Friday, February 12, 2010

ရပ်ကွက်ထဲမှာ ဒီလိုပဲ (၁)

ဒီနေ့ တရုတ်နှစ်ကူးအတွက် ရုံးပိတ်ရက် ၅ ရက် အနက်က ပထမဆုံးနေ့ပါ…။ တမနက်လုံး အိမ်မှာ စာအုပ်တွေရယ် ဘလော့ဂ်တွေရယ် ဓါတ်ပုံတွေရယ်၊ ပြီးတော့ ကပ်ကြေးကိုက်ရယ် ကော်ဖီရယ်နဲ့ တအားကို ဇိမ်ကျနေတာ။ (မနာလို မရှိကြပါနဲ့…)

မျက်စေ့ထဲ စိတ်အတွေးထဲမှာ မြင်ယောင် တွေးတောနေမိတာတွေကတော့ ဟိုး အထက်တန်း ကျောင်းသူဘဝတုံးက ဆောင်းငွေ့ မကုန်တကုန် ဒီလိုမနက်ခင်းမျိုးမှာ အိပ်ရာက အစောကြီးထပြီး အလံလေးတွေကိုယ်စီနဲ့ “တို့ပြည်ထောင်စု အလံတော်သည် တလူလူလွင့်လို့ ချီလာပြီ… ပြည်သူအများတို့ ပျော်ရွှင်ကြည်… မနှေးယခု အလေးပြုကြပါမည်…” ဆိုတဲ့ တေးသံနဲ့အတူ ပြည်ထောင်စု အလံတော်ကို ကြိုခဲ့ရတာတွေ၊ ကျောင်းကို ပြန်ရောက်တော့ ကောက်ညှင်းပေါင်း ပူပူနွေးနွေးကို ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ တပျော်တပါး စားခဲ့ရတာတွေ၊ ညဖက်တွေမှာ မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ ပြည်ထောင်စုနေ့ အထူးအစီအစဉ်တွေ ကြည့်ရတာတွေ၊ အဓိက ကတော့ ဇာဂနာ ဦးဆောင်တဲ့ မိုးနတ်သူဇာ အငြိမ့်ပေါ့…။ “ညီနောင်တစု တည်ထောင်ပြုလို့... ပြည်ထောင်စု ဆိုတာ ဖြစ်ပေါ်လာရတယ် မဟုတ်ပါလား ကိုဇာဂနာရဲ့…” အစချီတဲ့ ခွန်းထောက်တွေနဲ့… သိပ်ကောင်းတဲ့ အငြိမ့်တွေပါ။ အခုနေ ပြန်ကြည့်ချင်လို့ မရတော့ဘူးနော်…။ (ဤကား စကားချပ်။)

ဒီလိုနဲ့ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောရင်း ဟိုတွေး ဒီတွေးနဲ့ နေ့လည် ၃ နာရီလောက်မှာ ဈေးလေးဘာလေး နဲနဲပါးပါး ဝယ်ရအောင်ဆိုပြီး အပြင်ကို ထွက်လာခဲ့ကြတယ်။ ညနေ ၇ နာရီမှာလဲ ညစာစားဖို့ ချိန်းထားတာရှိနေတော့ သိပ် ဝေးဝေးလံလံကို မသွားဖြစ်ပါဘူး။ အိမ်နားက Town Center ကိုပဲ ထွက်လာခဲ့တယ်။ အဲဒီနားမှာ ဟိုကြည့် ဒီကြည့်၊ ပြီးတော့ ကော်ဖီသောက်၊ သစ်သီးလေး မုန့်လေးဝယ်ပြီး ဓါတ်ဆီထည့်ဖို့ ဆီဆိုင်ဖက်ကို လာခဲ့တယ်။ အဲဒီမှာ ကားတွေ အများကြီးပဲ ဆီထည့်ဖို့ တန်းစီနေလိုက်ကြတာ… စင်္ကာပူမှာ ဓါတ်ဆီထည့်ဖို့ တန်းစီနေတဲ့ ကားတန်းရှည်ကြီးကို မြင်ဖူးတာ ကိုယ့်အတွက် ဒါဟာ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။

ကိုယ်တို့ ရွှေမြို့တော်ကြီးမှာကတော့ တနေ့ကို ထည့်လို့ရနိုင်မယ့် ဆီဂါလံ အကန့်အသတ်နဲ့ ပြီးတော့ ဆိုင်ကလဲ ကိုယ့်ဆိုင်နဲ့ကိုယ် သတ်မှတ် ကန့်သတ်ထားတာက တကြောင်း၊ ပိုတဲ့ဆီကို ပြန်ရောင်းလို့ ရတာက တကြောင်းတို့ကြောင့် အမြဲလိုလို ဓါတ်ဆီ တန်းစီခဲ့ရပေမယ့် စလုံးမှာတော့ တခါမှ စီစရာ မလိုခဲ့ပါဘူး။ ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလောက် အဆင်သင့် ဝင်ထည့်သွားရုံပဲလေ…။ အဲဒီလို အနေအထားမျိုးနဲ့ တွေ့လာရာက အခုလို တရှည်တလျား ကားတန်းရှည်ကိုတွေ့လိုက်ရတော့ အတော် အံ့သြနေမိတာ…။

အဲဒီမှာ အမျိုးသားက ဝင်ပြီး တန်းစီမယ်ကွာ လို့ ပြောတယ်။ အမှန်ကတော့ ကားထဲမှာ ဆီက တဝက်ကျော်ကျော်လောက် ကျန်နေပါသေးတယ်။ ဒီနေ့မထည့်ရလဲ ဘာမှမဖြစ်ဘူး… နောက်နေ့တွေလဲ သွားစရာ လာစရာက များများစားစားမှ ရှိမနေတာ… အေးဆေးပေါ့... လို့ပြောပေမယ့် သူကလဲ ဘာကြောင့် ဒီလို တန်းစီနေကြတာလဲ ဆိုတာ သိချင်တယ်။ ကိုယ်ကလဲ မိန်းမပီပီ (အဟဲ…) သိချင်တာပါပဲ။ ဘာတွေများ Bargain တွေ ရှိပြီး ဘယ်လိုတွေများ Discount တွေ ချနေတာလဲပေါ့။ အနေအထားကလဲ Festive Season ဆိုတော့ တခုခုတော့ တခုခုပဲပေါ့လေ…။ အကျိုးအမြတ် တခုခုကြောင့်သာ အခုလို နေပူကြီးထဲ ဇွဲနဲ့ စီတန်း စောင့်ဆိုင်းနေကြတာပေါ့ ဆိုတဲ့ အတွေးက ခေါင်းထဲမှာ တော်တော်လေး နေရာယူပါတယ်…။ (မကောင်းစားတာနော်…)

ဒါပေမယ့် အခုလို နေပူပူကြီးထဲ တန်းစီနေရမှာတော့ နဲနဲ တွန့်မိတယ်။ ဒါနဲ့ ကားကို နေအေးတဲ့ အနီးဆုံး တနေရာမှာ Parking လုပ်ထားခဲ့ပြီး အခြေအနေလေး စနည်းနာရအောင် ထွက်လာကြတယ်။ ကိုယ်တို့ လျှောက်လာတဲ့ လမ်းတလျှောက်မှာ တန်းစီနေတဲ့ ကားတွေရှိတယ်။ တချို့လူတွေက ကားထဲကနေ အပြင်ကိုထွက်ပြီး မိုးတိုး မတ်တပ် လုပ်နေကြတယ်။ ဆီဆိုင်ဖက်ကိုလဲ ခေါင်းလေးတွေ တမော့မော့နဲ့ လှမ်းမျှော်ပြီး ကြည့်နေကြသူတွေကိုလဲ တွေ့ရတယ်။

ဒါနဲ့ ကိုယ်က သဘောနဲနဲကောင်း ဖေါ်ရွေတဲ့ မျက်နှာပိုင်ရှင်တယောက်ကို ရွေးပြီး “ဘာလို့များ တန်းစီနေကြတာလဲ…” လို့ မေးတော့ သူက “ငါလဲ သိပ်မသေချာပါဘူး… သူများကားတွေ တန်းစီနေတာ တွေ့လိုက်လို့ ဝင်စီတာပါ… ဖြစ်နိုင်တာကတော့ အဲဒီမှာ ဈေးလျှော့တာ ဒါမှမဟုတ် လက်ဆောင်ပေးနေတာ တခုခုတော့ ရှိပါလိမ့်မယ်… ပြီးတော့ အခုက ပွဲတော်ရက်တွေ မဟုတ်လား…” လို့ စလုံး တရုပ်သံ ဝဲဝဲ နဲ့ တလားလားနဲ့ လား ချင်း ထပ်နေအောင် အဖြေပေးပါတယ်။ သူ့အနားမှာ ရှိနေတဲ့ နောက်ထပ် ကားမောင်းသူ တယောက်ကလဲ သဘောတူတဲ့ အနေနဲ့ ခေါင်းလေး တညိတ်ညိတ်နဲ့ ကိုယ့်ကို ပြုံးပြပါတယ်။ ကိုယ်လဲ သူတို့ကို ပြန်ပြုံးပြ၊ ကျေးဇူးတင်စကား ပြောပြီး ဆက်လျှောက်လာခဲ့တယ်။

အတွေးထဲမှာတော့ အင်း… ဒုက္ခပါလား… ဘာမှန်း ညာမှန်းမသိပဲ ရမ်းသမ်းပြီး တန်းစီနေကြသူတွေပါလား… လို့ ပွစိပွစိ ရေရွတ်ရင်းနဲ့ပေါ့။ အရာရာကို ရေဆုံးရေဖျားအထိ သိရမှ ကျေနပ်တတ်သူ ကိုယ့်အတွက် သူတို့တွေရဲ့ အဖြေက သိပ်မလုံလောက်သေးပါဘူး။ ဒီလိုနဲ့ ရှေ့ကို ဆက်လျှောက်လာခဲ့ပါတယ်။ လမ်းတလျှောက် တန်းစီနေသူတွေရဲ့ မျက်နှာ အမူအရာတွေကို လေ့လာ အကဲခတ် ကြည့်ရသလောက်ကတော့ ဘာမှန်း ညာမှန်း မသိပဲနဲ့ သူများတွေ စီနေကြတာတွေ့လို့ ဝင်စီနေတဲ့ ပုံမျိုးတွေသာ များပါတယ်။ သူတို့တွေကို ကြည့်ရတာ အူတိ အူကြောင် ဟိုကြည့် ဒီကြည့်တွေနဲ့မို့လို့ပါ။

ဒီလိုနဲ့ ဓါတ်ဆီဆိုင်ထဲရောက်လာတယ်။ အထဲမှာ တွေ့သမျှ မြင်သမျှ ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေကိုလဲ လျှောက်ဖတ်ကြည့်နေမိတယ်။ ဘာမှလဲ ထူးထူးခြားခြားမရှိ၊ ခါတိုင်းလိုပဲ OCBC Bank က Credit Card တွေနဲ့ဆို ၁၂% လျှော့တယ် ဆိုတာပဲ တွေ့ရတယ်။ အရင်က ဆီထည့်လို့ ဒေါ်လာ ၃၀ ဖိုးကျော်ရင် ကားရေဆေးခ ၄ ဒေါ်လာ လျှော့တယ် ဆိုတဲ့ ကြော်ငြာတောင် မတွေ့မိတော့ဘူး။ တမျိုးတော့ တမျိုးပဲလို့တွေးနေမိတယ်။ အဆင်ပြေတာတခုကတော့ အဲဒီဓါတ်ဆီဆိုင်မှာ အလွယ်တကူ စားစရာ သောက်စရာ အခြောက်အခြမ်းလေးတွေ ဝယ်လို့ရတဲ့ ဆိုင်ကလေး တဆိုင်ရှိနေတာပါပဲ။ ဒီတော့ နှစ်ယောက်သား စိတ်တူ ကိုယ်တူ အဲဒီဆိုင်လေးထဲကို ဝင်လာခဲ့ကြတယ်။

ဆိုင်ထဲရောက်တော့ ဟိုရှာ ဒီရှာ လှည့်ပတ်ကြည့်ပြီး ဘာမှ ထူးထူးခြားခြား မတွေ့ရတာနဲ့ မဂ္ဂဇင်းတအုပ်ရယ် အအေးတဗူးရယ် ယူပြီး ပိုက်ဆံပေးဖို့ ဝင်တန်းစီလိုက်ပါတယ်။ အကြံကတော့ ပိုက်ဆံပေးရင်း အကျိုးအကြောင်း မေးကြည့်မယ်ပေါ့။ ကိုယ့်ရှေ့မှာ ၃ ယောက်လောက် စောင့်လိုက်ရပြီးတော့ ကိုယ့်အလှည့်ကို ရောက်လာတယ်။ ပိုက်ဆံယူတဲ့ နေရာက ကောင်မလေးကို အပီပြုံးပြလိုက်ပြီး ကျသင့်တဲ့ ပိုက်ဆံပေးရင်း ကိုယ်လိုရာကို မေးလိုက်တယ်။

“ဘာကြောင့် အပြင်မှာ ကားတွေ အများကြီး တန်းစီနေတာလဲ၊ တခုခုများ ထူးခြားတာ ရှိပါသလား…”

ဒီတော့ သူက “နင်မေးချင်တာ ငါသိပါတယ်… ဟဲဟဲ… သိနေတယ်လေ” ဆိုတဲ့ အပြုံးမျိုး ပြုံးပြပြီး ဘာပြန်ပြောသလဲ ဆိုတော့...

“ဆိုင်က Pump တွေထဲမှာ Pump ၄ ခု က အလုပ်မလုပ်လို့ပါ…” တဲ့… ။

ကဲ… ကောင်းကြသေးရဲ့လား…။
တကယ်တော့ အဲဒါ တကယ့် Typical Singaporean တွေရဲ့ အမူအကျင့်လေးတွေပါ။ ကိုယ့်လူမျိုးတွေရဲ့ လုပ်ရပ်ကို ကိုယ် ယုံကြည်တတ်ကြတယ် လို့ ကောက်ချက်ချ ရမလားမသိဘူး...။ ရှေ့ကလူတွေ လုပ်သလိုသာ လိုက်လုပ်… အမှား မရှိဘူး၊ အကျိုး မယုတ်ဘူးလို့ သူတို့တွေ အချင်းချင်း သေသေချာချာ ယုံကြည်တတ်ကြတာ နေရာတော်တော်များများမှာ တွေ့ခဲ့ရဖူးတယ်။ ဒါပေမယ့် တခါတခါမှာ သူတို့ရဲ့ လုပ်ရပ်တွေ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေဟာ တော်တော်လေးကို ရယ်စရာကောင်းပါတယ်။

ဒီလိုရယ်စရာကောင်းလှတဲ့ အကြောင်းကို ပြန်ပြောရင်း၊ ဒီစာကိုရေးနေရင်း နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ပြီး ထပ်ရယ်မိပါတယ်...။ ဘာလို့လဲဆိုတော့ ကိုယ်တွေလဲ ဝင်သာ တန်းမစီတာ၊ သူတို့တွေ ဘာကြောင့်တန်းစီနေတယ် ဆိုတာကို တပင်တပန်း လမ်းလျှောက်ပြီး စပ်စပ်စုစု သွားလုပ်မိသေးတာပဲ မဟုတ်လား...။ အနေကြာလာတော့ စရိုက်တွေ ကူးစက်လာတယ်လို့သာ သဘောထားလိုက်ကြပါတော့လေ...။

ပျော်ရွှင်စရာ ပိတ်ရက်များ ဖြစ်ကြပါစေ…။


မှတ်ချက် ။ ။ ဤပိုစ့်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်း မပြုရ။

15 comments:

  1. like that so bad!!!

    Anyway Happy Holiday Ahead!!!

    ReplyDelete
  2. ဆိုင်က Pump တွေထဲမှာ Pump ၄ ခု က အလုပ်မလုပ်လို့ပါ…” တဲ့

    အဲ့နေရာအရောက်မှာ အမရာ..အော်ရယ်ပစ်လိုက်တယ်.. ဟားဟား

    အမနောက်ကနေ ကျနော်လဲသိချင်လို့လိုက်လာတာ...ဟားဟားးး

    ReplyDelete
  3. သူငယ်ချင်း တယောက်က ပြောဖူးတယ်..စလုံးတွေက..ဘဲသေ လို့ ၀င်စား တာတဲ့.. ( ဘဲများ..အတန်းလိုက် သွားခြင်း) အီကား စကားချပ်..

    မှတ်ချက်.. ရီးဒါး ဒိုင်ဂျက်စ် က.. ယူချင်တယ်တဲ့..။း)

    ReplyDelete
  4. တရုတ်လို ဘာသာပြန်ပြီး လူထုအော်သံကို ပို့လိုက်မယ် ဒန်တန်တန်

    ကလူသစ်

    ReplyDelete
  5. ချိုသင်းက ဟောလီးဒေးမို့ ခရီးတွေ ထွက်ကြမှာမို့ ဆီဖြည့်ကြတယ် ထင်နေတာ။ ရီရတယ် ဟားဟားဟားး

    ReplyDelete
  6. တို့လဲမိုးချိုသင်းလိုဘဲတွေးနေတာ။

    ReplyDelete
  7. အမ မိုးချိုသင်းတို့လိုပဲ စိတ်ဝင်စားနေတာ၊
    ဒီမှာ ဓါတ်ဆီထည့်ဖို့ အရှည်ကြီး ကျူတာမှ မမြင်ဖူးတာကိုး။

    ReplyDelete
  8. စက်ာပူက blog တွေတိုင်းမှာ တရုတ်နှစ်သစ်ကူးအကြောင်းတွေ ဖတ်ရလို့ အိမ်လွမ်းပြီး ငိုမဲ့မဲ့ ဖြစ်နေတာ... မမသက်ဝေ ဓာတ်ဆီဆိုင်ရောက်တော့မှပဲ ရယ်မိတော့တယ်၊

    ရုံးပိတ်ရက်မှာ နားနေပါ.. ခေါင်းမကိုက်တော့ဘူး ဟုတ်

    ReplyDelete
  9. ဘာမှန်းညာမှန်းမသိ ၀င်ပြီး တန်းစီးတာ ဒီမှာထုံးစံလိုဖြစ်နေတာ... အဲဒါကို အင်္ဂလိပ်ဘာသာမပြန်ရရင် သိုးဆောင်းဘာသာကိုပြန်လိုက်မယ်... ဘာမှတ်နေလဲ :D

    Gong Xi Fa Cai
    Xin Nian Kuai Le

    ReplyDelete
  10. ဟားဟားဟား...မသက်ဝေ kapoh
    mm

    ReplyDelete
  11. အမလေး...တန်းစီလိုက်ရတာ...
    ဖစ်မှဖစ်ရပလေ......

    ReplyDelete
  12. ဟိဟိ...တူဒေး နဲ့ မိုင်ပေပါ ကိုဘာဘာပြန်ပို့ လိုက်မယ် ၊တရုတ်လိုပြန်ရင်တော့ ရဒယ်နော် ။ဟက်ဟက်။

    ReplyDelete
  13. ဖြစ်မှဖြစ်ရပလေ ... ၂ယောက်သားအဖြစ်ကို မြင်ယောင်ပါတယ်။ ဒီက Kiasu အကျင့်တွေ ကူးကုန်တာလေ ... ဒီမှာလဲ ရှော့ပင်မှာ လူတွေစည်ပြီဆို ဘာတွေများ ဒစ်ကောင့်ချတာလဲဆို အပြေးလေး ၀င်ကြည့်တာ ထုံးစံဖြစ်နေပြီ။

    ReplyDelete
  14. ဒီပိုစ့်ကို တရုတ်ဘာသာတို့၊ ဂျပန်ဘာသာတို့ကိုတော့ ပြန်လို့ရမယ် မဟုတ်လား...

းဝ)

    ReplyDelete
  15. မသက်ရေ..
    လူ့ သဘာဝလေးတခုပေါ့..။
    ဒီက နော်ဝေဂျင်တွေကတော့ ဖိုးကပ်စေးတွေဗျ..။
    ဆိုင်တဆိုင်မှာ ပစ္စည်းစုံတင်ထား..
    ဖြတ်လျှောက်ပြီးတောင် မကြည့်ကြဘူး..။
    မရောင်းရလို့ ဒီဆိုင် အရင်းပြုတ်ပြီး ရှိသမျှပစ္စည်း ဈေးချရောင်းမယ့် ဆိုင်ဖြုတ်ပွဲဆိုရင် ...လမ်းမလျှောက်နိုင်တဲ့ ဘွားဘွား ဘိုးဘိုးတောင်
    အစောကြီးလာတန်းစီတာ...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...