Thursday, October 28, 2010

ချက်ခြင်း၏ အနုပညာ

အခုတလော အလုပ်နဲနဲများတာနဲ့ ပျင်းတာနဲ့ ရောပြီး ဘာမှ မရေးဖြစ်ဖူး။ ရေးထားတာတွေကလဲ ဟိုတစ ဒီတစနဲ့ အတိုအထွာတွေ…

အဲဒီလို အပျင်းရောဂါရနေတုန်းမှာ သူငယ်တန်းထဲက အတူတူ ကျောင်းနေဖက် သူငယ်ချင်းတယောက်က ကမ္ဘောဒီးယားကနေ ဒီကို အလည်ရောက်လာပါတယ်။ သူ့ကို ရုံးပိတ်ရက်မှာ တခုခု လိုက်ကျွေးမယ် ဘာစားမလဲလို့ မေးလိုက်တော့ သူက လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကိုယ်ချက်ကျွေးခဲ့ဖူးတဲ့ ဒန်ပေါက်ကို သတိတရနဲ့ အပြင်မှာ မစားချင်ဘူး ကိုယ်ချက်တဲ့ ဒန်ပေါက်ပဲ စားချင်တယ် လို့ ဆိုလာပါတယ်။ ပြီးတော့ ချက်တဲ့နည်းလေးလဲ အဆင်ပြေရင် ရေးပေးပါလားလို့ ပြောလာပါတယ်…။

ဒီလိုနဲ့ တခုသော စနေနေ့မနက်ခင်းလေးမှာ ဒန်ပေါက်ထမင်း ချက်ဖြစ်ပြီး တခုသော ကြာသာပတေးနေ့ ညနေခင်းလေးမှာ ချက်တဲ့နည်းကို အခုလို ချရေးဖြစ်ပါတယ်။ "ချက်ခြင်းရဲ့ အနုပညာ" နဲ့ ချက်တာမို့ ဘယ်ဟာတွေ ဘယ်လို အချိုးအစားနဲ့ ထည့်ချက်တယ်ဆိုတာ အသေးစိတ် မမှတ်မိပါဘူး…။ စိတ်မှန်းနဲ့ ရမ်းသမ်းချက်တာမို့ "ရမ်းသမ်း cook" လို့ အမည်ပေးရင်လဲ ရပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ ပစ္စည်းနှစ်မျိုးရဲ့ ခန့်မှန်းခြေ အချိုးအစားနဲ့ အတူ ကျန်တဲ့ ပါဝင်တဲ့ ပစ္စည်းတွေကိုတော့ ပြောပြပါ့မယ်။ ကိုယ်တတ်တဲ့နည်းနဲ့ ကိုယ်ချက်တာဆိုတော့ ထမင်း သတ်သတ် ဟင်းသတ်သတ် ချက်တာပါ။ ထမင်းနဲ့ အသား ရောပြီး တခါထဲ နှပ်တဲ့နည်းကို သူများပြောတာ ကြားဖူးပေမယ့် တခါမှ စမ်းမကြည့်ရသေးပါဘူး။

အဓိကကျကျ ပါဝင်တဲ့ ပစ္စည်းတွေက

- ဒန်ပေါက်ချက်တဲ့ Basmati ဆန် ၁ ကီလို (ပုံမှန်အတိုင်းဆို လူ ဆယ့်နှစ်ယောက်စာလောက် စားလို့ရပါတယ်)

- ကြက် သုံးကောင် - ကျောရိုးတွေ ခြေထောက် ခေါင်းတွေဖယ်ပြီ အတုံးကြီးကြီး တုံး၊ ဆား၊ အချိုမှုန့်၊ ငန်ပြာရည် နဲ့ နယ်ထားပါတယ်

- ဒန်ပေါက်ထမင်း နဲ့ ကြက်သားဟင်းအတွက် မဆလာ (သစ်ဂျပိုး၊ နာနတ်ပွင့်၊ ဖာလာစေ့၊ ဇာထိပ်ဖိုသီး၊ ကရဝေး စတာတွေကို ရောကြိတ်ရင် ရတယ်။ အလွယ်ဆိုရင်တော့ ဒီကဆိုင်တွေမှာ ဝယ်လို့ရတဲ့ Brayani Masala ကို ထည့်ပါတယ်)

- ပူဒီနံရွက် (Mint Leave) - ပါးပါးလှီးထားတယ်

- Yellow Rice ဖြစ်အောင် အရောင်ဆိုးဖို့ ဆိုးဆေး နဲနဲကို အရည်ဖျော်ထားတယ် (ဆိုင်တွေမှာ Yellow Rice အတွက် Coloring Powder လို့ မေးရင် ရတယ်)

- Ghee ဆီသတ် (ရိုးရိုးဆီကို ကျက်အောင်ချက်ပြီး Gee ထောပတ်ကို ထည့်ပြီး ချက်ထားတယ်)

- ကြက်သွန်နီတွေကို ဆီချက်များများ ချက်ထားတယ်…

ကျန်တာတွေကတော့ စပျစ်သီးခြောက်၊ ပဲအစိမ်းလုံးလေးတွေ နဲ့ သီဟိုဠ်စေ့

ပြီးတော့ အခြေခံဟင်းချက်ပစ္စည်းတွေ ဖြစ်တဲ့ ဆီ၊ ဆား၊ အချိုမှုန့်၊ သကြား၊ ငန်ပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငြုတ်သီးအရောင်တင်မှုန့်၊ အချဉ်အတွက် သံပုရာသီး၊ သခွားသီး၊ ငြုတ်သီးစိမ်း...

အားလုံးစုံတော့ အခုလို စချက်တယ်…။
ထမင်းချက်မယ့် ဒန်အိုးထဲမှာ ကရဝေးရွက် (Bay Leave) နဲ့ သစ်ဂျပိုးခေါက် (Cinnamon) ကို တခါထဲ ထည့်ပြီး ရေဆူအောင်တည်ထားတယ်။ ဆန်ကို ရေဆေးထားပြီး အိုးထဲကရေ ဆူလာမှ ထည့်လိုက်တယ်။ ဒန်ပေါက်ချက်တဲ့ Basmati ဆန်က အချက်ခံတယ်… အတော်လေး ကြာကြာချက်လဲ ပျော့မသွားဘူး ဆန်အချောင်းလဲ ရှည်ပြီး လှလဲ လှတယ်။ ထမင်းအိုး အတော်လေး ဆူပြီး ထမင်းစေ့ကို ကိုင်ကြည့်၊ ပြန်နှပ်လို့ ရလောက်တဲ့ အနေအထားမှာ အိုးထဲက ထမင်းမဖြစ် တဖြစ်တွေကို ဇကာထဲ လောင်းချပြီး ရေစစ်ပါတယ်။ ဒီမှာလေ… ရေစစ်ထားတဲ့ ထမင်းတွေ… ကြည့်ပါအုံး... မလှဘူးလား…


ချက်ခြင်းရဲ့ အနုပညာက ဒီနေရာမှာ စပါပြီ…။
ထမင်းနှပ်မယ့် ဒန်အိုးထဲကို Ghee ဆီသတ် ထားတဲ့ ဆီကို မျက်နှာပြင် နှံ့အောင် ထည့်တယ်။ ပြီးရင် ရေစစ်ထားတဲ့ ထမင်းကို ပထမ တလွှာအနေနဲ့ ဖြန့်ထည့်တယ်။ ထမင်းကို အရောင်ဆိုးတဲ့အရည် နဲနဲဖြန်းတယ်။ ပြီးတော့မှ လှီးထားတဲ့ ပူဒီနံ၊ မဆလာ၊ စပျစ်သီးခြောက်၊ ပဲအစိမ်းလုံးလေးတွေ နဲ့ သီဟိုဠ်စေ့တွေကို ထည့်တယ်။ ကြက်သွန်နီ ဆီချက်ဖတ်တွေ ထည့်တယ်။ ဆား အချိုမှုန့် နဲနဲစီ ထည့်တယ်…။ ဒီပုံထဲကလိုပေါ့…


ပြီးရင် နောက်တလွှာအတွက် ထမင်းထည့်… Ghee ဆီဆမ်း… ကျန်တာတွေကို သူ့အစီအစဉ်အတိုင်းထည့်… ပြီးရင် နောက် တလွှာကို ထမင်းက စပြီး ခုနက အစီအစဉ်အတိုင်းထည့်… ဒီလိုနဲ့ ထမင်းတွေ တထပ်ပြီး တထပ် ထည့်ရင်း ကုန်သွားပြီဆို A4 စက္ကူ သုံးလေးရွက်လောက်ကို ရေဆွတ်ပြီး ထမင်းတွေပေါ်ကနေ လုံအောင်အုပ်၊ အိုးကို အဖုံးပိတ်လို့ မီးအေးအေးနဲ့ နှပ်ပါတယ်…။ အမှန်ကတော့ ထမင်းကို ထမင်းရည် ငှဲ့ချက်ပြီး ပြန်နှပ်တာမျိုးနဲ့ အတူတူပါပဲ…။

ကိုယ့်အမျိုးသားကတော့ ထမင်းတွေ အလွှာ အလွှာထည့်တာ အနုပညာ မဟုတ်၊ နှပ်ထားပြီး နပ်သွားတဲ့ ထမင်းကို မွှေတာကမှ အနုပညာလို့ ငြင်းပါတယ်…။ အမွှေ မတတ်ရင် ထမင်းတွေ ကျိုးကြေကုန်သတဲ့… ဒါကြောင့် မွှေတဲ့နေရာမှာ ပညာပါဖို့ လိုတယ် ဆိုပဲ…။ အိုကေလေ… မွှေတာက သူ့အလုပ်ပေါ့… ကိုယ့်လက်ကလဲ အဲလောက် မမွှေနိုင်တာနဲ့ အတော်ပါပဲ…။ မွှေပြီးတဲ့အခါမှာ ဒီလို ဒန်ပေါက်ထမင်း ရလာပါတယ်…။


ကြက်သားဟင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကြက်သွန်နီတွေနဲ့ ကြက်သွန်ဖြူတွေကို စက်နဲ့ ကြိတ်ပြီး Pressure Cooker ထဲမှာ ဆီသတ်ပါတယ်။ သကြားလေး နဲနဲထည့်ပါတယ်။ ကြက်သွန်တော်တော်နွမ်းတော့ ငြုတ်သီး အရောင်တင်မှုန့် အသင့်အတင့် ထည့်တယ်။ ပြီးရင် နယ်ထားတဲ့ ကြက်သား ထည့်၊ ဒန်ပေါက်ထဲထည့်တဲ့ မဆလာထည့်… ပြီးရင် အဖုံးအုပ်ပြီး ၁၂ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ ချက်တယ်…။ အခုလို ကြက်သားဟင်းရတယ်။


ခုနက ဖယ်ထားတဲ့ ကြက်ရိုးကို ပြုတ်ပြီး အရည်ကို ချဉ်ပေါင်ရွက်နဲ့ ဟင်းချိုချက်၊ ချခါနီးမှာ ငြုတ်သီးစိမ်း ကြက်သွန်ဖြူ ဒါးပြားရိုက်ပြီး အုပ်… ချဉ်ပေါင် ဟင်းချိုရတယ်…။

ကြက်သွန်နီနဲ့ သခွားသီးကို ပါးပါးလှီးပြီး သကြား၊ ဆား၊ ငြုတ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ ရောနယ်ပြီး အချဉ်လုပ်တယ်။

ဘာလချောင်ကြော် ကတော့ တခါတခါမှာ ကိုယ့်ဟာကိုယ် ကြော်တယ်။ တခါတခါမှာ Ready Made အထုပ်တွေ ဖေါက်ပါတယ်။ Ready Made တွေထဲမှာတော့ Feel က ရောင်းတဲ့ ဘာလချောင်ကြော်က အစပ်ပေါ့ပေါ့ အငန်ပေါ့ပေါ့နဲ့ တော်တော်လေး အဆင်ပြေပါတယ်။ အဲဒါတွေတော့ ဓါတ်ပုံမရိုက်ဖြစ်လို့ ပြစရာ မရှိဘူး…။ ဆောရီးပါ။

ဒီလိုဆိုရင် ဒန်ပေါက်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင် ဟင်းချို၊ ဘာလချောင်ကြော်၊ ကြက်သွန်ချဉ်တွေနဲ့ စုံစုံလင်လင် ထမင်းပွဲပြင်လို့ ရပြီပေါ့…။

ပြီးရင်တော့ NTUC မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဒိန်ချဉ်ဘူးတွေကို သကြားနဲ့ ရောမွှေ… ရေခဲထည့်ပြီး အအီပြေ သောက်ဖို့ တခါထဲ ပြင်ထားလို့လဲ ရပါသေးတယ်…။ ဒန်ပေါက်နဲ့ ဒိန်ချဉ်နဲ့ လိုက်တယ် ပြောကြတယ်…။

အပေါ်မှာပြောခဲ့တဲ့ ဒန်ပေါက်ချက်စရာ ပစ္စည်းတွေ အားလုံးကို Mustafa လို ဆိုင်ကြီးမှာ တစုတစည်းထဲ ဝယ်လို့ရသလို ကိုယ်တို့ အနီးအနားက Neighborhood အိန္ဒိယ ဆိုင်လေးတွေမှာလဲ ဝယ်လို့ရပါတယ်။ ကိုယ်ကတော့ သွားရလာရ သက်သာတဲ့ အိမ်နားက အိန္ဒိယ အရောင်းဆိုင်က ဝယ်လေ့ရှိပါတယ်။

စကားစပ်လို့ ပြောပြရရင် အဲဒီပစ္စည်းတွေ ကိုယ်သွားဝယ်တိုင်း အိန္ဒိယနွယ်ဖွား ဈေးရောင်းသူတွေက ကိုယ့်ကို တအံ့တသြ ကြည့်ကြပါတယ်။ မသိရင် တရုပ်လို့ အမြဲတမ်း အထင်ခံရတဲ့ ကိုယ့်ရုပ်ရည်နဲ့ ဝယ်တဲ့ပစ္စည်းတွေနဲ့ မလိုက်ဖက်ဖူးလေ…။ တခါ… နှစ်ခါ… သုံးခါလောက်အထိ သူတို့က မမေးသေးပါဘူး…။ ဒါပေမယ့် လေးခါမြောက်လောက်မှာ စိတ်မရှိပါနဲ့… အစချီတဲ့ စကားနဲ့ ကိုယ့်ကို ဒါတွေဝယ်ပြီး Nasi Brayani ကို ဘယ်သူက ချက်မှာလဲ လို့ ဖွင့်ဟ မေးမြန်းလာပါတော့တယ်…။

ကိုယ်ကလဲ ကိုယ်တိုင် ချက်မှာ ဖြစ်တဲ့အကြောင်း ရယ်ကျဲကျဲနဲ့ ပြောပြတော့ သူတို့တတွေ တယောက်မျက်နှာကို တယောက်ကြည်ပြီး ကိုယ်နားမလည်တဲ့ ဘာသာစကားတွေနဲ့ အဘား အဘား ပြောနေ ဆိုနေကြတာ တွေ့ရပါတယ်…။ သူတို့တွေရဲ့ တိုင်းရင်းသား ရိုးရာ အစားအစာနဲ့ သူတို့ရဲ့ ဈေးကွက်ကို ဒီတရုပ်မတော့ ဖျက်လို ဖျက်ဆီး လုပ်နေပြီ လို့များ ပြောနေကြလေသလား… ဒါမှမဟုတ် သူတို့ဘာတွေများ ဝေဖန် ပြောဆိုနေကြတာလဲ... သိနိုင်ပါဘူးလေ…။

ဘာပဲဖြစ်ဖြစ်ပါ… မကြားချင်လဲ နားပိတ်ထားလိုက်... ငါကတော့ ဒါကို ဆက်ပြောမှာပဲ… ဆိုတဲ့ စိုင်းစိုင်းသီချင်းလို… မကြည့်ချင်လဲ မျက်စိမှိတ်ထားလိုက်... ကိုယ်ကတော့ ဒါကို ဆက်ချက်မှာပဲ… လို့ ကြွေးကြော်ရင်း အခါအခွင့်သင့်လို့ ဒန်ပေါက်ချက်ဖို့ အကြောင်းဖန် လာလေတိုင်း လိုသမျှပစ္စည်းတွေ သူတို့ဆိုင်က သွားဝယ်ပြီး အပေါ်က နည်းအတိုင်း ချက်ဖြစ်နေမှာပါပဲ…။ သူငယ်ချင်း မိတ်ဆွေတွေလဲ အချိန်ရရင် ချက်စားကြည့်ကြပါ လို့ တိုက်တွန်းလိုက်ပါတယ်။


ကော်မန့်ထဲမှာ Ghee ထောပတ်အကြောင်း မေးလာတာမို့ ဓါတ်ပုံလေး ထပ်ဖြည့်လိုက်ပါတယ်။ အိမ်မှာ ဝယ်ပြီးသား ကုန်နေလို့ အင်တာနက်က ရှာပြီး တင်လိုက်တယ်။ NTUC, Giant, Cold Storage နဲ့ Neighborhood ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်...း))



မှတ်ချက် ။ ။ မျက်နှာစာအုပ်မှာ အပေါင်းအသင်းတွေကို ပုံနဲ့ပြပြီး မစားရ ဝခမန်း လုပ်တာ အားမရသေးလို့ အခု ဒီဘလော့ဂ်ပေါ်ကို ဆွဲထုတ်လာတယ်လို့ မထင်ကြပါနဲ့နော်…။ ဒါ မျှဝေတာ လို့ ခေါ်ပါတယ်…။

34 comments:

  1. ၂ခါရှိ၊ နှစ်ခိရှာသွားပြီဆိုတော့ ခေါ်ကျွေးသင့်ပြီထင်တယ်...ငှင်း ငှင်း

    ReplyDelete
  2. ဒန်ပေါက်ကို တစ်ခါချက်ဖူးတယ်၊
    ကောင်းတယ်လို့ ပြောကြတယ်၊
    ချက်နည်းတော့ မသက်ဝေချက်တာနဲ့ တူသလိုပဲ၊
    တနေ့တော့ ပြန်စမ်းကြည့်ဦးမယ်၊

    ReplyDelete
  3. တော်တာ တော်တာ ငှါးမယ်နော်
    :)

    ReplyDelete
  4. မအိပ်ခင် စက်မပိတ်ခင်လေးမှာ အစ်မရဲ့ပို့စ်အသစ်တက်တာတွေ့လို့ လာငတ်...အဲလေ..လာဖတ်သွားပါတယ်။ ဇွန်လည်း ဟိုတုန်းက ချက်ဖူးတယ်။ အင်တာနက်ထဲကရှာတွေ့တဲ့ ချက်နည်းအတိုင်း ချက်ကြည့်လိုက်တာ ဖြစ်သွားတယ်။ ကြက်သားကိုတော့ ဒိန်ချဉ်နဲ့နယ်ပြီး တစ်ညသိပ်ထားလိုက်တယ်။ ဆန်ကို အပျော့တစ်ထပ်၊ အမာတစ်ထပ်ခွဲပြီး ချက်တယ်။ သစ်ဂျပိုးနဲ့ ကရဝေးရွက်တွေကို ထောပတ်ဆီနဲ့သတ်လိုက်တယ်။ ကြက်သွန်ကြော်ရတာတော့ လက်တညောင်းပဲ။ ချက်နည်းအတိအကျတော့ မမှတ်မိတော့ဘူး၊ ကိုယ်တိုင်ဒံပေါက်ချက်မစားဖြစ်တာ ၆နှစ်လောက်ရှိပြီဆိုတော့.. :D

    ReplyDelete
  5. ကျန်သွားလို့... အစ်မတို့ ချက်တာပဲ လိုက်စားမလားလို့ စိတ်ကူးနေတယ်...အဟဲ

    ReplyDelete
  6. အမ.. အစာနဲ့မျှားတော့ လာအနံ့ခံ..အဲ..ဟုတ်ပေါင်.လာစားသွားတယ်။

    မြတ်နိုး

    ReplyDelete
  7. စိတ်ညစ်တာ် ကြီးတော်ရယ် ဖေ့စ်ဘွတ်မှာ နှိပ်စက်တာ အားမရလို့လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
    ပြောစမ်းပါ။


    မအယ်

    ReplyDelete
  8. မမရေ... မီးပူတိုက်ရင်း လာကြည့်မိလိုက်တာ.. ငါးပါးမှောက်ရော.. ဗိုက်ဆာလာပြီဗျို့.. နောက်တစ်ခါ မမရဲ့ နည်းအတိုင်း ထမင်းကို နှပ်ကြည့်ဦးမယ်... ဒါ့ပုံလေးတွေကလည်း ရိုက်တဲ့သူတော်တော့ ဒန်ပေါက်စားချင်စိတ်ကို ပေါက်လာတယ်.. :D

    ReplyDelete
  9. အဟိ... ဆူခံရပြီ...
    နှိပ်စက်တာ ဟုတ်ပါဘူး မအယ်ရယ်... မျှဝေတာပါ...း))

    ကလူသစ်၊ ညီမဇွန်... နောက်တခါ ချက်ရင် ခေါ်မယ်နော်... မလာရင် အသိပဲ...

    ညီမ မြတ်နိုး... လာလည်ရင် ချက်ကျွေးမယ်လေ...

    အပြုံးပန်း... ချက်ပါအုံး... ချက်ပြီးရင် ပြနော်...

    Hmoo... ဒီလိုငှားလို့ ရရိုးလား... :P

    ညီမ နုစံ... ချက်ကြည့်ပါ... မခက်ပါဘူး... လုပ်ရတာ နဲနဲ အမယ်များတာ တခုပါပဲ...း))

    ReplyDelete
  10. ကလူသစ်ကို ထောက်ခံပါတယ်။ :))

    ReplyDelete
  11. သြော် မျှဝေတာကိုးးးး
    စလုံးရောက်ရင် အမသက်ဝေရဲ့ အိမ်တံခါးခေါက်ပြီး မျှဝေဖို့ ပူဆာရအုံးမယ် ... အဲဒီတော့မှ ထွက်မပြေးကြေး :)

    ReplyDelete
  12. အဲ့လိုပဲ ခေါ်မယ် ခေါ်မယ် ပြောနေတာ ခနခန ကို ရှိရော...ခေါ်သံလဲ မကြားမိ...

    ပြာပြာ

    ReplyDelete
  13. အစ်မ ဒံပေါက်က ရောင်စုံလေးနော်.. စိတ်ရှည်လက်ရှည်ချက်ထားတာ စားကောင်းမယ့်ပုံပဲ..

    ReplyDelete
  14. တို့ဘလော့ရေးတယ်လေ.သိတယ်မဟုတ်လားသယ်ချင်းတွေလေ..

    ReplyDelete
  15. အရောင်လေးက စုံလို့
    လှလိုက်တာ
    သီဟိုဠ်စေ့ကတော့ စားချင့်စဖွယ်အကောင်းဆုံးပါဘဲ။
    ဒါပေမဲ့ အရင်ကုန်တာက ကြက်သားဟင်းများ ဖြစ်မလား မသိဘူးနော်။
    မျှဝေတာ ကျေးဇူးပါ။ တကယ်ကျွေးပြီး မျှဝေရင်လဲ သိပ်ကောင်းမှာဘဲး)

    ReplyDelete
  16. အန်တီသက်ဝေရဲ့ လက်ရာကိုတော့ အဘား အဘား အော်သွားပြီ။ မိုက်တယ်။

    စောစောစီးစီး လာကြည့်မိတာ ခုချက်ချင်း ဒန်ပေါက်စားချင်စိတ်ပေါက်သွားပြီ။ ၀ဋ်လည်တာဖြစ်မယ်။

    ချက်စားမယ် .... ချက်စားမယ် .... ချက်စားမယ် ဟု ၃ကြိမ် ၃ခါတိတိ ကြွေးကြော်သွားပါကြောင်း။

    ReplyDelete
  17. Hello !! How are you ??
    Have we met each other before ??
    (ဒန်ပေါက် မျက်နှာကို စေ့စေ့ ကြည့်၍ နှုတ်ဆက်သွား...)

    ReplyDelete
  18. ဒန်ပေါက် ကတော့ ကိုယ်နဲ့မတည့်တဲ့အစာပဲ
    ကဲပါလေ... ထုံးစံအတိုင်း ရောဂါတွေ မသိချင်ယောင်ဆောင်ပြီး တွယ်လိုက်ပါဦးမယ်...
    ပြုံးပြုံး ပြုံးပြုံးနဲ့

    ReplyDelete
  19. ပုံတွေမြင်ရတာ စားချင်စရာကြီး ချက်နည်းက သိပ်တော့မလွယ်လှဖူးဗျို.၊ ၀ယ်စားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်

    ReplyDelete
  20. မမသက်ဝေရဲ့ဒန်ပေါက်အရောင်လေးက တကယ့် ဒန်ပေါက်နဲ့ တူတယ်.... မကြိုက်တဲ့ အစားစာတွေထဲမှာ တခုအပါဝင်ပဲ။ အလှူအိမ်သွားလို့ ဒန်ပေါက်နဲ့တိုးရင်တောင် ထမင်းဖြူစားခွင့်ကြုံရင်စားပြီး အချိုပွဲပဲ စားခဲ့တာများတယ်... ဒါပေမယ့် ခုလိုလေးတွေ့တော့ စမ်းချက်ကြည့်ချင်တယ်... စနေနေ့ သူငယ်ချင်းတွေနဲ့ အိမ်မှာ မိုနိုပိုလီဆော့ဖို့ ချိန်းထားသေးတယ်.... ချက်ရကောင်းမလား စဉ်းစားနေတယ်....ချက်ခြင်းရဲ့ အနုပညာကို စိတ်ဝင်စားပေမယ့် ပင်ပန်းပြီး နောက်ရက် အလုပ်မသွားနိုင်မှာလဲ ကြောက်ရသေးတယ်.. အရမ်းပင်ပန်လားဟင် မမ။
    (အရမ်း အရမ်းကို လက်တည့်စမ်းချင်နေသူ)

    ReplyDelete
  21. အမရေ... ဒံပေါက်အကြောင်း စိတ်စွဲသွားတာ မနက်ထိပဲ။
    spices တွေနဲ့အတူနယ်ထားတဲ့ ဒိန်ချဉ်နဲ့တစ်ညသိပ်ထားတဲ့ ကြက်သားကိုလေ မချက်ဘဲ ဆီစစ်ထားတဲ့ ကြက်သွန်ကြော်တွေနဲ့အတူ ရောနယ်ပြီး အိုးအောက်ဆုံးမှာထားပြီး အပေါ်ကနေ ထမင်းတွေကို အလွှာလိုက်ပြန်ခင်းတာ။ ထမင်းနပ်သွားတဲ့အချိန် ကြက်သားကလည်း နူးအိပြီး ဆိုင်ကအတိုင်း ထွက်လာတယ်။ အာဗန်ရှိရင် ပိုအဆင်ပြေတယ်။ ဇွန်မချက်ဖြစ်တာ အိမ်မှာ အာဗန်မရှိတာလည်း ပါတယ်။ အခုအမချက်တာ အားကျပြီး memory ကို recall ပြန်လုပ်မိသွားတာ။
    တကယ်တော့ အစာအိမ်သမားနဲ့ ဒံပေါက်က မတည့်လှဘူး။း(

    ReplyDelete
  22. စကာင်္ပူလာရင် မမသက်ဝေလက်ရာ လာစားမယ်..:P

    ReplyDelete
  23. သက်ဝေက ဒီလိုတွေလဲ ရတယ်ပေါ့...
    တော်လိုက်တာ... (တကယ်ပြောတာပါ ဒီလိုတွေ အစုံရဖို့ မလွယ်ဘူး...)
    အရင်က သက်ဝေဆီမှာ ဟင်းချက်တာတွေ တင်တာ မတွေ့ဖူးဘူး... ဒီပိုစ့်က ပထမဆုံးပဲ ထင်တယ်နော်...
    နောက်လဲ ချက်ဖြစ်တာလေးတွေရှိရင် မျှဝေပါအုံး...
    အားပေးချင်လို့ပါ

    ReplyDelete
  24. ဖဘမှာ နှိပ်စက်ရတာ မဝလို့ လားအင် ..ဟွင့်

    ReplyDelete
  25. စလုံးက မဟုတ်ကြတဲ့ သူများ ဒီကိုရောက်ရင် အကြောင်းကြားပါ... တကယ်ကြီးကို ချက်ကျွေးပါ့မယ်...

    စလုံးက အိမ်နီးချင်း ဘလော့ဂ်ဂါများ... အခါအခွင့်သင့်ရင် ချက်ကျွေးမှာပေါ့... ဒါပေမယ့် ခက်တာက ဖိတ်ရင် မလာကြတာက ဆိုးတယ်... (ကိုယ်က အစ... :P)

    ညီမ ဇွန်... Oven နဲ့ ဘယ်လိုချက်ရမှန်းမသိဘူး... Oven က ပူတင်းနဲ့ Honey Chicken ပဲ လုပ်စားဖြစ်နေတယ်...

    ညီမ ပူးတေ... လိုအပ်တဲ့ ပစ္စည်းတွေ နည်းနည်းချင်းစီ ကြိုဝယ်ထားနိုင်ရင် မပင်ပန်းလှပါဘူး မဟုတ်ရင်တော့ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ သိပ်မလွယ်ဘူး... အမဆို မချက်ခင် ၂ ရက် ၃ ရက်လောက်ထဲက အဆင်သင့်သလို ကြိုဝယ်ထားတယ်...စမ်းကြည့်ပါ ညီမ... အဆင်ပြေပါလိမ့်မယ်...း))

    ဒီပိုစ့်ကို လာရာက် အားပေးကြသူများကို ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  26. ချက်ပြီးသားပဲစားချင်တယ်...။ကိုယ်တိုင်တော့ အဖြစ်မ၇ှိဘူးဗျိုး...။

    ReplyDelete
  27. တကယ်မျှဝေချင်ရင် ...ဒီတခါချက်ပြီး မျှဝေလိုက်လေ...
    စ လုံးလာရင်တော့ ငါ့နှမကို သေချာချက်ကြွေးခိုင်းမယ်...

    ReplyDelete
  28. May I know where to buy gee butter at SG? if u dont mind pls show me the photo of gee butter. Thanks

    ReplyDelete
  29. မမ....တကယ်ချက်ကျွေးမှာဆို ဂျင်းကိုလည်းချန်မထားရဘူးနော်။း)

    ReplyDelete
  30. Interesting Comment from Khun Cho Facebook...
    It's really matching with this post...!!!

    Cooking is a form of art that eventually metamorphoses food into pieces of...... :)

    ReplyDelete
  31. ထမင်းစားချိန်မှာမှ လာကြည့်မိတယ်
    ဂွီကနဲဖြစ်သွားပြီး ပြန်ပါပြီ..

    ReplyDelete
  32. ချက်ခြင်း အနုပညာ ကို နှလုံးသွင်း ခံစားပြီး ပြန်သွားပြီဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  33. မကြီးချက်တဲ့နည်းက သူငယ်ချင်းအမေ သင်ပေးသွားတဲ့ နည်းနဲ့ အတူတူပဲ...
    အန်တီက ဘယ်ဟာပဲဖြစ်ဖြစ် ကျန်နေသေးရင် မသိုးအောင်လို့တဲ့၊ ကြာရှည်ပိုခံတယ်တဲ့...

    ကျနော်လဲ အဲ့အန်တီ သင်ပြီးနောက် ကိုယ့်ဟာကိုယ် ၃ခါလောက် ချက်ဖူးတယ်...
    တခါက အရောင်တင်မှုန့်ကို အနီလား၊ လိမ္မော်လားလို့မေးတာကို အနီလို့ မှားဝယ်မိတာ ထည့်ပြီးတော့မှကြည့်တော့ ဆိုးလိုက်တဲ့ အရောင်၊ နောက်တခေါက်ကျမှ လိမ္မော်ရောင်ထည့်မှ အမှန်ဖြစ်သွားတယ်...


    ပြဿနာက ထမင်းမွှေခြင်းအတတ် မကျွမ်းကျင်တော့ ဆန်နည်းနည်းကျိုးသွားတဲ့အခါ ဒန်ပေါက်က သိပ်မလှတော့ဘူး...

    ReplyDelete
  34. အသေအချာကို ချက်ထားတာပဲ..
    အဲ့လို အကျအန မချက်တတ်ပါဘူးတော့။
    ဖြစ်သလို အလွယ်နည်းပဲ ချက်တတ်တယ်..။
    ဒါနဲ့..တိုက်တိုက်ဆိုင်ဆိုင်
    ဒီနေ့ အမဲသားဝယ်လာတယ်..
    ဒန်ပေါက်ချက်မယ်ရည်ရွယ်ပြီးး ဆား ဂျင်း ကြက်သွန်ဖြူ
    နဲ့ နယ်ထားတယ်.။
    ဘယ်နေ့ချက်ဖြစ်မယ်မသိသေး။
    ခခက ကြိုက်လွန်းလို့..။
    ကိုယ်တိုင်ကတော့ သိပ် မစားဖြစ်။

    ပေါက်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...