Tuesday, January 4, 2011

နှစ်သစ်လက်ဆောင် (သို့) တွယ်ငြိတတ်သော…


ကြိုး…
ကြိုး ဟုဆိုလိုက်လျှင် လူတိုင်း လူတိုင်းက ဟိုး အပ်ချည်ကြိုးမှ အစပြုကာ အထွေထွေ အပြားပြားသော၊ အရွယ်အစား အမျိုးမျိုးနှင့် ကြိုးပေါင်းစုံကို မျက်စိထဲ မြင်ယောင်လာကြမှာ သေချာပေါက်ပင်…။ မျက်စိဖြင့် မြင်နိုင်သော ကြိုးများကို သာမက လူကို လာရောက် ရစ်ပတ် တွယ်နှောင်တတ်သော အချစ်ကြိုး၊ သံယောဇဉ်ကြိုးများလို မျက်စိဖြင့် မမြင်နိုင်သော ကြိုးများကိုလည်း တဆက်တည်း တွေးမိ မြင်ယောင်မိသူများလည်း ရှိနေနိုင်သေးသည်။ (သည့်ထက်ပိုလာလျှင် သက်ဝေ၏ နာမည် ဂျင်ကြိုး ဆိုတာပါ တလက်စတည်း သတိရသွားသူများပင် ရှိကောင်း ရှိနေနိုင်သေးသည်။ ဤကား စကားချပ်…။)

မြင်ရသော ကြိုးများသည် လူတွေကို များစွာသော အကူအညီကို ပေးစွမ်းသည်။ အပ်ချည်ကြိုး၊ လျှော်ကြိုး၊ သံကြိုး၊ အဝတ်လှမ်းကြိုး၊ ဝါယာကြိုး စသည်ဖြင့်... နာမည်တွေတပ်နေလျှင် ဆုံးနိုင်မည် မဟုတ်။ သို့သော် ထိုကြိုးတွေသည် လူတွေ၏ နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုသည်မှာ သံသယရှိစရာ မလို။ နေရာတိုင်း နေရာတိုင်း ကြိုးများဖြင့် မကင်းနိုင်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ကြိုးများမရှိပဲ လူသားတွေ၏ ဘဝ အဆင်မပြေနိုင်…။

သို့သော် လူအတော်များများက ကြိုး ဆိုတာကို မနှစ်သက်တတ်ကြပေ။ ကြိုးပါသော ပစ္စည်းများကို ရှုပ်သည် ဟုသာ အစဉ်မှတ်ယူတတ်ကြသည်။ ထိုအခါ ကြိုးများကို မမြင်ရအောင် ကြံစဉ်ကြသည်။ အိမ်မှာ မီးလင်းအောင် သွယ်ယူရသော မီးကြိုးများကို နံရံထဲတွင်ထည့်ကာ ကြိုးပျောက် တပ်ဆင်တတ်ကြသလို ကွန်ပျူတာကြိုးများ၊ ပရင်တာကြိုးများ၊ ကေဘယ်လ်များကိုလဲ ပိုက်အပျော့ထဲတွင် ကွယ်ဝှက်ထည့်သွင်းကာ အတတ်နိုင်ဆုံး မမြင်ရအောင်လည်း ဖန်တီးတတ်ကြသေးသည်။

နောက် လူတွေ ကြိုးကို မကြိုက်ရသော ဖြစ်နိုင်ချေရှိသော အကြောင်းတခုမှာ ကြိုး မည်သည် ချည်နှောင်တတ်သော၊ မထင်လျှင် မထင်သလို ရှုပ်ထွေးတတ်သော သဘောကို ဆောင်သောကြောင့်ပင်။ လူ ဆိုသည်မှာ အချည်နှောင်ခံချင်တတ်ကြသော အမျိုးအစား မဟုတ်ကြ…။ သူတို့ကသာ အမျိုးမျိုးသော ကြိုးတွေကို နေရာတကာမှာ အသုံးချကာ ချည်နှောင်နေကြသော်လည်း သူတို့ကို တစုံတခုသော ကြိုးဖြင့် လာရောက် ရစ်ပတ် တုတ်နှောင်ကြည့်ပါလား… အကြောင်းအမျိုးမျိုးပြကာ ခါးခါးသီးသီး ငြင်းဆန်ကြမည်သာ။ လူတိုင်း လူတိုင်းသည် လွတ်လပ်ငှက်ငယ်လေးများလို အနှောင်အဖွဲ့ ကင်းကင်းဖြင့် ပေါ့ပါးစွာ မိုးမြင့်ကို ပျံသန်းချင်သူများပင်…။ ယုတ်စွအဆုံး ခွေးကလေး ကြောင်ကလေးများပင် ကြိုးကို မကြိုက်တတ်ကြ။ သူတို့ကို ချည်တိုင်တခုခုတွင် ကြိုးဖြင့် ချည်ထားကြည့်ပါလား…။ နားမခံသာအောင် အော်ဟစ်ကာ ကြိုး ပြန်အဖြည်ကို တောင်းဆိုကြမည်သာ…။ သည်လို တွေးကြည့်မိတော့ ကြိုးဖြစ်ရသော ဘဝမှာ သနားစရာ…

ဤသို့ သနားစရာ ကောင်းနေရသည့်အထဲ တိုးတက်လာသောခေတ်ကြီးမှာ လူသားတွေသည် ပစ္စည်းတွေကို အတတ်နိုင်ဆုံး ကြိုးကို မပါရလေအောင်၊ ကြိုးနှင့် မပတ်သက်ရလေအောင် ကြိုးမဲ့တွေ တီထွင်လာကြပြန်သည်။ နေရာမပေး ချောင်ထိုးခံရတော့မည့် ကြိုး၏ဘဝ သနားစဖွယ်…။ တချို့ကတော့ ပြောကြသည်… နေရာတကာ ပါချင်တဲ့ ကြိုးဆိုတဲ့ ကောင် အခုလို ချောင်ထိုးခံရတာ နည်းတောင် နည်းသေး တဲ့…။ ဒါတွေက မျက်စိဖြင့် မြင်ရသော ကြိုးအကြောင်း…။

လူတွေသည် မိမိတို့ မျက်စိဖြင့် မြင်နေရသော ကြိုးများကိုသာ နည်းအမျိုးမျိုးနှင့် ငြိုငြင်နေတတ်ကြပြီး ကိုယ့်ကိုယ်ကိုယ် လာရောက် ချည်နှောင်လို့ ချည်နှောင်နေမှန်းမသိသော မမြင်ရသော ကြိုးများကိုကျတော့ မသိလိုက် မသိဖာသာ နေတတ်ကြသည်...။ တချို့က ပေါ်ပေါ်ထင်ထင်ကြီး မသိကျိုးကျွန်ပြုနေကြပြီး တချို့ကတော့ ပါးစပ်တဖြဲဖြဲနှင့် တဟဲဟဲ ရယ်မောကာ ပျော်ပျော်ကြီးနှင့် အချည်နှောင် ခံနေတတ်ကြသည်…။ မယုံ မရှိပါနှင့်… တကယ်ပါ။ အချစ်ကြိုး၊ နွယ်ကြိုး၊ နှောင်ကြိုး၊ သံယောဇဉ်ကြိုး၊ သမုဒယကြိုး၊ ဘလာ… ဘလာ… ဘလာ… မမြင်ရသော ကြိုးတွေ အများကြီးပါပဲ…။

ဒီလိုကြိုးတွေကိုတော့ လူတွေက ကျေကျေနပ်နပ်ကြီး လက်သင့်ခံကြသည်။ ကျေကျေနပ်နပ်ကြီး အချည်အနှောင် ခံတတ်ကြသည်။ ပြီးတော့ ပျောက်ပျက်အောင် ပြတ်တောက်အောင် ဘယ်သူမှ မကြိုးစားကြ။ တရစ်ထက် တရစ် တိုးသည်ထက် တိုးလို့သာ ချည်နှောင်ချင်တတ်ကြသည်။ ကိုယ် ချစ်ရသောသူကို ကိုယ်က မလွတ်တမ်း ချည်နှောင်ချင်ကြသလို တဖန် ကိုယ်ချစ်ရသူက ကိုယ့်ကို ချည်နှောင်တာကို ခံယူချင်တတ်ကြသည်ပဲ။ သီချင်းတောင် ရှိသေး… “မေရေ… မောင်တို့ကြားမှာ ချည်ထားတဲ့ ဒီကြိုးဟာ သံယောဇဉ်…” တဲ့… စိုင်းထီးဆိုင် ဆိုထားတာ…။ နောက်ထပ် သည်လို ကြိုးပါသော သီချင်းတွေ မရေမတွက်နိုင်အောင် အများကြီး ရှိနေသေးသည်။

အခုလည်း ကြည့်လေ…။
နှစ်ကုန်ခါနီးမှာ ရုံးမှာရော အိမ်မှာပါ ရှင်းလင်းစရာရှိတာတွေကို ရှင်းလင်းနေသည်။ ဒါမှ နှစ်သစ်ကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ကြိုဆိုနိုင်မည် ဖြစ်သည်။ အိမ်အတွက်က သိပ်ပူစရာမလို၊ ကြိုးများကို အလိုလိုနေရင်း ကြည့်မရ ဖြစ်နေတတ်သောသူတယောက် ရှိနေတာနဲ့တင် တော်တော်ကြီးကို လုံလောက်နေပြီ။ ကိုယ် ဝင်ပါစရာ မလို။ သို့သော် ရုံးက စားပွဲရှင်းသောအခါမှာတော့ ဒုက္ခတွေ့ရပြီ။ ကိုယ့်မျက်စိရှေ့မှာ တွေ့နေ မြင်နေရသော ကြိုးတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ပြီးတော့ ထိုကြိုးတွေကို မမြင်ကွယ်ရာ နေရာကိုရောက်အောင် အတင်းကာရော ကွယ်ဝှက် သိမ်းဆည်းဖို့ ကြိုးစားနေမိသည်။ ကြိုးတွေကို မလိုမုန်းတီးသော စိတ်ဖြင့် အတတ်နိုင်ဆုံး ကြိုးမဲ့ ပစ္စည်းတွေ ရွေးချယ် ဝယ်ယူမိသည်။ ကြိုးမပါသော ကီးဘုတ်… ကြိုးမပါသော မောက်စ်… ကြိုးမပါသော စပီကာ… စသည်… စသည်…။

သို့သော် မမြင်ရသောကြိုးတွေ…
သေသေချာချာ တွေးကြည့်လိုက်တော့မှ ကိုယ့်ဆီမှာ မမြင်ရသော ကြိုးတွေ အများကြီးမှ အများကြီး… ကြည့်ပါအုံး… ဆုံမှတ်တခုမှနေ၍ ဖြာထွက်သွားသော အရွယ်အစားခြင်း အမျိုးအမည်ခြင်း မတူညီကြသော ထိုမမြင်ရသော ကြိုးအမျိုးမျိုးတို့သည် ကိုယ် ချစ်ရ ခင်ရ သောသူတွေဆီမှာ… ကိုယ် သဘောကျ နှစ်သက်သော သက်ရှိ သက်မဲ့ အရာဝတ္ထုတွေဆီမှာ… စင်ပေါ်က စာအုပ်တွေဆီမှာ… သီချင်းခွေတွေဆီမှာ… နောက်တော့ ဘလော့ဂ်ပေါ်မှာ… စာရေးဖေါ်တွေနဲ့ သူတို့ရေးတဲ့ စာတွေ ကဗျာတွေဆီမှာ… မျက်နှာစာအုပ်ပေါ်မှာ… ဒါတွေအပြင် ဘလော့ဂ်ပေါ်မှ တဆင့်၊ မျက်နှာစာအုပ်မှ တဆင့် ရင်းနှီးချစ်ခင်ရသော မြင်ဖူးသော၊ မမြင်ဖူးသော၊ လူချင်း တွေ့ဖူးသော၊ အသံချင်း တွေ့ဖူးသော အနီး အဝေးက မိတ်ဆွေတွေဆီမှာ… ပြောပြရရင် ကုန်နိုင်မည် မထင်…။

အပေါ်မှာ ပြောခဲ့သလို ကြိုး မည်သည် ချည်နှောင်တတ်သော၊ တွယ်ငြိတတ်သော၊ အခန့်မသင့်လျှင် ရှုပ်ထွေးရစ်ပတ်တတ်သော သဘာဝရှိသော်ငြားလည်း ကောင်းသော ချည်နှောင်ခြင်း၊ ချစ်စရာ တွယ်ငြိခြင်းတွေဖြင့် ကိုယ့်ကို လာရောက် ရစ်ပတ်ချည်နှောင်နေသော မမြင်ရသောကြိုးတွေ၏ ချည်နှောင်မှုကို ကိုယ်တိုင်က လှိုက်လှဲ ကျေနပ်စွာ… နေ့ရက်အချိန်တွေ ကြာရှည်လာသည်နှင့်အမျှ ကိုယ့်ကို တစထက် တစတိုးလို့ အထပ်ထပ် ရစ်ပတ်ချည်နှောင်တာကို ဝမ်းမြောက်ဝမ်းသာစွာ လက်ခံ… သိသိကြီးနှင့် အချည်နှောင်ခံနေမိသည်ပဲ…။ သို့သော်လည်း သည်ကြိုးတွေကို ငြိုငြင်စွာဖြင့် ရုန်းထွက်ဖို့ ၊ ဖြည်ချ ဖြတ်တောက်ပစ်လိုက်ဖို့၊ ဝေးဝေးကို ရှောင်ခွာသွားဖို့ တခါမှ မစဉ်းစားမိ၊ နည်းနည်းမှလည်း မကြိုးစားမိပါ။ အခုအချိန်မှာ မကြိုးစားသလို နောင်လည်း ဘယ်တော့မှ ကြိုးစားမိမည် မဟုတ်ပါ…။ တွယ်ငြိချင်သလောက်သာ တွယ်ငြိပါစေတော့… … …။



စာကြွင်း ။ ။ ၂၀၁၁ နှစ်သစ်အတွက် ဆုတောင်း လက်ဆောင်လေးပဲ ဖြစ်ဖြစ်၊ နှုတ်ခွန်းဆက် စကား လက်ဆောင်လေးပဲဖြစ်ဖြစ် ရေးမလို့ စဉ်းစားရင်းကနေ ကြိုးတွေအကြောင်းကို စဉ်းစားမိသွားတယ်။ အဲဒီကမှတဆင့် မြင်ရတဲ့ကြိုး… မမြင်ရတဲ့ကြိုး… ကြိုးတွေကို ဖြတ်တောက်သွားသူတွေ… ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့သူတွေ… ရစ်လာသမျှကြိုးတွေကို ဖြည်ချပစ်နေတဲ့ သူတွေ… ။ အဲဒီအကြောင်းတွေ ခေါင်းထဲ ရောက်လာပြီး ကိုယ်ဆိုရင်ကော တစ တစ တိုးပွားလာတဲ့ ဒီကြိုးတွေကို ဘယ်လိုစီမံမလဲ ဆိုတာ စဉ်းစားမိရာက ရေးဖြစ်တဲ့ ပိုစ့်တခုပါ…။

မမြင်ရသော ကြိုးတွေအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့သဘောထားကို နှစ်သစ်အတွက် လက်ဆောင်တခုလို့ လက်ခံပေးပါနော်…။ ကျေးဇူးအကြီးကြီး တင်ပါတယ်…။

အားလုံးအတွက် ရွှင်လန်းသာယာသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ...

20 comments:

  1. အချည်ခံချင်နေပါသော်လည်း ကြိုးက ပြေနေလျော့နေတာမို့ ဒီမှာ အခက်တွေ့နေရတယ်

    ReplyDelete
  2. မမသက်ဝေတစ်ယောက် မြင်ရတဲ့ ကြိုးတွေ၊ မမြင်ရတဲ့ကြိုးတွေ ကြားမှာ အဆင်ပြေပါစေ.. :)

    ReplyDelete
  3. တော်သေးတယ်၊ အမက ချက်ကြိုးနဲ့ ကြိုးမိန့်
    အကြောင်း မပြောသွားလို့၊ နောက်တာနော်
    အမ ... :P၊ အဲဒီ ကြိုးတွေကြောင့် ပဲ အသက်ရှင်
    ရတဲ့ အဓိပ္ပါယ် ပိုပြီး ပီပြင်နေတာရော မဖြစ်နိုင်
    ဘူးလား ....

    ReplyDelete
  4. ချစ်လို့အချည်ခံရတာလဲရှိ၊
    ကြောက်လို့အချည်ခံရတာလဲရှိ၊
    ကဲရှိသမျှကြိုးတွေလာသိမ်းသွားပါတယ်.. :)

    ReplyDelete
  5. ကြိုးမဲ့တွေသုံးနေတယ်ဆိုတော့ ... ကြိုးမဲ့ချည်တိုင် ဆိုတဲ့ သီချင်းလေးတောင် သွားသတိရမိတယ် အမသက်ဝေရေ ...

    အမပြောသလိုပါပဲ မမြင်ရတဲ့ ကြိုးတွေရော မြင်ရတဲ့ ကြိုးတွေရော ... ရှုပ်ထွေးပွေလီလွန်းလို့ ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်ပေါင်းလဲ များပေါ့ ...
    တခါတလေတော့လဲ ငယ်ငယ်က အမေတို့ ဆိုဆိုနေသလို "အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဘယ်သူလာလို့ ချည်ခင်ထွေး ရှင်းပါ့မယ်လေး" လို့ ဆိုနေမိသေးတယ်။

    ReplyDelete
  6. မြင်ရတဲ့ ကြိုးတွေက ရှင်းလို့ လွယ်တယ်။ မမြင်ရတဲ့ ကြိုးတွေက ဖြတ်ရခက်တယ်။ ဘယ်ဟာမှ သိပ်များတာ မကောင်းဘူးလို့ တွေးနေမိတယ်။
    Happy New Year ပါ မမတို့ မိသားစုလေးရေ..

    ReplyDelete
  7. အစ်မ ....မမြင်ရသောကြိုးတွေကိုတော့ မမြင်ဟန်မဆောင်နဲ့နော်း) အတင်းကိုလာရစ်ပတ်နေမှာ ။

    ပလတ်စတစ်ကြိုး

    ReplyDelete
  8. မမြင်ရတဲ့ကြိုးတွေက ရုန်းရခက်လောက်အောင်ကို ခိုင်မြဲစွာ ချည်နှောင်နေကြတယ် မမသက်ဝေ...တခါတခါ တိုးလို့ချည်နှောင်ခံချင်သလို တခါတခါလဲ ချည်နှောင်မှုတွေ ပြေလျှော့စေချင်တယ် ..။ ဒါလဲ လောဘတမျိုးထင်တယ်နော်း) ။

    ReplyDelete
  9. wireless relation မှာ touch screen ..မသုံးပဲ.. sensor နဲ့ သုံးတဲ့..လူ့ဘောင်လောက ကြီး ပေါ်နေပြီ ထင်တယ်နော်.. ။

    စကားမစပ်.. ကျမလည်း..ကွန်ပြူတာ စားပွဲ တွေ နောက်က..ကြိုးတွေကိုဘယ်လို မုန်းမှန်းမသိ..။ အိမ်မှာဆို..အကုန် အထုံးလေး တွေ နဲ့ ခေါက်ထား ရတယ်။

    နှစ်သစ် မှာ.. ကြိုးအသစ်.. ( အဲလေ..) စိတ်အသစ် နဲ့..း)

    ပေါက်ကရ နောက်တတ်တဲ့.. ကေကေ

    ReplyDelete
  10. မင်္ဂလာနှစ်သစ်ပါ အမ။ တွေးတော့တွေးပေါ့ သိပ်ပြီးတော့လည်း မတွေးနဲ့ ...

    ကြိုးအကြောင်းဖတ်ရင်း တိုင်ပတ်သွားတယ်။

    ReplyDelete
  11. ချစ်လို့ ချည်နှောင်၊ အချည်နှောင်ခံ ထားတဲ့ ကြိုးတွေနဲ့ အိပ်ရာထဲ လဲ......

    ReplyDelete
  12. Noose ! ဟိဟိ ..အဲဒါတော့လုပ်နဲ့ နော်

    ReplyDelete
  13. အနော်လည်းကြိုးတွေကိုကြည့်မရဘူး.. ဒါမယ့်.. မထိမတွေ့မမြင်ချင်လည်း မဖြစ်ဘူး.. အသုံးဝင်တယ်ကလား.....

    ReplyDelete
  14. လှုပ်လို့တောင် မ၇တော့ဘူး...ကိုယ့်ဘာသာချည်ထားတဲ့
    ကြိုးတွေနဲ့....။

    ReplyDelete
  15. ဒီနှောင်ကြိုး ချည်နှောင်မဆုံး နှောင်ကြိုးလေးတမျှင်ရယ်
    အရှည်ကြီးတွေမှ တစ်ကျပ်
    အတိုလေးတွေ ငါးမူး
    ကြိုးလာရောင်းသွားတယ်
    အရှည်ကြိုက်လား အတိုကြိုက်လားဗျ

    ခင်မင်တဲ့
    seesein

    ReplyDelete
  16. wireless ခေတ်ကြီးထဲက ကြိုးတွေ အကြောင်းကို ဖတ်သွားပါတယ် မသက်ဝေ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  17. မသက်.
    မသက်က သတိမထားမိတတ်ကြတဲ့ 
    ကွယ်ဝှက်တတ်လေသော.. ပါးပါးလေးတွေကို
    ပေါ်လွင်အောင် ၊ရသမြောက်အောင် ရေးတတ်တယ်။
    မသက်ပြောမှ ကွန်ပြူတာခုံအောက်မှာ ကွယ်ထားတဲ့ ကြိုးတွေကြည့်ရင်း အတွေးဝင်သွားတယ်..။
    သက်မဲ့ ကြိုးတွေကို ကိုယ်က လိုက်ဖျောက်ပြီး...
    ချည်နှောင်လေတင်းကျပ်လေဖြစ်စေတဲ့ ကြိုးတွေကိုကျ ကိုယ်တိုင်စိတ်ပါလက်ပါ ဆွဲယူရစ်ပါတ်နေလိုက်တာ..
    ကြာလာတော့ ကိုယ့်တစ်ကိုယ်လုံး ကြိုးတွေနဲ့ ပတ်ထားတဲ့  မံမီရုပ်ကြီးကို ဖြစ်လို့ ။း)

    ReplyDelete
  18. အစ်မ သက်ဝေရေ... ကြိုးတွေ အကြောင်း လာဖတ်ပါတယ်။ အင်း....မမြင်ရတဲ့ ဒီသံယောဇဉ်ကြိုးလေးတွေကြောင့် ကိုယ်တို့တွေ အသက်ရှည်နေတာပါ ခိခိး) အဲ့ဒီ ကြိုးလေးတွေတော့ မဖြတ်တောက်ပါရစေနဲ့။

    ReplyDelete
  19. “ကြိုးတစ်ချောင်း၏ ဖွင့်ဟဝန်ခံချက်”

    (ကြိုးပုခက်၏ ခက်ဆစ်အဖွင့်)
    ဆုံမှတ်တခုမှနေ၍ ဖြာထွက်သွားသော အရွယ်အစားခြင်း အမျိုးအမည်ခြင်း မတူညီကြသော ထိုမမြင်ရသော ကြိုးအမျိုးမျိုးတို့သည်...

    ကောင်းမှကောင်း ****

    ReplyDelete
  20. ဒီတစ်ခါတော့ “ကြိုး” ပါလား။း)

    အလာနောက်ကျလို့ ခွင့်လွှတ်ပါ မမသက်ဝေ။

    ဇွန့်ဆီ ကိုယ်တိုင်လာပြီး နှုတ်မဆက်ခဲ့ပေမယ့် ဒီပို့စ်လေးဖတ်ပြီး ကျေနပ်သွားပါတယ်။

    စဉ်းစဉ်းစားစား ရေးတတ်လိုက်တာ။

    နှစ်သစ်မှာ ချစ်တဲ့မိသားစုနဲ့အတူ ရွှင်လန်းချမ်းမြေ့ပါစေ မမဝေ။း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...