Saturday, August 7, 2010

အချစ်တော်လေး နှစ်ကောင် (၁)

ပန်ပန်က သူ့အိမ်မှာ ငယ်ငယ်က မွေးခဲ့ဖူးတဲ့ ဘဲငန်းလေးတွေ အကြောင်းရေးတော့ ကိုယ်လဲ ကိုယ်အိမ်မှာ မွေးခဲ့ဖူးတဲ့ ကြောင်ကလေး နဲ့ ခွေးကလေး အကြောင်းကို ရေးချင်လာပါတယ်… တနည်းအားဖြင့်တော့ ဓါတ်ကူးသွားတယ်လို့ ခေါ်ရမှာပေါ့နော်… ဒီရက်တွေမှာ နေကလဲ မကောင်း၊ အကြည်ဓါတ်ကလဲ နည်းပါးပြီး စာရေးချင်စိတ်က ဟိုး အောက်ဆုံးအထိ ချွတ်ချုံကျနေတဲ့ အချိန်မှာ စိတ်လွတ် လက်လွတ် ဟိုဟာလွတ် ဒီဟာလွတ် အစစ အရာရာ လွတ်တဲ့ ကိုယ့် အချစ်တော် အကောင်လေးတွေ အကြောင်း ရေးတာကမှ ကောင်းအုံးမယ်လို့ သဘောပိုက်ပြီး ဒီပိုစ့်ကို ရေးပါတယ်…။ ဖတ်ကြည့်ပါအုံးနော်…

(Photo from Google)


အရေးအခင်းနဲ့ ကိုယ်တို့ ကျောင်းတွေပိတ်နေတဲ့ အချိန်မှာ သူတို့ ဆေးကျောင်းက မပိတ်ပါဘူး။ ပြီးတော့ သူက ကျောင်းပိတ်ရက်တွေမှာ မိဘတွေနဲ့အတူ အိမ်အလုပ်တွေလဲ ကူလုပ်နေသေးတာဆိုတော့ ကိုယ့်အနားမှာ အချိန်တော်တော်များများ ရှိမနေနိုင်ဘူး။ ဒီတော့ ကိုယ်က တနေ့ တနေ့ သိပ်ပျင်းတာပဲ လို့ နေ့ရှိသ၍ ဂျစ်တိုက်နေတဲ့အတွက် အဖေါ်ရအောင် ကြောင်လေး တကောင်ပေးမယ် လို့ ဆိုလာပါတယ်။ ပထမတော့ ကိုယ်လဲ အင်တင်တင်ပေါ့… (စဉ်းစားပဲကြည့်အုံးလေ… ကိုယ်က သူ့ကို အနားမှာ ရှိစေချင်တာကို သူက ကြောင်ပေးမယ်ဆိုတော့…) ပြီးတော့ အိမ်က လူကြီးတွေကလဲ ကြောင်က နံတယ်၊ အညစ်အကြေးလဲ ကရိကထ များတယ် ဘာ ညာ ပေါ့လေ…။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာ သူ့အိမ်က ကြောင်မကြီးက ကြောင်သားလေးတွေ ပေါက်လာပါတယ်။ စုစုပေါင်း ၄ ကောင် လို့ မှတ်မိတယ်။ အဲဒီတော့ သူက သူ့ညီမတွေကို ပြောပြီး တကိုယ်လုံး အဖြူဆွတ်ဆွတ် ကြောင်အထီးကလေးတကောင် ကိုယ့်အတွက် ယူလာပေးပါတယ်။ ကြောင်လေးက ချစ်စရာကောင်းလွန်းလို့ စ တွေ့တွေ့ချင်းမှာပဲ တအားချစ်သွားမိပါတယ်။ ပေးတဲ့သူကလဲ ချစ်လို့ ပေးတာ ဆိုတာ့ ကိုယ်ကလဲ ချစ်ရတာပေါ့လေ… ဟုတ်ဖူးလား... အဟဲ…

ကြောင်လေးဟာ ၁၄ ရက်သားလေးမို့ ရောက်ခါစနေ့တွေမှာ နို့ဖျော်ပြီး ကလေးတွေကို ဆေးတိုက်တဲ့ Tube မျိုးလေးနဲ့ ပါးစပ်ထဲ အစက်ချပြီး တိုက်ကြရပါတယ်။ နောက်ပိုင်းမှာ ထမင်းကို ဝါးကျွေးရပါတယ်… တလခွဲလောက်မှ သူ ပုံမှန်လေး စားတတ်လာတယ်လို့ မှတ်မိပါတယ်။

ဒီလိုနဲ့ အင်မတိ အင်မတန် ချစ်စရာကောင်းတဲ့ အဖြူရောင် ဖွေးဆွတ်နေတဲ့ အမွှေးနုနုလေးတွေနဲ့ တလက်လက်တောက်နေတဲ့ မျက်လုံး ပြာပြာလေးတွေနဲ့ ကြောင်ပေါက်စလေးဟာ တအိမ်လုံးရဲ့ အသည်းစွဲလေး ဖြစ်လာခဲ့ပါတယ်။ (အပေါ်က ပုံထဲကနဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို တူပါတယ်၊ Digital ခေတ် မဟုတ်သေးတော့ ဓါတ်ပုံတွေက HardCopy တွေမို့ အဆင်မပြေဘူး တချို့တွေလဲ ပျက်ကုန်ပြီ) သူကလေးကို စားရင်လဲ စားလို့ ချစ်ရ၊ အိပ်ရင်လဲ အိပ်လို့ ချစ်ရ၊ အညောင်းဆန့်ရင်လဲ ချစ်ရ၊ အော်ရင်လဲ ချစ်ရ၊ ဘာလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ချစ်နေကြရတာပေါ့…။ သူက ည အိပ်ရင် ကိုယ့် အခန်းထဲမှာ အိပ်ပြီး အပြင်ထွက်ချင်ရင် အသံလေး သေးသေးလေးနဲ့ အော်ပါတယ်။ အခန်းတံခါးကို တော်တော်နဲ့ ဖွင့်မပေးရင် စိတ်မရှည်တော့ဘူး ဆိုတဲ့သဘောနဲ့ အသံက တဖြည်းဖြည်း ကျယ်လာတယ်…။ အညစ်အကြေးတွေအတွက်လဲ ခြံထောင့် တနေရာလေးမှာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုမူပါတယ်။

ကြောင်နဲ့ အတူတူနီးနီးကပ်ကပ်နေရင် ရောဂါရတယ်တို့ အမွှေးတွေ ပါးစပ်ထဲဝင်ရင် ရင်ကြပ်တယ်တို့ သူများတွေပြောကြတာလဲ နဲနဲမှ အလေးမထားခဲ့ပါဘူး။ အဲဒီ ကောင်ပေါက်စလေးဟာ လူတွေနဲ့ နီးစပ် ယဉ်ပါးလွန်းတော့ လူစကားတွေလဲ တော်တော်လေး နားလည်ပါတယ်။ အဖိုးကို ထမင်းစားဖို့ လှမ်းခေါ်ရင် သူက ရှေ့က… တယောက်ယောက် အပြင်က ပြန်လာရင်လဲ သူ အရင်ဆုံး ထွက်ကြိုရမှ… ကားစက်သံလေး သဲ့သဲ့ကြားရင်ကို သူ သိနေပြီ… နောက်ဆုံး ဖုန်းလာရင်တောင် သူကိုယ်တိုင် သွားကိုင်တော့မယ့်အလား ရှေ့ကနေ အပြေးကလေးသွားတတ်ပါတယ်။

ကိုယ်ကလဲ တနေ့တနေ့ အဲဒီအကောင်လေးကို အလွန်အကျွံကို ချစ်နေမိတော့ နေ့တိုင်း သူနဲ့ ဖုန်းပြောတိုင်း ကြောင်ကလေး အကြောင်းပဲ ပြောပြနေမိတယ်။ ကြာလာတော့ သူက ကိုယ့်ကို အမြင်တွေကပ်ပြီး ပေးမိတာတောင် မှားပြီလားလို့ ပြန်တွေးနေမိတယ် ဆိုပဲ… (ဆိုပဲ… ဆိုပဲ…)

ဒီနေရာမှာ နောက်တခုပြောပြချင်တာက တိရိစ္ဆာန်လေးတွေကို ချစ်ခင် ကြင်နာစိတ်ရှိတဲ့ သူတွေဟာ အပြင်ပန်းမှာ မာရေကျောရေ ဖြစ်နေပေမယ့် သူတို့ရဲ့ ပင်ကို စိတ်နေ သဘောထားတွေဟာ သိမ်မွေ့နူးညံ့ကြတယ် ဆိုတာပါပဲ…။ အဲဒီကြောင်ကလေး အိမ်ကိုရောက်လာတဲ့ အချိန်က ကိုယ့်မောင်လေးက အသက် ၁၆ နှစ် ၁၇ နှစ်… ကျောင်းတွေကလဲ ပိတ်ထားလေတော့ လုပ်စရာက မယ်မယ်ရရမရှိ…။ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ အိမ်မှာ ငြိမ်ငြိမ်မနေနိုင်ပဲ အချိန်ရတာနဲ့ သူငယ်ချင်းတွေနဲ့ မိုးချုပ် ညဥ့်နက် လဖက်ရည်ဆိုင် ထိုင်ချင်၊ ဆေးလိပ်လေး ဘီယာလေး စမ်းသောက်ချင်၊ လူကြီးတွေ လစ်ရင် ကား ခိုးမောင်းချင်နေတဲ့ အချိန်မျိုးပေါ့။ အိမ်မှာ အဖိုးကလဲ စည်းကမ်းက ခပ်ကြီးကြီး၊ ဖေဖေကလဲ အနားမှာ အချိန်ပြည့် ရှိမနေနိုင်၊ မေမေကလဲ သူ့ကို ပျက်စီးမှာစိုးလေတော့ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရနဲ့ ချုပ်ချယ်… ဟိုမသွားရ ဒီမလာရနဲ့ စည်းကမ်းတွေထုတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ အခါတွေလဲ ရှိတယ်။

အဲဒီလို အပြင်မသွားရဘူးလို့ မေမေဆူထားတဲ့ အချိန်တွေမှာ မောင်လေးက Walkman ကက်ဆက်လေးနဲ့ နားနှစ်ဖက်ထဲ နားကြပ်ထည့်ပြီး တနေ့လုံး တညလုံး အခန်းထဲက အပြင်မထွက်တမ်း အိပ်နေတတ်တယ်။ အဲဒီ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ တအိမ်လုံးမှာ အငယ်ဆုံး မောင်လေးဟာ သူ့ထက် ပိုငယ်နေပြီး အိမ်သားတွေ အကုန်လုံး အရေးတယူရှိလှတဲ့၊ နောက်ပြီး မတော်ရသေးတဲ့ အမျိုးက သူ့အမကို အီစီကလီလုပ်ပြီး လက်ဆောင်ပေးထားတဲ့ ကြောင်ကလေးကို သိပ်မချစ်သလို ခပ်စိမ်းစိမ်းနဲ့ ရှောင်ဖယ်ဖယ် နေ နေတတ်တာမို့ ကိုယ်က စိတ်မကောင်းဘူး။ ဒါပေမယ့် အကင်းပါးလှတဲ့ ကြောင်လေးကတော့ မောင်လေးကို မေမေဆူရင် မောင်လေးအနားမှာ မျက်နှာလေး ငယ်ငယ်နဲ့ သွားကပ်ပြီး ပွတ်သီး ပွတ်သပ် လုပ်နေတတ်တယ်။ ပထမတော့ မောင်လေးက သူ စိတ်အလိုမကျရင် ကြောင်လေးကို မဲပြီး ရိုက်ချင် ပုတ်ချင်တတ်တယ် လို့ ကိုယ်တွေ အားလုံးက ထင်နေကြတယ်။ ဒါပေမယ့် ကိုယ်တို့ ထင်တာ မှားတယ်။

(ဆက်ရန်)




17 comments:

  1. တခြားအကောင်ဆို ချစ်မယ်.. ကြမ်းတမ်းခက်ထန်သူ ဖြစ်ချင်ဖြစ်ပါစေတော့။ ကြောင်တော့ မချစ်နိုင်ဘူး။
    ကြောင်အကြောင်းကို ကျော်ပြီး ခွေးလေးအကြောင်း လည်တဆန့်ဆန့် မျှော်နေတယ် အစ်မ။
    mm

    ReplyDelete
  2. ကိုယ်ကတော့ ဘာကောင်မှ ထူးပြီးအချစ်ဘူး.. ဒါပေမယ့် အကောင်လေးတွေနဲ့  အဲလိုချစ်တတ်တဲ့သူတွေကိုတော့ သဘောကျတယ်.. မြန်မြန် ဆက်ရေးနော်.
    မျှော်နေတယ်..
    nn

    ReplyDelete
  3. တန်းလန်းမလုပ်နဲ့  အမြန်ရေးနော် ဒီကကြောင်ဆိုသိတယ်မလား ..ဟင်းဟင်း ..

    ReplyDelete
  4. ဖတ်လို့တော့ကောင်းပါတယ။် ဆက်လဲဖတ်ချင်ပါတယ်။ ဒါပေမဲ့ခပ်သွက်သွက်ဘဲဖတ်သွားတယ် သိတယ်မဟုတ်လား။
    kom

    ReplyDelete
  5. ကြောင်ကိုမချစ်သော်လည်း.... စိတ်ဝင်စားစွာ ဖတ်သွားပါတယ်။ ဆက်ရန်ကိုလည်း မျှော်နေပါတယ်။

    ReplyDelete
  6. မောင်မျိုးAugust 7, 2010 at 4:17 PM

    ကြောင်ကိုတွေ့တာနဲ့ ဒီမှာက အသဲတွေယားပြီး ချစ်ချစ်လာတာ အိမ်က အချစ်ကလေး (ကြောင်မလေး )ကိုတောင် လွမ်းသွားပြီး ။ မြန်၂ဆက် အကြည်ဓာတ်မရလည်း ဖတ်ချင်ပြီးးး

    ReplyDelete
  7. ကြောင်ဖြူဖြူသေးသေး စပ်စုစိန်လေးကို မြင်ယောင်ပြီး အသဲယားလိုက်တာ.. ချစ်ဖို့ ကောင်းလိုက်မယ့်အမျိုး.. ဒီမှာ ကြောင်အကြီးကြီးကိုတောင် တပါတ်လောက်မွေးပြီး ခွဲရလို့ အသဲကွဲနေတာ

    ငယ်ငယ်က ခွေးပဲ ချစ်တယ်လို့ ထင်တာ..၁၁ နှစ်လောက်မှာ အိမ်ကို ကြောင်လေးတကောင်လာလည်ရင်းနဲ့ မွေးဖြစ်သွားတော့လဲ ချစ်တာပဲ၊ အထီးလေးမှတ်လို့.. အမ လေးဖြစ်နေတော့ သူက မွေးရင် မေမေတို့ ခေါင်းအုံးပေါ် တက်မွေးသေးတာ.. ပေါက်စလေးတွေ မွေးလာတော့ ကျုံးလိုက်ရတဲ့ E..
    အဟတ်.. အဲ့အကောင်လေးတွေ ရန်ကုန်မှာ ထားခဲ့ရတယ်.. ခုထိလွမ်းနေတုန်း

    ReplyDelete
  8. မသက်ဝေ..
    စာလာဖတ်သွားပါတယ်..။
    ဆက်ရန်ဆိုလို့အကုန်ပြီးမှဖတ်တော့မယ်..
    မျှော်နေမယ်နော်
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  9. လာပြန်ပြီအမနောက်တစ်ယောက် အကောင်အကြောင်းရေးပြီး အပိုင်းဆက်တွေကို ကိုးရီးယားကားစောင့်ကြည့်သလို လုပ်ပြီ...း)
    စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာရောက်ရင် တိခနဲဖြတ်တောက်ပစ်လိုက်ဖို့ ဘယ်သူကများ စခဲ့သလဲ..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  10. ဂွီ.. ကျမ တို့ ကတော့.. တက်ညီ လက်ညီ.. pet မချစ် တဲ့ နေရာ မှာ..အသွင်တူ ပါ၏။း))
    (မချိုသင်းတို့ ကြားသွားအုံးမယ်)

    အော..မသက်ဝေ က.. အသွင်မတူ ပို့စ်တွေ ကို သေချာကို စုပေးထားပါလား။ စာအုပ် ထုပ်လိုက်ပါလား..။ မူပိုင်ခွင့်..က တော့..သက်ဝေ ဖြစ်နေပြီ။

    ReplyDelete
  11. ကြောင်တော့ သိပ်သံယောဇဉ်မရှိဘူး။ ငယ်ငယ်ကဆို ကြောင်တွေ ပွတ်သီးပွတ်သပ်လာလုပ်ရင် ကန်ထုတ်တာ ဟီးးး :D
    ခွေးတောင် အိမ်မှာကျန်ခဲ့တဲ့ အကောင်ကလေးပဲ ချစ်တယ်။ ဟိဟိ။ အစွဲကြီးတာလေ။

    ReplyDelete
  12. ဝိုင်းဝိုင်းလေး အကြောင်းလား...ချစ်စရာလေး

    အင်း...ငါ ဘာကောင် မွေးဖူးပါလိမ့်....:P

    ReplyDelete
  13. မရေ.. ကြောင်လည်း ချစ်ခဲ့ဖူးပါသည်၊ ခွေးလည်း ချစ်ခဲ့ဖူးပါသည်.. သူတို့သေတဲ့အတွက် လွမ်းလည်း လွမ်းခဲ့ဖူးတယ်ပေါ့ အမရယ်.. အမပြီးရင် မတက်ပေမယ့် အကြည့်ဓာတ်တည့်ရင် ကျနော် ရေးဦးမယ် အမ.. :D

    ReplyDelete
  14. ကြောင်ပေါက်စလေးတွေ အရမ်းဆော့တဲ့အရွယ်ကို ပိုချစ်တယ်။ အ၀တ်စလေးတွေ စက္ကူစလေးတွေနောက်ကို ပြေးလိုက် ဖမ်းလိုက် လုပ်တတ်တဲ့အရွယ်ပေါ့။
    အပိုင်း ၂ ကို စောင့်နေမယ်။

    ReplyDelete
  15. ကြောင်တွေငယ်ငယ်ကအရမ်းချစ်တာ... ကိုယ်အိမ်ထောင်ကျတော့ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ထက် ပိုဆိုးလို့ ကြောင်တွေကို ချစ်တဲ့စိတ်တောင် လျော့သွားတယ်

    ReplyDelete
  16. ဂျင်းလည်း ကြောင်ချစ်တယ် မမရဲ့။ ဓါတ်ပုံထဲက ကြောင်လေးက တကယ့်ကို ချစ်စရာလေးနော်။ ဆက်ရေးပါဦး...။

    ReplyDelete
  17. တို့လဲ ကြောင်ချစ်သူများထဲပါပါတယ်ကွယ်။ ကြောင်လေးတွေက အိမ်မှာမွေးရင်းနဲ့ သူ့ဟာသူ ချစ်သွားကြတာပဲ။ သံယျောဇဉ်ပဲ ခေါ်မလားနော်။ တို့ကောင်ဘယ်နှစ်ကောင် မွေးဘူးလဲ သိလား ...
    အဖြေကို နောက်ပို့စ်မှာ မန့်ပါမည်။ ဟိဟိ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...