှ သိပါတယ်။

မြူးမြူးကြွကြွ စည်းချက်နဲ့အညီ အဆက်မပြတ် လျှောက်လှမ်းနေကြတဲ့၊ တစက္ကန့် နှစ်စက္ကန့်လောက်ပဲ ငြိမ်တဲ့ မော်ဒယ် ကိုကို မမ တွေရဲ့ ခြေလှမ်းတွေကို အမှီလိုက်ရိုက်ရတာလေ…။ အဲဒီညက အိမ်ပြန်ရောက်တော့ တဆစ်ဆစ်ကိုက်ပြီး ယောင်ချင်ချင်ဖြစ်လာတဲ့ ညာဖက် လက်ကောက်ဝတ်ကို ဆေးလိမ်းရပါတယ်။ ဒါတောင် ၁၈-၅၅ ရယ် ၅၅-၂၀၀ ရယ် နဲ့ပဲ ရိုက်ခဲ့တာ…။ ကိုယ့်အနားမှာ ရိုက်နေကြတဲ့ Pro တွေ လက်ထဲက Lens တွေဟာ တခု တခုကို တပေ မက ရှည်လျားပါတယ်။ ပြီးတော့ External Flash တွေကလဲ ပါသေးတယ်ဆိုတော့ ကိုင်ရတာ အတော် လေးမှာ သေချာတယ်။ သူတို့တွေလဲ မော်ဒယ် တခေါက်လျှောက်လို့ ပြီးသွားတိုင်း သူတို့ရဲ့ ညာဖက်လက်တွေကို တခါခါ လုပ်နေကြတာ တွေ့ရတယ်…။ တော်ပြီ… တော်ပြီ… အဲဒီ Lens အရှည်ကြီးတွေ ဝယ်ဖို့ မစဉ်းစားတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်…။ (စပျစ်သီး ချဉ်တာလဲ ဖြစ်နိုင်ပါတယ်)

နောက်တခုက မိန်းကလေးတယောက်အနေနဲ့ ဒီလိုပွဲတွေမှာ ယောင်္ကျားလေး Photographer တွေနဲ့ ယှဉ်ပြီး ဓါတ်ပုံရိုက်ရတာ အမှန်အတိုင်းပြောရရင် သိပ်မချောင်လှဘူး…။ အားလုံးက သူ့ထက်ငါ ဓါတ်ပုံကောင်းကောင်းတွေ ရရှိရေးကိုသာ ဦးတည် ရှေးရှုနေကြတဲ့ အတွက် တယောက်ကို တယောက် သိပ်မညှာတာလှဘူး…။ မိန်းကလေးသော ဘာသော လဲ ကြည့်မနေဘူး။ Lady’s first ဆိုတာလဲ မရှိကြဘူး။ တိုးမှာပဲ… တိုးမှာပဲ… ငါ့ကို လာမတားနဲ့… ဆိုတဲ့သူမျိုးတွေ များတယ်…။ (ကြားရင်တော့ လာသတ်ကြတော့မှာပဲ…)

ဒီလို Show ရိုက်တဲ့ အတွေ့အကြုံမရှိသေးတော့ မော်ဒယ်တွေကို ခေါင်းကနေ ခြေထောက် တကိုယ်လုံးပါအောင် ချိန်ပြီး ရိုက်မိတယ်။ ကိုယ့်ဟာကိုယ်တော့ တယ်ဟုတ်တဲ့ ငါပါလား ဆိုပြီး ကျေနပ်နေတာပေါ့လေ…။ အိမ်ရောက်တော့ ကွန်ပျူတာထဲ ပုံတွေချကြည့်တော့မှ ပြဿနာကို သိတယ်။ ပုံတွေထဲမှာ မော်ဒယ်တွေ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးတော့ ပါပါရဲ့… ဒါပေမယ့် မော်ဒယ်တွေနဲ့အတူ သူတို့ အနောက်က ပွဲကြည့်ပရိတ်သတ်တွေရဲ့ မျက်နှာတွေလဲ အထင်းသား ပါနေတာ တွေ့လိုက်ရတယ်။ အမှန်က နားလည်တတ်ကျွမ်းတဲ့ ဓါတ်ပုံဆရာတွေဟာ သူတို့ရဲ့ဓါတ်ပုံတွေမှာ ဒီလို ပွဲကြည့်သူတွေ မပါအောင် ရိုက်ကြရတယ်။ Focus ကို သေသေချာချာ ဖြတ်ရတယ်။ ကိုယ်က သိမှ မသိတာ… ရိုက် ရိုက်ဆို အားလုံး ရိုက်ပစ်လိုက်တာပေါ့…။ မှတ်ကရော…

နောက်ဆုံးအနေနဲ့ နိဂုံးချုပ်လိုက်တော့ ပုံတထောင် သက်ဝေရဲ့ ထုံးစံအတိုင်း ကောင်းနိုးရာရာတွေကို ရွေးထုတ်ပြီး မသင့်တော်တာတွေကို ဖြတ်လိုက် တောက်လိုက်တဲ့အခါမှာ ပုံကောင်းနဲနဲပဲ ကျန်ပါတယ်။ အဲဒီ ကျန်သမျှထဲကမှ အဆင်ပြေမယ်ထင်တာလေးတွေ တင်လိုက်ပါတယ်… ရှုစား အားပေးတော်မူကြပါရှင်…

ကြည့်ရတာ မကြာခင်မှာ ဆံပင် အကြေကောက်တွေ ပြန်ခေတ်စားလာတော့မယ်ထင်တယ်…။ သူတို့ထဲက အများစုက အကြေကောက်တွေ ကောက်လို့...







Model Girl တွေတင်မက Boy တွေကိုလဲ အမိအရ ရိုက်ခဲ့သေးတယ်…။ တယောက်ဆို သေသေချာချာတောင် ပြုံးပြသွားသေးတယ်။ ဒီမှာကြည့်...




သူဝတ်ထားတဲ့ အနွေးထည်က မိုက်တယ်… အရေးထဲမှာ မိန်းကလေးအဝတ်တွေ ကြိုက်ရမယ့်အစား ယောင်္ကျားလေး အဝတ်ကို ကြိုက်နေမိတယ်… ဒုက္ခ… ဒုက္ခ…



သူလေးကတော့ အမိုက်စားလေး… ရှေ့တည့်တည့်မှာ လာရပ်လို့ အမိအရ ရိုက်လိုက်တာ…




ကိုယ့်အကြိုက် လက်ကောက်တွေ…



မော်ဒယ်တွေထဲမှာ အာရှသူဆိုလို့ သူတယောက်ပဲ တွေ့မိတယ်... ချစ်စရာလေးနော်...




မော်ဒယ်တွေရဲ့ ခြေထောက်ရှည်ရှည်လေးတွေမပါလို့ စိတ်မကောင်းဖြစ်နေကြသူများအတွက် ရှားရှားပါးပါး ရထားတဲ့ ပုံ နှစ်ပုံ…




အဲဒီစနေနေ့က အတော်ပင်ပန်းသွားတာမို့ နောက်တနေ့ Iluma မှာလုပ်တဲ့ Thai Fashion Show ကို မသွားနိုင်တော့ပါဘူး။ ဒါကြောင့် ယိုးဒယားသူ လှလှလေးတွေပုံ မရတော့ဘူးပေါ့…။ မျက်စေ့မနောက်ကြဘူး ဆိုရင်တော့ နောက်ကို အခုလို Show တွေ ရိုက်ဖြစ်ရင် ဓါတ်ပုံတွေ တင်ပါအုံးမယ်…။ လာကြည့်ကြတာ ကျေးဇူးနော်…း))



33 comments:

  1. လှတယ်....
    အမိုက်စားလေး ဆိုတဲ့ တစ်ယောက်တော်တော်လှတယ်..

    ReplyDelete
  2. Thanks for sharing, I love them all: the hair, the accessories, everything is beautiful.

    ReplyDelete
  3. yeah, i like it!
    thanks for sharing!
    ကျနော်လဲ အဲဒိအနွေးထည် ကြိုက်တယ်...

    ထိုင်းမလေးတွေ မကြည့်ရနာသကွာ...

    ဖက်ရှင်ရှိုးဆို သိပ်ကြိုက်...
    နောက်တစ်ခါ ဘယ်မှာ ပွဲရှိတယ်ဆိုတာ သိခဲ့ရင် ကြိုတင်အကြောင်းကြားပေးရင် သိပ်ကောင်းမှာ Sister... :)

    ReplyDelete
  4. သိပ်မပိန်ကြပါဘူး လှတယ်

    ReplyDelete
  5. နောက်ဆုံးပုံက မော်ဒယ်ဝတ်ထားတာလေးလှတယ်.. ရှေ့ကတော့ ဘယ်လိုနေမယ်မသိ.. :)

    ReplyDelete
  6. အဲ.. ရှေ့ကပုံတွေ့ပြီ.. ဘာလို့ ပိုက်ဆံအိတ်ကြီး လည်ပင်းဆွဲထားလဲမသိဘူး အဲဒါကြီးမပါရင် လှမှာ

    ReplyDelete
  7. လှတယ်၊ ပုံတွေကောင်းပါ့၊ ဒဏ်ကြေလူးဆေး အိမ်လာလူးပေးရမလား၊ ဘာကျွေးမလဲ ဟမ် !!!

    ReplyDelete
  8. မျက်စိနောက်တယ်ရယ်လည်း ဘယ်ဟုတ်ပါ့မလဲ အစ်မရယ် ။
    တင်တော့လည်း ကြည့်ရတာပေါ့ ။

    နောက်ခါဆို ခြေထောက်ရှည်ရှည်လေးတွေပါ ထည့်ရိုက်ပေးနော် ။ :P

    ReplyDelete
  9. ပင်ပန်းလွန်းလို့ အဲဒါတွေ မရိုက်ဘူး.. ဟိ...

    ငြိမ်ငြိမ်နေတဲ့ မော်ဒယ်ကိုပဲရိုက်တော့မယ်... ပန်းတွေ ရှုခင်းတွေပြောပါတယ် :P

    ReplyDelete
  10. ညီမလေးလဲ ဟိုနေ့က မိုးကုတ်ပေါက်ပေါက် မင်္ဂလာဝတ်စုံပွဲသွားသေးတယ်မမ...
    ပုံတွေတော့ရိုက်လာတယ် ဖဘထဲလာကြည့်လှည့် ဘလောက်မှာတော့မတင်တော့ဘူး ငါ့အမလက်ရာလောက်မကောင်းဘူး...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  11. I like all, Thanks alot for sharing.I like watching the fashion show.

    ReplyDelete
  12. ကောက်လိုက်ကြ ဖြောင့်လိုက်ကြ ဖြောင့်လိုက်ကြ ကောက်လိုက်ကြ သံသရာလည်တယ်ဆိုတာ ဒါပဲး)
    တုံးတယ်ပြောပြော မခံစားတတ်ဘူးရယ် ဖက်ရှင်ရှိုးကို .. ကိုယ်က ဝ၀လှလှလေးမို့ လို့လားတော့မသိဘူး သူတို့တွေကို သိပ်ပိန်လွန်းတယ်လို့ ခံစားရတယ် ဟိဟိ

    ReplyDelete
  13. အားလုံး အမိုက်စားလေးတွေပဲ.. အမောကိုပြေသွားတာပဲးD

    နောက်တခါရိုက်ရင်ပြောလေ..အစ်မ။ ကင်မရာကိုင်လို့ညောင်းတဲ့လက်ကို ထမ်းပေးထားမယ်..ဟဲ

    ReplyDelete
  14. မျက်စေ့နောက်ပါဘူးဗျ...။ကိုယ်တိုင်သွားမကြည့်နိုင်တော့
    တင်ပေးသူကိုတောင်ကျေးဇူးတင်မိသေး..။သိပ် အပိန်ကြီး
    လည်း မဟုတ်ကြပါဘူးနော်..။အမိုက်စားလေး ဆိုတဲ့
    တစ်ယောက်က တကယ်ကို လှတယ်ဗျ။

    ReplyDelete
  15. ပုံလောက်နဲ့ အားမရဘူး။ကိုယ်တိုင်အားမပေးလိုက်ရတာနာတာပဲကွာ။ :(

    ReplyDelete
  16. အားလုံး လှတပတလေးတွေကြီးပါဘဲ။
    ကြည့်ရင်းနဲ့ သူတို့လို စင်ပေါ်တက်ပြီး လျှောက်ချင်လာမိတယ်...
    စင်ပြိုကျမှာ ကြောက်လို့သာ ငြိမ်နေရတယ်...

    ReplyDelete
  17. မော်ဒယ်ပုံတွေ ရိုက်ထားတာ တော်တော်ကောင်းတာပဲ။ ကျွန်တော်ကင်မရာ canon က ဖလပ် အလုပ်လုပ်တာ နှေးတော့ အဲ့လိုပွဲတွေ ရိုက်ရတာ သိပ်အဆင်မပြေဘူး ;(

    ReplyDelete
  18. ပုံတွေမိုက်တယ် အစ်မရေ

    ReplyDelete
  19. ဟုတ်တယ်၊ တို့တောင်အကြေကောက်လိုက်တယ်။

    ReplyDelete
  20. ဒီမော်ဒယ်တွေကို cat walk တော့မလျောက်ခိုင်းတော့ဘူး............... လျောက်ခိုင်းရ ကောင်းမှာပဲ

    ReplyDelete
  21. တို့ကတော့ အမေကောက် ပေးတယ်။


    အမျိုးတယောက်

    ReplyDelete
  22. ပုံလေးတွေလှတယ်။ ဟိုရောင်စုံအင်္ကျီနဲ့ အမိုက်စားလေး ကြိုက်တယ်။ အကြေကောက်တွေ ပြန်ခေတ်စားပြန်ပေါ့။ ငယ်ငယ် ရူးရူးမိုက်မိုက်တုံးကတော့ တစ်ခါ ကောက်ဖူးတယ်။

    ReplyDelete
  23. မက်မွန် Mon : မွန်ရဲ့ winter fashion ကတော့
    အ၀တ်ပုံလုံးကြီးပါပဲ။ ဒါမှနွေးမှာလေ ဟိ...

    ReplyDelete
  24. ပုံတွေ လန်းတယ်ဗျို့။
    မော်ဒယ်ဂဲလ်တွေ မြင်တော့ ငယ်ငယ်က မော်ဒယ်လုပ်ချင်စိတ်ပေါ်ခဲ့သေးတာ အမှတ်ရသွားတယ်။ တီဗွီမှာ ဆက်သွယ်ရေးဂြိုလ်တုသတင်းထဲ ဖက်ရှင်ရှိုးလာရင် အပြေးအလွှား ကြည့်ရတာ။
    အဲဒါနဲ့ ပတ်သက်ပြီး စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။ ဆယ်ကျော်သက် စိတ်ကူးလက်ရာလေးပေါ့ ... အဟိ။

    ReplyDelete
  25. လှတယ် မမသက်ဝေ.. အကြေကောက်တွေ ခေတ်စားနေပြန်ပီလား မသိဘူးနော်

ူlondon မှာလဲ fashion show တွေ ရှိတယ်.. မသွားဖြစ်ဘူး.. singapore မှာတော့ နှစ်ပေါက်လုံး ဒီအဝတ်တွေပဲ ဝတ်နေမိလို့..ခုတော့ in season ဆိုတဲ့ စကားက အရမ်း သက်ရောက်တာပဲ..

    ဒါပေမယ့် နေတာ ကြာလာတာနဲ့ အမျှ အရေလဲ ထူလာတယ်..ဒီနေ့ autumn ပဲ ရှိသေးပေမယ့် 7.5 ပဲတဲ့.. ဝတ်သွားတာ ဘောင်းဘီအပါးလေး တထပ်ထဲရယ်..

    ReplyDelete
  26. မော်ဒယ်လ်လေးတွေကို ကြည့်သွားတယ်...
    လှပါ့...ဒါပေမဲ့ လက်ညောင်းသွားတယ်ဆိုလို့
    စိတ်မကောင်းဘူး...

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  27. ဓါတ်ပုံတွေ သိပ်လှတယ် သက်ဝေ
    ကိုယ်တိုင်က ဖက်ရှင်မကျပေမယ့် အခုလို ဖက်ရှင်လှလှတွေတော့ ကြိုက်ပါတယ်
    နောက်ကို ဓါတ်ပုံတွေ များများရိုက်နိုင်အောင် ကင်မရာကိုင်ရင် လက်မနာအောင် အားရှိအောင် အစား များများစားပါ… :P

    ReplyDelete
  28. အမိုက်စားလေးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာ ကောင်းတယ်.. :)

    ReplyDelete
  29. Model တွေကို အားပေးသွားကြသူများ အားလုံး အားလုံး ကျေးဇူးအထူးပါ...
    လက်အကိုက်ခံပြီး ရိုက်ရကျိုးနပ်တယ်ပြောရမှာပေါ့... နောင်ကိုလဲ ရိုက်ပါအုံးမယ်... အဲဒီအခါကျရင်လဲ လာအားပေးကြပါအုံးနော်...း))

    ReplyDelete
  30. အောက်ဆုံးကပုံက အာရှသူလေးဆိုတဲ့ တယောက်ပဲ မဟုတ်လား။ သူ မဆိုစလောက်လေး ပြုံးနေတာ ချစ်စရာ..။
    ရှိုးတွေမှာ ရုပ်သေကြီးနဲ့ ဆတ်တောက် ဆတ်တောက် လျှောက်နေတာ အရုပ်တွေ ခလုတ်နှိပ် လွှတ်လိုက်သလိုမို့ မကြိုက်ဘူး။ ဟားတိုက် ရီမော နေရမယ်လဲ မဟုတ်ပါဘူး။ အခုလောက်ဆို အိုကေပါတယ်။

    ReplyDelete
  31. ကိုယ့်ကလေးအရွယ်လေးတွေတွေ့ရင်သိပ်ချစ်၊
    မသိစိတ်ထဲမှာကလေးများလိုချင်နေလားမသိပါဘူး၊
    အဟဲ..

    ReplyDelete
  32. မြန်မာတွေကရင်ပြတ်ဝတ်မှလှတယ်ထင်နေကြတယ်နော်ဒီပုံလေးတွေကြည်.တော.လဲသူတို.နိုင်ငံမှာတောင်ရိုးရိုးလေးတွေဝတ်ကြတယ်လို.မမြင်
    ကြဘူးလားဟင်.............

    ReplyDelete
  33. မြန်မာတွေကရင်ပြတ်ဝတ်မှလှတယ်ထင်နေကြတယ်နော်ဒီပုံလေးတွေကြည်.တော.လဲသူတို.နိုင်ငံမှာတောင်ရိုးရိုးလေးတွေဝတ်ကြတယ်လို.မမြင်
    ကြဘူးလားဟင်.............

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...