Monday, August 9, 2010

အချစ်တော်လေး နှစ်ကောင် (၂)

အချစ်တော်လေး နှစ်ကောင် (၁)

တရက် မောင်လေးက အခန်းထဲက မထွက်ပဲ မေမေ့ကို ဂျစ်နေတဲ့ အချိန်၊ ကိုယ်က ဘာရယ်မဟုတ် ပြေရာ ပြေကြောင်းလေးပြောမလို့ သူ့ကို သွားချောင်းတာ… သူကလေ ပေါင်ပေါ်မှာ ကြောင်လေးကိုတင်ပြီး သူ သီချင်းနားထောင်နေတဲ့ နားကြပ်ကို သူ့နားထဲမှာ တဖက် ကြောင်ကလေးနားထဲမှာ တဖက် နှစ်ကောင်သား… အဲ… နှစ်ယောက်သား သီချင်း နားထောင်နေကြတာ တွေ့လိုက်ရတယ်။ ဟိုကြောင်ကောင်လေးကလဲ နဲနဲမှ နားမငြီးတဲ့ အတိုင်း ငြိမ်သက်လို့… ကြည့်ရတာ မောင်လေးဟာ အိမ်သားတွေ သည်းသည်းလှုပ်နေတဲ့ ကြောင်လေးကို လူတွေရှေ့မှာ ချစ်ခင် ယုယပြရမှာ နဲနဲခက်နေတဲ့ပုံပဲ…။ ဒါပေမယ့် ကိုယ် အဲဒီလို သူ့ကိုတွေ့လိုက်ပြီး နောက်ပိုင်းမှာတော့ မောင်လေးဟာ အိမ်သားတွေရှေ့မှာ ကြောင်ကလေးနဲ့ အတွဲတွဲ ချစ်ချစ်ခင်ခင်နေပြရမှာ ဝန်လေးတော့ဟန် မတူဘူး။ ပြီးတော့ သူ့ရဲ့ ကြွပ်ဆတ်ဆတ် မာကျောကျော စိတ်တွေ တဖြည်းဖြည်းလျော့ပြီး မိသားစုထဲမှာ ပြေပြေလည်လည် လိုက်လိုက်လျောလျောနဲ့ ပုံမှန် ပြန်ဖြစ်လာတာကို အံ့သြစရာ တွေ့ကြရတယ်။ အချိန်ရရင် ရသလို ကြောင်ကလေးနဲ့ လုံးထွေးပြီး သိုးမွေးချည်လုံးလေးတွေ၊ စက္ကူ အပိုင်းအစလေးတွေ၊ ဘောလုံးလေးတွေနဲ့ ဆော့နေတော့တာပဲ။

အသက်အရွယ်ကြောင့် ထိန်းရ သိမ်းရခက်နေတဲ့ အချိန်ပိုင်းလေးမှာ ဒီကြောင်လေးကြောင့် သူ့စိတ်တွေ ပြန်ပြီး နူးညံ့ပျော့ပျောင်းသွားတယ်လို့ အိမ်သား အားလုံးက မြင်ကြတယ်… ဒီအတွက် ကြောင်ပေါက်စလေးကိုလဲ ကျေးဇူးတင်ကြတယ်။

နောက်တခုက တိရိစ္ဆာန်လေးတွေ သနားစရာကောင်းတဲ့ အကြောင်းပါ။ မေမေ ဘုရားရှိခိုး ပုတီးစိတ်တဲ့ အချိန်ဆို ကြောင်ကလေးဟာ မေမေ့အနားမှာ ငြိမ်ငြိမ်လေး ဝပ်နေတတ်တယ်။ အဲ… သူ ဆော့ချင်နေတဲ့ အခါမျိုးမှာတော့ မေမေစိတ်နေတဲ့ ပုတီးလုံးလေးတွေကို သူ့လက်ကလေးနဲ့ သွားသွားပုတ်ပြီး ဆော့လေ့ရှိတယ်…။ ဘာမှမသိတဲ့ တိရိစ္ဆာန်လေးဆိုတော့ ကုသိုက်တွေ၊ အကုသိုလ်တွေ၊ ငရဲကြီးမှာတွေ ဘာတွေလဲ ဘယ်သိတတ်မှာလဲ…။ မေမေက ဘုရားရှိခိုး ပုတီးစိတ်ပြီးလို့ အမျှဝေရင် အနားမှာ ပုတီးကိုသာ လာဆော့တတ်ပြီး သာဓု မခေါ်တတ်တဲ့ ကြောင်ပေါက်စလေးကို သူ သိပ်သနားတယ်လို့ ပြောလေ့ရှိတယ်…။ ဒီလို တိရိစ္ဆာန်ကလေးဘဝကနေ ကောင်းရာ မွန်ရာ ဘဝလေး တခုခုကို ကူးဖို့ ဘယ်လောက်ခက်တယ်ဆိုတာ မေမေက ကြောင်လေးကို ကြည့်ရင်း ပြောပြပြီး စိတ်မကောင်းဖြစ်နေတတ်တယ်။ အရင်ဘဝက ကုသိုလ်ကံ ကောင်းခဲ့လို့ တိရိစ္ဆာန်ဖြစ်ရတဲ့ အခုဘဝလေးမှာ နွေးနွေးထွေးထွေး လုံလုံခြုံခြုံ နေရပေမယ့် သူတို့နောက်ဘဝကို ကူးလဲ ဘယ်လိုမှ ကောင်းတဲ့ နေရာကို လွတ်လွတ် ကျွတ်ကျွတ်မရောက်နိုင်ပဲ သံသရာမှာ အကြိမ်ကြိမ် ကျင်လည်နေရမှာကို တွေးမိတော့ သနားစရာ ကောင်းလှတယ်…။

အဲဒီကြောင်ကလေးဟာ ကိုယ်တို့မိသားစုနဲ့ အတူတူ ၆ နှစ်ကျော်နေသွားခဲ့တယ်။ သူ အစားကောင်းကောင်းမစားပဲ အခန်းထောင့်လေးမှာ နေမကောင်းဖြစ်ပြီး ခွေနေတဲ့ အချိန်က ကိုယ်ရော မောင်လေးရော စာမေးပွဲကြီး ဖြေနေတဲ့ အချိန်… ခါတိုင်း ဖုန်းဆက်လိုက်ရင် အိမ်လာပြီး ဆေးထိုးပေးနေကျ ဆရာဝန်ကလဲ ခရီးသွားနေတယ်။ ဒီတော့ ကြောင်ကလေးကို ခေါ်ပြီး အိမ်နဲ့ နဲနဲလှမ်းတဲ့နေရာက ဆေးခန်းကို သွားရမှာ… ကိုယ် တွေးထားတာက စာမေးပွဲပြီးတဲ့နေ့ကျရင် ဆေးခန်းသွားကြဖို့ပါ…။

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့မှာ သူငယ်ချင်းတွေ ဟိုဟိုဒီဒီ လျှောက်လည်ကြတာကို လိုက်မသွားပဲ မောင်နှမနှစ်ယောက် အိမ်ကို တန်းပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ သူ အိပ်နေကျနေရာလေးမှာ ရှိမနေဘူး… ဒါနဲ့ အသံပြုကြည့်တော့လဲ တအိမ်လုံး တုတ်တုတ်မှ မလှုပ်ဖူး…။ ခဏနေတော့မှ အဖိုးက အိပ်နေရာက ထလာပြီး မျက်စေ့ မျက်နှာပျက်ပျက်နဲ့ တို့ ကြောင်ပေါက်လေးတော့ မရှိရှာတော့ဘူးကွာ… လို့ ပြောပြီး အခန်းထဲ ပြန်ဝင်သွားလေရဲ့…။ မောင်လေးက အခု သူ ဘယ်မှာလဲ ဘယ်မှာလဲ လို့ ပျာပျာသလဲ မေးတာတောင် မဖြေဘူး။ ပြီးတော့မှ အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေး နှစ်ယောက်က မျက်ရည်တွေနဲ့ အနားကို ရောက်လာကြတယ်…။ အဖိုးက မမတို့ ပြန်မလာခင် ရှင်းထားလိုက်ဆိုလို့ ခြံထောင့်လေးမှာ မြှုပ်လိုက်ပြီတဲ့…။ မောင်လေးလဲ ဘာမှ ဆက်မပြောတော့ပဲ သူ့အခန်းထဲ တိုးတိုးတိတ်တိတ်ပဲ ဝင်သွားတယ်။

ကိုယ်လဲ တော်တော်စိတ်ထိခိုက်သွားတယ်… ဒါပေမယ့် ငိုတော့ မငိုမိဘူး။ နေမကောင်းတာ သိရက်သားနဲ့ စောစောစီးစီး ဆေးခန်းမပို့ပေးလိုက်ရတဲ့ အဖြစ်ကိုပဲ တွေးတွေးပြီး နောင်တ ရနေမိတယ်…။ လူဆိုတာ ကိုယ်ကျိုးနဲ့ ကိုယ့်အတ္တနဲ့ ယှဉ်လာရင် ကျန်တာတွေကို လွယ်လွယ်နဲ့ ဦးစားမပေးချင်တတ်ကြတဲ့ အမျိုးပါလား ရယ်လို့လဲ သတိထားမိသွားတယ်။ ညနေ မေမေပြန်လာတော့ ကောင်မလေးနှစ်ယောက်က အိမ်ဝကနေ ငိုပြီး ကြောင်ကလေးအကြောင်း ပြောပြနေကြတာ ကြားလိုက်တယ်… မေမေ မျက်ရည်ကျမှာ သေသေချာချာ သိနေလို့ မကြည့်ချင်တာကြောင့် ကွယ်ရာမှာပဲ နေ နေလိုက်တယ်…။

နောက်ပိုင်းရက်တွေ တော်တော်ကြာကြာအထိ ကြောင်ကလေးကို စားချိန်လဲ သတိရ အိပ်ချိန်လဲ သတိရ၊ အပြင်ဖက်က ကြောင်သံတွေကြားလဲ သတိရနဲ့… တအိမ်လုံး တိတ်ဆိတ် ငြိမ်သက် ခြောက်သွေ့နေ၊ စိတ်မကောင်းဖြစ်နေကြရတယ်။ ကြောင်လေး လက်ဆောင် ပေးခဲ့တဲ့သူလဲ ကိုယ်တို့ တအိမ်လုံး တော်တော်ကြီး စိတ်မကောင်းဖြစ်နေကြတာ တွေ့တော့ အိမ်ကို လာအလည်တောင် နဲနဲ တန့်သွားတယ်… နောက်ထပ် ကြောင်လေးတကောင် အစားပြန်ရှာပေးပါ့မယ် လို့ ပြောပါတယ်။ ဒါပေမယ့် မလိုချင်တော့ဘူး၊ သံယောဇဉ်တွေ မထားချင်တော့ဘူးလို့ တအိမ်လုံး တညီတညွတ်တည်း ဆိုကြတာနဲ့ သူလဲ လက်လျှော့သွားလေတယ်…။

ဒါကတော့ ကိုယ့်အချစ်တော် ကြောင် ပေါက်စလေး အကြောင်းပါ။ နောက်တပိုင်းမှာ ခွေးကလေး အကြောင်း ပြောပြမယ်နော်…။ စိတ်ရှည်လက်ရှည် ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်…။


18 comments:

  1. သနားစရာလေး....။
    တိရိစ္ဆာန်လေးတွေကို သနားရကောင်းမှန်း သိပ်မသိဘူး...။ ဘာသိဘာသာပဲ နေတတ်တယ်...။

    ReplyDelete
  2. သံယောဇဉ်ဆိုတာ ပူလောင်စေတဲ့ အရာမှန်း သိပေမဲ့လည်း လူဆိုတာက အနှောင်အတွယ်လေးနဲ့မှ နေသားကျသလိုလို....

    ReplyDelete
  3. မောင်မျိုးAugust 9, 2010 at 1:26 PM

    ဟုတ်တယ် အစ်မရေ ကိုယ့်အိမ်မှာမွေးထားတဲ့ ကြောင်းလေးဆိုပေမယ့် ကိုယ့်မိသားစုလိုဖြစ်ဖြစ်သွားတတ်တယ်နော် ။ ညည အိမ်က ကြောင်ကို ဘေးအိမ်က ကြောင်တွေလာကိုက်ရင် အချိန်မရှိ အခါမရှိလည်း ထပြီး အော်ရ ငေါက်ရ နဲ့ ကိုယ့်အိမ်ကကြောင်ကမနိုင်မှန်းသိတော့ ထထ မောင်းရတာ အမော သူကလည်းပါးသား သခင်မသံကြားရင်ဖြင့် ပြန်ပြေးလာရာကနေ တကယ့် သူရဲကောင်းကြီးလို သွားပြန်ကိုက်တာ ပြောရင်းဖြင့် သတိတွေရသွားပြီး “အိမ်က အချစ်တော် သံချောင်း ကို ။ ဖုန်းဆက်တိုင်း သံချောင်းတစ်ကောလို့ မေးတတ်လွန်းလို့ အိမ်ကသူတွေကတောင် အမြင်ကတ်နေပြီးး)

    ReplyDelete
  4. ကြောင်အကြောင်း ခွေးအကြောင်းတွေ ဖတ်ရတဲ့အခါ သိပ်ခံစားရလွန်းတယ် ..... မဖတ်ပဲလဲ မနေနိုင်ဘူး ... မြင်ရင် မချစ်ပဲလဲ မနေနိုင်ပြန်ဘူး ... ဒါ ဝတ်ကြွေးလားမသိ ...
    ငယ်ငယ်တည်းကနေ ခုချိန်ထိမွေးလာခဲ့တဲ့ မရှိတော့တဲ့ ကြောင်လေးတွေ ခွေးလေးတွေကို ပြန်စဉ်းစားမိပြီး ............ :(
    လောလောဆယ်တော့ အဲဒီသံယောဇဉ်တွေနဲ့  ဝေးတဲ့နေရာမှာ ရောက်နေလေရဲ့  .....

    ခရမ်းချဉ်သီး

    ReplyDelete
  5. ကြောင်အကြောင်း ခွေးအကြောင်းရေးထားတဲ့ စာလေးတွေ ဖတ်ရတဲ့အခါ သိပ်ခံစားရတယ် ... မဖတ်ပဲလဲမနေနိုင် မြင်ရင် မချစ်ပဲလဲ မနေနိုင် ... ဒါ ဝတ်ကြွေးလား မသိပါဘူး ...
    ငယ်တည်းက ခုချိန်ထိ မွေးလာဖူးတဲ့ ရှိခဲ့ဖူးတဲ့ ချစ်စရာလေးတွေအကြောင်း ပြန်တွေးမိရင်း .......
    ခုချိန်မှာတော့ အဲ့သံယောဇဉ်လေးတွေနဲ့  အဝေးဆုံးမှာ ......

    ခရမ်းချဉ်သီး

    ReplyDelete
  6. ကျနော့်ကြောင်လေးတစ်ကောင်တုံးကလည်း အဲလိုပဲလေ ..အတန်းတင်စာမေးပွဲစစ်တုံးနေမကောင်းတာ။ တစ်ဘာသာဖြေ ပြန်လာရင် ညနေသူ့ ကိုဆေးခန်းပို့ ရတာ။ ဆေးခန်းပြန်လာသူအိပ်မှနောက်နေ့ အတွက်စာဖတ်ရတယ် ၊ ဒါပေမယ့်လည်းဆုံးတာပဲ။

    ReplyDelete
  7. ဒီနေ့ အိမ်လွမ်းလို့ နဂိုကမှ ငိုချင်နေတာ
    လာဖတ်ပီး ရုံးမှာ မျက်ရည်ဝဲနေတယ်
    ;(
    အိမ်က hamster လေးတကောင်လဲ အဲ့လိုပဲ.. thesis ရေးနေတဲ့ အချိန် သေသွားတယ်၊ ဆေးရုံခေါ်သွားတာလဲ ခဏခဏပါပဲ၊ ဘေဘီလေးကို လွမ်းလိုက်တာ..

    ReplyDelete
  8. ခွေးကလေးအကြောင်းလာတော့မလား အစ်မေ၇?

    ReplyDelete
  9. ကျွန်မလဲ သံယောဇဉ်ကြီးတတ်သူမို့ တစ်ခုခုဆို မခံစားနိုင်တာနဲ့ ဘာကောင်မှ မမွေးဖြစ်တော့ဘူး..
    ပူလောင်ရလွန်းလို့...
    ကြောင်လေးတစ်ကောင် မွေးပြီး သူသေတုန်းက ညတိုင်းအိပ်မက်ထဲတောင် မက်တယ် ..ဒီကတည်းက ထပ်မမွေးဖြစ်တော့ဘူး..

    ReplyDelete
  10. အဖေ့ကိုသတိရတယ်။

    ReplyDelete
  11. သီချင်းနားထောင်တဲ့ကြောင်၊စမ်းကြည့်ရဦးမယ်
်ကျေးဇူးပါဘဲခင်ဗျာ

    ReplyDelete
  12. ကြောင်ကလေးအကြောင်းသာမက တွေးစရာလေးတွေပါ ထည့်ရေးထားတဲ့ ချစ်စရာ ပိုစ့်လေးတပုဒ်ပဲ... ခွေးကလေးအကြောင်း မျှော်နေမယ်...

    ReplyDelete
  13. စိတ်မကောင်းစရာပဲ အမရယ်....

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  14. တို့မောင်လေးနဲ့တူတယ်။ အပြင်မှာ ဆိုးသလောက် ကြောင်တွေ ခွေးတွေနဲ့တွေ့ရင် နူးညံ့သွားတာများ။

    အန်တီသက်ဝေပို့စ်ကို ဖတ်ရတာ စိတ်မကောင်းဘူး။ တို့လဲ အဟောင်းတွေ အသစ်နဲနဲဖြစ်သွားတယ်။ မွေးကတည်းက တို့လက်ပေါ်မှာ မွေးခဲ့တဲ့ ကြောင်လေး။ ဆောင်းတွင်းကြီးမှို့ သူ့အမေက ခလေးတွေ အေးမှာကြောက်လို့ တို့အိပ်နေတုံး စောင်ထဲ လာထည့်သွားတာ။ ကြောင်လေးက တကိုယ်လုံးအေးစက်နေလို့ တို့လက်နဲ့ တစ်ညလုံး ထွေးထားရတာ။ အထီးလေးပါ။ မျက်နှာလေးက သိပ်လှတယ်။
    အဲ့ကြောင်လေးကို တို့အချစ်ဆုံး။ သူကလဲ ကိုယ့်ကို သိပ်သိတယ်။ သိပ်ချွဲတယ်။ကိုယ်ပြောရင် နားထောင်တယ်။ ဆုံးခါနီးတော့ အသက်ကတော်တော်ကြီးနေပါပြီ။ ကိုယ့်နားအားကိုးတကြီး လာကပ်တာကို .... ကိုယ်ကမသိတော့ ဘာလို့မှန်းမသိ ကိုယ်မောင်းထုတ်မိတယ်။ ခဏနေတော့ ကုတင်အောက်မှာ သေနေတာတွေ့တာပဲ။ စိတ်မကောင်းလိုက်တာမှ ပြောပြောပြီး ငိုမိတာ။ ခုချိန်ထိ ပြန်တွေးရင် ငိုချင်တုံး။

    တို့တွေ ကြောင် ၁၂ကောင်အထိ မွေးဖူးပါတယ်။ နောက်မှ ကြုံရင် ရေးဦးမယ်။

    ReplyDelete
  15. သူတို့လေးတွေ အကြောင်းဆိုရင် ခွဲခွာခြင်းနဲ့ပဲ အဆုံးသတ်ရမယ်လို့ ထင်သားပဲလေ။ သူတို့သက်တမ်းက လူ့သက်တမ်းထက်တိုပြီး သာမန်အားဖြင့် မတော်တဆထိခိုက်နိုင်တာတွေ နေမကောင်းဖြစ်နိုင်တာတွေက သူတို့က ဖြစ်နိုင်ခြေပိုများတာကိုး။ ဘာပဲဖြစ်ဖြစ် တွေ့ခိုက်ကြုံခိုက်မှာ ပျော်ရွှင်စရာဖြစ်ခဲ့ရတာကိုပဲ အမှတ်ရနေကြမှာပါ။

    ReplyDelete
  16. စာကြွေးတွေ ခုမှလာရှင်းရတယ် အစ်မသက်ဝေ။

    ဇွန်ငယ်ငယ်ကတော့ ကြောင်တစ်ကောင်နဲ့ ငါးနှစ်ကောင်ပဲ မွေးဖူးတယ်။ ကြောင်က သိပ်မလိမ္မာဘဲဆိုးလို့ နောက်ဆုံးပြန်ပို့ခါနီးမှာ (သံယောဇဉ်ဖြစ်သွားတော့) စိတ်မကောင်းဖြစ်ရသေးတယ်။ ငါးလေးနှစ်ကောင်သေသွားတော့လည်း မောင်နှမနှစ်ယောက်လုံး စိတ်ထိခိုက်ရသေးတယ်။

    ဇွန်က ခွေးကို ကြောင်ထက်ပိုချစ်ပေမယ့် မွေးခွင့်မရလိုက်ဘူး။ အစ်မရေးမယ့် ခွေးလေးအကြောင်း စောင့်ဖတ်မယ်နော်။

    ReplyDelete
  17. ပုံရိပ်August 12, 2010 at 10:44 AM

    ချစ်စရာကောင်းတဲ့ အမှတ်တရလေးပါပဲ မသက်ဝေရေ။ အခုရော ကြောင်လေးတစ်ကောင်လောက် မွေးထားသေးလား။ ဒါမှ မဟုတ်ရင် မွေးစရာ မလိုတော့ဘူး ထင်တယ်။ :D

    ReplyDelete
  18. ငြိမ်းအေးစေAugust 22, 2010 at 12:07 PM

    ညီမတို့အိမ်က ကြောင်လေးတွေလဲ အဲဒီအတိုင်းပဲ ဘုရားရှိခိုးရင် ဘေးမှာဖြစ်ဖြစ် ပေါင်ပေါ်မှာ ဖြစ်ဖြစ် လာလာဝပ်နေတတ်တယ်။ ဘုရားရှိခိုးပီးရင် သူ့ကိုလည်း ကလေးလေးတွေလို လက်ကလေးကို ကိုင်ပြီး ဘုရားရှိခိုးခိုင်းတယ်။
    အိပ်ရင်လည်း လက်မောင်းကို ခေါင်းအုံးပီးမှ အိပ်လို့ လူနဲ့နီးစပ်တယ်ဆိုပြီး ပိုချစ်ရပြန်ရော။
    ကြောင်ထီးလေးကို အိမ်က ပျောက်ပျောက်သွားတုန်းက မိန်းမရရင် အိမ်ခေါ်ခဲ့ဆိုတော့ တစ်ကယ်ခေါ်လာခဲ့လို့ ကြောင်ချွေးမပါ အိမ်ရောက်လာခဲ့ဖူးတယ်။ ကြောင်အကြောင်းပြောရမယ်ဆို အများကြီးပဲ. ခွေးထက်ကြောင်ကို ပိုချစ်တယ်။ ကွန်မန့်အရှည်ကြီး မန့်လိုက်လို့ စိတ်မဆိုးနဲ့နော်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...