Wednesday, May 26, 2010

ပျော်ပျော်ပါးပါး က ကြီး ကနေ အ အထိ...

ကကြီး - ကံ

ကိုယ်က ဗုဒ္ဓဘာသာဝင်တယောက်ပီပီ ကံ ကံ၏ အကျိုးကို သေသေချာချာ ယုံကြည်ပါတယ်…။ ပြီးတော့ မဆီမဆိုင် ဆက်ပြောရရင် ကော်ဖီ ကို အရမ်းကြိုက်ပါတယ်…။

ခကွေး - ခရေပင်တန်း (သို့) ချစ်သူတို့ လျှောက်သောလမ်း

ကိုယ်တို့ စက်မှုတက္ကသိုလ် ကျောင်းကြီးရဲ့ အချက်အချာကျ လှပကြည်နူးဖွယ်ရာ Lover’s Lane လို့ခေါ်တဲ့ လမ်းကလေး… ခရေပန်းပွင့်ချိန်ဆို လမ်းတလျှောက် ပန်းနံ့တွေ မွှေးနေတာပဲ… လမ်းလျှောက်ရင်း စကားပြောမလား... ပန်းကောက်ရင်း စကားပြောမလား...း))

ဂငယ် - ဂဏန်း

ဘုရားရေ… စဉ်းစားလို့ရတဲ့ ဂငယ်ကလဲ ဒီတခုပဲ ရှိတယ်…။ ဒီမှာက ဆိုင်တွေမှာ ဂဏန်းစားချင်ရင် အရှင်တွေပဲ ရှိတာမို့ တော်ရုံနဲ့ မစားဖြစ်ပါဘူး။ လွတ်လွတ်ကင်းကင်း (လို့ ထင်ရတဲ့) Soft Shell Crab ပဲ စားဖြစ်ပါတယ်…။

ဃ ကြီး - ဃနာနို့ဆွမ်း

ကြားဖူးတာ သတိရတာကို ရေးလိုက်တာပါ… အားလုံးသိပြီးသားဖြစ်မှာပါ… ဆက်မရှင်းတော့ဘူးနော်…း))

င - ငါ့ ငါ ငါး... ငါးဟင်းချက်ပါလား

ငယ်ငယ်က မိသားစု ထမင်းဝိုင်းမှာ ငါးဟင်းချက်တဲ့နေ့ဆို အဖိုး ရေရွတ်လေ့ရှိတဲ့ စကားလေးပါ…။ ပြီးရင်တော့ ကိုယ်က "စ စာ စား... စားလို့ ကောင်းရဲ့လား..." လို့ ဆက်ရွတ်တာပေါ့…။ လွမ်းစရာ အချိန်တွေ…။

စလုံး - စင်္ကာပူ၊ စက်မှု နဲ့ စာရေး စာဖတ်ခြင်း

လောလောဆယ်မှာတော့ အားလုံးသိကြတဲ့အတိုင်း စလုံး လို့ခေါ်ကြတဲ့ စ ကထဲက လုံးလည် ချာလည်လိုက်နေရတဲ့ စင်္ကာပူမှာ ရောက်နေပြီး လုပ်နေတဲ့ အလုပ်ကတော့ စက်မှု အင်ဂျင်နီယာ တယောက် ဆိုပါတော့…။ အချိန်ရရင်ရသလို စာတွေအစုံဖတ်ပြီး ဟိုမရောက် ဒီမရောက် စာတွေကလဲ ရေးသေး…း))

ဆလိမ် - ဆေး နဲ့ ဆင်ခြေ

ဆေးသောက်ရတာ မကြိုက်ဖူး… နေမကောင်းလို့ ဆေးသောက်ရခါနီးတိုင်း ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အချိန်ဆွဲပြီး ဆင်ခြေတွေပေးတတ်တယ်…။ ဆေးဆိုတာ ဓါတုပစ္စည်းတွေ… အတတ်နိုင်ဆုံး မသောက်တာ အကောင်းဆုံး… အချိန်တန်ရင် သူ့ဟာသူ ပျောက်သွားမှာပေါ့.. ဘာ ညာ နဲ့…။

ဇကွဲ - ဇွဲ

ကိုယ်က ကျောင်းစာ ကျက်တာကလွဲရင် ကျန်တဲ့နေရာ အားလုံးမှာ အတော်ကို ဇွဲကောင်းတာလား… အခုလဲ ချစ်ရတဲ့ ဆရာမ မမေငြိမ်း တက်ဂ်တာကို ဇွဲနဲ့ နဘဲနဲ့ မအိပ်မနေ ရေးနေတာလေ…း))

ဈ မျဉ်းဆွဲ - ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်တဲ့ကိစ္စကိုတော့ အထူးတလည်ပြောစရာ လိုမယ်မထင်ဘူး… ရှော့ပင်ဆို လာထားပဲ… မမောနိုင် မပန်းနိုင်... အချိန်မရှိ အချိန်ရှိ... မိုးရွာရွာ နေပူပူ... ဘယ်သူ အမြင်ကပ်ကပ် မကပ်ကပ်... ဘယ်သူ ဘယ်လို မျက်လုံးပြူးနဲ့ကြည့်ကြည့်… အရာအားလုံးကို အကြီးအကျယ် လျှစ်လျှူရှုတတ်တာမျိုး… (ကိုယ့်ကိုယ်ကိုယ် အခုလို အမွှန်းတင်ရတာ တော်တော်လေး အားရမိပါတယ်…)

ည - ညအခါ လသာသာ

ည ကို ချစ်တယ်…။
ညတွေမှာ ဖြစ်နိုင်ရင် မအိပ်ချင်ဘူး… လူသံ သူသံတွေ တိတ်ဆိတ်ပြီး အရာခတ်သိမ်းကို မျက်စေ့နောက်သက်သာတဲ့ အေးအေးချမ်းချမ်းရှိတဲ့ အချိန်တွေဟာ ည မှာပဲ ရှိတယ်လို့ သေသေချာချာ ယုံကြည်မိတယ်…။ လသာညတွေကတော့…. ပျော်စရာအကောင်းဆုံးပေါ့…။ အဲဒီညမျိုးတွေမှာ ကိုယ့်ရဲ့ လေးထောင့်အခန်းလေးထဲကနေ လရောင်ကို မြင်ရတဲ့ နေရာရှာပြီး ကြည့်ဖြစ်အောင် ကြည့်မိတယ်…။

ဋသံလျင်းချိတ် - ... ... ...

ဒီစာလုံးအတွက် ရေးစရာ ရှာမရတဲ့ ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့…း))

ဌ၀မ်းဘဲ - မွေးဌာနီ

ဒီစာလုံးတွေက ခက်က ခက်နဲ့… တော်သေးတယ် သီချင်းလေးကယ်သွားပေလို့….
အားလုံးကြားဖူးကြမှာပါ…
"မွေးဌာနီ အညာရပ်ဆီသို့… ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ... ...
မှန်းဆကာရည်… လွမ်းရပါသည်… … …"

ဍ ရင်ကောက် - ... ... ...

ဒီစာလုံးအတွက်လဲ ကိုယ့်ကို ခွင့်မလွှတ်စေချင်ပါ… တကယ်ကို ရေးစရာ ရှာလို့ မရ…။

ဎ ရေမှုတ် - ... ... ...

ဒါလဲ အတိဝူး… အတိဝူး…း))

ဏကြီး - အဲဏီ

ဝိုင်ဝိုင်း ဆိုထားတဲ့သီချင်းလေးရဲ့ နာမည်ပါ… ချစ်စရာ သီချင်းလေး တပုဒ်ပေါ့…။

"အဲဏီ… တို့မင်းနဲ့ တွေ့ချင်သည်… အဲဏီ… တို့အခုတော့ လွမ်းနေသည်…
အဲဏီ… ကိုယ့်ရဲ့ဘဝအတွက် အချစ်နတ်သမီး… အခုတော့ ကိုယ်သိပြီ… … …"
(ဘယ်ဆိုးလို့လဲ... အဟဲ...)

တ၀မ်းပူ - တ ဗျ တ ဗျ ဟော ဗျ တ

ကဲ… အလုပ်ပေးတယ်လို့တော့ မထင်ကြပါနဲ့နော်… အပျင်းပြေပေါ့…။
အပေါ်မှာ ရေးထားတဲ့ တ ဝမ်းပူ တွေကို ဖတ်ကြည့်ပြီး အသံထွက်ကို ရေးပြသွားကြပါ။
(အဖြေ = တဝမ်းပူ ဗျ တဝမ်းပူ... ဟောဗျ တဝမ်းပူ)
နောက်တခုကတော့ အားလုံးသိပြီး ဖြစ်ကြတဲ့အတိုင်း ကိုယ်က တိမ် တွေကို သိပ်ချစ်ပါတယ်…။

ထဆင်ထူး - ထန်းသီးမုန့်

လောလောဆယ်မှာ ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး... ထင်ရာမြင်ရာ ပြောရမယ်ဆိုရင်တော့ ထန်းသီးမုန့် စားချင်နေပါတယ်...

ဒဒွေး - ဒွေး

ဒီစာလုံးကို မြင်လိုက်တာနဲ့ အချိန်မတန်ခင် ကြွေလွင့်သွားတဲ့ မင်းသား ဒွေး ကလွဲလို့ ကျန်တာ ဘာမှ စဉ်းစားလို့ မရပါဘူး…။ ရှပ်လက်တို အဖြူလေးနဲ့ ကချင်လုံချည် ရိုးရာဆင်လေးနဲ့ ကျောင်းလာတက်တတ်တဲ့ ကိုယ်တို့ရဲ့ ကျောင်းတော်သားကြီးကို ခုထိ မျက်စေ့ထဲ မြင်ယောင်နေတုန်းပါ…။

ဓအောက်ချိုက် - ဓါတ်ပုံ

လောလောဆယ်မှာ ဘလော့ဂ်တခုမှာ ထင်ရာတွေ ရေးနေတဲ့အပြင် ဓါတ်ပုံရိုက်ခြင်းဟူသော အမှုကိုလဲ ပြုနေပါသေးတယ်…။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ Learning in Photography ပေါ့လေ… (မတန်မရာနော်… ခွိခွိ..) ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ကင်မရာဝူးမန်းလုပ်နေတော့ ရိုက်သမျှဓါတ်ပုံတွေထဲမှာ ကိုယ့်ပုံ မပါတော့သလောက် နည်းသွားတာပါ…။ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်…။ ဒါပေမယ့် ဒီပိုစ့်မှာတော့ လာဖတ်သူတွေ မျက်စေ့မနောက်ရလေအောင် ဓါတ်ပုံတွေ မထည့်တော့ပါဘူး… ဝမ်းသာကြပါ…။

နငယ် - နားလည်မှု

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် (အနည်းဆုံး) ကိုယ့်ကို နားလည်ပေးမယ့်သူ တယောက်ဟာ ဘဝမှာ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် လိုကို လိုအပ်ပါတယ်…။

ပစောက် - ပိုးဟပ်

လောကကြီးမှာ ကိုယ် အကြောက်ဆုံး ကောင်ကောင်ပါ…။ သူ့ ခေါင်းထိပ်မှာက အင်တီနာ နှစ်ခုက လှုပ်တုတ် လှုပ်တုတ်နဲ့လေ…း((

ဖဦးထုပ် - ဖေဖေ

ကိုယ်က ဖေဖေ့သမီးလေ…
မေမေက စိတ်နဲ့မတွေ့ရင် ဆူတတ်တယ်… ဖေဖေက မဆူတတ်ဖူး…း))

ဗထက်ချိုက် - ဗုဒ္ဓဟူးနေ့

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဗုဒ္ဓဟူးနေ့လေ… ဗုဒ္ဓဟူးနေ့မှာ ဗိုင်းကောင်းကျောက်ဖိ မနေလို့ ဗုံးပေါက်… အဲလေ ဗိုင်းကနဲ လဲကျတာပေါ့…။

ဘကုံး - ဘလော့ဂ်၊ ဘော်ဒါတွေနဲ့ ဘောလုံးပွဲ

ဘလော့ဂ်လေးနဲ့အတူတူ ဘော်ဒါတွေကို သိပ်ချစ်ပါတယ်… ဘောလုံးပွဲကတော့ ဒီရာသီမှာ မန်ယူ မနိုင်လို့ စိတ်ညစ်နေတယ်…။ ကွင်းထဲမှာ ဘောလုံးက တလုံးထဲ ပေးထားတာကိုး… ဒီတော့ သူတို့လေးတွေမှာ မောကြီးပန်းကြီးနဲ့ အသည်းအသန် လုနေကြရတာပေါ့… ဘောလုံး အလုံး နှစ်ဆယ်သာ ချပေးထားကြည့်ပါလား၊ တယောက်တလုံးစီ ကန်နေကြရုံပဲ… ဘာများ လုနေစရာ လိုအုံးမှာလဲ... လို့ ဘုကျကျ တွေးနေမိသေး…။

မ - မေမေ

မေမေ့ကိုလဲ သိပ်ချစ်ပါတယ်…။ မေမေနဲ့ကိုယ်နဲ့က အတူတူနေရင် ခဏ ခဏ တကျက်ကျက်ဖြစ်ရတယ်…။ ဒါပေမယ့် မေမေကတော့ ကိုယ့်ကွယ်ရာမှာ သမီးကို အချစ်ဆုံးလို့ပြောတတ်တယ်…း))

ယပက်လက် - ယောင်ခြောက်ဆယ် (သို့) ယောင်တောင်တောင်

လုပ်စရာတွေ အများကြီး ရှိရဲ့သားနဲ့ ယောင်တောင်တောင် လုပ်နေတာကြာပြီ…။

ရကောက် - ရေ… ရေ… ရေ…

တနေ့က ရေအကြောင်း ဟိုက ဒီက ရေးကြတာတွေ ဖတ်ပြီး မျက်နှာစာအုပ်မှာ "မီးတောက်နေတယ်… ရေ လိုနေတယ်..." လို့ ရေးလိုက်မိပါတယ်။ ဘယ်လောက်မှ မကြာလိုက်ဖူး မင်္ဂလာဈေးကြီး မီးလောင်ပါရောလား… (ကြောက်လိုက်တာ… နောက်ကို ရေးတော့ဘူးနော်…)

လ - လမင်းနဲ့ ပင်လယ်

ဝိုင်ဝိုင်းသီချင်းတွေထဲက သိပ်ကြိုက်တဲ့ သီချင်းတပုဒ်ပါ…

"ပင်လယ်ဟာ ဒါဏ်ရာ ဟန်ဆောင်ကာ မနေနိုင်…
ဆူညံ ပေါက်ကွဲ နက်ရှိုင်း မျက်ရည်… လမင်းဆိုတာ အေးမြ အလင်းရောင်…
မဆုံနိုင်တဲ့ လမ်းမှာ တို့တွေ့ခဲ့ကြတယ်…
ငွေရောင် လမင်းလေး ဝေးကွာနေလဲ… မင်းရဲ့အလှအပဟာ ရူးစေတယ်…
အကြင်နာတွေဟာ ဒီလှိုင်းများလို အော်မြည်ကာရယ်
အပြေးလာနေတယ်…. … …."

ဝ - ဝေးဝေးကသာ လွမ်းပါမည်

မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ရတနာ (၂) ကဗျာထဲက စာကြောင်းလေးပါ….။

"သူကမေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက်မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်… …"

သ - သီချင်း

စာဖတ်ရတာပြီးရင် ကိုယ်အကြိုက်ဆုံး က သီချင်းနားထောင်ရတာကိုပါပဲ… ဘာသီချင်း ညာသီချင်း မရွေးပါဘူး… အသံတွေ သိပ်ဆူညံတဲ့ သီချင်းမျိုးတွေကလွဲရင် ခေတ်ဟောင်းတေး၊ အနှစ်နှစ်ဆယ်တေး နဲ့ ခေတ်ပေါ်တေး တော်တော်များများကို အချိန်ရှိသ၍ စိတ်ပါလက်ပါ နားထောင်တတ်ပါတယ်…။ ဆိုရော ဆိုတတ်သလားလို့တော့ လာမမေးနဲ့နော်... ပြောဘူး...။

ဟ - ဟင်းချက်ခြင်း

ကိုယ် စိတ်ဝင်စားတဲ့ အထဲမှာ ဟင်းချက်တာလဲ ပါပါတယ်…။ ဒီရက်တွေမှာတော့ အလုပ်တွေများပြီး မောလွန်းလို့ ဘာမှ မချက်ဖြစ်တာကြာပေါ့…။ အခုလဲ မနက်ဖြန်ဖို့ ဟင်းချက်မယ်လို့ ဟန်ကျ ပန်ကျ တွေးပြီး ဟင်း…. မောပါသေးတယ်လေ ဆိုပြီး ဒါတွေရေးနေတာပေါ့… ဟွန်း…..

ဠကြီး - ဠင်းတ

ဆရာမ မမေငြိမ်းပြောသလိုပါပဲ… နာမည်ဆိုး ရုပ်ဆိုး အဖြစ်ဆိုး နေရာဆိုးဆိုးမှာနေရတဲ့ သနားစရာ သတ္တဝါတကောင်ပါ….။ ဖြစ်လေရာဘဝ ဠင်းတ တော့ မဖြစ်ပါရစေနဲ့ လို့ ဆုတောင်းချင်ပါတယ်…။ စိတ်များ သိပ်မြန်... ဠင်းတ အကြောင်းရေးနေရင်းက သူ စိတ်နဲ့မတွေ့ရင် လဒ လို့ လာလာ ခေါ်တတ်တဲ့ သူငယ်ချင်းတယောက်ကို ချက်ချင်းပဲ သတိရသွားမိတယ်… လဒ = ဠင်းတ မဟုတ်လား…း))

အ - အိမ်

အိမ်အလွမ်း၊ အိမ်ပြန်ချိန်၊ အမေ့အိမ်၊ အိမ်ကို ပြန်ခဲ့တော့… စသည်ဖြင့် အိမ်… နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ အများကြီးထဲက ကြိုက်နေမိတဲ့ ဓိရာဓိုရ် ရဲ့ သီချင်းလေးပါ… သီချင်းလေးရဲ့ နာမည်က အိမ် တဲ့…။

"အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တပက်ရယ်
အိမ်ပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်... … …

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ ကမယ်... … …"

ဆရာမ မမေငြိမ်း မျက်နှာစာအုပ်မှာ တက်ဂ်ထားတဲ့ ပျော်စရာ က ကြီး ကနေ အ အထိ ပါ…။ သတိတရ တက်ဂ်လာတဲ့ ဆရာမ မမေငြိမ်းကို ကျေးဇူးတင် ချစ်ခင်စွာနဲ့ ရေးပါတယ်…။

အစီအစဉ်အရ မပျက်မကွက် ဆက်ပြီး တက်ဂ်လိုက်ချင်သူများကတော့
အေ တူ ဇက်မှာ ကိုယ့်ကို တက်ဂ်ခဲ့တဲ့ ချစ်ညီမ ပန်ပန်
ခွင့်ရက်ရှည်ယူပြီး နာမလိုစရာ အိမ်မှာ နှပ်နေတဲ့ ကလူသစ်
သူမပါရင် မပြီး နာမည်ကြီးနေတဲ့ တီဇက်အေ
ပြင်းပြင်းထန်ထန်တွေ ရေးတတ်တဲ့ ကိုဘလူးစကိုင်း
ပြီးတော့ သူငယ်ချင်း အရင်းကြီး ချစ်ကြည်အေး
စာအရေးကြဲနေတဲ့ ချစ်သူငယ်ချင်း တန်ခူး မသီတာ တီတီဆွိ နဲ့ စုချစ်သူ တို့ကိုပါ…။ အချိန်ရရင် ရေးပေးကြပါလေ… ပျော်ပျော်ပါးပါးပေါ့…။


24 comments:

  1. သ= သက်
    ည= အိပ် ချိန်... :(

    ReplyDelete
  2. တ = တဂ်ကြီးနဲ့
    ထ = ထိပြီ... :p

    ReplyDelete
  3. ပိုးဟပ်ကြောက်တာ တူတယ် ...
    ကိုယ်ကကြောက်တော့ ဆေးဗူးကြီးတကားကားနဲ့

    ReplyDelete
  4. ချစ်စရာလေး သက်ဝေ..။ တူတာတွေများကြီးပဲ..။ ထည့်မပြောလို့သာ ပိုးဟပ်ကောင်ကောင် ကြောက်တာ ရွံတာလည်း တူ..။ နေဦး ဖြေဦးမယ်.. ဓားပြ ဓားပြ ဟော ဓားပြ။ ဒါမှမဟုတ် မန်းလေးသုံး.. တပြ..တပြ.. ဟော တပြ..။
    (ဟွန့် သူများနဲ့တူတဲ့ Rocker ဘသူလဲဆိုတာကျတော့ ဖြေ၀ူးး)

    ReplyDelete
  5. ညတုန်းက လသာတယ်နော်၊
    တိမ်တွေမြင်တော့ မသက်ဝေနဲ့ မခင်ဦးမေကို အမြဲသတိယတယ်။
    ဟင်းချက်ထားတာလေး တခါတလေ တင်ပါလား၊ ကြည့်ချင်လို့။

    အမြဲ
    ပြုံးပျော်၍
    ပန်းကလေးလို နူးညံ့ချင်တဲ့

    ReplyDelete
  6. ဝေးဝေးကသာလွမ်းပါမည် ..က
    ဝတ္ထုလဲ ထွက်တယ်မို့လား..
    ကြိုက်တယ်..အဲ့ဒီကဗျာကို...



    အမည်မဖေါ်လိုသော
    အမျိုး

    ReplyDelete
  7. ဖ ဖတ်စရာတွေကို စ စည်းစိမ် ဖတ်သွားတယ်...

    ReplyDelete
  8. မ မကြီး
    သ သက်
    ၀ ဝေ.. မကြီး သက်ဝေ...
    ကလေးတွေလို ဒါတွေတော့ တူတယ်လို့ပြောရမလားဟင်။တူတာတွေမှ အားကြီးပဲ။

    မန်ယူကြိုက်တာချင်းကတော့ ထူးတလည်ပြောနေစရာကို မလိုတော့။ ဖလားမရလို့ ၀မ်းနည်းလိုက်ရထှာ..။ဓာတ်ပုံရိုက်ချင်းလွန်းပြီး ကိုယ့်ပုံလေးတွေလဲ ရှားပါးလာ..။

    ဟိုတလောကျ သူပဲလွမ်းထားလိုက်တာ။ ခုကျတော့လဲ ဖတ်ရတာ ပျော်ပါလာတယ်။း)

    ခင်ခင်မင်မင်
    Mirror

    ReplyDelete
  9. က ကြီးကနေ အ ဆိုတော့ နဲနဲ နားလည်သေး..

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  10. ဟာ မြန်မာလိုကြီးက ခက်တယ်ဟ...၊

    ဋသံလျင်းချိတ် တို့၊ ဍ ရင်ကောက် တို့တောင် ဘယ်ဘက်ကိုလှည့်မှန်း ခုမှသိတာ...အဟီး...ကြိုးစားပြီးရေးပါမည်...မျှော့...:)

    ReplyDelete
  11. အစ်မ သက်ဝေနော်...
    စစဖတ်ဖတ်ချင်းက တဂ်တဲ့ထဲမှာ သူများနံမည် တွေ့မိပေါင်...
    ဟွန်း... အချိန်မရလို့ မမန့်ဖြစ်တာကို မဖတ်ဖြစ်ဖူးမထင်နဲ့နော်...
    အမသက်ဝေ အသစ်တင်တိုင်း အမြဲလာဖတ်နေကြရယ်...
    ဒီဂ အမာခံ စာဖတ်ပရိတ်သတ်...

    ဟီး..
    အခု နောက်တိုးလေး... တဂ်လိုက်တော့လဲ...
    ဟိ... သူညားလဲပါတယ်တော့ ရေရွတ်ရင်း... ၀မ်းပမ်းတသာရေးရတော့မှာပေါ့...

    မအားဖူး... မအားဖူး ပြောပြီး ဘလော့မှာတော့ စာရေးနိုင်ပါလားဆိုရင် အီကြောင်းပြစရာရဘီ... ခစ်....
    ဒီဂ... ရေးချင်ရက် လက်တို့...
း-)

    ReplyDelete
  12. အစ်မသက်ဝေ အေ ကနေ ဇက်ထိရေးတုန်းကလဲ ဖတ်လို့ကောင်းတယ် ခု က ကနေ အ အထိလည်း တွေးတွေးဆဆ ရေးထားပြန်ပြီ..။
    အစ်မက ဍ မသိလို့ပြောပြခဲ့မယ် ..။ ညီမလေးတို့ရှမ်းပြည်ဘက်မှာ ဍ ဆိုတဲ့ ဍလိုတွန့်တွန့်နဲ့ အရွက်ရှိတယ်... ။အဲဒါ ခရမ်းချဉ်သီင်္းလေးနဲ့ကြော်စားသိပ်ကောင်းတာ...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  13. ခ- ခရေကုံး မလေး ပြုံး... ( မလေး..နော်..သေချာပြောသွားတယ်..)း)

    ReplyDelete
  14. မင်္ဂလာဈေး မီးလောင်အောင်လုပ်တဲ့ လက်သည် တွေ့ပြီ .. :)

    ReplyDelete
  15. မသက်ဝေက စလိုက်မှတော့ အခု လာ Tag ပြီ အဟွင့်. .
    ရေးရတော့မယ်. . ဒါကြောင့် မူရင်းနေရာကို အရင် လာဖတ်သွားတာ။
    Tag ခေါင်းစဉ်က မတူတော့ နောက်ဆုံး မချစ်ကြည်အေး ခေါင်းစဉ်ကိုပဲ ကိုးကားလိုက်မယ်နော်။
    ရေးထားတာတွေ ကြည့်ပြီး အားကုန် အားပြတ်တယ် ငှဲငှဲငှဲ...။

    ReplyDelete
  16. သက်ဝေ
    ရေးထားတာ ချစ်စရာလေး...
    တခါမှ မှတ်ချက်မရေးဖူးပါ...
    အခုတော့ ချစ်စရာလေးမို့လို့...။

    ReplyDelete
  17. ရကောက် ... ရေးထားတာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတယ် ...


    တ၀မ်းပူ ... တက်ဂ်ထားတာကို တာဝန်မကျေပွန်စွာရေးပြီးပါကြောင်း ...

    (ဟ ... ဟီဟိ ... ရေးရင်းရှည်သွားလို့ ... နောက်တစ်ပို့စ် ဆက်ရပါဦးမယ် ...)

    ဘ ... ဘာရေးရမှန်းမသိလို့ ငုတ်တုတ်မေ့နေတုံး တက်ဂ်လာတာ ကျေးဇူး။

    ReplyDelete
  18. သင်ပုန်ကြီးတွေ လိုက်ဖတ်နေတာ၊ ကံနှင့်စပြီး အိမ်မှာဆုံးထားတာ မိတယ်၊

    ReplyDelete
  19. -စ-
    စလုံးမှာ
    စက်ရုပ်လို လှုပ်ရှားနေရတဲ့ဘဝကို
    စက်ဆုပ်လာမိလို့
    စုဆောင်းထားတာလေးနဲ့
    စားလောက်သောက်လောက်ရုံလောက်ပဲ သုံးစွဲပြီး
    စမ်းချောင်းလေးဘေးမှာ
    စာတိုပေစလေးတွေ ဖတ်ရင်းရေးရင်း
    စိတ်အေးလက်အေး အနားယူနိုင်မယ့် နေရာလေးတခုကို
    စဉ်းစားကြည့်တဲ့အခါ.....။

    ReplyDelete
  20. ခရမ်းချဉ်သီးMay 30, 2010 at 1:34 PM

    ရေးထားတာ ချစ်စရာ ..
    လမင်းနဲ့ပင်လယ် ကိုလဲသိပ်ကြိုက်ပါတယ် မမ :)

    ReplyDelete
  21. ဋ = ပိဋကသုံးပုံ
    ဍ = ဒရင်ကောက်ပန်းပင်လေးတွေ (မမြင်ဖူး ဖတ်ဖူးတာ :P)

    ReplyDelete
  22. တူတယ်... ဖေဖေသမီးဖြစ်တာရယ် စာဖတ်ရတာပြီးရင် သီချင်းနားထောင်ရတာ ကြိုက်တာချင်း
    လွမ်းတယ်... ခရေပင်လမ်းရယ် ဒွေးရယ်
    သက်ဝေရေ... ဘလော့နဲ့ ဝေးနေတာ အတော်ကြာပြီ အရင်ဆုံးပြန်ဖတ်ဖြစ်တဲ့ ဒီပို့ စ်လေးက ရင်ထဲရောက်အောင် နွေးနွေးထွေးထွေးလေး...
    စကားမစပ်... ထန်းသီးမုန့် က oceanမှာ ရောင်းတယ်... ဒီတခါလူကြုံရှိရင် အိမ်ကို မှာလိုက်ပါလား... ပြီးတော့ ၂ကျပ်ခွဲကြီးခဏငှား... သက်ဝေထန်းသီးမုန့် စားနေတဲ့ပုံလေး တန်ခူးရိုက်ပေးမယ်... ယုံကြည်တယ်ဆိုရင်ပေါ့

    ReplyDelete
  23. မြင်ယောင်သေးတယ်

    မတန်ခူးကြီးက စကားတွေတပြောပြောနဲ့ ဟိုလိုလုပ်ပါလား
    ဒီလိုလုပ်ပါလား နဲ့ ကင်မရာကြီး လက်ထဲက ပြုတ်ကျ

    ဂွက်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...