Wednesday, December 8, 2010

၂၀၁၀ မှတ်တမ်း

၂၀၁၀ ကုန်တော့မည်။
ထို့ကြောင့် အရင်နှစ်တွေကလို ရေးနေကျ မှတ်တမ်းလေး ရေးဖြစ်ပြန်သည်။ သည်နှစ် ၂၀၁၀ သည် ကိုယ့်အတွက် ကောင်းခြင်းနှင့် ဆိုးခြင်းတွေ ရောနှောနေသော နှစ် တနှစ် ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင်တော့ ကောင်းခြင်းထက် ဆိုးခြင်းတွေက များပါသည်။ သို့သော်လည်း ကိုယ် ဘယ်လိုမှ မျှော်လင့်မထားသောအရာတွေ ကိုယ့်လက်ထဲ တည့်တည့်မတ်မတ် ရောက်လာမှတော့ ဘယ်နည်းနှင့်မျှ ရှောင်လွှဲ၍ မရ… ကောင်းကောင်း ဆိုးဆိုး အလိုက်သင့် လက်ခံ၊ ထိုက်သင့်သလို ဖြေရှင်းလိုက်ရုံသာ။

တနှစ်ထက် တနှစ် အသက်အရွယ်ရလာသော မိဘတွေ၏ ပြောင်းလဲလာသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများ နှင့် ပျက်စီး ယိုယွင်းစပြုလာသော (ရုပ်ပိုင်းဆိုင်ရာ) ကျန်းမာရေး အခြေအနေများက သည်နှစ်ထဲမှာ ကိုယ့်အတွက် စိတ်ဆင်းရဲစရာ အကောင်းဆုံး အကြောင်းအရာပင် ဖြစ်မည်။ သို့သော်လည်း အဆိုးထဲမှ အကောင်းလေး ရှိနေသောကြောင့် အတန်ငယ် စိတ်သက်သာရာရခဲ့သည်။ လူကြီး မိဘတွေ သက်ရှိ ထင်ရှားရှိစဉ်မှာ စိတ်ရော ကိုယ်ပါ ချမ်းသာအောင် ဂရုစိုက် လိုက်လျောမည်၊ ငြိုငြင်စရာဆို၍ ဆံချည်တမျှင်စာမျှ မရှိရလေအောင် ကိုယ်တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား ပြုစုမည်၊ နောင်တ ဟူ၍ လုံးဝ မရှိစေရ ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်မိသော အချိန်လည်းဖြစ်သည်။

သူတို့တွေလိုပဲ ကိုယ်တွေလဲ တဖြည်းဖြည်း အသက်တွေ ကြီးလာကြပြီ။ နေ့စဉ် မှန်ကြည့်နေကျအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်မပြောင်းလဲလှ ဟု ထင်ရသော်လည်း အမှန်ကတော့ တော်တော်လေး အိုမင်းလာသည်မှာ သေချာပါသည်။ ကိုယ်တွင်းမှာ ပျက်စီးသွားသော ဆဲလ် အဟောင်းတွေနေရာမှာ ဆဲလ် အသစ်တွေ အချိန်နှင့်အမျှ အစားထိုး ဝင်ရောက်လာကြသည်။ ထို ဆဲလ်အသစ်တွေက အဟောင်းတွေနဲ့ မတူပဲ ပြောင်းလဲလာသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်းတွေ ဖြစ်လာရသည်ဟု ဥာဏ်တထွာ တမိုက်ဖြင့် မမှီမကမ်း တွေးမိသည်။ ထို့ကြောင့် ထွက်လာမည့် ဆဲလ်အသစ်တွေကို အဟောင်းတွေနှင့် ထပ်တူကျစေရန်အတွက် သောက်လို့ရတဲ့ ဆေးလေး ဘာလေးများ မရှိဘူးလား ဟု အမျိုးသားကို မေးကြည့်မိရာ အဖြေမရပဲ ရယ်မောခြင်းကိုသာ ခံလိုက်ရသည်။ တော်ဘီ…….. နောက်ကို ဘာမှ မမေးတော့ဘူး…။

ပြောရရင် အရင်နှစ်တွေနှင့်စာလျှင် သည်နှစ်ထဲမှာ စာပိုရေးဖြစ်သည်။
အသက်တွေ ကြီးလာသောကြောင့် အေးအေးချမ်းချမ်းနေလိုသည့် လက္ခဏာပေလော… Stress တွေ၏ လွတ်ရာ လွတ်ကြောင်းကို ရှာဖွေနေသည့် လက္ခဏာပေလော… သို့တည်းမဟုတ် ရုံးမှာ အလုပ်ပါးခြင်း၏ လက္ခဏာပေလော… ((ဟမ်))
သေသေချာချာတော့ မပြောတတ်ပါ…။ သို့သော်လည်း စာရေးရခြင်းအလုပ်မှာ ပိုမိုပျော်မွေ့လာသည်ကိုတော့ ထင်ထင်ရှားရှား တွေ့ရသည်။

ဓါတ်ပုံတွေကတော့ သွားလေရာနေရာမှာ ရိုက်ဖြစ်သည်။ ဘေးကအတူ ပါလာသည့်လူတွေ စောင့်ရတာ ခြေထောက်တွေ ညောင်းပြီး မျက်နှာတွေ မကောင်းတော့မှ အလိုက်တသိနှင့် ကိုယ်ရှိန်သတ်ရသည်။ သူတို့တွေကို မျက်နှာချိုသွေးပြီး ကော်ဖီလေး အအေးလေး ဝယ်တိုက်ရသည်။ ဓါတ်ပုံတွေက ရိုက်ပြီးရုံနှင့်မပြီး… အရောင် အသွေး အလင်း အမှောင် အတိုး အလျှော့တွေလုပ်ပြီး ကြည်နူးပီတိတွေဖြင့် တယောက်တည်း မော်နီတာကိုကြည့်ရင်း ပြုံးနေသော အချိန်တွေ များလာသည်ဟု ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်သူများမှ ပြောလာသည်။ ထားပါလေ… ဒါတွေ ယူတို့ နားမလည်ပါဘူး… ယူတို့ မခံစားတတ်ပါဘူး… ဟူသော စကားဖြင့် တအိမ်လုံးကို အနိုင်ယူနေကျ…။


၂၀၁၁ အတွက် စင်္ကာပူနိုင်ငံ၏ ရုံးပိတ်ရက်တွေကို အစဉ်အလာမပျက် မျှဝေလိုက်သည်။ Holiday သွားချင်သူများ၊ မိဘရပ်ထံ ပြန်လိုသူများ ဒီပိတ်ရက်များကိုကြည့်ပြီး ကြိုတင် ပြင်ဆင်နိုင်စေရန် ရည်ရွယ်ပါသည်။ ၂၀၁၀ ကတော့ ခရစ်စမတ်ရော နယူးရီးယားပါ စနေနေ့တွေ ဖြစ်ကုန်သောကြောင့် အတော်ကြေကွဲရသည်။ ၂၀၁၁ မှာတော့ သိပ်မဆိုးလှ…။ ဒီမှာက ပိတ်ရက်တွေ စနေဖြစ်လျှင် အစားမရ။ တနင်္ဂနွေဖြစ်လျှင်တော့ အစားထိုးပြီး တနင်္လာနေ့ကို တရားဝင် ပိတ်ပေးသည်။

အလှူဒါန ပြုကြသူငါ အစီအစဉ်အနေဖြင့်တော့ အရင်နှစ်တွေကလိုပဲ နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ်များ၏ ပညာရေးအတွက် တည်ထောင်ထားသော ရွှေညဝါ ဘုန်းတော်ကြီးကျောင်း ပညာရေးမှ ကလေးလေး သုံးယောက်ကို ဆက်လက် မွေးစားထားဖြစ်သည်။ နောက်တခုကတော့ ကိုကိုဒီဘီ၏ နှိုးဆော်ချက်ဖြင့် ဒီနှစ် နှစ်လည်လောက်မှ အစပြုကာ ODF Myanmar ကို လစဉ် လှူဖြစ်သည်။ အလှူဒါနဆိုသည်မှာ ကိုယ်တိုင်ပြုရုံနှင့် မပြီး အများသူငါကိုလဲ လှူချင်လာအောင် အလှူခံရသည် စည်းရုံးတတ်ရသည်ဟု မေမေက မကြာ မကြာပြောဖူးသည်။ ထို့ကြောင့် အနည်းငယ် နှိုးဆော်လိုက်ဦးမည်…။ ODF အတွက် လစဉ် အလှူငွေ ထည့်ဝင်ချင်သူများ ကိုကိုဒီဘီ နှင့် ဆက်သွယ်ကြပါ…။

ကုသိုလ်အကြောင်းနှင့် တဆက်တည်းတွေးမိသည်မှာ အကုသိုလ် အကြောင်းဖြစ်သည်။ ကုသိုလ်မရချင်နေ အကုသိုလ် မဖြစ်စေနဲ့ဟု လူကြီးတွေ ဆုံးမတာကို အစဉ်သတိရနေသည်။ ပြီးတော့ အကုသိုလ်နှင့်ပတ်သက်လျှင် “ကိုယ်တိုင် တိုက်တွန်း ချီးမွန်း စိတ်တူ” ဟူသော စကားကို သဘောတကျ မှတ်သားမိသည်။ မကောင်းမှုကို ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်တာရယ်၊ အဲဒီလို လုပ်လိုက်ပါလားဟု သူများကို တိုက်တွန်းတာရယ်၊ သူများပြုလုပ်သော မကောင်းမှုကို ချီးမွန်းမိတာရယ်… အားလုံးဟာ အတူတူသော အကုသိုလ်များပင်ဖြစ်သည် တဲ့…။ သတိထားချင်စရာနော်…


တနှစ် တမျိုး မရိုးရသော အကြောင်းကြောင်းတွေကြောင့် ခြေတိုလှသော၊ စလုံးမှ တဖဝါးမှ မခွာဖြစ်တာ ကြာလှပြီဖြစ်သော ကိုယ့်အတွက် သည်နှစ်ကျမှ ခရီးနှစ်ခု သွားဖြစ်ခဲ့သည်။ ရက်တိုခရီးများ ဖြစ်သော်လည်း အပြင်မှာနေရသမျှ ရက်တွေမှာ စိတ်ရော လူရော လွတ်လပ် ပေါ့ပါးကာ ပျော်စရာ ကောင်းလှသည်။ ကိုယ်ချစ်သော တိမ်တိုက်တွေ၊ တောင်တန်းတွေ၊ ပင်လယ်တွေ၊ သစ်တောတွေနှင့် အနီးကပ်တွေ့ရသောနေ့တွေသည် ကြည်နူး ပျော်ရွှင်စရာ အတိပင်။


သို့သော် ကိုယ် ပျော်နေတာကို ကြည့်ပြီး နောက်နှစ်ကို ခရီးများများသွားချင်လျှင် ပိုက်ပိုက်စုပါ ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသော အမျိုးသား၏ စကားကိုတော့ သိပ်မကြိုက်ချင်…။ ငြိုငြင်တာလား ဟု ချက်ချင်း ပြန်မေးလိုက်သည်…။ သူကတော့ ကိုယ် ဘာပြောပြော ရယ်မည်ဟု တွေးထားလေသလား မသိ… ကိုယ့်အမေး အဆုံးမှာ ထုံးစံအတိုင်း ရယ်နေပြန်သည်။ အင်းလေ… ကြိုးစားပြီး နည်းနည်းပါးပါးတော့ စုကြည့်ပါအုံးမယ် ဟု ကိုယ့်ဟာကိုယ် (တိုးတိုးလေး) ပြောနေမိသည်…။


အပေါ်က ပုံလေးမှာ ပါသည့် Four Leaved Clover ဟူသော ပွင့်ဖတ် လေးဖတ်သည် Faith, Hope, Love နှင့် Luck ကို ကိုယ်စားပြုသည်။ ဟောင်ကောင်၏ Tourist Attraction များထဲမှာ တခု အပါအဝင်ဖြစ်သည်။ ထိုပွင့်ဖတ်လေးတွေကို ငုံပြီး လက်စွပ်၊ လော့ကက်၊ နားကပ် စသည်ဖြင့် လက်ဝတ်တန်ဆာ အမျိုးမျိုးလုပ်ပြထားသည်။ မည်သို့ မည်ပုံ ပြုလုပ်ထားသည်မသိ… ထိုအရာလေးတွေကို လှုပ်လိုက်လျှင် မွှတ်နေအောင် လည်ကြသည့်အပြင် အသံကလဲ ငွေစက္ကူများကို ရေတွက်နေသော အသံမျိုး တချပ်ချပ်နှင့် ကြားရသေးသည်မှာ အသည်းတယားယားနှင့် ချစ်စရာ ကောင်းလေစွ။

ထိုအရာလေးကို အဆောင်ထားပါက စီးပွားတိုးသည်ဟုလဲ ဆိုကြသည်။ ဧည့်လမ်းညွှန်၏ ခေါ်ဆောင်သွားမှုနှင့် ဆိုင်မှ ဝန်ထမ်းများ၏ ကြော်ငြာကောင်းမှုတို့ကြောင့် ထိုပွင့်ဖတ်လေးပါသော Pendent သေးသေးလေး တခု ဝယ်လာဖြစ်သည်…။ ပြီးတော့ သတိရတိုင်း လှုပ်ကြည့်မိသည်။ ဘယ်တော့မှ ပိုက်ဆံမစုနိုင်သော ကိုယ်… စီးပွား ဘယ်တော့ တိုး မတိုးတော့ မသိ… လောလောဆယ်မှာတော့ ပိုက်ပိုက် အထွက်တိုးသွားသည်သာ…။ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းကို သတင်းနှင့်အတူ ဓါတ်ပုံလေးပါ မျှဝေလိုက်သည်…။ ဟောင်ကောင်ရောက်လျှင် သွားကြည့်ဖို့၊ ဝယ်ခဲ့ဖို့ မမေ့ကြပါနှင့်…။

သည်လိုနှင့် ၂၀၁၀ သည် ထင်ထားသည်ထက် ဆောလျင်စွာ ကုန်ဆုံးချေတော့မည်…။ သည်နှစ်အတွင်းမှာ လူတွေအကြောင်းကို ပိုသိလာသည်ဟုပြောလျှင် ရယ်ကြလိမ့်မည် ထင်သည်…။ မရယ်ပါနှင့်… အတည်ပြောခြင်းဖြစ်သည်…။ လောဘ၊ ဒေါသ၊ သောက၊ မောဟတွေ ဖုံးလွှမ်းနေသော လူများနှင့် သူတို့၏ စိတ်တွေကို ထင်ထင်ရှားရှား တွေ့မြင်လာရသည်။ အရာရာမှာ ပါဝင်ချင်သူများ၊ ဆရာကြီး သိပ်လုပ်ချင်သူများ၊ အလိုလိုနေရင်း နာမည်ကြီးချင်သူများ၊ အရေးပါ အရာရောက်ချင်သူများ၊ လူအထင်ကြီးခံချင်သူများ၊ လိမ်လည် လှည့်ဖျားတတ်သူများ… စုံလို့ စုံလို့ ပါပဲ…။ ဒါတွေအပြင် မနာလို ဝန်တိုစိတ်ကြီးလှသော၊ သူတပါးကို ပြိုင်ချင် ဆိုင်ချင် အနိုင်ရချင်လှသော၊ အတ္တကြီးလှသောသူများကိုလည်း တအံ့တသြ တွေ့နေရသည်…။ သူတို့ကိုယ် သူတို့တော့ဖြင့် မြင်နိုင်လိမ့်မည် မထင်…။ ကိုယ်ကတော့ ဘေးကနေ မြင်နေရသည်လေ…။

သည်လိုပြောလို့ ကိုယ်ကရော ဒါတွေနှင့် ကင်းသလားဟု မေးလာစရာ အကြောင်းရှိပါသည်…။ ကိုယ်လဲ ပုထုစဉ်လူသားပီပီ ထိုအရာများ အားလုံးနှင့် မကင်းပါ…။ သို့သော်… ဖြစ်လာသော လောဘ ဒေါသ မောဟတွေကို တတ်အားသ၍ လျှော့ချသည်။ ဖြစ်လာပြီဟု သိသိချင်း ဖျောက်လိုက်နိုင်အောင် “သတိ” ထားသည်…။ အဓိကကတော့ နေရာတကာ ဝင်မပါဖြစ်အောင်၊ အရာရာကို မသိချင်အောင်၊ မလိုအပ်ပဲ အပိုစကားတွေ အများကြီး မပြောဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသည်…။ သိတာတွေ မြင်တာတွေ များလေ အကုသိုလ်ဖြစ်စရာတွေ များလေ၊ ပြောမိတာတွေများလေ စကားထဲမှာ အမှားတွေပါလေ မဟုတ်လား…။ အချိန်တိုင်းမှာ အေးအေးချမ်းချမ်းသာ နေချင်ပါသည်…။

ဘာပဲဖြစ်ဖြစ် လက်ရှိအနေအထားကတော့ အတော်လေး အေးချမ်းပါသည်…။
ကိုယ့်အနားမှာ ကိုယ် ဘာလုပ်လုပ် ချစ်ခင်စွာ အားပေး ထောက်ခံတတ်သော မိသားစုလေးနှင့်အတူ ရင်းနှီးချစ်ခင်ရသော သူငယ်ချင်း မိတ်ဆွေများ၊ လူရိုသေ ရှင်ရိုသေ နေ့စဉ် ပုံမှန် အလုပ်ကလေး တခု၊ မက်မောတွယ်တာစရာ သုံးနှစ်သား ဘလော့ဂ်တခု နှင့် သူနှင့်ပတ်သက်ပြီး ခင်မင် သံယောဇဉ်ဖြစ်ရသူများ၊ ကင်မရာတလုံး ဓါတ်ပုံများနှင့် ဓါတ်ပုံ မိတ်ဆွေများ၊ နွေးထွေး နှစ်လိုဖွယ်ကောင်းသော ကျောချစရာ နေရာလေးတခု၊ ဖတ်စရာ စာအုပ်တပုံ နှင့် ကော်ဖီခါးခါး တခွက်၊ ကန်ထဲမှာ လူးလာခေါက်ပြန် ပြေးလွှားနေသော ရွှေငါးကလေးများ၊ အဖူးတံလေးတွေ ထွက်လာစပြုနေသော သစ်ခွပန်းအိုးငယ်ကလေးများ… ဒါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘဝသာ ဖြစ်သည်။ နောက်ထပ် ဘာကိုမှ လောဘတွေ မကြီးချင်တော့ဘဲ ရောင့်ရဲ တင်းတိမ်နိုင်ဖို့ကိုသာ ကြိုးစားချင်ပါသည်။ နေတတ်လျှင် ကျေနပ်စရာ မဟုတ်ပါလား…

၂၀၁၀ အတွက် ကိုယ့်ရဲ့ ဟိုရောက် ဒီရောက် မှတ်တမ်းကတော့ ဤမျှသာ…။
သည်လိုနှင့် မကြာခင်မှာ ရောက်လာတော့မည့် ၂၀၁၁ မှာ ကြုံတွေ့လာသမျှ ကောင်းခြင်း ဆိုးခြင်းတွေ အားလုံးကို အပြုံးနှင့် ရင်ဆိုင် ဆီးကြိုပြီး အရာရာကို လိုက်လျောညီထွေ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့သာ ဆုတောင်းမိတော့သည်။ ဒီစာမျက်နှာကို လာဖတ်ကြသော ချစ်မိတ်ဆွေ သူငယ်ချင်းများကိုလည်း လာခြင်းကောင်းသော ပျော်ရွှင်သာယာသော နှစ်သစ် ၂၀၁၁ ဖြစ်စေရန် ကြိုတင် ဆုတောင်းပေးပါသည်…။



27 comments:

  1. ဖတ်သွားဒယ်...။
    ဟောလီးဒေးတွေ မှတ်သွားတယ်။ ကျေးဇူးပါဗျန့်...။

    ReplyDelete
  2. သက်ဝေ...
    ထုံးစံအတိုင်း တည်ငြိမ်တဲ့ ရေးဟန်နဲ့ လေးနက်တဲ့ အကြောင်းအရာတွေနဲ့ ဒီ ၂၀၁၀ မှတ်တမ်းက ခါတိုင်းထက် ဖတ်လို့ကောင်းနေတယ်...
    စိတ်ချမ်းသာစရာ ၂၀၁၁ ဖြစ်ပါစေလို့ ဆုတောင်းပါတယ် သက်ဝေ...
    စာတွေလဲ အများကြီး ဆက်ရေးနိုင်ပါစေ...

    ReplyDelete
  3. အမှတ်တရများစွာနဲ့ ဖြတ်သန်းခဲ့ရသော ၂၀၁၀မှသည် ပိုမိုပျော်ရွှင်အေးချမ်းဖွယ် ၂၀၁၁ ဆီသို့....

    ReplyDelete
  4. စိတ်ကို အေးအေးချမ်းချမ်း ထားနိုင်တာကောင်းပါတယ်။ ကျွန်တော်တော့ အေးချမ်းလို့ မဖြစ်သေးဘူးလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆင်ခြင်နေရတယ်။ (ဟမ်) ကိုယ့်ဘာသာကိုယ် အပျင်းထူတာကို အေးချမ်းတယ်ဆိုပြီး ခဏခဏ ရောချမိနေလို့။ :D

    ReplyDelete
  5. တဖျတ်ဖျတ်နဲ့ ၂၀၁၀ နှစ်လည်း စာရွက်လှန်သလို လဲတော့မှာပဲ

    ReplyDelete
  6. အမြဲအစဉ် အေးချမ်းနိုင်ပါစေ...

    ReplyDelete
  7. စာလာဖတ်သွားပါတယ်မရေ။
    အေးချမ်းပျော်ရွှင်တဲ့ဘဝလေးအမြဲဖြစ်ပါစေနော်။

    ReplyDelete
  8. ပိုပျော်စရာကောင်းပြီး ပိုအေးချမ်းတဲ့ ၂၀၁၁ ကို ပိုင်ဆိုင်ပါစေ အမရေ။

    ReplyDelete
  9. အေးကလဲအေး...ချမ်းကလဲချမ်း...(ခု အပြင်မှာ ၂၅ံ ဖာရင်ဟိုက် ) အေးချမ်းစွာ နောက်တနှစ်ကို ကူးပြောင်းနေပါသည်..

    ReplyDelete
  10. နှစ်သစ်မှာလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ မမသက်ဝေ.. :)

    ReplyDelete
  11. ဖတ်ပြီးး..
    အင်းး..
    ရောင့်ရဲနိုင်တာ ကောင်းပါတယ်။

    အေးချမ်းချင်သော..
    ပေါက်

    ReplyDelete
  12. ၂၀၁၁မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး ခရီးတွေလဲ များများထွက်နိုင်..ဓာတ်ပုံတွေလဲများများရိုက်နိုင် ပါစေ.......
    (၂၀၁၁ တဲ့... ခေါ်ရတာအသည်းယားလိုက်တာ... ) :P

    ReplyDelete
  13. အကောင်းများ အဆိုးတွေနည်း။ ဓာတ်ပုံတွေများ စာတွေနည်း... အဲ စာတွေလည်း များများရေး...

    ၂၀၁၁ သည် ကောင်းခြင်းတွေသယ်ဆောင်လာသောနှစ် ဖြစ်ပါစေ...

    အမကို အဲလို ဆုပေးရသောကြောင်း ပေးတဲ့ဆုအတိုင်း ပြန်ရပါစေ။ ;-)

    ReplyDelete
  14. လူတွေ အကြောင်းပိုသိလာ ဆိုတဲ့ အပိုဒ်ထဲ
    တို့များ ပါသွားလေမလားလို့ ဖတ်ရင်းနဲ့ ရင်ခုန်လိုက်ရတာ...
    အဲ့ဒါလည်း ဒီကမှာ ရှိတဲ့ ရောဂါတမျိုး...
    မပါ ပါဘူးနော်။ ဟုတ်တယ်နော်။
    CBox က ဟို ခေါင်းငြိမ့်ပြတဲ့ အရုပ်လေးလို ခေါင်းငြိမ့် ပြပါ။

    အေးချမ်း ပျော်ရွှင်ပါစေ။ ။

    ReplyDelete
  15. မသက်ဝေ

    ၂၀၁၁ မှာ ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းလေး ရေးနိုင်ပါစေ လို့ ဆန္ဒပြုပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  16. 2011မှာ မမသက်ဝေစာကောင်းလေးတွေ များများရေးနိုင်ပါစေ အေးချမ်းတဲ့ ဘ၀လေးကိုလဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  17. နှစ်ဟောင်းမကုန်ခင် ရေးတဲ့မှတ်တမ်းက ဖတ်လို့ကောင်းတယ်
    နှစ်သစ်မှာတော့ ခုထက်ပိုကောင်းတဲ့ အကြောင်းအရာလေးတွေ အများကြီးရေးနိုင်ပါစေနော်
    နှစ်ဟောင်းရဲ့ သင်ခန်းစာတွေကို နှစ်သစ်မှာ အကျိုးရှိစွာ အသုံးချနိုင်ပါစေလို့ ခင်မင်စွာဖြင့် ဆုတောင်းပေးသွားပါတယ်ရှင်။

    ReplyDelete
  18. မှတ်တမ်းကိုတော့ ဖတ်သွားပါပြီ။ နှစ်သစ် ဘေးဘယာများ ဝေးကွာပြီး ပျော်ရွှင်ပါစေသော်။
    ဆရာလေး ဆွိး))

    ReplyDelete
  19. အမရဲ့ အတွေးစကားကို ဖတ်ပြီး ထပ်တွေးနေမိတယ်....

    ReplyDelete
  20. မမသက်ဝေ

    မှတ်တမ်းလေးက စွဲမက်ဖို့ကောင်းတယ်နော်... အသက်ရွယ် ရလာတဲ့ မိဘများနဲ့ ပက်သက်တဲ့ မမသက်ဝေရဲ့ ခံယူချက်က ပူးတေနဲ့ တူလိုက်တာ... ဒါပေမယ့် ပူးတေမှာ တခါတလေ အလုပ်တွေရှုပ် စိတ်တွေညစ်နေရင် စိတ်ညစ်တာတွေနဲ့ ရောရောသွားမိသေးတယ်...ခံယူချက်အတိုင်း ဖြစ်အောင် ဆက်လက်နေထိုင်သွားပါမယ်လို့ မမသက်ဝေရဲ့ 2010 မှတ်တမ်းဖတ်ပြီး ဆန္ဒထပ်ပြုလိုက်မိတယ်...

    မမသက်ဝေလဲ မိဘတွေအတွက် ထာဝရ သမီးကောင်းတယောက်ဖြစ်ပါစေလို့ ပူးတေဆုတောင်းပေးလိုက်ပါတယ်နော်...

    ReplyDelete
  21. “ကိုယ်တိုင် တိုက်တွန်း ချီးမွန်း စိတ်တူ”ဆိုတဲ့ ဒီသတိပေးဆုံးမစကားလေးကို မေ့မေ့လျော့လျော့ ဖြစ်နေခဲ့တာ...

    မှတ်မှတ်ယယ ပြန်ဖြစ်သွားအောင် သတိနဲ့ ဆင်ခြင်ဖို့ alarmလုပ်ပေးတဲ့အတွက် ကျေးဇူးပါ...

    ဒီဆုံးမစကားလေးကို အလွယ်ကျက်မှတ် တတ်နိုင်သလောက် သတိနဲ့ဆင်ခြင်ရင်း မနှစ်ကထက် ဒီနှစ်၊ ဒီနှစ်ထက် နောက်နှစ် ပိုကောင်းဖို့ ကြိုးစားရမယ်...

    “လူကြီး မိဘတွေ သက်ရှိ ထင်ရှားရှိစဉ်မှာ စိတ်ရော ကိုယ်ပါ ချမ်းသာအောင် ဂရုစိုက် လိုက်လျောမည်၊ ငြိုငြင်စရာဆို၍ ဆံချည်တမျှင်စာမျှ မရှိရလေအောင် ကိုယ်တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား ပြုစုမည်၊ နောင်တ ဟူ၍ လုံးဝ မရှိစေရ”ဆိုတာသည်သာ အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးလုပ်ရပ်ပါ အစ်မသက်ဝေ...
    (မိဘကို ဂရုတစိုက်နဲ့ စိတ်ချမ်းသာအောင်ထားတဲ့ သားသမီးတိုင်းကို လေးစားခင်မင်တယ်)

    ဝမ်းနည်းပူဆွေးပြီး သတိလက်လွတ်ဖြစ်နေရင် လုပ်သင့်တာတွေ မလုပ်မိဘဲ ဖြစ်တတ်တယ်...

    ကြီးငယ်မရွေး ဘယ်သူမဆို (ကိုယ်ကိုယ်တိုင်ရော) မလွဲမသွေလျှောက်ရမဲ့ အို၊ နာ၊ သေ ဒီခရီးကြမ်းမှာ မိဘတွေအတွက်သာမက ကိုယ်ကိုယ်တိုင်အတွက်ပါ ပိုကောင်းတာတွေ လုပ်နိုင်အောင် ကြိုးစားပြီး လုပ်ကြဖို့သာ...

    ၁နှစ်ထက်၁နှစ် ပိုပိုကောင်းတဲ့စိတ်ထားတွေမွေးမြူရင်း ပိုပိုကောင်းတဲ့လုပ်ရပ်တွေနဲ့ ပိုပိုကောင်းတဲ့ဘဝမှတ်တိုင်များစွာ စိုက်ထူမယ့် တန်ဖိုးရှိတဲ့ လူသားများဖြစ်အောင် ကြိုးစားနိုင်ကြပါစေဗျာ...

    ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါ အစ်မသက်ဝေ...

    ReplyDelete
  22. အမသက်ဝေရဲ့ ၂ဝ၁ဝ မှတ်တမ်းဖတ်ရတာ ကျေနပ်ကြည်နူးစရာပါ။
    ၂ဝ၁၁မှာလည်း ဒီ့ထက်မက စာတွေပိုရေးနိုင်၊ စိတ်ချမ်းသာပြည့်စုံမှုတွေရရှိပြီး အေးချမ်းနှစ်လိုဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။း)

    ချစ်တဲ့
    ညီမဇွန်

    ReplyDelete
  23. သတိရှိဖို့ကိုပဲ သတိထားနိုင်မှ ဖြစ်မယ်..))
    မလုံတဲ့ အိုးကို တုတ်ထိုးသလို ဖြစ်သွားရင်လဲ မကောင်းပြန်ဘူး =((

    ReplyDelete
  24. မောင်မျိုးDecember 9, 2010 at 11:31 PM

    မင်္ဂလာနှစ်သစ်ပါ အစ်မရေ...။

    ReplyDelete
  25. သူငယ်ချင်းရေ... တနှစ်ပြီး တနှစ် ကုန်တာ ပိုမြန်လာသလိုပဲနော်...အေးချမ်းတဲ့ ဘ၀လေးနဲ့ ရောင့်ရဲတင်းတိမ် ကျေနပ် နေနိုင်နေတဲ့ သက်ဝေရဲ့ စာတွေကို ဖတ်ပြီး စိတ်ချမ်းသာရပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ သူငယ်ချင်းရေ...။

    tg

    ReplyDelete
  26. မမသက်ဝေ..ဒီပိုစ့်လေးကို ဖတ်ပြီး ပြောစရာတွေ အများကြီး။။
    အရင်ဆုံး ဆုတောင်းပေးမယ်နော် .. ၂၀၁၁ကိုလဲ အေးချမ်းစွာ ချစ်သော မိသားစု စုံစုံညီညီနဲ့ ချီတတ်နို်င်ပါစေနော် ။
    အလှုတွေ အတွက် သာဓုခေါ်ပါတယ် မမသက်ဝေ။ ဒီထက် အများကြီး ဆက်လို့ လှုဒါန်းနိုင်ပါစေ။
    ညီမလေးလဲ တတ်နိုင်သလောက် လစဉ်လှုဖြစ်တယ် ။ ကိုယ်ရှာသမျှ မြတ်တာ ဒါန လို့သတ်မှတ်ပါတယ် ။ ပြီးတော့လေ မမသက်ဝေပြောသလိုပဲ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို အရင်ကထက် အများကြီးပိုစိတ်ပူလာတယ် မရယ်... ။
    အဝေးမှာရောက်နေတော့ သူတို့ကို အနီးကပ်ကိုယ်ထိလက်ရောက် မလုပ်နိုင်ဘူးဆိုတော့ ပိုဆိုးတယ် မရယ်။ ဒါပေမဲ့ ကိုယ့်ကြောင့်တော့ သူတို့တွေ အမြဲ စိတ်ချမ်းသာ ပျော်ရွှင်နေရအောင်ပဲ ထားပါတယ် ။
    ညီမလေးလဲ ခရီးသွားရတာ ကြိုက်တယ် မမသက်ဝေ ။ ပြီးတော့ ဓါတ်ပုံကိုလဲ ကြိုက်တယ် .. ခုတော့ ပန်းချီ ဟိုချစ်ဒီချစ်လုပ်နေတယ်း) ။
    ပိုက်ပိုက်ကတော့ မစုမိမဆောင်းမိပါဘူး မရယ် ။။။ မမြင်ရတဲ့ အနာဂတ်အတွက် အများကြီး ကြိုစုမဲ့အစား ခုလက်ရှိ အနားက ရှိတဲ့သူတွေ စိတ်ချမ်းသာဖို့ အတွက်ပဲ သုံးလိုက်မိတယ် ။ ညီမလေးလဲ
    ၂၀၁၁ ကိုတော့ လောဘတွေ သောကတွေ ကင်းတဲ့ နှစ်ဖြစ်အောင် ပိုကြိုးစားမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်ထားတယ်း))

    ReplyDelete
  27. your blog is as good as your photos.. :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...