Friday, February 5, 2010

(ခေါင်းစဉ်မရှိ...)

ထိုသတင်းကို ကြားကြားချင်း စိတ်ထဲမှာ တော်တော်လေးကို ကသိကအောက် ဖြစ်နေခဲ့သည်။ ကိုယ်လဲ ဘာမှ မလုပ်ပဲနဲ့...။ အလကားသက်သက် အထင်အမြင် လွဲမှားမှုတွေကို မလိုလား...။ ကိုယ် ဘာလုပ်ရမလဲ...။ လျှစ်လျှူရှုရန် စဉ်းစားကြည့်သေးသည်...။ သို့သော် ပါရမီ နည်းပါးပုံရသည်... လျှစ်လျှူရှုရန် မအောင်မြင်...။ ထိုအကြောင်းကို တွေးလိုက်မိတိုင်း... သတိရလိုက်တိုင်း... စိတ်ထဲမှာ မကျေမနပ်နဲ့ ဘာလုပ်ရမှန်း မသိ၊ ဘယ်လိုဆုံးဖြတ်ရမှန်း မသိ၊ တွေတွေဝေဝေနဲ့ အဖြေရှာမရ ဖြစ်နေရင်း ၄ ရက်တိတိ ကြာသွားသည်။

သည်အတိုင်းတော့ နေလို့မဖြစ်... ဆက်၍ သည်းမခံနိုင်တော့...။ တခုခုတော့ လုပ်မှဖြစ်မည်...။ ထို့ကြောင့် ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချကာ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် မိမိ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်လိုက်သည်။ အတော်လေး နေသာ ထိုင်သာရှိသွားသည်။



ဆိုင် မဆိုင်တော့မသိ... ငြုတ်သီးတောင့် နီနီလေးများကို ရိုက်ထားသော ဓါတ်ပုံ မှုန်ဝါးဝါးကိုပါ တွဲတင်လိုက်သည်။ ဓါတ်ပုံထဲမှာ ဝါးတားတားဖြစ်နေသော်လည်း ငြုတ်သီးမှန်လျှင် အနည်းနဲ့ အများတော့ စပ်ကြတာချည်းပဲ မဟုတ်လား...။ လိုရင်းက အဲဒါပါပဲ...။ အခုတော့ အိပ်တော့မည်။ အားလုံး ကောင်းသောညပါ...။

Wednesday, February 3, 2010

ကိုယ့်အကြိုက်

ချစ်ရတဲ့ ပေါက် ရဲ့ Tag ပါ။
သူက သူ့ဟာသူ အိမ်ရှင်းရင်းနဲ့ သူနှစ်သက်တဲ့ လုံချည်လေးတွေကို ဓါတ်ပုံရိုက်ပြီး အဲဒီလုံချည်လေးတွေရဲ့ ရာဇဝင်လေးတွေ ရေးထားတာပါ။ သူရေးထားတာ ဟုတ်လို့… စိတ်ဝင်စားမှုတွေ တူညီကြတဲ့ ချစ်စရာ ညီအမတွေကလဲ လှိုက်လှိုက်လှဲလှဲ အားပေးထားကြတာ တွေ့ရပါတယ်…။ အဲဒီမှာ ဒေါ်ချစ်ကြည်အေး တယောက်က သူ့ဟာသူ အားပေးရုံမက အချွန်နဲ့ပါ သွား မ သလေ…။
ပေါက် ရေးထားတဲ့ ပိုစ့် ကို Tag ပိုစ့်လေး လုပ်သင့်သတဲ့…။ (မကောင်းစားတဲ့ ချစ်ကြည်စုတ်…. သူ့မှာ ကြွားစရာ လုံချည်တွေ အများကြီးရှိတိုင်း…)

အဲဒီမှာ ဒေါ်ပေါက်တယောက်ကလဲ အကြံတွေရပြီး ညီအမတွေကို အမှတ်စဉ်ထိုးပြီး Tag ပါလေရော…။ ကိုယ်ကတော့ အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့တွေ့တော့တာပါပဲ…။ တခြားအကြောင်းရော တခုခုကိုများ Tag ပါတော့လား ပေါက်ရယ်… လို့သာ အော်လိုက်ချင်တာ…။

စိတ်တော့ မရှိပါနဲ့ ပေါက်ရေ…။ (ထားရင်လဲ နေရပါမယ်… သတ်ရင်လဲ သေရပါမယ်…)
ကိုယ့်မှာ သူများတွေလို ဓါတ်ပုံနဲ့တကွ ပြစရာ ချစ်စရာ လုံချည် လှလှလေးတွေ . . . . . တ က ယ် ကြီး ကို မ ရှိ ပါ ဘူး . . .။ ဒါပေမယ့် ကိုယ် လုံချည်တော့ ကောင်းကောင်း ဝတ်တတ်ပါတယ်… (ယုံကြပါ…) ဒီတော့ ကိုယ်ဝတ်ခဲ့ဖူးတဲ့၊ ပြီးတော့ ကိုယ် ကြိုက်နှစ်သက်ခဲ့တဲ့ လုံချည်လေးတွေ အကြောင်းကိုပဲ မှတ်မိသလောက် နဲနဲစီ ပြောပြမယ်လေ… နော်။

ကိုယ့်ကို ၅ တန်းထဲက လက်သည်း အရှည်ထားခိုင်းပြီး လက်သည်းကို ဝိုင်းဝိုင်းလေးတွေ ညှပ်ပေး၊ လက်သည်းနီကို ကိုယ်တိုင်ဆိုးပေးခဲ့တဲ့ မေမေက အပြင်သွားရင် စကပ်တွေ ဘောင်းဘီတွေဝတ်ဖို့ သာ အားပေးခဲ့ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ပထမဆုံး လုံချည်က ၉ တန်းနှစ်မှာ စဝတ်ရတဲ့ ကျောင်းစိမ်းလုံချည်ပါ။ မဝတ် မနေရ စည်းကမ်းကြီးနဲ့ မဝတ်တတ် ဝတ်တတ်နဲ့ ဝတ်ခဲ့ရလို့ ပြီးတော့ ကိုယ်နဲ့ လှလဲ မလှလို့ တကယ် စိတ်ညစ်ခဲ့ဖူးပါတယ်။

ပထမဆုံး အပြင်ကို လုံချည်နဲ့မှ သွားရဖို့အကြောင်းဖန်လာတဲ့အခါ ကိုယ်ရလာတဲ့ လုံချည်လေးက မီးခိုးပြာရောင်ပေါ်မှာ အဖြူရောင် အပွင့်လေးတွေပါတဲ့ နှစ်နံစပ် ယောလုံချည်လေးပါ။ (သိပ်လှတယ် လို့ မှတ်မိပါတယ်…)

ပြီးတော့ ကျောင်းရက်ရှည်ပိတ်နေချိန်မှာ ရိပ်သာဝင်ချင်တယ်လို့ မေမေ့ကိုပြောတော့ ယောဂီလုံချည်လေးတွေ ရခဲ့ပါတယ်။ (အဖြူရောင် အင်္ကျီလေးနဲ့ ယောဂီလုံချည် အညိုရောင်လေးနဲ့… သိပ်လှတာ… ယုံ…)

စကပ်တွေ ဘောင်းဘီတွေ ဝတ်ခွင့်မရှိတဲ့ စက်မှုတက္ကသိုလ် ကျောင်းသူသက်တမ်း တလျှောက် စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဖြစ်ခဲ့တာကတော့ ယောလုံချည်လေးတွေပါ။ ဂန့်ဂေါက နှစ်နံစပ် ယောလုံချည်၊ ချည် ယောလုံချည်၊ ပိုးနဲ့ ချည်နဲ့ ရောထားတဲ့ အရောင်ရင့်ရင့် ယောလုံချည်လေးတွေနဲ့ ရှပ်အင်္ကျီ ပွပွတွေနဲ့… ကျောပိုးအိပ်နဲ့… T Square နဲ့…။ Field ဆင်းတုန်းကဆို ဦးထုပ်တောင်ပါသေး…။ (ရှုပ်ပွနေတဲ့ လူမိုက်ပုံကို မြင်ယောင်ကြည့်လိုက်ပါ…)

ကျောင်းပြီးပြီး လူကြီးဖြစ်လာတော့ ပါတိတ်လုံချည် နဲနဲရှိဖူးတယ်။ ဒါပေမယ့် ကိုယ့်အရပ်နဲ့ဆို ပါတိတ်တွေက တော်တော်ကြီးကို တိုနေလို့ မကြိုက်ဖူး။ ဒီတော့ သိပ်မဝတ်ဖြစ်ဘူး။ အသားထူထူ ပျော့ပျော့နဲ့ စိန်မိုက်ကယ်လို့ခေါ်ကြတဲ့ လုံချည်တွေ ဝယ်ဖြစ်တယ်။ အများအားဖြင့်တော့ ချိတ် (Buckle) တပ်ပြီး ဝတ်ရတဲ့ စကပ်လုံချည်တွေ ချုပ်ပစ်လိုက်တာပါပဲ…။

အဲဒီလိုတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ဘောလုံးပျောက်လို့ ကိုယ် ချစ်စနိုးခေါ်တတ်တဲ့ Polka Dots လုံချည်တွေပါ။ အနက်ခံမှာ အဖြူရောင် အလုံးလေးတွေနဲ့လေ…။ ကိုယ့်မှာ အဲဒီ ဘောလုံးလေးတွေ အရွယ် အကြီး အသေး၊ အစိတ် အကျဲ မတူညီကြတဲ့ လုံချည် ၅ ထည် ရှိခဲ့ဖူးပါတယ်။ အင်္ကျီအဖြူရောင်နဲ့ အဲဒီဘောလုံးပျောက် လုံချည်လေးတွေနဲ့ တွဲဝတ်ရတာကို ကိုယ် သိပ်ကြိုက်တာပဲ။ ခုတော့ ရှိတော့ဘူး၊ မေမေက ပြောတယ် နာဂစ်တုန်းက အကုန်ပေးပစ်လိုက်ပြီ တဲ့…။ (မေမေ ဆိုးဆိုးနော်… နောက်တခါလာရင် ပြန်ဝယ်ပေးရမှာပဲလို့ ပြောထားတယ်...)

ကြိုးကြီးချိတ်လုံချည် ၂ ထည်တိတိရှိပြီး ၂ ခါတိတိ ဝတ်ဖူးပါတယ်။ တထည်က မင်္ဂလာဆောင်တုန်းက ချိတ်အဖြူရောင်၊ အဲဒါက တထည်လုံး စီးကွင့်စ်တွေ အပြည့်ထိုးထားတာဆိုတော့ ဘာမှပြန်လုပ်လို့ မရပါဘူး... တခါဝတ်ပြီး ဒီအတိုင်း အလှပဲကြည့်နေရတာ...။ ဘွဲ့ယူတုန်းက နောက်တထည် ဒါလဲ အဖြူရောင်ပဲ... ဒါပေမယ့် ဒီချိတ်ကတော့ အဆင် သေးသေးလေးနဲ့ ချစ်စရာကောင်းတယ်…။ နောက်ပြီးတော့ ယောင်းမလေး မင်္ဂလာဆောင်မှာ ခပ်ပါးပါး ပိုးချိတ် အပြာရောင်လေးတထည် ဝယ်ဝတ်ခဲ့ဖူးတယ်… ဒါပဲ။ ခုတော့ အဲဒါလေးတွေလဲ အိမ်က ဘီဒိုထဲမှာ ဆွေးနေလောက်ပြီ… သနားပါတယ်…။

ဒီကို လာတော့မယ်ဆိုတော့ လိုလိုမယ်မယ် မြန်မာဝတ်စုံလေး တစုံ နှစ်စုံလောက် ချုပ်ပြီး ယူလာမယ်ဆိုပြီး စိတ်ကူးထားပေမယ့် တကယ်လာခါနီးကျတော့ အလုပ်တွေရှုပ်ပြီး စိတ်ကူးကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည် တခေါက်ပြန်တော့ သူငယ်ချင်းတွေ တိုက်တွန်းလို့ မြန်မာဝတ်စုံလေး နှစ်စုံချုပ်ဖြစ်ပါတယ်။ သိင်္ဂီရွှေဝါက ပိုးချိတ်လေးတွေ… အင်္ကျီလေးတွေကလဲ ပိုးပြောင်လေးတွေ… သူငယ်ချင်းတွေရဲ့ မိန်းမပီသပြီး အကွက်စေ့ပုံက အဲဒီ လုံချည်လေးတွေနဲ့ လိုက်ဖက်တဲ့ ပုဝါလေးတွေတောင် ဝယ်ပေးလိုက်သေး…။

ဒါပေမယ့် ဝတ်ကြည့်တော့ ကိုယ်နဲ့ တော်တော်လေး Odd နေတာ တွေ့ရတယ်၊ ပြီးတော့ လူက တအားကို ဟာသမြောက်ပြီး ရယ်ချင်စရာ ကောင်းနေတာကိုလဲ တွေ့ရပါသေးတယ်။ ဒီလိုနဲ့ ယူသာလာတယ်… ဝတ်စရာ လမ်းမကြုံတာက တကြောင်း၊ ကိုယ်နဲ့လဲ နဲနဲလေးမှ မလိုက်ဖက်ဖူးဆိုတာ သေသေချာချာကြီးကို သိနေတာက တကြောင်းတို့ကြောင့် တခါမှ မဝတ်ဖြစ်ဘူး။ (ကိုယ့်ကို မြန်မာလိုဝတ်ထားတာ တွေ့ဖူးသူ၊ အကြောင်းသိများ ကျေးဇူးပြု၍ တိတ်တိတ်ကလေး နေပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်…) ခုတော့ အိမ်အပြောင်းအရွှေ့နဲ့ အဲဒီဟာလေးတွေလဲ ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေကြမှန်းမသိလို့ ဓါတ်ပုံရိုက်ပြီး မပြနိုင်ပါဘူး။ (ခွင့်လွှတ်ကြပါ…)

လုံချည်နဲ့ ပတ်သက်လို့ ကိုယ်စဉ်းစားလို့ရသမျှကတော့ အဲဒါ အကုန်ပါပဲ…။ နောက်တခါများ အိမ်ပြန်ဖို့ အကြောင်းပေါ်လာရင် ကိုယ်နှစ်သက်တဲ့ လုံချည်လေးတွေ မဖြစ်မနေ ရှာဖွေပြီး ဝယ်ယူလာခဲ့ပါ့မယ်…။ အပြင်မှာ မဝတ်ဖြစ်ရင်လဲ ကိစ္စမရှိပါဘူး… အနည်းဆုံးတော့ ဓါတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို ပြလို့ရတာပေါ့နော်… ဟုတ်ဖူးလား…။

ကဲ…
ပေါက် ရေ… ကျေနပ်တယ်နော်…။
အော်… ဒါနဲ့ ကြုံလို့ တဆက်တည်း ပြောလိုက်ပါရစေ…။ ပေါက်က ဖြစ်နိုင်ရင် ဒီ Tag ကို ချစ်ရတဲ့ အပေါင်းအသင်းတွေဖြစ်ကြတဲ့၊ ပြီးတော့ ဘလော့ဂ်လဲ မရှိကြသေးတဲ့ မြိုး (မျိုး)၊ ဆင်ဆင် (SDL) နဲ့ မေ (Mae) တို့ကိုပါ ရေးပေးစေချင်တာတဲ့…။ ဒီတော့ တကယ်လို့များ မျိုးတို့ ဆင်ဆင်တို့ မေတို့ အနေနဲ့ စိတ်ဝင်စားလို့ ရေးချင်ခဲ့သည်ရှိသော် ကိုယ်က ကိုယ့်ဘလော့ဂ် စာမျက်နှာတွေမှာ ပိုစ့်တွေကို ဓါတ်ပုံနဲ့ တကွ တင်ပေးဖို့ အဆင်သင့်ပါပဲလို့…။

ပြီးတော့ ကျန်နေတဲ့ ညီအမတွေကို ဆက် Tag ပါရစေ... မြန်မာလုံချည်လေးတွေ နှစ်သက်တတ်တဲ့ ကေ၊ ညီမလေး ပန်ပန် နဲ့ အပြုံးပန်း၊ ပန်းခရမ်းပြာက မချို၊ သူငယ်ချင်း မဆွီတီနဲ့ စုချစ် တို့ ချစ်ခြင်းအားဖြင့် ရေးပေးကြပါ...။


Monday, February 1, 2010

I see you...

 
ပြီးခဲ့တဲ့ ပိတ်ရက်က လူပြောများပြီး အလွန် နာမည်ကြီးလှတဲ့ Avatar ရုပ်ရှင်ကို သွားကြည့်ခဲ့ပါတယ်။ သိပ်ကောင်းတာပဲ… လို့ပဲ ပြောချင်ပါတယ်။ ဒီရုပ်ရှင်ကို လူတိုင်းနီးနီးလဲ ကြည့်ပြီးကုန်ကြပြီ ဖြစ်မှာပါ။ ဘလော့ဂ်တွေမှာလဲ ဒီရုပ်ရှင်အကြောင်းကို တချို့တွေ ရေးပြီးကြပါပြီ။ မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင် သွားကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကြည့်ပြီးသားသူများလဲ နောက်တခေါက်လောက် ထပ်ကြည့်ကြပါအုံးလား လို့ပြောရင် ကိုယ့်ကို လာသတ်ချင်ကြမလားပဲ…။ ဘယ်သူ ကြည့်ကြည့် မကြည့်ကြည့် ကိုယ်ကတော့ ဒီသောကြာမှာ နောက်တခေါက် သွားထပ်ကြည့်ပါအုံးမယ်…။

ရုပ်ရှင်ကြည့်ပြီးတော့ သိပ်ကောင်းတာပဲ… သိပ်ကောင်းတာပဲ… လို့ တွေ့တဲ့သူတိုင်းကို တတွတ်တွတ် လိုက်ပြောနေမိတယ်။ သို့သော် ဘာကောင်းတာလဲ၊ ဘာလို့ နောက်တခေါက် ထပ်ကြည့်ချင်ရတာလဲ လို့ မေးလာခဲ့ရင် ကိုယ်ဘယ်လိုဖြေရမှန်း မသိပါဘူး။ ဒါပေမယ့် ရုပ်ရှင်အပြီးမှာ စိတ်ထဲမှာ ကျန်နေတာလေး တချို့ကို ထပ်ခါတလဲလဲ ပြန်တွေးနေရင်း နောက်တခါ ထပ်ကြည့်ချင်စိတ် ပေါ်လာတာပါပဲ။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း ကျောရိုးတွေ၊ ရုပ်ရှင်ရဲ့ အကြောင်းအရာတွေ၊ သဘောတရားတွေ၊ ဆန်းသစ်တဲ့ နည်းပညာတွေ ကိုတော့ တခြားသူတွေ ရေးပြီးကြပြီမို့ ကိုယ် အထူးတလည် မပြောတော့ပါဘူး။ ရုပ်ရှင်အပြီးမှာ ကိုယ့်စိတ်ထဲမှာ ကျန်နေတဲ့ ကိုယ်တိုင်နှစ်သက်နေတဲ့ အရာလေးတွေကိုပဲ မှတ်မှတ်ရရ ရေးပြချင်တာပါ။

ကိုယ့် စိတ်ထဲမှာ ပထမဆုံး စွဲစွဲလမ်းလမ်း ရှိနေတာက မင်းသား Jake နဲ့ Na'vi မျိုးနွယ်စု အကြီးအကဲရဲ့ သမီး Neytiri တို့ တယောက်ကို တယောက် I see you… လို့ ပြောကြတဲ့ အခိုက်အတန့်လေးပါ… (နှစ်ကြိမ်ပါတယ်လို့ မှတ်မိပါတယ်)။ အဲဒီအခန်းလေးဟာ ရုပ်ရှင်တကားလုံးမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ့်စိတ်ကို အထိခိုက်စေဆုံး အခန်းလေးပါပဲ။

နောက် Jake နဲ့ Neytiri တို့ရဲ့ အပြန်အလှန်ပြောတဲ့ တချို့စကားလေးတွေကိုလဲ သဘောကျပါတယ်။ Jake က Omaticaya (Blue Flute Clan) ဖြစ်သွားပြီဆိုတော့ မင်း နှစ်သက်ရာ အမျိုးသမီးကို ရွေးယူလို့ရပြီ၊ ငါတို့ဆီမှာ တော်တဲ့ အမျိုးသမီးတွေ အများကြီးရှိနေပါတယ် လို့ Neytiri က မပွင့်တပွင့် အပြောမှာ Jake က “But I've already chosen. But this woman must also choose me...” တဲ့..။
ဒီတော့ Neytiri က ပြုံးပြီး ပြန်ပြောတာက “She already has…” တဲ့..။
ကြည့်ပါအုံး… ဘယ်လောက် ရိုးစင်းပြီး ချစ်စရာကောင်းတဲ့ စကားလေးတွေလဲ လို့…။

နောက်တခုက Eywa လို့ ခေါ်တဲ့ (Guiding force) အကောင်လေးတွေ Jake ရဲ့ ကိုယ်ပေါ်မှာ တလက်လက်နဲ့ တကောင်ပြီး တကောင် ရောက်လာတဲ့အခန်းလေး… ကိုယ်တိုင် အဲဒီ Eywa လေးတွေကို အနားသွားပြီး ထိကြည့်ချင်စိတ်၊ တို့ကြည့်ချင်စိတ်တွေ ပေါ်လာအောင် သူတို့လေးတွေက ကိုယ့်ကို ဆွဲဆောင်တယ်။ အဲဒါလေးတွေ အပြင်မှာ တကယ်သာ ရှိလိုက်ပါတော့လို့ ဆုတောင်းမိတဲ့အထိပါပဲ။

ပြီးတော့ Touch me Not ဆန်ဆန် လိမ္မော်ရောင် အခွေအခွေနဲ့ အပင်တွေ.. Jake က သွားထိလိုက်တော့ ပိတ်ပြီး မြေကြီးထဲ ဝင်သွားကြတာတွေလေ…။ သူ တအံ့တသြနဲ့ ပျော်နေတာ တွေ့ရတော့ ကိုယ်လဲ သူနဲ့အတူ လိုက်ပြီး အံ့သြပျော်ရွှင်နေမိ…။ ပြီးတော့ ကိုယ်လဲ ထိကြည့်ချင်ပြန်ရော… (ဟင်း… ဘာရမလဲ… ညနေကျရင်တော့ အိမ်နားက Touch me Not တွေ အကုန် ကုန်ပြီသာမှတ်… အားလုံး လိုက်ထိပစ်မယ်..)

Na’vi တွေမှာ ကိုယ်စီရှိကြတဲ့ ကျစ်ဆံမြည်းလေးတွေမှာပါတဲ့ အာရုံကြောလို အဖြူရောင် အမျှင်လေးတွေကို သူတို့တွေ အသုံးပြု စီးနင်းတဲ့ အကောင်ကြီးတွေရဲ့ အာရုံကြောနဲ့ ဆက်သွယ်ပြီး သူတို့လိုရာကို စေညွှန်ကြတဲ့ အခန်းလေးကိုလဲ သဘောကျတယ်။ ရုပ်ရှင်အပြီး အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြန်တွေးရင်း ယောင်တောင်တောင်နဲ့ ကိုယ့်ဆံပင် အဖျားလေးတွေကိုကိုင်ပြီး ဘာနဲ့ ဆက်ရင်ကောင်းမလဲ စဉ်းစားမိတဲ့ အထိပါပဲ။ (အဲဒီဆံပင် အဖျားတွေကို မီးပလပ်ပေါက်ထဲ ထည့်ပြီး မီးပူတိုက်ဖို့ စေညွှန်လိုက်ရ ကောင်းမလား… ဟင်)

တခါတခါ ကိုယ်က ခပ်ကြောင်ကြောင် ခပ်ကြောက်ကြောက်ရယ်...။ ပိုးဟပ်ဆိုလဲ အသေကြောက်၊ သေးသေးမွှားမွှား အကောင် ပလောင်တွေကိုလဲ ကြောက်၊ အထိတ်တလန့်တွေ အသံဆိုးဆိုးတွေ ကိုလဲ ကြောက်၊ Animation နဲ့ ဖန်တီးထားတဲ့ အရုပ်ဆိုးဆိုး အကောင်ကြီးတွေကိုလဲ ကြောက်၊ ပြီးတော့ ပြောရရင် လေယာဉ်ပျံစီးရတာကိုတောင် တထိတ်ထိတ်နဲ့ ကြောက်တတ်တဲ့ ကိုယ်က ဒီရုပ်ရှင်မှာပါတဲ့ Jake စီးတဲ့ ငှက်လို အနီရောင် အကောင် အကြီးကြီးကို မကြောက်မရွံ့ စီးချင်နေပြန်သတဲ့…။ Jake တို့တွေ လေထဲမှာ ဝေ့ဝဲပြီး စီးသွားလိုက်တာ တွေ့ရတော့ ကြောက်တတ်တဲ့စိတ်တွေ ဘယ်ကိုရောက်ကုန်မှန်း မသိတော့ပဲ သူတို့လို လိုက်စီးချင်တဲ့ စိတ်တခုသာ ရှိတော့တယ်။ လေထဲမှာ လွင့်မျောနေတဲ့ တောင်တွေထဲမှာ၊ တိမ်တွေထဲမှာ ကွေ့ကာ ဝိုက်ကာနဲ့…. အိုး… တကယ်ကို ပျော်စရာကောင်းမှာပဲ…။

ဒီတော့ ကိုယ်ဘာလုပ်သလဲ သိလား...။ မနက်က ရုံးအလာမှာ Jurong East နားက ကုန်းအဆင်း ခပ်မတ်မတ်လေးကို အရှိန်နဲ့မောင်းပြီး ဆင်းလာမိတယ်။ အဲဒီနေရာလေးကို အရင်ကထဲက သတိထားမိတယ် ဒါပေမယ့် ကားတွေရှုပ်နေတော့ သိပ်မြန်မြန်မောင်းဖို့ အခွင့်အသာခဲ့ဘူး။ ဒီနေ့တော့ အိမ်ကထွက်ထဲက နဲနဲလဲ နောက်ကျနေတော့ ကားရှင်းနေတယ်လေ…။ အဲဒီလို အရှိန်နဲ့ ဆင်းလာတဲ့အခါ ရင်ထဲမှာ အေးကနဲ ဖြစ်သွားတယ်။ တကယ်ပါ… လေထဲမှာ Jake တို့လို ငှက်ကြီးကိုစီးပြီး ဝဲပျံရတဲ့ ခံစားချက်မျိုးနဲ့ ခပ်ဆင်ဆင်တော့ တူမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် (ဇွတ်) နှစ်သိမ့်လိုက်တယ်…။ (မဆူကြပါနဲ့…)

နောက် ဒီရုပ်ရှင်မှာ ကိုယ်နှစ်သက်တာတခုကို ပြောရရင် Sound Effect တွေပါ။ အဲဒီ Sound Effect တွေဟာ ရုပ်ရှင်ထဲက ပြကွက်တွေနဲ့ ကြည့်နေတဲ့သူတွေရဲ့ ရင်ထဲကို တသားထဲ အတူတူ စီးမျောပါဝင်သွားအောင် ဆွဲဆောင်နိုင်လွန်းတယ် လို့ ထင်ပါတယ်။ နောက်ခံ အသံအင်အားတွေ သိပ်ကောင်းပါတယ်။ Na’vi တွေအားလုံး ဝိုင်းဖွဲ့ထိုင်ပြီး လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေ အကူအညီမပါပဲ သူတို့တွေရဲ့ စိတ်အာရုံကြိုးမျှင်တွေနဲ့ ဆက်ပြီး Eywa နတ်ဘုရားကို တိုင်တည်ပြီး ဆုတောင်းတဲ့ အခန်းတွေမှာ ကြားရတဲ့ အသံတွေကို တကယ် နှစ်သက်မိပါတယ်။

ဒီရုပ်ရှင်တခုလုံးမှာ နောက်ဆုံးအနေနဲ့ ကိုယ်အကြိုက်ဆုံးကတော့ Leona Lewis ရဲ့ I see you သီချင်းလေးပါပဲ…။ ဒီရက်တွေ အိမ်မှာ တချိန်လုံး နားထောင်နေဖြစ်တယ်…။ ဒီသီချင်းနဲ့ပတ်သက်လို့ အထူးတလည်တွေ မပြောတော့ဘူး။ သီချင်းစာသားကို အင်တာနက်ထဲက ရှာပြီး သီချင်းအသံကို You Tube က ယူထားပါတယ်။ စာသားလေးတွေနဲ့ တိုက်ကြည့် ခံစားပြီး နားထောင်ကြည့်ပါ…။

 

 I see you by Leona Lewis   

I see you… I see you… Walking through a dream, I see you… 
My light in darkness breathing hope of new life… 
Now I live through you and you through me, 
Enchanting I pray in my heart that this dream never ends… 
I see me through your eyes… Living through life flying high… 
Your life shines the way into paradise… So I offer my life as a sacrifice… 
I live through your love… You teach me how to see, 
All that’s beautiful My senses touch your word I never pictured… 
Now I give my hope to you, I surrender I pray in my heart that this world never ends… 
 I see me through your eyes Living through life flying high… 
Your love shines the way into paradise So I offer my life, I offer my love, for you… 
When my heart was never open (and my spirit never free) To the world that you have shown me…
But my eyes could not division All the colours of love and of life ever more… 
Evermore… (I see me through your eyes) 
I see me through your eyes… (Living through life flying high) Flying high….    

ကိုယ်နဲ့ ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံး လိုက်ပါ ခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်လျှက်...

Sunday, January 31, 2010

တပွင့်ပန်း

ကိုယ်ဟာ မိန်းကလေးတယောက် ဖြစ်ပေမယ့် တကယ်တော့ ပန်းပင်တွေ ပန်းပွင့်တွေနဲ့ နဲနဲမှ မနီးစပ်ပါဘူး။ ပန်းတွေကို စိတ်လဲ မဝင်စားသလို သိပ်လည်း မနှစ်သက်ခဲ့ပါဘူး။ သိပ်လှတဲ့ပန်းတွေ၊ သိပ်မွှေးတဲ့ပန်းတွေကိုတွေ့ရင်လဲ သာမန်ထက်ပိုပြီး ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ငယ်ငယ်ကတော့ ကျောင်းပိတ်ရက်ရှည် တခုမှာ အမတယောက်က ခေါ်လို့ (အဖေါ်ကောင်းလို့) ဂျပန်ပန်းအိုးထိုးနည်း အီကေဘားနားကို သင်တန်းတက်ခဲ့ဖူးတယ်။ သင်တန်းအပြီးမှာ ဘုရားပန်းအိုး နဲ့ အိမ်က စားပွဲလေးတွေပေါ်မှာ အလှပန်းအိုး သေးသေးကွေးကွေးလေးတွေကို နဲနဲ ချက်ကျလက်ကျ ထိုးတတ်လာပါတယ်။ ဒါထက်တော့ မပိုခဲ့ပါဘူး။

ဟိုတလောကတော့ သူများတွေရိုက်ထားတဲ့ ဓါတ်ပုံတွေကြည့်ရင်း ကိုယ်တိုင်လဲ ဓါတ်ပုံရိုက်ချင်စိတ် ဖြစ်လာတယ်။ သို့သော် ဓါတ်ပုံရိုက်ချင်စိတ် ပေါ်လာတဲ့အခါတိုင်းမှာ ကိုယ်ရိုက်ချင်တာတွေက ချစ်စရာ တိမ်တွေ များများပါတဲ့ ရှုမျှော်ခင်းတွေ၊ မျက်စေ့တဆုံး မြင်နေရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ပင်အုပ်အုပ်တွေ၊ အသက်ဝဝရှုလို့ သိပ်ကောင်းတဲ့ ကွင်းပြင် ကျယ်ကျယ်တွေ၊ ပင်လယ်ပြင် ကျယ်ကျယ်ကြီးကို အနားသတ်ထားတဲ့ ဟိုးအဝေးကြီးက တောင်တန်းညိုညိုတွေ၊ သူတို့အနားကို သွားလိုက်တိုင်း ကိုယ့်ဆီကို အပြေးကလေး ရောက်လာတတ်ကြတဲ့ ရေလှိုင်းပြာပြာတွေ… အဲဒီလိုပုံမျိုးတွေကိုပါ။

ဒါပေမယ့် လောလောဆယ်မှာ အဲဒီလိုတွေရိုက်ဖို့ အတွက် အဲဒီလိုနေရာမျိုးတွေကို သွားဖို့ အခြေအနေကမပေး၊ အချိန်ကလဲ ရှိမနေသေးတာကြောင့် အလွယ်ဆုံး နဲ့ အနီးစပ်ဆုံး Object တွေကိုပဲ အရင်ရိုက်နေဖြစ်ပါတယ်။ အဲဒီလိုတွေ Object တွေ ထဲကမှ ကိုယ်အရင်က တခါမှ စေ့စေ့စပ်စပ် နီးနီးကပ်ကပ် မကြည့်ဖူးတဲ့ ပန်းလေးတွေကို အနီးကပ် ရိုက်ထားတယ်။ ဒီမှာ ကြည့်ပါအုံး...












အဲဒီပန်းလေးတွေက ပထမတခေါက်က မိုးဖျက်လို့ မရောက်ခဲ့ရတဲ့ Botanical Garden ကို နောက်တခေါက် ထပ်သွားတုန်းက ရိုက်ခဲ့တာပါ။ ဓါတ်ပုံပညာ ဆိုတာကို ထဲထဲဝင်ဝင် မလေ့လာရသေးခင်မှာ စိတ်ပါသလို ရိုက်ထားတဲ့ ပုံလေးတွေလဲဖြစ်ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ပန်းတွေ အများကြီးတွေ့ခဲ့ပေမယ့် စိတ်ထဲမှာ တွေးမိတာလေး တခုကြောင့် အခိုင်တခိုင်မှာ တပွင့်စီသာရှိနေတဲ့ ပန်းတွေကိုမှ ရွေးရိုက်ခဲ့မိတယ်…။ ရိုက်ပြီးတော့ ဓါတ်ပုံလေးတွေ တပုံစီအတွက် နာမည်ရွေးတာ မရလို့ တော်တော်နဲ့မတင်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ပုံအားလုံးအတွက် “တပွင့်ပန်း” လို့ပဲ နာမည်လွယ်လွယ်ပေးပြီး တင်လိုက်ပါတယ်။ ဓါတ်ပုံလေးတွေလာကြည့်ရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့ နာမည်လေးများ တွေးမိရင် ပြောခဲ့ကြပါလို့…



Thursday, January 28, 2010

ချစ်ခြင်းနှင့် မျောလွင့် အတူ

ဒီရက်တွေမှာ အချိန်အား မရှိတာကြောင့် စာမရေးဖြစ်ပါဘူး။ ရေးထားတာတွေကလဲ တပိုင်းတစတွေနဲ့ အဆုံးမသတ်နိုင်တာတွေချည်းပဲ…။ ဖေဖေါ်ဝါရီလအတွက်တော့ အတွေးထဲမှာ ရေးထားတာလေး နှစ်ခုရှိတယ်…။ တခုက သူငယ်ချင်းတွေရယ် ပြီးတော့ စက်မှုတက္ကသိုလ် ကျောင်းနောက်ခံရယ်နဲ့ ကျောင်းပုံပြင်…။ နောက်တခုက ၁၄ ရက် ဗယ်လင်တိုင်းနေ့အတွက် အမှတ်တရ တခုခု…။ အဲဒီ နှစ်ခုကို ပြီးအောင်ရေးဖို့ အခုရက်တွေထဲက ပျိုးထားတယ်။ ရေးဖြစ်မယ် ထင်ပါတယ်။

အခု တင်လိုက်တဲ့ ချစ်စရာ ကဗျာလေးက သူငယ်ချင်း ချစ်ကြည်အေး ဆီက လက်ဆောင်ပါ။ စာမရေးနိုင်တဲ့ရက်တွေအတွက် ကိုယ့်ရဲ့ ဘလော့ဂ်လေး ခြောက်သွေ့နေမှာစိုးလို့ တဲ့…။ သူရည်ရွယ်တာက ကိုယ်တို့ရဲ့ Anniversary အတွက်ပါ။ ဒါပေမယ့် အခုမှ တင်ဖြစ်တယ်…။

ဓါတ်ပုံလေးကတော့ ကိုယ်တိုင်ရိုက်ထားတာပါ။ Place for Two လို့ နာမည်ပေးထားပါတယ်…။ ကဗျာလေးနဲ့ လိုက်မယ် ထင်လို့ တင်လိုက်တာပါ။


ချစ်ခြင်းနှင့် မျောလွင့် အတူ

ပန်းဆွဲ ကျောက်စက်
မြခက် ကဗ္ဗလာ
လိပ်ပြာ ဖမ်းရင်း ပန်းတခင်းဝယ်...။

စိမ်းမြ မျက်ပြင်
တွဲခို ယှဉ်လျောက်
ကြယ်ပြာ ကောက်စဉ် ရင်ခွင်မှီအုံး...။

ကောင်းကင် တဆုံး
တူ တူ ပုန်း အိပ်
တိမ်လိပ် တွေထဲ လက်ချင်း တွဲထား...။

ပန်းကောက် တေးသီ
ပန်းချီ ဆွဲအုံး
သက်တံ ခုံးထိပ် ခြေချင်း ချိတ်ထိုင်...။

သွားကြ စို့လေ
မင်ရေ သမုဒ်
စာလုပ် ရေးသီ ကမ်းခြေဆီမှာ...။

သူနဲ့သာဆို မငြို မငြင်
လိုချင် မက်လှ ဘယ်ဘဝရောက်
ဘယ်လမ်းပေါက်စေ မိုးအောက် မြေဆုံး...
တစ်သက်လုံး ရှင့်....။

ချစ်ကြည်အေး


သူငယ်ချင်းရေ… ကျေးဇူး အများကြီးတင်တယ်နော်…။ နောင်ကိုလဲ အခုလို ချစ်စရာ ကဗျာလှလှလေးတွေ အများကြီး ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်…။