Wednesday, April 28, 2010

ဆူး နဲ့ အဆိပ်


ဆူးတွေက ချွန်မြ ထက်ရှ
အဆိပ်တွေက မူးဝေ ပြင်းပြ…
သူတို့ဆီမှာ တူညီတာ တခုက မာန…

ဆူး နဲ့ အဆိပ်
အားပြိုင်တဲ့ပွဲ
ဘယ်သူမှ မတားနိုင် ဒိုင်သူကြီးလဲ မရှိ
အားလုံးက ရပ်ပြီး ကြည့်နေရုံ…

ချွန်မြတဲ့ ဆူးထက်ထက်တွေ အဆိပ်ရည်နဲ့အတွေ့…
အဆိပ်ကပဲ စွမ်းတယ်လား
ဆူးကပဲ နွမ်းလွယ်လား…

ပြင်းပြတဲ့ အဆိပ်ရည် ဆူးချွန်နဲ့ အတွေ့…
ဆူးကပဲ ထက်သလား
အဆိပ်ကပဲ ပျက်သလား…

ဆူး နဲ့ အဆိပ်
သူနိုင် ကိုယ်နိုင် ယှဉ်ပြိုင်တဲ့ပွဲမှာ
အဆိပ်တွေက ဆူးတွေ စူးပြီး…
ဆူးတွေက အဆိပ်တွေ လူးလို့…
နှစ်ဦးစလုံး သဲသဲမဲမဲ အလဲအကွဲ….

ပြိုင်ပွဲအဆုံး
မာနအပြုံးတွေ ကိုယ်စီနဲ့
ကျောခိုင်းကာ အလှည့်
မိမိသာလျှင် အနိုင်ရ
အပိုင် ယူဆကြတဲ့ ဒီပွဲမှာ
ဆူးချက်တွေ အထပ်ထပ်နစ်
အဆိပ်ခိုးတွေ မှိုင်းဝေ
ကျိန်စာတွေ သင့်ခဲ့ရတာကတော့
သူတို့ အားပြိုင်ကွင်းထဲက အပြစ်မဲ့တဲ့ မြေဇာပင်…။



မြေဇာပင်လေး တပင်သို့....
(11:30 PM - 28 April 2010)

13 comments:

  1. များသောအားဖြင့်ဆူးတွေမှာအဆိပ်ရှိတတ်တယ်နော်၊
    အချစ်မှာကောဆူးရှိလားခုမှစဉ်းစာမိတယ်...
    ဟာဟ... :)
    တခါတခါကျလဲသူကဘဲဆူး၊.သူကဘဲအဆိပ်ယောင်ဆောင်...ဒါဆိုဘယ်လိုလုပ်ရင်ကောင်းမလဲ,..ခေါင်းစားတယ်နော်.. :)

    ReplyDelete
  2. အဆိပ်တွေက ဆူးတွေ စူးပြီး…
    ဆူးတွေက အဆိပ်တွေ လူးလို့…
    နှစ်ဦးစလုံး သဲသဲမဲမဲ အလဲအကွဲ…. (အဲ့နေရာလေးကို သိပ်ကြိုက်ပါတယ် မမ)

    ခရမ်းချဉ်သီး

    ReplyDelete
  3. ကြည့်ရတာ အဆိပ်ကနိုင်မယ့်ပုံပဲ အဆိပ်ကအရည်ဆိုရင် ဆူးရဲ့ ချွန်ထက်မှုတွေ အလကားဖြစ်သွားမှာပေါ့။ ဘယ်ထိုးနိုင်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ် မြေဇာပင်တော့ သနားပါရဲ့။

    ReplyDelete
  4. ဆူးမှာ လူးတဲ့ အဆိပ်ရည် ကတော့ ကြောက်စရာ အကောင်းဆုံးဘဲထင်တယ် ကြော

    ReplyDelete
  5. ဓါတ်ပုံလေးရော ကဗျာလေးရော အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်…

    ReplyDelete
  6. အဆိပ်နဲ့ ဆူး တစ်ခါမှ ယှဉ် မစဉ်းစားဘူးဖူး.. ကဗျာလေး လှတယ်..

    ReplyDelete
  7. ဆူးနဲ့အဆိပ် အားပြိုင်ပွဲကြားက မြေဇာပင်လေးတွေ သနားစရာနော်။း(

    ReplyDelete
  8. ဆူး အလုံးပေါင်း ၁၀ ခါတိတိ
    အဆိပ် က ၁၀ ကြိမ်တိတိ
    ဆူး အဆိပ်..အဆိပ်ဆူး
    ဆူးလိုက်ဆိပ်လိုက် နဲ့ 
    လုံးချာလိုက်သွားတယ်..ဘာမှန်းလဲတိဘူး
    အနောနိမ

    ReplyDelete
  9. ကဗျာလေးကို လာဖတ်သွားတဲ့ မမ ခင်ဦးမေ၊ မှုး၊ ခရမ်းချဉ်သီး၊ ပန်ပန်၊ ရွှေစင်၊ ဖြူ၊ သိင်္ဂါကျော်၊ ဇွန် နဲ့ ဆစ်ဒနီက အမည်မဖေါ်လိုသူ တို့ကို ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  10. မှုး... မာနနဲ့ အတ္တတွေ ယှဉ်တွဲပါနေတဲ့ အချစ်မျိုးတွေမှာ ဆူးရော အဆိပ်ပါ ရှိတတ်ကြပါတယ်...။ ပြီးတော့ သူတို့နှစ်ခုစလုံးက အချစ်ကို ပြန်သတ်သွားကြလေရဲ့...။

    ပန်ပန်... နှစ်ဦးစလုံးကတော့ ကိုယ့်ကိုယ်ကိုယ် အနိုင်ရသွားကြတယ်လို့ ယူဆပြီး ဟန်ဆောင်ပြုံးတွေနဲ့ ကျောခိုင်းသွားကြပါပြီ... မြေစာပင်လေးကတော့ တကယ် သနားစရာပါ...။

    ဖြူ... တခုခုကို ကျောခိုင်းသွားတယ်လို့ထင်ရပေမယ့် ကျောခိုင်းပြီး တဖက်ကို အလှည့်မှာ နောက်တခုနဲ့ ရင်ဆိုင်ရတတ်တဲ့ သဘောလေးကို ပြချင်တာပါ... ကြည့်သွားတာ ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  11. မာနပြိုင်ကြတဲ့အဖေနဲ့ အမေ....
    မျက်ရည်တွေနဲ့ ကြေကွဲကျန်ခဲ့တဲ့ကလေးငယ်လေး...။
    အဲလို broken family လေး မျက်လုံးထဲမြင်လာတယ် ။

    ReplyDelete
  12. အမ ကဗျာလေးတွေ မိုက်တယ်...
း-)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...