Sunday, February 14, 2010

ချစ်ခွင့်


သည်နေ့ စိတ်ထဲမှာ သူမကို ထူးထူးခြားခြား သတိရနေမိသည်။
လွမ်းဆွတ် သတိရ တမ်းတမိချိန်တွေတိုင်းမှာ ကိုယ့်အနားမှ နွေးထွေးဖွယ်ရာ မီးခိုးရောင် မွေးပွ ဝက်ဝံလေးသည် သူမ ဖြစ်၏။ ကိုယ့်စာကြည့်စားပွဲပေါ်က ပန်းစိုက်အိုးထဲမှ ရိုးတံရှည်ရှည်နှင့် နှင်းဆီပွင့် အနီရဲရဲလေး တပွင့်သည် သူမ ဖြစ်၏။ ပန်းနုရောင် အသည်းပုံ ပိုစ့်ကဒ် လှလှလေးတခုသည် သူမ၏ လက်ချောင်းထိပ်မှ လက်သည်း ချွန်ချွန်ကလေးများ ဖြစ်၏။ ချောကလက် ညိုဝါဝါလေးများသည် သူမ ဆိုးနေကျ နှုတ်ခမ်းနီအရောင် ဖြစ်၏။ ထို့အတူ ကြယ်သီး ကြည်ကြည်လေးတလုံးသည် သူမ၏ ချစ်စဖွယ် မျက်ဝန်းကြည်လဲ့လဲ့များ ဖြစ်နေတတ်ပါသည်။

ပိုလိုရှပ် အနက်ရောင်ဝတ်ထားသော အရပ်ရှည်ရှည် မိန်းကလေးများကို တွေ့လိုက်တိုင်း၊ အရုပ်ပိစိလေးများ ကီးချိန်လေးများ များစွာ ချိတ်ဆွဲထားတတ်သော ကျောပိုးအိပ် အညိုရောင်လေးများကို တွေ့လိုက်တိုင်း၊ ဆံပင်ရှည် နက်နက်များနှင့် ခေါင်းကိုစောင်းငဲ့ကာ ချစ်စဖွယ် စကားဆိုတတ်သော မိန်းကလေး တချို့ကိုတွေ့တိုင်း၊ ပြီးတော့ သူမနှင့်သက်ဆိုင်သော အမှတ်ရစရာများကို တွေ့မြင် ကြားသိလိုက်တိုင်း ကိုယ့် ရင်ခုန်သံကို ကိုယ်တိုင် ပြန်ကြားရလောက်အောင် သူမကို လွမ်းဆွတ်မိပါသည်။

နောက်ဆုံးတခါ တွေ့ခဲ့စဉ်က သူမကို အချိန်တိုင်း လွမ်းဆွတ် သတိရနေကြောင်း စိတ်လိုလက်ရ ပြောပြလိုက်မိသောအခါ သူမ ပြန်ပြောခဲ့သော စကားများကို နားထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။ ထိုနေ့က ပြောဖြစ်ခဲ့ကြသော စကားများထဲတွင် အခြေအနေတွေကြောင့် သူမကို အတွေးထဲမှ အတတ်နိုင်ဆုံး ဖယ်ထုတ်ထားစေချင်သည် ဟု ယူဆ၍ရသော စကားမျိုးကို သူမ ပြောခဲ့သည်။ ကိုယ့်ကို မငဲ့ညှာ မစာနာ၊ ပြောထွက်လေခြင်းဟု သူမကို မနာကျည်းနိုင်၊ အမှန်ကတော့ သူမ၏ ဆုံးဖြတ်ချက်များသည် အစဉ်သဖြင့် ကောင်းမွန် မှန်ကန်တတ်သည်သာ။ ခက်နေသည်က သူမကို ဘယ်လိုမှ မေ့မရနိုင်သော ကိုယ်သာ ဖြစ်သည်။

*****

သူမကို သတိရ လွမ်းဆွတ်မိတိုင်း ကိုယ့် စိတ်အတွေးတွေသည် ဟိုးအရင်က အချိန်များဆီသို့ လွင့်ပျံ့သွားတတ်သည်သာ။ အေးစက်စက် ပတ်ဝန်းကျင်ထဲသို့ နေသားတကျမရှိသေးခင်မှာ ချစ်ခင်စဖွယ် စကားပျူငှာ ချိုသာစွာဆိုတတ်သော သူမကို တွေ့ဆုံပြီး နေ့ရက် အနည်းငယ်အတွင်းမှာပင် သတိထားမိခဲ့သည်။ ကိုယ်လိုအပ်သမျှကို အတတ်နိုင်ဆုံး ကူညီ ဖြည့်ဆည်းပေးတတ်သော သူမ သည် ပတ်ဝန်းကျင်မှ လူအများကြားထဲတွင် ဘယ်သူနဲ့မှမတူသော နွေးထွေးသော၊ ကြင်နာတတ်သော နှစ်လိုဖွယ်ရာ စာနာ နားလည်ခြင်း ဟူသော ခံစားမှု တခုကို ကိုယ့်ထံသို့ သယ်ဆောင်လာခဲ့သည်။ တစထက်တစ ရင်းနှီး နီးကပ်လာသော သူမနှင့် ကိုယ်တို့ နှစ်ယောက်အကြား ဆက်ဆံရေးသည် ကောင်းသည့်ဖက်ကို ဦးတည်နေသည်လား၊ ဆိုးသည့်ဖက်ကို ဦးတည်နေသည်လား ကိုယ်တိုင် သေသေချာချာ မဆန်းစစ်မိခင်မှာပင် ကိုယ့်နှလုံးသားတွေသည် သူမနှင့် အနီးဆုံး တနေရာကို ရောက်နေခဲ့သည်။

အဲဒီ နောက်ပိုင်းမှာ ကိုယ်တို့နှစ်ယောက်၏ အနေအထားကို သူမ သတိပြုမိသွားသလို ကိုယ့်ရင်ထဲမှ စကားသံများကိုလည်း သူမ ကောင်းကောင်း ကြားနာတတ်သွားသည်။ ပြီးတော့ ဟန်မဆောင်တတ်သော ကိုယ့်မျက်နှာကို စာတအုပ်လို သူမ အလွယ်တကူ နားလည် ဖတ်ရှု ခံစားတတ် သွားတော့သည်။ ထိုအခါ ကိုယ့်ကို မသိမသာ တမျိုး၊ သိသိသာသာ တမျိုး ရှောင်ဖယ်တတ်လာခဲ့သည်။ ပြီးတော့ အရင်နဲ့မတူ… သူမ တိုးတိတ်စွာ ငြိမ်သက် စကားနည်းသွားသည်။

သို့သော် တွေ့လိုက်တိုင်းမှာ ကြည်လင်လှပသော မျက်ဝန်းများက အေးချမ်းသယောင်နှင့် အဓိပ္ပါယ်များစွာ ပါဝင်သော စကားများကို တိတ်တဆိတ် ဆိုနေလေ့ရှိသည်…။ နှုတ်မှ ဖွင့်ဟပြောကြား စကားဆိုလိုက်သည်ထက် ပို၍ သိမ်မွေ့သော၊ ပို၍ လေးနက်သော၊ ပို၍ နားလည်ရခက်သော၊ ကိုယ့်ရင်ကို ထိခိုက် လှုပ်ခါစေသော မျက်ဝန်း အကြည့်များပင်။ အဓိပ္ပါယ် ကျယ်ဝန်းသော စကားလုံးပေါင်းများစွာကို ကိုယ့် တယောက်တည်းအတွက် တီးတိုး ဖေါ်ပြတတ်သော ထိုမျက်လုံးနက်နက်လေးတွေကို တခါတရံမှာ ကိုယ် မှန်ကန်စွာ ဘာသာမပြန်တတ်ခဲ့ပါ။ သူမ၏ ပြုံးယောင်ယောင် မျက်လုံးလေးတွေကို ငေးမောကြည့်နေမိရင်း အချိန်များ ရွေ့လျားလာခဲ့သည်။

သည်လိုနှင့် သူမနှင့်ဝေးကွာရတော့မည့်အချိန်များ နီးကပ်လာခဲ့သည်။ အချိန်တန်လျှင် အိမ်ပြန်ရသည်ပဲ…။ သို့သော် ဒီအတိုင်းတော့ဖြင့် သူမကို ချန်မထားခဲ့ချင်... ချန်မထားခဲ့နိုင်...။ သူမကို တခုခုတော့ ပြောခဲ့ချင်သလို သူမဆီကလဲ တစုံတရာကို ကိုယ် လိုချင် တောင့်တနေမိသေးသည်။ ဘာလုပ်ရမလဲ….

ညနေခင်း တခု... ထိုညနေခင်းကို ကိုယ် ဘယ်တော့မှ မမေ့။ ထိုညနေဆီက သူမ၏ သိမ်မွေ့သော်လည်း နက်ရှိုင်းသော၊ လှပသော်လည်း တည်ငြိမ်သော၊ ရိုးသားသော်လည်း ထူးခြားသော အကြည့်တွေကို ယနေ့ထက်တိုင် ကိုယ် မမေ့…။ ဘယ်အချိန် ဘယ်ကာလကို ရောက်ရောက် ဘယ်တော့မှ မေ့ဖျောက်နိုင်လိမ့်မည် မဟုတ်သော မျက်ဝန်းအကြည့်များ။

ထိုနေ့က သူမ၏အကြည့်တွေကို ဘာသာပြန်ဖို့ ကြိုးစားသော်လည်း မအောင်မြင်၊ ထိုအကြည့်တွေအတွက် သူမကို မေးခွန်းများ မေးရန် ကြိုးစားသော်လည်း အခြေအနေက မပေး၊ ရင်ထဲတွင် တင်းကြပ်စွာ ခံစားပြီး သူမ၏ အကြည့်ဆန်းဆန်းတွေကို နှလုံးသားနှင့်အပြည့် သယ်ဆောင်ပြီး လာလမ်းအတိုင်း ကိုယ် လှည့်ပြန်လာခဲ့ရသည်။ ထိုနေ့က အပြန်လမ်းတလျှောက် မိုးတွေ သည်းကြီးမဲကြီး ရွာချသည်။ သေချာတာကတော့ ကိုယ် ကြေကွဲ ဝမ်းနည်းနေခဲ့သည်။ သည်လိုနှင့်ပဲ ကိုယ်တို့ နှစ်ယောက် အဝေးဆုံးကို ဝေးကွာသွားကြရတော့မည်လား…

တခါတရံမှာ ကံကြမ္မာသည် ဆန်းကြယ်သော အကြောင်းတရားများကို ဖန်တီးတတ်သည်။ ထိုနေ့က ကိုယ့်အခန်းငယ်လေးထဲမှာ ရပ်တန့်ထား၍ မရနိုင်သော နာရီလက်တံများ အကြောင်းကို တွေးရင်း သူမ၏ မျက်ဝန်းတစုံကို လွမ်းဆွတ်ရင်း တိုးတိတ်စွာ ငြိမ်သက်နေမိသည်။ နောက်ထပ် နာရီအနည်းငယ်ဆိုလျှင် ကိုယ်တို့ ဝေးကွာသွားကြရတော့မည်ပဲ…။ ထိုအချိန်လေးမှာ အံ့သြစရာကောင်းလှစွာ ကိုယ့် ရှေ့မှောက်ကို သူမရောက်လာခဲ့တာ…

ထုံးစံအတိုင်း ပိုလိုရှပ် နက်ပြာရောင်၊ အညိုရောင် ကျောပိုးအိပ်၊ ဆံပင် ရှည်ရှည် နက်နက်များနှင့် ကြည်လင်သော မျက်ဝန်းတစုံ…။ ကိုယ် ဘာစကားမှ မဆိုနိုင်အောင် အံ့သြတကြီး ဖြစ်နေဆဲ… ကိုယ့်လက်ထဲကို ပေါ့ပါး၍ နူးညံ့သော အရာလေးတခု ရောက်လာသည်ကို သိလိုက်သည်…။ ပြီးတော့ မျက်ဝန်းနက်နက်များဖြင့် ကိုယ့်ကို မော့ကြည့်ပြီး တိုးတိတ် ညင်သာသော စကားတခွန်းကို သူမ ဆိုခဲ့သည်။ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားသော (အမှန်ကတော့ မမျှော်လင့်ရဲတာ ပိုဖြစ်နိုင်ပါသည်) သူမ၏ စကားကို မယုံကြည်နိုင်သလို ထူးဆန်း အံ့သြနေဆဲ… ပြီးတော့ ကိုယ်ဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပဲ လှစ်ကနဲဆို သူမ ကိုယ့်ရှေ့မှ ပြေးကွာ ပျောက်ကွယ်သွားတော့သည်။

*****

ထိုနေ့မှစလို့ သူမကို ကိုယ် တိုးတိတ်စွာ ချစ်ခွင့်ရခဲ့သည်။ တိတ်ဆိတ်စွာ လွမ်းခွင့်ရခဲ့သည်။ ကိုယ့်အတွက် နွေးထွေးနူးညံ့သော Me to You မီးခိုးရောင် မွေးပွ ဝက်ဝံလေးသည် သူမ ဖြစ်၏။ ရိုးတံရှည်ရှည်နှင့် နှင်းဆီပွင့် အနီရဲရဲလေး တပွင့်သည် သူမ ဖြစ်၏။ ပန်းနုရောင် အသည်းပုံ ပိုစ့်ကဒ်လှလှလေးတခုသည် သူမ၏ လက်သည်း ချွန်ချွန်ကလေးများ ဖြစ်၏။ ချောကလက် ညိုဝါဝါလေးများသည် သူမ ဆိုးနေကျ နှုတ်ခမ်းနီအရောင် ဖြစ်၏။ ထို့အတူ ကြယ်သီး ကြည်ကြည်လေးတလုံးသည်လည်း သူမ၏ ချစ်စဖွယ် မျက်ဝန်းကြည်လဲ့လဲ့များသာ ဖြစ်နေတတ်ပါသည်။

သူမသည်…
မျှော်လင့်မထားသော အချိန်မှာ မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ဆုံခဲ့ရသူ… ကိုယ့် ဘဝအတွက် အတိုင်းအဆမဲ့သော လှပ ဆန်းကြယ်ခြင်းတွေကို ယူဆောင်လာခဲ့သူ… ကိုယ့် လိုအင်တွေကို အတတ်နိုင်ဆုံး နားလည်စွာ လိုက်လျော ဖြည့်ဆည်း ပေးခဲ့သူ… သူမထံမှ ရရှိခဲ့သော လေးနက်သော ချစ်ခြင်း နှင့် အဖိုးတန် လှပသော ချစ်ခွင့် တို့အတွက် သူမကို ကိုယ့် ဘဝ တစ်လျှောက်လုံး ကျေးဇူးတင် ချစ်ခင်ရင်း ထာဝစဉ် အမှတ်ရ လွမ်းဆွတ်လျက် ရှိနေမည်သာ…။


11 comments:

  1. :) တစ်နှစ်ကို တစ်ပုဒ်တင်တယ်ဆိုတော့
    နောက်နှစ်မှာ နောက်တစ်ပိုင်းဆက်မယ့်သဘောလားဟင်။
    mm

    ReplyDelete
  2. ရေးရင်ပြီးတာပါဘဲ

    ReplyDelete
  3. Happy Valentine's day My sweet bloger :)
    I miss & hope 4 Unity,freedom, and love each other on the world & our country :)
    By the way... s--- s--rm & me was every year naw :)

    ReplyDelete
  4. ကဗျာဆန်လိုက်တာ..
    ဒါမယ့်..သိပ်ဖတ်လို့ကောင်းတယ်...။
    ကဗျာဝေ လို့အမည်ပြောင်းလိုက်ပါ့လား။
    ခစ်.............















    ပေါက်

    ReplyDelete
  5. Thanks for your valentine post...
    I love it very much...
    Miss you...!!

    ReplyDelete
  6. ကြည့်စမ်း..... တနှစ်တခါ အနုအလှလေးတွေ တင်နေလိုက်တာများ

    ReplyDelete
  7. မှတ်ချက်များအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...

    ReplyDelete
  8. စာဖတ်သူFebruary 19, 2010 at 10:09 PM

    တကယ် ဖတ်လို့ကောင်းပါတယ်...
    ဒါပေမယ့် မနှစ်က ထာဝစဉ်ပိုစ့်ကို ပိုကြိုက်တယ်...

    ReplyDelete
  9. လွမ်းသွားပြီ

    P.s. ပေါက်ဘာဖြစ်နေတာလဲ .. ခစ်တဲ့.. စိတ်ပူလာပြီ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...