Thursday, November 26, 2009

၂၀၀၉ မှတ်တမ်း

တခါတခါကျတော့လဲ ပျော်စရာ စာလေးတွေ ပေါ့ပေါ့ပါးပါး စာလေးတွေ ရေးကြည့်ချင်မိသည်။ သို့သော် အခုတလော စိတ်တွေက မပေါ့ပါးလို့လားမသိ… စာတွေကလဲ ဘယ်လိုမှ မပေါ့ပါးနိုင်ကြ။ တခါတခါဆို ကိုယ်ရေးတာတွေ ကိုယ်တိုင်တောင် ပြန်မဖတ်ကြည့်ချင်လောက်တဲ့ အထိ။ ဒီတော့ ကိုယ်ရေးထားတာတွေကို မှန်မှန် လာဖတ်ကြ၊ မှတ်ချက်ရေးသွားကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကို တကယ်ပဲ အားတွေလဲ နာရင်း ကျေးဇူးတွေလဲ သိပ်တင်မိပါသည်။

ဒီနေ့တော့ ပေါ့ပေါ့ပါးပါး တခုခုတော့ ရေးကြည့်မလေ ဆိုပြီး ရေးစရာ အကြောင်းအရာတွေကို တွေးတော ရှာဖွေနေမိသည်….။ သို့သော် ငယ်ငယ်တုံးက စကားပြောတတ်ခါစ အရွယ် ကလေးငယ်လေးတွေ ပြောသလို လိုက်ရှာ မတွေ့… လိုက်ရှာ မတွေ့… နဲ့ သာ ဖြစ်နေတော့သည်။ ဒီလိုနဲ့ ဘာအကြောင်းလေးများ ရေးရရင် ကောင်းမလဲ ဆိုပြီး မော်နီတာရှေ့မှာ မေးထောက်ပြီး စဉ်စားလိုက်တာ တညနေလုံး ကုန်သွားသော်လည်း ဘာမှရေးစရာ ရမလာချေ…။ ကိုယ့်ရဲ့ အကြောင်းတွေ ရေးရအောင်ကလဲ စိတ်ဝင်စားစရာ ဘာမှ များများစားစား မရှိလှ…။ တနေ့တနေ့ အလုပ်သွား… အလုပ်ပြန်… ချက်ပြုတ် စားသောက်... ဟိုလုပ် ဒီလုပ်နဲ့ ခေါက်ရိုးကျိုး အသားကျရင်း အချိန်တွေ ကုန်နေတာ ရက်ပေါင်း လပေါင်း နှစ်ပေါင်း တော်တော်ကြာနေခဲ့ပြီပဲ…။

သည်လိုနှင့် ဟိုတွေး ဒီတွေး တွေးရင်း ၂၀၀၉ အကြောင်းပြောဖို့ သတိရသွားသည်။ မနှစ်က ၂၀၀၈ အကြောင်းကိုတော့ ၂၀၀၈ ဒီဇင်ဘာလထဲမှာ ဒီလို ပြောဖြစ်ခဲ့သည်။
သည်နှစ် ၂၀၀၉ သည် တော်တော် အံ့သြစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန်ကြီး ကုန်လွယ်လွန်းသည်ဟု ခံစားရသည်လေ…။ ခုပဲကြည့်… နိုဝင်ဘာ ကုန်တော့မည်။ သည်လိုနှင့် ကျန်တဲ့ ဒီဇင်ဘာတလလည်း မကြာခင် အချိန်အတွင်းမှာ ကုန်သွားချေတော့မည်။ ပြီးရင် ၂၀၁၀…။

ပြောရရင် ဒီနှစ်ထဲမှာ နေရာထိုင်ခင်း အပြောင်းအလဲတွေ ရှိခဲ့သည်…။ ဗေဒင်တွေ ဘာတွေသာ သွားမေးမိရင်တော့ သင့်တွင် နေရာထိုင်ခင်းနှင့် ပတ်သက်ပြီး ကြီးမားသော ပြောင်းလဲမှုများ ရှိနေမည်… ဘာညာ ဘာညာတွေ ဟောလွှတ်မှာ အသေအချာ။ အိမ် ပြောင်းသည်… အလုပ်လုပ်တဲ့ နေရာပြောင်းသည်… အလုပ်ပြောင်းခြင်း မဟုတ်ပဲ လက်ရှိလုပ်နေတဲ့ အလုပ်က နေရာအသစ်ကို ပြောင်းခြင်း ဖြစ်သည်။

နေစရာနေရာကလဲ ပြောင်းချိန်တန်လို့ ပြောင်းရခြင်းဟုသာ မှတ်ယူမိသည်။ နေရာဟောင်းမှာ ထုပ်ပိုး သိမ်းဆည်း၊ နေရာ အသစ်ကို ပြင်ဆင် သယ်ယူ ပို့ဆောင် နေရာချ အတော်လေး ပင်ပန်းခဲ့သည်။ နေရာအသစ်မှာ အခြေကျလို့ နဲနဲ နားမယ်ကြံကာရှိသေး ရုံးကပြောင်းရွှေ့ဖို့ ဖြစ်လာပြန်သည်။ ထုံးစံအတိုင်း ထုပ်ပိုး သိမ်းဆည်း ဒီတခါမှာတော့ မှတ်သားရသည်များက ပိုလာလေသည်။ ကိုယ့်အိမ်တုန်းကတော့ အကုန်လုံးက ကိုယ့်ပစ္စည်းတွေချည်း ဆိုတော့ လိုချင်တာ ယူလာ ကြိုက်တဲ့အချိန် ဖွင့်ရှာယုံ… မတွေ့သေးလဲ ပြဿနာ မကြီးလှ...။ ထို့ကြောင့် ဘာတွေမှ အထူးတလည် မှတ်သားစရာမလိုသော်လည်း ယခု ရုံးပြောင်းရာမှာတော့ စာရွက် စာတမ်းတွေ အရေးကြီးသော အရာတွေ… ပုံးတပုံးချင်းစီမှာ ဘာတွေပါလဲ သေသေချာချာ မှတ်ရပြန်လေသည်။ လူရော စိတ်ပါ တော်တော်လဲ မောခဲ့ရပါသည်။ အခုတော့ အိမ်ရော ရုံးရောပြောင်းပြီး အစစ အရာရာ အတန်အသင့် အခြေကျ သွားချေပြီ။


မှတ်မှတ်ရရ ပြီးခဲ့တဲ့ တပတ်က မင်းကိုနိုင် ၏ နောက်ကြည့်မှန် စာအုပ်ကို ဝယ်ပြီး ဖတ်ဖြစ်သည်…။ စာအုပ်အကြောင်းကိုတော့ အကျယ်ချဲ့ မရေးတော့ပါ…။ မကေ ရေးထားပြီး ဖြစ်သည်။ မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း မှာ ဖတ်ကြည့်နိုင်သည်။ နောက်ကြည့်မှန် ဆိုတဲ့ စကားလုံးနှင့် အဓိပ္ပါယ်ကို တွေးရင်း စိတ်ထဲမှာ လွန်စွာ သဘောကျ နှစ်သက်မိသည်။ တော်လှန်ရေး ရဲဘော် ကျောင်းသား ကိုဖေသောင်း၏ အကြောင်းကို သူငယ်ချင်း မခင်အေးက ညို့အား ပြန်ပြောသည့်အခန်းမှာ “သူလား… အေး… နောက်ကြည့်မှန် မပါတဲ့ ကားတစီးပေါ် ပါသွားတယ်…” ဟု ပြောလိုက်သောအခါ ရင်ထဲကို တခုခုနှင့် အရှိန်ပြင်းပြင်း တွန်းထည့်လိုက်သလို ခံစားရသည်။ တကယ်ကတော့ ကြီးကြီး ငယ်ငယ် အရွယ်စုံ ကားတွေတိုင်းမှာ နောက်ကြည့်မှန်တွေတော့ ပါစမြဲပင်။ ထို နောက်ကြည့်မှန်ကို တခုတ်တရ ကြည့်ဖြစ်ခြင်း၊ မကြည့်ဖြစ်ခြင်း နှင့် ကြည့်စရာ အခြေအနေ ပေးခြင်း မပေးခြင်း တို့သာ ကွာလိမ့်မည် ဟု ထင်မိသည်။

နောက် လောလောဆယ် ဖတ်လက်စ စာအုပ်တအုပ်က Cecelia Ahern ရဲ့ P.S. I Love You ဖြစ်သည်။ လောဘစိတ်တွေနှင့် ရုပ်ရှင်ရော စာအုပ်ပါ တတွဲထည်း ဝယ်ထားမိသည်။ စာအုပ်ဖတ်ပြီးမှ ရုပ်ရှင်ကြည့်မလေ ဆိုပြီး အားကြိုးမာန်တက် ဖတ်နေသည်။ ည မအိပ်ခင် အချိန်တွေမှာ ဖတ်သည် ဆိုတော့ တခါတခါ ဖတ်နေရင်းက အိပ်ပျော်သွားသည်လဲ ရှိပေါ့…။ ဒီတော့ နောက်တညမှာ ဖတ်လက်စနေရာမှ Bookmark ကို အသာဖယ်ပြီး ရောက်နေတဲ့နေရာမှ အနောက်ကို ၂ မျက်နှာလောက် ပြန်ဆုတ်ပြီး ဖတ်ရသည်။ တခါတခါ အိပ်ချင်ချင်ဖြင့် အတင်း ဖတ်နေသောကြောင့် ရှေ့က ဖတ်ထားတာတွေ မေ့ မေ့ကုန်သောကြောင့် ဖြစ်သည်။ စာအုပ်လဲ ဖတ်လို့ပြီး ရုပ်ရှင်လဲ ကြည့်ပြီးပါက ကိုယ်နှစ်သက်သော အပိုင်းလေးတွေ ပြန်ရေးကြည့်ရန် စဉ်းစားထားသည်။ တချို့ စကားပြောလေးတွေ နှင့် စာကြောင်းလေးတွေက သိပ်လှသည်…။

တခါ တီဗွီမှာ ဗုဒ္ဗဟူးနေ့တိုင်း လာနေသော Singapore Idol ကိုလဲ ကြည့်ဖြစ်အောင် ကြည့်မည်ဟု တပတ်ပြီး တပတ် အားခဲထားရင်းက ယခုဆို ၄ ယောက်သာ ကျန်တော့သည်။ တရက်မှကို သေသေချာချာ မကြည့်ဖြစ်လိုက်။ ယခုကျန်နေတဲ့ ၄ ယောက်ထဲမှာတော့ တဦးတည်းသော တရုပ်လေး (Charles "Stitch" Wong) ကို Vote လုပ်ရန် စဉ်းစားထားသည်။ အရင် Season 1 နဲ့ 2 တုံးက ကိုယ် ဒီလောက် Vote လုပ် တဲ့ကြားက ပြုတ်သွားတဲ့ တရုပ်လေးတွေအကြောင်း တွေးမိတော့ ဒီနှစ် Vote လုပ်ရမှာ အားငယ်မိသည်။ ပထမနှစ်က Sylvester နဲ့ Taufik ၊ ဒုတိယနှစ်က Jonathan Leong နဲ့ Hardy…။ ကိုယ်က မလေးထက် တရုပ်ကို အားပေးပြီး အတင်းတွေ Vote လုပ်တာပဲ...။ သို့သော်လည်း မရ…။ နောက်ဆုံးကျ မလေးကောင်လေးတွေသာ Idol တွေ ဖြစ် ဖြစ်သွားကြသည်လေ…။ တရုပ်တွေက ဘာလို့ မလေးတွေလောက် Vote မလုပ်နိုင်ကြတာလဲ ဆိုတာကို စဉ်းစားကြည့်နေမိသေး…။ ဘာပဲဖြစ်ဖြစ် ဒီနှစ်လဲ အမှတ်မရှိ တဦးတည်းသာ ကျန်ရှိနေသော တရုပ်လေး Charles ကိုသာ Vote လုပ်မည်။ နောက်တပတ်ကစလို့ တတ်နိုင်သလောက် Vote လုပ်မည်။ Message က တခါပို့ (တခါ Vote) ပြား ခြောက်ဆယ်တဲ့…။ Phone Bill လာရင်တော့ ရှုး… တိုးတိုးတိတ်တိတ်ပေါ့နော…။

ပြီးတော့ အခုတလော စာကောင်းကောင်းမရေးချင်၊ ဖတ်ပဲ ဖတ်ချင်နေသည်။ အချိန်ရှိသ၍ ဘလော့ဂ်တွေ အများကြီး လိုက်ဖတ်ဖြစ်သည်။ ခြေရာချန်ဖြစ်သော နေရာများရှိသလို မချန်ဖြစ်ခဲ့သော နေရာတွေလဲ ရှိ။ အထူးသဖြင့်တော့ ကဗျာတွေ အရေးများသော ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်သည်။ သူတို့ သူတို့ ရေးကြသော ကဗျာတွေဖတ်ရင်း နှစ်သက် သဘောကျပြီး ဖတ်လို့အရမ်း အရသာတွေ့နေမိသည်။ ကိုယ့်စိတ်ထဲမှာလဲ အခုတလော ကဗျာတွေ ရေးချင်စိတ် ဖြစ်နေသည်။ ဘာကြောင့်မှန်းတော့ မသိ။ သို့သော် ရေးချင်တာသာသိပြီး တကယ်ချရေးကြည့်တော့ ကျွမ်းကျွမ်းကျင်ကျင် မရှိပါ။ အားငယ်လိုက်တာ…

နောက်ထပ် အားငယ်စရာ တခုကတော့ ကိုယ့်ရဲ့ Window 7 မှာ မြန်မာစာ (ဇော်ဂျီ) ဖတ်လို့သာ ရပြီး ရေးစရာ ကီးဘုတ် မပေါ်သောကြောင့် စာရိုက်လို့ မရခြင်းပင်။ ဖြစ်ချင်တော့ 32 Bit က ဘာပြဿနာမှ မရှိ တဲ့…။ ကိုယ့်ဟာက 64 Bit ဖြစ်နေတော့ မရ ရေးချ မရ…။ နားလည် တတ်ကျွမ်းသူများ၏ အဆိုအရကတော့ သည်အတွက် အချိန်နဲနဲ စောင့်ရအုံးမည် တဲ့…။

အော်… မေ့တော့မလို့…။
နောက်နှစ် ၂၀၁၀ အတွက် (စင်္ကာပူ) ပြက္ခဒိန်ကို ပိတ်ရက်တွေကြည့်ရန် ဝေမျှလိုက်သည်။ အရင်နှစ်ကလဲ ဒီလိုပဲ ၂၀၀၉ အတွက် ဝေမျှခဲ့ဖူးသည်။ ပိတ်ရက်နှင့် ဆက်နေသော ရက်တွေ ခွင့်ယူလိုက်ပါက ရက်ရှည် အနားယူခြင်း၊ ခရီးသွားခြင်းတို့ ပြုနိုင်သည်ပေါ့။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သက်ဝေတယောက် ပိတ်ရက်တွေကို မည်၍ မည်မျှ တန်ဖိုးထား မြတ်နိုးတတ်ကြောင်း အထင်အရှား တွေ့နိုင်သည်လေ…။ ဒါတင်မက အစစ အရာရာကို ကြိုတင် ပြင်ဆင်လိုစိတ်ရှိကြောင်းကိုလဲ တွေ့နိုင်ပါသေးသည်။


၂၀၀၉ မှာ ပြုခဲ့သော ကုသိုလ်တွေ ကတော့ အရင်နှစ်နဲ့ မထူးမခြား။ ကြုံရင် ကြုံသလိုတော့ တတ်အားသမျှ လှုဖြစ်သည်။ မနှစ်ကတည်းက မွေးစားထားသော နာဂစ်ကြောင့် မိဘမဲ့သွားသော ကလေးငယ်လေး သုံးယောက်ကို ဟိုတနေ့က အိပ်မက်တောင် မက်နေသေးသည်။ ကလေးလေးတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး သင့်တင့်သော ပညာလေးများ ရကြစေရန် ဆုတောင်းနေမိသည်။

၂၀၀၉ မှာ ငွေရေးကြေးရေး အကြောင်းပြောရင်တော့ ရသမျှ သုံး…။ ကုန်…။ မစုမိ…။ ဒီလိုနဲ့ လုံးချာလည်နေသည်။ စုမိတာ ဆိုလို့ မပေးမဖြစ် ပေးနေရသည့် CPF တခုသာ ရှိပေလိမ့်မည်။ အင်း… စုတော့ စုရမည်… နောက်နှစ်များမှပေါ့လေ… ဟု တေးထားလိုက်သည်။ (ဒီလိုနဲ့ နှစ်တွေ တော်တော်များနေပြီ…)

စိတ်မကောင်းစွာနှင့် စိတ်ညစ်နေမိတာ တချို့ကတော့ ကိုယ်နှင့် အလွန် ရင်းနှီး နီးကပ် ချစ်ခင်လှသော ဆွေမျိုးသားချင်းတယောက် (ဆေးဝါး ပြည့်စုံအောင် ကုသနေသည့်ကြားမှ အချိန်တိုတိုအတွင်း) မမျှော်လင့်ပဲ ကွယ်လွန်သွားခြင်း...။ အောက်တိုဘာလကုန်လောက်က ရည်ရွယ်ထားသော ခရီးကို အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်လိုက်ခြင်း...။ ဒီတနှစ် မသွားရတော့လဲ နောက်နှစ်ကျရင် သွားကြတာပေါ့ ဟု ဆိုလာသောကြောင့် စိတ်ညစ်သွားသော်လည်း စိတ်ကို လျှော့လိုက်ရသည်။ နောက်တခုကတော့ ထုံးစံအတိုင်း IC Show နဲ့ ပိုက်ဆံအိပ် တအိပ် အလဲအလှယ် လုပ်ခြင်း…။ သို့သော် နောက်လထဲမှာ ရှိနေသော ပွဲတခုကိုတော့ဖြင့် ဘာနဲ့မလဲနိုင်ပါ ဟု ဇွတ် အတင်း ဂျစ်တိုက်ထားသောကြောင့် အောင်မြင်မှုရလေသည်။ အောင်မြင်မှု ကို တိုက်ယူမှ ရသည် ဟူသော စကားမှာ တကယ်ကို မှန်ပါသည်။ (ဆက်လက်၍ တိုက်ပွဲဝင်ကြပါစို့… သူငယ်ချင်းတို့…)

ဒီ ၂၀၀၉ ထဲမှာပင် Facebook ၏ ဆွဲဆောင်မှုကြောင့် အကောင့်ဖွင့်ကာ ပုံမှန် သုံးစွဲဖြစ်ခဲ့သည်။ ရပ်နီး ရပ်ဝေး သူငယ်ချင်းများနှင့် ဆက်သွယ်ရုံသာမက အကောင်မွေးခြင်း၊ အပင်စိုက်ခြင်း၊ စားသောက် ဆိုင်ဖွင့်ခြင်း၊ ကော်ဖီဆိုင် ဖွင့်ခြင်း၊ သူငယ်ချင်းများကို ရောင်းတမ်း ဝယ်တမ်း ကစားခြင်း စသည့် ကစားနည်း အစုံကို စွဲစွဲလမ်းလမ်း ကစားခဲ့မိသည်။ အချိန်တွေ တအားကုန်ပြီး အလုပ်ပျက် အကိုင်ပျက် အစားပျက် အအိပ်ပျက် ဖြစ်လာခါမှ ကစားခြင်းအမှုကို ဇွတ်အတင်း ရပ်ပစ်လိုက်ရသည်။ သို့သော်လည်း ထို Facebook ၏ ကောင်းမှုကြောင့်ပင် နှစ်ပေါင်းများစွာ (များစွာ) အဆက်အသွယ်ပြတ်နေသော သူငယ်ချင်း အချို့နှင့် အဆက်အသွယ် ပြန်ရခဲ့သည်။ ထိုအခါမှာတော့ ကိုယ့်အတွက် အလွန့် အလွန် အဖိုးတန်သော Facebook ဖြစ်သွားသည်။ အခုတော့ မွေးနေ့တွေ၊ မင်္ဂလာ နှစ်ပတ်လည်တွေ ဆိုလဲ Facebook မှတဆင့် ဆုတောင်းလိုက်ရုံ၊ သူငယ်ချင်းတွေ တွေ့ဆုံရန် ချိန်းကြလျှင်လည်း ဒီ Facebook ကတဆင့်၊ သူငယ်ချင်း ကလေးမွေးနေ့တွေမှာ ဆိုရင်လည်း Facebook မှာတင်ထားသော ဓါတ်ပုံများမှတဆင့် ကလေးက အဖေနှင့်တူသည်၊ အမေနှင့်တူသည်၊ ချောသည် လှသည် ပြောရသည်။ ဤသို့ အသုံးတည့်လှသော Facebook ကို ယခုအချိန်မှာတော့ တော်တော်ကြီး လိမ်မာပါးနပ်စွာ (တန်ဆေး လွန်ဘေး ဟူသော စကားအတိုင်း) အသုံးချတတ်နေပြီ ဖြစ်သည်။

နောက်ဆုံးအနေနှင့် ပြောရရင် ၂၀၀၈ ဇန်နဝါရီက စပြီး အသက်သွင်းထားသော၊ ကိုယ် သံယောဇဉ် တွယ်တာရသော ဟောဒီ ဘလော့ဂ် စာမျက်နှာလေးလဲ ၂၀၁၀ ဇန်နဝါရီ ဆို နှစ် နှစ် ပြည့်တော့မည်။ ဖြတ်သန်းခဲ့သော အချိန် နှစ် နှစ်တာကာလ အတွင်း သူ့ကြောင့် စိတ်အနှောက်အယှက် တစုံတရာ မရှိခဲ့ရ။ အစစ ငြိမ်းချမ်းခဲ့ရသည်။ သည်အတွက်လဲ ကျေးဇူးတင်သင့် တင်ထိုက်သူ အားလုံးကို ကျေးဇူးတင်နေမိသည်။ ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စရာ သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ အဲ… မမြင်ဖူးကြဘူးဆိုပေမယ့် ဒီလပိုင်း အတွင်းမှာ မှတ်မှတ်ရရ ဘလော့ဂ်ဂါ သုံးယောက်နှင့် အွန်လိုင်း စာမျက်နှာများတွင်သာမက အပြင်မှာပါ မထင်မှတ်ပဲ ရင်းနှီးခင်မင်ခဲ့ရသည်။ တယောက်ကတော့ ခပ်ဆိုးဆိုး နှင့် ဂျစ်ကန်ကန် လူဆိုး၊ နောက်တယောက်က အမြဲ ပြုံးနေတတ်ပြီး စကားနည်းသော လူအေး၊ နောက်တယောက်ကတော့ ကြည့်လိုက်ရင် ခပ်တည်တည်နဲ့ ဘယ်မှာတွေ့တွေ့ တွေ့ရာနေရာမှာ ရယ်စရာများစွာ ပြောတတ်သူ ဖြစ်လေသည်။ (ဘယ်သူတွေလဲလို့ မမေးနဲ့နော်… ပြောပြဘူး…)

နောက် ထူးထူးခြားခြား သံယောဇဉ်တခုကတော့ ကိုယ် အလုပ်တွေများပြီး အွန်လိုင်းပေါ်က ပျောက်နေလျှင် စိတ်တွေတိုနေတတ်သော၊ ဟိုးအဝေးကြီးတနေရာက ကိုယ် ရင်းနှီးချစ်ခင်ရသော အစိမ်းရောင် အစက်ကလေး တစက်…။ (ကိုယ်လိုလူကို စိတ်ရှည် လက်ရှည် ချစ်ခင်တဲ့အတွက် ကျေးဇူး အကြီးကြီးတင်ပါတယ် အစက်ကလေးရေ့…. )

၂၀၀၉ အတွက် ကိုယ် မှတ်မိသမျှ အမှတ်ရစရာ မှတ်တမ်းကတော့ ဤမျှသာ…။
နောက်နှစ်ခါ ၂၀၁၀ ကိုလဲ ကိုယ့်အတွက်ရော… သူငယ်ချင်း မိတ်ဆွေများ အားလုံးအတွက်ပါ အစစ အရာရာ အေးအေးချမ်းချမ်း အဆင်ပြေပြေနှင့် ကံကောင်းခြင်းများစွာကို သယ်ဆောင်လာနိုင်သော၊ တောက်ပသော နှစ်သစ် တနှစ်အဖြစ် ကိုယ် ကြိုတင် မျှော်လင့် ဆုတောင်းနေချင်ပါသည်။


*** ဤဘလော့ဂ်လေးနှင့် ပတ်သက်ပြီး ယခင်ထဲက သိနှင့်နေပြီးသော သူငယ်ချင်း မိတ်ဆွေများ၊ ယခုမှ တိုးပွားလာသော သူငယ်ချင်း မိတ်ဆွေ အသစ်များ၊ ဘလော့ဂ် စာမျက်နှာတွေပေါ်မှာ၊ G Talk မှာ၊ C Box မှာ၊ Facebook မှာ နှင့် အပြင်လောကမှာပါ ခင်မင်ခွင့်ရသောသူများ အားလုံး အားလုံးကို သေသေချာချာ မှတ်တမ်းတင်ထားပြီး အစဉ် ရင်းနှီး ချစ်ခင်နေပါမည်။

24 comments:

  1. ဆက်လက်၍ တိုက်ပွဲဝင်ကြပါစို့…... :))))
    မသက်ဝေရဲ့ ဆုတောင်းတွေအားလုံး ပြည့်စုံပါစေ...

    ReplyDelete
  2. "ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စရာ သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ "

    အဲဒါတော့အမှန်ပဲ ကျွန်မဘလော့ဂ်သက်တမ်း ၄ လပဲ ရှိသေးတယ်။ ကျွန်မလည်း သက်ဝေလိုပဲ ခံစားရတယ်။ ဘလော့ဂ်ကို ၀ါသနာအရ ရေးရတာ ဖြစ်လို့ ဘလော့ဂ်လည်လို့ ရေးလို့ ကုန်သွားတဲ့အချိန်တွေကို နှမြောတယ်ဆိုတာ တခါမှ မခံစားဖူးဘူး။ ပျော်ရွှင်စွာ ဘလော့ဂ်ဆက်ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်နော့်။

    ReplyDelete
  3. တိုက်မည်ဆိုပါ့လား..ဟမ်းဟမ်း..
    တီဝေ့ဆီ စရောက်တာကတော့ ကြာလှပါပြီ။ နောက်ပိုင်းမှ အလာစိပ်တယ်လို့ပြောလို့ရတယ် ။ အဲ့လိုခေါ်လို့ စိတ်မဆိုးကြေး။ နှုတ်ကျိုးနေ၏။
    လူဆိုး၊ လူအေး၊ ဂျိုကာ၊ အစက်ကလေး ဆိုသူများကို
    သိချင်နေမိ၏။ ဒီဇင်ဘာတွင် တွေ့ဆုံချင်ပါသည်။

    ReplyDelete
  4. အစ်မ
    စာကြွေးတွေလာအားပေးသွားပါတယ်
    ၂၀၁၀ ပြက္ခဒိန်လေး ယူသွားပါတယ်

    အဆင်ပြေပျော်ရွှင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

    ReplyDelete
  5. မပြောလဲ တိပါတယ်။
    ဂျူလိုင်ဒွင်း၊ ရွာသားနဲ့ သီဟသစ် မဟုတ်လား။
    ဒါမှမဟုတ်လဲ ပုလုကွေးပေါ့။

    ReplyDelete
  6. သူများအတွက်ကတော့ အလုပ်တွေများလို့ အလုပ်အကြွေးတွေကို နောင်နှစ်ခါအထိ သယ်သွားဖြစ်မယ့် ၂၀၀၉ လား မသိပါဘူး...

    စိတ်ရှိတိုင်း ဆက်ရေးနိုင်ပါစေ :)

    ReplyDelete
  7. အစဉ်ရင်းနှီးချစ်ခင်နေမယ့် အဲဒီထဲမှာ. "များ"ရောပါလာဟင်။
    ကနွဲ့ကလျ မေးသွားသည်
    mm

    ReplyDelete
  8. အစ်မသက်ဝေရဲ့ ၂၀၀၉ မှတ်တမ်းက သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲး) ညီမလည်း P.S I love you ကို သိပ်သဘောကျတာပဲ။ ညီမက ရုပ်ရှင်ပဲ ကြည့်လိုက်ရတာ။ Singapore Idol မှာ တရုတ်တွေကို အားပေးချင်တာချင်းလည်း တူတယ် အစ်မး) မလေးတွေက သူတို့ အချင်းချင်း Vote လုပ်တာများလို့ နိုင်ကြတာလို့ ကြားဖူးပါတယ်။ ၂၀၁၀ ပြက္ခဒိန်အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်... ညီမလည်း ပိတ်ရက်တွေကို တန်ဖိုးထား မြတ်နိုးတတ်လို့ပါး))

    ReplyDelete
  9. ဟုတ်တယ်နော်.. ဗေဒင်တွေထဲမှာတော့ အပြောင်းအလဲ ဘာညာနဲ့၊ တကယ်ကျတော့လဲ ဖြတ်သန်းသွားလိုက်ရင် ဒီလိုပဲ ပြီးသွားတာပါပဲ၊

    sylvester ကိုရော Jonathan ကိုရော vote ပေးဖူးတယ်၊ အိမ်က မေမေတောင် ပါတယ်၊ ရလဲမရဘူး

    နောက်ကြည့်မှန် ဖတ်ချင်လိုက်တာ.. PS I love you တော့ ဖတ်ဖူးတယ်..

    window 7 တော့ မတတ်နိုင်လို့ မလဲထားဘူး၊

    ချစ်ခင်တဲ့သူတွေ ရုတ်တရက် ဆုံးရင် တော်တော်သောကရောက်ရတယ်နော်.. သိပ်ချစ်တဲ့ အဒေါ်ချက်ချင်းကြီးလို ဆုံးတော့ တော်တော်နဲ့ ဖြေမရခဲ့ဘူး၊

    facebook pet society က သမီးနဲ့ သားတော့ ပစ်ထားတာ ကြာပေါ့.. သနားပါတယ်၊ ကလေးတွေ... မအားတာနဲ့ မလှည့်မိဘူး

    IC show ကို ပိုက်ဆံအိတ်တစ်အိတ်နဲ့ လဲတယ်တဲ့လား? သဘောကျလိုက်တာ၊ မေဆိုရင်တော့ ခရီးတစ်ခု နဲ့ လဲမိမယ်ထင်တယ်၊

    မမသက်ဝေရေ..အမြဲခင်နိုင်ပါစေ၊ အိမ်ပြန်ရောက်တုန်းက မမ ချက်ကျွေးမယ်ဆိုတဲ့ အစားတွေ မြည်းဖို့ အခွင့်မရလိုက်ဘူး.. နောက်နှစ်ပေါ့ အဟိ

    ReplyDelete
  10. ရုံးပိတ်ရက်တွေကိုတော့ စိတ်ဝင်စားတယ်...
    ရှူးးးးးးးးးးးးးးး
    အလုပ်ရှင် မသိစေနဲ့...

းဝ)

    ReplyDelete
  11. No war,No fight. / love ,peace & joy :)
    Let me stay in ur blog & participate @ 2010 .

    ReplyDelete
  12. ဖတ်ရတာကို ပျော်မိတယ်။ ဘ၀ကို အဲဒီလိုပဲ အမြဲ ဖြတ်သန်းသွားရရင် ကောင်းမယ်နော်။ မမကိုလဲ နောင် တိုးပြီး ခင်ပါရစေ။

    ReplyDelete
  13. ဒီပို့စ်လေးကိုဖတ်ရင်းတွေးစရာရသွားတယ်... တစ်နှစ်အတွင်း ကြုံခဲ့ရတဲ့ အကျိုးအကြောင်း အဆိုးအကောင်းတွေက ချရေးရရင် အများကြီးဘဲနော်....

    ReplyDelete
  14. တနှစ်တာ...။ တခုခု အပြောင်းအလဲဖြစ်ဖို့ လုံလောက်အောင် ကြာရှည်သလို...မျက်တောင်လေးတခတ်လို့ ပြောလို့ရအောင်လဲပဲ တိုတောင်းမြန်ဆန်လွန်းလှချည်ရဲ့...။ ဟမ်...ငါသာဆို အိုင်စီရှိုးကို ပိုက်ဆံအိတ်နဲ့ လဲနှိုင်ဘူး...
    ဘာပဲ ဖြစ်ဖြစ် သူငယ်ချင်းလေးအတွက် ပျော်ရွှင်ဖွယ် ၂၀၁၀ ဖြစ်စေဖို့ ကြိုတင် ဆုတောင်း ပေးလိုက်ပါရဲ့......။

    ReplyDelete
  15. ရေးမဲ့ရေးတော့အရှည်ကြီး..........

    ReplyDelete
  16. ခုန မန့်လိုက်တဲ့အရှည်ကြီးပျောက်သွားတယ် ဘယ်လိုဖြစ်လဲ မသိ။

    ReplyDelete
  17. ဒီပို့စ်ဖတ်မိတော့ ၀မ်းနည်းသလို ခံစားရတယ် ။
    အမကတော့ ဘလော့ကို ဘယ်တော့မှ နှုတ်ဆက်မိမယ်မထင်ပါ။ ဒီဘလော့ကနေ တဆင့်ခင်မင်ရတဲ့ ညီမတွေကို အပြင်က မိတ်ဆွေတွေလိုပဲ တန်ဖိုးထားပြီး နှစ်နှစ်ကာကာ ခင်မင်မိပါတယ်။ ပျော်ရွှင်ပါစေ သက်ဝေ ညီမရေ...

    ReplyDelete
  18. .............ကိုပေါလဲမှတ်ချက်တွေပျောက်သွားတယ်လို့ ရေးထားသေးတယ်။
    http://kopaw07.blogspot.com/2009/11/blog-post_27.html

    ဒါပေမယ့် ဒီတခါ မှတ်ချက်တွေ ပျောက်သွားတဲ့အခါ ဘာသဲလွန်စမှ မကျန်ရစ်ခဲ့ဘူး။ ဒီတော့ ကျနော်ဖျက်ပစ်တယ်လို့ မောင်သတိအနေနဲ့ ထင်တာလည်း သူမလွန်ပါဘူး။

    ကာယကံရှင် ကျနော်ကလည်း မဖျက်တော့ ဒီနေရာမှာ တော်တော်လေး ဦးနှောက်ခြောက်သွားပါတယ်။ ဒါနဲ့ အင်တာနက်မှာ လိုက်ရှာကြည့်ရတယ်။ သူများဘလော့ဂ်တွေမှာ ရေးထားခဲ့တဲ့ ကွန်မင့်တွေကို လုံးဝပျောက်ကွယ်သွားအောင် ဖျက်လို့ရမရဆိုတဲ့အကြောင်း။ ယာဟူးအမေးအဖြေကဏ္ဍမှာ ဖြေထားပုံအရကတော့ ဖျက်လို့ မရဘူးတဲ့။ အက်ဒမင် (သို့မဟုတ်) ဘလော့ဂါဆီကို စာရေးပြီး ဖျက်ပေးဖို့ တောင်းဆိုမှ ရသတဲ့။

    ဒါနဲ့ နောက်တဆင့်တက်လို့ Missing comments ဆိုပြီး ဂူဂယ်မှာ ရှာကြည့်တဲ့အခါကျမှ ဒီလို မှတ်ချက်တွေ ပျောက်ဆုံးနေတာ ကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတာ သိရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ပတ်ဝန်းကျင်မှာ ဒီလိုပဲ မှတ်ချက်တွေ ပျောက်ကြတယ်ဆိုတာ ဘလော့ဂါဖိုရမ်တခုမှာ ဆွေးနွေးထားတာကို တွေ့လိုက်ရပါတယ်။ မောင်သတိတို့ မှတ်ချက်တွေ ပျောက်သွားတဲ့ အချိန်နဲ့ အတူတူလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။

    .............

    ReplyDelete
  19. မမရဲ့ ၂၀၀၉ မှတ်တမ်းကို ဖတ်ကြည့်ပြီး ကိုယ့်ကိုကိုယ် ဒီနှစ်ကို ဘယ်လို ကုန်ခဲ့ပါလိမ့်လို့ ပြန်တွေးမိတယ်...

    အမရေ...စင်ကာပူလာလည်ဖြစ်ရင်တော့ မမတို့နဲ့ တကယ်ဆုံချင်ပါတယ်...

    ကျနော့်ရဲ့ ၂၀၁၀ ကတော့ သိတဲ့အတိုင်းပဲ.. ကလေးတဖက်နဲ့ ကသောင်းကနင်းပြီးသွားမှာ မြင်ယောင်မိနေသေးတယ်.. :D

    ReplyDelete
  20. ရေးတုန်းကတော့ ၂၀၀၉ မှတ်တမ်းပါ...။
    ရေးရင်းနဲ့ အရှိန်တွေရပြီး လောလောဆယ် အကြောင်းတွေပါ ရောပါကုန်တယ်၊ ပိုစ့်ကို တင်ပြီးခါမှ တချို့စာပိုဒ်တွေ ပြန်ဖြုတ်ချင်စိတ်ပေါ်လာတယ်...။ ဒါပေမယ့် ဖြုတ်ပစ်ရမှာကျတော့လဲ နှမြောနေတာနဲ့ ဒီတိုင်းပဲ ထားလိုက်တော့တယ်...။

    အလွန် ရှည်လျား ထွေပြားသော ပိုစ့်တခုကို စိတ်ရှည် သည်းခံပြီး ဖတ်ပေးသွားကြတဲ့ သန့်ကလေး၊ မငယ်နိုင်၊ Craton ၊ ကိုဝင်းဇော်၊ ညီမ ရီတာ၊ ပန်ပန်၊ မွန် ၊ ရွေပြည်သူ၊ မေ၊ ကိုလူထွေး၊ Hmoo ၊ ညီမ ချိုသင်း နဲ့ Rose၊ သူငယ်ချင်း ချစ်ကြည်အေး၊ မမခင်ဦးမေ၊ အမ ခင်မင်းဇော် နဲ့ ညီမငယ် နုစံ တို့ရဲ့ မှတ်ချက်များအတွက် ကျေးဇူး အများကြီး အများကြီးတင်ပါတယ်...။

    ReplyDelete
  21. မမရဲ့ window 7 64bit မှာ ဒီဖေဇော်ဂျီကို စမ်းကြည့်ပါ အဆင်ပြေမလားမသိဘူး။ သူက ဗစ်စတာ ၆၄မှာတော့ အဆင်ပြေတယ်ပြောပါတယ်ခင်ဗျ

    http://www.4shared.com/file/68751854/bd2a7cdc/zawgyi-vista_2_.html

    ReplyDelete
  22. ဖတ်လာလိုက်တာ အရှည်ကြီးမှန်းသတိမထားမိဘူး..
    ကော်မန့်တွေဖတ်ပြီးမှ ပြန်ကြည့်မိတယ်..
    ၂၀၁၀ ကျရင်လည်း အရာရာအားလုံးအဆင်ပြေပါစေ..
    IC show ကိုလည်း ဘာနဲ့မှမလည်းရပဲ ကြည့်နိုင်ပါစေ..
    ရေးချင်နေတဲ့ ကဗျာတွေလည်း ရေးထွက်နိုင်ပါစေ..

    ReplyDelete
  23. အမ သက်ဝေ လက်ရေးဗေဒင် ဟောလို့ရပြီ။ မှန်တယ် ဟီးး စိတ်မြန်လက်မြန် အဆင့်ကနေ ပြီးပြီးရော လုပ်တဲ့ အဆင့်မရောက်အောင် သတိထား ထိန်းနေပါတယ် မမ

    ချစ်ခင်စွာဖြင့်

    ReplyDelete
  24. ကိုယ်ချစ်ခင်နှစ်သက်တဲ့ ဘလောဂ်ဂါ တွေကို ကန်လန့်ကာနောက်ကွယ်ကနေ ခင်မင်တန်ဖိုးထားနေတဲ့ သူဟာကိုယ်ပါ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...